ရေတစ်အိုး မိုးတစ်ပေါက်တဲ့
မိုးပေါက်ကလေးတစ်ပေါက်တစ်လေဟာလည်း သိပ်သဘာဝကျလှတာမို့
လွမ်းလောက်စရာကောင်းပါတယ်
နွေခေါင်ခေါင် ရေနစ်နေပုံများ
သောင်ပြင်ပေါ် နှာခေါင်းထိုးတင်မိပါတယ်ဆိုမှ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေက ထူထူထပ်လွန်း
ဝှက်စရာမလိုတဲ့ လက်သည်းတွေဆိုပါမှ ၀ှက်စာတွေက များများနိုင်လွန်း
ရင်းထောင်ထောင် ပြောင်၊ ရင်းထောင်လှဲ မွဲလို့ဆိုကြတာပဲ
ကိုနမ်းရေ
ထောင်တုန်းကလည်း မပြောင်ခဲ့ရပါဘဲ လှဲတော့မှ မွဲချက်ကရက်စက်တယ်ကွာ
အသဲနှလုံးဓာတ်ပြားကို စူးကလေးခြစ်မိရုံရှိသေး
အလွမ်းအဆွေးဇာတ်ဝင်ခန်းတွေ လှိမ့်ဝင်လာတော့တာပဲ
ရွာသူမကြိုက်အောင် ဘာများလုပ်မိလို့
အသဲငယ်ပါတယ်ဆိုတဲ့အသဲကိုမှ ခေါစာပစ်ရပါလိမ့်ကွာ။
ပြီးခဲ့တဲ့တစ်နွေလုံးလုံး ထညက်(ထန်းလျက်)ချက်နေတာ မင်းသိမှာပေါ့
အခု
အဲဒီထညက်(ထန်းလျက်)တွေအားလုံး ငါ အရက်ချက်ပစ်လိုက်ပြီကွာ
မင်းလည်း မူးချင်ရင်လာခဲ့ပေါ့
သစ္စာရှိတဲ့ထန်းပင်ကြီးတွေက မင်းကိုမျှော်နေမှာ။
ညိမ်းညို
29 December 2009
ထန်းပင်ကြီးတွေကိုလည်း ရင်ဖွင့်လို့ရတယ်ဆိုတဲ့အကြောင်း
Posted by ညိမ်းညို at 22:58 3 comments
Labels: ကဗျာ
26 December 2009
ခရစ်စမတ်ဟာ န-နာရီ ခရစ်စမတ်ဟာ စမျဉ်း ငါစင်းစင်းကြီးသေရတော့မယ်
န-နာရီမှာ စမျဉ်းကို ဖြတ်နိုင်အောင် ဖြတ်ရလိမ့်မယ်
မဟုတ်ရင် ဗုံးမိုးတွေတ၀ုန်းဝုန်းရွာကျ ငါတို့သေကြလိမ့်မယ်
အဲသလို စစ်နည်းဗျူဟာကဆိုတယ် (ငါလည်း သင်အံလေ့ကျက်ခဲ့တာပါပဲ)
အရွယ်လေးရောက်လာတယ် အမြီးလေးပေါက်လာတယ်
ပျောက်ဆုံးတဲ့နံရိုးလေးတစ်ချောင်းကို ရှာတတ်လာတယ်
ခရစ်စမတ်ဟာ န-နာရီ ခရစ်စမတ်ဟာစမျဉ်း(ရှင်းရှင်းကြီး သိနေပြီ)
ဒါလည်း န-နာရီမှာ စမျဉ်းကိုမဖြတ်ကျော်နိုင်ခဲ့ဘူး
ဟေးးအရူး လက်တွေ့ဘ၀ထဲထိဆွဲခေါ်မလာနိုင်တဲ့ ချစ်ခြင်းဆိုတာ စိတ်ကူးသက်သက်တွေပဲ
အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်တဲ့ထိထိုင်ကြည့်နေရတယ်ဆိုတာ (သောက်)ပုံမလာခြင်းသက်သက်ပဲ
ဟေး အရူး
အကြင်နာလို့ ထင်ရတဲ့ဗုံးမိုးတွေအောက်
မင်း စင်းစင်းကြီးသေလိုက်တော့
န-နာရီမှာ စမျဉ်းပေါ်တည့်တည့်ရပ်နေတဲ့ကောင်ပေဘဲ
သေတာဘာဆန်းသေးတုန်း။
ညိမ်းညို
Posted by ညိမ်းညို at 00:38 6 comments
Labels: ကဗျာ
23 December 2009
ကျနော်ဟာ ရူးသွပ်စွာ(သို့) မိုက်မဲစွာ အစွဲအလမ်းငရဲမှာ နေထိုင်သူ
ဂစ်တာတီးစသင်တဲ့လူတစ်ယောက်ရဲ့ခတ်ချက်လို ငါ့အသံတွေကြောင်ထွက်နေပါပေါ့လား။
သွပ်ပြားလေးတွေပေါ် မိုးတဖြောက်ဖြာက်ကျနေမယ်
မြို့ငယ်လေးတစ်မြို့ရဲ့ သိပ်မဝေးလံလှတဲ့ အစွန်ကလေးမှာ
ရေနံချေးဝနေတဲ့ ပျဉ်ထောင်အိမ်ကလေးထဲမှာ...
သူ့ဆံနွယ်လေးတွေရဲ့ ပျော့ပျောင်းတဲ့ပန်းချီကား
သူ့ဝင်သက်ထွက်သက်လေတိုးသံကလေးရဲ့ ဂီတ
ချစ်တယ်လို့ပြောဖို့မလိုပါဘဲ အိမ်ကလေးထဲမှာ အချစ်နတ်သားလေးဟာ ဟိုသည်ပြေးလွှား...
ကျနော်ဆိုနေတဲ့ သီချင်းတစ်ပိုဒ်၊ သူ ညည်းနေတဲ့ တေးတစ်စ
ပေါင်းလိုက်တော့ သံစုံတီးဝိုင်းကြီး ဖြစ်သွားတယ်။
ကျနော့်မှာရှိတဲ့ အခက်အခဲများ၊ သူ့မှာရှိတဲ့ အခက်အခဲများ
ပေါင်းလိုက်တော့ သစ္စာပန်းတွေ ဖြစ်သွားတယ်။
ကျနော့်မှာရှိတဲ့ အားနည်းချက်တချို့၊ သူ့မှာရှိတဲ့ အားနည်းချက်တစ်ချို့
ပေါင်းလိုက်တော့ ဖေးမစာနာမှု ဖြစ်သွားတယ်။
ကျနော့်မှာရှိတဲ့ အိပ်မက်တစ်ခု၊ သူ့မှာရှိတဲ့ အိပ်မက်တစ်ခု
ပေါင်းလိုက်တော့ နားလည်မှု ဖြစ်သွားတယ်။
ကျနော့်မှာရှိတဲ့ မိသားတစ်စု၊ သူ့မှာရှိတဲ့ မိသားတစ်စု
ပေါင်းလိုက်တော့ မေတ္တာဂေဟာကြီး ဖြစ်သွားတယ်။
ကျနော့်မှာရှိတဲ့ ညည်ဆိုးတချို့၊ သူ့မှာရှိတဲ့ သည်းခံစိတ်နားဆွဲလေး
ပေါင်းလိုက်တော့ ငဲ့ညှာမှုပန်းတစ်ခင်း ဖြစ်သွားတယ်။
ကျနော့်မှာရှိတဲ့ အကြည်ဓာတ်နည်းနည်း၊ သူ့မှာရှိတဲ့ ဖြူစင်မှုအများအပြား
ပေါင်းလိုက်တော့ စကြာဝဠာကြီးကို ချစ်တတ်လာတယ်။
ကျနော်က ကူးခပ်နေတဲ့ ချောင်းကလေး၊ သူက စီးဆင်းနေတဲ့ မြစ်တစ်သွယ်
ပေါင်းလိုက်တော့ တံတားကြီးတစ်စင်း ဖြစ်သွားတယ်။
ကျနော်က တောက်လောင်တဲ့ နွေဆိုး၊ သူက စိမ်းမြတဲ့ ပင်ပျို
ပေါင်းလိုက်တော့ ဘ၀တစ်ခု ဖြစ်သွားတယ်
အဲဒီဘ၀လေးထဲမှာ ကျနော်တို့ ပျော်ပါတယ်။
မိုးဖွဲဖွဲလေးစွေပြီးတဲ့အခါ သူနဲ့ကျနော် ခြံထဲကသရက်ပင်ကြီးအောက် သရက်ကင်းကြွေ ထွက်ကောက်ကြမယ်လေ။ အမြဲတစေရှူးဖိနပ်စီးရလေ့ရှိတဲ့ အရပ်ဒေသကလာသူမို့ သူ့ခြေထောက်လေးတွေက ဖြူဖြူနုနုလေး ရှိနေပါလိမ့်မယ်။ ကျနော်ကြိုဝယ်ထားပြီးဖြစ်တဲ့ ယင်းမာဖိနပ်ပါးလေးပေါ်က သူ့ခြေခုံဖောင်းဖောင်းမို့မို့လေးကို ကျနော် ငေးနေမိပါလိမ့်တယ်။ သူ့ရယ်သံကလေးမှာ သံသရာတဆုံးတဖျားထိ ကျနော်ဟာ မျောပါသွားပါလိမ့်မယ်။
သရက်ကင်းလေးတွေကြွေတာ ဘယ်လောက်တောင် ကြာပြီလဲကွယ်။ ကိုယ်ကြွေကျနေခဲ့တာဖြင့် ကြာပါပြီ။
ကံကြမ္မာရယ်...
အခါခါမတိုင်တည်ခဲ့ပါဘူး
ဒီအခွင့်လေးမှမရခဲ့တာကိုဖြင့် ငါသေရာပါရပါတော့မယ်လို့ ခြံလေးထဲမှာ တိုးတိတ်စွာ ကြေကွဲရတော့မယ်။
သစ်ရွက်ကလေး အပင်ကြီးကနေ
ကြွေကျတာကအစ ကျွန်တော်တို့ ရင်ထဲမှာနာပါတယ်
ဒါကြောင့် ...ရင်ထဲကမပါဘူးဆိုရင်
ကင်းကင်းရှင်းရှင်းနေတာ အကောင်းဆုံးပါပဲ။(သက်ထွန်းညိမ်း)
ညိမ်းညို
Posted by ညိမ်းညို at 20:18 4 comments
Labels: ကဗျာ
22 December 2009
တံတား
အစွန်းနှစ်ဖက်ကို ပေါင်းကူးဖို့
ခြေလက်မြဲခဲ့တယ်၊
ခရီးများစွာ ရောက်စေဖို့
ခြေထောက်တွေကို ထမ်းခဲ့တယ်၊
ပျော်ရွှင်မှုကို အရောင်မခြယ်ဘဲတွေ့လိုသူမို့
ကျောကုန်းကြီး အသားမာတက်ခဲ့တယ်၊
ကြင်နာမှုလေး တစ်စတစ်လေလွင့်လာတဲ့အခါ
တစ်ယောက်တည်းလည်း ပျော်ပါတယ်။
ညိမ်းညို
Posted by ညိမ်းညို at 00:27 5 comments
Labels: ကဗျာ
19 December 2009
အိမ်ပြေးတစ်ယောက်ရဲ့ ဒိုင်ယာရီ
တစ်ခါ တင်ဖူးပါတယ်။ အခု တစ်ကြိမ်ပြန်တင်ပါတယ်။
စိတ်ကူးထဲက ကမ္ဘာလောကကြီး
အမေ့အိမ်ထက် ရာသီဥတုသာယာမယ်ထင်လို့
ကျွန်တော်ထွက်လာလိုက်တာ
ဆယ်မိုးဆယ်နွေ..
တစ်နေ့မှ နေမသာခဲ့ပါဘူးအမေရယ်
မြို့ကလေးက ကျဉ်းတယ်
အမေ့အိမ်က စုတ်တယ်
ညီမလေးက နုငယ်နွမ်းနယ်
ဟောဒီကောင် အမေ့သားကတော့
စာတွေပေတွေ အထပ်ထပ်ဖတ်ပြီး
ဘ၀အပေါ် အချိန်ရှိသရွေ့ ရူးနှမ်းနေမိတာပေါ့
ကျွန်တော်က
အမေ့ရင်ငွေ့မှာပဲ ရိုးရိုးအေးအေးကလေး
ခိုလှုံချင်တာအမေရဲ့
အမေမရှိတဲ့ အရပ်ဒေသတွေမှာ
ဘယ်တော့မှ လ ထွက်လေ့မရှိဘူးဆိုတာ
အခု..ကျွန်တော်သိတတ်ခဲ့ပါပြီ
အသိပညာ အတတ်ပညာ
ဘ၀အာမခံချက် အဆင့်အတန်း
စားဝတ်နေမှုဆိုတဲ့ အရေးကြီး ၃ ပါး
အဲဒီမောင်းနှင်အားတွေနဲ့အတူ
ပိုကောင်းလာအောင် ငါဖန်တီးနိုင်သေးတယ်ဆိုတဲ့
နှင်တံတစ်ချောင်းက
ကျွန်တော့်ကို
လောကစားကျက်ကြီးထဲ လွှတ်ကျောင်းထားတာ
ကြာလှပေါ့ အမေရယ်
အမေက
ကျွန်တော့်အတွက် သူငယ်ချင်းတစ်ယောက်ဆိုရင်လည်း
ဟုတ်ပါတယ်အမေ
အမေနဲ့ ငြင်းခုံခဲ့ရတဲ့ ညနေခင်းတွေမှာ
တေးသီချင်းတွေ အဆုပ်လိုက်ပွင့်ပါပကောလို့
အခု..ကျွန်တော်ခံစားတတ်ခဲ့ပါပြီ
အမေက တအားစိတ်ရှည်တယ်
ဘယ်လောက်ပဲ အကြာကြီး ငြင်းခုံနေရပါစေ
ကျွန်တော့်အပေါ်
တစ်ကြိမ်တစ်ခါမှ ဒေါသမထွက်ခဲ့ဘူးနော်
အကျိုးသင့်အကြောင်းသင့် အချက်အလက်နဲ့ပြန်ရှင်းပြလို့
အမေရှုံးသွားပြီဆိုရင်..
လမ်းထိပ်က သမိစ်ဆိုင်မှာ
ကျွန်တော့်ကို မုန့်ဟင်းခါးတွေ တ၀ကြီးဝယ်ကျွေးပြန်ရော
နိုင်တဲ့သူအပေါ် ရန်မမူရဘူး
ဂုဏ်ပြုရမယ်လို့များ အသံတိတ်သင်ကြားပေးခဲ့တာလားအမေရယ်
ဒီသင်ခန်းစာကိုတော့
ထွန်ရေးနက်တဲ့အထိ
ကျွန်တော်ကြေညက်ပြနိုင်ခဲ့ပါတယ် အမေ
ကျွန်တော့်ထက် ကြီးမှရယ်လို့မဟုတ်ပါဘူး
ကျွန်တော်ဖြတ်သန်းခဲ့ရာ ဘ၀လမ်းတစ်လျှောက်
ကျွန်တော့်ထက် ငယ်သူတစ်ချို့အပေါ်မှာတောင်
မုန့်ဟင်းခါးတွေ ၀ယ်ကျွေးခဲ့ဖူးပါတယ်
ကျွန်တော်ရှုံးခဲ့ရင်တော့ ..အမေက
ကျွန်တော့်နားရွက်လေးကို သာသာဖွဖွလိမ်ဆွဲလို့
"ကဲ..မောင်အောင် မင်းအမေ့ကို ဘယ်လောက်ကြာအောင်ပွေ့ချီထားနိုင်သလဲ"
လို့ ပြောတတ်တယ်နော်
အခု..ကျွန်တော်ရှုံးသွားတဲ့အခါတိုင်း
နားရွက်ကို တံတွေးအဆွတ်ခံနေရတယ် အမေ
ကျွန်တော်ကိုက သန္ဓေမကောင်းခဲ့တာလား အမေရယ်
ဆယ်တန်းတောင်မအောင်သေးတဲ့ ကောင်လေးတစ်ယောက်က
အိမ်ကနေ သုံးကြိမ်ထွက်ပြေး
သူ့အမေကို ပူဆွေးအောင်လုပ်ခဲ့ဖူးတယ်ဆိုရင်
ဒီကနေ့ ကျွန်တော့်အသက် နှစ်ဆယ့်သုံး
အမှားတွေကို ဘယ်လိုပဲ သင်ပုန်းချေခဲ့ချေခဲ့
ပတ်ဝန်းကျင်ရဲ့ သားလိမ္မာဆိုတဲ့ အသုံးအနှုန်းအောက်မှာ
ကျွန်တော့်အပြုံးတစ်ပွင့်ဟာ
နာကျင်သိမ်ငယ်မှုတွေနဲ့ အဆိပ်သင့်နေရတုန်းပါအမေ
တောင်တန်းတွေ သစ်ပင်တွေနဲ့
စိမ်းညှို့အုပ်မိုးနေတဲ့ မြို့ကလေးရဲ့ ခြံထောင့်တစ်နေရာ
အိမ်ပြေးတစ်ယောက်ရဲ့ အမေဟာ အဝေးကသားအတွက်
တိတ်တိတ်ကလေးမျက်ရည်ကျနေရတယ်ဆိုတာ
ညီမလေးရဲ့စာထဲမှာ ပါလာတယ်အမေရဲ့
ညီမလေးအနားရောက်လာမှန်းသိတော့
လက်ဖက်ပင်တွေက ပိုးကျနေပြန်ပြီကွယ် လို့ဆိုသတဲ့
အမေရယ် ..
အမေ့လက်ဖက်ပင်တွေက ပိုးကျမနေပါဘူးလေ
အမေ့ရင်ထဲမှာသာ
ဟောဒီသားအတွက် လောင်မီးကျနေရတယ်မဟုတ်လားအမေ
ကျွန်တော်က
တောင်တန်းကြီးတွေရဲ့ ဟိုး..တစ်ဖက်မှာ
ကမ္ဘာသစ်ရှိတယ်လို့ ထင်တယ်
အမေက ကမ္ဘာသစ်ထဲမှာ
သားအတွက်နာကျင်မှုအသစ်တွေရှိတယ်လို့ မြင်တယ်
ကျွန်တော်ကထင်လို့ မိုက်ခဲ့တယ်
အမေကမြင်လို့ ရှိုက်ရတယ်
အမေ့ရှိုက်သံတွေကို အားတင်းသံတွေနဲ့
ကျွန်တော်စွန့်ထွက်ခွဲခွာခဲ့တယ်
အခု..ကျွန်တော့်အားတင်းသံတွေကို
အမေ့ရှိုက်သံတွေက ၀ါးမြိုနေကြပြီအမေ
ကျွန်တော်ရွေ့လျားခဲ့ရာ လမ်းတစ်လျှောက်
အကျိုးအပေါက်တွေက အများကြီးပဲအမေရဲ့
ကိုယ့်အိမ်ကိုယ့်ယာမှာလိုတော့
စိတ်ရောကိုယ်ပါ မ၀ံ့ရဲတာအမှန်ပါအမေ
တံတားတစ်စင်းရဲ့ အခင်းအကျင်းမှာ
ပဉ္စလက်ပန်းကနုတ်တွေက များလွန်းလှတော့
ခြေလှမ်းတိုင်းကို သတိထားပြီးနင်းနေရတယ်အမေ
အမေနဲ့ဝေးနေရတဲ့နေ့တွေဟာ
ကျွန်တော့်အတွက် ဆောင်းညတွေလိုပါပဲ
အလင်းရောင်ကွယ်ပျောက်သွားပြီဆိုတာနဲ့
နွေးထွေးမှုတွေ ဆိတ်သုန်းရတယ်
ဒီလို နေ့ညအသင်္ချေတွေမှာ
ကိုယ့်စိတ်ကိုယ်ကို နယ်ဖတ်ပြုပြင်ရင်း
အမေ့ကိုလွမ်းတဲ့စိတ်နဲ့ မျက်ရည်ကျရပါတယ်အမေ
အသည်းမာတယ် စိတ်မာတယ်လို့
ကိုယ့်ကိုကိုယ် ထင်ထားတဲ့အိမ်ပြေးလေးတစ်ယောက်
မျက်ရည်ကျနေပြီလို့ အမေ့ကိုဝန်ခံလိုက်တာဟာ
အမေ့အိမ်ကိုပြန်လာတော့မဲ့ သင်္ကေတစ်ခုပေါ့အမေရယ်
မနက်ဖြန် သို့မဟုတ် ဘယ်သောအခါတော့
ကျွန်တော်အိမ်ကို ပြန်လာဖြစ်မှာပါအမေ
လက်ဖက်ပင်တွေ ပိုးထိုးနေတယ်ဆိုပြီး
အမေ တိတ်တိတ်လေးမငိုရတော့ပါဘူး
ငြင်းခုံရယ်မော တသောသောနဲ့
မြေနီလမ်းကလေးရဲ့ ဆေးရောင်စုံပန်းချီကားတစ်ချပ်မှာ
အမေနဲ့ကျွန်တော် ပျော်ပျော်ကြီးပါဝင်ခွင့်ရဦးမှာပါ
လောကဓံရဲ့ ထုထောင်းရိုက်ပုတ်မှုတွေနဲ့
သန်မာလာပြီဖြစ်တဲ့ ဟောဒီလက်နှစ်ဖက်ဟာ
အမေ့ကို ဘယ်လောက်ကြာကြာပွေ့ချီထားနိုင်တယ်ဆိုတာ
အံ့သြတကြီး သိစေချင်လှပါပြီအမေ။
ညိမ်းညို
Posted by ညိမ်းညို at 11:47 4 comments
Labels: ကဗျာ
17 December 2009
လက်ပစ်ဗုံး
ခန္ဓာအိမ်သေးသေးထဲ
အဆမတန်ပေါက်ကွဲအားကို မြိုသိပ်သိုဝှက်ထားရ
အသက်ပြင်းပြင်းမရှူရဲ
မျက်တောင်မခတ်ရဲ
လွမ်းလို့မှ အမှတ်တရပုံရိပ်လေးတွေကို ပွတ်သပ်မကြည့်ရဲ
တစ်ပါးသူရဲ့ ငြိမ်းချမ်းနယ်မြေထဲ
ပေါက်ကွဲသွားမှာကို စိုးရွံ့အားနာ။
လက်ပစ်ဗုံးဖြစ်ပြီး မပေါက်ကွဲရဲတဲ့အခါ
ကိုယ့်စနစ်တံကိုယ်မြိုလို့
တငွေ့ငွေ့....တုန်...ခါ...။
ညိမ်းညို
Posted by ညိမ်းညို at 00:11 6 comments
Labels: ကဗျာ
အချစ်
တသသပြန်တွေးတိုင်း
တသသပြန်မွှေးတဲ့ ပန်းကလေး
သူက သိပ်အသက်ဝင်လွန်းသွားတဲ့အခါ
ဘယ်လိုမှ မတွေးသင့် မတွေးအပ်တော့ဘူးလို့
ကြိုးစားထိန်းချုပ်သည့်တိုင်
တသသ မွှေးမြဲမွှေးနေတတ်သော။
ညိမ်းညို
Posted by ညိမ်းညို at 00:10 2 comments
Labels: ကဗျာ
15 December 2009
ပထမကဗျာ
+++
ချယ်ရီမြေက ကြိုနေမယ်
မြင်ဖူးချင် မျှော်ရည်တမ်းတယ်ကွဲ့
လှမ်းလို့ ဖြင့် လာခဲ့စေချင်။
တွယ်တာမိလေသမျှ
ကွယ်ရာကပဲ လွမ်းရတယ်
ခိုင့်မေတ္တာ နွှယ်ကာလွှမ်းဝေတဲ့
သံယောဇဉ် ၀င်္ကပါလမ်းမှာဖြင့်
သစ္စာတွေ အဆင်ဆန်းပုံက
လန်းဆန်း၍ ကြည်ကြည်ရွှင်
စွဲစိတ်ခုံမင်။
ပျိုမေခင် ခိုင်ဆိုတဲ့ကလေးမငဲ့
ကြိုနေလျှင် ငြိုးမယ်ဖွဲ့ လေမလား
မတားသာ မေတ္တာတရားရယ်က
ချစ်အားသွယ် သစ္စာမြဲတာကြောင့်
အပြစ်ထားမယ် ခင်ခင်ကြိမ်းသော်လည်း
စိမ်းတယ်လို့ စိတ်ကမထင်
မြင်ချင်ပါရဲ့ နေ့စဉ်အမြဲ
မငြိုငြင်ပါနဲ့ ခင့်စိတ်ထဲ..။
နွေးထွေးအပြစ်မမြင် ဟိုဆီ.. အတိတ်ရယ်က
ဪ.. ဆွေးနွေးချစ်ခင် (ကိုယ်စီ..) နှောင်ဖွဲ့ ဖူးတာကြောင့်
ရည်စူး၍ ချစ်ရပါကြောင်း
အသွင်ထူးဝေ
ပြင်ဦးလွင်မြေထုကို သက်သေပြုပါရဲ့
ယုံကြည်ပါကွဲ့ မောင့်ချစ်သဲ
ခိုဝင်သိုဝှက် ချစ်စိတ်ဇွှဲ
ကြိုနေပါမကွဲ့ ထာဝစဉ်အမြဲ...။
ညိမ်းညို
Posted by ညိမ်းညို at 21:56 4 comments
Labels: အမှတ်တရ
14 December 2009
ဟန်တွေက “ဟမ်”ဆိုပြီးရင်သပ်ရှုမောစရာကောင်းလောက်အောင် ဟန်ဆောင်ပြီးဟန်လုပ်နေကြ “ဟမ်”
ဒါ ငါ့ဆန်ကောပဲ ငါတကောကောရင်း အလှေးအမွှားများ ခါထုတ်
ကဗျာသားကဗျာဓာတ်တွေ ကျိုးပဲ့ကုန်ရော့မယ်
ငါ ငြိမ်ငြိမ်လေး ပြန်ကုပ်
ငါ့ခလေးဟာငါ့ခလေးပဲပေါ့ သူ့ခလေးကို လက်သွားဆွဲတော့ ပျော့ပြဲထွက်သွားမယ်
ဟန် ဟန် ဟန်ဓာတ်ခုတ်တော့ အံကပ်ပြုတ်တာပေါ့
“ဟမ်”
ရာသီစာတွေက ရာသီတစ်ရာသီစာမှာ ရောင်းအားကောင်း
ကျေနပ်မှုတွေ ဖောင်းဖောင်းပြည့်လျှံစေတော့
အပုပ်အသိုးအရိအရွဲတွေလည်း ဈေးမကွဲခင်ဈေးထဲချခင်း
အလေးပြည့်ခြင်းမပြည့်ခြင်း (ဆိုဖွယ်ရာရှိသည်များနောက်)
သမာဓိချိန်ခွင်ကြီးများ အိနြေ္ဒရရ လျှာထုတ်ပြသောမပြသော။
ကဗျာကဗျာ ကဗျာကယာရေးပြီး ကဗျာကသီလွှတ်တင်
ကောင်းကင် နည်းနည်းနိမ့်သည်လား
ကဗျာ နိမ့်နိမ့်နည်းသည်လား
ယုံ ရင် ကြည် လိုက်ပေါ့
မူးပြီးရေးထားတယ် မေးပြီးရူးသွားမယ်ကဗျာ
ပြုသမျှနုရမဲ့အထာ။
ညိမ်းညို
Posted by ညိမ်းညို at 15:03 3 comments
Labels: ကဗျာ
12 December 2009
ပျင်းလို့ဝှက်တဲ့ စကားထာ
ဆိုဆိုတာ
တာရီဦးစ
ရာရာပါ
ဘာမှမရှိတဲ့ နံရံဖြူဖြူကိုကြည့်ပြီး ဘာမှန်းသတိတဲ့စာလုံးတွေကို တတွတ်တွတ်ရွတ်တယ်။ လေ၀င်လေထွက်နည်းတဲ့အခန်းမို့ ရှိရင်းစွဲလေထုက ဆောင်းရာသီဆိုတာကို ထပ်မံခြယ်သပြန်တယ်။ စိမ့်အေးမှုက နံရံတွေပေါ်ထိ တရွေ့ရွေ့ တွယ်တက်နေဟန်တူတယ်။ သူ ငေးစိုက်ကြည့်နေတဲ့ နံရံကလည်း သူ့ကို အေးစက်စက်ပြန်ကြည့်နေတယ်လို့ သူ့နားရွက်တွေက ပြောတယ်။ နားရွက်အောက်ပိုင်း အသားနုမှာ ပတ်ကြားအက်နေတာ စမ်းမိတယ်။ အခုဆို မြင့်နိုင်ကြီးလည်း ဘေးကင်းရာကို ရောက်နေမှာပဲ။ လွတ်ပါကျွတ်ပါစေကွာလို့ လူရှင်တစ်ယောက်ဖြစ်တဲ့ မြင့်နိုင်အတွက် သူဆုတောင်းပေးဖူးတာ ပြန်သတိရတယ်။ သိပ်ရီရတဲ့ကောင်ကြီး။ ဆယ်တန်းစာမေးပွဲတွေဖြေခါနီး အတူတူစုအိပ်ကြတုန်း မြင့်နိုင်က ၀မ်းသာအားရထပြောတယ်။ ငါတော့ “ဒီနှစ်သင်္ချာဂုဏ်ထူးထွက်မှာ သေချာတယ်၊ ဉာဏ်စမ်းတွေလည်း အကုန်တွက်ပြီးပြီ” တဲ့။ ဘယ်ဆရာရဲ့ ဉာဏ်စမ်းပုစ္ဆာတွေလည်းဆိုတော့ ငါ့ဘာသာလှည့်ထားတာလေကွာတဲ့။ မြင့်နိုင်ကြီး တော်တော်ရီရတယ်။ အခု သူက ပိုရီစရာကောင်းနေပြီ။ သူကိုယ်တိုင် လှည့်ထားတာတောင် အဖြေမှန်အောင် မတွက်နိုင်သေးဘူး။ မြင့်နိုင်ကြီးလို ဂုဏ်ထူးထွက်မှာကွလို့လည်း ပိုင်ပိုင်နိုင်နိုင်(ကိုယ့်ကိုယ်ကိုယ်လှည့်စားပြီးဖြစ်စေ၊ နှစ်သိမ့်ပြီးဖြစ်စေ) မကြွေးကြော်နိုင်သေးဘူး။ အမှောင်ထဲ ဘာအရောင်ရှိလဲလို့ ညီလေးတစ်ယောက်ကမေးတော့ အချစ်ကို တခါပဲတွေ့လိုက်တယ်၊ လွမ်းရတာမဆုံးတော့ဘူးလို့ သူက မဆီမဆိုင်ဖြေတယ်။ လေလွင့်နေတဲ့တိမ်တွေဆိုတာ ဒီလိုပါပဲ။ ဘယ်မှာရပ်မှာလဲလို့မေးရင် ငါမညောင်းသေးဘူးလို့ ဖြေလိမ့်မယ်။
နံရံကိုအပေါက်ဖောက်ပြီး စပါးတစ်ခင်း စိုက်ကြည့်တယ်။ တော်ပြီ။ အသားဖြူဖြူ မေးစိနှစ်ထပ်နဲ့ ၀၀ဖိုင့်ဖိုင့်ဆရာမကြီးကို ပြောလိုက်တော့မယ်။ ကျနော် ပေါင်မုန့်ညိုတွေမစားချင်တော့ဘူးလို့။ ဆန်ပြုတ်လေးပဲ ပြုတ်သောက်တော့မယ်၊ ကျနော့်စပါးခင်းလဲ ရွှေရောင်သန်းနေပါပြီလို့။ ဒီအခြေအနေမျိုးမှာ ဆုံးဖြတ်ချက်တစ်ခုရတာကလည်း သူ့စိတ်ကို နည်းနည်းတော့ ပေါ့ပါးစေတယ်။
လူတစ်ယောက်က သူ့ကိုရည်ရွယ်ပြီး ဂဏန်း ၁၁ လုံးနှိပ်လိုက်မှ စကားပြောခွင့်ရတဲ့ကိရိယာကို ဖုန်းလို့ခေါ်တယ်။ (ခေါ်နိုင်မယ် ထင်တာပဲ၊ သူ့ကိုရည်ရွယ်ပြီး ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဂဏာန်း၁၁ လုံးကိုမနှိပ်ခဲ့တော့ ယတိပြတ်ပြောဖို့ မ၀ံ့ရဲစရာပေပဲ)။ သူက လူတစ်ယောက်ကိုရည်ရွယ်ပြီး ဂဏာန်း၁၁ လုံးနှိပ်ရင်တောင် စကားပြောခွင့်ရဖို့ခက်ခဲတဲ့ ကိရိယာတစ်မျိုးလည်း ဖြစ်တယ်။ ဘာဖန်ရှင်မှ မယ်မယ်ရရမပါတဲ့ ဒီဖုန်းက နှိုးစက်ပေးထားရင်တော့ သူ မထမချင်း အော်ဟစ်နေတတ်တယ်။ ဒီအခန်းဖြူဖြူ (နံရံဖြူဖြူ၊ စောင်ဖြူဖြူ၊ မျက်နှာကြက်ဖြူဖြူ) ထဲကိုရောက်ပြီး တစ်ပတ်လောက်နေတော့ သူသိလိုက်တယ်။ ဆက်သွယ်မှုဧရိယာပြင်ပ ရောက်ရှိနေတယ်ဆိုတာ ဆက်သွယ်ရန်မလိုအပ်တော့သော အခြေအနေတစ်ခုသို့ ရောက်ရှိနေခြင်းပဲဆိုတာ...။
ချန်ခဲ့သူရဲ့ခြေရာဟာ ကျန်ခဲ့သူအတွက်အလွမ်းတွေပဲ။
ဘေးကသူငယ်ချင်းနှစ်ယောက်လောက်ရီရင် ဘာမှန်းညာမှန်းမသိ ရောယောင်ရီတတ်တဲ့ ဆယ်ကျော်သက် လူပျိုပေါက်တစ်ယောက်လို သူ ခပ်ကြောင်ကြောင် တွေးတယ်။ နားကြပ်နဲ့ ကုတ်အဖြူဝတ်ထားတဲ့လူကြီးက သူ့ကိုပြုံးကြည့်ရင်း မကြာခင်ကောင်းသွားမှာပါ ပြောတယ်။ ဘယ်လောက်ကျလဲဆိုတဲ့ မေးခွန်းကိုမမေးဖြစ်အောင် လျှာနဲ့လိပ်သိမ်းလိုက်ရတယ်။ ဖြစ်နိုင်ရင် ဆရာမကြီးကိုရော ကုတ်အဖြူနဲ့လူကြီးကိုရော ရွှေရောင်တ၀င်းဝင်းနဲ့ သူ့စပါးခင်းကြီးထဲ လက်ဆွဲပြီးခေါ်သွားချင်တယ်။ ထမင်းအနပ်တိုင်းမှာ ရင်ငွေ့နဲ့အာငွေ့နဲ့၊ ပိတ်ရက်မရှိ ၂၄နာရီ မိဘမေတ္တာထမင်းဆိုင်က သူ့ကို စားလိုတဲ့ဟင်းလျာစာရင်းတွေ မေးလို့ပေါ့။
ဟိုင်း- နေကောင်းလား။ စိတ်ကူးယဉ်တာ လက်တွေ့လောက်မကောင်းပါဘူး။ ဘိုင် ဆိုတော့ အားဖြင့်ပေါ့။ be happy
တစ္ဆေအကိုက်ခံရတဲ့သူဟာ တစ္ဆေအကိုက်ခံရတာကို ကျေနပ်မနေဖို့တော့ လိုတာပေါ့။
ဝုန်းဆို စပါးခင်းကြီးပေါ် နံရံဖြူဖြူက ပြန်ပိကျသွားတယ်။
ဘာ ဆက် ဖြစ် မှာ လဲ... ဘာ ဆက် ဖြစ် မှာ လဲ။ ဘာမှမရှိတဲ့ နံရံဖြူဖြူကိုကြည့်ပြီး ဘာမှန်းမသိတဲ့စာလုံးတွေကို တတွတ်တွတ်ပြန်ရွတ်ပေါ့။ ဒါပဲရှိတာပေါ့။ ဒါပဲ ရှိတာပေါ့။ ပျင်းလို့ဝှက်တဲ့စကားထာဆိုမှတော့ ပျော်စရာမကောင်းဘူးပေါ့။
သစ်ဖူးစာစာ
ဆိုဆိုတာ
တာရီဦးစ
ရာရာပါ
သူ့စိတ်ကို အရင်းအတိုင်းလှန်ချလိုက်တော့ မိုက်မဲနုံချာကျဉ်းမြောင်း။ အာခေါင်ထဲ အရက်လောင်းချလိုက်တဲ့အခါ ကမ္ဘာကိုထမ်းပြီး ပြန်လာမယ်တဲ့။ ဟေးးသူကောင်းသားလေ။ အာခေါင်ထဲ ဘာအရည်မှလောင်းမထည့်ဘဲ ပြန်လာခဲ့။ ကမ္ဘာကိုလည်း ထမ်းလာဖို့မလိုဘူး။ မင်းကိုမင်းထမ်းလာရင် တော်ပြီ။
သူပြန်လာမယ်တဲ့။ ပျင်းလို့ဝှက်တဲ့ စကားထာလေးတစ်ပုဒ်နဲ့။
NO ပါ။ စကားထာအဖြေက အမှားကြီး။
တော်ပြီလေ။ အပျော်ပေါ့။
ကမ္ဘာကြီးပေါ်မယ် မြင်ပင်လေးတစ်ပင် လှုပ်ယိမ်းသွားတာကအစ အကြောင်းမဲ့တော့ မဟုတ်ခဲ့ဘူး။
ညိမ်းညို
Posted by ညိမ်းညို at 12:03 6 comments
Labels: ကဗျာ
5 December 2009
ရိုးရိုးလေး
ချစ်ခြင်းမေတ္တာနဲ့အတူ
အဲဒီနေ့လေးတစ်နေ့ဟာ
မင်းဆီကိုရောက်ရှိလာခဲ့ပေါ့ ..
စကားလေးတစ်ခွန်း အပြုံးလေးတစ်ပွင့်ဟာ
လူတွေရဲ့ စိတ်နှလုံးကို ကြည်နူးရွှင်လန်းစေနိုင်တယ်
စိတ်နေသဘောထားကို ကြီးမြင့်စေနိုင်တယ်
အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်ပြီး
ဝမ်းနည်းပူဆွေးမှုတွေကိုလည်း
နှစ်သိမ့်ကျေနပ်စေနိုင်တယ်လေ..
ကိုယ်..သိပ်ကံကောင်းတာပဲ
မင်းလို မိန်းကလေးတစ်ဦး
ကိုယ့်အနီးမှာ ရှိခဲ့ဖူးလို့ပေါ့ ..
မင်းကို ကံကောင်းခြင်းတွေ
ကောင်းမွန်မှုတွေအားလုံးနဲ့ ပြည့်စုံစေချင်လိုက်တာ
သူတစ်ပါးအပေါ်မှာထားတဲ့
မင်းရဲ့ အကြင်နာတွေ၊ မေတ္တာတရားတွေ
မင်းဆီကိုလည်း အမြဲပြန်လည်ရောက်ရှိပြီး
နွေးထွေးလုံခြုံစေချင်လိုက်တာ ..
နှလုံးသားထဲကလာတဲ့ ဖြူစင်တဲ့ဆန္ဒနဲ့
ကိုယ်ဆုတောင်းပေးလိုက်ပါတယ်
"ကြည်နူးချမ်းမြေ့ ပါစေ.."
ညိမ်းညို
-ပို့စကဒ်တစ်ခုက ရုရှကဗျာတစ်ပိုဒ်ကို မှီးပါတယ်။ ရေးသူအမည် မတွေ့ရပါ။
Posted by ညိမ်းညို at 17:09 6 comments
Labels: ကဗျာ
25 November 2009
ခွဲချင်ခွဲပလေ့စေ ငါတို့နေတာ တောင်ထိပ်မှာ
အခန်းဟာ မှောင်သွားပြီ
စောင်ကို ခေါင်းမြီးခြုံလိုက်ပြီ
အမေ့သားနှစ်ဆယ့်ငါးနှစ်သားကြီး
မလိမ်မိုးမလိမ်မာနဲ့ ငိုငိုနေရတာ ဘယ်သူမှမသိပါစေနဲ့
အဲဒီလို ဘယ်နှစ်ညဆုတောင်းရဦးမှာလဲခရေ။
ကဗျာရေးဖို့ အချက်အလက်တွေဟာ အတော်ပဲများပါတယ်
ဒါပေမဲ့ ဒီလိုနေ့ရက်တွေကို မပျော်ရွှင်ဘူးခရေ။
သဘာဝကြီးက အလိုလိုက်ထားပါလျက်
တောပန်းကလေးတွေတောင် နေရောင်အောက်မှာ သနပ်ခါးအဖွေးသားရှိပါလျက်
ကဗျာတွေ ဆွေးဆွေးမြေ့မြေ့ရေးနေရ
ရင်ထဲနင့်နေအောင် သိပ်သည်းရ
ပါးဟက်ထဲငမျှားချိတ်(ငါးမျှားချိတ်)အတွယ်ခံရတဲ့ငါးလို ယက်ကန်ရုန်းဖယ်နေရ
ငှက်တွေလိုစိုစွတ်မိုးရေကို အတောင်ခါချလို့လည်းမရ
ဒီလိုနေ့ရက်တွေကို မပျော်ရွှင်ပါဘူးခရေ။
အားကိုးရာရွှေတောင်ကြီး ပြိုလေပြီ ဘာဘာညာညာ
ရာဇ၀င်ပုံဝတ္ထုတွေထဲ မကြာမကြာတွေ့ရ
ရွှေတောင်ကြီးပြိုတာ ဘာဟုတ်သေးလို့လဲ
သစ္စာတောင်ကြီးပြိုရင်သာ အားလုံးပြိုလဲကုန်တာပါ ခရေ...ရာ။
ခွဲချင်ခွဲပလေ့စေ ငါတို့နေတာ တောင်ထိပ်မှာတဲ့
ရယ်စရာဒီအသောလေးလည်း လေထဲမျောသွားပြီ ခရေ...ရေ။
ပေခုံပေါ်ရောက် မီးအမြှိုက်ခံထားရတဲ့သံရိုင်းတုံးက
နာနာထုနှက်ပေးမဲ့တူအပေါ် လိုလားစွာကျိုးနွံသလိုမျိုး
ငါ ကျိုးနွံခဲ့ချင်တာပါ
ရက်ပေါင်း ၈၄၀စာ ချစ်တယ်ဆိုတဲ့ နှုတ်ထွက်စကား
ခဏလေးနဲ့ပျောက်သွားအောင် နင်ဘယ်အတတ်နဲ့ ဖျောက်ပစ်လိုက်တာလဲဟာ။
ညိမ်းညို
သူငယ်တန်းကျောင်းသားတုန်းက ရွာဘုန်းကြီးကျောင်းမှာ မနက်တိုင်းကောက်ခဲ့ဖူးတဲ့
ခရေပွင့်တွေကို သတိရတယ်။ ခရေပင်ကြီးကို သတိရတယ်။
သာမာန်အားဖြင့် ကဗျာတွေကို အောက်ခြေရှင်းတမ်း မရေးဖြစ်ပါဘူး။
ရက်ပေါင်း၈၄၀စာ ယုံထင်ကြောင်ထင် ကိန်းဂဏာန်းတစ်ခုအတွက်
အမှန်တကယ်လည်း လှိုက်လှိုက်လှဲလှဲ သတိရဖြစ်တဲ့ ခရေပင်ကြီးနဲ့ ‘ကာ’ လိုက်ပါတယ်။ ဆင်ချင်တဲ့အ၀တ်အစားတွေဆင်ထားပြီး လှချင်တိုင်းလှနေတဲ့ စာခြောက်ရုပ်တွေကိုလည်း တဆက်တည်း လွမ်းဆွတ်မိပါကြောင်း။
Posted by ညိမ်းညို at 03:00 9 comments
Labels: ကဗျာ
24 November 2009
သေပေါ့
သေပေါ့။ စကြာဝဠာကြီးတောင်ကွေးနေမှပဲ၊ အာကာသကြီးတောင် ကွေးနေမှပဲ။ အကွေးစကြာဝဠာကြီးထဲ အကွေးအာကာသကြီးထဲ ငါလိုကောင်တစ်ကောင်ကွေးနေတာ ဘာဆန်းလဲ...သေပေါ့။ လက်ထိပ်မှာ လိပ်ပြာအကောင်တစ်သိန်းလောက်မွေးပြီး ကိုယ့်စကားလုံးတွေနဲ့ကိုယ် အပင်းဆို့ပြီး သေပေါ့။ လွမ်းစရာလည်းမဟုတ်၊ စခန်းသာလည်းမဟုတ်။ ဆဲလို့လည်းမရ တည်းလို့လည်းမရ။ ဘ၀ဆိုတဲ့အခွံကို ခဏကောက်စွပ်လာတဲ့မောင်၊ ချွတ်ထားခဲ့တဲ့အခါမှာသာ လျှော်ဖွပ်ပြီးသားဖြစ်ဖို့ မမေ့လေနဲ့။ သေပေါ့...။
ညိမ်းညို
Posted by ညိမ်းညို at 15:38 4 comments
Labels: ကဗျာ
22 November 2009
ယုံကြည်မှုပျောက်ဆုံးတဲ့အခါ
လက်မောင်းကကြောက်ဆေးက ငယ်တုန်းကအတိုင်း ထထအော်နေတုန်းပဲ။ မဖြစ်ဘူး၊ လက်ဖျံထဲ အကြောဆေးနှစ်လုံးလောက်တော့ ထိုးသွင်းရမယ်။ တောအုပ်ကလည်း အထဲရောက်လေ မစွံဘူးဆိုတာ ပိုသိရလေပဲ။ သစ်ရွက်တွေ ဒီလောက်ကြွေနေတာကိုက စော်ကားခြင်းတစ်မျိုးပဲ။ ကုန်းကောက်လိုက်တော့ ရှားပါးဒုတ်တိုတစ်ချောင်း လက်ထဲရောက်လာတယ်။ ကံဆိုးပြီ။ ပစ်စရာခွေးက တစ်ကောင်တစ်မြီးမှ ရှိမနေဘူး။ ရှိနေရင်ရော၊ ပစ်မှာလား။ ခွေးတစ်ကောင်ကိုဒုတ်နဲ့ပစ်ဖို့ ကလာပ်စည်းလေးတစ်ခု အမှုန်လေးတစ်မှုန်ကတောင် ခွင့်မပြုနိုင်ဘူး။ ရီစရာပါလား။ မသာရှင်ကို နှစ်သိမ့်သလိုပြောလိုက်ရမှာလား။ ရီချင်ရင် ရီလိုက်လေ၊ ရီလိုက်...ရီလိုက် အောင့်မထားနဲ့...လို့။ ရီချလိုက်တယ်။ ၂လစာလောက်ကြီးကို back date နဲ့ ရီချလိုက်တယ်။ အတိုအစတွေစုထည့်ထားတဲ့ စုဗူးကိုထုခွဲရိုက်ခွဲလိုက်သလို ရီစရာအတိုအစတွေကို အန်ထုတ်လိုက်တယ်။ လူကြီးရှေ့မှာ မြိုသိပ်ထားရတဲ့ ရုံးအကူကောင်လေးက သူပိုင်အခန်းငယ်ထဲရောက်မှ အတိုးနဲ့ တခွီးခွီးရီချသလို ပျစ်ပျစ်နှစ်နှစ် ရီချလိုက်တယ်။
အား!!! (ရင်ခေါင်းထဲမှာပဲ ဒီအသံက လှိုဏ်သံပေါက်ပြီး ပဲ့တင်ထပ်နေတယ်။ အပြင်ကို တစ်စက်မှ ထွက်မလာဘူး)
အထူးအဆန်းတစ်ခုလိုပဲ အံ့သြနေတယ်။ တုန်လှုပ်နေတယ်။ ထိတ်လန့်နေတယ်။ ဒါပေမဲ့ ရီကြည့်ဖို့ ထပ်ခါထပ်ခါ ကြိုးစားနေတုန်းပဲ။
တကယ်တော့ မထူးဆန်းလှပါဘူး။ လူဟာ ယုံကြည်မှုပျောက်ဆုံးတဲ့အခါ ရီလို့တောင်မရတော့တဲ့အကြောင်း သူမသိသေးလို့ ဖြစ်မှာပါ။
Posted by ညိမ်းညို at 14:37 7 comments
Labels: ကဗျာ
17 November 2009
ဝဋ်ကောင်
မကောင်းတဲ့အကြောင်းရှိခဲ့လို့
မကောင်းတဲ့အကျိုးရတယ်လို့ မှတ်ပါတယ်
အသံတစ်ခုရဲ့ စွဲလမ်းမှုမှာတောင်
ကျနော် ငရဲကျနေပြီအမေ။
အမေ့လည်ပင်းခိုပြီး တခါလောက်ငိုခွင့်ရရချင်တယ်ဗျာ
အရမ်းပူလောင်တယ်အမေရယ်
ကျနော်က ကန်ရေပြင်ပါ
ပင်လယ်ထဲကျတဲ့မုန်တိုင်းမျိုးမှ ဘာလို့လာတိုက်ရတာလဲ။
လုပ်ရဲတာသတ္တိမဟုတ်ဘူး ခံရဲတာသတ္တိဆို
ကျနော်ဘယ်အထိခံရဦးမှာလဲ
အကျေခံပါ့မယ်အမေရယ်
မမြင်ရတဲ့ဝဋ်ကြွေးတွေအတွက်ရော ပြုမှားမိတာတွေအတွက်ရော
ကျနော်ကျေအောင်ခံပါ့မယ်
ပြုသူအသစ်မဖြစ်ချင်ပါဘူး ဖြစ်သူအဟောင်းပဲဖြစ်ပါစေတော့
ကျနော် ကျေအောင်ဆပ်ပါ့မယ်
မီးလောင်နေတဲ့ရင်ခွင်တစ်ခုက တချိန်မှာ လူအများကိုအေးရိပ်ပေးနိုင်ချင်ပါသေးတယ်
လောင်နေတဲ့မီးတွေကို မငြှိမ်းလိုက်ပါနဲ့ဗျာ
ကျနော်ကျေအောင် ဆပ်ပါ့မယ်။
ညိမ်းညို
Posted by ညိမ်းညို at 04:48 5 comments
Labels: ကဗျာ
ထပ်မံသိရှိခဲ့ရသော
ရှိုးကေ့ထဲကအရုပ်ကလေးဟာ
ကိုယ့်လက်ထဲမရောက်သေးသရွေ့ ကိုယ်မပိုင်သေးပါ
ကိုယ့်လက်ထဲကအရုပ်လေးဟာ
ကိုယ်နဲ့အတူအမြဲရှိမနေသေးသရွေ့ ကိုယ်ပိုင်မဟုတ်သေးပါ
ကိုယ်နဲ့အတူအမြဲရှိနေတဲ့အရုပ်ကလေးတောင်မှ ကိုယ်ပိုင်မဟုတ်သေးပါ
တစ်နေ့ သူ ထွက်ခွာသွားချင်သွားဦးမှာ
တစ်ဦးနှလုံးသားမှာတစ်ဦး ထပ်တူကြည်နူးချမ်းမြေ့နိုင်မှသာ
တစ်ဦးကိုတစ်ဦး လေးနက်စွာပိုင်ဆိုင်ကြလေတာ
ဘ၀အဆက်ဆက်တိုင် ပေါင်းဖက်ချင်ကြရှာ
သေသည်ထိ မခွဲတော့ပါ။
ညိမ်းညို
Posted by ညိမ်းညို at 04:48 3 comments
Labels: ကဗျာ
15 November 2009
လွမ်းတယ်
စမ်းချောင်းလေးရယ်
ကျနော့်အိပ်မက်တို့
ယိမ်းထိုးဆိုက်ကပ်လေ့ရှိရာ
အမေ့ရဲ့ ဆိပ်ကမ်းငယ်လေးရယ်၊
စွန်တန် ပူပူရယ်
ငရုတ်သီးစပ်စပ် ပဲပုပ်ထောင်းနဲ့
တောဝက်သားခြောက်ရယ်
တောပန်းလေးတွေနဲ့အပြိုင်
လှိုက်လှိုက်လှဲလှဲ
ဖူးပွင့်နေတတ်တဲ့ ရွာကလေးရယ်
ရွာအ၀င်တောင်ကမူအောက်က
ဝါးဒလျှောက် ရေချိုးဆိပ်လေးရယ်
တောရဲ့ ဂီတကိုဖန်ဆင်းတတ်တဲ့
ကျွဲခလောက်သံ သာသာရယ်
ဧည့်စိမ်းလူစိမ်းတွေကို
ဆွေမျိုးရင်းချာလို နွေးထွေးသွားစေတဲ့
ခေါင်ရည်ချိုမြရယ်
ဆောင်းတွင်း မီးလင်းဖိုနံဘေး
ခေါပုတ်ကင် နွေးနွေးရယ်
အရွယ်ရောက်စ ကျမ်းစာသင်ကျောင်းလေးနဲ့
ကြီးကောင်ဝင်စ မူလတန်းကျောင်းပျိုလေးရယ်
တောင်ပေါ်မြူနှင်းကြား
စကားတွေ တွတ်ထိုးနေတတ်တဲ့
သီးနှံစိုက်ခင်း အဆင့်ဆင့်ရယ်
မြေစေးနီနီ အိမ်ကလေးတွေကြား
ဍ္ဍရင်ကောက်ပင် ပြိုးပြောက်မယ်
ငှက်ကလေးတွေ အစာကောက်နေပုံရယ်၊
ဟိုး အဝေးတစ်နေရာဆီက
တောင်ယာတဲကလေး
မီးခိုးနံ့တသင်းသင်း
လေပြေ တစ်ညင်းညင်း၊
အမေက
ကျောက်တုံးကျောက်ခက်တွေကြား
လျှိုမြောင်ချိုင့်ဝှမ်းတွေကြား
မီးလောင်ပြင် သစ်ငုတ်သစ်ဆုံတွေကြား
စပါးစေ့လေးတွေကို ဆူးထိုးစိုက်ပျိုးနေမှာ၊
အမေ့သား သင်္ဘောလေးက
အမြဲတစေ ဆိပ်ကမ်းနဲ့ ဝေးကွာခဲ့ရာ။
ညိမ်းညို
- တစ်ခါတင်ဖူးပါတယ်။ လွမ်းလို့ ပြန်တင်ပါတယ်။
Posted by ညိမ်းညို at 23:30 5 comments
Labels: ကဗျာ
ပိုးဖလံ
ဘယ်လိုဝဋ်ကြွေးလဲ
ငါမြင်ချင်တဲ့ အလင်းက
ငါ့ကို လောင်ကျွမ်းသွားတာ။
+++
Моль
какое зло следствие!
меня сгорал свет,
который я хочу видеть.
ညိမ်းညို
Posted by ညိမ်းညို at 22:09 0 comments
Labels: ကဗျာ
11 November 2009
အိမ်
ညမှာ
ဘာမှမရှိတဲ့ ကောင်းကင်ထဲ
ကြယ်ကလေးတစ်လုံး ဖြစ်ချင်တယ်။
အဲဒီလိုဖြစ်ခဲ့ရင်
အိပ်ပျော်နေတဲ့ ငါ့မြို့လေးကို
အိပ်ပျော်နေတဲ့ ငါ့အိမ်လေးကို
ဖွေရှာရင်း
အလွမ်းတွေ ထိမ်းမရတဲ့အခါ
တိတ်တဆိတ် ကြွေဆင်းလာချင်တယ်။
မိုးခင်ခင်(မဟာဝိဇ္ဖာ)
The Light မဂ္ဂဇင်း(လ၊ ခုနှစ် မမှတ်မိပါ)
Я хочу быть звёздой
В пустом небе
Ночью.
Именно тогда
Я ищу
Мой спящий город и
Мой сон домой,
Я хочу падать тихо
Всякий раз, когда я не могу управлять.
Trs:YZA
Posted by ညိမ်းညို at 23:40 6 comments
Labels: ကြိုက်သောကဗျာများ
15 October 2009
ရင်ကွဲနာ
(၁)
သက္ကရာဇ်တို့ တောင်ခါးပန်းမှာ
ငါတို့နှလုံးသွေးနဲ့ ထွင်းခြစ်
သစ္စာရနံ့တို့ ပျံ့ဝေတည်နေပါစေ၊
တံ့တံ့တာရှည် နေ၊ ရေ၊ လေ၊ မီး
ဓာတ်အသီးသီး မငြီးဖောက်ပြန်
ထက်အောက်လှန်ဦး
ချစ်ထုံးသွယ်ယှက် မင်းလက်ကလေး
ဖြေးဖြေးသက်သက် ငါ့ကိုဆက်ပါ
‘သက္ကရာဇ်တို့ တောင်ခါးပန်းမှာ
ငါတို့နှလုံးသွေးနဲ့ ထွင်းခြစ်
သစ္စာရနံ့တို့ ပျံ့ဝေတည်နေပါစေ'
(၂)
ပန်းနုမျက်နှာကလေးကို ငေး
အမည်မသိတေးတစ်စကို မြို
ငါ့အတွက်
လောကဓံဟာ နှစ်လိုဖွယ်ဖြစ်ပေါ့
တစ်ရံရောအခါတွေကို လွမ်းတယ်။
ကဆုန်စိုင်းချင်နေတဲ့မြင်းတစ်ကောင်လို
ဇက်ကြိုးကို မင်းလက်ထဲ သာသာဖွဖွ အပ်ပါရဲ့
ငါ့ကို
ချစ်ခြင်းမေတ္တာကြာပွတ်နဲ့ လွှဲလွှဲရိုက်ပါ
ငါ့ကို
သံယောဇဉ်ကြာပွတ်နဲ့ လွှဲလွှဲရိုက်ပါ
ငါ့ကျောပြင်ကို
မင်းလက်ကလေးနဲ့ လွှဲလွှဲရိုက်ပါ
ခွာတစ်ချက် မရှပ်ပါဘူး
ငါ အားကုန်ပြေးပါ့မယ်
မင်းက
တူနှစ်ကိုယ်ပန်းတိုင်လေးကိုသာ
ကြည့်ထားပေးပါ။
(၃)
စိတ်ညစ်ရင် ရှောင်ဖယ်
အဆင်မပြေရင် ကွယ်ဝှက်
တစ်ခြမ်းထဲရက်စက်ခံတဲ့ ပုံပြင်
ငါ ရင်မခုန်ချင်ဘူး
မင်းရဲ့ မျက်မှောက်ရှေ့မှာ
အန္တရာယ်စီးမိုး ကျားဆိုးနဲ့သတ်ရသတ်ရ
ယောက်ျားလေးဗီဇကို ငါ နှိုးချင်တယ်
အဲဒီလို
တစ်ယောက်ယုံကြည်မှုကို
တစ်ယောက်ယုံကြည်မှုနဲ့ထပ်
ငါတို့ ချစ်ခြင်းကို
အမြတ်ဆုံး လွှင့်ထူချင်တယ်။
တစ်ယောက်ရဲ့ အားအင်နဲ့
တစ်ယောက်ကို ပြည့်ဖြိုး
ငါတို့ဘ၀လေးကို ပျိုးထောင်ချင်တယ်။
စိတ်ညစ်တယ်ဆိုပြီး ရှောင်မဖယ်ပါနဲ့
တစ်ယောက်ထဲနေချင်တယ်ဆိုပြီး ရှောင်မဖယ်ပါနဲ့
မင်းကိုမှ မကာကွယ်နိုင်ရင်
ငါ့ထွက်သက်ဝင်သက်ကို သယ်မလာဘူး မိန်းကလေးရေ။
(၄)
ဖုန်းလေးတစ်ချက်
ဆက်ပါရစေ
စကားလေးတစ်ခွန်း
ဆိုပါရစေ
ကမ္ဘာကို တွန်းရွေ့မဲ့အားတွေ
အဲသည်ကနေ ငါရမှာမို့ပါ။
မင်းနဲ့တွေ့ရင်
လျှပ်ပန်းလျှပ်နွယ်တွေက
ကောင်းကင်ကို ထက်ခြမ်းပိုင်းပြမလိုနဲ့
ခဏချင်းပြိုကွဲသွားကြသလိုမျိုး
ငါ ဘာကြောင့်နှုတ်ဆွံ့ရပါသလဲ၊
မင်းကောင်းကင်မျက်နှာကြက်မှာ
ငါက လင်းအားနည်းလျှပ်ပန်းလျှပ်နွယ်
ဒါပေမဲ့
ငါပျော်တယ် မိန်းကလေးရေ
ငါက ငါ့တစ်ကိုယ်လုံး ထွန်းပွင့်တုန်ခါတဲ့အလင်းမျိုးနဲ့
မင်းကို ထမ်းပိုးချင်တဲ့ကောင်ပေပဲ။
အရိပ်လိုချုပ်နှောင် အမှောင်လိုကြီးစိုး
အဲဒီဘ၀မျိုးကို ငါလည်းမုန်းတတ်ပါတယ်ကွာ
ခွန်အားမဲ့ရိုကျိုး
လက်ဖြန့်မိုးပေးချင်တာပါ
ဖွဲဖွဲကလေးပဲ စွတ်စိုစွတ်စို
သည်းသည်းထန်ထန်ပဲ စွတ်စိုစွတ်စို
အဲဒီစွတ်စိုမှုကို
ငါက ချေချွတ်ချင်တာပါ။
(၅)
မဆုံးနိုင်တဲ့ အလျှံတညီးညီးနဲ့ ကမ္ဘာဦးမီးဟာ
ငါ့အပေါ်ကိုစီးမိုး
သတိရခြင်းမီးခိုးလုံးတွေသာ
ထစ်ချုန်းအုံ့ပျစေလို့ပေါ့။
စုန်းမီးလိုတောက်စားတတ်တဲ့
ညကဝေရေ
ငါ့ရင်ကွဲနာကို ဖက်နဲ့ထုပ်
ဟော..ဟိုက တိမ်သားညိုညိုတွေဖုံးအုပ်လို့
တိတ်တဆိတ်မြုပ်နှံပေးပါ။
‘ချစ်..တယ်’ ဆိုတဲ့စကားနှစ်လုံးဟာ
စနစ်တံဖြုတ်ထားတဲ့
ဗုံးတစ်လုံးလို အန္တရာယ်ကြီးမား
မျက်ရည်တံခါးကို ဖြိုတတ်ပါသလား။
မငိုဘူး...မငိုဘူး
ငါမငိုပါဘူး
ဆိုမြည်ရုန်းဟစ် အသံတွေအစ်ရင်းက
မျက်ရည်တွေ တစစ်စစ်ကျခဲ့ရ
ညတွေ...ညတွေ မှောင်လွန်းခဲ့ပါတယ်။
(၆)
မြနုလင်းချို လရောင်ပျိုရေ
ငါ့ကို ငြိမ်းမှုတ်
သိမ်းထုတ်လိုက်ပါကွယ်
ပြာဝင်းမှုန်လဲ့ သွဲ့သွဲ့လေညင်းရေ
ငါ့ကိုကျောခင်း
နင်းပစ်လိုက်ပါကွယ်
ရင်ဘတ်ဟောက်ပက်
အနာမဲ့ဒဏ်ရာတစ်ချက်နဲ့
အသက်ရှူခြင်းကို ငါမုန်းတယ်။
(၇)
မပျော်တော့ဘူးဆိုတဲ့ လူတစ်ယောက်မှာ
ပျော်စရာ ဘာများကျန်ပါသေးသလဲကွယ်
မီးဇာကုန်ဆီခမ်းနဲ့
စုံလုံးကန်းနေတဲ့ညရေ
မူးမူးနဲ့အိပ်နေတဲ့ ငါ့ကို
လရောင်တစ်ဆင်စာလောက် ရောင်းပါ
လရောင်တစ်ဆင်စာလောက် ရောင်းပါ
လ ရောင် တစ် ဆင် စာ လောက် ရောင်း ပါ
ငါတစ်ယောက်ထဲ မှောင်လွန်းလို့ပါကွာ။
ညိမ်းညို
Posted by ညိမ်းညို at 01:30 6 comments
Labels: ကဗျာရှည်
13 October 2009
မွှေး
လမ်းခွဲတယ်ဆိုတာ
ထစ်အပြတ်ရှ နတ်ဆိုးတွေလက်မှိုင်ချယူရအောင်
တမြိမြိမြတယ်၊
ကောင်မလေးရေ
ငါ့ကို လှောင်ပါ
နှလုံးသွေးအပြာနဲ့ ရေးမှုတ်
သံယောဇဉ်တစ်ဆုပ်ကိုပဲ
ရိုကျိုးမိုးချုပ်ခဲ့သူမို့။
ဒုတိယလူ
ဓါးအိမ်ထဲက ဓားတစ်လက်လို
ငြိမ်သက်စွာ ၀ပ်စင်း
ငါတို့ကွေကွင်းခြင်းကို ဖန်ဆင်းခဲ့တယ်။
ကြွေ
ဖွဖွကလေး
တောက်ထုတ်လိုက်တာပါတဲ့
ကြိုးတန်းပေါ်က လူတစ်ယောက်ကို...၊
တစ်တောလုံး တော်လည်းခဲ့တယ်
(ဆက်တင်က...)
ပန်းကလေးမေးဖျား ပိတုန်းနားဟန်၊
အချိန်အခါမဟုတ်မိုးက
ရွှံ့ လိုနွံလို ညစ်ထေးစေရဲ့
ကျွန်တော့်ရဲ့ စံပယ်ဖြူပွင့်လေး
လောကဓံကိုယ်လေးလက်ဝန် ရခဲ့တယ်။
တေး
ပိုးချည်းပါပဲ
ရှင်ဘုရင့်ပုဆိုးဆိုတာကတော့၊
မုတ်သုံရေ
လွမ်းရတာ
ဘယ်နှစ်ရာသီတိုင်ပြီလဲ
မင်းခြေဖျားတွေနဲ့ ပင့်ခတ်ကန်ကျောက်ပြီး
(ငါ့ကို..) ရွှဲရွှဲစိုအောင် ရွာချလိုက်ပါတော့။
နှုတ်ခမ်းကိုတင်းတင်းကိုက်
အသံမထွက်အောင်ရှိုက်နေသူမှာ
တေးတစ်ပိုဒ် မီးမြိုက်နေပါလိမ့်မယ်။
အညမည
အလွမ်းသင့်နွေ
စမ်းရေခမ်းခြောက်၊
မကမ်းနှင့်မေ
ပန်းလှေလမ်းပျောက်။
ဆွေး
ငေးခဲ့မိတယ်
ကြယ်တွေအငွေ့ပျံသွားတဲ့အထိ
တစ်စိမ့်စိမ့်ကျွံဝင်နေတဲ့
တွင်းနက်ကြီးအ၀မှာ ရပ်ရင်း၊
သွားတက်ကလေးရေ
တစ်ခါတစ်ရံတော့ ငိုပါရစေ၊
ဂစ်တာတစ်လက်နဲ့ ဆောင်းညအို
ငါ့ကို မီးဖိုပါစေတော့။
စေ့စပ်ပွဲ
အသိမပေးရက်တဲ့
လခြမ်းဝါရေ
ကြယ်တွေနဲ့အတူငေးခဲ့သူမို့
ခပ်ရေးရေးတော့ ကိုယ်မြင်တယ်။
တယ်လီဖုန်း
လူတစ်ယောက်အနားမှာ ရှိတဲ့အခါ
လူတစ်ယောက်ကို စကားပြန်ဖို့ခက်နေရှာ
တယ်လီဖုန်းလေး အားနာစရာ။
မွှေး
ရွှေလင်ပန်းနဲ့ အချင်းမဆေး
ရွှေခြေချင်းနဲ့ အလှမ်းဝေး
သူ့စိတ်ကလေးသူ လျှော်ဖွပ်နေပုံကိုက
(ကိုယ့်စိတ်ထဲ...)
လမင်းကို ပန်းပန်ပေးမိ။
ညိမ်းညို
Posted by ညိမ်းညို at 10:23 7 comments
Labels: ကဗျာ
11 October 2009
ယူဂျင်းအော်ညီဂင်(မိတ်ဆက်)
မြန်မာစာဖတ်ပရိသတ်နဲ့ ရင်းနှီးပြီးဖြစ်တဲ့ "သေနတ်သံ" ၊ "စပိတ်ကွင်း" စတဲ့ ၀တ္ထုတိုများဟာ ကဗျာဆရာကြီး ပု(ရှ)ကင်ရဲ့ လက်ရာတွေပါပဲ။ ဒါ့အပြင် သူ့ရဲ့ ကျော်ကြားလှတဲ့ ဗြဲ(လ)ကင်ပြောသော ပုံဝတ္ထုများအတွဲကို ဆရာကြီးမောင်ထင်က ဘာသာပြန်ဆိုခဲ့ပါတယ်။ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ၀တ္ထုတချို့မှာလည်း ပွတ်(ရှ)ကင်ရဲ့ ကဗျာတွေကို ဖွင့်ဆိုခံစားပြတာကို တွေ့နိုင်ပါတယ်။
ယူဂျင်းအော်ညီဂင်
ယူဂျင်းအော်ညီဂင်ဟာ စကားပြေ ၀တ္ထုသက်သက်သာ မဟုတ်၊ ကဗျာရှည်ကြီး တစ်ပုဒ်ဆိုရင်လည်း မှန်ပါတယ်။ မဟာကဗျာရှည်၊ ကဗျာဝတ္ထုကြီး အဖြစ်နဲ့လည်း သမိုင်းတွင်ခဲ့လို့ပါပဲ။ ဒီဝတ္ထုကိုရေးဖို့ ပု(ရှ)ကင်က ၁၄ကြောင်းတစ်ပိုဒ်ရေးနည်း (14-Line Stanza) ကိုတီထွင်ခဲ့တယ်။ ရုရှစာရေးဆရာကြီး တူရဂေညက်(၁၈၁၈-၁၈၈၃)က ဒီဝတ္ထုထဲက စာကြောင်းတစ်ကြောင်းအတွက် သူ့လက်သန်း နှစ်ဖက်စလုံးကိုတောင် ပေးနိုင်တယ်လို့ ဆိုပါတယ်။
ယူဂျင်းအော်ညီဂင်ဟာ Eugene Onegin ကိုနီးစပ်အောင် မြန်မာသံလှယ်ထားတာလို့ မှတ်သားဖူးပါတယ်။ ရုရှအခေါ်နဲ့ အတော်နီးစပ်အောင် ရေးရရင် (Евгений Онегин) ယက်ဖဂဲညီးရ် သြညဲဂင်လို့ သုံးနိုင်မယ် ထင်ပါတယ်။ ကျနော်တို့ဆီမှာတော့ ဆရာဒေါင်းနွယ်ဆွေနောက်ပိုင်းမှာ ကဗျာတ္ထုတွေ မရှိသလောက် ကျဲပါးလာခဲ့ပါတယ်။ ကဗျာရဲ့ အရွေ့ပြောင်းလဲမှုလား၊ အနုပညာပစ္စည်းပါးရှားမှုလား ဆိုတာကတော့ ကျနော်တို့ ဆင်ခြင်ကြည့်စရာ အကြောင်းတစ်ခုပါပဲ။
ထုတ်ဝေပုံ
ဝတ္ထုမှာ ပင်မအခန်းကြီး ရှစ်ခန်းရယ်၊ အခန်း၉လို့ ဆိုနိုင်တဲ့ "ယူဂျင်းရဲ့ ခရီးစဉ်"နဲ့ အခန်း၁၀လို့ ဆိုနိုင်တဲ့ "နောက်ဆက်တွဲ" တစ်ပိုင်းတစ်စတို့ရယ် ပါဝင်ပါတယ်။ အစောပိုင်းမှာ အားလုံးကို တစ်ပေါင်းတစ်စည်းထဲ ပုံနှိပ်ထုတ်ဝေတာ မဟုတ်ပါဘူး။ ရေးပြီးသမျှကို အခန်းလိုက် တစ်ပိုင်းချင်းစီ ထုတ်ခဲ့သဘောမျိုးပါ။ ပထမသုံးခန်းရေးအပြီး ၁၈၂၅မှာ ပထမဆုံးအခန်းကို ထုတ်ပါတယ်။ အဲဒီတုန်းက အမှာစာမှာ ပု(ရှ)ကင်က နောက်ဆက်တွဲမရှိလို့ ဆိုပါတယ်။ တစ်အုပ်နဲ့တစ်အုပ် အတော်ကြီးခြားပြီးမှ ထုတ်ခဲ့ပါတယ်။ ၁၈၃၃ မှာတော့ တစ်ပေါင်းတစ်စည်းထဲ ထုတ်ဝေလိုက်ပါတယ်။ အခန်းကြီး တစ်ခန်းဆီမှာပါတဲ့ ကဗျာပိုဒ်တွေကိုလည်း တဆက်ထဲ ရေးခဲ့တာမဟုတ်ပါဘူး။ တစ်ပိုဒ်ချင်း စိတ်ကူးဉာဏ်ဝင်စားတဲ့ အတိုင်းရေးသွားပါတယ်။ အဲဒီလို ရေးပြီးသွားတဲ့ ကဗျာပိုဒ်တွေကိုမှ စီစဉ်ကျအောင် အကြိမ်ကြိမ် ပြင်ဆင်တည်းဖြတ်၊ အထပ်ထပ် မွမ်းမံခြယ်မှုန်း ရုပ်လုံးပေါ်စေခဲ့ခြင်းဖြစ်တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။
နောက်ခံအခင်းအကျင်းနဲ့ ဇာတ်သိမ်း
နိုင်ငံခြားရေးဌာနမှာ အမှုထမ်းနေတဲ့ ပု(ရှ)ကင်ဟာ သူ့ရဲ့ တိုးတက်တဲ့ အတွေးအမြင်တွေကြောင့် ဝေးလံတဲ့ တောင်ပိုင်းဒေသကို အပို့ခံခဲ့ရတယ်။ ခရိုင်းမီးယား ကျွန်းဆွယ်ဟာ ဇာတ်လမ်းပေါက်ဖွားရာ ဒေသပေါ့။ ပု(ရှ)ကင်က သူရဲ့ ၂၁နှစ်မြောက်မွေးနေ့အပြီး ၁၈၂၀မှာ အဲဒီကျွန်းကို ရောက်သွားပါတယ်။ ပု(ရှ)ကင်ဟာ နယ်နှင်ဒဏ်ခံနေရစဉ် ၁၈၂၃ မှာပဲ သူ့ရဲ့ ဂန္တ၀င်မြောက် ယူဂျင်းအော်ညီဂင်ကို စရေးပါတယ်။ နောက် ၈နှစ်အကြာမှာ အဲဒီကျွန်းကို သူထပ်ရောက်ပြန်တယ်။ ၁၈၃၀ စက်တင်ဘာမှာ နောက်ဆုံးအခန်းကို အပြီးသတ်နိုင်ခဲ့တယ်။ တာတီးယားနားဆီပေးတဲ့ အော်ညီဂင်ရဲ့ စာကိုတော့ နောင်တစ်နှစ်အကြာမှာ ရေးခဲ့ပါတယ်။ နောက်ဆက်တွဲ အခန်း၁၀ရဲ့ အပိုင်းအစတွေကို သူကွယ်လွန်းပြီးမှ တွေ့ကြရတယ်။ အဲဒီ နောက်ဆက်တွဲအခန်း၁၀ ကို ဘယ်လိုဘယ်ပုံ ဇာတ်သိမ်းမယ်ဆိုတာကိုတော့ မမှန်းဆနိုင်ကြဘူးပေါ့။ နောက်ခံသမိုင်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေအတွက် နီကိုလပ်ဘုရင်ကို ဖြုတ်ချပြီး ကွန်စတင်တိုင်ကို နန်းတင်ဖို့ ကြိုးစားနေတဲ့ ဒီဇင်ဘာပုန်ကန်မှုကြီး ဖြစ်ပွားနေချိန်။ အဲဒီပုန်ကန်မှုကြီးကို ပါဝင်ခေါင်းဆောင်ကြတာက တိုးတက်သော တော်လှန်ရေးအဖွဲ့ဝင် စစ်အရာရှိကြီးတွေဖြစ်နေတာမို့…။
အော်ညီဂင်ကို အဲဒီပုန်ကန်မှုကြီးမှာ ပါဝင်စေပြီး နိဂုံးချုပ်လေမလား။ ဒါမှမဟုတ် တာတီးယားနားရဲ့ ခင်ပွန်းသည် ဗိုလ်ချုပ်ကြီးကို ပြစ်ဒဏ်ကျခံစေပြီး အော်ညီဂင်အတွက် လမ်းဖွင့်ပေးလေမလားဆိုတာကတော့ ပု(ရှ)ကင်ပရိသတ်များအတွက် ပု(ရှ)ကင်ထားခဲ့တဲ့ အဆုံးမသတ်သော တွေးတောစရာများလို့ ဆိုရမှာပါ။
ယူဂျင်းအော်ညီဂင်ကို ရုရှဂီတပညာရှင်ကြီး ချိုင်ကော့စကီးက အော်ပရာ တင်ဆက်ကပြတဲ့အခါမှာလည်း အထူး အောင်မြင်ကျော်ကြားလှပါတယ်။ပု(ရှ)ကင်ရဲ့ ကာရန်တွေက သူ့အလိုလို တေးဆိုနေကြတာပဲလို့ ချိုင်ကော့စကီးက ပြောပါတယ်။
ညိမ်းညို
Posted by ညိမ်းညို at 19:22 3 comments
Labels: သောင်းပြောင်းထွေလာ
25 September 2009
ဘူးလုံးနားမထွင်း
ငါ့သူငယ်ချင်းအောင်ကျော်မင်းလည်း ဖဲမရိုက်တော့ဘူး
စကားလုံးတွေ ကုလားဖန်ထိုးနေတော့ရဲ့
အားယားနေရင် ရေချိုးလိုက်
နည်းနည်းတော့ လန်းသွားမှာပဲ
မှန်တယ် မတုတ် မာလာတယော
(မုန်တိုင်းကို ခဏမေ့ထားမယ်)
သတ်ဒ်တီတူး(32)ကိုင်မယ်ဆိုတော့ ၀ါးတီးပေါ့
လေးသုံးဆို မျက်နှာချင်းဆိုင်
သုံးနှစ်သားလေးရေမျောနေရင် လိုက်ဆယ်လိုက်
နေပြပြီး မီးဆိုက်လို့ရတယ်
ကြောက်တတ်ဝန်ကင်း
ကြောက် လွဲ၊ ရဲ မင်းဖြစ် ပေကညစ်က လာတာချည်းပဲ
ဇာခြင်ထောင် မီးလောင်ပေါက်ကယ်
မလာချင်ပေါင် ညည်းမောင်ကြောက်တယ်
ကဗျာစင်ထောင် ထီးပေါင်သောက်မယ်
မသာရ ဓားငှားရန်ရှိသည်
မသာရထား ငှားရန်ရှိသည်
ဥက္ကဌကြီး-ငှက္ကဌကြီး
ဒေ၀က ခြောက်ရာ့သုံးဆယ်(630) တဲ့
ရယ်ရတယ်နော်
ငယ်တုန်းက ဟာသဆိုတော့။
ညိမ်းညို
Posted by ညိမ်းညို at 12:21 11 comments
Labels: ကဗျာ
12 September 2009
ကိုင်းဖျားလရိပ်
ဆောင်းအိုရဲ့ နိဂုံးမှာ
နွေဦးက ပြုံးပြုံးလေးဝင်လာပြီ
ညညဆို
လေပူတွေ ဝှေ့လွန်းလို့
ကျောတစ်နေရာစာ
အိပ်မက်ကလေးကို
ရေပြန်ပြန် နူးနေရတယ်
ခြံထောင့်က စံပယ်ရုံလေးမှာ
ရနံ့တွေ အိုင်ထွန်းနေပြီ
ညမွှေးပန်းက လေပြေကိုနမ်းတော့
ပိတောက်တစ်ခက် စိမ်းသွားတယ်
အဲဒါ..
သစ္စာရှိတဲ့ ညပေါ့
ငုဝါတွေရယ်
တမာတွေရယ်
မကြာမကြာ နှာမှုတ်တတ်တဲ့
နွားတင်းကုတ် ကလေးရယ်
လရောင်အကြိုအကြားမှာ
စကားတင်းဆိုနေကြပြီ
ဆိုပါစေလေ
သူတို့နဲ့ မကင်းရာမကင်းကြောင်းမှာမှ
ကိုင်းဖျားကလရိပ်လေးကို မျှော်ငေး
ကိုယ်က ဆွေးခဲ့မိပြီကိုး ..
ခရောင်းလမ်းမှာ
ခြေထောက်ကို ဆီးကြိုတာပဲ
ပတ်ကြားအက်တွေနဲ့လည်း
လိုက်ဖက်ပါတယ်
ဟောသည်မှာ
တရုတ်စကားပင်တွေက
ပင့်သက်ကို သာသာညင်ညင်ချ
ချိတ်ဆွဲထားတဲ့ လရိပ်ကို
ဖြေးဖြေးဖွဖွ တွန်းပို့လို့
ဒဏ်ရာညများစွာကို
မီးစိမ်းပြလိုက်ကြပေါ့ ..
ညိမ်းညို
- ၃၀၊ ၈၊ ၂၀၀၇ တုန်းက တစ်ခါတင်ဖူးတဲ့ ကဗျာဟောင်းတစ်ပုဒ်ပါ။ ကျေးဇူးတင်ပါတယ်။
Posted by ညိမ်းညို at 23:53 12 comments
Labels: ကဗျာ
10 September 2009
တောင်ပူစာ
နေရောင်ခြည်ကို မစို့မပို့လေး မျှင်းသောက်ရုံနဲ့
တစ်ကိုယ်လုံး ရွှေချနိုင်သူ။
ခမျာ
အမြဲစိမ်းတောကြီးဘေးမှာထားပြီး နွမ်းပါးရှာရဲ့
မေ့လောက်ပြီဆိုတော့မှ
အပင်ငယ်လေးတွေ ကျိုးတိုးကျဲတဲ အဖော်ပြုလာ
တစ်လျှောက်လုံးအထီးကျန်ခဲ့သူမို့
ယောင်ယောင်လေး အဖက်လုပ်ခံရတာကိုပဲ
သူ့မှာ ပျော်မဆုံးဖြစ်မိတာ။
ညိမ်းညို
Posted by ညိမ်းညို at 00:42 16 comments
Labels: ကဗျာ
5 September 2009
သို့...ချစ်ခြင်းဖြင့်
သစ်ကိုင်းမှာချိတ်နေတဲ့ လရိပ်လေးရေ
မင်းကြင်နာမှုလေး ‘ကျိုး’ သွားမှာကြောက်လို့
ဆေးလိပ်ကို ကိုယ် ‘ချိုး’ ခဲ့ပါတယ်။
စံပယ်ရုံပေါ်မေးတင်နေတဲ့ နှင်းပွင့်လေးရေ
မင်းသံယောဇဉ်လေး ‘ကွဲ’ သွားမှာကြောက်လို့
အရက်ခွက်ကို ကိုယ် ‘ခွဲ’ ခဲ့ပါတယ်။
လေညင်းနဲ့သားစပ်နေတဲ့ မြေသင်းနံ့လေးရေ
မင်းယုံကြည်မှုတွေ ‘ကြေပျက်’ သွားမှာကြောက်လို့
စရိုက်ဆိုးတွေကို ကိုယ် ‘ချေဖျက်’ ခဲ့ပါတယ်။
ချစ်မြတ်နိုးလွန်းရတဲ့ ကိုယ့်လယ်သူမလေးရေ
ချစ်သူတို့ရဲ့ ရဲရင့်စိတ်နဲ့
ဝေးကွာခြင်းကို ရိတ်သိမ်းစို့ကွယ်။
ညိမ်းညို
Posted by ညိမ်းညို at 08:21 15 comments
Labels: ကဗျာ
3 September 2009
ကဗျာနဲ့တစ်သက်စာပြုစားခဲ့သူ အနုပညာစုန်းကြီး
ကမ္ဘာကျော်မြေပိုင်ရှင် . . . မရှိဘူး
ကမ္ဘာကျော်တိုင်းမင်းကြီး . . . မရှိဘူး
ကမ္ဘာကျော် စာရေးဆရာ ၊ ကဗျာဆရာရှိတယ်
အဖေရေ"
မောင်ချောနွယ်
မဟေသီမဂ္ဂဇင်း၊ ၁၉၉၅၊ ဖေဖော်ဝါရီမှ
လူကိုမမြင်ဖူးဘူး
အသံကို မကြားဖူးဘူး
ဒါပေမဲ့ ဦးကြီးဦးလေးတစ်ယောက်လို သဘောထားမိတယ်
ဆွေမျိုးရင်းချာတစ်ယောက်လို ချစ်မိတယ်
ဆရာချောကို ချစ်တဲ့အချစ်အတွက် ကျွန်တော့်မှာ အဖြေမရှိဘူး
ဆရာချောရဲ့ကဗျာတွေကို ချစ်တဲ့အချစ်အတွက် ကျွန်တော့်မှာ အဖြေမရှိဘူး
အပရည်ရွယ်ချက်များ ကင်းရှင်းစွာ ဆိုပါတယ်
ကျွန်တော့်ရဲ့ ကဗျာနတ်ဘုရား ဆရာချောကို လွမ်းလွမ်းဆွတ်ဆွတ် အောက်မေ့မိပါတယ်။
+++
ကိုယ့်မွေးနေ့မွေးရက်ကိုတောင်
မှတ်မှတ်ရရမရှိတတ်တဲ့ လူငယ်တစ်ယောက်ပါ
ဆရာချောရေ
ဒီကနေ့ ကျွန်တော့်စိတ်တွေ တစ်ဝက်လွှင့်ထူထားပါတယ်။
ညိမ်းညို
Posted by ညိမ်းညို at 00:02 6 comments
Labels: အမှတ်တရ
29 August 2009
သံသရာထိ မွှေးမယ့်ပန်း
မကျဆုံးဖူးသူတွေသာ
ကျဆုံးခြင်းအကြောင်းကို မြိန်ရည်ရှက်ရည်ပြောတတ်လေ့ရှိကြ
တိတ်တိတ်ကလေးဆွံ့အနေသူတို့ထံ နားစွင့်ပါ
သူတို့မှာ အသံထွက်ဖို့အခွင့်မရှိကြရှာ။
အတောင်ကျိုးငှက်ကလေးများ
အားစိုက်ပျံသန်းနေဟန်ကဖြင့် ချစ်မက်ဖွယ်ရာ
လူတစ်ယောက်မှာ
"ဖြစ်ကို ဖြစ်ရမယ်" ရည်မှန်းချက်ရှိရတယ်ဆိုရင်
"ဖြစ်ကို မဖြစ်ရဘူး" ရည်မှန်းချက်လည်း ရှိကောင်းရဲ့
ဝါကျတစ်ကြောင်းနဲ့ ဆုတောင်းပါခဲ့
ဖြစ်ကိုမဖြစ်ရဘူး ရည်မှန်းချက်ဟာ ငှက်ခတ်သမား
ငှက်တွေကို မဖြားယောင်းလိုဘူး ငှက်တွေကို မသွေးဆောင်လိုဘူး
ပိုက်ကွန်တွေ ရွှေခြည်ငွေခြည်မတန်းလိုဘူး
လှောင်ချိုင့်တွေ ကတ္တီပါစိန်ကျောက်မခင်းလိုဘူး
ကျောသားလည်း ချမခင်းနဲ့
ရင်သားလည်း ချမခင်းနဲ့
ဘာကိုမှဖြတ်မနင်းဘဲ လျှောက်လာပါစေ
ကိုယ့်လမ်းနဲ့ကိုယ်မှာ ကိုယ့်ပန်းနဲ့ကိုယ်ပွင့်ကြဖို့ပဲမဟုတ်လား။
ချွေးနဲ့ပွင့်ပါစေ
သွေးနဲ့ပွင့်ပါစေ
အနုပညာစီး၍ အသိဉာဏ်ရံပါစေ
ကမ္ဘာမြေကိုချစ်တဲ့စိတ်နဲ့ ကဗျာတွေရေးပါရစေ
ဒီပန်းကလေးကို စိတ်နဲ့တောင်မမွှေးရက်ဘူး။
ညိမ်းညို
Posted by ညိမ်းညို at 11:15 9 comments
Labels: ကဗျာ
28 August 2009
ပေးနိုင်တာနဲ့ မပေးနိုင်တာ
ပေးနိုင်တာပဲတောင်း
မပေးနိုင်တာ လာမတောင်းနဲ့
၂၅နှစ်သားတစ်ယောက်ရဲ့ လူငယ်စိတ်နဲ့ ရဲရင့်မှု
အရင်းအတိုင်း ပေးလိုက်မယ်
၅၂ နှစ်သားတစ်ယောက်ရဲ့ ရင့်ကျက်မှုမျိုး လာမတောင်းနဲ့
ဟန်လုပ်ပြီးပေးလိုက်ရင်
ခင်ဗျား အတုကြီးပဲ ရသွားမယ်
အဲဒါ ပိုဆိုးတယ်။
ညိမ်းညို
Posted by ညိမ်းညို at 21:36 5 comments
Labels: ကဗျာ
27 August 2009
ဘာထူးလဲ
ဘာထူးလဲ
တစ်နေ့လာလဲ ဒါ
နောက်တစ်နေ့လာလဲ ဒါ။
ကိုယ့်ကိုယ်ကိုယ် ကြိတ်စက်ထဲထည့်ပြီး မချိမဆန့် ညှစ်ချကြည့်လိုက်ချင်တယ်
ပျော့ပြဲထွက်ကျလာမဲ့ ဆင်ခြင်သုံးသပ်မှုမစင်ရည်တွေကို
ကိုယ့်လက်နဲ့ကိုယ်ပြန်ထိရမှာတောင် ရွံလွန်းလို့
စိတ်ကူးကို အသာခေါက်သိမ်းထားရတယ်။
ဘာထူးလဲ
တစ်နေ့လာလဲ ဒါ
နောက်တစ်နေ့လာလဲ ဒါ
ငါ့အသုံးမကျမှုက ကမ္ဘာလုံးကြီးကိုအမှိုက်တောင်းလုပ်ရင်တောင်
လွှင့်ပစ်ဖို့ မလုံလောက်သေးဘူး။
ဘာထူးလဲ
တစ်နေ့လာလဲ ဒါ
နောက်တစ်နေ့လာလဲ ဒါ
ကဗျာကို ဒီထက်ပိုကောင်းအောင် မရေးနိုင်တော့ဘူးလား
ငါ့ဦးနှောက် ငါ့နှလုံးသား ငါ့လက်တွေ
ကြိမ်တို့ရုံနဲ့ ရရင်ရ
မရရင် ချွန်းနဲ့ပေါက်ပစ်မယ်။
ညိမ်းညို
Posted by ညိမ်းညို at 13:23 9 comments
Labels: ကဗျာ
19 August 2009
သူငယ်ချင်းလူဝကြီးများက ငါ့ကို မသနားဖို့
တောင်ပေါ်တက်တဲ့လမ်းကလေး
အေးအေးလူလူလျှောက်နေကြတုန်း
ဝုန်းဆို ဗုံးထပေါက်တော့
ခပ်ကြီးကြီးခဲတစ်လုံးပစ်ထည့်ခံလိုက်ရတဲ့ ဖန်ခွက်ထဲကရေစက်တွေလို
ငါတို့ သူငယ်ချင်းတွေ လွင့်စင်သွားရပုံ
တစ်ချို့ ချုံပုတ်ထဲက ကုန်းရုန်းထလာကြ
တစ်ချို့ ချောက်ကမ်းပါးထဲက တွယ်တက်လာကြ
တစ်ချို့ အခြားသောလမ်းတွေက ပြန်ပေါ်လာကြ
တစ်ချို့ တောင်ထိပ်ပေါ် အလိုလိုရောက်သွားကြ
ငါက တစ်ဘ၀စာဖျက်မရတဲ့ အမှတ်အသားတစ်ခုကို ပေကျံစေခဲ့တာလား
တစ်သက်တာအလိုမပြည့်နိုင်မှုနဲ့ ချစ်မြတ်နိုးဖွယ်ဇနီးမယားလေးကို ခိုးယူပေါင်းသင်းခဲ့တာလား
ကဗျာကိုဆေးမင်ရည်စုတ်ထိုးလို့ သူ့အပေါ် အပိုးကျိုးခဲ့လေတယ်။
ရေပွက်အကြီးကြီးထဲက ရေပွက်သေးသေးလေးတစ်ခု
တူရာတွေစုထားတဲ့ရှုခင်း ပျင်းစရာကြီးပါကွာ
ဒီမယ်... ဒီမယ် တဲ့ ကြွေသွားတဲ့သစ်ရွက်တွေက ပုခုံးလာလာပုတ်ကြ
လောကဓံလှိုင်းတံပိုးထဲ ဘယ်နှစ်ကြိမ်ဒိုင်ဗင်ထိုးပြီးပြီလဲတဲ့
အဟတ်ဟတ် ဂျိုက်ထောက်ထားတဲ့ ကဗျာဘီးကို အခုထိမလဲနိုင်သေးတာကြည့်တော့
ဒင်းကလဲ ရပ်ရင်းတောင် အလိုလိုတွန်းကန်တက်ကြွနေပုံများ
ငါ့မှာ ကားအစုတ်ကြီးကိုတောင် နတ်ရထားလားဘာလား စိတ်ကြီးတွေဝင်
ငါ့ဒိုင်ဗင်ရှက်ကျူးများ အဲသလိုမြူးလို့။
အောက်မေ့ဘွယ်နာကျင်မှုများ
ကျေနပ်စွာထုပ်ပိုး စိတ်ထပ်ခိုးမှာသိမ်းခဲ့ပြီ။
လောင်စာအပြည့်နဲ့ နေ့စွဲများ
ခမ်းခမ်းနားနားသိုဝှက် နှစ်လိုစွာရေတွက်ခဲ့ပြီ။
တစ်ဘ၀စာမဟုတ်
ဒဏ်ရာဟာ သွေးမတိတ်တော့ပြီ။
ဆိုတော့
သူငယ်ချင်းလူဝကြီးများက ငါ့ကို မသနားဖို့။
ညိမ်းညို
Posted by ညိမ်းညို at 00:26 5 comments
Labels: ကဗျာ
7 August 2009
ကိုနမ်းရေ
ကိုနမ်းရေ
သွားနေတဲ့လမ်းတွေက ခက်ခဲပြီးချိုမြိန်တယ်ဆို
အောင်မြင်မှုဆိုတာ ထုပ်တန်းကနေ ကြိုးနဲ့တွဲလောင်းဆွဲထားတဲ့ ထန်းလျက်ခဲတစ်ခဲပါကွာ
အဲဒီထန်းလျက်ခဲကို ခုန်ခုန်ဟပ်နေရတာနဲ့ပဲ
ငါတို့ကောင်တွေ မတ်တပ်ပြိုလဲကုန်တာပေါ့
ကဗျာလေးတစ်ပုဒ်ကို လက်နဲ့ထောက်ဖတ်ရဖို့
ငါးမိုင်လောက်လျှောက်ခဲ့ရတဲ့ညတွေ လွမ်းလိုက်တာကွာ
အရာရာဟာ ပျော်စရာပဲပေါ့
ရင်နာစရာတွေပေမဲ့ မင်္ဂလာပါပဲကွာ
ဒီလိုပဲ တောက်လောင်ကြပါစို့ရဲ့
ညှော်နံ့မသင်းအောင်တော့ ကိုယ့်မီးစာကိုယ် ပြန်မြိုထားကြတာပေါ့
တစ်ထွာရှိတဲ့မျက်နှာ တစ်တောင်မကွဲပါဘူးတဲ့
လက်ဝှေ့သမားကြီးတွေပြောလေ့ရှိတဲ့စကား
ငါတို့လည်း လောကဓံကြိုးဝိုင်းထဲက ကံကြမ္မာနဲ့ထိုးသတ်နေရတဲ့
လက်ဝှေ့သမားတွေပဲ မဟုတ်လားကွာ
ဦးချိုရှိတဲ့သတ္တ၀ါကဦးချို အစွယ်ရှိတဲ့သတ္တ၀ါကအစွယ်
မထူးဆန်းပါဘူးကွာ
ငါတို့သူငယ်ချင်းတွေရော ဘာထူးလို့လည်း
ခေါင်းပေါ်ကထန်းလျက်ခဲကြီး မော့မော့ကြည့်ပြီး အချိန်တိုင်းကန်ကျောက်နေကြတာပဲ မဟုတ်လား
အေး ကိုနမ်းရေ
ဘောလုံးကန်တာ လူကိုမကန်မိဖို့တော့ လိုတာပေါ့ကွာ။
ညိမ်းညို
Posted by ညိမ်းညို at 06:49 12 comments
Labels: ကဗျာ
6 August 2009
သတ်ကွင်းများကို ဖြတ်ကျော်စဉ်
လရောင်ခမ်း ကြယ်ရောင်ခမ်း
ညအကန်းကြီး
လွမ်းလောက်စရာမရှိ
ကိုယ့်သတိနဲ့
ကိုယ့်အသက်ကိုယ် ပြန်ထိစမ်းမိ
ချောက်ကမ်းပါးကြီးများ
နေရာတိုင်းမှ ညှို့ငင်တုန်ခါ။
အရိုးထဲသုည
ခြားနားတန်ဖိုးများစွာ
ဒဏ်ရာတွေ ပန်းလိုပွင့်ခဲ့ပေါ့
ဘ၀မှာ...။
ညိမ်းညို
Posted by ညိမ်းညို at 12:03 8 comments
Labels: ကဗျာ
5 August 2009
ရွာရန်ရာနှုန်းပြည့်
သံယောဇဉ်မြစ်ညှာမှာ
အလွမ်းတွေ ညှို့လာပြီဆို
ကိုယ့်ရင်တစ်ရိုး
မိုးတွေ သဲသဲလှုပ်ရွာချတော့မယ်
သတိရခြင်း တိမ်ခိုးတွေရယ်ပေါ့
သူတို့
ကိုယ့်စကားကို နားမထောင်ကြဘူး
ရွာရန်ရာနှုန်းပြည့်။
ညိမ်းညို
Posted by ညိမ်းညို at 00:03 11 comments
Labels: ကဗျာ
11 July 2009
သင်းကွဲ
အနည်းဆုံး
ဖူးဖူးယောင် အနာတစ်လုံးစီတော့
လူတိုင်းမှာ ရှိကြတာချည်း
သူ့ဘ၀နဲ့သူ ကိုယ့်ဘ၀နဲ့ကိုယ်
ရန်လိုရင် ရန်ပိုတယ်။
မျက်စိအောက်တင်
စံပယ်ငုံလေးတွေပွင့်လာပုံက ချစ်ဖို့ကောင်းတယ်
ညအသေကြီးထဲက မီးတောက်
တစ္ဆေမကြောက်လို့ လင်းနေပုံ
ငါလွဲနေလည်း ငါ့ငရဲနဲ့ငါ။
ညိမ်းညို
Posted by ညိမ်းညို at 17:19 14 comments
Labels: ကဗျာ
24 June 2009
ငါးမန်းများ
ငါတို့ဟာ
မရည်ရွယ်ဘဲနဲ့ပဲဖြစ်ဖြစ်
တမင်တကာပဲဖြစ်ဖြစ်
သွေးထွက်သံယိုတွေ မဖြစ်သင့်ဘူး
မဖြစ်ကြရဘူး
ငါတို့ရဲ့သွေးညှီနံ့ကို
ရေညာရေအောက်က အနံ့ခံနေတဲ့
ငါးမန်းတွေ ရှိတယ်
သူတို့ဟာ
ချွန်ထက်တဲ့ သွားတွေနဲ့
ခိုင်မာတဲ့ မေးရိုးတွေနဲ့
သူတော်ချင်းချင်း သီတင်းလွေ့လွေ့တွေနဲ့
အနိဌာရုံတွေကို အစဉ်အမြဲ ငံ့လင့်နေတယ်
လူတွေမကျင်လည်တတ်တဲ့ အရပ်ဒေသမှာ နေခြင်းအားဖြင့်
အမြဲတမ်း တစ်ပန်းသာနေတယ်
လှိုင်းကြောက်လှေမှောက်ရင်တော့
အသက်ရောဘ၀ပါ ပျောက်မယ်
လှိုင်းထန်လေကြမ်း မုန်တိုင်းရမ်းလည်း
ထိန်းမတ်ပဲ့ကိုင် လှေကိုနိုင်ရင်တော့
ငါးမန်းများ လမ်းသလားရုံသာ။
သူတို့ဆူးတောင်ကိုမှ
ဟင်းချိုလုပ်သောက်နေသူတွေအတွက်တော့
ဒီကဗျာ ရီစရာပေါ့။
ညိမ်းညို
Posted by ညိမ်းညို at 23:36 12 comments
Labels: ကဗျာ
19 June 2009
မြစ်ချို
သစ်တစ်ပင် တောတစ်အုပ်
မျိုးစေ့ထုပ်မှာ သိမ်းမြုပ်တယ်။
လှံတစ်စင်း ဓားတစ်လက်
ပေခုံထက်မှာ သိုဝှက်တယ်။
စာတစ်လုံး ဆေးတစ်စက်
ရင်မြေထက်မှာ ကြဲပက်တယ်။
ပျိုမြစ်အားသစ် ချစ်ခြင်းမေတ္တာ
စာနာဖေးမ ပရမြစ်တစ်စင်း
ကဗျာအလင်းမှာ စီးဝင်တယ်။
ညိမ်းညို
Posted by ညိမ်းညို at 11:47 10 comments
Labels: ကဗျာ
14 June 2009
အဆွေးသမား
နှစ်ကာလတွေ တအိအိပြိုကျလာ
ချေး(ဂျီး)မှုန်တွေ အထပ်ထပ်ကပ်ငြိလာ
လိုနေတာ တစ်ခုခုပဲ
တစ်ခုခုဟာ လိုနေမြဲပဲ
ငါပြန်ရှာတယ် ငါတွေ့ချင်ရဲ့
လတ်ဆတ်မှုဟာ တဇတ်ဇတ်ခုန်လို့
အသွေးအသားထဲကနေ အရေပြားအထိ
အရင်တုန်းကလို
အခု
ငါပြန်ရှာတယ် ငါမတွေ့တော့
အလို…ဆန်းလှချည့်။
အဆွေးသမား ၂
သူ လာခဲ့တယ်
သူ ပြန်သွားတယ်
အခါခါ ဦးညွှတ်လို့
အခါခါ ရူးသွပ်လို့
ငှက်မွှေးကလေး ထိုးစိုက်ခဲ့တယ်ပေါ့
လေနီကြမ်းတို့ မလာမီ။
အဆွေးသမား ၃
ခရီးလမ်းပန်း သာပါစ
‘သွားရမည့်ခရီးကား ဝေးသေး၏
ခြေသာလျှင် ယာဉ်ရှိကုန်၏’ *
အဆွေတို့
အမှောင်မသန်းခင်
တောင်တန်းတွေဆီ ခရီးနှင်ပ။
*မင်းဘူးဦးသြဘာသ-ဝေဿန္တရာဇာတ်တော်ကြီးမှ
အဆွေးသမား ၎
ချောင်းတရိုး မြစ်တသွယ်
ဘယ်လှေကို စီးရပ
ချည်ကြိုးတို့ ပြေပါစ
သီကြိုးတို့ ညီပါစ။
အဆွေးသမား ၅
ရီစရာတွေးတယ်
ရီစရာပြောတယ်
ရီစရာလုပ်တယ်
မရီရတဲ့ မျက်နှာအသေကြီးနဲ့
ဆွေးတယ်
လောကပါလတရားများကို
အမှန်တကယ် လှိုက်လှိုက်လှဲလှဲ။
အဆွေးသမား ၆
မြစ်ကို အဖော်ပြု၍
တောင်တန်းကြီးများ မားမားရပ်တည်
တစ်ချိန်ကျလို့
မြစ်ဟာ ပင်လယ်ဆီစီးဝင်သွား
တောင်တန်းကြီးများ
ကြီးကောင့်ကြီးမား အားနာစရာ။
အဆွေးသမား ၇
နေရောင်ခြည်
လေပြေ
အသာတကြည် ခပ်ယူပြီးသကာလ
ပန်းနှင့်ပင်ဖြစ်စေ
(ကျွန်ုပ်တို့) တစ်ဦးကိုတစ်ဦး မပစ်ပေါက်ကြေး။
အဆွေးသမား ၈
ဆီကွက်သော စက္ကူလို
ကြာလေ ပြန့်ကားလေ
သံသယဟာ အစွမ်းထက်ရဲ့
ကံ စိတ် ဥတု အာဟာရ
သေသေချာချာချိန်ပြီး ပစ်ချ
မြစ်ချောင်း အင်း အိုင် ပင်လယ် သမုဒ္ဒရာများ
လက်တပစ်စာ ဖြစ်သွား
အရာရာဟာ နာဖျားပျက်ကြွေ
ခါးတွေ တစ်သက်လုံးကုန်းခဲ့ကြ
ဘာအထုပ်များ ပါပါလိမ့်။
အဆွေးသမား ၉
ဖောက်ခဲ့ကြ
လျှောက်ခဲ့ကြ
ပျောက်ခဲ့ကြ
ထင်ရှားတာလဲရှိ၊ မထင်ရှားတာလဲရှိ(လမ်းတွေ)
အဆွေးသမားဟာ ဆွေးလို့
အတွေးသမားဟာ တွေးလို့
အငေးသမားဟာ ငေးလို့
ထမင်းတစ်နပ်စာမျှဖြစ်စေ
ဘ၀အပေါ် မြိန်ယှက်ဖို့ လိုရဲ့။
အဆွေးသမား ၁၀
တောမြိုင်သို့ ၀င်ပါအံ့
ခြုံနွယ်ဆူးရစ်တို့ ထူပါအံ့
ပေါက်ပြဲခြစ်ရာ ထင်ပါအံ့
အပြစ်မတင် ချစ်ချစ်ခင်ခင်ရယ်ကြရအောင်လေ။
အဆွေးသမား ၁၁
သွား ၃၂ လျှာ ၁
ဝါးသလောက် အရသာမသိ
စားကောင်းသော အသီး
မစားကောင်းသော အသီး
ဝမ်းမီးငြိမ်းပုံ မတူလေ။
အဆွေးသမား ၁၂
ပြောရင်း တိမ်ဝင်လာသော အသံများ
ပြေးရင်း တိုဝင်လာသော ခြေထောက်များ
စားရင်း ကျုံ့ဝင်လာသော အစာများ
ဘယ်ညာ လက်နှစ်ဖက်စလုံး မအားလပ်ကြ
အသက်ဇီဝလေးကို ယက်ယက်ပြီးကျင်ယူ
သူတင်ကိုယ်တင်ခေတ်ကြီးထဲ
ကိုယ်ကမတင်သောအခါ သူချည်းတင်လေသတည်း။
အဆွေးသမား ၁၃
စိမ်း
ပြာ
မှောင်
ညို
ရောင်
သန်း
အရိပ်အယောင်များ လမ်းသလားကြရာ
ဘ၀တိုတို ၀င်္ကပါ
ငါတို့ ယောင်ချာချာ။
အဆွေးသမား ၁၄
စားတယ် သောက်တယ်
ယဉ်ယဉ်ကျေးကျေး
ပညာရှာတယ် ငွေရှာတယ်
ယဉ်ယဉ်ကျေးကျေး
တွန်းတယ် တိုက်တယ်
ယဉ်ယဉ်ကျေးကျေး
ကြာသော်
သိပ္ပံနည်းကျဘာသာရပ်များ တိုးပွားလာ
ယဉ်ယဉ်ကျေးကျေး ဟူ သ တတ်။
အဆွေးသမား ၁၅
၁
မီးခြစ်ယူပါ
၂
ခြစ်ပါ
၃
မီးတောက်ပါစေ
၎
မတောက်ရင် တောက်အောင်ခြစ်ပါ
၅
ထိုမီးခြစ်သည် ကောင်းပါစေ
၆
မကောင်းသော် လဲရန်ပြင်ရန် ၀န်လေးခြင်း မရှိပါစေ
၇
မီးတောက်မှ ပြီးမြောက်မယ်။
အဆွေးသမား ၁၆
ဧယင်ကျူးကို ဧယင်ကျူးလိုငိုမည်
နတ်ဒိုးကို နတ်ဒိုးလိုဆိုမည်
တချို့ချိန်ခါငို တချို့ချိန်ခါမြူး
ရယ်သောအခါ အသံထွက်ပါစေ
လူသည်ကား တစ်ယောက်တည်း။
အဆွေးသမား ၁၇
မှောင်ကြီးမဲမဲ
ကိုယ့်ခေါင်းကိုယ် ရိုက်ခွဲပြီး
ရသလောက် သဲ့ယူခဲ့တယ်
‘အလင်းရောင်’
အဆွေးသမား ၁၈
နျူကလီးယားမှိုပွင့်ဟာ
ဂေါ်ဖီပန်းလောက် မလှပါ
မျက်ရည်တွေ သိမ်းဆည်းဖို့
နှလုံးအိမ်သည် နူးညံ့ဖို့လို
အမြောက်ဆံ ကျည်အခွံများ ဘုရားပန်းဝေေ၀ဆာ
ကမ္ဘာအသစ်မှာ
(ကျွန်ုပ်တို့) ဆွေးဖွယ်တေးများ မသီတော့ပါ။
အဆွေးသမား ၁၉
ကွင်းအစပ်မှာ လေတဟူးဟူး
ပင်အပ်ကလေးများ ရနံ့မှာပျော်ဝင်
ညောင်းညာကိုက်ခဲ ဘူတာအိုများ
ခရီးဆက်လက်ထွက်ခွာ
လက်ပြလိုသည်ဖြစ်စေ လက်မပြလိုသည်ဖြစ်စေ
လက်ပြ!
Ok?
ညိမ်းညို
Posted by ညိမ်းညို at 18:36 17 comments
Labels: ကဗျာ
12 June 2009
နွေဦးဝေဒနာ
နွေဦးသည် သဘာဝ၏ လက်ဆောင်မွန်များကို တပါတည်း ဆောင်ယူလာတတ်သည်။ ရှုမျှော်ခင်းတို့က စိမ်းစိုကြည်လင်စွာ၊ မြင်ကွင်းဝယ် ရှင်းသန့်လျက်ရှိသည်။ မပူမနွေး သာသာညင်းညင်း တိုက်ခတ်လျက်ရှိသော နွေဦးလေပြေသည် ရှိန်းမြလတ်ဆတ်လှ၏။ ဓာတ်ကြိုးများ၊ ဓာတ်တိုင်များ၊ လူသွားလမ်း အကာအရံများ၊ အချက်ပြမီးတိုင်များ၊ ဘတ်စ်ကားဂိတ်များ၊ အမှိုက်ပုံးများ၊ လမ်းဘေးဈေးဆိုင်ကလေးများ၊ ရေနွေးငွေ့ပေးသော ပိုက်လိုင်းကြီးများ၊ တိုက်တာအဆောက်အဦများစသော ရှိရှိသမျှ အစုစုတို့သည် ညစ်ပတ်ပေရေနေသော အ၀တ်ဟောင်းများကို ခွာချ၍ အ၀တ်သစ်လဲလိုက်သကဲ့သို့ စင်ကြယ်သန့်ရှင်းနေပါသည်။ သဘာဝ၏မွမ်းမံမှုဖြင့် မတင်းတိမ်နိုင်ရသေးကား လူတို့သည် ထပ်မံပြုပြင်ကြလေသည်။ ထိုအခါ နွေဦးသည် ဆိုဖွယ်ရာမရှိ၊ နှစ်လိုဖွယ် အတိသာ ဖြစ်တော့သည်။
နွေဦး၏လှည်းကျင်းမှုဖြင့် သန့်စင်ပြီးဖြစ်သော ဓာတ်တိုင်တို့တွင် လူသား၏လုပ်အားဖြင့် လှပသော ပန်းခြင်းများကို ချိတ်ဆွဲလိုက်ကြပြီဖြစ်သည်။ လမ်းတလျှောက်နှင့် ကားမှတ်တိုင်များတွင် ညစ်ထေးထေး ရှိနေတတ်သော အမှိုက်ပုံးများသည်ပင် ဆေးရောင်အသစ်ဖြင့် မော်ကြွားနေပြီဖြစ်သည်။ ပလက်ဖောင်းများသည် အစိမ်းနှင့်အ၀ါ စပ်ကြားခြယ်သလျက် သူတို့မျက်နှာကို တို့ပတ်ရိုက်ကြလေသည်။ နေရောင်အောက်တွင် စင်းစင်းကြီး လဲလျောင်းကာ များမကြာမီ သူတို့ကျောကုန်းပေါ် ဖြတ်လျှောက်လာကြတော့မည့် နွေဦး၏ ခြေသံများကို နားစွင့်နေကြပုံရသည်။
သူသည် အခန်းပြတင်းဝမှ မျှော်ငေးလျက်ရှိသည်။ အဆောင်ရှေ့ လမ်းတစ်လျှောက်တွင် အရောင်အသွေးစုံလူတို့ ဖြတ်သွားဖြတ်လာပြုလျက် ရှိသည်။ ယဉ်သွားယဉ်လာကား အခုလို နေ့လည်ဘက်မျိုးတွင် ကျဲပါးလေ့ရှိသည်။ ညနေပိုင်းတွင်မူ ကားတွေများလှသည်။ နွားနို့ဖြန့်ဖြူးသော ကားကြီးများကို ခပ်စိပ်စိပ် တွေ့ရတတ်သည်။ သူတို့သည် ဓာတ်ဆီတင်သော ကားကြီးများနှင့် သဏ္ဍာန်တူကြသည်။ ကျောကုန်းပေါ်တွင် ကြီးမားသော စည်ကြီးများကို ထမ်းပိုးထားတတ်ကြသည်။ လမ်း၏ ဘေးတဖက်တချက်တွင် ကျယ်ပြန့်သော ပလက်ဖောင်းများ ရှိကြပြီး လက်ရန်းကို သံပိုက်လုံးများဖြင့် အလှဆင်ထားသည်။ ခါးစောင်းခန့်မြင့်သော ထိုပလက်ဖောင်း လက်ရန်းများကို လွန်သော် တောအုပ်ကလေး ရှိလေသည်။ အဆောင်နေ ကျောင်းသားတို့သည် ကျောင်းသို့သွားသော် ထိုတောအုပ်ကလေးကို ဖြတ်ကြရသည်။ ယခုမူ နွေဦး၏တန်ခိုးဖြင့် ထိုတောအုပ်ကလေးသည် ရွက်နုတို့တဝေေ၀ ရွက်သစ်တို့တဖားဖားရှိကာ လှချင်တိုင်း လှနေတော့သည်။
သူတို့ခပ်ငယ်ငယ် ကျောင်းသားဘ၀တုန်းက စာစီစာကုံးရေးကြပုံများကို သတိရနေမိသည်။ သည်တုန်းကတည်းက နွေးဦး၏ အလှသည် သူတို့၏ စာစီစာကုံးများတွင် မပါမဖြစ်သော ဇာတ်လိုက်ကျော်ကြီး ဖြစ်သည်။ တွေးလို့မကုန်၊ ရေးလို့မ၀၊ ခြယ်သလို့မဆုံးသော စာပန်းချီတစ်ချပ်လည်း ဖြစ်လေသည်။ ထိုစဉ်က သူတို့သည် ထိုထိုသော ကဗျာလင်္ကာတို့ကို နှုတ်ဝယ်ရွရွ ကျက်မှတ်ကြပြီးလျှင် နွေအလှကို စာသကြလေသည်။ “လေခမြေသက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက်ရော်ရီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတစ်ဝက်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့” စသည့်ဖြင့်လည်း အဟောင်းတစ်ဝက် အသစ်တစ်ဝက်ဖြင့် နီကျင်စိမ်းမြလျက်ရှိသော သစ်ရွက်ကလေးများကို ကိုးကားညွှန်းဖွဲ့ခဲ့ကြသည်။ ဆရာတော်ရှင်ဥတ္တမကျော်၏ တောလားများသည် သူတို့ စာသင်သားများအဖို့ ကျက်မှတ်ကိုးကား၍ မကုန်နိုင်အောင်ပင်။ စာသင်ခန်းပြင်ပသို့ ကြည့်လိုက်ပြန်ပါက ကျောင်းဝင်းကြီး တစ်ခုလုံးသည်ပင် “ဆောင်းကျွတ်လုပြီ၊ နွေရာသီလည်း၊ မပီတတ်သေး၊ ၀ိုးဝါးထွေးလျက်” ရှိနေသည် မဟုတ်ပါလား။
တစ်နှစ်တွင်မူ နွေဦးက သူ့ကို ထိတ်လန့်စေခဲ့သည်။ ကျောင်းသုံးဗလာစာအုပ်ထဲမှ ဥသြငှက်ကလေး၏ တေးသံသာတွင် ယစ်မူးနေသော သူ့ကို မီးသတ်ကားမှ ဥသြဆွဲသံက စူးစူးရှရှ လှုပ်နှိုးလိုက်သည်။ မဝေးလှသော အရပ်ဆီမှ မီးညွှန့်မီးစွယ်များ ကောင်းကင်သို့ ထိုးတက်နေသည်ကို မြင်ရပါသည်။ မီးခိုးမှိုင်းများ တလူလူ လွင့်နေပါတော့သည်။ နွေလေရူးက မီးလောင်ရာ လေပင့်လိုက်သောအခါ ပေါ့ပါးသောပစ္စည်းများ၊ အ၀တ်စများနှင့် ပလတ်စတစ်အိတ်ခွံများ ရောထွေးပလူပျံကုန်သည်။ လေကြောင်းတလျှောက် ညှော်နံ့များ၊ မီးခိုးနံ့များ ဆိုးရွားစွာ ပျံ့နှံ့နေသည်။ ယောက်ယက်ခတ်နေသော လူအုပ်ကြီးက ဟိုမှသည် ဦးတည်ရာမဲ့ ပြေးလွှားနေကြသည်။ အော်သံခေါ်သံတို့ ကျွက်ကျွက်ညံနေသော လမ်းသွယ်လေးက မီးသတ်ကားဝင်ရန်ပင် ခက်ခဲနေပြန်သည်။ မီးသတ်ရဲဘော်တို့မှာ မမီမကမ်းနှင့် ကြိုးစားငြိမ်းသတ်ကြရှာသည်။ ထိုနွေဦးသည် မသာယာသော ဥသြသံဖြင့် ရေရှားသော သူတို့ ရပ်ကွက်လေးကို မီးသတိပြုစေခဲ့သည်။ ကူညီရိုင်းပင်းစေမှု သံပတ်ကို တစ်ထစ်တင်းစေခဲ့သည်။
လေပြေသည် တောအုပ်လေးကို ဖြတ်သန်းလာကာ မပြင်းမပျော့ တိုးဝှေ့ကျီစယ်၏။ သစ်စိမ်းရနံ့တို့ လွင့်ပါလာ၏။ တံခါးပေါက်များကို အကုန်ဖွင့်ထားရာ လေသည် တသုန်သုန်တဖြူးဖြူး တိုးလျှိုပေါက် ၀င်ထွက်လျက်ရှိသည်။ သူ့စိတ်သည် နာရီချိန်သီးပမာ လှုပ်ရမ်းလျက်ရှိသည်။ စိတ်ချိန်သီးသည် ပစ္စုပ္ပန်အလယ်ဗဟိုတည့်တည့်၌ မနေ။ အတိတ်သို့လည်းကောင်း၊ အနာဂတ်ဆီသို့လည်းကောင်း ရှေ့တိုးနောက်ငင် ယိမ်းခါနေသည်။
ရေရှားသော သူတို့ရပ်ကွက်လေးမှာ နွေရယ်လို့မှမဟုတ် ဆယ့်နှစ်ရာသီပတ်လုံး ရေအတွက်နှင့် လုံးပန်းနေရတတ်သည်။ နွေဆိုရင်တော့ သာ၍ ဆိုးရွားတတ်သည်။ လူကြီးများက စားဝတ်နေရေးအတွက် လုံးပန်းကြပြီး သူတို့ကလေးများက ရေအတွက် လုံးပန်းရသည်။ တကယ်တော့ နွေရာသီ ကျောင်းပိတ်ရက်များသည် ရေရှာပုံတော်ဖွင့်ရသော ခရီးရှည်ကြီးသာ ဖြစ်လိမ့်မည်ထင်သည်။ တစ်နှစ်မတော့ ကံအားလျော်စွာ သူတို့တောင်ကုန်းလေး၏ အခြေတွင် ရေထွက်ပိုက်တစ်ခု ရောက်လို့နေသည်။ ဟောင်းမြင်းနေပြီဖြစ်သော အုတ်တံတိုင်းပျက်ကြီးနှင့်ယှဉ်ကာ သစ်သားခွထောက်ကလေးပေါ် မေးတင်နေသော ထိုရေပိုက်တွင် နှုတ်သီးခေါင်း မရှိရှာ။ ချယ်ရီသား အတိုတစ်ခုဖြင့် အဆို့ပမာ ပိတ်ထားရသည်။ ပြောမည့်သာ ပြောရသည်။ ချယ်ရီသားအဆို့ဖြစ်စေ၊ သံနှုတ်သီးခေါင်းဖြစ်စေ မရှိလို့လည်း ဘာမှမဖြစ်။ ရေလာချိန်က မနက်၅နာရီမှ ၇နာရီထိ၊ တစ်နေ့လုံးပါမှ ထို၂နာရီသာ ရေလွှတ်သည်။ တန်းစီစောင့်နေသော လူတန်းကြီးနှင့်ယှဉ်သော် လွှတ်သောရေမှာ မပြောပလောက်။ ချယ်ရီသားအဆို့မှာ ရေလာနေစဉ်အချိန်တွင် ရေပိုက်နှင့် ခပ်ဝေးဝေးသာ နေခွင့်ရှိသည်။ ရေလွှတ်ချိန်ရပ်ပြီဆိုမှ မကောင်းတတ်၍ အဆို့နှင့် ပိတ်ခဲ့ကြခြင်းသာ။ အမှန်တကယ်အားဖြင့် ထိုအချိန်တွင် ရေမလာတော့သော ပိုက်သည် အဆို့မခြုံပါသော်လည်း လုံပြီးသား မဟုတ်ပါလား။
သူတို့ သူငယ်ချင်းတစ်သိုက်ကတော့ တစ်နေရာထဲမှာ အကြာကြီးရပ်စောင့်နေရမှာ စိတ်မပါကြ။ ဝေးချင်သလောက် ဝေးပါစေ၊ မြန်မြန်ထက်ထက်သာ သွားလိုက်ချင်သည်။ မှတ်မှတ်ရရ ငါးတန်းဖြေပြီးစ နွေရာသီကျောင်းပိတ်ရက် တစ်ရက်တွင် တကောင်းနန်းတိုင်အထိ ရေသွားခပ်ဖို့ သူတို့ အစပြုခဲ့ကြသည်။ မြို့နှင့်၂မိုင်ခန့်ဝေးသော တကောင်းနန်းတိုင်တွင် အလွန်ကြည်လင်သော ရေထွက်ရှိသည်။ အ၀တ်လျှော်ဖွပ်သူများ ရေချိုးသူများ သွားလေ့ရှိကြသော်လည်း သုံးရေအတွက်မူ သူတို့အဖွဲ့သည် အဦးဆုံး ဖြစ်မည်ထင်သည်။ ဝေးပေမဲ့ ဝေးသည်လို့မထင်၊ သူတို့ကတော့ ပျော်သည်။ အလိုရှိသလောက်ရေကို အလိုရှိသလို ခပ်ယူနိုင်သည်။ နံဘေးဝန်းကျင်တွင် ရှမ်းဇီးသီးများ၊ မှန်ခိုသီးများ စသည် ရှာဖွေခူးဆွတ်နိုင်သေးသည်။ အမှန်အားဖြင့် သူတို့မြို့လေးလောက် ရေထွက်ပေါများသောမြို့ အတော်ပင် ရှားပါလိမ့်မည်။ ဒါနဲ့များ ဘယ့်နှယ်ကြောင့် ရေအတွက် သည်မျှ ကိစ္စ၀ိစ္စများနေရသည်ကို သူတို့ နားမလည်နိုင်ကြ။ ငါးတန်းကျောင်းသားလေးတွေဆိုတော့ အတော်ငယ်ကြဦးမည်။ လူကြီးများတော့ဖြင့် နားလည်နိုင်ကြမည် ထင်သည်။
တစ်ခါတစ်ရံတော့ တပ်ကုန်းဘက်သို့ သွားတတ်ကြသည်။ တပ်ကုန်းဟု အလွယ်ခေါ်ကြသော်လည်း အမှန်တကယ် ရေကန်ရှိသည်က ဘုန်းကြီးကျောင်းတွင် ဖြစ်သည်။ ခပ်မို့မို့ မြင့်တက်နေသော ကုန်းထိပ်တွင် တည်ထားသော ဘုန်းတော်ကြီးကျောင်း ဖြစ်သည်။ မြို့၏အဖျားပိုင်းဘက်မှ နိမ့်ဆင်းပြေပြစ်သော ရပ်ကွက်များကို ရေပေးဝေရန် ထိုကျောင်းတွင် အလွန်ကြီးမားသော ရေလှောင်ကန်ကြီး သုံးကန်ရှိသည်။ ထိုရပ်ကွက်များသည် မြို့၏ သက်တမ်းအရင့်ဆုံး ရပ်ကွက်များဟု ဆိုနိုင်ပါသည်။ ရေ၊ မီး စသည် ထိုက်သင့်အားလျော်စွာ အခြေကျ ပြည့်စုံလေသည်။
သူ ပြင်ဦးလွင်တွင် သင်တန်းတစ်ခု တက်နေစဉ်တုန်းက ဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်း၏ စာတစ်အုပ် ဖတ်ရပါသည်။ စာအုပ်အမည်မှာ “ပန်ချင်ရင် ပျို့မောင်ကြီးရယ် ခေါင်းဖြီးခဲ့လေး” ဟုထင်ပါသည်။ ထိုစာအုပ်တွင် ရေအင်မတန်ရှားသော ရွာတစ်ရွာမှ ရွာသူရွာသားများ ရေသမင်လိုက်သည့်အခန်း ပါပါသည်။ ဘယ်လောက်တောင် ရေရှားသလဲဆိုရင် သူတို့ခမျာ တစ်ခါတစ်ရံမှသာ မျက်စိလည်လမ်းမှားကာ ရွာချလာတတ်သော မိုးရေကိုပင် အလဟသ အဖြစ်မခံနိုင်ကြ။ မိုးကလည်း တစ်နေရာထဲတွင် သည်းသည်းမည်းမည်း ရွာနေတတ်သည်မဟုတ်။ မိုးတိမ်ညိုများက လေယူရာ တိမ်းရွေ့ပြီးလျှင် အခါသင့်သည့်နေရာ ရွာချတတ်သည်။ သည်တော့ သူတို့ခမျာလည်း ကလေးလူကြီး ကျားမမဟူ ပုံးတွေအိုးတွေယူကာ မိုးတိမ်တွေနောက် အပြေးလိုက်ကြရသည်။ မိုးရေကို ရတန်သမျှ စုရသည်။ ခေါင်းခုများ တဘက်များရေအစိုခံ၍ ညှစ်ချရသည်။ ရေတစ်ပုံး ရေတစ်အိုးအတွက် အလဲလဲအကွဲကွဲ၊ ပွန်းပဲ့ခြစ်ရှမိသဖြင့် သွေးတရဲရဲ ချွေးတရွှဲရွှဲ။ သူငယ်ချင်းတစ်ယောက်က သည်အခန်းကို ဖတ်ပြီး အံ့အားသင့်နေပုံရသည်။ သူကတော့၊ အော် ငါတို့ထက် ရေအတွက် ဒုက္ခရောက်နေရသူတွေ ရှိပါသေးလားဟု ဆင်ခြင်နေမိသည်။
ကစားကွင်းဘက်ဆီမှ ကလေးတွေအသံ ပျံ့လွင့်လာသည်။ စိတ်ချိန်သီးသည် ပစ္စုပ္ပန်ဆီသို့ ဖျတ်ခနဲ ရွေ့လျားလာပြန်သည်။ နေသည် စောစောကလောက် မပြင်းတော့။ ဖျော့ဖျော့အေးအေး နွေးရုံကလေးသာ။ ကစားကွင်းဘက်တွင် ပို၍ လူစည်လာသည်။ လူကြီးများက ခုံတန်းများတွင် နားနားနေနေ။ ကလေးများကတော့ မြူးတူးပျော်ရွှင်စွာ ဆော့ကစားနေကြသည်။ သူသတိပြုမိသည်မှာ သည်လို ကစားကွင်းလေးတွေ အများအပြားရှိနေခြင်းပင်။ သူ့အမြင်တော့ လူနေအဆောက်အဦနှင့် အချိုးကျညီမျှစွာ ကစားကွင်း၊ အပန်းဖြေနေရာ၊ မြက်ခင်းပြင်၊ သစ်ပင်ပန်းပင်တို့ကို စနစ်တကျ ထားပေးခြင်းဖြစ်မည် ထင်သည်။ တခါ လူနေရပ်ကွက်၊ လမ်းစသည်တို့နှင့် လိုက်လျောညီမျှစွာ သစ်ပင်တို့ကို ထိန်းသိမ်းစိုက်ပျိုးထားပြန်သည်။ မြက်ခင်းပြင်များ ပန်းစိုက်ခင်းများကိုလဲ နေရာတော်တော်များများတွင် တွေ့ရလေသည်။ ဥရောပမြို့ကြီးတစ်မြို့ ဆိုသော်လည်း သစ်ပင်တွေ ဒီလောက်များများကြီးတွေ့ရတော့ ရောက်စက သူအံ့သြမိသေးသည်။ ဗဟုသုတခေါင်းပါးသော သူ့အသိတွင် သည်လိုမြို့ကြီးတစ်မြို့သည် တိုက်တာအဆောက်အဦးတွေသာ မိုးထိုးပြွတ်သိပ်နေမည်ဟု ထင်ခဲ့မိသည်။ လူတို့သည် ရှားပါးလျှင် တန်ဖိုးထားထိန်းသိမ်းတတ်၍ ပေါများလျှင် မသိကျိုးကျွံ ပြုတတ်လေသလားဟုပင် မဆီမဆိုင် သူတွေးမိသည်။
သူတို့ မြန်မာကျောင်းသားများနေသော အထပ်သည် အတန်မြင့်သည်။ အပေါ်ဆုံးအထပ်တွေ ဖြစ်သည်။ ကိစ္စတော်တော်များများတွင် မြင့်သည်ကို သဘောကျတတ်ကြသော်လည်း အထပ်မြင့် အဆောင်များဆိုလျှင်တော့ နိမ့်လေ ပို၍နှစ်သက်လေ ဖြစ်မည်ထင်ပါသည်။ သည်မှာတော့ သစ်ပင်ကြီးငယ်အပေါင်းတို့သည် နွေရောက်ပါမှ ဖူးပုရစ်တို့ မြူးလှစ်ခွင့်ရကြသည်။ တစ်ဆောင်းတွင်းလုံး ၀ှက်သိမ်းခဲ့ရသော ၀တ်ရုံအစိမ်းများကို ခြုံလွှမ်းခွင့် ရကြသည်။ အတန်မြင့်မားသော အထပ်ဖြစ်ရာ မြို့ကို အပေါ်စီးမှ မြင်ရလေသည်။ စိမ်းစိုနေသော တောအုပ်ငယ်လေးများကို နေရာအနှံ့ ခပ်စိပ်စိပ်တွေ့ရသည်။ ကျောင်း၏ ညာဘက်ယွန်းယွန်း ကာလော်မင်စကာရာ ပန်းခြံကြီးထဲတွင် မော်စကိုမြစ်သည် အပိုင်းပိုင်း ပြတ်တောက်နေသည်။ စိမ်းမြသောတောအုပ်များနှင့် ပန်းသီးပင်ပျိုတို့က ပုန်းလျှိုးကွယ်လျှိုး ပြုထားရာ မြစ်သည် အတစ်တစ် ပြတ်တောက်နေသကဲ့သို့..။ ဖွေးဖွေးဖြူသော မြစ်ရေသည် စိုလွင်သော မြသားပြင်တောအုပ်နှင့် ပနံရလှပါသည်။ ဖွေးဖွေးဖြူသောရေ။ ရေက ဖွေးဖွေးဖြူနေ။ အမှန်အားဖြင့် ရေသည် ရေသာဖြစ်လေသည်။
လူတို့၏ အခြေခံလိုအပ်ချက်များတွင် ရေနှင့်မီးသည် အဓိက ဇာတ်ကောင်များဖြစ်မည် ထင်ပါသည်။ စားဝတ်နေရေး အမှုကြီးသုံးပါးအတွက်လဲ ရေနှင့်မီးသည် မသေးသောကဏ္ဍမှ ပါဝင်ကြပြန်သည်။ ထိုမျှ အရေးပါအရာရောက်သော ရေနှင့်မီး ပုဂ္ဂိုလ်ကြီးနှစ်ဦးကို ပမာမခန့် မပြုကောင်းပြီ။ လူနေအဆောက်အဦများ၊ မြို့အကွင်းအကွက်များ အသစ်မွေးဖွားလိုသော် ရေနှင့်မီးသည် နို့စို့ဖက်တော့ ဖြစ်တန်ကောင်းမည် ထင်ပါသည်။ ချက်ကြိုးဖြတ်သလို ဖြတ်ချထားခဲ့ဖို့တော့ မကောင်းပါလေ။
သူသည် နွေဦးကို ချစ်သည်။ ချစ်သဖြင့် လွမ်းရသည်။ လွမ်းရတော့ တမ်းတမိသည်။ သူ့ နွေဦးဝေဒနာသည် အတော်ရင့်ချေပြီ။ အော်၊ အောက်မေ့စွဲလမ်းရပါသော နွေဦး။ နွေဦးသည် နှစ်မျိုးနှစ်စား မရှိစကောင်း။ သည်နွေဦးကတော့ဖြင့် လှသည်၊ ဟိုနွေဦးကတော့ မလှဟု အဆင့်အတန်းခွဲရန် မလိုအပ်။ နွေရာသီ ကျောင်းပိတ်ရက်တလျှောက် ရေမုဆိုးလုပ်နေသော ကလေးတစ်ယောက်၏ နွေဦးတွင်လည်း ပန်းများလှိုင်လှိုင်ပွင့်ဝေ စေချင်မိရုံသာ သူ ဆန္ဒပြုမိလေသည်။
ညိမ်းညို
Posted by ညိမ်းညို at 15:05 7 comments
Labels: အက်ဆေး/၀တ္ထုတို
5 June 2009
လွမ်းလို့ ဆွံ့အသွားတဲ့ ကြယ်
လွမ်းလို့ ဆွံ့အသွားတဲ့ ကြယ်
လွမ်းလို့ ဆွံ့အသွားတဲ့ကြယ်ဆိုတာ တကယ်ရှိလို့လား
တအံ့တသြပဲ ကြည့်မိတယ်
သူက စကြာဝဠာကြီးတစ်ခုလုံးမှာ
ချစ်သူမျက်နှာတခုသာ ရှုစရာအမှတ်နဲ့
တွဲထားသည်ဖြစ်စေ ခွဲသွားသည်ဖြစ်စေ
သိစိတ်ထဲမှာရော မသိစိတ်ထဲမှာရော
ဒါကိုပဲ အဖန်ဖန်အထပ်ထပ် ရှုလို့
သူ့တစ်ကိုယ်လုံး အလွမ်းဓာတ်တွေ ပျံ့နှံ့ပြီး
ဆွံ့အသွားတဲ့ ကြယ်တစ်လုံးသာ ဖြစ်တယ်။
ညိမ်းညို
Posted by ညိမ်းညို at 17:48 11 comments
Labels: ကဗျာ
2 June 2009
ကန္တာရမှာ ရွာတဲ့မိုး
(၁)
ကျွန်တော့်ဘ၀တွင် လွမ်းဆွတ်ကြည်နူးရသော နေ့ရက်များကို ပြပါဆိုလျှင် သက်ကယ်ခြံရွာကလေးသို့ လုပ်အားပေးဆရာအဖြစ် သွားရောက်ခဲ့ရသော နေ့ရက်များကို ညွှန်းဆိုရပါလိမ့်မည်။ သက်ကယ်ခြံရွာကလေးသည် ဖုန်းဆိုးမြေ ကျတ်တီးကုန်းကြားတွင် ထီးတည်းတည်ရှိနေပါသည်။ လမ်းပန်းဆက်သွယ်ရေးက မကောင်း၊ မြို့ကြီးပြကြီးနှင့်လည်း မနီး၊ အလွန်ဝေးလံသီခေါင်သော ရွာကလေးဖြစ်သည်။ ဒေသထွက်ကုန်ဟူ၍ ပြောပလောက်အောင် ဘာမှမရှိ။ ဖုန်းဆိုးမြေရိုင်းကြီးများ ကြီးစိုးနေသဖြင့် ဆန်စပါး၊ ပဲနှမ်း အစရှိသည်တို့ စိုက်ပျိုး၍မရ။ သည်ကြားထဲ မိုးခေါင်သေး၏။ ရေရှားသေး၏။ ကျတ်တီးကုန်းများကလည်း ပေါမှပေါ။ သည်တောသည်တောင် သည်အခြေအနေမျိုးနှင့် သက်ကယ်ခြံရွာကလေး အဘယ်မှာလျှင် ခေါင်းထောင်နိုင်ပါအံ့နည်း။
သို့သော် ချီးကျူးဖွယ်ရာပင်။ သည်မျှ အခြေအနေဆိုးသော ရွာကလေးတွင် မူလတန်းကျောင်း ရှိသည်။ ရပ်မိရပ်ဖများ၏ အမြော်အမြင်ရှိမှုဟု ဆိုရပါမည်။ ရွာရှိဘုန်းတော်ကြီး ကျောင်းဝင်းထဲတွင် တွဲဖက်၍ ဖွင့်ထားခြင်းဖြစ်သည်။ အိမ်ခြေ ၅၀ သာသာမျှရှိသော ရွာကလေးတွင် မူလတန်းကျောင်းတစ်ကျောင်းကို မဖြစ်ဖြစ်အောင် ထောက်ပံ့ထားနိုင်သည်မှာ တော်ရုံသတ္တိမျိုးနှင့် မဖြစ်နိုင်ပါ။ တစ်ရွာလုံးက သည်ကျောင်လေးကို အမြတ်တနိုး တန်ဖိုးထားကြ၍သာ ဖြစ်သည်။ ရွာကလေး၏ အနာဂတ်အတွက် သည်ကျောင်းလေးကို အားကိုးအားထား ပြုကြသည်။ သူတို့ သားသမီးတွေကို ပညာတတ်ကြီးတွေဖြစ်လာအောင် သည်ကျောင်းလေးက စွမ်းဆောင်ပေးနိုင်လိမ့်မည်ဟု အပြည့်အ၀ ယုံကြည်ကြသည်။ သည်ရွာကလေးမှမိဘများ ပညာရေးကို အရေးပေး အလေးထားကြသည်မှာ နှစ်လိုဖွယ် ကောင်းလှပါသည်။
ဖြစ်ချင်တော့ ကျွန်တော့အစ်ကိုသည် ပညာရေးကောလိပ်မှ ဆင်းလျှင်ဆင်းချင်း သည်ကျောင်းလေးမှာ တာဝန်ကျသည်။ ကျောင်းဆရာဘ၀ကို နဖူးတွေ့ဒူးတွေ့ သိရှိကာစ သည်ကျောင်းလေးကို ရောက်သွားရသည်ဆိုတော့ အစ်ကိုလည်း အတော်လေး အီစလံဝေသွားသည် ဆို၏။ သို့သော် အစ်ကိုက စိတ်ဓာတ်ကျခြင်း၊ စိတ်ကုန်စိတ်ပျက်ခြင်း အလျဉ်းမရှိ။ မိမိကိုယ်တိုင် ၀ါသနာပါလွန်း၍ ရွေးချယ်လျှောက်လှမ်းခဲ့သော လမ်းပေပဲ။ တွေ့ကြုံလာသမျှ အခက်အခဲတွေကို ရယ်ရယ်မောမော ရင်ဆိုင်ဖြေရှင်းသည်။ ဆောင်ရွက်စရာရှိသည်တို့ကို တက်တက်ကြွကြွ၊ ပျော်ပျော်ရွှင်ရွှင် လုပ်ကိုင်သည်။ ပြုပြင်စရာ ရှိသည်တို့ကို ပြတ်ပြတ်သားသား ပြုပြင်သည်။ အစ်ကိုရောက်သွားပြီး မကြာမီလပိုင်းအတွင်းမှာပင် ကျောင်းကလေးက သိသိသာသာ တိုးတက်ပြောင်းလဲလာသည်။ ကျောင်းကလေးနှင့် ရွာကလေးမှာ အပြန်အလှန် အမှီသဟဲပြုကာ သဟဇာတကျကျ ညီညွှတ်လှပစွာ စည်ပင်ဖွံ့ဖြိုးလာသည်။
နွေကျောင်းပိတ်၍ အိမ်ပြန်လာသည့်အစ်ကိုက သည်အကြောင်းတွေကို အားရ၀မ်းသာ ပြောပြပါတော့သည်။ သူက အားတက်သရောနဲ့ စိတ်ဝင်စားအောင်လဲ ပြောတတ်လေတော့ ရွာကလေးဆီကို မရောက်ဖူးပါဘဲနဲ့ ကျွန်တော့်စိတ်ထဲတွင် မှတ်မှတ်ထင်ထင် ဖြစ်ရသည်။ ကျောင်းကလေးကိုလဲ စွဲစွဲလမ်းလမ်း ချစ်ခင်နေမိသည်။ ထိုစဉ်က ကျွန်တော်ဆယ်တန်းဖြေပြီးစ၊ အလုပ်ဟူ၍ မယ်မယ်ရရမရှိသေးဘဲ ယောင်လည်လည် ဖြစ်နေသည့်အချိန်။ အကိုကပဲ အပြောကောင်းလို့လား၊ ကျွန်တော့်စိတ်ကပဲ ညွှတ်နေလို့လားဆိုတာ ဝေခွဲမရ။ နောက်ဆုံးတွင်မူ ကျောင်းပြန်ဖွင့်၍ အစ်ကိုပြန်လျှင် ကျွန်တော်လည်း တပါတည်းလိုက်သွားရန် ဆုံးဖြတ်လိုက်ပါတော့သည်။
+++
(၂)
ကျွန်တော် အစ်ကိုနှင့် လိုက်သွားမည့်အကြောင်း အမေ့ကိုပြောပြတော့ အမေက "သားငယ် ဖြစ်ပါ့မလား" တဲ့။ အမေသည် အရာရာကို တွေးတွေးဆဆ ပြောလေ့ရှိသည်။ နောက်တစ်ကြောင်းက အမေဆိုသည်မှာ သူတို့သားသမီးတွေကို ဘယ်အချိန် ဘယ်အရွယ်ရောက်ရောက် စိတ်မချနိုင်၊ စိုးရိမ်ပူပန်တတ်စမြဲပေကိုး။ အခုလည်း တနယ်တကျေး အလွန်ဝေးတဲ့အရပ်ဒေသကို လိုက်သွားရမှာဆိုတော့ ကျွန်တော့ကို စိတ်ချဟန်မတူ။ အစ်ကို့ကိုသာ တာဝန်နဲ့မို့ မတားသာ၍ လွှတ်ထားရဟန် ရှိပါသည်။ သို့ပေမဲ့ ကျွန်တော်က အိမ်မှာ အငယ်ဆုံးသားဆိုတော့ အမေ့ကို နှစ်ခါမပြောရ။ အမေ့ရင်ခွင်ထဲ တိုးဝင်ခေါင်းခွေ့၍ အပူကပ်ဂျီကျလိုက်လျှင် အမေ အလျော့ပေးရမြဲ။ ကျွန်တော့်အလိုသို့ လိုက်ရမြဲ။
နောက်ဆုံးတော့ ကျွန်တော့်ဆန္ဒအတိုင်းပါပဲ။ အစ်ကိုနှင့်အတူ လိုက်ပါခွင့် ရခဲ့ပါသည်။ ကျွန်တော်လည်း အမေ့ဆီက ခွင့်ပြုချက်ရတာနဲ့ မူလတန်းကျောင်းသားဘ၀တုန်းက သင်ကြားခဲ့ရသော ပြဌာန်းစာအုပ်များကို အသေအချာ ပြန်ဖတ်ရပါတော့သည်။ တော်ပါသေးရဲ့။ အမေက ပြဌာန်းစာအုပ်တွေကို နှစ်အလိုက် တရိုတသေ သိမ်းထားပေးတာမို့ ထိုစာအုပ်များကို အကောင်းပကတိ သပ်သပ်ရပ်ရပ် ပြန်တွေ့ရသည်။ စာတွေပြန်ဖတ်ရသည် ဆိုခြင်းမှာ အကြောင်းရှိပါသည်။ လိုအပ်လျှင် ကျွန်တော်က ကလေးတွေကို စာသင်ပေးဦးမည်လေ။ အစ်ကိုကလည်း ကျွန်တော့်ကို ရဲဆေးတင် တိုက်တွန်းအားပေးထားပေသကိုး။
သည်လိုနဲ့ အစ်ကိုလည်း ခွင့်ရက်ပြည့်သွားပြီ။ တစ်နိုင်ငံလုံးမှ ကျောင်းတံခါးတွေသည်လည်း သုံးလတတိတိ အနားယူနေရာမှ ပြန်လည်ဖွင့်လှစ်ကြတော့မည်။ အညောင်းအညာ ဆန့်ကုန်ကြပြီ။ လေးလံထိုင်းမှိုင်းသော စိတ်တို့ကို ခ၀ါချလျက်၊ ညစ်ညူးသောစိတ်တို့ကို သန့်စင်လျက် ၀င်လာသမျှ မျိုးဆက်သစ်ကလေးတွေကို ကြည်ကြည်နူးနူး ပြုံးပျော်မြူးစွာဖြင့် ကြိုဆိုကြပေတော့မည်။ သူတို့၏ ပညာရင်ခွင်ကို နွေးထွေးစွာ ဖွင့်လှစ်ကြိုဆိုကြပါတော့မည်။
မနက်ဖြန်ဆို အစ်ကိုနှင့်အတူ သက်ကယ်ခြံရွာကလေးသို့ လိုက်ပါသွားရတော့မည်။ သက်ကယ်ခြံရွာလေးရှိ မူလတန်းကျောင်းကလေး၏ ပညာရင်ခွင်တံခါးကို ကြင်နာသောနှလုံးသားဖြင့် တိုးဝင်ဖွင့်လှစ်ရပါတော့မည်။
+++
(၃)
အဲသည်ညက ကောင်းကောင်း အိပ်လို့မပျော်။ ဟိုတွေးသည်တွေးနှင့် မျက်လုံးတွေ ကြောင်နေသည်။ ပြတင်းပေါက်ဖွင့်ထားသဖြင့် အခန်းတွင်းဝယ် လရောင်သည် လင်းလင်းချင်းချင်း။ အစ်ကိုကတော့ အိပ်ပျော်နေပါပြီ။ နွေမကုန်တတ်သေး၍ ရာသီက အိုက်စပ်စပ် ရှိလှသည်။ စွပ်ကျယ်လက်ပြတ်ဖြင့် အိပ်နေသော အစ်ကို့မျက်နှာဝယ် ချွေးဥလေးတွေ သီးနေသည်။ မတတ်သာ၊ နှုတ်မှ "ကန်တော့..ကန်တော့" ဟုရေရွတ်တောင်းပန်၍ အစ်ကို့အပေါ်မှ ကျော်ခွကာ အခန်းအပြင်ဘက် ထွက်ခဲ့သည်။ အိမ်ရှေ့လက်ရန်းမှာ ထွက်ရပ်ရင်း ဘာလုပ်ရမှန်းမသိဘဲ ယောင်ပေပေဖြစ်နေရာမှ ခြံထဲဆင်းရန် အကြံပေါ်လာသည်။
ခြံထဲရောက်သော် လမွန်းတည့်တော့မည်။ သော်တာလမင်းကြီးသည် ကျွန်တော့်ဦးခေါင်းထက်တွင် ထိန်ထိန်သာလျက်။ ညမွှေးပန်းလေးတို့၏ ရနံ့သည် သင်းပျံ့ စွာ မွှေးကြူနေသည်။ ညဥ့်လယ်ယံလေပြေသည် အရွက်စိပ်သော အုန်းလက်များနှင့် ငှက်ပျော်ရွက်ဖားဖားကြီးများကို တဖျောဖျော တိုက်ခတ်နေသေးတော့။ ည၏ရှုခင်းသည် ကြည်နူးဖွယ်ရာပင်။ ရှဥ့်ကလေးနှစ်ကောင်သည် ကျွန်တော့်အသံ ကြား၍ထင့်။ စံပယ်ခြုံခြေရင်းမှသည် အုန်းပင်ထိပ်ဖျားသို့တိုင် တမဟုတ်ချင်း ပြေးတက်သွားသည်။ ကျွန်တော်လည်း ကျောက်စည်ပိုင်းအပြတ်ကြီးပေါ် ထိုင်ချလိုက်ပြီး ည၏အလှကို တ၀ကြီး ငေးကြည့်နေလိုက်တော့သည်။
မနက်ဖြန်ဆိုလျှင် ကျွန်တော်သည် မရောက်ဖူးသော အရပ်ဒေသကို ရောက်ရတော့မည်။ မမြင်ဖူးသော ကျောင်းကလေးကို မြင်ရတော့မည်။ မတွေ့ဖူးသော ကလေးတွေကို တွေ့ရတော့မည်။ အို..တွေ့ရုံမျှ မကပါလေ။ စာပါ သင်ပေးရဦးမည်။ အတွေးတွေက အမျှင်မပြတ်၊ ကြွက်မြီးတန်းသလို တန်းနေသည်။ ကြုံတွေ့ရမည်တို့ကို ကြိုတင်ခံစားရင်း စိတ်ထဲမှာ ပျော်သလိုလို ကြည်နူးသလိုလို၊ လွမ်းပဲလွမ်းမိသလိုလို။ ဘယ်နှယ့်ကြီးမှန်းမသိ၊ အမျိုးအမည်တပ်၍ဖော်ပြရန် ခက်လှပါ၏။
ကျွန်တော်ထိုင်နေလိုက်သည်မှာ ဘယ်လောက်တောင် ကြာသွားလေပြီမသိ၊ အစ်ကိုက ကျွန်တော့်ကို ၀ရန်တာပေါ်မှ လှမ်းခေါ်နေသည်။ လသည် အနောက်သို့ ခပ်ယိုင်ယိုင် နိမ့်ဆင်းသွားပြီ။ ကျွန်တော်ကမူ တွေး၍ကောင်းဆဲ..။ ကျွန်တော့်အတွေးတို့သည် အချိန်ကြာလာသည်နှင့်အမျှ ကြည်လင်ပြတ်သားလာ၏။
ပျော်စရာကောင်းပါဘိတောင်း။ မိမိတတ်စွမ်းသမျှ ပညာပါရမီ ဖြည့်ဆည်းရခြင်း၊ ပညာဒါနပြုရခြင်းဟူသည် အဓိပ္ပါယ်ပြည့်ဝလေးနက်၍ အနှစ်သာရအားဖြင့်လည်း ပြည့်လျှမ်းနေသည် မဟုတ်ပါလား။
+++
(၄)
ညက အိပ်ရာဝင်နောက်ကျသဖြင့် အချိန်မီမနိုး။ ၀ီရိယကောင်းလှသောအစ်ကိုက အားလုံးအသင့်ပြင်ပေးထားသည်။ လိုအပ်သော ခရီးဆောင်အိတ်များ၊ စားသောက်စရာ အကြော်အလှော်ဗူးများ၊ စာအုပ်စာတမ်းများအားလုံးကို နေသားတကျ ပြင်ဆင်ထုပ်ပိုးပြီးမှ ကျွန်တော့်ကို လာနှိုးပါသည်။ ထိုအခါမှ ကျွန်တော်လည်း မျက်နှာ ကဗျာကသီသစ်၍ တပိုတပါး သွားရသည်။ အားလုံးပြီးသွားတော့ အစ်ကိုက မီးဖိုချောင်ထဲမှ လှမ်းခေါ်သည်။ ပူပူနွေးနွေး ထမင်းကြော်တွေကို ဇလုံနှင့် အမောက်ကြီးတွေ့ရသည်။ ဓာတ်ဗူးထဲက အဖန်ရည်မှာလည်း ကောင်းကောင်းကြီး ကျနေပြီ။ အစ်ကိုသည် မစားနှင့်သေးဘဲ ကျွန်တော့်ကို စောင့်နေခြင်းဖြစ်သည်။ ကျွန်တော်တို့ညီအစ်ကို ထမင်းစားနေတုန်း ဦးကြီးသန်းအောင်က လှည်းကနေသည်။ အမေလည်း ဘုရားဝတ်ပြုပြီး၍ မီးဖိုချောင်ထဲသို့ ဆင်းလာသည်။
ကျွန်တော်။ ထမင်းကြော်ကတော့ ဂွတ်ရှယ်ပဲအမေရာ၊ ပဲပြုတ်လေးကလဲ မွှေးပီး ဆိမ့်နေတာပဲ..။
အမေ။ (ညင်ညင်သာသာပြုံးလျက်) စားပါကွယ်။ စားတော်ပဲမရတော့ ပဲနီပြားလေးနဲ့ ကြော်လိုက်ရတယ်၊ အမေက ငါ့သားတို့ ခံတွင်းမှ တွေ့ပါ့မလားလို့..၊ ကဲ သားကြီးရေ မင်းတို့နေမြင့်နေဦးမယ်နော်။
အစ်ကို။ (ထမင်းကြော်ဇလုံကို လက်စသတ်လျက်) ဟုတ်ကဲ့ အမေ၊ ကျွန်တော်တို့ သွားတော့မယ်ဗျ၊ ဖိုးကျော်ရေ..အမေ့ကို ကန်တော့ရအောင်။
ကျွန်တော်တို့ ညီအစ်ကိုနှစ်ဦး အမေ့ကို ဦးချကန်တော့ကြသည်။ "အမေ့သားတွေ ဘေးအန္ထရာယ်ကင်းရှင်းပါစေ၊ ခလုတ်မထိ ဆူးမငြိပါစေနဲ့" ဆိုသော ဆုပေးသံကို ကြားနေရသည်။ အမေသည် နှုတ်မှ တတွတ်တွတ် ရွတ်ဆိုဆုပေးနေသော်လည်း မျက်လုံးအိမ်တွင်မူ မျက်ရည်တို့ ရစ်သိုင်းနေရှာသည်။ သံယောဇဉ်နှင့် မေတ္တာ၏ အရိပ်အငွေ့တို့သည် အမေ့မျက်ဝန်းအိမ်ဝယ် ဝေ့၀ဲတွဲခိုနေကြလေပြီ။ သူ၏အသက်နှင့်တူသော သားနှစ်ယောက်စလုံး သူနှင့်ဝေးရာ တနယ်တကျေးသို့ သွားရတော့မည်ကို အမေသည် မလွမ်းဘဲ နေပါမည်လား။
ဦးကြီးသန်းအောင်က လှည်းကပြီးကြောင်း၊ ပစ္စည်းတွေတင်ပြီးကြောင်း လှမ်းပြောသည်။ အစ်ကိုက အမေ့ကို နှုတ်ဆက်ကန်တော့ပြီး အပြင်ထွက်နှင့်သည်။ အမေက ကျွန်တော့်ဦးခေါင်းကို ဖွဖွကိုင်လျက် "သားငယ်..မင်းအစ်ကိုစကားကို နားထောင်နော်၊ အစ်ကိုကြီး အဖအရာတဲ့၊ သူတစ်ပါးရပ်ရွာမှာ လိမ်လိမ်မာမာနေနော်၊ အများအကျိုးကိုလဲ တတ်စွမ်းသလောက်လုပ်ခဲ့၊ သားငယ်ပြန်လာရင် အဲသည်အကြောင်းတွေ အမေ့ကို ပြောပြနော်၊ ကိုင်း..ကိုင်း သွားကြတော့ကွဲ့၊ လမ်းမှာ နေပြင်းနေအုံးမယ်" ဟု မှာရှာပါသည်။ အတန်းပညာလေးတန်းမျှသာ ရှိရှာသောအမေက ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကို ပညာတတ်ကြီးတွေ ဖြစ်စေချင်လွန်းလှသဖြင့် အဖေမရှိတော့သော်ငြား ကြိုးစားရုန်းကန်၍ ကျောင်းထားပေးခဲ့သည့်အပြင် သည်သို့သော ဆုံးမစကားများဖြင့် သွန်သင်ပြောဆိုလေသောအခါ အမေ့ကို တိုး၍ ကြည်ညိုလေးစားမိပါသည်။
ကျွန်တော်တို့ လှည်းထွက်ခဲ့သည့်တိုင် အမေသည် လှည်းနောက်မြီးကို ငေးကြည့်နေရှာ၏။ အမေ့မျက်နှာ ဘယ်သို့ရှိရှာမည်နည်း။ အရုဏ်ကျင်း၍ အလင်းမပျို့မီ မှောင်ရီမှောင်ဝါး အချိန်လေးတွင် တဘက်ခေါင်းပေါင်းထားသော အမေ့မျက်နှာကို ကျွန်တော် သဲကွဲစွာ မမြင်ရတော့ပြီ။ သို့သော် အမေပြုံးနေပါလိမ့်မည်။ ရင်မှဖြစ်သောသားများကို ခွဲရ၍ မချိသော်ငြား အမေပြုံးနေပါလိမ့်မည်။ အမေသည် သူ့သားများကို ပညာတတ်စေချင်သလို အခြားတစ်ပါးသော သူတို့၏ သားသမီးများကိုလည်း ထပ်တူထပ်မျှ ပညာတတ်စေလိုသူလေ။ သားကြီးက အစိုးရခန့် ကျောင်းဆရာ၊ သားငယ်က လုပ်အားပေး ကျောင်းဆရာပေါက်စလေးလုပ်ဖို့ သွားသည်ဆိုတော့ အမေပြုံးနေမှာပဲပေါ့..။
+++
(၅)
စိုင်ပြင်ဈေးသို့ရောက်သော် လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှ ကားစောင့်ကြသည်။ ဦးကြီးသန်းအောင်က လှည်းဦးထောက်၍ နွားများကို ဆိုင်နောက်ရှိ တမာပင်၌ သွားချည်ထားသည်။ အိမ်အတွက် လိုအပ်သောပစ္စည်းပစ္စယများ ၀ယ်ခြမ်းပြီးလျှင် ဦးကြီးက ရွာကိုပြန်တော့မည်။ ကျွန်တော်တို့ ညီအစ်ကိုကမူ ကားဖြင့် ခရီးတစ်တန် ဆက်ရဦးမည်ဖြစ်သည်။ ကျွန်တော်က အစ်ကို့ထံမှ ပိုက်ဆံတောင်း၍ အမေကြိုက်တတ်သော မုန့်တီလက်သုပ် တစ်ပွဲဝယ်ပြီး ဦးကြီးသန်းအောင်ကို ပေးလိုက်သည်။ ဆယ်တန်းအောင်စာရင်းများ ထွက်ချိန်တွင် ကျွန်တော်ပြန်လာမည့် အကြောင်းကိုလည်း အမေ့ဆီ မှာရသေးသည်။ အစ်ကိုကတော့ စိတ်မပူဖို့၊ သူ့ညီလေးကို သေသေချာချာ ဂရုစိုက်ပါမည့်အကြောင်းလောက်သာ မှာသည်။ အစ်ကိုသည် သူ့ကျောင်းကိစ္စမှလွဲလျှင် စကားနည်း၍ အနေအေးသည်ပဲ။ ပြောပြီဆိုလျှင်လည်း စိတ်ပါလက်ပါနှင့် တစ်ဖက်သား နားဝင်လွယ်အောင် ပြောနိုင်စွမ်းရှိသူ ဖြစ်သည်။
ကျွန်တော်။ အစ်ကို ကျွန်တော့်ကို ပိုက်ဆံနည်းနည်းလောက်ပေးပါဦးဗျ။
အစ်ကို။ ဘာစားချင်လို့လဲ ဖိုးကျော်ရ၊ ဗိုက်ဆာနေပလား။
ကျွန်တော်။ မဟုတ်ပါဘူး အစ်ကိုရာ၊ ၀ယ်စရာလေး ရှိလို့ပါ။
အစ်ကို။ (ပြုံးလျက်) ပြောလေကွာ၊ အစ်ကိုဝယ်ပေးမှာပေါ့..။
ကျွန်တော်။ တန်ဖိုးမနည်းမများ ဗလာစာအုပ်နှစ်ဒါဇင်လောက်နဲ့ ခဲတံတစ်ဒါဇင်လောက် ၀ယ်ချင်လို့ အစ်ကိုရ။
အစ်ကို။ (အတန်ငယ် စဉ်းစားနေပြီးမှ သဘောပေါက်သွားဟန်ဖြင့်) ကောင်းပါလေ့ကွာ၊ အစ်ကိုဝယ်ပေးပါ့မယ်ဗျာ။
ကျွန်တော်တို့ စာအုပ်များ ၀ယ်ပြီးချိန်တွင် ကားရောက်လာသဖြင့် ခရီးဆက်ကြရပြန်သည်။ ခရိုင်မြို့ကြီးတစ်မြို့ဆီသို့ ကားဖြင့် ၃ နာရီခန့်ကြာအောင် သွားကြရသည်။ ထိုမှတဖန် နယ်မြို့လေး တစ်မြို့ဆီသို့ ၂ နာရီခန့်မျှကြာအောင် ကားစီးရပြန်သည်။ ထိုမြို့သို့ရောက်သောအခါ အစ်ကိုက ပညာရေးမှူးရုံးသို့ဝင်၍ အကျိုးအကြောင်း သတင်းပို့သည်။ ကိစ္စ၀ိစ္စအားလုံး ပြီးစီးလတ်သော် ညနေစောင်းချေပြီ။ ညနေ ၃ နာရီသာသာတော့ ရှိပေရော့မည်။ ထိုမှတပြီးကား လမ်းခုလတ်ရှိ ကြားရွာကြီးတစ်ရွာသို့ မြင်းလှည်းစီး၍ သွားရပြန်ပါသေးသည်။ ထိုရွာကြီးသည် ချောင်းနဖူးပေါ်တွင် အလျားလိုက် သွယ်တန်းတည်ရှိနေသော ရွာတန်းရှည်ကြီးဖြစ်သည်။ ကိုင်းများ ထူထပ်စွာပေါက်ရောက်နေပြီး ထန်းပင်ညို့ညို့များကို ဟိုသည်ဝဲယာ မြင်တွေ့ရသည်။ သီးနှံစိုက်ခင်းများ၊ ဥယျာဉ်များ စိုက်ပျိုးဖြစ်ထွန်းနေသည်ကိုလည်း တွေ့ရသည်။ ဤရွာကြီးတွင် စီးပွားရေးကောင်းမွန်သော လက္ခဏာများကို တွေ့ရသဖြင့် အစ်ကိုတာဝန်ကျသည့် သက်ကယ်ခြံရွာကလေးသို့ ရောက်ရန်လိုသေးကြောင်း ခန့်မှန်းမိသည်။ အစ်ကိုက ချောင်းကမ်းပါးတစ်နေရာတွင် မြင်းလှည်းကို ရပ်စေ၍ ကျသင့်သော အဖိုးအခပေးသည်။ ပြီးသော် ခဲရာခဲဆစ်ဖောက်ထားသော လူသွားလမ်းကေလေးအတိုင်း အထုပ်အပိုးများကို သယ်ဆောင်ကာ ရေစပ်သို့ ဆင်းသွားလေသည်။ ကျွန်တော်သည်လည်း ကိုယ်ရှိန်ထိန်း၍ အသာလိုက်သွားရသည်ပေါ့။ လှေဆိပ်သို့ရောက်သော် ထွက်တော့မည့် လှေတစ်စင်းကို အခန့်သင့်ပင် တွေ့ရလေသည်။
လှေသမား။ အတော်ပဲဗျို့ ..၊ ဒီအချိန်မျိုးက ခရီးသည်တယ်ပါးတာကလား၊ ကျုပ်လည်း မစောင့်နိုင်ဘဲ ထွက်တော့မလို့၊ ဘယ်တုန်းဗျို့ ၊ ဇီးကုန်းလား၊ သရက်ကန်လား။
လှေသမားကြီးက ၀ါးခမောက်ကို ခပ်ငိုက်ငိုက်ဆောင်း၍ အနည်းငယ်မြင့်သော ကမူပေါ်ရှိ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကို လှမ်းအော်ပြောသည်။
အစ်ကိုကပြုံးလျက် "ဗျို့ ၊ ဦးဘထိုက်ကြီး၊ ကျွန်တော်ပါဗျ၊ ဘယ့်နှယ်..မမှတ်မိတော့ဘူးလား"
ဦးဘထိုက်ဆိုသော လှေသမားကြီးမှာ အစ်ကို့အသံကို ကြားလျှင်ကြားချင်း ၀ါးခမောက်ကို ဆတ်ခနဲပင့်လျက် တစ်ချက် လှန်ကြည့်လိုက်ပါသည်။ ပြီးသော် အလွန်ဝမ်းသာသွားဟန်ဖြင့် ပါးစောင်တွင် ကပ်ထားသောကွမ်းကို ထွီခနဲထွေးထုတ်၍ တစ်ကတည်း အစ်ကို့ကို ပြေး၍ဖက်တော့မတတ် ကမူလေးဆီသို့ တမဟုတ်ချင်း ပြေးတက်လာပါတော့သည်။
"ဟာ..ဆရာဇော်၊ ၀မ်းသာလိုက်တာဗျာ၊ ကျုပ်တို့က ဆရာဇော်စိတ်ကုန်ပြီး ထွက်စာများတင်လိုက်ပလား အောက်မေ့နေကြတာ၊ ပေး ပေး..အထုပ်တွေကျုပ်ကိုပေး၊ နောက်ကျသဗျာ၊ မိုးတောင်ချုပ်တော့မယ်၊ ဆရာဇော်တို့ လမ်းမှာ အတော်ကသီခဲ့ထင်ပ"
လှေသမားကြီး ဦးဘထိုက်က ပြောပြောဆိုဆိုပင် အစ်ကို့ထံမှ အထုပ်အပိုးများကို ဆွဲယူ၍ လှေပေါ်တင်ပါတော့သည်။ အစ်ကို့ကို ဆက်ဆံနေပုံမှာလည်း ဟန်ပန်မရှိ၊ ပကတိ ရိုးစင်းလှပါသည်။ အစ်ကို့ကို အလွန်ကျေးဇူးတင်နေဟန်လည်း ရှိပါသည်။ တရိုတသေ လှိုက်လှိုက်လှဲလှဲ ဆက်ဆံနေခြင်း ဖြစ်သည်။ အစ်ကို့အသက်မှာ အလွန်ဆုံးရှိလှ ၂၅ ထက်မပိုပါ။ လှေသမားကြီး ဦးဘထိုက်မှာ အသက် ၄၀တော့ ကျော်ပေရော့မည်။ ၅၀ပင် ရှိလေမလား မပြောတတ်။ သို့သော် သူ၏တူသားအရွယ်မျှရှိသော အစ်ကို့ကို တလေးတစား ပြောဆိုပါသည်။ ၀မ်းပန်းတသာ ကြိုဆို၍ တရိုတသေ ဆက်ဆံနေပါသည်။ အစ်ကိုသည် တစ်နှစ်တာကာလအတွင်းမှာ သည်ရွာလေးအကျိုး ဘာတွေ သယ်ပိုးခဲ့ပါသနည်း။ ကျွန်တော့်အဖို့ ပဟေဠိဆန်လှချေ၏။ အစ်ကို့ကိုသာ နားမလည်နိုင်စွာ ငေးကြည့်နေမိတော့သည်။ ဦးဘထိုက်က ကျွန်တော့်ဆီမှ အထုပ်အပိုးများကိုလည်း ကူညီနေရာချပေးပါသည်။
ဦးဘထိုက်။ ဆရာဇော် ညီလေးလား၊ ဆရာဇော်နဲ့ ရုပ်ချင်းက တော်တော်ပဲ ဆင်သကိုး၊ ပေး ပေး..လူလေးပစ္စည်းတွေ ဦးကြီးကိုပေး။
အစ်ကို။ ဟုတ်တယ်ဦးဘထိုက်ရေ၊ ကျွန်တော့်ညီလေးဗျ၊ ကျော်ကျော်တဲ့၊ အခု ဖိုးကျော်က ဆယ်တန်းဖြေထားတာ၊ ကျွန်တော်နဲ့ လိုက်ချင်တယ်ဆိုတာနဲ့ ကျောင်းပိတ်တုန်း ခေါ်လာတာဗျ၊ အတွေ့အကြုံလည်း ရအောင်ပေါ့ဗျာ။
ဦးဘထိုက်။ ပင်ပန်းပါတယ် ဆရာဇော်ရယ်၊ ကျုပ်တို့ရွာက ဘာမှ ထွေထွေထူးထူးမရှိဘဲလေ၊ ခေါင်ကလည်း ခေါင်ပါဘိသနဲ့။ လူလေး မပျော်မှာသာ စိုးရပါတယ်။
ကျွန်တော်။ ရပါတယ်ခင်ဗျာ၊ ကျွန်တော်က ရောက်ရာအရပ်မှာ ပျော်တတ်ပါတယ်၊ နောင်အနေကြာသွားမှသာ ဦးကြီးတို့က အိမ်ကိုမလွမ်းသေးဘူးလား လူလေးရေလို့ မေးယူရမယ်ဗျ။
ဦးဘထိုက်။ (အလွန်သဘောကျသွားဟန်ဖြင့် တဟားဟားရယ်လျက်) ဟား..ဟား လူလေးက ပျော်တတ်တယ်ထင်ပ၊ ရပါတယ်မောင်ရာ..၊ ဆရာဇော်ညီဆိုတော့ ဦးကြီးတို့ရဲ့ တူသားပါပဲ။ ပျော်သလောက်သာ နေပါဗျာ၊ ကဲ..ဆရာဇော်ရေ ကျုပ်တို့သွားကြရအောင်၊ ဟိုဘက်ကမ်းကို မမှောင်ခင်ရောက်မှ ဖြစ်မယ်၊ မှောင်နေရင် မကောင်းဘူးနော့။
ဦးကြီးဘထိုက်ခတ်သော လှေကလေးဖြင့် ချောင်းကို စတင်၍ ဖြတ်ကြသည်။ ချောင်းကို ဖြတ်သည်ဆိုရာတွင် ကန့်လန့်ဖြတ် ဖြတ်ကူးရခြင်းမဟုတ်ပါ။ အောက်သို့အနည်းငယ်စုန်၍ အလျားလိုက်မျောပြီး ဖြတ်ရခြင်းဖြစ်သည်။ ကိုင်းပင်များပေါက်ရောက်နေသည့် ရေလယ်ကျွန်းသေးသေးလေးများ၊ သဲသောင်များကိုလည်း ကွေ့ကာဝိုက်ကာ ရှောင်ကွင်းရသေးသည်။ ချောင်းတစ်ဖက်ကမ်းရောက်တော့ မှောင်လုပြီ။ အလင်းရောင်သည် တည်းတည်းကလေးမျှ ကျန်တော့သဖြင့် မှောင်လုမှောင်ခင်ဟု ဆိုရပါမည်။ ထိုတစ်ဖက်ကမ်းချောင်းစပ်တွင် မီးကလေးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် တန်ဆာဆင်ထားအပ်သော တဲငယ်လေးများ အစီအရီ ရှိနေကြသည်။ လှေသမားများ၊ သဗ္ဗာန်ခပ်သည့်သူများနှင့် အနည်းငယ်မျှပေါ်နေသော သောင်ခုံများပေါ်တွင် ရာသီသီးနှံစိုက်ပျိုးကြသည့် ယာသမားများ နေထိုင်ကြခြင်းဖြစ်သည်။ ထိုအနီးတ၀ိုက်ရှိ ရွာများသည် မြို့နှင့်ဆက်သွယ်လိုပါက ထိုချောင်းကိုသာ တစ်ခုတည်းသောလမ်းအဖြစ် ဖြတ်ကူးအသုံးပြုရသည်။ ဦးကြီးဘထိုက်က သူ့တဲလေးသို့ ၀င်ရောက်အနားယူရန် ဖိတ်ခေါ်ပါသေးသည်။ သို့သော် မှောင်သွားလျှင် ခရီးမတွင်မည်စိုး၍ ရွာဘက်သို့ ဆက်ထွက်ရန် ပြင်ကြရပါသည်။
သက်ကယ်ခြံရွာကလေးသို့ရောက်ရန် ညီအစ်ကိုနှစ်ယောက် စကားတပြောပြောနှင့် တစ်မိုင်သာသာခန့် လမ်းလျှောက်ရပါသေးသည်။ လွယ်တော့ မလွယ်လှပါ။ အစ်ကိုတာဝန်ကျသော ရွာကလေးသို့ သွားရသည်မှာ အမှန်ပင် ကုန်းတစ်တန်ရေတစ်တန်ဟု ဆိုရပါမည်။ သည်ရွာကလေးတွင် အစ်ကို မရောက်ခင်အထိ ဆရာမမြဲဟု ဆိုပါသည်။ ပြေားသူပြောင်း၍ ထွက်စာတင်သူတင်ဟု ဆိုပါသည်။ ဘာကြောင့် ဆရာမမြဲရသည်ကို ကျွန်တော် အနည်းငယ် ရိပ်စားမိသလိုလိုတော့ ရှိလာပါပြီ။ အကယ်၍ အမျိုးသမီးဆရာမတစ်ဦးသာဆိုလျှင် ဤရွာကလေးတွင် တာဝန်ထမ်းဆောင်ရမည့်အရေးမှာ လွယ်ကူလှမည်တော့ မဟုတ်ပါလေ။
သည်လိုနှင့် ည ၉နာရီခန့်သာသာ အတော်ကြီး မှောင်နေချိန်တွင်မှ ခရီးစဉ်ကို အဆုံးသတ်နိုင်ခဲ့ပါသည်။
+++
(၆)
လှေဆိပ်တွင် ဦးကြီးဘထိုက်က အစ်ကို့အပေါ် ပြုမူဆက်ဆံသည်ကိုကြည့်ပြီး အထူးအဆန်းဖြစ်ခဲ့ရသော ကျွန်တော်မှာ တစ်ရွာလုံးက အစ်ကို့အား ဆက်ဆံကြပုံကို မြင်တွေ့ရသောအခါတွင်မူ ထူးဆန်းသောအဆင့်ထက် ကျော်လွန်၍ အံ့အားကြီး သင့်ရပြန်ပါသည်။
ရွာကလေးသို့ ရောက်သောညက ကြိုဆိုလိုက်ကြပုံမှာ လှိုက်လှိုက်လှဲလှဲ ရှိလှပါသည်။ ရွာလူကြီးကအစ "ဆရာဇော်၊ ဆရာဇော်" နှင့် တစ်ဇော်ထဲဇော်၍ အစ်ကို့နာမည်ကို နှုတ်က မချတော့ပါ။ ဘုစုခရုခလေးများမှသည် ကျွဲကျောင်းသား၊ နွားကျောင်းသားအရွယ်ထိ အရွယ်စုံဆိုဒ်စုံ ကလေးပေါင်းစုံတို့ကလည်း "ဆရာကြီး၊ ဆရာကြီး" နှင့် အားရ၀မ်းသာ လာနှုတ်ဆက်ကြ၏။ ရွာလူကြီးက ကျနော်တို့ ညီအစ်ကိုနှစ်ဦးကို ညစာကျွေးမွေးရာ ဟိုအိမ်တစ်ခွက် သည်အိမ်တစ်ခွက်နှင့် ဟင်းခွက်များ လာပေးကြသည်မှာ ဟင်းခွက်သုံးရာပြည့်မှ ပွဲတော်တည်သည်ဆိုသော နရသီဟပတေ့မင်းကြီးပင်လျှင် မျက်စေ့လည်လောက်ပါသည်။ "မိုးလဲ အတော်ချုပ်နေပြီ။ အားလုံးပဲ ကရိကထများလှပါတယ်" ဆိုပြီး အစ်ကိုက မနည်းကြီး တားယူရသည်။
ဆိုရလျှင် သက်ကယ်ခြံရွာကလေးက အစ်ကို့ကို ချစ်ခင်ကြသည်။ ဖော်ဖော်ရွေရွေ ရှိလှသည်။ အရင့်အရင် ဆရာတွေလို သည်ရွာကလေးမှ ပြောင်းရွေ့သွားမည်ကို သူတို့ စိုးရိမ်ကြသည်။ ထို့ပြင်တ၀ သူတို့သားသမီးတွေကို ပညာတတ်ကြီးတွေ ဖြစ်စေချင်သည်။ ပညာသည်သာ ဆင်းရဲတွင်းမှ လွတ်မြောက်ရာဟု ယုံကြည်ကြသည်။ သည်တော့ သူတို့ရွာကလေး၏ အားထားရာ တစ်ခုတည်းသော စာသင်ကျောင်းကလေးကို မဖြစ်ဖြစ်အောင် ကျားကန်ထောက်ပံ့ထားကြသည်။ ရုပ်ဝတ္ထုပစ္စည်းများ အပုံအပင် လိုအပ်လျက်ရှိသည် မှန်သော်လည်း သည်လို ခံယူချက်ပြည့်ဝသော ကျောင်းကလေးမှာ လုပ်အားပေးဆရာ ဖြစ်ခွင့်ရသည့်အတွက် အတိုင်းအဆမသိ ကြည်နူးဝမ်းမြောက်ရပါသည်။
ပထမဦးဆုံး ကျောင်းစဖွင့်သည့်နေ့က အဖြစ်အပျက်ကိုတွေး၍ ပြုံးရသေးသည်။ အဖြစ်အပျက်က ဂွတီးဂွကျ နိုင်သည်။ အတွေ့အကြုံမရှိသေးတော့ ကမောက်ကမလည်း ဖြစ်ရသည်ပေါ့။ အဲသည်နေ့က ကျွန်တော့်ကို သူငယ်တန်းမှာ စာသင်ခိုင်းသည်။ ယခုနှစ်မှ လာအပ်ကြသော ကျောင်းသားအသစ်ကလေးတွေ ဖြစ်သည်။ ငါးနှစ်ခြောက်နှစ်သားအရွယ် ကလေး ပေါက်စနလေးတွေပေါ့။ အစ်ကိုက ကျနော့်စိတ်ကို စမ်းသပ်ခြင်းလည်း ဖြစ်နိုင်ပါသည်။ ကျောင်းဆရာလုပ်ဖို့ ဘယ်လောက် စိတ်ရှည်သလဲ၊ ဘယ်ရွေ့ဘယ်မျှအထိ စိတ်ပါဝင်စားမှု ရှိသလဲဆိုတာကို စမ်းသပ်နိုင်ရန် သူငယ်တန်းကလေးများကို စာသင်ခိုင်းခြင်းသည် အသင့်တော်ဆုံး နည်းလမ်းပင် မဟုတ်ပါလား။
သူငယ်တန်းကလေးတို့ရဲ့ ထုံးစံအတိုင်းပါပဲ။ ငိုသူငို၊ ဆော့သူဆော့၊ စကားများသူများ။ ကျနော့်စိတ်ထဲ မျောက်ပေါက်စနလေးတွေရှေ့ ထွက်ရပ်နေရသလား အောက်မေ့မိသေးသည်။ ရှေ့က ကျောက်သင်ပုန်းကြီးကို ကြိမ်နဲ့ တဖုန်းဖုန်းရိုက်လိုက်တော့မှ အားလုံး တိတ်သွားကြသည်။
"ဆရာ ပုံပြောပြမယ်" ဆိုတော့ သူတို့အားလုံး ငြိမ်သွားကြ၏။ ဘာပါလိမ့်ဟူသော မျက်နှာပေးလေးများဖြင့် ကျနော့်ကို ပြူးကြည့်နေကြသည်။ ကျနော်က အသေအချာ ရွေးချယ်စဉ်းစားထားပြီး ဖြစ်သည့်အတိုင်း ရွှေယုန်နှင့်ရွှေကျားပုံပြင်ကို အမူအယာ ခြေဟန်လက်ဟန်သာမက အသံကိုပါ အမျိုးမျိုးပြောင်းလျက် ပြောပြလေသောအခါ သူတို့လေးတွေ ရယ်လိုက်ကြတာ။ ကလေးတို့ ဘာသာဘာဝ ပုံပြင်ကြိုက်ကြသည်ကိုး။
ကျွန်တော် ။ မင်းတို့ ပုံနားထောင်ကြဦးမလား။
"နားထောင်မယ် ပုံပြောပြ" ဟု အားလုံးက ၀ိုင်းအော်ကြသည်။ ဤတွင် ကျနော်ဆင်ထားသည့်အကွက်ထဲ ၀င်လာပါပြီ။
ကျွန်တော် ။ အေး..ကောင်းပြီ။ ဒါဆိုရင် ဆရာက မင်းတို့ကို ကကြီးခခွေး အရင်စသင်မယ်။ အဲဒါကို မင်းတို့က လိုက်ဆိုရမယ်။ ပြီးရင် လိုက်ရေးရမယ်။ ဆရာခိုင်းတဲ့အတိုင်း ပြီးအောင်လုပ်နိုင်တဲ့သူကို ပုံပြောပြမယ်။ မပြီးတဲ့သူကိုတော့ ဆရာက ဟောဒီ ကြိမ်လုံးကြီးနဲ့ ရိုက်မယ်။(သည်နေရာတွင် ရိုက်မည်ဆိုသော ကြိမ်လုံးကြီးဖြင့် ကျောက်သင်ပုန်းကို တဖုန်းဖုန်း ပုတ်ရသည်ပေါ့)
"အားလုံး လုပ်နိုင်ကြမလား" ကျနော်လည်း သူတို့လေးတွေနည်းတူ အော်၍ မေးရသည်။
"လုပ်နိုင်ပါတယ် ဆရာကြီး" ကလေးတွေအားလုံးက အားတက်သရော ဖြေကြသည်။ သည်တော့မှ ကျွန်တော်က ကကြီးခခွေးအစရှိသော ဗျည်းအက္ခရာသုံးဆယ့်သုံးလုံးကို သူတို့လေးတွေ စိတ်ဝင်စားအောင် အမျိုးမျိုးအဖုံဖုံ သာဓကဆောင်၍ သင်ကြားပြသရသည်။ ရုပ်ပုံတွေ ဆွဲပြရသည်။ ကဗျာအတိုအစလေးတွေ ရွတ်ပြရသည်။ အမူအရာ လုပ်ပြရသေးသည်။ နည်းနာနိသျှအပေါင်းကို စုံတကာစေ့သွားတော့သည်။ သူတို့လေးတွေက ကောင်းကောင်းမွန်မွန် လိုက်လုပ်ကြတော့ ကျနော်ကလည်း ပေးထားသည့်ကတိအတိုင်း ပုံပြောပြရသည်ပေါ့။ ကျွန်တော် သည်တခါပြောပြသည်က အာလာဒင်မီးခွက်နှင့် ထိုမီးခွက်ကိုစောင့်သော ဘီလူးကြီးအကြောင်း။
ဖြစ်ချင်တော့ ကျွန်တော် ပုံပြောကောင်းနေတုန်းမှာ မိုးက ဗြုန်းစားကြီး ရွာချလာသည်။ မိုးခေါင်သောဒေသမှာ ရှားရှားပါးပါး မိုးရွာသည်ဆိုတော့ ကလေးတွေက ၀မ်းသာအားရ ထအော်ကြသည်။ အနောက်ဘက်ထောင့်တွင် ခပ်ကုတ်ကုတ်ထိုင်နေသော ကလေးငယ်တစ်ဦးက အော်ရုံမျှမကဘဲ မိုးရေတွေထဲ ၀ုန်းခနဲ ပြေးထွက်သွားသည်။ ကတုန်းပြောင်ပြောင်နှင့် အနှီမောင်ကျောင်းသားမှာ တစ်စုံတစ်ခုဆီသို့ သဲသဲမဲမဲ ပြေးသွားခြင်းဖြစ်သည်။ သူပြေးထွက်သွားတဲ့ဆီ သေသေချာချာ ကြည့်လိုက်တော့မှ လား..လား..ပုစွန်လုံးကြီးပါလား။ တွင်းရှိရာဆီသို့ စောင်းငန်းစောင်းငန်း သွားနေသော ပုစွန်လုံးကြီးက လက်မတွေတထောင်ထောင်နှင့် မာန်စောင်နေသည်။ ကလေးငယ်က ပုစွန်လုံးကြီးအနီးသို့ရောက်သော် အသာဒူးထောက်ထိုင်ချလိုက်ပြီး အနှီပုစွန်လုံးကြီးကို အုပ်ကိုင်ဖို့ ပြင်နေပါပြီ။ ပုစွန်လုံးကြီးကလည်း သူ့ရဲ့ လွှသွားပမာလက်မကြီးတွေကို ညှပ်ဖို့လိမ်ဖို့ ထောင်ထားပြီလေ။
အလို..ညှပ်တော့မယ်တဲ့၊ လိမ်တော့မယ်တဲ့။
ကျွန်တော့်ခန္ဓာကိုယ်ဟာ ဘယ်လိုကနေဘယ်လို အဲသည်နေရာကို ရောက်သွားတယ် မသိလိုက်ပါ။ ရုတ်ချည်းဆိုသလိုပဲ ပုစွန်လုံးကြီးကို ကလေးငယ် မကိုင်နိုင်ခင်မှာ ကျွန်တော်ကအရင် ဦးအောင်ကိုင်ပြီး လွှင့်ခါပစ်ဖို့ ကြိုးစားလိုက်သည်။ သို့သော် မရပါ။ ပုစွန်လုံးကြီးက ကျွန်တော့်လက်ကို ပြုတ်တူပမာ မိမိရရကြီး ညှပ်ထားလိုက်ပြီ ဖြစ်ပါသည်။ အသဲခိုက်မျှ နာလှပါ၏။ ကလေးငယ်က ကျနော် မျက်နှာရှုံ့မဲ့နေသည်ကိုကြည့်ပြီး ပုစွန်လုံးကြီးကို ဒေါသထွက်သွားဟန် တူပါသည်။ ပုစွန်လုံးကြီး၏ ကျောဘက်ဆီမှ အသာအုပ်မိုးကိုင်၍ မြေပြင်ဆီသို့ အားပါးတရ ပစ်ပေါက်လိုက်ပါတော့သည်။ ကျောပေါ်မှအုပ်၍ ကိုင်လိုက်သောအခါတွင်မူ ၎င်း၏ လက်မကြီးများမှာ အလိုက်သင့် ကွေးညွှတ်သွားကြပြီး မည်သို့မျှ လှုပ်ရှား၍မရတော့ပါ။ ကျွန်တော်မှာ ဒါကိုမသိ၍ ခံလိုက်ရခြင်းပင်။ ကလေးအတွက် စိတ်ပူမိသကိုး။
အခုတော့ ကလေးငယ်က ကျနော့်လက်ကိုကိုင်ပြီး ပါးစပ်နှင့် ကုန်းမှုတ်နေသည်။ ပြီးတော့ မေးရှာသေးသည်။ "ဆရာကြီး နာသွားသလား" တဲ့။ ငိုအားထက် ရယ်အားသန်ရပါသည်။
တဖြည်းဖြည်း အချိန်ကြာလာသည်နှင့်အမျှ စာသင်ကျောင်းကလေးမှာ ကျင်လည်လှုပ်ရှားရတာ အသားကျလာသည်။ ကလေးတွေကို စာသင်ရတာ ပျော်စရာကောင်းလှသလို စိတ်ကြည်နူးစရာလည်း ကောင်းလှပါသည်။ ရပ်ရွာနှင့် ဆက်ဆံရသည်မှာလည်း အဆင်ပြေလှပါဘိ။ ထိုစဉ်က အသက် ၁၆နှစ်သာသာမျှရှိသေးသော ကျနော့်ကို ရပ်မိရပ်ဖများနှင့် တစ်ရွာလုံးလိုလိုက "ဆရာလေး" ဟုခေါ်ကြသည်ကိုတော့ ရှက်နိုးဝါ၀ါ ပြုံးရပါ၏။
+++
(၇)
ကျနော်သည်ရွာလေးသို့ မလာမီညက တစ်ဝကြီးထိုင်ကြည့်ခဲ့သော သော်တာလမင်းကြီးသည်ပင် သုံးကြိမ်သုံးခါတိတိ ၀ိုင်းဝိုင်းစက်စက် ပြည့်သွားလေပြီ။ မိုးသည် နွေကို ၀ါးမြိုစားသောက်ရန် အားယူစပြုနေပြီ။ ကိုင်းတောများ၊ ဖုန်းဆိုးမြေကျတ်တီးကုန်းများဖြင့် ၀န်းရံအပ်သော သက်ကယ်ခြံရွာကလေးက ကျွန်တော့်ကို အိမ်ရှင်ပီသစွာ နွေးနွေးထွေးထွေး စောင့်ရှောက်ထားသည်မှာလည်း ထိုအချိန်တို့နှင့်အမျှ ကြာခဲ့လေပြီ။ ဆယ်တန်းအောင်စာရင်းထွက်ရန်မှာလည်း အလွန်နီးကပ်လာပြီ။
ကိုယ့်ကိုယ်ကိုတော့ သတိမထားမပါ။ အနည်းငယ်ရင့်ကျက်လာသည်ဟုတော့ ဆိုနိုင်ကောင်းမည် ထင်မိပါသည်။ မြို့တွင် ကျောင်းသွားတက်စဉ်ကာလက အထက်တန်းကျောင်းသားပီပီ အလွန်ပျော်သည်။ သူငယ်ချင်းများနှင့် အမြဲလိုလို စုရုန်းစုရုန်း..။ လသာသောညများဆိုလျှင် သူငယ်ချင်းငြိမ်းချမ်းမောင်ရှိရာ ဆေးရုံကုန်းသို့ တအုပ်တမကြီးသွား၍ ဂီတာတီးကြ၊ သီချင်းဆိုကြသည်။ အချိန်ရမည်ဆိုလျှင် မိဂျမ်းတို့အိမ်ဝင်၍ လက်ဖက်သုပ်စားကြသေးသည်။ တစ်ခါတစ်ရံ ညနေစောင်းများတွင်မူ ပင့်ကူတောင်ထိပ်ရှိ အေးသုခစေတီပေါ်တက်၍ ဘာရယ်မဟုတ် နေ၀င်ချိန်ကို ကြည့်ကြသည်။ ခံစားတတ်လွန်း၍တော့မဟုတ်ပါ။ သည်လိုပင် ကျွန်တော်တို့ လူငယ်ပီပီ ပျော်ခဲ့ကြခြင်းသာ ဖြစ်သည်။ အသက်အရွယ်ကလည်း ငယ်သေးသည်လေ။ ၁၅၊ ၁၆ဆိုတာ တကယ်ကို ပျိုရွယ်ငယ်နုတဲ့ လူငယ်တွေပဲကိုး။
အခုဆိုလျှင်ကော...။
အခုလည်း ကျွန်တော့်အသက်မှာ တစ်နှစ်ခန့် အသက်ပိုကြီးလာသည်မှလွဲ၍ ဘာမှမထူးခြားပါ။ လူငယ်ပင် ရှိပါသေးသည်။ သို့သော် အနည်းငယ် တည်ငြိမ်ရင့်ကျက်လာပြီဟု ဆိုရမည်လား။ ကျောင်းသားတွေရှေ့မှာ စာသင်ရသော ကျောင်းဆရာဘ၀၀ယ် နေချင်သလိုမနေရ၊ ထိုင်ချင်သလိုမထိုင်ရ အစပြုသော ဆင်ခြင်အပ်သည်တို့ကို အချိန်ကြာမြင့်လေ ပို၍ သတိပြုမိလေ ဖြစ်ရပါသည်။ နေမှုထိုင်မှု စည်းကမ်းမျှသာမက အပြောအဆို၊ အတွေးအမြင်မှအစ တတ်စွမ်းသမျှ ကောင်းသည့်ဘက်သို့ ဦးတည်ပြောင်းလဲ ပစ်ရပါသည်။ ထိုသို့ မဟုတ်မူဘဲ ကျွန်တော်၏ မကောင်းသော အကျင့်စရိုက်များသည် ထိုကလေးငယ်တို့အပေါ် လွှမ်းမိုးအုပ်စိုးခဲ့မည် ဆိုပါက ကျွန်တော်၏ ပညာဖြန့်ဝေသောအလုပ်သည် အဘယ်မှာလျှင် အဓိပ္ပါယ်ရှိပါတော့မည်နည်း။ အဓိပ္ပါယ်မရှိရုံမျှမက အဓိပ္ပါယ်မဲ့လေပြီ။ ကျွန်တော်သည် ပန်းပင်ကလေးများကို ပြုစုပျိုးထောင်ပေးသူ ဥယျာဉ်မှူးမမည်တော့ဘဲ ပင်စည်၏ အဖူးအညွှန့်လေးများကို ကိုက်ဖဲ့ဝါးမြိုဖျက်ဆီးသည့် ပန်းဖျက်ပိုးသာလျှင် ဖြစ်ပေတော့အံ့။ သို့ဖြစ်သောကြောင့် ပညာသင်ကြားပေးခြင်း (၀ါ) ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခြင်းသည် သတိကြီးစွာ ထားရမည်မှာ ဧကန်ဖြစ်ကြောင်း တစ်စတစ်စ တိုး၍ သဘောပေါက်လာမိပါသည်။
အမေရှိရာ ကျွန်တော့်ဇာတိ မွေးရပ်ဌာနေကို ပြန်ရတော့မည်ဆိုသောအခါ မောင်သက်ထွေးဆိုသော လေးတန်းကျောင်းသားလေးက လှေဆိပ်သို့ သူကိုယ်တိုင် လှည်းကြုံလိုက်ပို့ပါရစေဟု ပြောလာပါသည်။ မောင်သက်ထွေးသည် စာရေးကောင်းသူ ဖြစ်သည်။ သူ၏ စာစီစာကုံးများတွင် အရွယ်ကိုလွန်သော တွေးဆမြော်မြင်မှုများ၊ ကြောင်းကျိုးဆက်စပ်ယူပုံများကို တွေ့နိုင်သည်။ ကျွန်တော်နှင့်မူ အသက်အားဖြင့်မကွာလှ။ မောင်သက်ထွေး၏အသက်မှာ ၁၂နှစ်ခန့်ရှိလေပြီ။ တောရွာများမှာ ဖြစ်လေ့ဖြစ်ထရှိသည့်အတိုင်း သုံးတန်း၊ လေးတန်းဆိုလျှင် လူကောင်ကြီးတွေက မိုးထိုးနေသည်။ ခမျာတို့မှာ တစ်နှစ်တစ်တန်း မှန်မှန်တက်ဖို့ကလည်း မလွယ်ကူရှာကြ။ မိဘဖြစ်သူတို့၏ လုပ်ငန်းကိုင်ငန်းအပေါ် မူတည်၍ တစ်နှစ်တန်သည် နှစ်နှစ်တန်သည် ကျောင်းနားလျှင် နားလိုက်ကြသည်။ စီးပွားရေး သောင်သာလျှင် သောင်သာသလို ကျောင်းပြန်တက်လိုက်ကြပြန်သည်။ သည်တော့ လေးတန်းလောက်ဆိုလျှင်ပဲ အသက်က တော်တော်ကြီးနေကြပြီ။
စာသင်သက်ကလေး တစ်လကျော်ကျော်မျှရလာတော့ အစ်ကိုက လေးတန်းကျောင်းသားတွေကို စာသင်ခိုင်းသည်။ လေးတန်းကျောင်းသားတွေဆို၍ သိပ်တော့ များများစားစားကြီး ရှိတယ်မထင်ပါနဲ့။ အားလုံးပေါင်းပါမှ သုံးယောက်သာ ရှိကြကုန်၏။ ကျွန်တော် သင်ကြားပေးရသည်က မြန်မာစာနှင့် သမိုင်း။ ဘာပဲပြောပြော သူငယ်တန်းကလေးများကို သင်ရသည်ထက် တာဝန်ပိုကြီးလာသည်ကတော့ အမှန်ပင်။ သူတို့အသက်အရွယ်၊ သူတို့အတွေ့အကြုံက သူငယ်တန်းကလေးများနှင့် နှိုင်းယှဉ်သော် အတော်အသင့် ရင့်ကျက်ကြပြီ။ တွေးစ၊ ခေါ်စ၊ စဉ်းစားစ ပြုကြပြီ။ ဘ၀အကြောင်း စူးစမ်းလေ့လာစ ပြုကြပြီ။ သည်တော့ ကျွန်တော်ကလည်း အတတ်နိုင်ဆုံး ပြင်ဆင်ပြီးမှ စာသင်ရသည်။
သူတို့လေးတွေကို စိတ်ပိုင်းဆိုင်ရာ တိုးတက်မြင့်မားလာစေဖို့လည်း အားထုတ်ရသည်။ ကိုယ်ကျင့်တရားကောင်းအောင်၊ ရိုးဂုဏ်ကို တန်ဖိုးထားမြတ်နိုးတတ်လာအောင် သူတို့ဘ၀ထဲကို ထဲထဲဝင်ဝင် သွားလာလှုပ်ရှားပြီး သူတို့ နားလည်သဘောပေါက်လွယ်အောင် သင်ကြားရသည်။ လပိုင်းမျှ သင်ကြားသည့် ကျွန်တော်ပင်လျှင် သည်မျှလောက် ကြိုးပမ်းခဲ့ရသည်ဆိုလျှင် နှစ်လုံးပေါက် သင်ကြားနေသော အစ်ကိုမှာမူ ဆိုဖွယ်ရာမရှိ။ ထို့အတူ အခြားတစ်ပါးသော ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများမှာလည်း ဤသို့သာလျှင် ရှိကြပါလိမ့်မည်။ ဆရာ၊ဆရာမများ၏ ၀ါသနာ၊ စေတနာနှင့် အနစ်နာခံနိုင်စွမ်းတို့ကို မြတ်နိုးဂုဏ်ယူစွာ ဦးညွှတ်မိပါတော့သည်။
သေးငယ်သော လုပ်ဆောင်ချက်ကလေးများပင် ဖြစ်လင့်ကစား ထိုက်သင့်သလောက် အောင်မြင်ခဲ့သည်ဟု ဆိုရပါမည်။ ကျွန်တော် မျှော်လင့်မထားခဲ့သော အရာတစ်ချို့ပင် ဖြစ်မြောက်အောင်မြင်ခဲ့ပါသေး၏။ လေးတန်းကျောင်းသားလေးသုံးယောက်နှင့် ရွာမှလူငယ်တို့ပူးပေါင်း၍ ရွာလယ်လမ်းမကြီးကို ပြုပြင်နိုင်ခဲ့သည်။ ဘုန်းကြီးကျောင်းအနောက်ဘက်ရှိ ကိုင်းထူသော မြေရိုင်းကွက်ကြီးကို ခုတ်ထွင်ရှင်းလင်း၍ ရာသီသီးနှံများစိုက်ပျိုးရန် စိုက်ခင်းတစ်ချို့ ဖန်တီးနိုင်ခဲ့ကြ၏။ ကျောင်းတွင် စာစီစာကုံးပြိုင်ပွဲများကိုလည်း အခါအားလျော်စွာ ကျင်းပပေးနိုင်ခဲ့ရာ မောင်သက်ထွေးလို စာရေးကောင်းသော ကျောင်းသားလေးများ ပေါ်ထွက်လာပါသည်။ စိုင်ပြင်ဈေးတွင် ကားစောင့်နေကြစဉ် အစ်ကိုဝယ်ပေးထားသော စာအုပ်များနှင့် ခဲတံများကို ဆုအဖြစ် ချီးမြှင့်ပေးခဲ့ပါသည်။
မည်သို့ပင်ဖြစ်စေ ကျွန်တော့် လုပ်ဆောင်ချက်လေးများမှာ နည်းနည်းနဲ့ ကျဲကျဲဝိုင်းသည်ပဲဆိုဆို၊ "ခါချဉ်ကောင်မာန်ကြီးလို့ တောင်ကြီးဖြိုမဲ့ကြံ၊ ခါးကမသန်" လို့ပဲဆိုဆို ဆိုချင်သလိုသာ ဆိုကြပါစေတော့။ အရွယ်ငယ်ငယ် မာန်စွယ်နုနုရှိရသေးကား ထိုက်သင့်သလောက်အောင်မြင်သည်ဟုပဲ လက်ခမောင်းခတ်မိမည် ထင်ပါသည်။
+++
(၈)
ပြန်မဲ့ညက တစ်ရွာလုံးနီးပါး လာနှုတ်ဆက်ကြပါသည်။ ဆယ်တန်းကို အမှတ်တွေတသီကြီးနှင့် (ဂုဏ်ထူးတွေဘာတွေကို သူတို့ မသိကြသေး။) အောင်ပါစေကြောင်း ဆုတောင်းပေးကြသည်။ တက္ကသိုလ်ကျောင်းသားကြီး ဖြစ်သွားလျှင်လည်း သည်ရွာလေးကို မေ့မသွားဖို့ အထပ်ထပ် မှာကြရှာသည်။
အိမ်ထွက်၊ ခြံထွက်၊ ရွာထွက် လက်ဆောင်ပစ္စည်းများကိုလည်း တစ်ယောက်တစ်မျိုး လာပေးကြသည်။ မယူလျှင်လည်း စိတ်ကောင်းကြမည်မဟုတ်၍ လမ်းခရီးခက်ခဲသည်ကို အကြောင်းပြကာ စိတ်မကောင်းစွာ လက်ကာပြရသည်။ အားတုန့်အားနာ တောင်းပန်ရသည်။ တစ်ချို့ကို ရွာဦးဘုန်းကြီးကျောင်းသို့လှူ၍ တစ်ချို့ကို လာနှုတ်ဆက်သည့် တပည့်လေးတွေကို ဝေပေးလိုက်သည်။ သူတို့စေတနာ ဖြူစင်လှသည် မှန်သော်လည်း သည်ရွာကလေးမှ ဘာတစ်ခုမျှ ကျွန်တော် အလိုမရှိပြီ။ "အများအကျိုးကို စွမ်းနိုင်သမျှ လုပ်ဆောင်ခြင်းသည် အတိုင်းမသိသော စိတ်ကြည်နူးမှုကို ရစေသည်" ဆိုတဲ့သင်ခန်းစာကို သည်ရွာကလေးက ပေးလိုက်ပါပြီ။ ဒါသည်ပင် ကျွန်တော့်အတွက် အကောင်းဆုံး လက်ဆောင်မွန်ဖြစ်ပါတော့သည်။
အပြန်ခရီးသည်လည်း အလာတုန်းကနည်းတူ ကုန်းတစ်တန်ရေတစ်တန်ပင် ဖြစ်ပါသည်။ အလာခရီးတုန်းက အတွေ့အကြုံသစ်တွေကို တွေ့ကြုံရတော့မှာမို့ ရင်ခုန်ကြည်နူးရသလို အပြန်ခရီးတွင်လည်း ကျွန်တော် ပျော်နေမိပါသည်။ ကျွန်တော့်နှလုံးသား ဖြူခဲ့သည့်နေ့များအကြောင်း အမေ့ကို ပြောပြနိုင်တော့မည် မဟုတ်ပါလား။
အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ လူသားတစ်ဦးပီပီ ကျွန်တော့်နှလုံးသားသည်လည်း ညစ်ထေး လာပါလိမ့်ဦးမည်။ အရောင်အမျိုးမျိုး၏ စွန်းထင်းပေကျံမှုဖြင့် နွမ်းညစ်လာပါလိမ့်ဦးမည်။ လောက၏ အပေးအယူသံသရာဝယ် ဘေးလူများနှင့် မအပ်မရာသော ပဋိပက္ခများ ဖြစ်ပါလိမ့်ဦးမည်။
ကိစ္စမရှိပါ။
ဘ၀ရှုခင်းဝယ် သာယာလှပသော အရာမျိုးလည်း မကြာခဏရှိလာတတ်ပြန်ရာ ကျွန်တော် ငယ်စဉ်အရွယ်က သက်ကယ်ခြံရွာကလေးတွင် လုပ်အားပေးဆရာအဖြစ် စာသင်ခဲ့ရသော နေ့ရက်များသည် ကျွန်တော်ကို အမြဲအစဉ် ပျော်ရွှင်စေပါလိမ့်မည်။
ပင်လယ်ပြင်ပေါ် ရွာသောမိုးများကို ကျွန်တော်တို့ ကြိမ်ဖန်များစွာ မြင်တွေ့ခဲ့ကြဖူးပြီ။ အခုတစ်ကြိမ်မတော့ ကန္တာရပေါ်ရွာသောမိုးကို နဖူးတွေ့ဒူးတွေ့ ကျွန်တော်တွေ့ခဲ့ရပါပြီ။ မိုးစက်လေး တစ်ပွင့်တစ်ပေါက်အားမျှဖြစ်စေ ပါဝင်ခွင့်ရသည့်အတွက်လည်း ပြောမပြတတ်အောင် ကြည်နူးပီတိဖြစ်ရပါသည်။ ကန္တာရသားတို့အတွက် ထိုမိုးသည် ဆေးဖက်ဝင်လိမ့်မည်ဟု ယုံကြည်နေမိပါသည်။
ညိမ်းညို
၁၂၊ ၃၊ ၂၀၀၄
Posted by ညိမ်းညို at 14:06 4 comments
Labels: ၀တ္ထုရှည်
Diseño por headsetoptions | A Blogger por Blog and Web