7 August 2009

ကိုနမ်းရေ

ကိုနမ်းရေ
သွားနေတဲ့လမ်းတွေက ခက်ခဲပြီးချိုမြိန်တယ်ဆို
အောင်မြင်မှုဆိုတာ ထုပ်တန်းကနေ ကြိုးနဲ့တွဲလောင်းဆွဲထားတဲ့ ထန်းလျက်ခဲတစ်ခဲပါကွာ
အဲဒီထန်းလျက်ခဲကို ခုန်ခုန်ဟပ်နေရတာနဲ့ပဲ
ငါတို့ကောင်တွေ မတ်တပ်ပြိုလဲကုန်တာပေါ့
ကဗျာလေးတစ်ပုဒ်ကို လက်နဲ့ထောက်ဖတ်ရဖို့
ငါးမိုင်လောက်လျှောက်ခဲ့ရတဲ့ညတွေ လွမ်းလိုက်တာကွာ
အရာရာဟာ ပျော်စရာပဲပေါ့
ရင်နာစရာတွေပေမဲ့ မင်္ဂလာပါပဲကွာ
ဒီလိုပဲ တောက်လောင်ကြပါစို့ရဲ့
ညှော်နံ့မသင်းအောင်တော့ ကိုယ့်မီးစာကိုယ် ပြန်မြိုထားကြတာပေါ့
တစ်ထွာရှိတဲ့မျက်နှာ တစ်တောင်မကွဲပါဘူးတဲ့
လက်ဝှေ့သမားကြီးတွေပြောလေ့ရှိတဲ့စကား
ငါတို့လည်း လောကဓံကြိုးဝိုင်းထဲက ကံကြမ္မာနဲ့ထိုးသတ်နေရတဲ့
လက်ဝှေ့သမားတွေပဲ မဟုတ်လားကွာ
ဦးချိုရှိတဲ့သတ္တ၀ါကဦးချို အစွယ်ရှိတဲ့သတ္တ၀ါကအစွယ်
မထူးဆန်းပါဘူးကွာ
ငါတို့သူငယ်ချင်းတွေရော ဘာထူးလို့လည်း
ခေါင်းပေါ်ကထန်းလျက်ခဲကြီး မော့မော့ကြည့်ပြီး အချိန်တိုင်းကန်ကျောက်နေကြတာပဲ မဟုတ်လား
အေး ကိုနမ်းရေ
ဘောလုံးကန်တာ လူကိုမကန်မိဖို့တော့ လိုတာပေါ့ကွာ။

ညိမ်းညို

12 comments:

Unknown said...

လူကိုမကန်မိရင်တော့ အသန့်ရှင်းဆုံးဆုရမယ် :)

လင်းဒီပ said...

ဆက်တိုက်ကို ကဗျာတွေ အန်ထုတ်နေတော့တာပဲ...
လူသားဖြစ်စဉ် လောကဓံတေးသွားလေးတစ်ပုဒ်ကို ခံစားသွားတယ် ညီလေးရေ...။

ရွှန်းမီ said...

ကိုနမ်းရေ.. ထန်းလျက်ခဲ စားရပါစေ...

မွန် said...

လွမ်းသလိုလို ရင်ထဲငြိတယ်
ကိုနမ်းရေ

mgngal said...

အဆင်ပြေသလို့ ခံစားသွားပါတယ် ကဗျာကို ။
သေချာတယ် အခုတလော ဘောလုံးကန်နေတော့ လူကို ကန်မိ နေတယ်ထင်ပ ။ :P

အိုင်လွယ်ပန် said...

နှစ်သက်သွားပါကြောင်း :)

ဖြိုးငယ် said...

ကိုနမ်းရေ .. ပဝါမကူ .. ရေမရှုကြေးပေါ့ ...
ငါ့တို့လည်း လောကဓံကြိုးဝိုင်းထဲက ကံကြမ္မာနဲ့ထိုးသတ်နေရတဲ့ကောင်တွေပါပဲလေ ။

emayarKhin said...

ကဗျာကတပုဒ်လုံး
ထိထိမိမိကန်ချက်တွေနဲ့နော်......
ကောင်းမှကောင်းးးးးး

Anonymous said...

ဟုတ်တယ်နော်...
ဘောလုံးကန်တာ လူကိုမထိဘို့တော့လိုတယ်...
အင်း...လူကိုသေချာကန်တယ်ဆိုရင်တော့...

သုခုမလေဒီ said...

ဟယ် .. ကိုနမ်း ဆိုတာက ဘယ်သူများပါလိမ့်????
တိုက်ဆိုင်လို့ ပါ။း) ထညက်ခဲတော့မကြိုက်ဖူးနော်၊
ချောကလက်လောက်ဆိုတော်သေးးး

သက်ထွန်းညိမ်း said...

ကန်သင့်ရင်တော့ကန်မှာပဲ အဟဲ
နောက်တား)

Melody said...

ကဗျာဖတ်ပြီးတော့မှပဲ
တစ်ထွာရှိတဲ့မျက်နှာ တစ်တောင်မကွဲပါဘူး
ဆိုတာ သိတော့တယ် :P