26 December 2009

ခရစ်စမတ်ဟာ န-နာရီ ခရစ်စမတ်ဟာ စမျဉ်း ငါစင်းစင်းကြီးသေရတော့မယ်

န-နာရီမှာ စမျဉ်းကို ဖြတ်နိုင်အောင် ဖြတ်ရလိမ့်မယ်
မဟုတ်ရင် ဗုံးမိုးတွေတ၀ုန်းဝုန်းရွာကျ ငါတို့သေကြလိမ့်မယ်
အဲသလို စစ်နည်းဗျူဟာကဆိုတယ် (ငါလည်း သင်အံလေ့ကျက်ခဲ့တာပါပဲ)

အရွယ်လေးရောက်လာတယ် အမြီးလေးပေါက်လာတယ်
ပျောက်ဆုံးတဲ့နံရိုးလေးတစ်ချောင်းကို ရှာတတ်လာတယ်
ခရစ်စမတ်ဟာ န-နာရီ ခရစ်စမတ်ဟာစမျဉ်း(ရှင်းရှင်းကြီး သိနေပြီ)
ဒါလည်း န-နာရီမှာ စမျဉ်းကိုမဖြတ်ကျော်နိုင်ခဲ့ဘူး
ဟေးးအရူး လက်တွေ့ဘ၀ထဲထိဆွဲခေါ်မလာနိုင်တဲ့ ချစ်ခြင်းဆိုတာ စိတ်ကူးသက်သက်တွေပဲ
အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်တဲ့ထိထိုင်ကြည့်နေရတယ်ဆိုတာ (သောက်)ပုံမလာခြင်းသက်သက်ပဲ
ဟေး အရူး
အကြင်နာလို့ ထင်ရတဲ့ဗုံးမိုးတွေအောက်
မင်း စင်းစင်းကြီးသေလိုက်တော့
န-နာရီမှာ စမျဉ်းပေါ်တည့်တည့်ရပ်နေတဲ့ကောင်ပေဘဲ
သေတာဘာဆန်းသေးတုန်း။

ညိမ်းညို

- ခရစ်စမတ်အပြီးမှာ လူတစ်ယောက်ကို ဆက်သွယ်ခွင့်ရဖို့ လွယ်ကူမှာမဟုတ်တော့ဘူး(ရစေဦးတော့၊ အနေအထားတစ်ခုပြောင်းလဲသွားတော့မယ်) လို့ ဘ၀မှာ တခါလောက်ဖြစ်ဖြစ် တွေးကြည့်ခဲ့ဖို့ကောင်းတယ်။ အနည်းဆုံး အသက်ရှူရတာ ပေါ့ပါးမယ်လို့ အောက်မေ့မိတယ်။ တစ်ဖက်ကပြန်တွေးမိတော့ ဘာထူးမှာလဲလို့ စိတ်ဖြေသာရတယ်။ သေမှာကို ကြိုသိပြီးသားတောင်မှပဲ လူတွေဟာ သေမှုသေခင်းနဲ့ ကြုံရတဲ့အခါ အနည်းနဲ့အများ တုန်လှုပ်တတ်ကြသေးတာပဲ။ ချစ်သူနဲ့ ကွေကွင်းရမယ်လို့ ကြိုသိခဲ့တယ်ထားဦး၊ ငါရော မတုန်လှုပ်ဘဲ နေမှာတဲ့လား။ ဘာရယ် မဟုတ်ဘူး။ ကဗျာကို နင်းတုံးလုပ်ပြီး အပူတွင်းကြီးထဲကနေ ငါခုန်ထွက်ကြည့်နေတာ။ ကဗျာတွေအပေါ် ငါ ဒီလို သစ္စာမဲ့ခဲ့ပေါ့။

6 comments:

Anonymous said...

လူတိုင်းနီးပါး..အော်မြည်ဆုတောင်းပေးကြပါရဲ့...
Marry Christmas တဲ့...
ဒို့ကိုကြီးက...အတဲကွဲ..ခရစ္စမတ်များ ဖြစ်နေသလား...:P

စိုင်းလောဝ်ပိန်း said...

ကိုညိမ်းညို ပေါက်ကွဲနေတာလားဗျ။
ကဗျာအတွေးလေ ရေလည်မိုက်တယ်။
နှလုံးသွေးနဲ့ ပေးဆပ်ခဲ့တဲ့ကဗျာပါဗျာ။ သစ္စာမဲ့တာလို့ ကျွန်တော်တော့ မထင်ပေါင်။
အဆင်ပြေပါစေ ကိုညိမ်းညို

tin min htet said...

တောင်းတဲ့ဆု မတောင်းတဲ့ဆု အားလုံးပြည့်ပါစေဗျား ..

လွမ်းသုရင် said...

"ချစ်သူနဲ့ ကွေကွင်းရမယ်လို့ ကြိုသိခဲ့တယ်ထားဦး၊ ငါရော မတုန်လှုပ်ဘဲ နေမှာတဲ့လား"

တုန်လှုပ်ရတာပေါ့ မောင်လေးရယ်... လူတိုင်း တုန်လှုပ်ကြမှာပါပဲ။ ဒါပေမယ့်လည်း တစ်ဘ၀မှာ တစ်ခါမဟုတ်တစ်ခါတော့ ကွေကွင်းကြရဖူးမှာပါ။ တစ်ခါမှ မကွေကွင်းပဲ ပေါင်းဆုံကြရတဲ့သူဆိုတာ ရာနှုံးသိပ်နည်းပါလိမ့်မယ်။ နောင်ဆယ်စုနှစ်တစ်ခုလောက် ရောက်သွားတဲ့အခါကျရင်တော့ သမိုင်းတစ်ခုသက်သက်ပဲ ထင်ကျန်ရစ်တော့မှာပေါ့လေ။ ဖြစ်ခဲ့ပြီးသား အရာတွေဆိုတာ မဖြစ်ခဲ့ဖူးလို့ သတ်မှတ်လို့မှ မရနိုင်တာကိုး။ ဘာပဲဖြစ်ဖြစ် စိတ်ဖြေနိုင်ဖို့ပဲ ပြင်ဆင်ထားရမှာပဲ။ ကိုယ့်စိတ်ကိုချမ်းသာဖို့ ကိုယ်ကိုယ်တိုင်ပဲ တတ်နိုင်တယ်တဲ့လေ။

မေတ္တာများစွာဖြင့်
အစ်မ

မနုငယ် said...

လက်တွေ့ ဘဝကို ဆွဲမခေါ်နိုင်တဲ့ချစ်ခြင်းအားလုံးက အိမ်မက်တွေလို့ထင်တာပဲ .....

Mhu Darye said...

ကဗျာရေးသူကို စိတ်သက်သာရာ ရစေမယ့် အားပေးစကား ပြောချင်တာတောင်၊ တဖက်က ပြန်တွေးကြည့်တော့.. ဘာထူးမှာမို့လို့လဲ ဆိုပြီး...ရပ်ကြည့်နိုင်ရုံတင်မို့ ပိုစာနာတယ်။
း(