28 March 2009

ဇောက်ထိုးကောင်၏ မှတ်စုများ

တစ်ခါက ဇောက်ထိုးကောင်ကဗျာတွေ ရေးဖြစ်ခဲ့ပါတယ်။ ဘလော့စာမျက်နှာ အရှေ့ပိုင်းမှာလည်း တင်ခဲ့ဖူးပါတယ်။ အခုနေပြန်စုတော့ ၇ ပုဒ် အဖတ်တင်နေတာမို့ အဲဒီ ဇောက်ထိုးကောင်တွေကို စုပြီး ဖော်ပြပါရစေ။ ကျေးဇူးတင်ပါတယ်။

ဇောက်ထိုးကောင်၏ မှတ်စုများ

လမ်းကတော့ ချော်နေပြီ
ကိုယ်တိုင်ထွန်းညှိပြီးလင်းချင်တဲ့ ငါနဲ့
ငါ့ကို ထွန်းညှိပေးချင်တဲ့သူတွေ
ကြာလာတော့ သဟဇာတမကျ ။

ခင်းထားတဲ့ လမ်းအတိုင်းမလျှောက်တဲ့ အခါ
ငါ့ကို အမည်နာမအမျိုးမျိုး ပေးလိုက်ကြ
ကိုယ့်ကိုယ်ကို တံဆိပ်ကပ်ထားပြီးသား
"အလကားကောင်"

အလကားကောင်ကြီး
အလကားဖြစ်နေတာကို
အလကားသက်သက် စိတ်ပူမနေကြပါနဲ့
ခင်ဗျားတို့ သိဒ္ဓိတင်မပေးလေ
ကျွန်တော်က ပိုပြီးနှစ်ခြိုက်လေ..။

ဇောက်ထိုးကောင်၏ မှတ်စုများ (၂ )

စနစ်တကျ
ကျွမ်းကျင်လိမ္မာ ပိရိသေသပ်လှသော ပါးစပ်များနဲ့
စကားလုံးများကို ရှုံ့ချည်နှပ်ချည်
ကြက်ပေါင်ကွင်းလို ကျုံ့လိုက်ဆန့်လိုက်
ပရိယာယ်၊ အတတ်ပညာ၊ နည်းဗျူဟာ ခေါင်းစဉ်တွေအောက်
လိမ်ခဲ့ရင်တော့ လိမ်တာပဲပေါ့
ညာတာကတော့ ညာတာပဲပေါ့
ဝိနည်းလွတ်အောင်ပဲ ရှောင်ရှောင်
အာပါတ်လွတ်အောင်ပဲ ပြောပြော
စကားလုံးတွေ ဖောင်းပွတဲ့ဒဏ် မခံနိုင်တော့ဘူး
နလဗိန်းတုံးတဲ့ ဒဏ်ကိုပဲ ခံလိုက်တော့မယ် ။

ဇောက်ထိုးကောင်၏ မှတ်စုများ (၃)


တစ်ခါတစ်ခါ
ဝေ့လွန်းဝိုက်လွန်းရင်
လမ်းစပျောက်,ပျောက်သွားတတ်လို့
ရိုင်းချင် ရိုင်းပါစေကွာ
ငါ့ကို ..ဒဲ့ဒိုးသာ ပြောကြ
ဟား..ဟား
အဲဒီလို ပြောကြတဲ့အခါ
ငါ့အဖို့ နားဝင်သိပ်ချိုတယ်ပ ။

ရင်ထဲကမဟုတ်တဲ့ စကားတွေ
လာ,လာ မပြောစမ်းနဲ့ကွာ
ဓါးမိုးပြီး ယုံခိုင်းရင်တောင်
ယုံရမှာ ပျင်းလို့ ..။

ဇောက်ထိုးကောင်၏ မှတ်စုများ(၄)

အခုတလော တော်တော်ခေတ်စားနေတယ်
ရောဂါက
လာ တရားနာသွားရအောင်တဲ့..
နိဗ္ဗာန်ဆော် ဇာတ်ကြောင်းတစ်ပုဒ်နဲ့
ဆုလာဘ်ကို အသေအလဲမျှော်ကိုးကြတဲ့အခါ
ငါ့မှာ စားကောင်းခြင်းမစားရ
အိပ်ကောင်းခြင်း မအိပ်ရ
လူကြားကောင်းမဲ့ စကားတွေကို
ရွေး,ရွေးပြီး ကျက်နေရတယ်
နေလည်းအတော်မြင့်လှပါပြီ
ကိုယ့်လမ်းကိုသာ
ကိုယ့်ခြေထောက်နဲ့ကိုယ် လျှောက်လိုက်ပါတော့
ကိုယ့်ခရီးကိုသာ
ကိုယ့်ထီးနဲ့ကိုယ် မိုးလိုက်ပါတော့
မင်းကသာငါ့ကို
အတင်းကာရောကြီး လာမဆုံးမဘူးဆိုရင်
နားမထောင်ဘူး ဆိုတဲ့အပြစ်လည်း
ငါ့မှာမရှိတော့ဘူးပေါ့ကွယ်..။

ဇောက်ထိုးကောင်၏ မှတ်စုများ(၅)

ကျမ်းစာအုပ်ကြီးကို ရှိခိုး
စာလုံးတွေကို ဒိုးဒိုးဒေါက်ဒေါက် ရွတ်မပြပါရစေနဲ့
ကျမ်းစာအုပ်ကြီးကို ခေါင်းအုံးအိပ်
တိုးတိုးတိတ်တိတ်ကလေးလည်း ဆွံ့ အမနေပါရစေနဲ့
စာအုပ်ကြီးရဲ့ ကိုယ်ထည်အတွင်းသားကို ဖြတ်သန်းခံစား
ငါလင်းပွင့်သလိုသာ ဖတ်ပါရစေ
ငါမှတ်ချင်တာတွေကို မှတ်ထားလိုက်မှာပေါ့
ကျန်ချင်တာတွေလည်း ကျန်ခဲ့မှာပေါ့
ချန်ချင်လို့ ချန်ခဲ့တာတွေလည်း ရှိဦးမှာလေ
စာအုပ်ကြီးကဖြင့် စိတ်မဆိုးတန်ရာ
စီးဆင်းမှုတိုင်းကတော့ သူ့သီချင်းနဲ့သူပေါ့ကွယ်..။

ဇောက်ထိုးကောင်၏ မှတ်စုများ (၆)

ငါ့မှာ အစွယ်လည်းမရှိဘူး
လက်သည်းလည်းမရှိဘူး
လူတစ်ယောက်အဖြစ် ရပ်တည်နေသေးတယ်ဆိုတဲ့သင်္ကေတ
ထိပ်ကိုပုတ်ရင်တော့ ခေါင်းထောင်လာတတ်ပါသေးတယ်
မငိုကြေး မရယ်ကြေးလေ
ငါကိုက သမိုင်းသင်ခန်းစာတွေကို မကြေညက်ခဲ့တာထင်ပါရဲ့
ဟုတ်တာပေါ့ ... ပြဿနာတိုင်းသာ
သံခင်းတမန်ခင်းသက်သက်နဲ့ ဖြေရှင်းလို့ရခဲ့မယ်ဆိုရင်
ကမ္ဘာပေါ်မှာ စစ်ပွဲကြီးတွေ ဘယ်ရှိလိမ့်မလဲ
ကဲဗျာ.."ခင်ဗျားတို့ကို စိန်ခေါ်တယ်"
အပေအတေလေလွင့်နေစဉ်ဖတ်ခဲ့ဖူးတဲ့ စာတစ်အုပ်ရဲ့ခေါင်းစီး
အဲဒီမှာ ကျစ်ဆံမြီးလိုတွယ်ငြိနေတဲ့ စိတ်
မိအောင်ဖမ်းချိတ်ချင်သပဆိုရင်လဲ ချိတ်ကြပေရော့။

နှုတ်ဆိတ်သွားတဲ့ ဇောက်ထိုးကောင်

သူငယ်ချင်းရယ်
စကားလဲ ကုန်ပါပြီကွာ
မင်းမှာထမ်းထားရတဲ့ "၀န်" ကြီးကလည်း
ကျပ်တည်းလေးလံလိုက်တာ..
အရှိဟာ အရှိလေးပေါ့
အသိဟာ အသိလေးပေါ့
ဘာဖြစ်လို့ ကဗ္ဗည်းတွေလိုက်ထိုးနေမှာလည်းကွာ
လေညင်းက လေညင်းလိုတိုက်ခတ်သွားလိမ့်
မြစ်တစ်စင်းက မြစ်တစ်စင်းလို စီးဆင်းသွားလိမ့်
တောင်တွေက တောင်တွေလို ရပ်တည်နေလိမ့်
ငါတို့ မပါဝင်ခဲ့သည့်တိုင်အောင်...။

"ကျွန်တော်မပါဘဲနဲ့လည်း ဧရာဝတီဟာ စီးမြဲစီးနေလိမ့်" တဲ့
တာရာမင်းဝေရဲ့ ကဗျာတစ်ပုဒ်ထဲမှာ
ပျော်ဝင်ညွှတ်နူးမိဖူးရဲ့ ကွယ်
သံသရာကိုဆွဲဆန့်စေတဲ့ တဏှာတွေထဲမှာ
ကဗျာတွေ စာတွေလည်းပါတာမို့
သူငယ်ချင်းက မဖတ်ဖူးနော်
အေးကွယ်..
ငါကလည်း ကဗျာရဲ့ ရင်ချင်းဆက်ဘာသာဗေဒထဲမှာမှ
အသံတွေကို အသက်သွင်းတတ်တဲ့ကောင်ဆိုတော့
တို့တောအုပ်ကို ဒီမှာပဲ ငြိမ်းမှုတ်လိုက်ကြစို့ရဲ့ ..။

ညိမ်းညို

20 March 2009

တောင်ကုန်းလေးပေါ်က လိမ့်ကျလာတဲ့ သစ်သီး



တောင်ကုန်းလေးပေါ်က
လိမ့်ကျလာတဲ့ သစ်သီးမို့
ဒဏ်ရာတွေ ပါမယ်
အနာအဆာတွေ ပါမယ်
စင်းရာခြစ်ရာတွေ ပါမယ်
အကြည့်ရတော့ နည်းနည်းဆိုးတာပေါ့ကွယ်
ဒါပေမဲ့လေ
သစ်သီးတစ်လုံးရဲ့
ချိုမြိန်ရွှမ်းမြတဲ့ အရည်အသွေးကိုဖြင့်
သူက နေရာမရွေး အချိန်မရွေး
ထွေးအန်ပေးပါ့မယ်တဲ့ကွယ်။

ညိမ်းညို
img link

15 March 2009

လွမ်းလွန်လွန်းလို့ ပြတင်းပေါက်တွေကို ငါ ဖွင့်လိုက်တယ်



















img link


လွမ်းလွန်လွန်းလို့ ပြတင်းပေါက်တွေကို ငါ ဖွင့်လိုက်တယ်


အပြင်မှာ နေသာပါရဲ့လား
လွမ်းလွန်လွန်းလို့ ပြတင်းပေါက်တွေကို ငါ ဖွင့်လိုက်တယ်

မြေလွှာအောက်ကဖားကလေး မိုးကိုမျှော်သလို မျှော်ရဲ့
မေးဖျားသွယ်သွယ်လေးပေါ်က
မွှေးညင်းစိမ်းစိမ်းလေးကိုလဲ လွမ်းဆွတ်မိရဲ့
ဒါဟာ ရူးသွပ်မှုတစ်ခုဆိုရင်
ငါဟာ
ချစ်သူအပေါ်မှာ
သိန်းသန်းမကချီတဲ့ ရှုးသွပ်မှုတွေ ရှိတယ်ကွဲ့။

နှလုံးသားအုန်းမောင်း ခေါက်ခံထိခဲ့ရ
ရင်တပြင်တခွင်လုံး နိုးထပစေပေါ့
ကြေကွဲထိရှမှုကို စိုးရွံ့တယ်ဆိုမှဖြင့်
အချစ်ကို ငါတို့ ဘယ်လိုတွေ့ရပ၊

တကယ်ပါပဲ
လွမ်းလွန်လွန်းလို့ ပြတင်းပေါက်တွေကို ငါ ဖွင့်လိုက်တယ်
ငါ ရရှိတယ်ကွဲ့
ပြတင်းပေါက်တွေကနေ ငါ ရရှိတယ်ကွဲ့
နာကျင်လှပစွာပေါ့
ရင်ကို လာစိုက်တဲ့ မြားအစင်းစင်းလေ
အဲဒါ... မင်းမျက်ဝန်းတွေပါပဲ မိန်းကလေးရယ်
ငါ မညာပါဘူးဟယ်
လွမ်းလွန်လွန်းလို့ ပြတင်းပေါက်တွေကို ဖွင့်လိုက်တာပါကွယ်။

ညိမ်းညို

11 March 2009

နွေဦးမီးတောက်













image link


နွေဦးမီးတောက်


အဝေးက ပလက်ဖောင်းလေးရေ
ငါ့အချစ်ရဆုံး သူကလေးရေ
ဟောဒီ ခံစစ်ကုန်း
ဟောဒီ ကတုတ်ကျင်း
ကွယ်... ဟောဒီ ၀ပ်ကျင်းလေးကအစ
ငါ့ရင်ဘတ်ကြီးတစ်ခုလုံးနဲ့
ကုန်းရုန်းပြီး တူးခဲ့တာပါကွဲ့
ဆူးညှောင့်မောင်းခလုတ်တွေ ဆင်မထားရရိုးပါကွယ်
လက်နက်ကြီးတွေမှ ပစ်ရက်ပလေတယ်ဟယ်
အလံဖြူလေး မီးစွဲလောင်ပြီကွယ်၊

ငါ့မှာ
စိမ့်စိမ့်ပြီး ရှက်ရပုံများ
တနွေဦးလုံး မီးခိုးတွေ အူလို့။

ညိမ်းညို

5 March 2009

စိတ်ကြိုးနှစ်စ

သရုပ်ဖော်- Soe San Win (စာပန်းချီ)


စိတ်ကြိုးနှစ်စ


ဒီလိုချည်နှောင်မိပြီ ဆိုတဲ့နောက်
ဝေးကွာခြင်း တစ္ဆေတစ်ကောင်ကို
ငါတို့သစ္စာတရားနဲ့ မန်းမှုတ်ခြွေသတ်ထားကြစို့ရဲ့

သံယောဇဉ်မြစ်ညှာက ညှို့တက်လာမဲ့ မိုးတွေ
ရေခြားမြေခြားနေသည့်တိုင်
ငါတို့ရဲ့ ခိုကိုးရာတိုင်းမှာ
လက်လက်စိုအောင် ရွာချလိမ့်မယ်

တစ်ယောက်ကိုတစ်ယောက်
ယုံကြည်ဖို့ မပြောဆိုကြတော့ဘူး
ယုံကြည်အောင်နေပြကြတဲ့ ချစ်သူနှစ်ဦးကြားမှာ
ဘယ်လို ရာသီဆိုးတွေကိုပဲ ဖြတ်သန်းနေရ,နေရ
အဖျားအနာ ကင်းရှင်းနေမှာပါကွယ်

ငါတို့ ခိုလှုံတဲ့ ချစ်ခြင်းရဲ့ရင်ငွေ့ဟာ
ဘာအရောင်မှ ခြယ်သ,မထားတဲ့
အဖြူရောင် ကင်းဘတ်စ တစ်ချပ်ပါ ချစ်သူရယ်..

"ချစ်တယ်" ဆိုတဲ့ အက္ခရာလေးနှစ်လုံးကို
( မြူနှင်းတို့ ဝေ့၀ဲလို့ ကျမလာမီ..)
ငါတို့ လေးလေးနက်နက် ရေးခြစ်ထားကြပါစို့

ညိမ်းညို