23 December 2009

ကျနော်ဟာ ရူးသွပ်စွာ(သို့) မိုက်မဲစွာ အစွဲအလမ်းငရဲမှာ နေထိုင်သူ

သရက်ကင်းကြွေ ကောက်ချင်တယ်လို့ ပြောတော့ တစ်လောကလုံးက ရီတယ်။ မိုးမှောင်ကြီးကျသွားအောင် ရီကြတယ်။ ကျနော်ရှက်လိုက်တာဗျာတဲ့။ အနင်းခံလိုက်ရလို့ အိခနဲအသံထွက်သွားတဲ့ သစ်ရွက်ခြောက်လေးက ဆိုတယ်။ နေရောင်နဲ့ ကော့လန်နေအောင် ခြောက်သွေ့ခဲ့ရပြီးမှ မိုးလေးခပ်စွေစွေထပ်ထိတယ်။ ခမျာ ပျော့ဖလတ်ဖြစ်နေရှာတော့ အနင်းခံရတာတောင် ဂျိုးဂျိုးဂျွတ်ဂျွတ် အသံမထွက်တော့ဘူး။ အိခနဲ။ သူ့အပေါ် ဖိသတ်နင်းချေချလိုက်တာတောင်မှပဲ အိခနဲ။ သစ်ရွက်ခြောက်လေးဟာ တွန့်မွပြားကပ်သွားတယ်။ ကွယ်... ကျိုးကြေလိုက်ပါတော့လား။ ကျွတ်ဆတ်တောင့်တင်းနေတဲ့ စိတ်အခံမျိုးနဲ့ ကျိုးကြေသွားလိုက်ပါတော့လား။

မြေပြင်ပေါ်မယ် ဒီလို ညှိုးနွမ်းတွယ်ကပ်နေရတဲ့ဘ၀မျိုးကို ငါပျော်တယ်ထင်လို့လားကွယ်။
ဂစ်တာတီးစသင်တဲ့လူတစ်ယောက်ရဲ့ခတ်ချက်လို ငါ့အသံတွေကြောင်ထွက်နေပါပေါ့လား။


သွပ်ပြားလေးတွေပေါ် မိုးတဖြောက်ဖြာက်ကျနေမယ်
မြို့ငယ်လေးတစ်မြို့ရဲ့ သိပ်မဝေးလံလှတဲ့ အစွန်ကလေးမှာ
ရေနံချေးဝနေတဲ့ ပျဉ်ထောင်အိမ်ကလေးထဲမှာ...
သူ့ဆံနွယ်လေးတွေရဲ့ ပျော့ပျောင်းတဲ့ပန်းချီကား
သူ့ဝင်သက်ထွက်သက်လေတိုးသံကလေးရဲ့ ဂီတ
ချစ်တယ်လို့ပြောဖို့မလိုပါဘဲ အိမ်ကလေးထဲမှာ အချစ်နတ်သားလေးဟာ ဟိုသည်ပြေးလွှား...

ကျနော်ဆိုနေတဲ့ သီချင်းတစ်ပိုဒ်၊ သူ ညည်းနေတဲ့ တေးတစ်စ
ပေါင်းလိုက်တော့ သံစုံတီးဝိုင်းကြီး ဖြစ်သွားတယ်။

ကျနော့်မှာရှိတဲ့ အခက်အခဲများ၊ သူ့မှာရှိတဲ့ အခက်အခဲများ
ပေါင်းလိုက်တော့ သစ္စာပန်းတွေ ဖြစ်သွားတယ်။

ကျနော့်မှာရှိတဲ့ အားနည်းချက်တချို့၊ သူ့မှာရှိတဲ့ အားနည်းချက်တစ်ချို့
ပေါင်းလိုက်တော့ ဖေးမစာနာမှု ဖြစ်သွားတယ်။

ကျနော့်မှာရှိတဲ့ အိပ်မက်တစ်ခု၊ သူ့မှာရှိတဲ့ အိပ်မက်တစ်ခု
ပေါင်းလိုက်တော့ နားလည်မှု ဖြစ်သွားတယ်။

ကျနော့်မှာရှိတဲ့ မိသားတစ်စု၊ သူ့မှာရှိတဲ့ မိသားတစ်စု
ပေါင်းလိုက်တော့ မေတ္တာဂေဟာကြီး ဖြစ်သွားတယ်။

ကျနော့်မှာရှိတဲ့ ညည်ဆိုးတချို့၊ သူ့မှာရှိတဲ့ သည်းခံစိတ်နားဆွဲလေး
ပေါင်းလိုက်တော့ ငဲ့ညှာမှုပန်းတစ်ခင်း ဖြစ်သွားတယ်။

ကျနော့်မှာရှိတဲ့ အကြည်ဓာတ်နည်းနည်း၊ သူ့မှာရှိတဲ့ ဖြူစင်မှုအများအပြား
ပေါင်းလိုက်တော့ စကြာဝဠာကြီးကို ချစ်တတ်လာတယ်။

ကျနော်က ကူးခပ်နေတဲ့ ချောင်းကလေး၊ သူက စီးဆင်းနေတဲ့ မြစ်တစ်သွယ်
ပေါင်းလိုက်တော့ တံတားကြီးတစ်စင်း ဖြစ်သွားတယ်။

ကျနော်က တောက်လောင်တဲ့ နွေဆိုး၊ သူက စိမ်းမြတဲ့ ပင်ပျို
ပေါင်းလိုက်တော့ ဘ၀တစ်ခု ဖြစ်သွားတယ်
အဲဒီဘ၀လေးထဲမှာ ကျနော်တို့ ပျော်ပါတယ်။

အဲဒီကဗျာလေးကို ကျနော်က ရွတ်မှာပေါ့။ သူ့ရဲ့နားစည်နုနုလေးဆီ ကဗျာရွတ်သံတိုးဖွဖွနဲ့ ထိခတ်မယ်လေ။ ငွေသံကြေးသံမပါတဲ့ ရူးသွပ်မှုသက်သက်နဲ့ အဲဒီညနေခင်းလေးဟာ အဖြူရောင်ပါးပါးလေးခြယ်ထားတာပေါ့။ ဟင့်အင်း။ အဖြူရောင်ကို အလင်းမြမြလေးပက်ထားတော့ အဖြူရောင်ပါးပါးလေးလိုဖြစ်နေတာပေါ့။ တကယ်တော့ အယုတ်အလျော့ အတိုးအဆုတ်ကင်းလှတဲ့ အဖြူရောင်ညနေခင်းလှလှလေးတစ်ခုပေါ့။

မိုးဖွဲဖွဲလေးစွေပြီးတဲ့အခါ သူနဲ့ကျနော် ခြံထဲကသရက်ပင်ကြီးအောက် သရက်ကင်းကြွေ ထွက်ကောက်ကြမယ်လေ။ အမြဲတစေရှူးဖိနပ်စီးရလေ့ရှိတဲ့ အရပ်ဒေသကလာသူမို့ သူ့ခြေထောက်လေးတွေက ဖြူဖြူနုနုလေး ရှိနေပါလိမ့်မယ်။ ကျနော်ကြိုဝယ်ထားပြီးဖြစ်တဲ့ ယင်းမာဖိနပ်ပါးလေးပေါ်က သူ့ခြေခုံဖောင်းဖောင်းမို့မို့လေးကို ကျနော် ငေးနေမိပါလိမ့်တယ်။ သူ့ရယ်သံကလေးမှာ သံသရာတဆုံးတဖျားထိ ကျနော်ဟာ မျောပါသွားပါလိမ့်မယ်။

သရက်ကင်းလေးတွေကြွေတာ ဘယ်လောက်တောင် ကြာပြီလဲကွယ်။ ကိုယ်ကြွေကျနေခဲ့တာဖြင့် ကြာပါပြီ။

ကံကြမ္မာရယ်...
အခါခါမတိုင်တည်ခဲ့ပါဘူး
ဒီအခွင့်လေးမှမရခဲ့တာကိုဖြင့် ငါသေရာပါရပါတော့မယ်လို့ ခြံလေးထဲမှာ တိုးတိတ်စွာ ကြေကွဲရတော့မယ်။

သစ်ရွက်ကလေး အပင်ကြီးကနေ
ကြွေကျတာကအစ ကျွန်တော်တို့ ရင်ထဲမှာနာပါတယ်
ဒါကြောင့် ...ရင်ထဲကမပါဘူးဆိုရင်
ကင်းကင်းရှင်းရှင်းနေတာ အကောင်းဆုံးပါပဲ။(သက်ထွန်းညိမ်း)

အဲလိုကဗျာတွေ နောက်မရေးပါနဲ့တော့လား ဘိုစိုင်းရေ။ သနားသဖြင့်...သနားသဖြင့်...၊ မင်းသူငယ်ချင်း မောင်ညိမ်းကို သနားသဖြင့်လို့သာ မှတ်လိုက်ပါတော့ကွယ်။

ညိမ်းညို

ps- သစ်ရွက်ခြောက်၊ ကိုယ်၊ ကျနော် ဇာတ်ကောင်အလွဲအမှားများ၊ ကံ ကတ္တားအထားအသို လွဲမှားပွစာကျဲမှုများကို တမင်မျက်စိနောက်အောင် လုပ်ကြံထားခြင်း မဟုတ်ရပါကြောင်းနှင့် သူ့အလိုလို လွဲမှားခဲ့ခြင်းဖြစ်ပါကြောင်း။ နောက်တစ်ကြောင်းကား တင်ခဲ့ပြီးသောအပုဒ်တိုင်းတွင် 'ရယ်' ကို 'ရီ' ဟု တောက်လျှောက်စာလုံးပေါင်းလာခဲ့သော ကျနော့်ကို ဘေးမဲ့ပေးကြပါကုန်ဟုသာ..။

4 comments:

စိုင်းလောဝ်ပိန်း said...

နူးနူးညံညံလေး ခံစားသွားတယ်။ ကျွန်တော်လည်း လွမ်းသွားတယ်ဗျ။ :)

နွေညို said...

အနည်းဆုံးတော့ သူသိသင့်တယ် . . .
တော်တော် စူးစူးနင့်နင့် ခံစားရတယ်. . .

စာမေးပွဲနော် ကိုညိမ်း. . လွမ်းတာလေးလျှော့

Unknown said...

ကဗျာထဲမှာ အလွမ်းတွေနဲ့ပြည့်နေတယ်နော်

ShwunMi- said...

ဘေးမဲ့ပေးပါ