15 October 2009

ရင်ကွဲနာ

ရင်ကွဲနာ

(၁)

သက္ကရာဇ်တို့ တောင်ခါးပန်းမှာ
ငါတို့နှလုံးသွေးနဲ့ ထွင်းခြစ်
သစ္စာရနံ့တို့ ပျံ့ဝေတည်နေပါစေ၊

တံ့တံ့တာရှည် နေ၊ ရေ၊ လေ၊ မီး
ဓာတ်အသီးသီး မငြီးဖောက်ပြန်
ထက်အောက်လှန်ဦး
ချစ်ထုံးသွယ်ယှက် မင်းလက်ကလေး
ဖြေးဖြေးသက်သက် ငါ့ကိုဆက်ပါ
‘သက္ကရာဇ်တို့ တောင်ခါးပန်းမှာ
ငါတို့နှလုံးသွေးနဲ့ ထွင်းခြစ်
သစ္စာရနံ့တို့ ပျံ့ဝေတည်နေပါစေ'

(၂)
မိန်းကလေးရေ
အရိန္ဒမာလှံကို ကိုင်ထားတဲ့
ကျန်စစ်သားဟာ
မင်းလက်ကိုကိုင်ထားတဲ့ ငါလောက်
သတ္တိမရှိပါဘူးကွာ။

ပန်းနုမျက်နှာကလေးကို ငေး
အမည်မသိတေးတစ်စကို မြို
ငါ့အတွက်
လောကဓံဟာ နှစ်လိုဖွယ်ဖြစ်ပေါ့
တစ်ရံရောအခါတွေကို လွမ်းတယ်။

ကဆုန်စိုင်းချင်နေတဲ့မြင်းတစ်ကောင်လို
ဇက်ကြိုးကို မင်းလက်ထဲ သာသာဖွဖွ အပ်ပါရဲ့
ငါ့ကို
ချစ်ခြင်းမေတ္တာကြာပွတ်နဲ့ လွှဲလွှဲရိုက်ပါ
ငါ့ကို
သံယောဇဉ်ကြာပွတ်နဲ့ လွှဲလွှဲရိုက်ပါ
ငါ့ကျောပြင်ကို
မင်းလက်ကလေးနဲ့ လွှဲလွှဲရိုက်ပါ
ခွာတစ်ချက် မရှပ်ပါဘူး
ငါ အားကုန်ပြေးပါ့မယ်
မင်းက
တူနှစ်ကိုယ်ပန်းတိုင်လေးကိုသာ
ကြည့်ထားပေးပါ။

(၃)

စိတ်ညစ်ရင် ရှောင်ဖယ်
အဆင်မပြေရင် ကွယ်ဝှက်
တစ်ခြမ်းထဲရက်စက်ခံတဲ့ ပုံပြင်
ငါ ရင်မခုန်ချင်ဘူး

မင်းရဲ့ မျက်မှောက်ရှေ့မှာ
အန္တရာယ်စီးမိုး ကျားဆိုးနဲ့သတ်ရသတ်ရ
ယောက်ျားလေးဗီဇကို ငါ နှိုးချင်တယ်

အဲဒီလို
တစ်ယောက်ယုံကြည်မှုကို
တစ်ယောက်ယုံကြည်မှုနဲ့ထပ်
ငါတို့ ချစ်ခြင်းကို
အမြတ်ဆုံး လွှင့်ထူချင်တယ်။

တစ်ယောက်ရဲ့ အားအင်နဲ့
တစ်ယောက်ကို ပြည့်ဖြိုး
ငါတို့ဘ၀လေးကို ပျိုးထောင်ချင်တယ်။

စိတ်ညစ်တယ်ဆိုပြီး ရှောင်မဖယ်ပါနဲ့
တစ်ယောက်ထဲနေချင်တယ်ဆိုပြီး ရှောင်မဖယ်ပါနဲ့
မင်းကိုမှ မကာကွယ်နိုင်ရင်
ငါ့ထွက်သက်ဝင်သက်ကို သယ်မလာဘူး မိန်းကလေးရေ။

(၄)

ဖုန်းလေးတစ်ချက်
ဆက်ပါရစေ
စကားလေးတစ်ခွန်း
ဆိုပါရစေ
ကမ္ဘာကို တွန်းရွေ့မဲ့အားတွေ
အဲသည်ကနေ ငါရမှာမို့ပါ။

မင်းနဲ့တွေ့ရင်
လျှပ်ပန်းလျှပ်နွယ်တွေက
ကောင်းကင်ကို ထက်ခြမ်းပိုင်းပြမလိုနဲ့
ခဏချင်းပြိုကွဲသွားကြသလိုမျိုး
ငါ ဘာကြောင့်နှုတ်ဆွံ့ရပါသလဲ၊

မင်းကောင်းကင်မျက်နှာကြက်မှာ
ငါက လင်းအားနည်းလျှပ်ပန်းလျှပ်နွယ်
ဒါပေမဲ့
ငါပျော်တယ် မိန်းကလေးရေ
ငါက ငါ့တစ်ကိုယ်လုံး ထွန်းပွင့်တုန်ခါတဲ့အလင်းမျိုးနဲ့
မင်းကို ထမ်းပိုးချင်တဲ့ကောင်ပေပဲ။

အရိပ်လိုချုပ်နှောင် အမှောင်လိုကြီးစိုး
အဲဒီဘ၀မျိုးကို ငါလည်းမုန်းတတ်ပါတယ်ကွာ

ခွန်အားမဲ့ရိုကျိုး
လက်ဖြန့်မိုးပေးချင်တာပါ
ဖွဲဖွဲကလေးပဲ စွတ်စိုစွတ်စို
သည်းသည်းထန်ထန်ပဲ စွတ်စိုစွတ်စို
အဲဒီစွတ်စိုမှုကို
ငါက ချေချွတ်ချင်တာပါ။

(၅)

မဆုံးနိုင်တဲ့ အလျှံတညီးညီးနဲ့ ကမ္ဘာဦးမီးဟာ
ငါ့အပေါ်ကိုစီးမိုး
သတိရခြင်းမီးခိုးလုံးတွေသာ
ထစ်ချုန်းအုံ့ပျစေလို့ပေါ့။

စုန်းမီးလိုတောက်စားတတ်တဲ့
ညကဝေရေ
ငါ့ရင်ကွဲနာကို ဖက်နဲ့ထုပ်
ဟော..ဟိုက တိမ်သားညိုညိုတွေဖုံးအုပ်လို့
တိတ်တဆိတ်မြုပ်နှံပေးပါ။

‘ချစ်..တယ်’ ဆိုတဲ့စကားနှစ်လုံးဟာ
စနစ်တံဖြုတ်ထားတဲ့
ဗုံးတစ်လုံးလို အန္တရာယ်ကြီးမား
မျက်ရည်တံခါးကို ဖြိုတတ်ပါသလား။

မငိုဘူး...မငိုဘူး
ငါမငိုပါဘူး
ဆိုမြည်ရုန်းဟစ် အသံတွေအစ်ရင်းက
မျက်ရည်တွေ တစစ်စစ်ကျခဲ့ရ
ညတွေ...ညတွေ မှောင်လွန်းခဲ့ပါတယ်။

(၆)

မြနုလင်းချို လရောင်ပျိုရေ
ငါ့ကို ငြိမ်းမှုတ်
သိမ်းထုတ်လိုက်ပါကွယ်

ပြာဝင်းမှုန်လဲ့ သွဲ့သွဲ့လေညင်းရေ
ငါ့ကိုကျောခင်း
နင်းပစ်လိုက်ပါကွယ်

ရင်ဘတ်ဟောက်ပက်
အနာမဲ့ဒဏ်ရာတစ်ချက်နဲ့
အသက်ရှူခြင်းကို ငါမုန်းတယ်။

(၇)

မပျော်တော့ဘူးဆိုတဲ့ လူတစ်ယောက်မှာ
ပျော်စရာ ဘာများကျန်ပါသေးသလဲကွယ်

မီးဇာကုန်ဆီခမ်းနဲ့
စုံလုံးကန်းနေတဲ့ညရေ
မူးမူးနဲ့အိပ်နေတဲ့ ငါ့ကို
လရောင်တစ်ဆင်စာလောက် ရောင်းပါ
လရောင်တစ်ဆင်စာလောက် ရောင်းပါ
လ ရောင် တစ် ဆင် စာ လောက် ရောင်း ပါ
ငါတစ်ယောက်ထဲ မှောင်လွန်းလို့ပါကွာ။

ညိမ်းညို

7 comments:

မယ်ကိုး said...

ကဗျာလေး ကြိုက်လိုက်တာ။

ဗညားရှိန် said...

မင်းနဲ့တွေ့ရင်
လျှပ်ပန်းလျှပ်နွယ်တွေက
ကောင်းကင်ကို ထက်ခြမ်းပိုင်းပြမလိုနဲ့
ခဏချင်းပြိုကွဲသွားကြသလိုမျိုး
ငါ ဘာကြောင့်နှုတ်ဆွံ့ရပါသလဲ၊

ကောင်းလိုက်တာ ဘာလို့များ ဒီလောက်ကောင်းနေတာလဲလို့ လိုက်မွှေလိုက်တာ ဘယ်သူများလဲလို့ စုဗူးက ကိုဖြုးချားပဲ အကိုရေ ကျွန်တော် စုဗူးက ဆက်ပိုင်ပါ ဘလော့ထဲမှာတော့ ဗညားရှိန်နဲ့ ရေးနေပါတယ်ဗျာ

မောင်နွေသစ် said...

စကားလုံးတိုင်းက ထိရှနေလို့...ဘာမှကိုပြောတက်တော့ဘူးဗျာ......။

အမရာ said...

အကိုရေ..တကယ်ပဲရင်ကွဲနာ
ကျရသလိုပါပဲ...ကဗျာရဲ့ဆွဲဆောင်
မှုကစူးရှလှပါတယ်....

ညီမလေး said...

ကိုယ်တောင် ရင်ထဲကအောင့်လာသလိုလိုပဲ ....

ရွှန်းမီ said...

မူးတော့မမူးပါဘူး ဒါပေမယ့်
မြရောင်တစ်ဆင်စာတော့ ဝယ်ချင်တယ်..
စိမ်းစိမ်းစိုစို သစ်တောတွေကို သတိရလို့ပါ..
(ကဗျာနဲ့မဆိုင်လည်း ရေးချင်ရာ ရေးမိပြီ)

ကဗျာကတော့ ဆောင်းဦးမှာ ရွက်ကြွေတောထဲကသစ်ရွက်တွေ ကြွေနေသလိုကို လှတာပါ..

ကောင်းကင်ကို said...

မိန်းကလေးရေ
အရိန္ဒမာလှံကို ကိုင်ထားတဲ့
ကျန်စစ်သားဟာ
မင်းလက်ကိုကိုင်ထားတဲ့ ငါလောက်
သတ္တိမရှိပါဘူးကွာ။

ကောင်းလှချည်လား။
:) ချစ်သတ္တိတွေပေါ့လေ။