22 November 2009

ယုံကြည်မှုပျောက်ဆုံးတဲ့အခါ

ကုပ်ချောင်းချောင်းကုတင်လေးပေါ် ကျောခင်းဖို့ အဆောင်ကိုပြန်မှဖြစ်မယ်လို့ ဆုံးဖြတ်တယ်။ သင်နေရတဲ့စာတွေကို မကျေနပ်ဘူး။ လမ်းမှာတွေ့ရတဲ့လူတွေက လိုတာထက် ပိုရီနေကြတယ်။ ရုပ်ရှင်ရုံက ဘာဖြစ်လို့ ပိုစတာကို အမြင့်ကြီးမှာ ချိတ်ထားရတာလဲ။ ဘာမှမမြင်ရတော့ ဘာမှမသိရတော့ဘူး။ ဘာမှမသိရတော့ မကောင်းဘူးလား၊ ကောင်းတယ်။ ကျေနပ်လား၊ မကျေနပ်ဘူး။ နိမ့်နိမ့်လေးချိတ်ထားပြန်ရင်လည်း ကျေနပ်မှာ မဟုတ်ဘူးဆိုတာ သေချာနေပြန်တယ်။ ကတ္တရာစေးအောက်က မြေကြီးတွေကို ခြေထောက်နဲ့ နင်းတယ်။ ကြားကနေ ဖိနပ်ကလည်း ၀င်နင်းတယ်။ ဘေးမှာ ကုန်တိုက်ကြီးတွေက စပ်ဖြဲဖြဲအရောင်တွေနဲ့ ကြောင်စီစီရပ်နေကြတယ်။ မဟုတ်သေးဘူး။ နောက်ကနေ တကောက်ကောက်လိုက်လာကြတာ။ တောအုပ်ထဲဖြတ်ဝင်လိုက်တော့မှ ဒင်းတို့ ငေါင်စင်းစင်းကျန်ခဲ့ကြတယ်။ နေခဲ့ပေါ့၊ ကျန်ခဲ့ပေါ့။ လေပြေကိုကြောက်တဲ့ကောင်တွေ၊ ရွက်စိမ်းဖားဖားကိုလန့်တဲ့ကောင်တွေ။

လက်မောင်းကကြောက်ဆေးက ငယ်တုန်းကအတိုင်း ထထအော်နေတုန်းပဲ။ မဖြစ်ဘူး၊ လက်ဖျံထဲ အကြောဆေးနှစ်လုံးလောက်တော့ ထိုးသွင်းရမယ်။ တောအုပ်ကလည်း အထဲရောက်လေ မစွံဘူးဆိုတာ ပိုသိရလေပဲ။ သစ်ရွက်တွေ ဒီလောက်ကြွေနေတာကိုက စော်ကားခြင်းတစ်မျိုးပဲ။ ကုန်းကောက်လိုက်တော့ ရှားပါးဒုတ်တိုတစ်ချောင်း လက်ထဲရောက်လာတယ်။ ကံဆိုးပြီ။ ပစ်စရာခွေးက တစ်ကောင်တစ်မြီးမှ ရှိမနေဘူး။ ရှိနေရင်ရော၊ ပစ်မှာလား။ ခွေးတစ်ကောင်ကိုဒုတ်နဲ့ပစ်ဖို့ ကလာပ်စည်းလေးတစ်ခု အမှုန်လေးတစ်မှုန်ကတောင် ခွင့်မပြုနိုင်ဘူး။ ရီစရာပါလား။ မသာရှင်ကို နှစ်သိမ့်သလိုပြောလိုက်ရမှာလား။ ရီချင်ရင် ရီလိုက်လေ၊ ရီလိုက်...ရီလိုက် အောင့်မထားနဲ့...လို့။ ရီချလိုက်တယ်။ ၂လစာလောက်ကြီးကို back date နဲ့ ရီချလိုက်တယ်။ အတိုအစတွေစုထည့်ထားတဲ့ စုဗူးကိုထုခွဲရိုက်ခွဲလိုက်သလို ရီစရာအတိုအစတွေကို အန်ထုတ်လိုက်တယ်။ လူကြီးရှေ့မှာ မြိုသိပ်ထားရတဲ့ ရုံးအကူကောင်လေးက သူပိုင်အခန်းငယ်ထဲရောက်မှ အတိုးနဲ့ တခွီးခွီးရီချသလို ပျစ်ပျစ်နှစ်နှစ် ရီချလိုက်တယ်။

အား!!! (ရင်ခေါင်းထဲမှာပဲ ဒီအသံက လှိုဏ်သံပေါက်ပြီး ပဲ့တင်ထပ်နေတယ်။ အပြင်ကို တစ်စက်မှ ထွက်မလာဘူး)
အထူးအဆန်းတစ်ခုလိုပဲ အံ့သြနေတယ်။ တုန်လှုပ်နေတယ်။ ထိတ်လန့်နေတယ်။ ဒါပေမဲ့ ရီကြည့်ဖို့ ထပ်ခါထပ်ခါ ကြိုးစားနေတုန်းပဲ။

တကယ်တော့ မထူးဆန်းလှပါဘူး။ လူဟာ ယုံကြည်မှုပျောက်ဆုံးတဲ့အခါ ရီလို့တောင်မရတော့တဲ့အကြောင်း သူမသိသေးလို့ ဖြစ်မှာပါ။


7 comments:

သက်ထွန်းညိမ်း said...

အားး
အတူလာအော်သွားတယ်
ဒါပေမယ့် အသံတော့ မထွက်ဘူး
ခုချိန်ထိ ပဲ့တင်ထပ်နေတုန်းပဲ
ဘိုညိမ်းရေ

ကြည်ဖြူပိုင် said...

ယုံကြည်မှုတွေပျောက်ဆုံးနေသူချင်းမို့ ရင်ဘတ်နဲ့ပဲ လာဖတ်သွားခဲ့ပါတယ်

ယောနက်သန် said...

ယုံကြည်မူပျောက်ဆုံးတဲ့အခါမရယ်ကြဘဲ မဲ့ပြုံး ပြုံးကြတယ်ထင်ပါရဲ့။

မနန်း said...

လာဖတ်ပါတယ်ရှင်
လင့်ထားခွင့်ပြုပါ

ကဗျာလှည်းလေး said...

တင်းထား တင်းထား။ မဖျော့နဲ့။ ဖားပုံပြင်ကြားဖူးသလား။ လှုပ်နေတဲ့ဖား ဘယ်တော့မှ ထောပတ်အိုးထဲမှာ မနစ်ဘူး။ :)

အဆင်ပြေ ပျော်ရွှင်ပါစေ ကိုယ့်လူ။

နွေညို said...

အား . . . တင်း . . . ထား . .

တင့်ထူးရွှေ said...

အာာားးးးးးးးးး!
ကျွန်တော်လဲ လာအော် သွားတယ်ဗျာ ။