ပု(ရှ)ကင်
အလက်ဇန်ဒါ စီဂေးယဲဗစ်ခ်ျ ပု(ရှ)ကင်(၁၇၉၉-၁၈၃ရ)ဟာ ထင်ရှားကျော်ကြားလှတဲ့ ကဗျာဆရာကြီးပါ။ ခေတ်သစ်ရုရှစာပေကို ဦးဆောင် တီထွင်ခဲ့တဲ့ စာရေးဆရာကြီးလည်း ဖြစ်ပါတယ်။ ပု(ရှ)ကင်ကို မော်စကိုမှာ ဖွားမြင်ပါတယ်။ ၁၄နှစ်သား အရွယ်မှာပဲ သူ့ကဗျာကို ပထမဆုံးပုံနှိပ်ထုတ်ဝေနိုင်သူ ဖြစ်ခဲ့ပါတယ်။ ကြေးနီမြင်းသည်တော် (The Bronze Horseman) ကဗျာနဲ့ ကျောက်တုံးဧည့်သည် (The Stone Guest) ဒရမ်မာပြဇာတ်တို့ဟာ ဂန္တ၀င်လက်ရာများအဖြစ်နဲ့ ကမ္ဘာ့စာပေသမိုင်းမှာ ထင်ရှားပါတယ်။ ပု(ရှ)ကင်ရဲ့ ကဗျာတွေကို အင်္ဂလိပ်ကဗျာဆရာကြီး ဘိုင်ရွန်(၁၇၈၈-၁၈၂၄)ရဲ့ ကဗျာတွေနဲ့ နှိုင်းယှဉ်ကြလေ့ ရှိတယ်။ သူ့ကို ရုရှရဲ့ ဘိုင်ရွန်လို့လည်း ခေါ်ကြပါသေးတယ်။ ရုရှနယ်နိမိတ်ကို ကျော်ပြီး ကမ္ဘာမှာ ထင်ရှားခဲ့တဲ့ ရုရှစာရေးဆရာတွေထဲမှာတော့ ပွတ်ရှကင်ဟာ အဦးဆုံးပဲလို့ ဆိုကြပါတယ်။
မြန်မာစာဖတ်ပရိသတ်နဲ့ ရင်းနှီးပြီးဖြစ်တဲ့ "သေနတ်သံ" ၊ "စပိတ်ကွင်း" စတဲ့ ၀တ္ထုတိုများဟာ ကဗျာဆရာကြီး ပု(ရှ)ကင်ရဲ့ လက်ရာတွေပါပဲ။ ဒါ့အပြင် သူ့ရဲ့ ကျော်ကြားလှတဲ့ ဗြဲ(လ)ကင်ပြောသော ပုံဝတ္ထုများအတွဲကို ဆရာကြီးမောင်ထင်က ဘာသာပြန်ဆိုခဲ့ပါတယ်။ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ၀တ္ထုတချို့မှာလည်း ပွတ်(ရှ)ကင်ရဲ့ ကဗျာတွေကို ဖွင့်ဆိုခံစားပြတာကို တွေ့နိုင်ပါတယ်။
ယူဂျင်းအော်ညီဂင်
ယူဂျင်းအော်ညီဂင်(၁၈၃၃)ကတော့ ပွတ်(ရှ)ကင်ရဲ့ အကောင်းဆုံးတွေထဲက အကောင်းဆုံး လက်ရာတစ်ခုပါပဲ။ ၁၉ရာစု ရုရှဝတ္ထုရှည်ကြီးတွေရဲ့ ကနဦးအစလို့လည်း ဆိုနိုင်ပါတယ်။ ဒီဝတ္ထုကြီးထွက်တော့ "ကာရာမာဇော ညီအစ်ကိုများ" ကိုရေးတဲ့ စာရေးဆရာကြီး ဒေါ့စတာယက်စကီးမှ ၁၂နှစ်သား၊ "စစ်နှင့်ငြိမ်းချမ်းရေး" ရဲ့ဖခင် လီယိုတော်လ်စတွိုင်းမှ ၅နှစ်သား အရွယ်သာရှိသေးတာပေါ့။ ယူဂျင်းအော်ညီဂင်ထဲက ဇာတ်လိုက်မ "တာတီယားနား"ဟာ ထင်ရှားတဲ့ ရုရှဇာတ်လိုက်မင်းသမီးတွေနေရာမှာ အခုတိုင်အောင် နံပါတ်တစ်နေရာမှာ ရှိနေဆဲလို့ ဆိုပါတယ်။
ယူဂျင်းအော်ညီဂင်ဟာ စကားပြေ ၀တ္ထုသက်သက်သာ မဟုတ်၊ ကဗျာရှည်ကြီး တစ်ပုဒ်ဆိုရင်လည်း မှန်ပါတယ်။ မဟာကဗျာရှည်၊ ကဗျာဝတ္ထုကြီး အဖြစ်နဲ့လည်း သမိုင်းတွင်ခဲ့လို့ပါပဲ။ ဒီဝတ္ထုကိုရေးဖို့ ပု(ရှ)ကင်က ၁၄ကြောင်းတစ်ပိုဒ်ရေးနည်း (14-Line Stanza) ကိုတီထွင်ခဲ့တယ်။ ရုရှစာရေးဆရာကြီး တူရဂေညက်(၁၈၁၈-၁၈၈၃)က ဒီဝတ္ထုထဲက စာကြောင်းတစ်ကြောင်းအတွက် သူ့လက်သန်း နှစ်ဖက်စလုံးကိုတောင် ပေးနိုင်တယ်လို့ ဆိုပါတယ်။
ယူဂျင်းအော်ညီဂင်ဟာ Eugene Onegin ကိုနီးစပ်အောင် မြန်မာသံလှယ်ထားတာလို့ မှတ်သားဖူးပါတယ်။ ရုရှအခေါ်နဲ့ အတော်နီးစပ်အောင် ရေးရရင် (Евгений Онегин) ယက်ဖဂဲညီးရ် သြညဲဂင်လို့ သုံးနိုင်မယ် ထင်ပါတယ်။ ကျနော်တို့ဆီမှာတော့ ဆရာဒေါင်းနွယ်ဆွေနောက်ပိုင်းမှာ ကဗျာတ္ထုတွေ မရှိသလောက် ကျဲပါးလာခဲ့ပါတယ်။ ကဗျာရဲ့ အရွေ့ပြောင်းလဲမှုလား၊ အနုပညာပစ္စည်းပါးရှားမှုလား ဆိုတာကတော့ ကျနော်တို့ ဆင်ခြင်ကြည့်စရာ အကြောင်းတစ်ခုပါပဲ။
ထုတ်ဝေပုံ
ဝတ္ထုမှာ ပင်မအခန်းကြီး ရှစ်ခန်းရယ်၊ အခန်း၉လို့ ဆိုနိုင်တဲ့ "ယူဂျင်းရဲ့ ခရီးစဉ်"နဲ့ အခန်း၁၀လို့ ဆိုနိုင်တဲ့ "နောက်ဆက်တွဲ" တစ်ပိုင်းတစ်စတို့ရယ် ပါဝင်ပါတယ်။ အစောပိုင်းမှာ အားလုံးကို တစ်ပေါင်းတစ်စည်းထဲ ပုံနှိပ်ထုတ်ဝေတာ မဟုတ်ပါဘူး။ ရေးပြီးသမျှကို အခန်းလိုက် တစ်ပိုင်းချင်းစီ ထုတ်ခဲ့သဘောမျိုးပါ။ ပထမသုံးခန်းရေးအပြီး ၁၈၂၅မှာ ပထမဆုံးအခန်းကို ထုတ်ပါတယ်။ အဲဒီတုန်းက အမှာစာမှာ ပု(ရှ)ကင်က နောက်ဆက်တွဲမရှိလို့ ဆိုပါတယ်။ တစ်အုပ်နဲ့တစ်အုပ် အတော်ကြီးခြားပြီးမှ ထုတ်ခဲ့ပါတယ်။ ၁၈၃၃ မှာတော့ တစ်ပေါင်းတစ်စည်းထဲ ထုတ်ဝေလိုက်ပါတယ်။ အခန်းကြီး တစ်ခန်းဆီမှာပါတဲ့ ကဗျာပိုဒ်တွေကိုလည်း တဆက်ထဲ ရေးခဲ့တာမဟုတ်ပါဘူး။ တစ်ပိုဒ်ချင်း စိတ်ကူးဉာဏ်ဝင်စားတဲ့ အတိုင်းရေးသွားပါတယ်။ အဲဒီလို ရေးပြီးသွားတဲ့ ကဗျာပိုဒ်တွေကိုမှ စီစဉ်ကျအောင် အကြိမ်ကြိမ် ပြင်ဆင်တည်းဖြတ်၊ အထပ်ထပ် မွမ်းမံခြယ်မှုန်း ရုပ်လုံးပေါ်စေခဲ့ခြင်းဖြစ်တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။
နောက်ခံအခင်းအကျင်းနဲ့ ဇာတ်သိမ်း
နိုင်ငံခြားရေးဌာနမှာ အမှုထမ်းနေတဲ့ ပု(ရှ)ကင်ဟာ သူ့ရဲ့ တိုးတက်တဲ့ အတွေးအမြင်တွေကြောင့် ဝေးလံတဲ့ တောင်ပိုင်းဒေသကို အပို့ခံခဲ့ရတယ်။ ခရိုင်းမီးယား ကျွန်းဆွယ်ဟာ ဇာတ်လမ်းပေါက်ဖွားရာ ဒေသပေါ့။ ပု(ရှ)ကင်က သူရဲ့ ၂၁နှစ်မြောက်မွေးနေ့အပြီး ၁၈၂၀မှာ အဲဒီကျွန်းကို ရောက်သွားပါတယ်။ ပု(ရှ)ကင်ဟာ နယ်နှင်ဒဏ်ခံနေရစဉ် ၁၈၂၃ မှာပဲ သူ့ရဲ့ ဂန္တ၀င်မြောက် ယူဂျင်းအော်ညီဂင်ကို စရေးပါတယ်။ နောက် ၈နှစ်အကြာမှာ အဲဒီကျွန်းကို သူထပ်ရောက်ပြန်တယ်။ ၁၈၃၀ စက်တင်ဘာမှာ နောက်ဆုံးအခန်းကို အပြီးသတ်နိုင်ခဲ့တယ်။ တာတီးယားနားဆီပေးတဲ့ အော်ညီဂင်ရဲ့ စာကိုတော့ နောင်တစ်နှစ်အကြာမှာ ရေးခဲ့ပါတယ်။ နောက်ဆက်တွဲ အခန်း၁၀ရဲ့ အပိုင်းအစတွေကို သူကွယ်လွန်းပြီးမှ တွေ့ကြရတယ်။ အဲဒီ နောက်ဆက်တွဲအခန်း၁၀ ကို ဘယ်လိုဘယ်ပုံ ဇာတ်သိမ်းမယ်ဆိုတာကိုတော့ မမှန်းဆနိုင်ကြဘူးပေါ့။ နောက်ခံသမိုင်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေအတွက် နီကိုလပ်ဘုရင်ကို ဖြုတ်ချပြီး ကွန်စတင်တိုင်ကို နန်းတင်ဖို့ ကြိုးစားနေတဲ့ ဒီဇင်ဘာပုန်ကန်မှုကြီး ဖြစ်ပွားနေချိန်။ အဲဒီပုန်ကန်မှုကြီးကို ပါဝင်ခေါင်းဆောင်ကြတာက တိုးတက်သော တော်လှန်ရေးအဖွဲ့ဝင် စစ်အရာရှိကြီးတွေဖြစ်နေတာမို့…။
အော်ညီဂင်ကို အဲဒီပုန်ကန်မှုကြီးမှာ ပါဝင်စေပြီး နိဂုံးချုပ်လေမလား။ ဒါမှမဟုတ် တာတီးယားနားရဲ့ ခင်ပွန်းသည် ဗိုလ်ချုပ်ကြီးကို ပြစ်ဒဏ်ကျခံစေပြီး အော်ညီဂင်အတွက် လမ်းဖွင့်ပေးလေမလားဆိုတာကတော့ ပု(ရှ)ကင်ပရိသတ်များအတွက် ပု(ရှ)ကင်ထားခဲ့တဲ့ အဆုံးမသတ်သော တွေးတောစရာများလို့ ဆိုရမှာပါ။
ယူဂျင်းအော်ညီဂင်ကို ရုရှဂီတပညာရှင်ကြီး ချိုင်ကော့စကီးက အော်ပရာ တင်ဆက်ကပြတဲ့အခါမှာလည်း အထူး အောင်မြင်ကျော်ကြားလှပါတယ်။ပု(ရှ)ကင်ရဲ့ ကာရန်တွေက သူ့အလိုလို တေးဆိုနေကြတာပဲလို့ ချိုင်ကော့စကီးက ပြောပါတယ်။
အထင်ကရ ကဗျာဆရာကြီးဟာ အသက် ၃၇နှစ်၊ ငယ်ငယ်ရွယ်ရွယ်မှာ သေရှာတယ်။ သူ့ဝတ္ထုတွေမှာ ရေးတတ်လေ့ရှိသလို ဒွေး(The Duel)ခေါ် တစ်ဦးချင်စိန်ခေါ်ပွဲမှာ သေနတ်ကျည်ဆံ ထိမှန်ပြီး သေဆုံးရှာတယ်။ ပု(ရှ)ကင်ရဲ့နေအိမ်ဟာ အင်မတန် ခမ်းနားလှတယ်။ သူရဲ့နေအိမ်ကို ပြတိုက်ဖွင့်လှစ်ပီး နိုင်ငံအနေနဲ့ မြတ်မြတ်နိုးနိုး ထိန်းသိမ်းစောင့်ရှောက်ထားတာကို တွေ့နိုင်ပါတယ်။ ပူဇော်ထိုက်သူကို ပူဇော်ခြင်းဟာ မင်္ဂလာတစ်ပါးလို့ ဗုဒ္ဓတရားတော်မှာ ပါပါတယ်။ ထို့နည်းတူ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်း၊ နေရာပေးထိုက်သူကို နေရာပေးခြင်းဟာလည်း မင်္ဂလာမည်မယ်လို့ ထင်ပါတယ်။
ပြတိုက်ပြုလုပ်ထားရာ နေအိမ်
စာကိုး။ ။ ကမ္ဘာကျော်စာအုပ်တစ်ရာ၊ နွယ်သစ်၊ ၁၉၇၅။
ကမ္ဘာ့စာပေအကြောင်း တစေ့တစောင်း၊ နတ်နွယ်။
En.wikipedia.org/wiki/Eugene-Onegin#Arndt-and-Nabokov
ညိမ်းညို
3 comments:
ရုရှမှာတော့ တကယ့် ပုဂ္ဂိုလ်ကြီးပဲကွာ။ လေးစားလောက်ပါတယ်။ အသက်ငယ်ငယ်နဲ့ ဆုံးပါးသွားတာက နှမျောစရာပဲ။
အဲဒီအိမ် ပုံတွေ ငါ့ဆီရှိတယ်။ မျောက်နှစ်ကောင် လူတစ်ယောက် တွဲလျှက်တွေပါနေလို့ မပို့ပေးတော့ပါဘူး။ :D :P
ဆရာညိမ်းလေး
ကျနော်လည်း ရုရှားစာပေကို စိတ်ဝင်စားတယ်။ ငယ်စဉ်တုန်းကတော့ ထုံးစံအတိုင်း မာယာကော်စကီးတို့ 
အုပ်စုပေါ့ဗျာ။ကြီးလာတော့ အိုစစ်မင်ဒယ်စတန်းတို့ ဆီ
ရောက်သွားတယ်။ခင်ဗျားရေးမှပဲ ကျနော်လည်းရုရှားကဗျာအကြောင်း ရေးချင်လာတယ်။
ကျေးဇူး
အေးကွာ ... နာမည်ကြီးတဲ့သူတွေ ဆို စောစောကြွေတာများတယ် ... စိတ်မကောင်းစရာပဲကွာ .. ပြတိုက်ရောက်တုန်းကဆို
သူအကြမ်းရေးထားတာလေးတွေ ပြထားတာက အစ ငါဆိုအကုန်လိုက်ဖတ်ကြည့်တယ် ...
Post a Comment