27 August 2009

ဘာထူးလဲ

ဘာထူးလဲ
တစ်နေ့လာလဲ ဒါ
နောက်တစ်နေ့လာလဲ ဒါ။

ကိုယ့်ကိုယ်ကိုယ် ကြိတ်စက်ထဲထည့်ပြီး မချိမဆန့် ညှစ်ချကြည့်လိုက်ချင်တယ်
ပျော့ပြဲထွက်ကျလာမဲ့ ဆင်ခြင်သုံးသပ်မှုမစင်ရည်တွေကို
ကိုယ့်လက်နဲ့ကိုယ်ပြန်ထိရမှာတောင် ရွံလွန်းလို့
စိတ်ကူးကို အသာခေါက်သိမ်းထားရတယ်။

ဘာထူးလဲ
တစ်နေ့လာလဲ ဒါ
နောက်တစ်နေ့လာလဲ ဒါ
ငါ့အသုံးမကျမှုက ကမ္ဘာလုံးကြီးကိုအမှိုက်တောင်းလုပ်ရင်တောင်
လွှင့်ပစ်ဖို့ မလုံလောက်သေးဘူး။

ဘာထူးလဲ
တစ်နေ့လာလဲ ဒါ
နောက်တစ်နေ့လာလဲ ဒါ
ကဗျာကို ဒီထက်ပိုကောင်းအောင် မရေးနိုင်တော့ဘူးလား
ငါ့ဦးနှောက် ငါ့နှလုံးသား ငါ့လက်တွေ
ကြိမ်တို့ရုံနဲ့ ရရင်ရ
မရရင် ချွန်းနဲ့ပေါက်ပစ်မယ်။

ညိမ်းညို

9 comments:

အမရာ said...

အကိုရေ..စိတ်ကြီးလှချည်လား.....
ကဗျာတွေကတော့လွှတ်ကောင်းနေတုန်းလေ....
မကျေမနပ်နဲ့ရေးထားတဲ့အရေးအသား
ပေမယ့်ကောင်းနေတာပဲ..အကိုရေ....

လင်းဒီပ said...

ဟုတ်တယ်ဟေ့..တခါတလေ ကိုယ့်လက်ကို ငြီးငွေ့တယ်...။

mgngal said...

ဒါကိုပဲ စောင့်နေတာ ။ ချွန်းနဲ့ ပေါက်မယ့်အချိန်ကို ။ ကဗျာတွေ လွှတ်ရေးဗျာ ကိုညိမ်း ။ ၀ယ်လိုအားက အများအပြားပါ ။ ;)

ကြယ်ပြာ said...

တနေ့လာလဲ ဒါ ... တနေ့လာလဲ ဒါ တဲ့ ....
ကိုယ်တစ်ယောက်တည်းမဟုတ်တာသိရလို့ အားတော့ရှိသား ....

မိုးလှိုင်ည said...

မှန်လိုက်တာ
ကိုညိမ်းညို

ကျွန်တော်လည်း ဘာထူးလဲ ဘ၀မှာလို
ဖြစ်နေပြီ အစ်ကို

အိုင်လွယ်ပန် said...

အနူနူပဲ ကိုညိမ်းရေ ..
ဘာထူးလဲဝေးးးးးးးး ။

နွေညို said...

ဟုတ်ပကိုညိမ်းရေ . . . ဘာမှမထူးဘူးဗျး)

မင်းကျန်စစ်။ said...

ဆြာညိမ်း ခင်များကသာ ဘာမှ မထူးဘူးလုပ်နေ။
ကျုပ်တို့တော့ ဖတ်တိုင်း ထူးလွန်းလို့။

ညိမ်းညို said...

ဆြာကျန်ရေ ပြင်ပေးတာကျေးဇူးဗျး)