25 November 2009

ခွဲချင်ခွဲပလေ့စေ ငါတို့နေတာ တောင်ထိပ်မှာ

မီးခလုတ်ကို ပိတ်လိုက်ပြီ
အခန်းဟာ မှောင်သွားပြီ
စောင်ကို ခေါင်းမြီးခြုံလိုက်ပြီ
အမေ့သားနှစ်ဆယ့်ငါးနှစ်သားကြီး
မလိမ်မိုးမလိမ်မာနဲ့ ငိုငိုနေရတာ ဘယ်သူမှမသိပါစေနဲ့
အဲဒီလို ဘယ်နှစ်ညဆုတောင်းရဦးမှာလဲခရေ။

ကဗျာရေးဖို့ အချက်အလက်တွေဟာ အတော်ပဲများပါတယ်
ဒါပေမဲ့ ဒီလိုနေ့ရက်တွေကို မပျော်ရွှင်ဘူးခရေ။

သဘာဝကြီးက အလိုလိုက်ထားပါလျက်
တောပန်းကလေးတွေတောင် နေရောင်အောက်မှာ သနပ်ခါးအဖွေးသားရှိပါလျက်
ကဗျာတွေ ဆွေးဆွေးမြေ့မြေ့ရေးနေရ
ရင်ထဲနင့်နေအောင် သိပ်သည်းရ
ပါးဟက်ထဲငမျှားချိတ်(ငါးမျှားချိတ်)အတွယ်ခံရတဲ့ငါးလို ယက်ကန်ရုန်းဖယ်နေရ
ငှက်တွေလိုစိုစွတ်မိုးရေကို အတောင်ခါချလို့လည်းမရ
ဒီလိုနေ့ရက်တွေကို မပျော်ရွှင်ပါဘူးခရေ။

အားကိုးရာရွှေတောင်ကြီး ပြိုလေပြီ ဘာဘာညာညာ
ရာဇ၀င်ပုံဝတ္ထုတွေထဲ မကြာမကြာတွေ့ရ
ရွှေတောင်ကြီးပြိုတာ ဘာဟုတ်သေးလို့လဲ
သစ္စာတောင်ကြီးပြိုရင်သာ အားလုံးပြိုလဲကုန်တာပါ ခရေ...ရာ။

ခွဲချင်ခွဲပလေ့စေ ငါတို့နေတာ တောင်ထိပ်မှာတဲ့
ရယ်စရာဒီအသောလေးလည်း လေထဲမျောသွားပြီ ခရေ...ရေ

ပေခုံပေါ်ရောက် မီးအမြှိုက်ခံထားရတဲ့သံရိုင်းတုံးက
နာနာထုနှက်ပေးမဲ့တူအပေါ် လိုလားစွာကျိုးနွံသလိုမျိုး
ငါ ကျိုးနွံခဲ့ချင်တာပါ
ရက်ပေါင်း ၈၄၀စာ ချစ်တယ်ဆိုတဲ့ နှုတ်ထွက်စကား
ခဏလေးနဲ့ပျောက်သွားအောင် နင်ဘယ်အတတ်နဲ့ ဖျောက်ပစ်လိုက်တာလဲဟာ။

ညိမ်းညို

သူငယ်တန်းကျောင်းသားတုန်းက ရွာဘုန်းကြီးကျောင်းမှာ မနက်တိုင်းကောက်ခဲ့ဖူးတဲ့
ခရေပွင့်တွေကို သတိရတယ်။ ခရေပင်ကြီးကို သတိရတယ်။
သာမာန်အားဖြင့် ကဗျာတွေကို အောက်ခြေရှင်းတမ်း မရေးဖြစ်ပါဘူး။
ရက်ပေါင်း၈၄၀စာ ယုံထင်ကြောင်ထင် ကိန်းဂဏာန်းတစ်ခုအတွက်
အမှန်တကယ်လည်း လှိုက်လှိုက်လှဲလှဲ သတိရဖြစ်တဲ့ ခရေပင်ကြီးနဲ့ ‘ကာ’ လိုက်ပါတယ်။ ဆင်ချင်တဲ့အ၀တ်အစားတွေဆင်ထားပြီး လှချင်တိုင်းလှနေတဲ့ စာခြောက်ရုပ်တွေကိုလည်း တဆက်တည်း လွမ်းဆွတ်မိပါကြောင်း။


24 November 2009

သေပေါ့

စိတ်ညစ်လို့ မြစ်ကမ်းနံဘေး သွားထိုင်တဲ့လူတစ်ယောက် သပွတ်အူမျှောလာတာနဲ့ ကြုံရဆိုလားဘာလား။ နဲနဲ ပြန်ကိုးကားချင်တယ်။ ငါသွားထိုင်တော့ သပွတ်အူထဲ ဆံချည်မျှင်တစ်ထွေး ငြိပါလာသေးတယ်ဆိုရင် ငါ ပလီရာကျမလား။ ငါ့ရှေ့က စပိဘုတ်က တော်တော်နှေးတာပဲ။ သူ့နာမည်ထဲပါနေတဲ့ speed ဆိုတဲ့စကားလုံးကိုမှ အားမနာ။ မြွေကိုပခြုပ်ထဲထည့်ထားသလို မြစ်ကိုအနားသတ်ထားတာ ဘယ်သူ့ လက်ချက်လဲ။ အပိုးကျိုးနေတဲ့မြွေတွေက အပိုးကျိုးနေတဲ့မြစ်ထဲမှာတောင် ရေဆင်းမကူးရဲတော့တာ ဒါကြောင့်ဖြစ်မယ်။ မြစ်မှာ ကမ်းရှိတယ်။ လမ်းမှာ နှုတ်ခမ်းရှိတယ်။ ပန်းခြံက အကာအရံနဲ့။ နိုင်ငံ မြို့ ရွာတွေက နယ်နိမိတ်တွေနဲ့။ ကမ္ဘာကြီးမှာတောင် အနားသတ်မျဉ်းတွေနဲ့၊ စကြာဝဠာကတော့ သူ့အပေါ်ကွမ်းတံတွေးထွေးလို့ မရသေးတာတစ်ခုနဲ့ပဲ လူတွင်ကျယ်ပေါ့။ သေချာတယ်။ ဒီကောင့်မှာလည်း စည်းရှိမှာပဲ။ တွေ့တဲ့တစ်နေ့မှ အဲဒီစည်းပေါ်တည့်တည့်ကို ကွမ်းတံတွေးထွေးကြည့်ဦးမယ်။ စည်းတွေ မရှိရဘူးလား။ စည်းတွေမရှိရင် စည်းဖောက်သူတွေ ဘယ်ရှိတော့မလဲ။ ငါ ထော်လော်ကန့်လန့် တွေးတယ်။ ငါ့နှုတ်ခမ်းငါကိုက်တာ တစ်ပါးသူပါးကို ရိုက်တာမှမဟုတ်ဘဲ။ လူမိုက်ပါ။ သူ့ဆင်ခြေနဲ့ သူနေတယ်။ အိမ်ခြေယာခြေမဲ့သလို ခံစားမှုမဲ့ရင် ကောင်းမယ်။ ဒါဆို ခံစားမှုခြေသလုံးအိမ်တိုင် လုပ်ပစ်မယ်။ လာထား..၊ အမြစ်မတွယ်တဲ့သစ်ပင် ဘယ်မှာအမြစ်ကျွတ်မလဲ။ နံပြားဖိုကြီးလို တရှိန်းရှိန်းပူလောင်ခဲ့ရတာကို ငါကြောက်တယ်။ ဒီနေရာမှာ သေပေါ့လို့ ပြောမယ်။ သေပေါ့၊ ပြောရတာအရသာတွေ့တယ်။ ခံတွင်းလည်းလိုက်တယ်ဆိုရင် ပြောလိုက်ပါ၊ သေပေါ့...လို့။

သေပေါ့။ စကြာဝဠာကြီးတောင်ကွေးနေမှပဲ၊ အာကာသကြီးတောင် ကွေးနေမှပဲ။ အကွေးစကြာဝဠာကြီးထဲ အကွေးအာကာသကြီးထဲ ငါလိုကောင်တစ်ကောင်ကွေးနေတာ ဘာဆန်းလဲ...သေပေါ့။ လက်ထိပ်မှာ လိပ်ပြာအကောင်တစ်သိန်းလောက်မွေးပြီး ကိုယ့်စကားလုံးတွေနဲ့ကိုယ် အပင်းဆို့ပြီး သေပေါ့။ လွမ်းစရာလည်းမဟုတ်၊ စခန်းသာလည်းမဟုတ်။ ဆဲလို့လည်းမရ တည်းလို့လည်းမရ။ ဘ၀ဆိုတဲ့အခွံကို ခဏကောက်စွပ်လာတဲ့မောင်၊ ချွတ်ထားခဲ့တဲ့အခါမှာသာ လျှော်ဖွပ်ပြီးသားဖြစ်ဖို့ မမေ့လေနဲ့။ သေပေါ့...။

ညိမ်းညို

22 November 2009

ယုံကြည်မှုပျောက်ဆုံးတဲ့အခါ

ကုပ်ချောင်းချောင်းကုတင်လေးပေါ် ကျောခင်းဖို့ အဆောင်ကိုပြန်မှဖြစ်မယ်လို့ ဆုံးဖြတ်တယ်။ သင်နေရတဲ့စာတွေကို မကျေနပ်ဘူး။ လမ်းမှာတွေ့ရတဲ့လူတွေက လိုတာထက် ပိုရီနေကြတယ်။ ရုပ်ရှင်ရုံက ဘာဖြစ်လို့ ပိုစတာကို အမြင့်ကြီးမှာ ချိတ်ထားရတာလဲ။ ဘာမှမမြင်ရတော့ ဘာမှမသိရတော့ဘူး။ ဘာမှမသိရတော့ မကောင်းဘူးလား၊ ကောင်းတယ်။ ကျေနပ်လား၊ မကျေနပ်ဘူး။ နိမ့်နိမ့်လေးချိတ်ထားပြန်ရင်လည်း ကျေနပ်မှာ မဟုတ်ဘူးဆိုတာ သေချာနေပြန်တယ်။ ကတ္တရာစေးအောက်က မြေကြီးတွေကို ခြေထောက်နဲ့ နင်းတယ်။ ကြားကနေ ဖိနပ်ကလည်း ၀င်နင်းတယ်။ ဘေးမှာ ကုန်တိုက်ကြီးတွေက စပ်ဖြဲဖြဲအရောင်တွေနဲ့ ကြောင်စီစီရပ်နေကြတယ်။ မဟုတ်သေးဘူး။ နောက်ကနေ တကောက်ကောက်လိုက်လာကြတာ။ တောအုပ်ထဲဖြတ်ဝင်လိုက်တော့မှ ဒင်းတို့ ငေါင်စင်းစင်းကျန်ခဲ့ကြတယ်။ နေခဲ့ပေါ့၊ ကျန်ခဲ့ပေါ့။ လေပြေကိုကြောက်တဲ့ကောင်တွေ၊ ရွက်စိမ်းဖားဖားကိုလန့်တဲ့ကောင်တွေ။

လက်မောင်းကကြောက်ဆေးက ငယ်တုန်းကအတိုင်း ထထအော်နေတုန်းပဲ။ မဖြစ်ဘူး၊ လက်ဖျံထဲ အကြောဆေးနှစ်လုံးလောက်တော့ ထိုးသွင်းရမယ်။ တောအုပ်ကလည်း အထဲရောက်လေ မစွံဘူးဆိုတာ ပိုသိရလေပဲ။ သစ်ရွက်တွေ ဒီလောက်ကြွေနေတာကိုက စော်ကားခြင်းတစ်မျိုးပဲ။ ကုန်းကောက်လိုက်တော့ ရှားပါးဒုတ်တိုတစ်ချောင်း လက်ထဲရောက်လာတယ်။ ကံဆိုးပြီ။ ပစ်စရာခွေးက တစ်ကောင်တစ်မြီးမှ ရှိမနေဘူး။ ရှိနေရင်ရော၊ ပစ်မှာလား။ ခွေးတစ်ကောင်ကိုဒုတ်နဲ့ပစ်ဖို့ ကလာပ်စည်းလေးတစ်ခု အမှုန်လေးတစ်မှုန်ကတောင် ခွင့်မပြုနိုင်ဘူး။ ရီစရာပါလား။ မသာရှင်ကို နှစ်သိမ့်သလိုပြောလိုက်ရမှာလား။ ရီချင်ရင် ရီလိုက်လေ၊ ရီလိုက်...ရီလိုက် အောင့်မထားနဲ့...လို့။ ရီချလိုက်တယ်။ ၂လစာလောက်ကြီးကို back date နဲ့ ရီချလိုက်တယ်။ အတိုအစတွေစုထည့်ထားတဲ့ စုဗူးကိုထုခွဲရိုက်ခွဲလိုက်သလို ရီစရာအတိုအစတွေကို အန်ထုတ်လိုက်တယ်။ လူကြီးရှေ့မှာ မြိုသိပ်ထားရတဲ့ ရုံးအကူကောင်လေးက သူပိုင်အခန်းငယ်ထဲရောက်မှ အတိုးနဲ့ တခွီးခွီးရီချသလို ပျစ်ပျစ်နှစ်နှစ် ရီချလိုက်တယ်။

အား!!! (ရင်ခေါင်းထဲမှာပဲ ဒီအသံက လှိုဏ်သံပေါက်ပြီး ပဲ့တင်ထပ်နေတယ်။ အပြင်ကို တစ်စက်မှ ထွက်မလာဘူး)
အထူးအဆန်းတစ်ခုလိုပဲ အံ့သြနေတယ်။ တုန်လှုပ်နေတယ်။ ထိတ်လန့်နေတယ်။ ဒါပေမဲ့ ရီကြည့်ဖို့ ထပ်ခါထပ်ခါ ကြိုးစားနေတုန်းပဲ။

တကယ်တော့ မထူးဆန်းလှပါဘူး။ လူဟာ ယုံကြည်မှုပျောက်ဆုံးတဲ့အခါ ရီလို့တောင်မရတော့တဲ့အကြောင်း သူမသိသေးလို့ ဖြစ်မှာပါ။


17 November 2009

ဝဋ်ကောင်

ဝဋ်ကောင်

မကောင်းတဲ့အကြောင်းရှိခဲ့လို့
မကောင်းတဲ့အကျိုးရတယ်လို့ မှတ်ပါတယ်
အသံတစ်ခုရဲ့ စွဲလမ်းမှုမှာတောင်
ကျနော် ငရဲကျနေပြီအမေ။

အမေ့လည်ပင်းခိုပြီး တခါလောက်ငိုခွင့်ရရချင်တယ်ဗျာ
အရမ်းပူလောင်တယ်အမေရယ်
ကျနော်က ကန်ရေပြင်ပါ
ပင်လယ်ထဲကျတဲ့မုန်တိုင်းမျိုးမှ ဘာလို့လာတိုက်ရတာလဲ။

လုပ်ရဲတာသတ္တိမဟုတ်ဘူး ခံရဲတာသတ္တိဆို
ကျနော်ဘယ်အထိခံရဦးမှာလဲ
အကျေခံပါ့မယ်အမေရယ်
မမြင်ရတဲ့ဝဋ်ကြွေးတွေအတွက်ရော ပြုမှားမိတာတွေအတွက်ရော
ကျနော်ကျေအောင်ခံပါ့မယ်
ပြုသူအသစ်မဖြစ်ချင်ပါဘူး ဖြစ်သူအဟောင်းပဲဖြစ်ပါစေတော့
ကျနော် ကျေအောင်ဆပ်ပါ့မယ်
မီးလောင်နေတဲ့ရင်ခွင်တစ်ခုက တချိန်မှာ လူအများကိုအေးရိပ်ပေးနိုင်ချင်ပါသေးတယ်
လောင်နေတဲ့မီးတွေကို မငြှိမ်းလိုက်ပါနဲ့ဗျာ
ကျနော်ကျေအောင် ဆပ်ပါ့မယ်။

ညိမ်းညို

ထပ်မံသိရှိခဲ့ရသော

ထပ်မံသိရှိခဲ့ရသော

ရှိုးကေ့ထဲကအရုပ်ကလေးဟာ
ကိုယ့်လက်ထဲမရောက်သေးသရွေ့ ကိုယ်မပိုင်သေးပါ
ကိုယ့်လက်ထဲကအရုပ်လေးဟာ
ကိုယ်နဲ့အတူအမြဲရှိမနေသေးသရွေ့ ကိုယ်ပိုင်မဟုတ်သေးပါ
ကိုယ်နဲ့အတူအမြဲရှိနေတဲ့အရုပ်ကလေးတောင်မှ ကိုယ်ပိုင်မဟုတ်သေးပါ
တစ်နေ့ သူ ထွက်ခွာသွားချင်သွားဦးမှာ
တစ်ဦးနှလုံးသားမှာတစ်ဦး ထပ်တူကြည်နူးချမ်းမြေ့နိုင်မှသာ
တစ်ဦးကိုတစ်ဦး လေးနက်စွာပိုင်ဆိုင်ကြလေတာ
ဘ၀အဆက်ဆက်တိုင် ပေါင်းဖက်ချင်ကြရှာ
သေသည်ထိ မခွဲတော့ပါ။

ညိမ်းညို

15 November 2009

လွမ်းတယ်

သစ်တောစိမ်းစိမ်းတွေရယ်
စမ်းချောင်းလေးရယ်
ကျနော့်အိပ်မက်တို့
ယိမ်းထိုးဆိုက်ကပ်လေ့ရှိရာ
အမေ့ရဲ့ ဆိပ်ကမ်းငယ်လေးရယ်၊

စွန်တန် ပူပူရယ်
ငရုတ်သီးစပ်စပ် ပဲပုပ်ထောင်းနဲ့
တောဝက်သားခြောက်ရယ်
တောပန်းလေးတွေနဲ့အပြိုင်
လှိုက်လှိုက်လှဲလှဲ
ဖူးပွင့်နေတတ်တဲ့ ရွာကလေးရယ်
ရွာအ၀င်တောင်ကမူအောက်က
ဝါးဒလျှောက် ရေချိုးဆိပ်လေးရယ်
တောရဲ့ ဂီတကိုဖန်ဆင်းတတ်တဲ့
ကျွဲခလောက်သံ သာသာရယ်
ဧည့်စိမ်းလူစိမ်းတွေကို
ဆွေမျိုးရင်းချာလို နွေးထွေးသွားစေတဲ့
ခေါင်ရည်ချိုမြရယ်
ဆောင်းတွင်း မီးလင်းဖိုနံဘေး
ခေါပုတ်ကင် နွေးနွေးရယ်
အရွယ်ရောက်စ ကျမ်းစာသင်ကျောင်းလေးနဲ့
ကြီးကောင်ဝင်စ မူလတန်းကျောင်းပျိုလေးရယ်
တောင်ပေါ်မြူနှင်းကြား
စကားတွေ တွတ်ထိုးနေတတ်တဲ့
သီးနှံစိုက်ခင်း အဆင့်ဆင့်ရယ်
မြေစေးနီနီ အိမ်ကလေးတွေကြား
ဍ္ဍရင်ကောက်ပင် ပြိုးပြောက်မယ်
ငှက်ကလေးတွေ အစာကောက်နေပုံရယ်၊

ဟိုး အဝေးတစ်နေရာဆီက
တောင်ယာတဲကလေး
မီးခိုးနံ့တသင်းသင်း
လေပြေ တစ်ညင်းညင်း၊

အမေက
ကျောက်တုံးကျောက်ခက်တွေကြား
လျှိုမြောင်ချိုင့်ဝှမ်းတွေကြား
မီးလောင်ပြင် သစ်ငုတ်သစ်ဆုံတွေကြား
စပါးစေ့လေးတွေကို ဆူးထိုးစိုက်ပျိုးနေမှာ၊

အမေ့သား သင်္ဘောလေးက
အမြဲတစေ ဆိပ်ကမ်းနဲ့ ဝေးကွာခဲ့ရာ။

ညိမ်းညို

- တစ်ခါတင်ဖူးပါတယ်။ လွမ်းလို့ ပြန်တင်ပါတယ်။

ပိုးဖလံ

ပိုးဖလံ

ဘယ်လိုဝဋ်ကြွေးလဲ
ငါမြင်ချင်တဲ့ အလင်းက
ငါ့ကို လောင်ကျွမ်းသွားတာ။

+++

Моль

какое зло следствие!
меня сгорал свет,
который я хочу видеть.

ညိမ်းညို