19 August 2009

သူငယ်ချင်းလူဝကြီးများက ငါ့ကို မသနားဖို့

တောင်ပေါ်တက်တဲ့လမ်းကလေး
အေးအေးလူလူလျှောက်နေကြတုန်း
ဝုန်းဆို ဗုံးထပေါက်တော့
ခပ်ကြီးကြီးခဲတစ်လုံးပစ်ထည့်ခံလိုက်ရတဲ့ ဖန်ခွက်ထဲကရေစက်တွေလို
ငါတို့ သူငယ်ချင်းတွေ လွင့်စင်သွားရပုံ
တစ်ချို့ ချုံပုတ်ထဲက ကုန်းရုန်းထလာကြ
တစ်ချို့ ချောက်ကမ်းပါးထဲက တွယ်တက်လာကြ
တစ်ချို့ အခြားသောလမ်းတွေက ပြန်ပေါ်လာကြ
တစ်ချို့ တောင်ထိပ်ပေါ် အလိုလိုရောက်သွားကြ
ငါက တစ်ဘ၀စာဖျက်မရတဲ့ အမှတ်အသားတစ်ခုကို ပေကျံစေခဲ့တာလား
တစ်သက်တာအလိုမပြည့်နိုင်မှုနဲ့ ချစ်မြတ်နိုးဖွယ်ဇနီးမယားလေးကို ခိုးယူပေါင်းသင်းခဲ့တာလား
ကဗျာကိုဆေးမင်ရည်စုတ်ထိုးလို့ သူ့အပေါ် အပိုးကျိုးခဲ့လေတယ်။

ရေပွက်အကြီးကြီးထဲက ရေပွက်သေးသေးလေးတစ်ခု
တူရာတွေစုထားတဲ့ရှုခင်း ပျင်းစရာကြီးပါကွာ
ဒီမယ်... ဒီမယ် တဲ့ ကြွေသွားတဲ့သစ်ရွက်တွေက ပုခုံးလာလာပုတ်ကြ
လောကဓံလှိုင်းတံပိုးထဲ ဘယ်နှစ်ကြိမ်ဒိုင်ဗင်ထိုးပြီးပြီလဲတဲ့
အဟတ်ဟတ် ဂျိုက်ထောက်ထားတဲ့ ကဗျာဘီးကို အခုထိမလဲနိုင်သေးတာကြည့်တော့
ဒင်းကလဲ ရပ်ရင်းတောင် အလိုလိုတွန်းကန်တက်ကြွနေပုံများ
ငါ့မှာ ကားအစုတ်ကြီးကိုတောင် နတ်ရထားလားဘာလား စိတ်ကြီးတွေဝင်
ငါ့ဒိုင်ဗင်ရှက်ကျူးများ အဲသလိုမြူးလို့။

အောက်မေ့ဘွယ်နာကျင်မှုများ
ကျေနပ်စွာထုပ်ပိုး စိတ်ထပ်ခိုးမှာသိမ်းခဲ့ပြီ။

လောင်စာအပြည့်နဲ့ နေ့စွဲများ
ခမ်းခမ်းနားနားသိုဝှက် နှစ်လိုစွာရေတွက်ခဲ့ပြီ။

တစ်ဘ၀စာမဟုတ်
ဒဏ်ရာဟာ သွေးမတိတ်တော့ပြီ။

ဆိုတော့
သူငယ်ချင်းလူဝကြီးများက ငါ့ကို မသနားဖို့။

ညိမ်းညို

5 comments:

Unknown said...

ဘယ်နှစ်ကြိမ်ဒိုင်ဗင်ထိုးပြီးပြီလဲကဗျာဆရာ.... အဟတ်ဟတ်.(ကဗျာဆရာရယ်သံကိုအတုခိုးရယ်ကြည့်တာ)

:))))

စိုင်းလောဝ်ပိန်း said...

ကဗျာကိုမှ အပိုးကျိုးခဲ့တာ သိပါတယ်ဗျာ။ :P
ဒုတိယပိုဒ်က ရေးဟန်လေးကြိုက်တယ်။ အဆင်ပြေပါစေဗျာ။

Mhu Darye said...

ကဗျာက ရှယ်ပဲ..။
တခေါက်ထပ် မနည်း ပြန်လာဖတ်ဖြစ်ဦးမယ့် ကိုညိမ်း ရဲ့  ကဗျာထဲက ကဗျာ တပုဒ်ပဲဗျာ.။

ကြယ်ပြာ said...

ကဗျာလေးက ကောင်းလိုက်တာ ... သေချာဖတ်ကြည့်သွားပါတယ် ...

Anonymous said...

ကဗျာဘီးကိုတော့..မြန်မြန်လဲမှနဲ့တူတယ်နော်..
ကိုကြီး..ခရီးကအဝေးကြီးကျန်သေးတာ..ဟဲဟဲ