20 December 2007

နှင်းကျချိန်

ဆောင်းရဲ့ စိမ့်အေးမှုအောက်မှာ မြို့ကလေးဟာ ဆိတ်ငြိမ်လှစွာ မှေးစက်နေရဲ့ ..နေခြည်နုထွေးတို့က နှင်းထုအလွှာ ဖြူဖြူကြားမှာ မရဲတရဲတိုးဝင်ထိုးဖောက်လို့ တမိုးသောက်ဖို့ အားယူနေကြပြီလေ..။

မြို့ကလေးရဲ့ သမရိုးကျရှုမျှော်ခင်းမှာ
အငွေ့အသက်တိုင်းဟာ ရိုးစင်းလှပနေမယ်
ဓာတ်ကြိုးပေါ်မှာ ငှက်ကလေးတွေနားနေကြမယ်
ကတ္တရာလမ်းမကြီးက ငြိမ်သက်စွာလဲလျောင်းနေမယ်
တစ်ချို့တစ်လေသော အိမ်ယာများက
သူ့ရဲ့ အနက်ရောင်ကျောပြင်ကြီးပေါ် ငိုက်မြည်းလို့ကျန်ရစ်ခဲ့မယ်

ကွေ့သောကောက်သော တောင်တန်းတို့အဆုံးမှာ မြို့ကလေးဟာ ဖြောင့်တန်းရိုးရှင်းစွာ တည်ရှိနေတယ်။ နှင်းပွင့်ဖြူလေးတွေ လွင့်ပါးဝေ့၀ဲလို့နေချိန်၊ ချယ်ရီပင်ပျိုပင်အိုတို့ သန္တာရောင်အသွေးနဲ့ နီစွေးလို့နေချိန် တို့မြို့ကလေးဟာ တစ်ကိုယ်ရေတစ်ကာယ တိတ်ဆိတ်လို့နေခဲ့ပါပြီ။ တစ်ချိန်တစ်ခါတုံးက တို့မြို့ကလေးမှာ ထူးထွေဆန်းပြားတာဆိုလို့ ဘာမှ မရှိခဲ့ပါဘူး။ မြို့ကလေးဟာ သူ့ပုခုံးပေါ်မှာ မြို့သူမြို့သားတွေကို ထမ်ပိုးလို့ ၀မ်းကိုလည်းဝစေခဲ့တယ်။ ခါးကိုလည်းလှစေခဲ့တယ်။ လောကပါလတရားတို့ ထုံမွှမ်းနေတဲ့ အဲဒီအခါသမယမှာ အပြုန်းတို့ဝေဆာလို့ အမုန်းတို့အတွက်နေရာမရှိခဲ့ပါဘူးလေ။ ဆောင်းရဲ့နံနက်စောစော ငါတို့ ခပ်သောသော ရယ်မောခဲ့ကြဖူးတယ်မဟုတ်လား။ မြို့ကလေးရဲ့ အခင်းအကျင်းမှာ ငါတို့ ခိုကိုးရာတိုင်းအတွက် အငွေ့အသက် တိုင်းဟာ ရိုးစင်းလှပနေမယ်လေ။ ဓာတ်ကြိုးပေါ်မှာ နားနေကြတဲ့ ငှက်ကလေးတွေ ကြည်သာရွှင်ပြ တေးတစ်စ နဲ့ သတ္တလောကကြီးကို ကြိုဆိုနှုတ်ဆက်လို့ နေသလားကွယ်။ မတူညီလေတဲ့ အချိန်ကာလနှစ်ခုရဲ့ တိုက်စားမှု အောက်မှာ တစ်ချို့တလေသော အိမ်ယာများဟာ အနက်ရောင် ကတ္တရာလမ်းမကြီးပေါ် ငိုက်မြည်းလို့ ကျန်ရစ် ခဲ့လေပြီလား။ တို့မြို့လေးဟာ နှင်းတွေထူထူထပ်ထပ် ကျလာပလားဆိုရင် ပဟေဠိဆန်,ဆန်သွားတတ်တာ ဘာကြောင့်များပါလိမ့်။

လူတွေက အရောင်အသွေးစုံ လှုပ်ရှားသွားလာကြမယ်
ကိုယ့်ကိုယ်ကို နာကျင်မှုမရှိရအောင်
အနွေးထည်ထူထူကြီးတွေကိုလည်း ၀တ်ထားကြဦးမယ်

ခရီးလမ်းမဆုံးသေးသရွေ့ ကိုယ့်ခရီးစဉ်နဲ့ကိုယ် လှုပ်ရှားသွားလာနေကြရဦးမှာလေ။ အရောင်အသွေးစုံလင် လှတဲ့ ခရီးသွားတတွေဟာ တို့မြို့လေးပေါ်မှာလည်း သုတ်ချေတင်နေကြပေါ့။ လူတွေပြောနေကြတဲ့ စကားသံ မှာ အပေးအယူတွေ ပျော်ဝင်နေမလား..အတုံ့အလှည့်တွေ စွန်းထင်းပေကျံနေမလား။ မြို့ကလေးဟာ ရီဝေစွာ ငေးမောလို့..။ ကိုယ့်ကိုယ်ကို နာကျင်မှု မရှိရအောင်တော့ သတိမမေ့ကြပါလေ။ လူတိုင်းကိုယ်စီမှာ အနွေး ထည်ထူထူကြီးတွေ ဖုံးအုပ်လို့ပေါ့။ ဒီနောက်မှာတော့ သူတို့ဟာ အကြောက်အရွံ့မဲ့ တွန်းထိုးကန်ကျောက်ကြ ပေတော့မယ်။ မိမိကိုယ်တိုင် နာကျင်မှုကို မခံစားရသေးသရွေ့ ..။

နှင်းတွေကျလာပြီဆို..
တို့မြို့လေးကိုက မှုန်ဝါးသွားတတ်တာပါ
ဘယ်လောက်တောင် မှုန်ဝါးသွားလည်းဆိုရင်
လူနှစ်ယောက် မျက်နှာချင်းဆိုင်ရပ်နေတာတောင်
တစ်ယောက်ရဲ့ သွားလမ်းလာလမ်းကို
တစ်ယောက်က မမြင်မိတော့ဘူး

အ၀ိဇ္ဇာမြူနှင်းတွေ ဖုံးအုပ်သွားတာ ကြာချေပေါ့ကွယ်။ တ၀မ်းတခါးအတွက် လမ်းသလားကြရင်း တစ်လမ်း သွားသက်သက်နဲ့ ခုတ်မောင်းလာကြပြန်ပေါ့။ ဒီလိုလေ..မြို့ကလေးရဲ့ မှုန်ဝါးသွားမှု အတိုင်းအတာမှာ တို့ဟာ တစ်ယောက်ရဲ့သွားလမ်းလာလမ်းကိုတောင် တစ်ယောက်က မမြင်မိတော့ပါဘူးတဲ့၊ အလေးမမူ ဂရုမပြုမိ တော့ပါဘူးတဲ့။ မုန်းမာန်ပွားတဲ့မျက်စိချင်း ယှဉ်ပြိုင်တိုက်ခိုက်နေသရွေ့ မြင်ကွင်းတိုင်းမှာ မြူနှင်းတွေ ပိတ်ဖုံး နေဦးမှာပါတဲ့။ ခွင့်လွှတ်ဖို့ဆိုတာ မေ့လိုက်ဖို့မဟုတ်သလို လက်စားချေဖို့ သက်သက်လည်း မဟုတ်ပြန် ပါဘူးတဲ့ကွယ်..။

နှင်းခွဲမီးကြီးတွေနဲ့ လမ်းပြပေးမှသာ
တစ်ယောက်ရဲ့ ဦးတည်ရာကို
တစ်ယောက်က နားလည်ခွင့်ပြုပေးနိုင်တဲ့ အခြေ
နှင်းတွေ...နှင်းတွေ
အုံ့သည်းမှိုင်းဝေနေလိုက်တာ
အခုဆို..တစ်မြို့လုံးတောင် ဘာမှမမြင်ရတော့ဘူး

နှင်းခွဲမီးကြီးတွေက ဘယ်လိုအချိန်မှ လင်းပွင့်မှာပါလိမ့်။ တောင့်တောင့်ကြီးတွေရပ်နေကြရတာ ကြာလှလေပြီ။ နောက်ကိုဆုတ်ပေးရမှာလား၊ ရှေ့ကိုတက်ရမှာလား။ ဒါမှမဟုတ် ဘေးကိုရို့ပေးရမှာလားကွယ်။ တစ်ယောက်ရဲ့ ဦးတည်ရာကို တစ်ယောက်ကနားလည်ခွင့်ပြုပေးနိုင်ဖို့ ဦးနှောက်ကို ချွေးစို့အောင် အလုပ်ပေးခဲ့ကြပြီးပြီ။ အခုတဖန် အသည်းနှလုံးကို အလုပ်ပေးလို့ တစ်ယောက်ကိုတစ်ယောက်က စာနာဖေးမကာ တပြန်တလှည့် မွှေးမြကြပါစို့လားကွယ်..။ နှင်းတွေ..နှင်းတွေ အုံ့သည်းမှိုင်းဝေနေလိုက်တာ အခုဆို..တစ်မြို့လုံးတောင် ဘာမှ မမြင်ရတော့ဘူး တဲ့။ ဒါဟာ အိပ်မက်ဆိုးတစ်ခုသာ ဖြစ်ပါစေတော့...။ စိတ်အနက်တွေ ထွေပြားလို့ ကယောက်ကယက်မက်ခဲ့ရတဲ့ ဆောင်းအိပ်မက်တစ်ပိုင်းတစ်စ လေးသာ ဖြစ်ပါစေတော့လေ..။

နှင်းကျချိန်

မြို့ကလေးရဲ့ သမရိုးကျရှုမျှော်ခင်းမှာ
အငွေ့အသက်တိုင်းဟာ ရိုးစင်းလှပနေမယ်
ဓာတ်ကြိုးပေါ်မှာ ငှက်ကလေးတွေနားနေကြမယ်
ကတ္တရာလမ်းမကြီးက ငြိမ်သက်စွာလဲလျောင်းနေမယ်
တစ်ချို့တစ်လေသော အိမ်ယာများက
သူ့ရဲ့ အနက်ရောင်ကျောပြင်ကြီးပေါ် ငိုက်မြည်းလို့ကျန်ရစ်ခဲ့မယ်
လူတွေက အရောင်အသွေးစုံ လှုပ်ရှားသွားလာကြမယ်
ကိုယ့်ကိုယ်ကို နာကျင်မှုမရှိရအောင်
အနွေးထည်ထူထူကြီးတွေကိုလည်း ၀တ်ထားကြဦးမယ်
နှင်းတွေကျလာပြီဆို..
တို့မြို့လေးကိုက မှုန်ဝါးသွားတတ်တာပါ
ဘယ်လောက်တောင် မှုန်ဝါးသွားလည်းဆိုရင်
လူနှစ်ယောက် မျက်နှာချင်းဆိုင်ရပ်နေတာတောင်
တစ်ယောက်ရဲ့ သွားလမ်းလာလမ်းကို
တစ်ယောက်က မမြင်မိတော့ဘူး
နှင်းခွဲမီးကြီးတွေနဲ့ လမ်းပြပေးမှသာ
တစ်ယောက်ရဲ့ ဦးတည်ရာကို
တစ်ယောက်က နားလည်ခွင့်ပြုပေးနိုင်တဲ့ အခြေ
နှင်းတွေ...နှင်းတွေ
အုံ့သည်းမှိုင်းဝေနေလိုက်တာ
အခုဆို..တစ်မြို့လုံးတောင် ဘာမှမမြင်ရတော့ဘူး။

ညိမ်းညို

ပန်းစကား

ဘလော့ရပ်ဝန်းကြီးထဲမှာ ကျွန်တော့်အတွက် မြန်နှုန်းမြင့်အပြေသမားကြီး နှစ်ဦး ရှိပါတယ်။ သူတို့ကတော့ ကိုဖြိုးနဲ့ မနိုင်းနိုင်းစနေတို့ ဖြစ်ကြပါတယ်။ သူတို့ရဲ့ စာမူအရေအတွက်ဟာ အံ့မခန်းစရာပါပဲ။ စာမူတိုင်းစာမူတိုင်းမှာလည်း မြန်နှုန်းမြင့် အပြေးသမားကြီးနှစ်ဦးရဲ့ အနုပညာဈာန်ဝင်စားမှု၊ ဖန်တီးနိုင်မှုစွမ်းအားနဲ့ အနုပညာကိုယ်ခံအားကိုအထင်အရှား မြင်နိုင်ပါတယ်။ မနိုင်းနိုင်းစနေရဲ့ လက်ရာများကို ဘလော့ရပ်ဝန်းထဲ မရောက်မှီ အွန်လိုင်း မဂ္ဂဇင်း၊ ဂျာနယ် စာစောင်တွေမှာကတည်းက ဖတ်ရှုနှစ်သက်ခဲ့ရပါတယ်။ ကိုဖြိုးရဲ့ ဘလော့ကိုတော့ ကိုရန်အောင်ရဲ့ ညွှန်းဆိုမှုနဲ့ ၂၀၀၇ ဇွန်လမှာ စပြီး အလည်ရောက်ခဲ့ပါတယ်။ ပထမဆုံးအခေါက် အလည်ရောက်စဉ်မှာပဲသူ့ရဲ့ ကဗျာပေါင်းမြောက်မြားစွာနဲ့ ပို့စ်မော်ဒန် အရေးအသားများက ကျွန်တော့်ကို ဖမ်းစားလိုက်ပါတော့တယ်။ အခုချိန်ထိတိုင်အောင်လည်း အပြေးသမားကြီးနှစ်ဦးဟာ အရှိန်ပြင်းပြင်း ဇွဲကောင်းကောင်းနဲ့ ဆက်လက်ချီတက်နေကြဆဲပါ။ အနုပညာမြောက်စွာ အဆက်မပြတ်ရေးနိုင်တဲ့ နောင်တော်ကြီးနဲ့ အမကြီးကို ၀မ်းမြောက်ဝမ်းသာ မုဒိတာပွားမိတယ်ဗျို့ :) သြော်..ပြောရဦးမယ် အပြေသမားကြီးနှစ်ဦးနဲ့ ပတ်သက်လို့ ကျွန်တော် အမှတ်မှားထားတာလေးတွေလည်း ရှိသေးဗျ။ အဲဒါကတော့ ကိုဖြိုးကြီးကို အသက် ၃၀ ကျော်လောက် လူလတ်ပိုင်းတစ်ယောက်လို့ ထင်ထားတာဗျ ဟဲ ဟဲ။မနိုင်းနိုင်းစနေကိုတော့ ကိုနိုင်းနိုင်းစနေ (အမျိုးသားတစ်ဦးလို့) ထင်နေတာဗျ :) အပြေးသမားကြီးနှစ်ဦးရေ စိတ်မဆိုးကြနဲ့ဗျနော..ကျွန်တော်ကလည်း ခပ်လွဲလွဲရယ် :D

မနိုင်းနိုင်းရဲ့ ပန်းစကားဆိုတဲ့ ပို့စ်ကို ခွင်ပြုချက်တောင်းခံပြီး ကျွန်တော့်ဘလော့လေးမှာ ပြန်လည်ဖော်ပြလိုက်ပါတယ်။ အရေးရော အတွေးပါ သေသပ်လှပတဲ့ စာမူကောင်းတစ်ပုဒ်ကို ပြန်လည်ဖော်ပြခွင့်ပေးတဲ့အတွက် မြန်နှုန်းမြင့်အပြေးသမားကြီး မနိုင်းနိုင်းကို ကျေးဇူးတင်ပါတယ်ဗျ။ အားလုံးသော ညီအကိုမောင်နှမများ သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ ကြပါစေဗျာ..

*** *** ***
ပန်းစကား

ပန်းတစ်ပွင့်က ပြောပါတယ်....
အဖြူရောင် ပန်းတွေဟာ များသောအားဖြင့် မွှေးကြတယ်။ ပန်းတွေဟာ အရောင်အသွေး စုံလေလေ ရနံ့ကင်းမဲ့လေ ဖြစ်တယ်။ လူ့ဘ၀ဟာလည်း ဒီလိုပါပဲ.. ရိုးရိုးရှင်းရှင်းနဲ့ ရိုးသားလေလေ သူ့ရဲ့ စိတ်ဟာ ဖြူစင်လေဖြစ်တယ်။

ပန်းတစ်ပွင့်က ပြောပါတယ်....
ညမွှေးပန်းဟာ ညမှမွှေးတာ မဟုတ်ပါဘူး။ နေ့လည်း မွှေးပါတယ်။ ဒါပေမဲ့ လူအနည်းငယ်ကသာ နေ့အခါမှာ ရှုရှိုက်မိကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေ့အခါမှာလူတွေရဲ့ စိတ်ဟာ ပျံ့လွှင့်နေလို့ပါ။ တကယ်လို့ လူတွေရဲ့ စိတ်ဟာ နေ့အခါမှာလည်း တည်ငြိမ်နေမယ်ဆိုရင် ညမွှေးပန်းဟာ အရမ်းပူပြင်းတဲ့ နေ့ခင်းမှာတောင် မွှေးပါတယ်။

ပန်းတစ်ပွင့်က ပြောပါတယ်....
မနက်စောစောမှာ ကြာပန်းဝယ်ရင် ပွင့်နေတဲ့အပွင့်ကို ၀ယ်ပါ။ နံနက်ခင်းဟာ ကြာပန်းပွင့်တဲ့ အကောင်းဆုံး အချိန်ဖြစ်တယ်။ တကယ်လို့ နံနက်ခင်းမှာမပွင့်တဲ့ ကြာပန်းက နေ့လယ်၊ ညနေခင်းရောက်တဲ့အထိ မပွင့်နိုင်တော့ပါဘူး။ လူတွေလည်း အဲဒီလိုပါပဲ.. ငယ်ရွယ်စဉ်မှာ ရည်မှန်းချက် မထားတဲ့လူက လူလတ်ပိုင်း၊ လူကြီးပိုင်းရောက်တဲ့အထိ အောင်မြင်မှုဆိုတာ ရှိတော့မှာ မဟုတ်ဘူး။

ပန်းတစ်ပွင့်က ပြောပါတယ်....
ရှားပါးပြီး တန်ဖိုးကြီးတဲ့ ပန်းဟာ ညှိုးနွမ်းလွယ်တယ်။ လူတွေလည်း နုပျိုငယ်ရွယ်တဲ့ အချိန်ဟာ အဖိုးတန် ပန်းလေးတစ်ပွင့်လိုပါပဲ။ကောင်းကောင်း မပြုစု မပျိုးထောင်ရင် ပျက်စီးလွယ်တယ်။

ပန်းတစ်ပွင့်က ပြောပါတယ်....
နှင်းဆီပန်းတိုင်းမှာ ဆူးပါတယ်။ နှင်းဆီပန်းကို ကြိုက်နှစ်သက်ရင် သူ့ဆူးကို မချိုးပါနဲ့။ ဆူးမစူးမိအောင် ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာကိုပဲ သင်ယူပါ။ လူတွေတိုင်းမှာလည်း မာနကိုယ်စီရှိကြတယ်။ သည်းမခံနိုင်တဲ့ စကားတွေနဲ့ သူတစ်ပါးကို ထိခိုက်အောင် မပြောမိပါစေနဲ့။

နိုင်းနိုင်းစနေ

15 December 2007

ဆွေးနွေးခြင်း

လူတစ်ယောက်သည် မိမိသဘောထားကိုသာ အလေးအနက်ထားပြီး တစ်ဖက်သားအား တင်စီးခြင်းဖြင့် ဆွေးနွေးညှိုနှိုင်းခြင်းကို အဆုံးသတ်လျှင် မကျေနပ်မှုသာ အဖတ်တင်လိမ့်မည်။ ဆင်ခြင်တုံတရားရှိသူသည် သူရရှိ သော အရာအတွက် ရက်ရောစွာ ပြန်ပေးသည်။ ဆင်ခြင်တုံတရားမရှိသူက ဘာမှပြန်မပေးလျှင်လည်း ခွင့်လွှတ်သည်။ ဆင်ခြင်တုံတရားရှိသူသည် မိမိ၏ရက်ရောမှုအတွက် ကျေးဇူးတင်ချီးကျူးခြင်းကို လုံးဝမလိုလား။ အပြန် အလှန် အပေးအယူပြုလုပ်ခြင်းကိုလည်း လုံးဝမကြိုက်။ ကောင်းကင်ဘုံက မြှောက်စားခြင်းကိုပင် မနှစ်သက်။ သူသည် သူ့နည်းလမ်းကို လိုက်နာခြင်းသာ ဖြစ်သည်။ သူ့နည်းလမ်းသည် သူနှင့်အတူ ရှိနေ၏။

- မောင်ပေါ်ထွန်း "ဘ၀ခရီးသည်၏ အဖော်မွန်" မှ ..

ဝိဘဇ္ဇပညာ

အင်္ဂုတ္တိုရ်ပါဠိတော် ပထမတွဲ ကာလာမသုတ္တန်တွင် ဗုဒ္ဓမြတ်စွာက "မှန်ပြီဟု မယူဆသင့်သော အချက်တစ်ဆယ်ချက်"ကို ဤသို့ဟောခဲ့ဖူးသည်။

(၁) တစ်ဆင့်စကား၊ ပြောသံကြားကာမျှဖြင့်လည်း မှန်ပြီဟု မယူဆသင့်။
(၂) ဘေးဘိုး အစဉ်အဆက် စကားမျှဖြင့်လည်း မှန်ပြီဟု မယူဆသင့်။
(၃) သမိုင်းအထောက်အထားမျှဖြင့်လည်း မှန်ပြီဟု မယူဆသင့်။
(၄) စာပေကျမ်းဂန်နှင့် ညီညွတ်သည်ဟုလည်း မှန်ပြီဟု မယူဆသင့်။
(၅) တက္ကဗေဒမျှဖြင့်လည်း မှန်ပြီဟု မယူဆသင့်။
(၆) နည်းမှီ ယူခြင်းမျှဖြင့်လည်း မှန်ပြီဟု မယူဆသင့်။
(၇) အခြင်းအရာကို ကြံစည်သောအားဖြင့်လည်းမှန်ပြီဟု မယူဆသင့်။
(၈) ငါတို့အယူနှင့် တူညီပေသည် ဟူ၍လည်းမှန်ပြီဟု မယူဆသင့်။
(၉) မှတ်ယူထိုက်သော သဘောရှိကာမျှဖြင့်လည်း မှန်ပြီဟု မယူဆသင့်။
(၁၀) ငါတို့လေးစားသူ၏ စကားဟူ၍လည်း မှန်ပြီဟု မယူဆသင့်။

ဤတရားတော် တစ်ပုဒ်တည်းနှင့်ပင် ဗုဒ္ဓအဘိဓမ္မာမှာ အတွေးအခေါ်လွတ်လပ်မှုကို အားပေးသော စီစစ်ဝေဖန်အမှန်ရှာသည့် "၀ိဘဇ္ဇ၀ါဒ" ဟု တိတိပပ ကောက်ချက်ချနိုင်လိမ့်မည်ဟု ထင်ပါသည်။

*** *** ***

မကြာသေးမီက ခေတ်ပြိုင် ပညာရေးအယူအဆတစ်ခုကို ဤသို့ဖတ်လိုက်ရသည်။

Education - Uneducation - Reeducatio ဟူ၍ဖြစ်သည်။
ပညာ - ပဋ္ဋိပညာ - အသစ်ပညာဟု နားလည်ရပါသည်။

လေ့လာမှတ်သား သင်ကြားရုံမျှဖြင့် "ပညာ" မပီသေးပါ။ မိမိအဇ္ဇျတ္တတွင် ဖိစီးနေနိုင်သော အခုအခံ အစွဲအလမ်း
များကို ချေချွတ်နိုင်ရန် စီစစ်ဝေဖန် အမှန်ရှာဖို့ လိုပါလိမ့်မည်။ ဤသည်ပင် "ပဋ္ဋိပညာ"ဟု သဘောပေါက်လိုက်ပါသည်။ ဤ "ပဋ္ဋိပညာ" အဆင့်ကို ဖြတ်ကျော်နိုင်မှသာ "အသစ်ပညာ" ကို ဆုပ်ကိုင်နိုင်လိမ့်မည်ဟု ဆိုလိုရင်း ဖြစ်မည်ထင်သည်။ ဤသို့စဉ်းစားမိရာမှ လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်နီးပါးက မြတ်ဗုဒ္ဓ၏ "၀ိဘဇ္ဇ၀ိညာဉ်" မှာ ၂၁ ရာစု ပညာရေး၏ အနှစ်သာရဖြစ်နေပါလားဟု ကျေနပ်စွာ ခံယူလိုက်ရပါသည်။

ကျော်ဝင်း
ဇန်န၀ါရီ၊ ၂၀၀၃
စံပယ်ဖြူ မဂ္ဂဇင်း ခေါင်းကြီးပိုင်းမှ

13 December 2007

အထီးကျန်

မင်းအတွေးအခေါ်က
အရောင်မထွက်ဖူးတဲ့
ဒီလိုထိမိစမ်းမိဖို့
ကျွန်တော်ချီတက်လာတာမှ မဟုတ်တာ
လျှပ်စီးရောင်တလက်လက်
ပန်းခင်းထဲကရနံ့တွေ ရောင်ကိုင်းလာတဲ့အထိ
လောကဓံငါ့အပေါ်ထစ်ခြုန်းပုံ စောင်းနင်းတယ်
အရွယ်အစားအမျိုးအမျိုး
အရောင်အသွေးအမျိုးမျိုးနဲ့
ပင်လယ်ခရုတွေ အာရုံကိုစူးစေတာကလွဲပြီး
ဘာမှ အဆန်းတကြယ် ခူးခပ်မပေးဘူး
တမျော်တခေါ် ငေးကြည့်မိသမျှ
ရှုခင်းတွေကလည်း အရွယ်မတင်ဘူး
ခင်ဗျားတို့ပြောသလောက် မကွေ့ကောက်ဘဲ
ကျွန်တော်ထင်သလောက်
ဖြောင့်တန်းလှပတဲ့မြစ်ဆီ ပြန်လာခဲ့တယ်
သဘာဝတရားဟာ စိမ်းစိမ်းစိုစို
နေလုံးနီနီက ကန်သင်းရိုးအစပ်မှာ ဖူးလို့ပွင့်လို့
ကျွန်တော်လွှတ်တင်လိုက်တဲ့ သီချင်းကလေး
ပျံလွှားငှက်ကလေးနဲ့တိုက်ပြီး ပြန်ကျလာခဲ့
ကြီးကောင်ဝင်စဆည်းဆာကို မော့ကြည့်ရင်း
ကျွန်တော်တစ်ယောက်တည်းလဲ ပျော်ပါတယ်။

မောင်ဖီလာ

10 December 2007

ထွက်မလာပါနဲ့ သူငယ်ချင်းရယ် ကြောင်ကြီးကိုက်လိမ့်မယ်

သူငယ်ချင်း တင့်ထူးရေ
မင်းနေသာထိုင်သာရှိရဲ့လား
ရာသီဥတုကြည်လင်ပါရဲ့လား
ခြေခင်းလက်ခင်းသာပါရဲ့လား
စကားဝိုင်းမှာ ဟိန့်လုံးဟန့်လုံးတွေ သုံးနေကြတုန်းပဲလား
လူယဉ်ကျေးတို့ ဆဲရေးတိုင်းထွာမှုမှာ စာသံပေသံလေးတွေ ကပ်ညိနေတုန်းပဲလား
နီတိလှလှလေးတွေကို အမှားဖျက်ဆေးအဖြစ် သုံးစွဲတော်မူနေကြတုန်းပဲလား
ဘယ်လိုပဲဖြစ်စေ မင်းထွက်မလာနဲ့နော် ငြိမ်ငြိမ်လေးနေကွ
ကိုယ့်ဝပ်ကျင်းလေးထဲကနေကိုယ် ဘယ်မှမထွက်လေနဲ့
လက်သံပြောင်ရင် လက်ခုပ်တီးနေကြတဲ့ ခေတ်ကြီးမှာကွာ
သမ္ဘာတွေ က၀ိတွေကလည်း များပါဘိသနဲ့
မင်းတို့ငါတို့ ပိစိညှောက်တောက်လေးတွေဆိုတာ..
အေး..သူငယ်ချင်းရေ
ငါ့ဆီလည်းမင်းမလာနဲ့ဦး မင်းဆီလည်းငါမလာသေးဘူး
ကိုယ့်ဝပ်ကျင်းလေးထဲကိုယ်
နွေဆယ်ခု မိုးဆယ်ခု ဆောင်းဆယ်ခု
ငါတို့ ပုန်းအောင်းနေကြစို့
တစ်ပါးသူကို လှည့်စားရရုံသက်သက်နဲ့တော့
လူရည်လည် မဖြစ်ပါရစေနဲ့ကွာ
လူညွှန့်တုံးကာမှ တုံးစေတော့ ငါတို့ ပုန်းနေကြစို့ သူငယ်ချင်းရေ
ငါတို့စိတ်မှာ အခုအခံတွေကင်းရှင်းတဲ့တစ်နေ့
အင်္ကျီအသစ်တွေဝတ်လို့ ငါတို့လမ်းလျှောက်ထွက်ကြတာပေါ့
လူနဲ့လူချင်း ချိုသာရယ်မော စကားပြောရတာ
ထင်ထားသလောက်မခက်ပါကြောင်း ကဗျာလေးတွေနဲ့စာလုံးပေါင်းလို့
အဲဒီတစ်နေ့မှာ ငါတို့ ပျော်မွေ့ကြရအောင်
အခုတော့ ထွက်မလာပါနဲ့ဦး သူငယ်ချင်းရယ် ကြောင်ကြီးကိုက်လိမ့်မယ်ကွဲ့။

ညိမ်းညို

8 December 2007

ငါတို့အတောင်ပံခတ်သံဟာ ကဗျာနံရံကိုရိုက်ခတ်..

သံယောဇဉ် အမျှင်အတန်းအားလုံး
အ၀မှာ ချိတ်ဆွဲထားခဲ့တယ်
ရှည်ရင်ရှည်မယ် ၊ပုရင်ပုမယ်
ပိန်ရင်ပိန်မယ် ၊၀တာရှိမယ်
ဒါပေမယ့်
အကုန်လုံးက တစ်သားတည်းပဲ
နေရပ်ကိုလွမ်းမယ်
တစ်ယောက်သောသူကို သတိရမယ်
ငါတို့လည်း နှလုံးသားနဲ့ပဲ
တစ်ယောက်မကောင်း အများကို ငါတို့လဲမကြိုက်ခဲ့ဘူး
နောက်တစ်ခါ မမှားမိဖို့ ကိုယ်ပိုင်အသိရှိခဲ့ကြတယ်
ကိုယ်နေရာ ၊ကိုယ်စားပွဲ၊ကိုယ်ကုတင်
တစ်ကိုယ်ရေကအစ
ကိုယ့်စိတ်ဓါတ်တစ်ခုလုံး
သန့်ရှင်းသပ်ရပ်ဖို့
အစစ လေ့ကျင့်ယူရတာပဲလေ
သူလုပ်ရင်ကိုယ်လဲလုပ်နိုင်ရမယ်
ဒါပေမယ့်
သူလဲရင်ကိုယ်ထူလို့
ကိုယ်လဲတော့လဲ သူတို့တွေကထူမတယ်
အုံနဲ့ကျင်းနဲ့မေတ္တာတွေ
အစားထိုးပြန်ရတယ်
မိုးရွာတယ် ၊နှင်းကျမယ်
ရာသီဥတုကတော့ အစိုးမရဘူး
လုပ်ရမယ့် အလုပ်ကိုတော့
နေ့စဉ်နေ့တိုင်း ရွတ်ဆိုပြဌာန်းတယ်
အသက်နဲ့ ရင်းရမယ့် စွန့်စားမှု့ အတွက်
ကိုယ့်အသက်ကိုယ် ရှာကျန်မွေးရတယ်
မသေဆေးတွေကို မြိုမြိုချခဲ့ရ
ဒီလိုနဲ့ပဲ..
ကျောင်းတော်သာရဲ့ အရပ်မှာ
ချယ်ရီတွေအထပ်ထပ် ပွင့်ကြပြန်တယ် ။

ဘ၀ဘ၀တွေထဲ တိုးဝင်မိခဲ့ကြပြီ
အဆင်မပြေမှုတွေကို ကြံ့ကြံ့ခံရပ်တည်ခဲ့ကြသလို
ဝါးလုံးသိမ်းရိုက်ချက်တွေအောက်မှာ
အများတကာရဲ့ ဗီလိန်မြင်ကွင်းထဲ
ကိုယ်ကျင့်နဲ့ ပညာကိုလက်ဆွဲလို့
ငါတို့ထွန်းလင်းကြပါစို့
ချစ်တတ်ပါစေ၊ ချစ်တတ်ပါစေ
ရင်ခွင်တစ်ခုလုံး ထစ်ချုန်းအောင်
အကြိမ်ကြိမ် ရွတ်ဆိုမိတယ်
မြစ်တစ်စင်းမှာ လက်ပစ်ကူးချင်ရင်
အဲဒီမြစ်ရဲ့ ရာဇ၀င်အကြောင်း
အဆိုးအကောင်းကိုတော့ သိသင့်ပါတယ်
နားရွက်တစ်စုံရှိပါရဲ့ နဲ့
ကျန်တဲ့တစ်ဖက်ကို ပိတ်ဆို့ထားရတဲ့အခါ
ငါတို့ "အကြား" ဟာ တရားတယ်လို့ ဆိုနိုင်မလား
မျက်ဝန်းတစ်စုံရှိပါရဲ့ နဲ့
ကျန်တဲ့တစ်ဖက်ကို ဖုံးကွယ်ထားရတဲ့အခါ
ငါတို့ "အမြင်" ဟာ ကြည်လင်တယ်လို့ ဆိုနိုင်မလား
နေ့နဲ့ညရဲ့ အကူးအပြောင်း
အရုဏ်ဦးရဲ့ တေးသွားအလှမှာ
သံပြိုင်လိုက်ဆိုကြဖို့ သိပ်လွယ်ပါတယ်
လူတစ်ယောက်ရဲ့ အတွေးအမြင်ကူးပြောင်းခြင်းမှာတော့
ဟိုးရှေးရှေးတုန်းကနေ အခုချိန်ထိ
အမည်တပ်စရာ ခေါင်းစဉ်များစွာဟာ
အသစ်အသစ်တွေနဲ့ မွေးဖွားလို့ကောင်းတုန်း
အလှဆုံးအပြုံးတစ်ပွင့်မှာ
လျှို့ဝှက်နက်နဲနေဖို့ မလိုပါဘူး
ရိုးရှင်းသန့်စင်နေဖို့ပဲ လိုပါတယ်လေ
အမြင်မတူရင် ရန်သူတဲ့လား
ပညာရှိကြီးများခင်ဗျား
အဲဒီလို..
အပေါ်စီးကနေ ပြုံးပြုံးကြီး မကြည့်ကြပါနဲ့
ခင်ဗျားတို့ စီးသွားမဲ့ ဖိနပ်တစ်ရံမှာ
ဘယ်တော့မှ မပြတ်တဲ့ သဲကြိုးတစ်စုံဟာ
ကျွန်တော်တို့ ရင်ထဲမှာငုံနေတဲ့ သစ္စာတရားပါဗျာ။

တွေးခေါ်နိုင်တဲ့ဦးနှောက်နဲ့
ဆိပ်ကမ်းကနေ ကြိုးဖြည်ခဲ့သူများ
လေရဲ့တိုက်ခတ်ပုံအကြောင်း
ရွေ့သွားတဲ့ လှေငယ်ရဲ့ ဦးတည်ချက်မှာ
ဘယ်အရပ်ကို ဆိုက်ကပ်သွားမယ်ဆိုတာရယ်
မြေပုံနဲ့ ကွန်ပတ်
ငါတို့ခြေထောက်တွေကို ဘယ်လိုတန်ဖိုးဖြတ်မယ်ဆိုတာရယ်
ခဏခဏအစာကြေနေတဲ့အတွက်
ဘယ်မှာပဲနေနေ ၊ရွက်လွင့်နေမိမှာပါ
ဝေးကွာလွမ်းဆွတ်ရလွန်းတဲ့အခါ
ကိုယ့်အသိုက်အမြုံလေးကိုတော့
စိတ်ထဲကနေ ပျံမိနေတတ်တာပေါ့
အသက်ရှူရတာချင်းအတူတူ
ငါတို့ပုခုံးတွေက ပိုလေးတယ်လို့
သတ်မှတ်ချက်တွေနဲ့ ဘောင်မခတ်ပါဘူး
ငါတို့ရှူသွင်းခဲ့တဲ့လေထဲမှာ
အဆိပ်တွေလည်း ပါနိုင်ပါတယ်
ငါတို့မရေးခဲ့ရတဲ့သမိုင်းထဲမှာလဲ
ခြေပြတ်လက်ပြတ်၊အစာငတ်
အသက်သွေးချွေးတွေနဲ့ ရေးခဲ့ကြလို့
အခုလိုရွှတ်ဆိုခွင့်ကို ရကြတာပေါ့
ရွတ်ဆိုနေကြ အပိုင်းအစကိုတော့
နှုတ်ဖျားမှာ စာလုံးမပေါင်းတော့ဘူး
ရင်ထဲကနေ အခါခါ ကျင့်သုံးရွတ်ဖတ်ကြမယ်
ဥဒါန်းတွေချွေ…..
ကြယ်တွေကြွေကြ….
သစ္စာဆိုတဲ့ ဂုဏ်ဒြပ်
မြင့်မြတ်တဲ့ ကိုယ်ကျင့်တရားကိုတော့
မေ့ထားလို့မရဘူး
ဘယ်လိုပဲ အသက်ရှင်နေရပစေ
လူတစ်ယောက်ရဲ့ ဘ၀မှာတော့
ငါတို့ လူပီသအောင် နေတတ်သေတတ်ရဦးမယ်။

တင့်ထူးရွှေ+ညိမ်းညို
(အွန်လိုင်းဗားရှင်း)

4 December 2007

ပန်းပျိုးလက်

ဖုန်းဆိုးမြေ ကျတ်တီးကုန်း
ပြုံးပြုံးကလေး သူပျော်
အံချော်နေတဲ့ စိတ်ကူးတစ်ချို့ တစ်ဝက်
သူ့ လက်နဲ့ အသက်ဆက်
အိပ်မက်တွေကို ဖူးပွင့်စေခဲ့တယ်။

စည်းစိမ်ကြီးကြီး
ဥစ္စာဓနတွေ ဟည်းထနေအောင်လည်း
သူမပိုင်ဆိုင်
မြေဖြူတစ်ချောင်းနဲ့ ဘ၀ပေါင်းများစွာကို
လမ်းကြောင်းမှန်အောင် တည့်မတ်
နေ့ ညမလပ် အလင်းဆောင်
သူ.. အမှောင်ခွင်း စစ်သူကြီးပေါ့ ။

စီးပွားမရှာ
ကြီးပွားတာ၊ မကြီးပွားတာ
သူအမှုမထား
အပြုသမားအိပ်မက် ပန်းပျိုးလက်
ဝင်းလျက်ပြိုးပြ လှပနေမှာ သေချာတယ်။

ညိမ်းညို

30 November 2007

သစ္စာ



သစ္စာ

ပိတောက်ပွင့်ခြင်းမှာ
မျှော်လင့်ချက် ကင်းတယ်
တိမ်းလွယ်ညွှတ်လွယ် တောအုပ်ထဲ
ဘယ်တော့မှမတိမ်ကောမဲ့ စမ်းချောင်းလေးတစ်ခု
သူ့တေးသံသူ နာခံလို့
လေကလေး တချွန်ချွန်နဲ့
ငြိမ်းအေးစွာ စီးဆင်းနေပြီ..

ညိမ်းညို
သင့်တော်တဲ့ ပုံလေးတွေရလို့ အစပ်အဟပ်တည့်မယ်ထင်တဲ့ ကဗျာလေးတွေကို ပြန်တင်နေမိပါတယ်။ အရင့်အရင်တုန်းက ဖတ်ခဲ့ ပြီးသားဖြစ်နေမယ်ဆိုရင်လည်း အခုတစ်ခါ ပုံလေးတွေနဲ့ယှဉ်တွဲလို့ ပြန်လည်ခံစားပေးပါဦးခင်ဗျာ..

27 November 2007

တတိယမြောက် ပလက်ဖောင်းလေး

တစ်ခါတစ်ခါကျတော့ ကံကြမ္မာက အပေါင်းအဖော်တွေနဲ့ လာတတ်တယ်ဗျာ
အရာရာအဆင်မပြေဖြစ်နေတဲ့ ဒီကာလမှာ
တတိယမြောက်ပလက်ဖောင်းလေးကလည်း ကျွန်တော့်ကို စိမ်းတယ်

ကျွန်တော့်မှာ ပလက်ဖောင်းသုံးခု ရှိတယ်
ကျွန်တော့်အမေရယ် ကျွန်တော့်ဆရာတွေရယ်
နောက် ကျွန်တော် သိပ်ကို ချစ်မြတ်နိုးရလွန်းတဲ့
ကျွန်တော့်ရဲ့ တတိယမြောက် ပလက်ဖောင်းလေးပေါ့ဗျာ

အမေရယ် ဆရာတွေရယ်က ဟိုး အဝေးကြီးမှာလေ
ကျွန်တော့်ကို ငယ်ငယ်လေးထဲက နင်းလျှောက်ခွင့်ပေးခဲ့ကြတာပေါ့

(တတိယမြောက်ပလက်ဖောင်းလေးရယ်
နင့်အပေါ်မှာ နင်းလျှောက်ချင်လို့ မဟုတ်ခဲ့ပါဘူး
အမေရယ် ဆရာတို့ရယ်
ပြီးတော့ နင့်ကိုပါ ထပ်တူမြတ်နိုးကြင်နာတယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့
တတိယမြောက် ပလက်ဖောင်းလေးလို့
ငါ့ရင်ထဲမှာ အမှတ်သညာပြုခဲ့မိတာပါ)

တတိယမြောက်ပလက်ဖောင်းလေးကလည်း
ကျွန်တော်နဲ့ အဝေးကြီးမှာလေ
ဒါပေမဲ့ ကျွန်တော်တို့ နှလုံးသားချင်းနီးခဲ့ကြပါတယ်

ကျွန်တော်ရဲ့ အူတူတူနိုင်လှတဲ့ ချစ်ခင်ယုယမှုတွေက
သူ့ကို စိတ်ညစ်စေခဲ့ပြီထင်ပါရဲ့ဗျာ
အဲဒီပလက်ဖောင်းလေးနားမှာ ကျွန်တော်ရှိနေချင်ခဲ့တယ်
ဒါပေမဲ့ အရေးအရာပေါ်တိုင်း ဆုတ်ခွာပေးရပါတယ်
ကျွန်တော်က ကဗျာလေးတွေကိုသာ မတောက်တခေါက်ရေးနေမိတာ
စကားလုံးတွေရဲ့အဓိပ္ပါယ်ကို ဆိုသလောက်နားမပေါက်ခဲ့ပါဘူး
ကျွန်တော့်ရဲ့ တတိယမြောက်ပလက်ဖောင်းလေး
ဘာကိုကြိုက်တယ် ဘာကိုမကြိုက်ဘူးဆိုတာ
သိချင်လိုက်တာဗျာ
ဒါဆို ပလက်ဖောင်းလေးရဲ့ ပစ်ပယ်ခံထားရတာမျိုးကို
မကြာခဏခံနေရမှာ မဟုတ်တော့ဘူးလေ

မနေ့ညက ကြေကြေကွဲကွဲမဟုတ်ပေမဲ့
ညှိုးညှိုးငယ်ငယ်နဲ့ ကျွန်တော်အိပ်ယာဝင်ခဲ့ရပါတယ်
ဒီနေ့မနက် မျက်ရည်တွေနဲ့မဟုတ်ပေမဲ့
ပြောမပြတတ်တဲ့ဝေဒနာတစ်မျိုးနဲ့ ကျွန်တော်အိပ်ယာကနိုးခဲ့ပါတယ်

တစ်နေ့တာအတွင်းမှာ
ပလက်ဖောင်းလေးဆီက ခဏတာခိုလှုံခွင့်လေးကိုမှ မရခဲ့ရင်
ဘာကိုမှလုပ်လို့မရတော့တဲ့ကျွန်တော်ဟာ
ကိုယ့်ရဲ့လူ့အဖြစ်ကို ကိုယ်တိုင်ပဲမြုပ်နှံနေမိတာလား
မသိတော့ပါဘူးဗျာ

မကြာခဏဖျားနာနေတတ်တဲ့ ကဗျာဆရာတစ်ယောက်ဟာ
သူ့ရဲ့ အရောင်ခပ်မွဲမွဲဝါကျတွေမှအပ
ချစ်သူကို တခြားဘယ်လိုလက်တံမျိုးတွေနဲ့ ဆွဲခေါ်ထားသင့်သလဲဆိုတာ
ကံကြမ္မာက နောက်တစ်ကြိမ် အုံနဲ့ကျင်းနဲ့မလာသေးခင်
ကျွန်တော်သိချင်လိုက်တာဗျာ

ညိမ်းညို

26 November 2007

ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ

လူကြီးလူကောင်းတို့
နိုင်ငံကြီးသားအပေါင်းတို့
စားကြလော့ သောက်ကြလော့
ဒါဟာ ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ အမဲရိုးအတွက် ဟင်းအိုးကိုမမှောက်ခဲ့ဖူးတဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ မည်းမည်းမြင်တိုင်း မဟောင်ခဲ့ မကိုက်ခဲ့ဖူးတဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ ကတုံးပေါ်ထိပ်မကွက်ခဲ့ဖူးတဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ ဘနဖူးကို သိုက်မတူးခဲ့ဖူးတဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ ကမ္ဘာမီးလောင်လို့မှ သားကောင်ကိုချမနင်းခဲ့ဖူးတဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ ရိုးရိုးသားသား ကိုယ့်လမ်းကြောင်းကိုယ် လျှောက်ခဲ့တဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ ခရေစေ့တွင်းကျ ပွင့်လင်းပြဖို့ ခက်ခဲလှတဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ ဟောင်ဖွာဟောင်ဖွာလုပ်ဖို့ ပျင်းရိလွန်းလှတဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ စကားလုံးအကြီးကြီးတွေပြောရင် မထုံတက်တေးလုပ်နေတတ်တဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ ရိုးသားမှုမှမပါရင် ဘယ်ဟာမှ အစစ်အမှန်မဟုတ်ဘူးလို့ ယုံကြည်ထားတဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ အရောင်ပြိုးပြိုးပျက်ပျက်တွေကို မြင်ရတိုင်း အလွယ်တကူ မျက်စိမကျိန်းတတ်တဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ နွေးထွေးတဲ့လက်အစုံကို အစဉ်သဖြင့် ကမ်းလင့်ကြိုဆိုနေတတ်တဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ မတရားမှုတွေမှာ ကိုယ့်အစွယ်ကိုယ်ချိုး ဂုတ်ပိုးကို ခပ်ဆတ်ဆတ်လေးအုပ်ထားတတ်တဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

တစ်ချိန်တစ်ခါတုံးက
အမည်နာမတွေရဲ့ ပညတ်ချက်ကို
အလေးမထားပါဘူးဆိုတဲ့ ဒေါက်တာသိမ်းမောင်ကို
(မရိုသေ့စကား) ခွေးသိမ်းမောင်ခေါ်ရင် ကြိုက်မလားလို့ မေးခဲ့ကြဖူးရဲ့
နောက်..ဒေါက်တာသိမ်းမောင်ဟာ သခင်သိမ်းမောင်ဖြစ်လာခဲ့တယ်

ယဉ်ကျေးမှုမထွန်းကားပါဘူးဆိုတဲ့
အဆင့်အတန်းမြင့်မြင့် မတွေးခေါ်နိုင်ပါဘူးဆိုတဲ့
ဦးနှောက်အကျဉ်းကျနေရတာပါဆိုတဲ့
ကိုယ့်ဝပ်ကျင်းလေးကိုယ် မစွန့်နိုင်ပါဘူးဆိုတဲ့
ငမြောက်ငခြောက် ချွတ်တားလေးပါဆိုတဲ့
ဟောဒီ အရိုင်းအစိုင်းကောင်ဟာ ခွေးတစ်ကောင်ပေါ့ကွယ်

အို လူကြီးလူကောင်းတို့
နိုင်ငံကြီးသားအပေါင်းတို့
ခေါ်ကြလော့ တွင်ကြလော့
ကျွန်ုပ်ရဲ့ အမည်နာမကို လှိုင်လှိုင်ကြီး သုံးစွဲတော်မူကြလော့
စိတ်ရဲ့အာသာ ပြေရာပြေကြောင်း အလိုရှိသလို ခိုင်းနှိုင်းတော်မူကြလော့
အန္တိမတံခါးအ၀မှာ သင့်ကိုတည့်တည့်ကြည့်လို့ ကျွန်ုပ်ရပ်နေတယ်။

ညိမ်းညို

မြေခွေး

စိမ်းစိုရနံ့တို့ ညွှတ်ကိုင်းပျော်ဝင်
ချွတ်နင်းသံသဲ့သဲ့မှာ အရာခပ်သိမ်းသည် ဆိတ်ငြိမ်အေးစက်
ယုံမှားသံသယတွေက တံစက်မြိတ်မှာ တွဲလဲယိမ်းခို
ချောင်းဟန့်သံတစ်ဝက်ညာသံတစ်ဝက်နဲ့ အသံတွေတိုးတိတ်တိမ်ဝင်
နန်းတစ်လိမ်ပန်းတစ်လိမ်မျက်လုံးတွေရဲ့အကြည့်မှာ အခိုးအငွေ့တဝေေ၀
တစ်ဦးတစ်ယောက်ချင်းစီဟာ ချောင်းမြောင်းခံနေရပြီလား
အလို..စိတ်ရဲ့စေရာလမ်းတစ်လျှောက် အိပ်ဆေးတွေကျဲပြန့်နေပါပေါ့
သင် ညက အိပ်ယာဝင်နောက်ကျခဲ့ပြီကောလေ..။

ညိမ်းညို

25 November 2007

တွေးချင်တာတွေးပြီးရေးချင်တာရေးနေတဲ့ ချောက်တီးချောက်ချက်ကဗျာဆရာ(၂)

တီးလိုက်စမ်းကွာ အားရပါးရ
သွက်သွက်ခါသွားအောင်ကို တီးပစ်လိုက်
ဒါမှ အားမရသေးရင်
လက်နှစ်ဖက်လုံးပြတ်ထွက်သွားအောင် တီးပစ်လိုက်
ငါကလည်း ဟောဒီ အလေနတ်တော ဦးခေါင်းကြီးထဲကနေ
ဆီသုတ်ထားသလို ပြောင်လက်နေတဲ့ စာသားတွေကို
ရွေးရွေးပြီး ဖွဲ့ဆိုလိုက်ဦးမယ်
စပါးတစ်နှံလောက်မြင်ဖူးရုံနဲ့
တောင်သူတွေရဲ့ ဘ၀ကို မိုးလောက်ကြီး ရေးပစ်လိုက်မယ်
မူလီလေးစုပ်တတ်ရုံလောက်နဲ့
စက်မှုလောကကြီးတစ်ခုလုံးကို ဗြောင်းဆန်အောင် ရေးပစ်လိုက်မယ်
"ဋ" အလှည့်မှန်ရုံလောက်နဲ့
စနစ်ကြီး တစ်ခုလုံးကို မွှေ့ရမ်းသွားအောင် ရေးပစ်လိုက်မယ်
ဘယ်လို..သိရမယ်!
အဟားဟား..သိဖို့မလိုဘူးလေ
စကားလုံးလေးတွေ သစ်လွင်လှပနေဖို့
အရောင်ထွက်နေဖို့ပဲ လိုတာမဟုတ်လား
ဒီလိုဆို လက်ခုပ်သံတွေ တပြန်တလှည့်ခြွေချလို့
ပျော်ပျော်ကြီး ကူးခပ်ရမယ် မဟုတ်လား
မိုးမရွာတော့ မိုးကိုတ,တယ်
တာကျိုးသလို ရွာချလိုက်တော့ ၀မ်းသာလွန်းလို့ မျက်ရည်များတောင်လည်
မိုးတိတ်သွားရင်တောင်
နောက်တစ်ကြိမ်ပြန်ရွာပေးဖို့ မျှော်လင့်တောင့်တကြပေဦးမယ်
မိုးရေခံထားဖို့ကိုတော့ မေ့လျော့ခဲ့ကြတယ်ထင်ပ
လူကြီးမင်းတို့ရယ်
အပူပိုင်း ခြောက်သွေ့တောမှာ မိုးတစ်ကြိမ်ရွာဖို့
ဘယ်လောက်ခက်ခဲတယ်ဆိုတာ သိပါလေစဗျာ
ရှေးခေတ်မျက်မမြင်ပုဏ္ဏား ၆ယောက်က
ဆင်ကို တစ်ကြိမ်စီပဲ စမ်းကြတယ်
ခေတ်သစ်ပုဏ္ဏားတော်များကတော့
သုံးလေးကိုယ်ခွဲလို့ ဆင်ကို အကြိမ်ကြိမ်အလီလီ စမ်းလား၊ စမ်းကြရဲ့
လက်ခမောင်းခတ်သံ တဖြောင်းဖြောင်း ကြားနိုင်လား၊ ကြားနိုင်ရဲ့
အချိန်မရွေး မဲ့စေပြုံးစေစွမ်းဆောင်နိုင်တဲ့ နှစ်ကိုယ်ခွဲမျက်နှာများနဲ့
မီးလည်းမြိုက်နိုင်ပါပေရဲ့ ရေလည်းတိုက်နိုင်ပါပေရဲ့
စည်းရဲ့ဟိုဘက်ဒီဘက် ပြောင်းလွယ်ပြင်လွယ်လည်း ရှိကြပါပေရဲ့
ဒီလိုနဲ့ တစ်နေ့ထက်တစ်နေ့ အပြောတွေပိုကောင်းလာ
တစ်နေ့ထက်တစ်နေ့ အမူအယာတွေပိုကောင်းလာ
လေတွေပန်းရင်း တောင်တက်နှေးခဲ့ကြတယ်
လက်ဖက်ပင်ဆိုတာကို ရှာရင်းဖွေရင်း စမ်းသပ်ရင်းလေ။

ညိမ်းညို

24 November 2007

တွေးချင်တာတွေးပြီးရေးချင်တာရေးနေတဲ့ ချောက်တီးချောက်ချက်ကဗျာဆရာ

ဟောဒီမှာလေ
သွေးအေးအေးနဲ့ လူသတ်နေကြတယ်
တစ်ယောက်ကိုတစ်ယောက် မရိုးနိုင်တဲ့လက်ခုပ်သံတွေနဲ့ပေါ့
သာယာနေတဲ့လူ အရှုံးပဲ
များများသိဖို့တောင် မလိုအပ်တော့ဘူး
ဗောင်းတော်ညိမ့် စိတ်တော်သိ
အိုကေ.. ဒါဆိုရပြီ
သိပ်များများစားစားကြီးလည်း
မစဉ်းစားပါနဲ့ မတွေးခေါ်ပါနဲ့
ရေလိုက်ငါးလိုက် မကတော့ဘူး
ဆင်ခြင်တုံအသိတရားလေးကိုပါ ချောင်ထိုးထားလိုက်
မီးမမှုတ်ခင်ကတည်းက
နှုတ်ခမ်းတွေပဲ့နေကြပြီလား
ဘုန်းတော်ဘွဲ့တွေရေးစားတဲ့ခေတ်ကုန်သွားလို့
ဘုန်းတော်ရွဲ့ တွေကိုများ ရေးစားကြလေရော့သလား
သေချာတာကတော့
ပုခုံးတော်တော်များများကို မီးစနဲ့ ထိုးစိုက်သွားကြပြီဆိုတာပဲ
ရွက်တိုင်တွေ စုတ်ပြတ်သတ်နေတာ သိတယ်
တော်ပြီ..အပ်ကြောင်းထပ်အောင် မပြောနဲ့တော့
လေကြောင်းရှာပြီးပြီလား ရွက်သစ်လဲပြီးပြီလား
ခါးတောင်ကျိုက်ထားရတဲ့လူတွေလည်း
ကြာလာတော့ ကုန်းကွကွကြီးတောင် ဖြစ်နေကြပေါ့
လယ်လေး ဧက၀က်လောက်ကို
ပဲပြောင်းနှမ်း အကုန်ကြဲပြီး နာမည်စာရင်းမလုကြလေနဲ့
ပေါင်းပင်တွေပါ ၀င်လာရင် အကုန်သပွတ်အူလိုက်ကုန်မယ်
ရေကြီးမှ ကမ်းပြိုတယ်ထင်ပါသလား
ဖြိုချနေရင်လည်း ကမ်းပြိုတတ်ပါသေးကြောင်း
ဟောဒီ အစာအိမ်ဟောင်းလောင်းကြီးက
ရယ်ရယ်မောမော ပြောနေပါရဲ့
စာတတ်ပေတတ်ဝါကျများကို ခါးစောင်းတင်ထားရဦးမယ်
သူတို့က ငယ်ထိပ်ထိ တက်တက်ဆောင့်လာတဲ့အခါ
သက်သောင့်သက်သာလေးများ ပြုံးနေနိုင်ခဲ့ ဦးမယ်ဆိုရင်
လာလာသတ်ပုတ်နေတဲ့ လက်ခုပ်သံတွေမှာ အဆိပ်ကင်းမဲ့ချေပေါ့ကွယ်။

ညိမ်းညို

23 November 2007

အိပ်မက်ဆယ်တဲ့လက်




အိပ်မက်ဆယ်တဲ့လက်


ထွန်းညှိလိုက်တိုင်း
ပို,ပိုပိကျလာတတ်တဲ့ အမှောင်တွေနဲ့
ပြေးကပ်လိုက်တိုင်း
ပို,ပိုဝေးကွာသွားတတ်တဲ့ မျှော်လင့်ချက်တွေနဲ့
ထိမိစမ်းမိလိုက်တိုင်း
ပို,ပိုကြေမွသွားတတ်တဲ့ အခွင့်အရေးတွေနဲ့
ကျွန်တော်ရဲ့ " လူတစ်လုံး သူတစ်လုံး " အိပ်မက်ဟာ
မတောက်ပတဲ့ ညနေခင်းကြယ်ရောင်တွေအောက်မှာ
တမြေ့ မြေ့ လောင်ကျွမ်းနေခဲ့..
အမေ့ရဲ့ လမ်းပြမှုနဲ့သာ မဆယ်မ,ခဲ့ရင်
အခုတိုင် အိပ်မက်တွေမျောပါနေလိမ့် ..
ညံ့ဖျင်းလှသောရေစီးကြောင်းများအတိုင်း ။


ညိမ်းညို

21 November 2007

ငါ့အိမ်ခေါင်မိုးကိုလာလာငြိတဲ့ လေတံခွန်

ဟေ့ ဘာတွေလဲ
တစ်မိုးလုံးထစ်ချုန်းလို့မှ မိုးတစ်ပေါက်မကျပဲနဲ့
အဲဒီမိုးကို ဘယ်လိုရိုကျိုးပြရမှာလဲ
သုံးသီးစားဖို့ လာမပြောနဲ့
ငါတို့ဝမ်းစာဖူလုံဖို့
ဟောသည် တစ်သီးစားကိုပဲ ထွန်ရေးညက်ပါစေဦး
ဝမ်းနဲ့လေနဲ့မှမကွဲ အနောက်ကလိုက်ယိမ်းနေဦးမှာလား
လူပြောမသန် လူသန်မပြော
မင်းတို့လာလာဟောနေတဲ့တရားက နားထဲမ၀င်တော့ဘူး
အလုပ်နဲ့မှ အနားကွပ်မထားရင်
လေတွေကလေထဲ လွင့်မျောသွားလိမ့်မယ်
မပွင့်တစ်ပွင့်စကားလုံးလေးတွေ
အနုပညာဆန်ချင်ဆန်မယ် နားဝင်ချိုရင်ချိုမယ်
ငါတို့အတွက်တော့ အားမကောင်းဘူး မောင်းမသန်ဘူး
မင်းတို့ဖြစ်ချင်စိတ်တစ်ခုထဲနဲ့ လာလာမခေါ်နဲ့
ဧကရာဇ်ရာထူးပေးတောင် မလိုက်ဘူး
ငါတို့ဘက်ကိုလည်းကြည့်
စာနာနားလည်မှုနဲ့ လက်ကမ်းလိုက်
သူဖုန်းစားအဖြစ်နဲ့လည်း ငါတို့လာနိုင်တယ်
ဘ၀ထဲမရောက်ဖူးပဲနဲ့ ဘ၀အကြောင်းလာမပြောနဲ့
၁နာရီပြောရင် ၁နာရီ ထိုင်ရီနေမှာ
အလွတ်ကျက်ထားတဲ့ ဒိုင်ယာလော့ခ်တွေချည်းပဲ စွတ်ရွတ်မနေနဲ့
ဇာတ်ဝင်ခန်းမှားသွားရင် ပြည်ဖုံးကားချလို့ရတယ်ဆိုပေမဲ့
ပွဲက နောက်ညမှာ က,မရအောင် ပျက်သွားလိမ့်မယ်
ငါတို့ချွတ်မှ ကျွတ်မဲ့သတ္တ၀ါလေးတွေရယ်လို့လည်း
အပေါ်စီးကနေ ပြုံးပြုံးကြီး လုပ်မနေကြနဲ့ဦး
ဠင်းတလောက်တော့ ငှက်တိုင်းလှတယ်
ငါသိတယ်ကွ ဆိုတဲ့ ဂုဏ်ပုဒ်ကြီးတစ်လုံးနဲ့
လူစည်စည်ရှိတိုင်း ဖုန်သုတ်သုတ်ပြနေကြတာကို
စိတ်ကုန်လွန်းလို့ ။

ညိမ်းညို

20 November 2007

လူကြိုက်နည်းတဲ့ကောင်


လူကြိုက်နည်းတဲ့ကောင်
မောင်ချောနွယ်

ဈေးထဲမှာ ကိုယ်ထည်ပြည့်ပြည့် အရသာရှိရှိ
ရေချိုငါးသလောက်ကြီးက ၁၈ကျပ်တဲ့
နာမည်လည်းဖျင်း အဆီအသားလည်းဖျင်းတဲ့
ငဖျင်းက ၂၈ကျပ် ဈေးတဲ့
ဒါနဲ့ ဆိုင်ရှင်ကို မေးကြည့်မိတယ်
ဘာဖြစ်လို့များ အရသာလည်းရှိ ကိုယ်ထည်လည်းပြည့်တဲ့
ရေချိုငါးသလောက်က ဈေးနည်းနေရတာလဲလို့
လူကြိုက်နည်းလို့တဲ့
ငါးဖျင်းကတော့ လူကြိုက်များလို့ ဈေးကြီးတယ်တဲ့
ဟုတ်ကဲ့ မောင်ချောနွယ်ဟာ
လူကြိုက်နည်းတဲ့ကောင်။

မိုက်ရိုင်း ထွားကျိုင်းလှချည်ရဲ့
မတ်တပ်စာတောင် မဖူမလုံနဲ့ကောင်
တုံးလုံးစာ ဝေလာဝေးလို့ ခန္ဓာကိုယ်နဲ့ကောင်လေ။

ဘယ်လိုလဲ ဆိုတော့ကာ
အင်မတန်သန်းများတဲ့ မိန်းမခေါင်းပေါ်
သန်းတွေ တရွရွ တစိစိ ပွတက်နေသလိုမျိုးလေ
ကဗျာတွေက သူ့ကိုယ်ပေါ်မှာ။

အပေါစား ရက်စတော့ရင့်တွေက
အလကားရတဲ့ ဆာဒါးဟင်းချိုရည်တွေနဲ့
သူ့ဘ၀ကို မတည်ဆောက်လိုဘူးတဲ့။

ဒါပေမဲ့ ခက်ရပုံများ
စားပွဲပေါ်မှာ သည်ဟင်းချိုရည်တစ်ခွက်ပဲ
ပူပူနွေးနွေး ရှိလေတာ။

နွမ်းပါးတဲ့ အောက်ခြေလူတန်းစားတွေနဲ့
ဒူးတင်ပေါင်တင် တစ်တန်းတည်းနေပေမဲ့
ဘုံဆန်တဲ့ အိမ်သာမျိုးကျ
သင်းက မကြိုက်ပြန်ဘူးတဲ့။

အရက်ဖြူ ယဉ်ကျေးမှု မြှင့်သောက်တတ်သေး
ဇိမ်ခံရကောင်းမှန်း သိတတ်သေး
အသုံးချ သောက်ရမည်မှန်းလည်း သိတတ်သေး
မူးလာရင် ထကဖို့
ဘယ်တော့မှ မမေ့တတ်တဲ့ကောင်လေ
ဘ၀မှာ
သံအမတ်ကလည်း ဖြစ်ခဲ့ချင်သေးသတဲ့။

စကားပြောရာမှာ
အထက်တန်းကျအောင်
တော်ဝင်အောင် ပြောတတ်ပြောနိုင်ပေမဲ့
သူတစ်ဖက်လူကို အမှန်တကယ်ပြောခဲ့တာနဲ့
သူပြန်ပြောပြတဲ့အခါ
ပိုပြောတတ်တဲ့ ဥာဉ်ကလည်း ရှိသေး။

ပါးတဲ့နေရာမှာ ခြင်ထောင်ဇာထက် ပါးပေမဲ့
တကယ့်လက်တွေ့မှာ မကျင့်သုံးဖြစ်လို့
လူတွေက ထူတယ်လို့
အထင်ခံရမြဲကောင်လေ။

တစ်ခါတစ်ရံတော့လည်း
ဂျစ်ကားပေါ်မှာ
ပေါင်သားအလှ ပေါ်လွင်အောင်
အချိုးကျကျ ထိုင်တတ်တဲ့
အရွယ်ရှိရှိ အရာရှိကတော် တစ်ယောက်လိုလေ
အဲသည့် ကဗျာဆရာဆိုတဲ့ ကောင်ဟာ
နေထိုင်တတ်သေးတယ်။

သူ့သွေးကြောထဲမှာ ဂြိုဟ်တွေ
ကဗျာဆိုတဲ့ ပါပဂြိုဟ်တွေ
စူးဝင်စီးဝင်လို့
မောင်ချောနွယ်ဆိုတဲ့ကောင်ဟာ
ကမ္ဘာပတ်လမ်းကြောင်းထဲမှာနေတာလို့
ကြက်ရင်အုပ်လောက်သာရှိတဲ့ သူ့ရင်အုံကို
ကော့ကော့ပြတတ်သေး။

သွေးစိမ်း တစ်ပေါက်ပေါက်နဲ့
တည်ဆောက်ခဲ့ရတဲ့ သူ့ဘ၀ခရီး
ဂီယာကုန် လီဗာကုန်မောင်းနှင်ခဲ့
သူ့ဘ၀ကို သားရေတစ်ပြားစာယူ
ခင်းကျင်းကြည့်လိုက်ရင်
မြို့တစ်မြို့ တည်နိုင်တယ်
မြစ်တစ်မြစ် စီးဆင်းသွားနိုင်ပေရဲ့။

ဒီကောင်က အသည်းက ခပ်ငယ်ငယ်ရယ်လို့
သူ့မွေးသမိခင်က ခဏခဏ
လူကြားထဲ ပြောခံရတဲ့ကောင်ပေါ့
ဘ၀ကို ရင်ခုန်သလို အရင်အတိုင်းနေခဲ့။

နာကျင်တဲ့အခါ မအော်ဘဲ
ပျော်ရွှင်တဲ့အခါ ရယ်မောဖို့ နောက်မကျခဲ့ပါဘူး
သူ့အတိဒုက္ခကို တစ်ဖက်လူက
သိရှိလက်ခံပေမဲ့
သူက သူ့ဒုက္ခအပေါ်
ကိုယ်ဖော့ဖော့ နေတတ်လွန်းလို့
တစ်ဝက်ကူညီစာနာမှုသာ ရရှိခဲ့သူပေါ့။

ကုသိုလ်ကံ လိုက်ပုံကလည်း
ပါးစပ်နဲ့ ကူညီပြီး လက်မပါတဲ့မိတ်ဆွေ
ပေါပြည့်လှတဲ့ ကောင်ပေပဲ။

ခုံးထ ကမ္ဘာမြေကြီး
အခိုးအငွေ့ သစ်ကိုင်းနဲ့
အဲသည်သစ်ကိုင်းပေါ်က ယောင်ကိုင်းပြည်တည်နာ
မြစ်နဲ့ ကမ္ဘာဦးကို တူးဆွလာတဲ့လက်
အမှန်တရားကတော့ လူတွေလိုပါပဲ
အောင်စ နည်းနည်းရယ်ပါ
သာမန်လူနဲ့ မတူတဲ့အရာဆိုလို့
ဒါတွေပဲ သူ့မှာ ရှိရဲ့။

ကျန်တာတွေကတော့
သာမန်လူတွေ ဆောင်ကြဉ်းနိုင်တဲ့ စွမ်းရည်
သူ့မှာ ခပ်နည်းနည်းရယ်
ဥပမာ
မြို့မျက်နှာဖုံး သူဌေးမဖြစ်ခဲ့ဖူးဘူး
အရာရှိ မဖြစ်ခဲ့ဖူးဘူးပေါ့။

တစ်ခုခုကိုမြင်ရင်
သွားရေတများများနဲ့ ဖြစ်တာမျိုးကို
သိပ်ရွံရှာတဲ့ကောင်
ငယ်ငယ်က ဟိုဝါဒသည်ဝါဒတွေကို နည်းနည်းမြည်းစမ်းဖူး။

ခုတော့
မင်္ဂလာတရားနဲ့ အညီလေ
ငါးအပုပ်စားရပေမဲ့
ဗြဟ္မစိုရ်တရား လက်ကိုင်ထားလို့
ဘယ်သူတွေများ ငါးပုပ်စားရလို့
ဗြဟ္မစိုရ်တရား လက်ကိုင်ထားနိုင်ခဲ့လို့လည်း။

အဆုတ်မကောင်း
အသက်ရှူပြွန်တွေက မကောင်းလှပေမဲ့
မြေအောင်းနှစ်ချို့ဝိုင်ကောင်းကို ကြိုက်သေး
ဗာဂျီးနီးယားကောင်းတဲ့ စီးကရက်ကို ကြိုက်သေး
အရက်ကလေးထွေထွေနဲ့ သူ့မိတ်ဆွေသူငယ်ချင်းတွေအပေါ်
သူပေါင်းသင်းနေထိုင်ခဲ့ပုံက မယားတစ်ယောက်လိုလေ။

ဘာသာစကားအမျိုးမျိုး ပြောင်းမပြောတတ်လို့
ဖိနပ်အမျိုးမျိုး ပြောင်းမစီးတတ်လို့
ခဏခဏ အပြစ်တင်ခံရတဲ့ကောင်ပေါ့
ကိုယ့်သားအရွယ် ညီအရွယ်ကောင်တွေက
လိမ်တာညာတာကို လိမ်တာမှန်းသိသိနဲ့ ခံပြီး
သာယာနေတတ်တဲ့ကောင်လေ။

အပေါင်းအသင်း သူငယ်ချင်းတွေအပေါ်
လင်ကိုလုပ်ကျွေးတဲ့ မယားကောင်းလို ပေါင်းခဲ့ပေမဲ့
နှစ်ပေါင်းလေးဆယ်လုံးလုံး
သူ့ဘ၀ သူ့ခန္ဓအပေါ်ကျ မကောင်းခဲ့တဲ့သူလေ
မလည်မ၀ယ်နဲ့ အနေအထိုင်မတတ်ဘူးလို့
ရင်ဘတ်ဆွဲကြိုးနဲ့ကောင်တွေရဲ့ အဝေဖန်ခံရလှပေါ့။

သူ့ကံလိုက်ပုံကလည်း
လူပါမက နတ်ပါမုန်းအောင် ပြောတတ်တဲ့
ပါးစပ်ကြီးနဲ့ အဆွေခင်ပွန်းဖြစ်ခဲ့ရသေး
အဲသည်ပါးစပ်ကြီးရဲ့ စကားပင်လယ်မှာ
အသက်လေးဆယ်နား ကပ်နေတာတောင်
အနေအထိုင် မတတ်သေးဘူးလို့
ရေနစ်နစ် နေရသေး။

တကယ်တော့
ဒါ သူ့မိမွေးတိုင်း ဖမွေးတိုင်းပါ
သူ့နူးညံ့သိမ်မွေ့မှုပါ
သူ့ယဉ်ကျေးတဲ့ သွေးကြောပါ
နတ်ဆိုးတို့ပါးစပ်မှာ
ပလပ်ခံရတဲ့
သူ့ကိုယ်ပိုင် အတွင်းသားပါ။

မောင်ချောနွယ်

19 November 2007

သူတို့အရေးအသား (၄)

"ဗလာစည်တွေက
တယ်ပြီးမြည်နေကြသကိုး
ကမ္ဘာကြီးကလည်း
နာမကျန်းဘူး မဟုတ်လား"

***
"ဘ၀ကို သုတေသနလုပ်ပါ
မြောင်းကပုပ်တာ
မြောင်းထဲကျတဲ့
ရွှေပုပ်တာ မဟုတ်ဘူး
တို့တွေဟာ
ကဗျာဆရာပဲ
မြောင်းကပုပ်တာ"

***
"အနုပညာနဲ့ လူသားသိက္ခာကို
အဆိပ်မခတ်ခဲ့ပါ
နေရောင်ခြည်ရှိရာအရပ်မှာ
နေပါရစေ
ကျွန်ုပ်သည်
သင့်ကို ပျော်ရွှင်ပါစေ
သင့်ဟာ
အမတ်လောင်းပေလား
မျက်စိတစ်ဖက်စောင်းခဲ့ရဲ့ "

***
"ကမ္ဘာထဲမှာ ဆားခပ်တိုင်းငန်မသွားတဲ့
အရာနှစ်ခုရှိလေရဲ့
ပင်ကိုယ်က ငန်နေတဲ့
ပင်လယ်ဖြစ်ပြီး
ပင်ကိုယ်က မပြောင်းတဲ့
အမှန်တရားတို့ဖြစ်ရဲ့ "

- မောင်ချောနွယ်
ကြမ်းပိုးများတဲ့အိပ်ရာ ကဗျာမှ/

* * * * *

"စပျစ်တစ်ခိုင်တော့
သင်တို့ငါတို့ သီးနိုင်ကြတာပဲ
ဘ၀ရဲ့အဆင်းဟာ ထမင်းမဟုတ်ချေဘူး
မပုပ်သိုးအောင် ဆေးစီရင်ကြ
ပျော်ရွှင်မှုတွေ ရေရောတယ် "

***
"ကြည်လင်မှုကို ခြေဆေးကြ
ကလေးတွေသောက်တဲ့ ရေမှာ
ငွေကြေးတွေမပါစေနဲ့
ကမ္ဘာကြီးဟာ မှန်မှန်လည်ပတ်နေတယ်"

-မောင်ချောနွယ်
အခွန်တော်မဲ့ ရာသီဥတု ကဗျာမှ/

18 November 2007

နတ်ရေးတဲ့ပန်းချီ

ကဲ..ကိုသုညကြီးတက်ထားတာကို ရေးရတော့မယ်ဗျို့။ ဘယ်နှယ့်လုပ်ကြမတုန်း။ တက်ဂနိုက်ဇေးရှင်း တက်ယဉ်ကျေးမှုကြီးကို အားပေးထောက်ခံပါကြောင်း တစ်ခါလေးရေးမိပါတယ်။ အဲဒီမျှားက ကျွန်တော့်ဆီကို တန်းခနဲ ရောက်လာတော့တာကိုးဗျ ဟားဟား။ ကျွန်တော်က ပူလစ်ဇာဆုလေးရရုံလောက် လုပ်မလို့ဗျ (ပွဲဆူသွားအောင် ပူပူညံညံလေးလုပ်ပြီး လစ်ထွက်မလို့လေ ဟဲဟဲ..) လစ်ချိန်တောင် မရလိုက်ပေါင်ဗျာ။ ကိုသုညကြီး လက်သွက်လိုက်ပုံများကတော့ ကြက်မကြီး အစာကောက်နေသလိုပဲခင်ဗျ။ ညိမ်းညိုရေ မင်းကို ငါတက်လိုက်ပြီဟေ့၊ ရေးပေးဦးတဲ့။ ပြီးတော့မှ ကိုသုညကြီးက ကျွန်တော့် စီဗုံးမှာ လာပြီးနှစ်သိမ့်ရှာပါတယ်။ ညီလေးရေ မင်းအိမ်စာတွေ ပြီးအောင်လုပ်လိုက်ဦးကွ..နော..တဲ့။ ဘယ်ရမလဲ ကျွန်တော်ကလည်း ကျောင်းစာကလွဲလို့ ကျန်တဲ့စာအကုန်စိတ်ဝင်စားတဲ့ကောင်ဆိုတော့ (စကားလေးကြုံလို့ ပြောလိုက်ပါရစေဦး။ ကိုယ့်ညီမဆီက ရည်းစားစာကိုတောင် ယူပြီးဖတ်တဲ့ကောင်ဗျ အဟက်ဟက်..၊ အပြင်စာဆိုရင် အဲသလောက်ကို စိတ်ဝင်စားတာ) အိမ်စာတွေ ချောင်မှာထိုးလို့ ဟောသည်ပို့စ်ကလေးကို အစပျိုးလိုက်ရပါတယ်ခင်ဗျား။

ကိုင်း..မောင်ညိမ်းညိုရဲ့ ကိုယ်ခန္ဓာအရပ်ရပ်မှာ စောင့်ကြပ်အပ်ကုန်သော နတ်ပျော်၊ နတ်ရွှင်၊ နတ်လုလင်အပေါင်းတို့ အဲဒီကဗျာဆရာ အစုတ်ပလုတ်ရဲ့ ဖော့ဖယောင်းပမာ သွယ်ပြောင်းမနေရှာတဲ့ လက်ချောင်းများပေါ်ကို တည့်တည့်မတ်မတ်ကြီး ခွထိုင်ကြကုန်၍ ၎င်း၏ ခနော်နီခနော်နဲ့ ကလောင်တံကို မယိမ်းမယိုင်ရလေအောင် ထိန်းကိုင်ပြီးသကာလ ကိုသုညကြီးတစ်ယောက် နှစ်ခြိုက်မြူးရွှင် အထူးစိတ်ကြည်လင်သွားစေမဲ့ စာတစ်ပုဒ်ကို အမြန်စီကုန်းလို့ ရေးထုတ်စေဗျားးး။ ကိုသုညကြီးရေ ခင်လို့စတာနော်..။ စိတ်မဆိုးကြေး.. :)

အဲ..ရေးတော့မယ်ဆိုပါမှ နတ်လုလင်လေးတစ်ပါးက ငိုချင်းကောက်ချလိုက်လို့ ချစ်စွာသော စာရှုသူတို့ သိစေအံ့သောငှာ ဖော်ပြလိုက်ဦးမယ်ဗျ။

အမယ်မင်း..ရေးရတော့မယ်တဲ့ ရေးရတော့မယ်
နတ်မဒီ ပျိုမေကညာအပေါင်းတို့နဲ့
နှပ်မယ်ဗျာ..ဤဖေကိုယ် ငြိုးသော်လည်း
ငနဲကဗျာဆရာ ၀င်ကာမှောင့်လေတော့
တလွဲမနေသာပြန်ပါပြီလေ အပူကပ်တယ်ပ
အဟဲ.. ဒီတော့ ကျုပ်တို့ခမျာမှာလည်း
အသည်းနာနာနဲ့ ကဲလကွာ..ကဲလကွာ ဆိုပြီး ရေးလိုက်ရပေကြောင်း.. အဟင့်..အဟင့် ရွှတ်

လူတွေများ တော်တော် အလုပ်ရှုပ်သဗျ။ အခုပဲကြည့်လေ ကိုယ့်အကြောင်းကိုယ်ရေးတာပဲဗျာ။ ကိုယ့်ဘာသာ ရေးပါလေရော့..။ ဘယ့်နှယ်..ကဗျာဆရာအမှု ကိုယ်စောင့်နတ်လာပတ်ရတယ်လို့..။ ကျုပ်တို့မှာလည်း အလုပ်တွေက အများသားဗျ။ နတ်မဒီကလေးတွေ ကြည်ဖြူဖို့အရေး လုံးပန်းနေရတာနဲ့တင် တစ်နေ့ ၂၄ နာရီဆိုတာ ကောင်းကောင်းလောက်ချင်တာမဟုတ်ဘူး။ တစ်ခါတစ်ရံတော့လည်း အားတုန်းအားခိုက် စည်ဘီယာဆိုင်လေးဘာလေးဘက် ခြေဦးလှည့်ချင်သေးတာပေါ့ဗျာ။ ကဲပါလေ..မထူးတော့ပါဘူး။ သူနဲ့ကိုယ်တွေနဲ့က ကျေးဇူးခံကျေးဇူးစားလေးလည်း ရှိပြန်ဆိုတော့ ရေးပေးရတော့မှာပေါ့။ အင်း..ဒီကဗျာဆရာက ပြောမဲ့သာပြောရတာ လူမှုရေးတော့ မဆိုးရှာပါဘူး။ သူဘီယာသောက်တိုင်း ကျုပ်တို့ကို ခေါ်နေကြလေ ဟဲဟဲ..။

ဒီလူရဲ့ ပုံပန်းသဏ္ဍန်ကို အားမနာတမ်းပြောရရင်တော့ ပုံမှန် သူလိုငါလို လူတစ်ယောက်ပဲဗျ။ အသားက မဖြူမမည်း အညိုပေါ့ဗျာ။ အရပ်အမောင်းကလည်း မနိမ့်မမြင့် ၅ပေ ၇လက်မလောက် ရှိတယ်ဗျ။ ဇာတ်ကားတွေဘာတွေကြည့်ရင် သူပြောနေကျ စကားလေးတစ်ခွန်းရှိသေးတယ်ဗျ။ ဘာတဲ့ "ဇာတ်လမ်းလေး ကြိုက်လို့သာ ကြည့်နေရတယ်၊ မင်းသားက ကိုယ့်လောက်မှ ပုံမလာရင် ကြည့်ချင်တာမဟုတ်ဘူး" ဆိုပဲ..။ အင်း..သူပြောမှ သတိထားကြည့်မိတယ်။ ဟုတ်တော့လည်း ဟုတ်တုတ်တုတ်ရယ်။ ကျုပ်တို့ကဗျာဆရာက အချောအလှကြီးသာ မဟုတ်တယ်၊ ကြည့်လို့တော့ အကောင်းသား။ အဟား..ဟား ဘီယာမျက်နှာလေးနဲ့ဆိုတော့ ဒီလောက်တော့ ရေးမှပေါ့နော..။ နောက်ပြီး အခုလောလောဆယ် သူ နဂိုထက်ပိုဝနေတာတော့ အမှန်ပဲဗျ။ သူ့သူငယ်ချင်းတွေကတော့ မင်းက ၀,တာမဟုတ်ဘူး၊ ဖောနေတာလို့ စကြနောက်ကြတယ်ဗျ။ ဖောတယ်ဆိုရအောင်လည်း ကျုပ်တို့ကဗျာဆရာက ပျော်စေပျက်စေသဘောမျိုးနဲ့ ဘီယာသောက်တယ်၊ ဘီယာသောက်တယ်လို့ ရေးနေပေမဲ့ တကယ်တမ်းကျ သောက်ရှာတာမဟုတ်ဘူးလေ။ အရက်လည်းမသောက်တတ်ပါဘူး။ ဆေးလိပ်ကိုတော့ တော်တော်လေး ကြိုက်ရှာတယ်ဗျ။ ကျောက်ကပ်မကောင်းဘူးထင်တယ်လို့တော့ သူ့ဟာသူ ပြောနေတတ်တာ တစ်ခါတစ်ရံ ကြားဖူးရဲ့။

ကိုင်း..ကဗျာဆရာရဲ့ ကြန်အင်လက္ခဏာ ရုပ်ဆင်းအင်္ဂါကိုတော့ ဒီမှာတင် ရပ်ကြစို့ရဲ့..။ ကျုပ်တို့မှာကလည်း ကိစ္စများမြောင် နတ်တို့ဘောင် ဆိုတဲ့အတိုင်း လုပ်စရာ၊ ကိုင်စရာလေးတွေက ရှိသေးသကိုးဗျ။ ဒီတစ်ခါတော့ ကဗျာဆရာရဲ့ စိတ်ပိုင်းဆိုင်ရာ အဖြာဖြာကို လေ့လာသုံးသပ် ခေါင်းပုံဖြတ် (အဲလေ..မှားလို့)၊ လေ့လာသုံးသပ်လို့ record မှတ်ထားလိုက်ဦးမယ်ဗျို့။ ကိုင်း..လာလေရော့ ။

ဒီလူက ပျင်းတာတော့ တော်တော်ကို ပျင်းတဲ့လူဗျ။ သူမပျင်းတာဆိုလို့ ဘလော့ဖတ်တဲ့အလုပ်နဲ့ ကဗျာရေးတဲ့ အလုပ်ပဲရှိမယ်ထင်တယ်။ ပျင်းပုံများ ကျောင်းကနေ စာတွေဘာတွေများ ကျက်စရာပါလာရင် ညကတည်းက အပြီးမကျက်ဘူးဗျာ။ စာတွေအကုန်ရနေရင် မနက်မထချင်ပဲနေလိမ့်မယ်ဆိုပြီး စာကိုတောင် မနက်စာချန်ထားသတဲ့ဗျာ။ ပျင်းပုံကို ပြောပါတယ်။ ဒီလူ စိတ်ဆိုးတာတွေ ဘာတွေတော့ မတွေ့ဖူးပါဘူး။ သူမကြိုက်တာ ကြုံနေရရင်တောင် ဟဲဟဲ..ဟဲဟဲ နဲ့ ရယ်နေတတ်တာ။ ကဗျာကလွဲရင် ကျန်တာ အကုန်ထိလို့ရတယ် ဆိုတဲ့လူဗျ။ အခုတော့ သူလည်း တစ်ထစ်လျော့သွားပါပြီ။ ကဗျာကိုထိရင်တောင် ဘာမှပြန်ပြောတော့ဘူး၊ ငြိမ်ပြီးနေတတ်တယ်။

နောက်..ဒီကဗျာဆရာက သတ္တိနည်းတယ်ဗျ။ စစ်ပွဲတွေဖြစ်တာကို တော်တော်မုန်းတဲ့လူ။ ကျောက်ခေတ်ကတည်းက လူတွေ တစ်အုပ်စုနဲ့ တစ်အုပ်စု၊ တစ်ယောက်နဲ့တစ်ယောက် ကြီးနိုင်ငယ်ညှဉ်းဝါဒနဲ့ ဆော်ကြတီးလာကြတာ။ အခုတိုးတက်လာပြန်တော့လည်း လက်နက်အသစ်အဆန်းတွေ တီထွင်ပြီး ဆော်နေတီးနေကြတုန်းပဲတဲ့။ တစ်ယောက်နဲ့တစ်ယောက်ပစ်ခတ်သတ်ဖြတ်ပြီး ပြဿနာ ဖြေရှင်းတာလောက် ဥာဏ်မပါတာ ရှိကို မရှိဘူးတဲ့။ သူပြောပြောနေလို့ ကျုပ်တို့လည်း နားရည်ဝနေပါရဲ့။ ကိုင်း..ဒီကဗျာဆရာ သတ္တိနည်းပုံကိုတော့ ဒီမှာတင် ရပ်ဦးမယ်ဗျ။

သူငယ်ချင်းတွေ တအုပ်တမကြီးနဲ့ စုရုံးစုရုံးနေရတာကို တော်တော်သဘောကျတဲ့ ကဗျာဆရာဗျ။ အဟားးး အတွေးအခေါ်တွေ စုရုံးစုရုံးနဲ့ ဘသားယိမ်းလိုက် ရောယိမ်းလိုက်ဖြစ်မှာကိုတော့ ကြောက်တတ်ပုံရတယ်။ အကျိုးသင့် အကြောင်းသင့်ပြောဆိုရင် ဒီလူက သိပ်သဘောကျတာပ။ အုန်းအုန်း အုန်းအုန်းနဲ့ အလံထောင်တဲ့နောက်လျှောက်လိုက်နေရင်တော့ ဒီကဗျာဆရာက အနားတောင် ကပ်ချင်မှ ကပ်တာ၊ လှည့်လှည့်ပြန်လာလို့ ကျုပ်တို့ နတ်အပေါင်းက တစ်ခါတစ်ခါ ချစ်စနိုးနဲ့ သူ့ကို ဇောက်ထိုးကောင်လို့ ခေါ်သဗျ။

အခုလောလောဆယ်တော့ ဒီလူ ဘလော့စွဲနေပုံရတယ်။ ကျောင်းချိန်အားတာနဲ့ ဘလော့လေးကို ပြေးဖွင့်တယ်။ လက်လှမ်းမှီသလောက် လိုက်လည်တယ်။ လိုက်ဖတ်တယ်။ ရသမျှလိပ်စာတွေကိုလည်း သူ့ဆီမှာ လင့်ချိတ်ထားသေးသဗျ။ အားရင် ဘလော့နဲ့ အချိန်ကုန်နေတော့တာပဲ။ ကျုပ်တို့ကိုတောင် ဘီယာဖိတ်မတိုက်ဖြစ်တော့တာ ကြာလှပေါ့။ အိမ်း..ဒါပေသည့် ကျုပ်တို့နတ်အပေါင်းကလည်း ကဗျာဆရာကို ကြည်ကြည်ဖြူဖြူနဲ့ ခွင့်ပြုထားတယ်ဗျ။ ဘာကြောင့်လည်းဆိုတော့ ကျုပ်တို့ကိုယ်တိုင်ကလည်း ကဗျာရူး၊ နတ်ရူး(အဲလေ..ယောင်လို့) စာရူးတွေဆိုတော့ ဒီလူနဲ့ အတော်ကိုဟန်ကျနေတာ.. ဟဲဟဲ။ အခုဆိုကြည့်လေ ကဗျာဆရာက သူရေးရမှာ ပျင်းတာနဲ့ ကျုပ်တို့ကို ဆင့်ခေါ်ပြီး ရေးခိုင်းပါလေရောလား။ အမယ် ဒီလူက ကျုပ်တို့ကျေနပ်အောင်တော့ ခေါင်းစဉ်လှလှလေး ပေးလိုက်တယ်ဗျ။

ဘာတဲ့..
"နတ်ရေးတဲ့ပန်းချီ" ဆိုပါလား။ နိပ်ဟ!!

ညိမ်းညို
- ကိုသုညရေ ရေးလိုက်ပြီဗျ။ အကိုတက်ထားတဲ့ခေါင်းစဉ်နဲ့ ကိုက်ညီမှုမရှိခဲ့ရင် ခွင့်လွတ်ပါနော..။ ပျော်ရွှင်ပါစေခင်ဗျာ။




16 November 2007

တက်လိုက်ကြစို့ တူပျော်ပျော်

ခြိမ့်ခြိမ့်သဲသဲ တက်မစဲ

ယနေ့ ဘလော့ရပ်ဝန်းကြီးထဲတွင် ဘလော့ဂ်ဂါ ညီအကိုမောင်နှမများ၊ ရေးဖော်ရေးဖက်များ အချင်းချင်း ပျော်ပျော်ရွှင်ရွှင်ကြီးတက်ကြပြီးသကာလ ပို့အသစ်များကို အားကြိုးမာန်တက်ရေးသားနေကြရာ ခြိမ့်ခြိမ့်သဲသဲ တက်မစဲသော အခါသမယကြီးဟုပင် ဆိုရပေတော့မည်။ အဟမ်း..အဟမ်း နေရာမကျသေးပါဘူးဗျာ။ ဒီလိုကြီးရေးရတာ တယ်လည်း ပျင်းစရာကောင်းသကိုး။ ဒီလိုဗျ ဘလော့ရေးတဲ့သူတွေအချင်းချင်း အကြောင်းအရာအလိုက် တက်ပြီးတော့ တစ်ဦးကိုတစ်ဦး ရေးပေးဖို့မေတ္တာရပ်ကြတယ်။ တက်ခြင်းခံရတဲ့သူတွေကလည်း ကိုယ်တက်ခံရတဲ့ အကြောင်းအရာကို အတတ်နိုင်ဆုံး ပြည့်စုံကောင်းမွန်အောင် အလေးထားပြီး ရေးပေးလေ့ရှိကြတယ်။ ဘလော့ရပ်ဝန်းကြီးထဲက အင်မတန်နှစ်လိုဖွယ်ရာကောင်းတဲ့ ဓလေ့တစ်ခုပေါ့ခင်ဗျာ။တက်ယဉ်ကျေးမှုလို့ပဲ ဆိုကြပါစို့။ မကြာခဏ တက်ခြင်းခံနေရသော အကိုအမများကတော့ ကျွန်တော့်ကို မေတ္တာပို့နေပြီလားမသိ.. :)

ဆရာသော်တာဆွေကတော့ ဂေါ်ဂနိုက်ဇေးရှင်း ဆိုပြီး ဂေါ်နည်းအဖုံဖုံ၊ ဂေါ်နည်းအမျိုးမျိုးကို ၀တ္ထုတိုတစ်ပုဒ်မှာ ထည့်ပြီးရေးထားတာ ဖတ်ဖူးသဗျ။ အိမ်း..ကျွန်တော်လည်း တက်ဂနိုက်ဇေးရှင်း ဆိုပြီး ပို့စ်တစ်ခုလောက်ရေးရရင် နိပ်မလားမသိဘူး။ ဟာ..ဟ ဒီကဗျာဆရာတော့ အရေးထဲ ဆားချက်နေပြန်ပြီ။ ကျွန်တော် ဘလော့ရေးတာ သုံးလခန့်ရှိပါပြီ။ ဒီသုံးးလအတွင်းမှာ ဘလော့ဂါ ညီအကိုမောင်နှမတွေ တစ်ယောက်နဲ့တစ်ယောက် တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ရေးကြ တက်ကြတာတွေကို တွေ့ရမြင်ရ ဖတ်ရပါတယ်။ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်နဲ့မို့ မုဒိတာလည်း ပွားမိပါတယ်။

ကြိုက်တာပြောနော်

ပထမဦးဆုံး သတိထားမိတဲ့ တက်ကတော့ ဘလော့ရေးသူကို မိမိရဲ့ ပို့စ်တွေထဲကနေ အကြိုက်ဆုံး ၅ခုကို ရွေးခိုင်းတာဗျ။ ဘယ်ကဘယ်လို စလိုက်တယ်တော့ မသိဘူး။ ကနဦးစပြီး တက်လိုက်တဲ့သူကိုတော့ မချီးကျူးပဲ မနေနိုင်ဘူး။ တော်တော်ဥာဏ်သွားတဲ့ လူဗျ။ ကြည့်လေ.. အကြိုက်ဆုံး ၅ခုကို ကိုယ်တိုင်ရွေးပေးပါဆိုတော့ စာရေးသူကလည်း သူအားအရဆုံး၊ အနှစ်ခြိုက်ဆုံး၊ အသေသပ်ဆုံး လက်ရာမွန် ၅ခုကို ရွေးပြီပေါ့ဗျာ။ ဒီတော့ အချိန်တိုတိုအတွင်းမှာ ပို့စ်တွေအများကြီးထဲကနေစာရေးသူကိုယ်တိုင်က အကောင်းဆုံးပါလို့ ရွေးပေးထားတဲ့ ပို့စ်၅ခုကို မြန်မြန်ဆန်ဆန် ဖတ်သွားနိုင်တာပေါ့ခင်ဗျာ။ ကဲ..မနိပ်ပါလား။ ကျွန်တော်တို့လို ကြားနေစာဖတ်သူများအဖို့တော့ များများတက်လေ သစ်သောဆန်းသော၊ ကောင်းမွန်သော လက်ရာတွေကို များများဖတ်ရလေမို့ ဒီနေ့အထိ ခေါင်းစဉ်အသစ်အဆန်းလေးတွေကို စဉ်းစားကြံဆပြီး တက်ပေးနေကြတဲ့ ဘလော့ဂါအပေါင်းကို ဒီလိုလေးပြောလိုက်ချင်တယ်ဗျ။

နောက်မဆုတ်နဲ့ ကိုကံချွန် လို့လေ..။

သတိ! သရဲတစ်ကောင်လွှတ်လိုက်သည်

ဒီဇာတ်လမ်းကတော့ အောက်တိုဘာ ၃၁၊ Halloween night မတိုင်မီ ကိုရန်အောင်ကြီး စလိုက်တာဗျ။ တစ်ယောက်နဲ့ တစ်ယောက်သရဲတွေ အပြန်အလှန်လွတ်ပြီးရေးကြတာ အင်မတန် စိတ်ဝင်စားစရာကောင်းသလို သေခြင်းနဲ့ပတ်သက်ပြီးတွေးဆစရာလေးတွေ၊ ပျော်ရွှင်ရယ်မောစရာလေးတွေလည်း အစုံပါနေတာမို့ နောက်တစ်နှစ် Halloween night ကိုတောင် ကြိုပြီး ငံ့လင့်နေမိပါရဲ့။ ကိုရန်ကြီးရေ နောက်နှစ်..နောက်နှစ်တွေမှာလည်း ထူးခြားတဲ့နေ့တွေမှာ အခုလို အမှတ်တရ ခေါင်းစဉ်လေးတွေကို တက်ပါဦးဗျို့။ (ဟဲ..ဟဲကျွန်တော့်ကိုတော့ ကင်းလွတ်ခွင့်ပေး :)

ရှိတာ အကုန်ထုတ်!!!

ဒါကတော့ ဘလော့ရပ်ဝန်းကြီးထဲမှာ အခုလောလောဆယ် အပေါက်ဆုံးဖြစ်နေတဲ့ တက်ဗျ။ ဒီတက်ကလေးကလည်း အကျိုးရှိတာပဲဗျ။ ဘလော့ဂါညီအကိုမောင်နှမတွေအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ပိုပြီးရင်းနှီးချစ်ခင်စေတယ်။ နွေးထွေးယုံကြည်စေတယ်။ ကြည့်လေ.. တော်ရုံတန်ရုံ ယုံကြည်ရင်းနှီးမှုမျိုးနဲ့ ကိုယ့်အိတ်ထဲမှာ ရှိတာကို ဘယ်သူက အိတ်သွန်ဖာမှောက် ဖွင့်ပြတာမှတ်လို့။ ကျွန်တော်ထင်တာမမှားဘူးဆိုရင်တော့ဒီတက်ကို အစပျိုးတဲ့သူဟာ စီအိုင်ဒီက ဘလော့ဂါဖြစ်ရမယ်ဗျ။ ဟား..ဟား ကျွန်တော်လည်း ပျော်လို့နောက်တာပါဗျာ။ စိတ်ကူးလေးတော်တော် ကောင်းတယ်ဗျ။ ကိုယ့်လက်ကိုင်အိတ်ထဲက ပစ္စည်းလေးတွေကိုတောင် ထုတ်ပြတယ်ဆိုတော့ တစ်ဦးနဲ့တစ်ဦး၊ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးခင်မင်တယ်။ ယုံကြည်အားကိုးတယ်ဆိုတဲ့ သဘောပေါ့ဗျာ။ ဘလော့ကိုယ်စီမှာ လက်ကိုင်အိတ်လေးတွေကိုဖွင့်လို့၊ ကိုယ့်မှာရှိတဲ့ ပစ္စည်းလေးတွေကို နံပါတ်စဉ်ထိုးလို့ ရှင်းလင်းရေး ၀င်ရတော့တာပဲ။ အဝေးရောက်နေတဲ့ ညီအကိုမောင်နှမတွေအချင်းချင်း ပြန်ဆုံနေကြသလိုပါပဲ။ နောက်ဆုံး ဆရာမဒေါ်မေငြိမ်း တောင် မနေသာပါဘူး။ သူ့လက်ကိုင်အိတ်ထဲက ပစ္စည်းတွေကို အကုန်ထုတ်ပြရတော့တာပဲ။ ဒါပေမဲ့ အိတ်ပိုင်ရှင်အသီးသီးရဲ့ တူညီတဲ့အချက်လေးကတော့ ဘယ်အိတ်ထဲမှာမှ ပိုက်ပိုက်ကို မတွေ့ရခြင်းပါပဲခင်ဗျာ :) ရှားရှားပါးပါး ကိုစေးထူးကြီးရဲ့ အိတ်ထဲမှာတော့ ဒေါ်လာ ၁၀တန်နဲ့ ၅ကျပ်တန်တွေ တွေ့ရတယ်ဗျ။ စာရှုသူများ လက်မနှေးကြပါနှင့်။ အမြန်သွား၍ ချေးကြပါကုန်..

အလှည့်ကျ မနွဲ့စတမ်း

ကဲ..ကျွန်တော်သိသမျှ၊ မှီသမျှ တက်ရာဇ၀င်လေးကိုတော့ ရှင်းလင်းလို့ ပြီးပါပြီ။ အလို ဒီမျှားဦးက ကျွန်တော့်ဘက်လှည့်လာပါရောလား။ မလေးမ က ကျွန်တော့်ကိုအနှစ်သက်ဆုံး စာရေးဆရာများဆိုပြီး တက်လာပါပြီ။ သူများတွေ တက်နေကြတုန်းကတော့ ကြားကနေ ပျော်ပျော်ကြီး စာဖတ်နေတဲ့ကဗျာဆရာ အခုတော့ ဘာတတ်နိုင်သေးလဲ။ အလှည့်ကျ မနွဲ့စတမ်းပေါ့ခင်ဗျာ။ အမကြီးရေ ရေးလိုက်ပြီဗျို့။ ကဲ..ရွာစားရေ မတိမ်းမစောင်း ကော်နက်ရှင်ကောင်းကောင်းလေးနဲ့ ပို့စေဗျား။

ကျွန်တော်က ဘလော့မှာ ကဗျာတွေ၊ ကဗျာနဲ့ဆိုင်တဲ့ အရေးအသားတွေကို အတင်များတော့ မလေးမက ကျွန်တော်လွတ်လွတ်လပ်လပ် ရွေးချယ်လို့ရအောင် အနှစ်သက်ဆုံးစာရေးဆရာ၊ ကဗျာဆရာများဆိုပြီး လမ်းဖွင့်ပေးပါတယ်။ ဒါပေမဲ့ ကျွန်တော်က ကဗျာထက် စကားပြေတွေနဲ့ ပိုပြီး နီးနီးစပ်စပ် ကြီးပြင်းခဲ့ရပါတယ်။ ဒါကြောင့်မို့ ကျွန်တော်အကြိုက်ဆုံးစာအုပ်စာရင်းမှာ စကားပြေစာအုပ်တွေက အများဆုံးနေရာယူထားတာကို တွေ့ရမှာပါ။ ဆရာသိန်းဖေမြင့်ကို သူ့လုပ်ဖော်ကိုင်ဖက်တစ်ဦးက "စာပေက ခင်ဗျားရဲ့ မယားကြီး၊ နိုင်ငံရေးက မယားငယ်၊အငြူအစူများတယ်၊ ပြဿနာများတယ်။ နိုင်ငံရေးကို မလုပ်နဲ့" လို့ ပြောဖူးပါသတဲ့။ အမြင်မတော် ရွာဆော်က ဘောင်းဘီရှည်ဝတ်တယ်ပဲဆိုဆို အဲသလိုလေးများ ဥပမာပေးခွင့်ပြုမယ်ဆိုရင် စကားပြေက ကျွန်တော့်အတွက် မယားကြီးဗျ။ ကျွန်တော်ရဲ့ ပထမဆုံးပုံနှိပ်စာမူက ၂၀၀၀ပြည့်နှစ်၊ သြဂုတ်လထုတ် န၀ဒေးမဂ္ဂဇင်းမှာပါတဲ့ လယ်စောင့်တဲ ၀တ္ထုတိုလေးပါ။ ကဗျာကတော့ ကျွန်တော်သင်တန်းမတက်ခင်ထိ ကိုးတန်းဆယ်တန်းနှစ်နှစ်စလုံး အပုဒ်၈၀ကျော် ဆက်တိုက်ပို့တာတောင် တစ်ပုဒ်မှ ဖော်ပြခြင်း မခံခဲ့ရပါဘူး။ ကံများ အဲဒီလို လိုက်တာ.. :) သင်တန်းရောက်မှသာ ကျောင်းနှစ်လည်မဂ္ဂဇင်းတွေမှာ ဖော်ပြခံရတော့တယ်။ ဟားဟား သိပ်လည်းထင်မသွားကြနဲ့ဦးဗျ။ ကျောင်းမှာက ကဗျာရေးတဲ့သူ တော်တော်လေးရှားတော့ မရှိ,ရှိတာ သုံးသွားဟန်တူပါရဲ့ :)

အတွင်းသားနှိုက်သော ကဗျာဆရာ

ပေးထားတဲ့ ခေါင်းစဉ်ငယ်ကို ကြည့်ပြီး မျက်လုံးပြူးမသွားကြပါနှင့်ဦး။ တဆိတ်..အောက်က စာပိုဒ်လေးကို ဖတ်ပေးပါဦးခင်ဗျာ။ တာရာမင်းဝေ ၀တ္ထုတိုတစ်ပုဒ်မှာ ဇာတ်ကောင်လူငယ်က ခပ်ကြွားကြွားနဲ့ ဘ၀င်မြင့်တတ်တဲ့ အန်ကယ်ကြီးတစ်ဦးကို အခုလိုပြောပါတယ်။ သူက စာအုပ်တွေကိုသေတ္တာတစ်လုံးဖွင့်ရသလိုသာ သဘောထားကြောင်း၊ သံသေတ္တာလား ကြေးသေတ္တား သစ်သားသေတ္တာလား ပန်းကနုတ်တွေနဲ့ အလှဖော်ထားတဲ့ သေတ္တလား သူစိတ်မ၀င်စားကြောင်း၊ သေတ္တာထဲမှာ ဘာရှိသလဲ..။ သေတ္တာထဲမှာရှိတဲ့ ပစ္စည်းကိုသာ စိတ်ဝင်စားကြောင်း ပြောသွားပါတယ်။

ကျွန်တော်လည်း ထိုသဘောအတိုင်းရှိပါတယ်။ စာအုပ်တစ်အုပ်ကို ငါဘာကြောင့်ကြိုက်ရတာလဲလို့ ကိုယ့်ကိုယ်ကို သေသေချာချာ မေးကြည့်ဖူးပါတယ်။စာရေးဆရာကို နှစ်သက်လို့ စာအုပ်ကိုကြိုက်သွားတယ်ဆိုတာထက်၊ စာအုပ်ကိုနှစ်သက်လို့သာလျှင် အဲဒီစာအုပ်ကို ကြိုက်သွားရခြင်းဖြစ်ကြောင်း အဖြေထွက်ပါတယ်။ သားရေဖုံး အခန့်ချုပ်၊ ကွာလတီစာရွက်၊ ရေးသားသူ( ဘယ်နှစ်ဆုရ) စသော အကြောင်းအရာများထက် စာပါအကြောင်းအရာများကသာ ကျွန်တော့်ကို ပိုလို့ ဖမ်းစားနိုင်ခဲ့ပါတယ်။ ဇောက်ထိုးကောင်၏ မှတ်စုများ(၁၁) မှာ ကျွန်တော် ဒီလိုရေးခဲ့ဖူးပါတယ်။

ကျမ်းစာအုပ်ကြီးကို ရှိခိုး
စာလုံးတွေကို ဒိုးဒိုးဒေါက်ဒေါက် ရွတ်မပြပါရစေနဲ့
ကျမ်းစာအုပ်ကြီးကို ခေါင်းအုံးအိပ်
တိုးတိုးတိတ်တိတ်ကလေးလည်း ဆွံ့ အမနေပါရစေနဲ့
စာအုပ်ကြီးရဲ့ ကိုယ်ထည်အတွင်းသားကို ဖြတ်သန်းခံစား
ငါလမ်းပွင့်သလိုသာ ဖတ်ပါရစေ
ငါမှတ်ချင်တာတွေကို မှတ်ထားလိုက်မှာပေါ့
ကျန်ချင်တာတွေလည်း ကျန်ခဲ့မှာပေါ့
ချန်ချင်လို့ ချန်ခဲ့တာတွေလည်း ရှိဦးမှာလေ
စာအုပ်ကြီးကဖြင့် စိတ်မဆိုးတန်ရာ
စီးဆင်းမှုတိုင်းကတော့ သူ့သီချင်းနဲ့သူပေါ့ကွယ်..။

ကျွန်တော်နှစ်သက်သော စာအုပ်များ

မလေးမရေ..ကျွန်တော်နှစ်သက်သော စာအုပ်များကို အရင်ဖော်ပြပါရစေခင်ဗျာ။ ယနေ့တိုင် ကျွန်တော် တသသ စွဲလမ်းနှစ်ခြိုက်နေရဆဲဖြစ်တဲ့ စာအုပ်တွေကို အောက်မှာ ရေးလိုက်ပါပြီ။ စာရေးဆရာဝါစဉ်လိုက်သော်လည်းကောင်း၊ စာအုပ်ထုတ်ဝေတဲ့ ခုနှစ်လိုက်သော်လည်းကောင်း စီစဉ်ထားခြင်းမရှိပါဘူးခင်ဗျာ။ ကျွန်တော့်စိတ်ထဲမှာ နေရာယူထားတဲ့အတိုင်း၊ ကျွန်တော့်စိတ်ထဲက ထွက်ကျလာတဲ့အတိုင်း အကြောင်းအရာအလိုက် တူရာကိုစုလို့ ဖော်ပြလိုက်ပါတယ်။

၁။ ဂျာနယ်ကျော်မမလေး- သူလိုလူ
အတ္ထုပ္ပတ္တိစာပေရေးရတာ အင်မတန်ခဲကတ်တယ်၊ အန္တရာယ်ကြီးတယ်လို့ မှတ်သားဖူးပါတယ်။ ဘာကြောင့်လည်းဆိုတော့ လူ့သဘောသဘာဝအရ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ အကြောင်းကို အမှန်အတိုင်း ဘက်လိုက်မှုကင်းအောင် ရေးနိုင်ဖို့ ခက်ခဲသောကြောင့်လို့ ဆိုကြပါတယ်။အခု ဒီစာအုပ်မှာ စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေးဟာ သူ့ရဲ့ ခင်ပွန်းအကြောင်းကို ရေးတာဖြစ်လင့်ကစား တရားမျှတမှုရှိတယ်၊ သမာသမတ်ရှိတယ်။အကြောင်းအရာရော၊ အရေးအသားရော အရမ်းကို ရိုးသားမှုရှိပြီးတော့ တအားဖတ်လို့ကောင်းပါတယ်။ ကျွန်တော့်အတွက်တော့ ဒီစာအုပ်ဟာ အကြိုက်ဆုံး စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

၂။ ထင်လင်း(ဘာသာပြန်)- စည်းအပြင်ကလူ
ကျွန်တော်လို ဇောက်ထိုးကောင်များ အထူးကြိုက်နှစ်သက်ကြမှာပါ။ အကျယ်သိလိုလျှင်ဖြင့် ကိုဖြိုးထံ မေးကြပါကုန်..။ သူ့ရဲ့ ဘန်နာခေါင်းစီးမှာ အရင်တုံးက စည်းအပြင်ကလူလို့ ရေးထားဖူးတယ်ဗျ။ ကိုဖြိုးရေ အချွန်နဲ့ မ,လိုက်ပြီဗျို့ .. :)

၃။ လင်းယုန်သစ်လွင်- သေမင်းတမန် မီးရထားလမ်းပေါ်ဝယ်
စာရေးဆရာကြီး လင်းယုန်သစ်လွင်ရဲ့ ထင်ရှားတဲ့ ၀တ္ထုရှည်ကြီးတွေ များစွာရှိပါတယ်။ ကျွန်တော်ကတော့ ဒီမှတ်တမ်းစာအုပ်ကို အကြိုက်ဆုံးပါပဲခင်ဗျာ။

၎။ အောင်လင်း- အရိုင်းစံပယ်
ဒီစာအုပ်ကို အကြိမ်ကြိမ် အထပ်ထပ် ဘယ်တော့ဖတ်ဖတ် မရိုးနိုင်အောင်ကို စွဲလန်းနှစ်ခြိုက်ပါတယ်။ အနုပညာ ဂီတသများများဆိုလျှင် ကျွန်တော့်ထက်တောင် ပိုလို့ နှစ်သက်မြတ်နိုးကြမယ်ထင်ပါတယ်။

၅။ ဆန်းလွင်- ရတနာသုံးပါးကို ကိုးကွယ်ယုံကြည်ဆည်းကပ်လာသူတစ်ယောက်အကြောင်း
၆။ ရှင်ဥက္ကဌ- ကျောက်ကွင်းအရေးတော်ပုံ
ရ။ ရှင်ဥက္ကဌ- လူသေလူဖြစ်
၈။ ပါရဂူ(ဘာသာပြန်)- သိဒ္ဓိတ္ထ
ဘာစွဲညာစွဲမထားပဲနဲ့ တည့်တည့်တွေးလိုသူများ အကြိုက်ချင်းတူလိမ့်မယ်လို့ ထင်ပါတယ်။

၉။ မြသန်းတင့်- တောင်သမန်ရွှေအင်းက လေညင်းဆော်တော့
ဆရာမြသန်းတင့်ရဲ့ ထင်ရှားကျော်ကြားလှတဲ့ ဘာသာပြန်စာအုပ်တွေ၊ ပင်ကိုယ်ရေး ၀တ္ထုရှည်တွေ အများကြီးရှိတဲ့အနက် ကျွန်တော်ကတော့ ဒီစာအုပ်ကို အကြိုက်ဆုံးဖြစ်မိပါတယ်။ ဒီစာအုပ်ထဲမှာ ဆရာရဲ့သမိုင်းအမြင်တွေ၊ နိုင်ငံရေးဖြတ်သန်းမှုတွေနဲ့အတူ အနုပညာစိတ်ကူးစိတ်သန်းတွေ၊ အနုပညာဖန်တီးနိုင်မှု စွမ်းအားတွေရောယှက်နေတာကို တွေ့နိုင်ပါတယ်။

၁၀။ သိန်းဖေမြင့်- သပိတ်မှောက်ကျောင်းသား
၁၁။ မင်းကျော်- ငါတို့ခေတ်နှင့်အပြိုင်
သပိတ်မှောက်ကျောင်းသားကို အရှေ့ကနေ၀န်းထွက်သည့်ပမာထက် ပိုပြီးကြိုက်ပါတယ်။ ကျောင်းသား၊ကျောင်းသူတိုင်း ဒီစာအုပ်နှစ်အုပ်ကို သင်ရိုးညွှန်းတန်း ဖတ်စာအုပ်လို သဘောထားပြီး အခေါက်ခေါက်အခါအခါ ကြေညက်အောင် ဖတ်သင့်တယ်လို့တောင် ထင်မိပါတယ်။

၁၂။ မောင်ထွန်းသူ(ဘာသာပြန်)- ရဲတိုက်
ဒီစာအုပ်ကိုတော့ ကိုစိုးထက် ကိုရဲမွန် ကိုစိုးသီဟနဲ့ ဆရာမမွန်းသက်ပန်တို့က ကျွန်တော့်ထက်တောင် ပိုလို့ နှစ်သက်မြတ်နိုးကြမယ်ထင်ပါတယ်ခင်ဗျာ။

၁၃။ မြတ်ငြိမ်း(ဘာသာပြန်)- ဆရာအို၏ ဘ၀နေ၀င်ချိန်သင်တန်း
ဆရာမြတ်ငြိမ်းကို ဒီစာအုပ်နဲ့ စပြီး ဖတ်ဖူးတာပါ။ အနီးစပ်ဆုံးဥပမာပေးရရင် စားသောက်ကုန်ပစ္စည်းတွေမှာ ရေးထားသလို လူမျိုးဘာသာမရွေး စားသုံးနိုင်သည်လို့ ဆိုရမဲ့ ဘ၀နေထိုင်မှု စာအုပ်ကောင်းတစ်အုပ်ပါ။

၁၄။ သခင်ဘသောင်း- ခြေလေးချောင်းတော်လှန်ရေး
၁၅။ ရန်ကုန်ဘဆွေ- ရွှေဝါပြည်
နိုင်ငံရေးနဲ့ လူတွေရဲ့ လုပ်ပုံကိုင်ပုံကို သရော်တဲ့ စာပေအရာမှာတော့ ဘိုးအေကြီးတွေလို့တောင် ဆိုနိုင်ပါတယ်။ ကြာလေ ကြာလေ..ပိုပိုပြီး ကြိုက်နှစ်သက်လေဖြစ်ရတဲ့ စာအုပ်နှစ်အုပ်ပါ။

၁၆။ တာရာမင်းဝေ- အရှေ့ မြို့ ရိုးမှ မိုးရေစက်များ
၁၇။ မင်းခိုက်စိုးစန်- စိုမှာစိုးလို့ မိုးမိတယ်
ဆရာတာရာမင်းဝေနဲ့ ဆရာမင်းခိုက်စိုးစံတို့ရဲ့ ကျွန်တော့်အကြိုက်ဆုံး စာအုပ်နှစ်အုပ်ပါခင်ဗျား။

၁၈။ ဥတ္တရလမင်း(စီစဉ်သူများ)- မန်းချောင်းလရောင်အတွင်းသို့ အုပ်ဖွဲ့ပျံသန်းလာသော ၉၅ ကဗျာငှက်များ
၁၉။ အောင်ချိမ့်၊ မောင်ချောနွယ်- သမိုင်းဖတ်စာ
ဒါကတော့ ကျွန်တော်အကြိုက်ဆုံး ကဗျာစာအုပ်နှစ်အုပ်ပါ။

အနှစ်သက်ဆုံး စာရေးဆရာ၊ ကဗျာဆရာများ

အမရေ ကျွန်တော်တော့ တအားကြိုက်တဲ့ စာအုပ်တွေကို ရေးလိုက်ပြီဗျာ။ မြင်းထိန်းငတာက ယောမင်းကြီးဦးဘိုးလှိုင်ကို ချီးကျူးသလိုများ ဖြစ်နေမလားမသိဘူးနော်..။ အမြင်မတော်တာပါရင်လည်း ခွင့်လွှတ်ပေတော့ အမရေ..။ ကျွန်တော်နှစ်သက်တဲ့ စာရေးဆရာ၊ ကဗျာဆရာတွေကိုတော့ ဒီအတိုင်းပဲ ချရေးလိုက်တော့မယ်ဗျ။ မင်းကျောင်းမင်း ရေကင်းပြ၊ ဘုန်းကြီးစာချ ဖြစ်မှာစိုးရပါတယ်။ ပြီးတော့ ကျွန်တော့်လို လူငယ်တစ်ဦးက စာရေးဆရာကြီးတွေကို ဘယ်သို့ဘယ်ပုံကောင်းပါတယ်၊ ဘယ်ရွေ့ဘယ်မျှ နှစ်သက်ပါတယ်လို့ညွှန်းရမှာ အားနာမိလို့ပါ။ မလေးမပြောသလိုပဲ ကလောင်အမည်တွေရှေ့မှာ ဦး၊ ဒေါ် စသည်ဖြင့် မထည့်တော့ပါဘူး။

၁။ ရွှေဥဒေါင်း
၂။ မြသန်းတင့်
၃။ တက္ကသိုလ်ဘုန်းနိုင်
၎။ အောင်သင်း
၅။ သော်တာဆွေ
၆။ ကျော်ဝင်း
၇။ မင်းခိုက်စိုးစန်
၈။ မစန္ဒာ
၉။ ဂျူး
၁၀။ မောင်ချောနွယ်(ကဗျာ)
၁၁။ အောင်ချိမ့်(ကဗျာ)
၁၂။ မိုဃ်းဇော်(ကဗျာ)
၁၃။ မောင်ဖီလာ(ကဗျာ)
၁၄။ စိုင်းဝင်းမြင့်(ကဗျာ)
၁၅။ ခရမ်းပြာထက်လူ(ကဗျာ)
၁၆။ မောင်သစ်ဆင်း
၁၇။ မြင့်သန်း
၁၈။ နေ၀င်းမြင့်
၁၉။ မေငြိမ်း
၂၀။ ညီပုလေး
၂၁။ နုနုရည်(အင်းဝ)
၂၂။ ခင်ခင်ထူး

တက်လိုက်ကြစို့ တူပျော်ပျော်

ကဲ.. ကျွန်တော့်အလှည့်တော့ ပြီးသွားပြီဗျို့။ ဒီမျှားကို အကိုကြီးနှစ်ယောက်နဲ့ အမကြီးနှစ်ယောက်ဆီကို ပစ်လွှတ်လိုက်ဦးမယ်ဗျ။

ကိုစေးထူးကိုရွက်ဝါ၊ မဂျစ်နှင့် မကြီးပန်ခင်ဗျား-
အကိုအမတို့ရဲ့ ဘ၀အပေါ် သက်ရောက်မှုအရှိဆုံး စာအုပ်တစ်အုပ်အကြောင်းကို (အချိန်ရပါလျှင်)ရေးပေးပါဦးခင်ဗျာ။

ခင်မင်ရင်းနှီးစွာဖြင့်
ညိမ်းညို

12 November 2007

စိတ်ကြိုးနှစ်စ




စိတ်ကြိုးနှစ်စ


ဒီလိုချည်နှောင်မိပြီ ဆိုတဲ့နောက်
ဝေးကွာခြင်း တစ္ဆေတစ်ကောင်ကို
ငါတို့သစ္စာတရားနဲ့ မန်းမှုတ်ခြွေသတ်ထားကြစို့ရဲ့

သံယောဇဉ်မြစ်ညှာက ညှို့တက်လာမဲ့ မိုးတွေ
ရေခြားမြေခြားနေသည့်တိုင်
ငါတို့ရဲ့ ခိုကိုးရာတိုင်းမှာ
လက်လက်စိုအောင် ရွာချလိမ့်မယ်

တစ်ယောက်ကိုတစ်ယောက်
ယုံကြည်ဖို့ မပြောဆိုကြတော့ဘူး
ယုံကြည်အောင်နေပြကြတဲ့ ချစ်သူနှစ်ဦးကြားမှာ
ဘယ်လို ရာသီဆိုးတွေကိုပဲ ဖြတ်သန်းနေရ,နေရ
အဖျားအနာ ကင်းရှင်းနေမှာပါကွယ်

ငါတို့ ခိုလှုံတဲ့ ချစ်ခြင်းရဲ့ရင်ငွေ့ဟာ
ဘာအရောင်မှ ခြယ်သ,မထားတဲ့
အဖြူရောင် ကင်းဘတ်စ တစ်ချပ်ပါ ချစ်သူရယ်..

"ချစ်တယ်" ဆိုတဲ့ အက္ခရာလေးနှစ်လုံးကို
( မြူနှင်းတွေ ဝေ့၀ဲလို့ ကျမလာမီ..)
ငါတို့ လေးလေးနက်နက် ရေးခြစ်ထားကြပါစို့

ညိမ်းညို

11 November 2007

ကျိန်စာသင့်ဦးခေါင်း

တစ်ချိန်တစ်ခါသောကာလဆီက ခိုင်ကဗျာတွေကို တော်တော်များများ ရေးဖြစ်ခဲ့ပါတယ်။ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ မေ၊ နွယ်၊ ခင်အစချီပြီးရေးတဲ့ ကဗျာတွေ၊ ဆရာမောင်ခိုင်မာရဲ့ ရှင်မရေ ..အစချီတဲ့ ကဗျာတွေကို အားကျမိလို့ပါပဲခင်ဗျာ။ အများအားဖြင့်တော့ အချိုးတွဲပုံစံလေးတွေနဲ့ အတတ်နိုင်ဆုံးကြိုးစားပြီးရေးခဲ့ပါတယ်။ သို့သော် ၀ါသနာရှင်အဆင့်ထက် ဘယ်တုန်းကမှ မပိုခဲ့တာကိုဖြင့် ကိုယ့်ကဗျာကိုယ် ပြန်ဖတ်မိလေတိုင်း ရိပ်မိ ပါရဲ့။ တိုက်ဆိုင်လွန်းစွာပဲ ကျွန်တော့်သူငယ်ချင်းများရဲ့ အိပ်မက်နတ်သမီးလေးတွေရဲ့ အမည်နာမအသီးသီး မှာလည်း ခိုင်ဆိုတာ ပါနေလေတော့ သူတို့ရင်ခုန်သံတွေကို ရင်းနှီးယှက်သွယ်လို့ တပြန်တလှည့်ခံစားကြရင်း ခိုင်ကဗျာလေးတွေကို ရေးဖြစ်ခဲ့တယ် ဆိုပါတော့ဗျာ။ တစ်ချို့ကဗျာတွေကို သံယောဇဉ်ရပ်ဝန်း အချစ်ကဗျာ ကဏ္ဍမှာ ကျွန်တော် တင်ထားပြီးပါပြီ။ တစ်ချို့ကိုတော့ ကျွန်တော်တို့ အလုပ်အကိုင်နဲ့ ဆက်စပ်ပတ်သက်ပြီး ခံစား ရေးသားထားတာမို့ မတင်တော့ပါဘူး။ အခု ဒီကဗျာလေးကို သရုပ်ဖော်ပုံနဲ့တကွ ဖော်ပြခွင့်ရလို့ အလွန်ဝမ်းသာ မိပါတယ်။ နံရံကပ်စာစောင်တစ်ခုမှာ သူငယ်ချင်း ဂျိုးမင်းကြီး ကဒီကဗျာအတွက် သရုပ်ဖော်ပုံကို ဆွဲပေးတာပါ။ ဒီနေ့ သူကပဲ ဒီပုံလေးကို စကန်ဖတ်ပြီး မေးလ်ကနေပို့ပေးပါတယ်။ အခုတော့ဖြင့် ကျွန်တော့်သူငယ်ချင်းကြီး စာတွေ၊ ကဗျာတွေ ဖတ်သေးရဲ့လားမသိ.. software အကြောင်းတွေပဲ ရေးနေလေရဲ့ဗျား..




ကျိန်စာသင့်ဦးခေါင်း

မိုးကိုမျှော်တယ်
ကောင်းကင်ကို မတွေ့ရဘူး
မြေပြင်ပေါ်ရပ်တယ်
သမာသမတ် မရှိဘူး
နောင်တတွေ အဆုပ်လိုက်အခဲလိုက်
ပေကျံစွန်းထင်းနေတဲ့ ဦးခေါင်းတစ်လုံး
မော့နေသလား.. ငုံ့နေသလား
ဘာမှ မသိတော့ဘူး
မဖိတ်ခေါ်ရပါဘဲ
မီးသင်္ဂြုဟ်စက်တွေ ၀င်လာတာပဲ သိတယ်
အငွေ့တလူလူ ဈာပနတွေက
ဟောသည် ရင်ဘတ်ထဲ..
လတ်လတ်ဆတ်ဆတ် ဖြစ်ထွန်းနေကြတာပါ ။

ငိုနေတယ်.. မျက်ရည်မကျဘူး
ဝေဒနာတွေ ကြိတ်ခွဲခံပြီးစ
မီးသင့်နေဆဲ သံယောဇဉ်တွေခမျာ
တသသ.. သတိရနေတုန်း
မိုက်လုံးကြီးလှတဲ့ ဦးခေါင်းတစ်လုံးရယ်ပါ
အမုန်းလက်ချောင်းတွေနဲ့
ခေါင်းလောင်းထိုးသလို ထိုးချလိုက်မှပဲ
အဲသည် ခပ်ညံ့ညံ့ဦးခေါင်းထဲက
"ချွင်ခနဲ" အရာတစ်ခုထွက်ကျလာလေရဲ့
"ခိုင့်ကိုသိပ်ချစ်တယ်" တဲ့ ။

ညိမ်းညို
၂၅၊၂၊၂၀၀၃

ဖြောင့်ထားသောအချက်အလက်


ဖြောင့်ထားသောအချက်အလက်
မောင်ချောနွယ်

ဟောသည်
တယ်လီဗေးရှင်းခေတ်
ကွန်ပျူတာခေတ်
အသံထက်မြန်တဲ့ ဂျက်တွေခေတ်
ကျည်ဆံရထားခေတ်
တိုက်ချင်းပစ်ဒုံးတွေခေတ်
လသွားယာဉ်တွေခေတ်မှာ
ကျွန်တော်တို့ ရင်ခုန်သံတွေဟာ
ခြောက်ဖက်သံကြားဖြစ်ရမယ်
ကျွန်တော်တို့ရင်ခုန်သံများနဲ့ ကဗျာဟာ
ခြောက်ဖက်သံကြားဖြစ်ရမယ်။

မောင်ချောနွယ်ကို ကိုးကွယ်ဖို့ လုပ်ခဲ့တာ မဟုတ်ဘူး။
ကမ္ဘာ့အိမ်ယာကို ရှာဖွေခဲ့တာဖြစ်တယ်။
ကမ္ဘာ့လူသားထုအိမ်ယာကို ရှာဖွေခဲ့တာ ဖြစ်ပါတယ်။

(၁)

ကျွန်တော့်ဘ၀ရဲ့ ရွှေသားသံယောဇဉ်ဟာ အဲဒါ ဖြစ်ခဲ့တယ်။ အဲဒါဟာ ကဗျာပါ။ သစ်တော်ပင်လေး တစ်ပင်ဟာ ကဗျာဆရာဖြစ်နေတယ်လို့ ကျွန်တော်သိခဲ့ပါတယ်။ ပါးစပ်ပြဲပြဲ အပွင့်ဝါ၀ါတွေ ပိုင်ဆိုင်ပြီးကြယ်ပွင့်တွေလို သစ်ရွက်တွေပါ ခြံရံနေတဲ့ ဆယ့်နှစ်ရာသီပင်ဟာလည်း ကဗျာဆရာတစ်ယောက်ပါပဲလို့ ကျွန်တော်သိမြင်ခဲ့ရပါတယ်။ သူက သူ့ဘ၀တစ်ခုလုံးလုံးကို အဲသည်လို ကဗျာဖွဲ့ဆိုထားပြီး နေထိုင်တာလို့ ကျွန်တော် သိရှိခဲ့တယ်။ ပြီးတော့ စကြာပန်းပွင့် ဖြူဖြူလေးတွေ၊ ညှာတံနီလေးနဲ့ ဆိတ်ဖလူးပန်းကလေးတွေ၊ သူတို့ဘ၀လေးတွေကို သူတို့ မွှေးကြိုင်လှပဖိတ်လက်နေအောင် သူတို့တွေ ဖွဲ့ဆိုနိုင်ခဲ့ကြတယ်။ ဒါတွေဟာ ဖြောင့်ချက်တွေ မဟုတ်ခဲ့ပါဘူး။ ဒါတွေဟာ ဖြောင့်ထားသော အချက်အလက်တွေပဲ ဖြစ်ပါတယ်။ ဟုတ်တယ်။ တကယ်တော့ "ကဗျာ" ဆိုတာ ဖြောင့်ထားသော အချက်အလက်ပါပဲ။ မူလပင်ရင်းကိုယ်၌က ဖြောင့်နေသော အချက်အလက်တစ်ခုဖြစ်ပြီး ဖြောင့်ထားသော အချက်အလက်တစ်ခုလို့ ကျွန်တော် ရင်ခုန်ယုံကြည်ခဲ့ပါတယ်။ ရင်ခုန်သံမြန်နှုန်း မြင့်ခဲ့ပါတယ်။

(၂)

ကဲ... ကျွန်တော်တို့ မုန့်ဖုတ်သမားတွေရဲ့ လက်တွေက စလိုက်ကြရအောင်။ ဂျုံကိုနယ်စဉ်၊ မုန့်ကို ဖုတ်စဉ်မှာ မုန့်ဖုတ်သမားရဲ့ လက်တွေ သန်မာဖို့ လိုပါတယ်။ ဒါမှလည်း ဂျုံကို နူးညံ့အောင်၊ လှပမွှေးကြိုင်အောင်၊ အရသာရှိအောင် စွမ်းနိုင်ကြမယ်လေ။ မဟုတ်ဘူးလား။ ကျွန်တော်က မုန့်ဖုတ်သမားရဲ့ လက်တွေကို ကျန်းမာသန်စွမ်းစေချင်လှပါတယ်။ ပိုးကြိုးနဲ့ သံမဏိကြိုးချောင်းတွေပေါ်ရောက် ဂီတသမားရဲ့ လက်တွေကိုလဲ အဲဒီလိုပဲ လှပသန်စွမ်းစေချင်ပါတယ်။ ပန်းချီဆေးရေးမယ့် ပန်းချီဆရာ၊ ပန်းတိမ်ဆရာ၊ ပန်းပုဆရာ၊ ကဗျာစာရေးသားသူ ကဗျာဆရာဆိုတဲ့ အနုပညာ၊ အနုသုခုမ လက်တွေ လှပသန်စွမ်းဖို့ လိုအပ်လှပါတယ်။ အဲဒီ အနုသုခုမလက်တွေထဲမှာ ဆန်းသစ်သွေးသားနဲ့ ဆန်းသစ်အတွေးအခေါ်တွေ ရှင်သန်စီးမျောနေပါစေလို့လည်း ကျွန်တော်က အမြဲတမ်း ဆုတောင်းပတ္ထနာ ပို့သလိုက်ပါတယ်။ အဲသည်လိုနဲ့ ဟောသည် လူ့လောကကြီးအလယ်ခေါင်မှာ မောင်ချောနွယ် ဆန်လာခဲ့ပါတယ်။

(၃)

ကျွန်တော့်ရဲ့ ပထမဘာသာရေးဟာ ဗုဒ္ဓဘုရားရှင်ဖြစ်ပြီး၊ ကျွန်တော့်ရဲ့ ဒုတိယဘာသာရေးဟာ ကဗျာအနုပညာ ဖြစ်ပါတယ်။ ဒါဟာကျွန်တော့်ဘ၀ ကျွန်တော့်ခန္ဓမှာ လာရောက် ခိုင်ကျည်စွဲမြဲနေတဲ့ စိတ်ပျားအုံ။ ဒါဟာ ကျွန်တော့်ဘ၀မှာ လာရောက် တည်ကြည်နေတဲ့စိတ်သွေးသားနဲ့ ကျွန်တော့်ဘ၀နဲ့ ကျွန်တော့်ရဲ့ ဘ၀ဖြစ်စဉ် ဖြစ်ပါတယ်။အဲသည်လိုနဲ့ အနော်မာသောင်ကမ်းမှာ၊ ကျွန်တော် ရင်ခုန်ယုံကြည်မြှုပ်နှံတဲ့၊ အနုပညာ အနော်မာသောင်ကမ်းမှာ ကျွန်တော့်ဘ၀ကို မြေကြီးနဲ့ ရောနှောခဲ့ပါတယ်။ အချိန်တန်ရင်တော့ အရိန္ဒမာလှံရမှာပါပဲ။ ဘယ်အပင်၊ ဘယ်အသီး၊ ဘယ်အရွက်ကိုပဲဖြစ်ဖြစ် တို့ထိလိုက်ရင် ချိုမြိန်သွားပါလိမ့်မယ်။

"အပ္ပမာဒေန၊ သမ္မာဒေထ"
ကိုယ့်ဒဏ်ရာကိုယ်တော့ မမေ့ဖို့ လိုပေလိမ့်မယ်။

(၄)

သန့်ရှင်းသူလမ်းကို ခင်းခဲ့ပါတယ်။ ကျွန်တော်ရဲ့ သီချင်းသံ ကြားကြပါစေ။ ပျော်ရွှင်မှုတွေ ကျွန်တော်တို့အားလုံးရဲ့ အိမ်ခေါင်မိုးမှာ ထိုးစိုက်ပါစေ။

(၅)

သူငယ်ချင်းရေ
ကိုဖော်ဝေးရေ
ကျွန်တော်တော့ တစ်လက်မမှ ဆုတ်မပေးနိုင်တော့ပါဘူးဗျာ။

မောင်ချောနွယ်
- ရထား(ကဗျာရှည် ငါးပုဒ်စုစည်းမှု) မှ မောင်ချောနွယ်၏ အမှာစာ

10 November 2007

ဒြပ်မဲ့




ဒြပ်မဲ့

စိတ်လိုလက်ရရှိတဲ့အခါ

ပန်ခင်းလေးကို ကျွန်တော်ရေလောင်းတယ်

စိတ်လက်မအီမသာရှိတဲ့အခါ

ပန်းခင်းလေးကို ကျွန်တော်ပေါင်းသင်တယ်

ဒါပေမဲ့…

ဘ၀တစ်လျှောက်လုံး မိုးခေါင်လိုက်တဲ့အခါ

ကျွန်တော့်ပန်းခင်းလေး…

အလျားအနံမဲ့သွားရှာတယ် ။

ညိမ်းညို


- သင့်တော်တဲ့ ပုံလေးတွေရလို့ အစပ်အဟပ်တည့်မယ်ထင်တဲ့ ကဗျာလေးတွေကို ပြန်တင်နေမိပါတယ်။ အရင့်အရင်တုန်းက ဖတ်ခဲ့ ပြီးသားဖြစ်နေမယ်ဆိုရင်လည်း အခုတစ်ခါ ပုံလေးတွေနဲ့ယှဉ်တွဲလို့ ပြန်လည်ခံစားပေးပါဦးခင်ဗျာ..

8 November 2007

စေတသိတ်

စေတသိတ်

တမျှော်တခေါ်
ရိုးပြတ်လယ်ကွင်းတွေကြား
တောငွေ့ တောင်ငွေ့ တွေ ပျံ့ လွင့်နေပုံက
ရစ်ခွေဆန်တက်သွားတဲ့
စမ်းချောင်းလေးပမာ။

ကဗျာဆရာတစ်ဦး
လွမ်းဖူးတယ်လေ
ချစ်ဦးသူမဟုတ်
ကျေးလက်က..
လုပ်သားမောင်မယ်များကိုသာ.. ။

ညိမ်းညို

3 November 2007

အဆိပ်သင့်မိုင်တိုင်မှ ပဲ့ထွက်လာသောအစိတ်အပိုင်းများ (၃)

* လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဦးနဲ့တစ်ဦး အကြောင်းအရာအမျိုးမျိုး အခြေအနေအမျိုးမျိုးနဲ့ဆက်စပ်နေကြတယ်။ ဘာအကြောင်းနဲ့မှ ဘယ်သူ့ကိုမှ မထီမဲ့မြင် မထီလေးစား မလုပ်သင့်ဘူး။

* ဘယ်သူ့ကိုမှ ထိတ်လန့်ကြောက်ရွံ့ မနေရတဲ့၊ ဘာကိုမှ စိုးရိမ်ပူပန်မှုမရှိတဲ့ လွတ်လပ်တဲ့ လူတစ်ယောက်ဖြစ်ချင်တယ်။

* အမှားတွေကို တစ်ထိုင်ထဲနဲ့ ပြုပြင်ဖို့ဆိုတာ မလွယ်ပါဘူး။ တစ်နေ့ထက်တစ်နေ့ ကိုယ့်မှာရှိတဲ့ အမှားတွေကို သိ,သိပြီးတော့ ပြုပြင်သွားနိုင်တဲ့ လူတစ်ယောက်ဖြစ်ချင်တယ်။

* အသက်အားဖြင့် ဂုဏ်အားဖြင့် ရိုသေတတ်ရမည်၊ စာနာငဲ့ညှာတတ်ရမည်၊ လေးစားမှုရှိရမည်။ ထိုမှတပါး
- လူနှင့်လူချင်း အောက်ကျို့ ဖို့မလို
- လူနှင့်လူချင်း တင်စီးဖို့မလို

* ကိုယ်မသိလို့မေးရင် စိတ်ရှည်ရမယ်။

* ဒီလိုလူတွေနဲ့ မဆက်ဆံချင်ပါဘူး။ ငါလည်း သူတစ်ပါးအတွက် ဒီလိုလူမျိုးမဖြစ်အောင် နေမယ်။
- စိတ်ထဲကမပါဘဲနဲ့ "ဖောရှော" များတဲ့လူ
- တကယ်မသိဘဲ၊ မတတ်ဘဲနဲ့ ဟိတ်ဟန်များတဲ့လူ
- အောင်မြင်တဲ့ကိစ္စဆိုရင် အလုအယက် လက်မထောင် ရင်ဘတ်ပုတ်ပြတတ်ပြီး မအောင်မြင်တဲ့ကိစ္စဆိုရင် သူများကို လက်ညှိုးထိုး အပြစ်ပုံချတတ်တဲ့လူ

- အဆိပ်သင့်မိုင်တိုင်တစ်ခုက မိမိကိုယ်မိမိ ပြောထားခြင်းမျှသာ ဖြစ်ပါတယ်။ ဘယ်သို့မျှ ရည်ရွယ်ခြင်းမရှိပါခင်ဗျား။

ညိမ်းညို

2 November 2007

အကောင်းမြင်ဝါဒီတစ်ယောက်ရဲ့ မြို့

နေ့တစ်နေ့
မြို့ ကြီးသို့ သားလီးဓားအပြည့် တင်ဆောင်ထားသော
လော်ရီကားကြီးများ ၀င်ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ ခွဲစိတ်ကုဆရာဝန်များ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ မိန်းမပျက်နှင့် ကဗျာဆရာများ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ စည်သွတ်ဘူးနှင့် ပူပူနွေးနွေးချက်လက်မှတ်များ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ "အငမ်းမရဖြစ်ခြင်းနှင့် ကောင်းစွာသေဆုံး
ခြင်း" စာအုပ်အသစ်များ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ ကောင်းကင်ဘုံက ရိုက်လိုက်တဲ့ သံကြိုးစာ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ တရားဟောဆရာ(တွေးခေါ်ရှင်) နှင့်
အမဲလိုက်ခွေးများ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ အိပ်ပျော်ရသော သစ်စေ့ (သူ့အိပ်မက်က
သစ်ပင်တဲ့) နှင့် ပိုးဟပ်များ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ မီးသတ်သမားနှင့် နတ်ကတော်များ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ နှိုးစက်နှင့် ဘူဖဲများ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ နေရောင်ခြည်နှင့် လတ်လတ်ဆတ်ဆတ်
ဆီးနှင်းများ ရောက်လာခဲ့သည်။

နောက်တစ်နေ့
"ကောင်းသောနံနက်ခင်းပါ"
မြို့ ကြီးရဲ့ နှုတ်ခွန်းဆက် သ၀ဏ်လွှာကို
ကျွန်တော်က လူကြီးမင်းထံ ရေးသားပေးပို့လိုက်ပါသည်။

နေမျိုး


1 November 2007

နှုတ်ဆက်ခဲ့ပြီ ပန်းချယ်ရီ

ခိုလှုံဖူးသည် အိုချယ်ရီ..
ငါသည်မှေးမှိတ် သင့်အေးရိပ်မှာ
ဆိတ်ဆိတ်ရွှင်ပျော် တစ်ခါသော်က
မျှော်ငေးတတမ်း လျှောက်ခဲ့လမ်းများ
ပြန်လွမ်းလှည့်ကြည့် နေမထိခဲ့
ငါ၏စိတ်မှာ စွဲနေပါ၏
ငယ်ခါချိန်တွင်း ပျော်ရွှင်ခြင်းဖြင့်
ပြည့်တင်းမွှန်းထုံ "နိဗ္ဗာန်ဘုံ" လေ။

ဖြတ်သန်းခဲ့သည် အိုချယ်ရီ..
ရာသီသက္ကရာဇ် မျက်နှာသစ်၍
နှစ်တွေပြောင်းသွား ကာလလျားခိုက်
စွမ်းအားနုသစ် ငါထုဆစ်ခဲ့
ငါချစ်လေရ ငါ့ဘ၀လျှင်
လုံးဝပိုင်ပိုင် မလှနိုင်သေး
ခိုင်တော့မလို ယိုင်မလိုနှင့်
အိုတော့မလို ပျိုမလိုနှင့်
ကိုယ်တိုင်ဆုံးဖြတ် မသိတတ်ခဲ့
ဇာတ်ဆရာရဲ့ ဖန်တီးချဲ့သည့်
လှည့်ကွက်ထဲမှာ ၀ဲလည်ချာရင်း
ရင်လွှာပြည့်ခြုံ "ချွေးစက်ဘုံ" လေ။
တမ်းတမိသည် အိုချယ်ရီ..
ငယ်ဆီတုန်းက ပျော်ခဲ့ရသော
ဘ၀ပန်းတိုင် ဆွတ်လှမ်းကိုင်ဖို့
ရောက်နိုင်သည့်လမ်း ခလုတ်ပြွမ်း၏
လျှောက်လှမ်းနေရ မောပမ်းစွမင့်
ချွေးတစ်စက်မျှ သွေးပွက်ကျလည်း
ဘ၀မျက်ရည် မဝေ့သီတော့
ချယ်ရီလမ်းမှ အောင်ပွဲစအံ့
တမ်းတအာရုံ "သုခဘုံ" လေ။

ခွဲရတော့မည် အိုချယ်ရီ..
မဟီဘုံတွင် ပုထုဇဉ်တို့
အစဉ်မလွဲ ဘယ်မှာမြဲလိမ့်
ငါလည်းလူသား ဖြစ်ခဲ့ငြား၍
ချန်ထားခွဲထွက် ငါနှုတ်ဆက်အံ့
ငါတက်ခဲ့ရာ ကျောင်းတော်သာနဲ့
ငါခူးခဲ့ဖူး ချယ်ရီဦးနှင့်
ပျော်မြူးခဲ့ရ နှင်းရိုက်ညတို့
လက်ပြဝေ့ရုံ ဒါလမ်းဆုံလေ။

ရှေ့ဆက်တော့မည် အိုချယ်ရီ..
ဟိုဆီခဏ ပြန်မရတော့
အလှခြူးလိမ် ငါ့ဆူးအိမ်ဝယ်
အချိန်ကာလ ရှေ့ဆောင်ပြ၍
ဘ၀ရင့်ကျက် အသိနက်ခဲ့
ရှေ့ဝယ်ဒုက္ခ ပြုံးကာပြခဲ့
လဲကျရင်းမှ ရုန်းကာထခဲ့
ရောက်ရမည်မှာ မသေချာလည်း
ရှေ့မှာပန်းတိုင် သေချာနိုင်၏
ကြံ့ ခိုင်ရင်ထက် ယုံကြည်ချက်တို့
တွယ်ဖက်ဝံ့စား နှလုံးသားဖြင့်
ငါသွားတော့မည် အိုချယ်ရီ..

နှုတ်ဆက်ခဲ့ပြီ အိုချယ်ရီ..
နေခြည်ယှက်သမ်း လျှောက်မည့်လမ်းမှာ
ဝမ်းနည်းလိပ်ခွေ ဖြုတ်ဖြုတ်ကြွေလျက်
ဧပြီလက်ဆောင် ပေးဆက်နှောင်ရင်း
လွမ်းအောင်တေးဆို သင်မငိုလင့်
ဟောဟိုရှေ့မှာ နှင်းယွင်းပါပြီ
ဟိုမှာကြည့်စမ်း နေခြည်ဆမ်းပြီ
စိတ်ဝမ်းလက်ညီ ပြည်သစ်တည်ရာ
ရွှေပြည်နိုင်ငံ သစ္စာနှံလျက်
တာဝန်ထမ်းလွယ် ခေတ်သစ်နယ်၌
ချယ်ရီသို့လေ သတ္တိစွေရင်း
ဝေလည်းနီနီ ကြွေလည်းနီအံ့
ယုံကြည်ပေါင်းစပ် အနာဂတ်နှင့်
ပြတ်သားတင့်တယ် ဂုဏ်ပေါင်းချယ်လိမ့်
ရွယ်ရည်လျှမ်းတောက် ခိုင်စေကဗ္ဗည်း
ချယ်ရီဝမ်းမြောက် နိုင်စေသတည်း ။ ။

ဘုံတောင်မြေနေဦးခက်

- အစ်ကိုကြီး ဘုံတောင်မြေနေဦးခက် ရဲ့ ကဗျာကို အမှတ်တရ ဖော်ပြလိုက်ပါတယ်။ ဘယ်လို အသက်မွေးဝမ်းကျောင်းမှုကို ပြုနေရသည်ပဲဖြစ်ဖြစ် ကဗျာရေးဖို့ တွန်းအားဖြစ်စေခဲ့တဲ့ အစ်ကိုကြီးတစ်ယောက် ထာဝရ ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ..။

သူတို့အရေးအသား(၃)

ဘ၀လမ်းတစ်လျှောက် လူအများကို လိမ်ညာလှည့်စားနိုင်ခဲ့၍ အားလုံး၏ အထင်ကြီးလေးစားမှုကို ခံကောင်းခံရမည်။ သို့သော် ကြေးမုံမှန်ပြင်ထက်မှလူကို လိမ်ညာခဲ့လျှင်ကား နှလုံးအသာယာမှုနှင့် မျက်ရည်တို့ကိုသာ နောက်ဆုံးတွင် ဆုလာဘ်အဖြစ် ရရှိလာလိမ့်မည်။

- စာရေးဆရာ Lowell Thomas က ဘုန်းတော်ကြီး နော်မန်ဗင်းဆင့်ပီးလ်ရဲ့ တရားပွဲတစ်ပွဲကို နားထောင်အပြီး လက်ဆောင်အဖြစ် ရေးပေးသော ကဗျာတစ်ပုဒ်ရဲ့ နောက်ဆုံးအပိုဒ်။

30 October 2007

အချိန်

"တစ်နှစ်" ရဲ့တန်ဖိုးကို သိချင်ရင်
စာမေးပွဲကျတဲ့ ကျောင်းသားကို မေးကြည့်ပါ။

"တစ်လ" ရဲ့တန်ဖိုးကို သိချင်ရင်
လမစေ့ပဲ ကလေးမွေးတဲ့မိခင်ကို မေးကြည့်ပါ။

"တစ်ပတ်" ရဲ့တန်ဖိုးကို သိချင်ရင်
အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာကို မေးကြည့်ပါ။

"တစ်နေ့" ရဲ့တန်ဖိုးကို သိချင်ရင်
ကလေး ၆ ယောက်ကို ကျွေးနေရတဲ့ နေ့စားအလုပ်သမားကို မေးကြည့်ပါ။

"တစ်နာရီ" ရဲ့တန်ဖိုးကို သိချင်ရင်
ဆုံဆည်းခွင့်ကို စောင့်နေကြတဲ့ ချစ်သူများကို မေးကြည့်ပါ။

"တစ်မိနစ်" ရဲ့တန်ဖိုးကို သိချင်ရင်
ရထားမမီလိုက်တဲ့ ခရီးသည်ကို မေးကြည့်ပါ။

"တစ်စက္ကန့်" ရဲ့တန်ဖိုးကို သိချင်ရင်
ယဉ်တိုက်မှုနဲ့ သီသီလေးလွဲသွားတဲ့ ဒရိုင်ဘာကို မေးကြည့်ပါ။

"တစ်မီလီစက္ကန့်" ရဲ့တန်ဖိုးကို သိချင်ရင်
အိုလံပစ် ငွေတံဆိပ်ရှင်ကို မေးကြည့်ပါ။

- တောထဲမှာ အောက်ဒိုးထွက်ရင်း စာရွက်အပိုင်းအစတစ်ခုကနေ ကူးထားမိတာပါ။ ထုတ်နုတ်စာအုပ် ဖော်ပြမပေးနိုင်တာ တောင်းပန်အပ်ပါတယ်။ သိလျှင် ပြောပြပေးစေလိုပါတယ်ခင်ဗျာ။

26 October 2007

တစ်ချိန်ကြလို့ ငါ့မှာသားသမီးလေးတွေ ရှိလာခဲ့ရင်..

တစ်ချိန်ကြလို့ ငါ့မှာသားသမီးလေးတွေ ရှိလာခဲ့ရင် သူတို့ အရမ်းပျော်ရွှင်စေရမယ်။ စိတ်ချမ်းသာစေရမယ်။ ငါ တို့ အဖေနဲ့အမေဟာ တစ်ခါမှ ရန်မဖြစ်ဖူးဘူးလို့ သူတို့ ဂုဏ်ယူနိုင်စေရမယ်။

သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ သင်္ကြန်လို အခါကြီးရက်ကြီးတွေ၊ ပွဲတော်တွေမှာ သူတို့ အပြည့်အ၀ကို ပျော်ရွှင်စေရမယ်။ လူငယ်ပီပီ ဘာအပူအပင်မှမရှိဘဲ လွတ်လွတ်လပ်လပ် အနှောင်အဖွဲ့ ကင်းကင်းနဲ့ ပျော်ရွှင်စေရမယ်။ စိတ်ဆင်းရဲနေတာ၊ တွေဝေငေးငိုင်နေတာ လုံးဝ မဖြစ်စေရဘူး။

သူတို့ဟာ မိဘနှစ်ပါးစလုံးရဲ့ မေတ္တာကို အပြည့်အ၀ရရှိကြလို့ အချိန်တိုင်း ပျော်ရွှင်တက်ကြွ လန်းဆန်းနေစေရမယ်။

စာသင်ခန်းထဲမှာ၊ လမ်းမပေါ်မှာ၊ ပွဲဈေးတန်းထဲမှာ၊ ရုပ်ရှင်ရုံထဲမှာ၊ အစားအသောက်ဆိုင်တွေမှာ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် သူတို့ သိမ်ငယ်နေတာမျိုး၊ အားငယ်နေတာမျိုး၊ ၀မ်းနည်းနေတာမျိုး မဖြစ်စေချင်ဘူး။ မဖြစ်စေရဘူး။

တက္ကသိုလ်ကျောင်းသားကျောင်းသူဆိုတဲ့ဘ၀၊ တက္ကသိုလ်ကျောင်းသားကျောင်းသူဆိုတဲ့အရသာကို သူတို့ အပြည့်အ၀ ခံစားစေရမယ်။

ရိုက်နှက်ဆုံးမနေရတဲ့ ဖခင်မျိုး မဖြစ်ချင်ဘူး။

ငါ့ရဲ့ စိတ်ဆင်းရဲမှုတွေ၊ ပူပင်သောကတွေကို သားသမီးတွေအပေါ် လုံးဝမကူးစက်စေချင်ဘူး။

သားသမီးတွေက ငါ့ကို စကားလာပြောကြရင်လည်း အသေအချာနားစိုက်လို့ နားထောင်ပေးချင်တယ်။ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေ၊ တွေးကြံဖန်တီးမှုတွေကို ဖခင်တစ်ယောက်ရဲ့ မေတ္တာတရား၊ အတွေ့အကြုံ၊ စာနာနားလည်မှုတွေနဲ့ ဖြည့်စွက်အားပေးချင်တယ်။

သားသမီးတွေနဲ့ တသီးတခြားကင်းလွတ်နေရတဲ့ ဖခင်တစ်ယောက်ရဲ့ ဘ၀မျိုးကို ဘယ်တော့မှ မရောက်ချင်ပါဘူး။

အေးအတူ ပူအမျှ ပေါင်းစည်းလို့၊ ဒိုးတူဘောင်ဖက် လုပ်ကိုင်လို့၊ အတူတကွ မျှဝေခံစားလို့ နေပျော်တဲ့ဘ၀လေးတွေကို ကိုယ်စီတည်ဆောက်နိုင်ကြဖို့ ကျွန်တော် မျှော်လင့်စိတ်ကူးနေမိတယ်ဗျာ။

တစ်ချိန်ကြလို့ ကျွန်တော့်မှာ သားသမီးလေးတွေ ရှိလာခဲ့ရင်ပေါ့ ..

ညိမ်းညို

25 October 2007

ရွာပြန်စဉ် ကြော်ငြာဆိုက်ကားတစ်စီးနဲ့ အရင်ရောက်နေတဲ့ စူပါမင်းသမီးလေး ဖတ်ဖို့

ကျွန်တော်ဟာ
အော်သံ မရှိတော့တဲ့ လော်စပီကာလိုပဲ
နောက်မှာ ဖြုတ်ထားတဲ့ ယူနစ်က
အသည်းနှလုံးလေလား

မြေသြဇာမပါဘဲ စိမ်းလန်းကြည့်ကြပါ
အတောင်ပံတပ်ထားတဲ့ ဆေးရောင်တွေဟာ
နေပြင်းပြင်းထဲ စိုက်စိုက်ကျလာတယ်

ဂျစ်ဂျစ် ဂျစ်ဂျစ်နဲ့ ရေဒီယို
ဓာတ်ခဲကပဲ အားလျော့သလား
လေကပဲ အားလျော့သလား
လူကပဲ အားလျှော့သလား
ကျွန်တော့ရွာ ချောင်းလေးက
သောင်ပြင်မှာ လမ်းပြန်လျှောက်ကြည့်တော့
နံနက်ခင်းကလည်း လျော့လျော့
ရေစီးအားကလည်း လျော့လျော့
ဒါနဲ့
စိတ်တစ်ခုလုံးကို လှည်းကျင်းလိုက်ရတယ်
ကမ္ဘာကြီးတောင် သံသရာနဲ့
တပ်ဆင်ထားခြင်း ခံနေရတာပဲ

ဂျုံးဂျုံး ဂျက်ဂျက် ဖြတ်သွားတဲ့
တံတားကြီး အောက်မှာ
ပဲခင်း၊ င်္ကြပင်၊ ရိုးပြတ်၊ ကိုင်းတော၊ ပုစဉ်းရင်ကွဲများ
မိတ်ကပ်မုန်တိုင်းကြားထဲက
ဓားသန်လျက်မလေးရေ
လွမ်းလိုက်တာ ပုစဉ်းရင်ကွဲကောင်လို
ပုစဉ်းရင်ကွဲကောင်လို တစ်ယောက်တည်း
ရွာမှာ
လွမ်း..လိုက်..တာ။

စောဝေ

23 October 2007

အောင်ဟိတ်ချောင်း

အစိမ်းရဲ့ ညှို့ကွင်းထဲနေရောင်ခြည်ငြိနေ
ကန်စွန်းတောထဲ ကိုယ်ကလေးတိုးဝင်သွား
ဆူးကြောင့်တော့ ရှကွဲမသွားပါဘူး
ငါးရဲ့ကိုယ်ရနံ့ ထုံမွှန်းအေးအီ
ဘ၀ရှိ တံခါးမဲ့တဲကလေးတွေ
ကမ်းတစ်လျှောက် ပေါက်ရောက်နေရှာ
ဗေဒါတွေ သူရဲကောင်းများ။

စည်သူငြိမ်း
နွယ်နီမဂ္ဂဇင်း
ဖေဖော်ဝါရီ/၉၉

21 October 2007

ယာယီခရီး

၁၉၈၅
တောကြီးမျက်မည်းထဲ လူ့အန္ဓလေးတစ်ကောင် ရေသောက်ဆင်းလာတယ်။

၁၉၉၀
လမ်းလျှောက်တတ်တဲ့ ငါ့အဖေရဲ့ ဦးနှောက်က ငါတို့မိသားစုကို မ,ရွေ့လိုက်တယ်။
"ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင်" မြို့ကလေးမှာ ငါတို့ ခိုနားကြတယ်။

၁၉၉၁
လမ်းလျှောက်တတ်တဲ့ ငါ့အဖေရဲ့ ခြေထောက်ကြီးကျိုးသွားတယ်။
ငါရယ်၊ ငါ့အစ်ကိုရယ် အော်ခေါ်တာကို အဖေက ပြန်မထူးနိုင်တော့ဘူး။
ခတ်ကွင်းပြင်နေရတဲ့ ငါ့အမေက ငါတို့နဲ့ ခပ်လှမ်းလှမ်းမှာ ရှိုက်သံမကြားအောင် ငိုတယ်။
အမေ့သားအိမ်ထဲကနေ လောကသားအိမ်ထဲ ခုန်ဆင်းကာစ ငါ့နှမလေးက ဘုမသိဘမသိ ငိုတယ်။

၁၉၉၁-၂၀၀၁
သားသမီးသုံးယောက်ရှိတဲ့ငါ့အမေက လေ့ကျင့်ကွင်းအသစ်မှာ ၀တ်စုံပြည့်နဲ့ ပြေးလွှားတယ်။
ငါတို့ သားသမီးသုံးယောက်ကလည်း အမေနဲ့ တသားထဲရှိခဲ့ကြတယ်။
အမေနဲ့အတူ တိုက်ပွဲဝင်ခဲ့ကြတယ်။

၂၀၀၂- ၂၀၀၄
ချယ်ရီတောမှာ သုံးနှစ်တာ ငါပျော်မောခဲ့တယ်။

၂၀၀၄-?
တောကြီးမျက်မည်းထဲ လူ့အန္ဓလေးတစ်ကောင် ရေသောက်နေတုန်းကွယ်။

ညိမ်းညို

19 October 2007

မျက်စိနောက်တယ် သူငယ်ချင်း

သူငယ်ချင်း..
လှိုင်းကြမ်းလေထန်
ရေကိုဆန်တော့
ဇွဲမာန်ရင်းမြုပ် ကြိုးကုတ်လုံ့လ
အားစိုက်ရတယ်။

လှိုင်းပျော့လေမြူး
ရေစုန်ကူးတော့
ကြည်နူးပျော်ရွှင် ခရီးတွင်ရ
သက်သောင့်သက်သာ ရှိလှတယ်။

သူငယ်ချင်း..
သည်သဘောကို
မင်းလဲအသိ ငါအသိမို့
ပြောကြည့်ဖို့ရာ လိုသလား။

ဒါပေမဲ့ကွာ
တစ်ချို့လူက မပူမပင်
စိတ်ပျော်ရွှင်ပြီး ရေစုန်ချည်းကူး
ကြည်နူးလိုကြ သဘာဝကို
ဘယ်လိုနားလည်ရမလဲ သူငယ်ချင်း။

တစ်ခါတစ်ရံ ရေကိုဆန်တော့
အော့အန်မူးမေ့ ငွေထုပ်ပွေ့ပြီး
အားကိုးတွေ့အောင် ရှာကြတယ်
အားကိုးတွေ့သော်..
ဘ၀တူချင်း ဂုတ်ခွနင်းပြီး
အတင်းကျော်လွှား ရှေ့ကိုသွားကြ
တားမရဆီးမနိုင် လောဘအိုင်ထဲ
တဟဲ..ဟဲ ပျော်မွေ့ အရသာတွေ့ကြ
ဆွေ့ဆွေ့ပဲခုန် မယုံမရှိနဲ့ သူငယ်ချင်း
ငါတော့ မျက်စိနောက်တယ် သူငယ်ချင်း ။

ညိမ်းညို

- တက္ကသိုလ်မင်းမော်၏ သူငယ်ချင်းကဗျာစုများကို ဖတ်ရှုပြီးနောက် ကြုံတွေ့ရတာလေးတွေကို ကဗျာရေးမိတာပါ။

ယပ်တောင်အကြောင်း သိကောင်းစရာ

မလှောင်ပါနဲ့ ချစ်သူရယ်..
ရင်ထဲမှာ မီးတောင်တွေ အကြိမ်ကြိမ်ပေါက်ထွက်ခဲ့တာတောင်
ယောင်လို့မှ မင်းနာမည်ကို မတမ်းတခဲ့ပါဘူး ။

ဘ၀ဆိုတဲ့ စခန်းထိပ်မှာ
ပန်းရိပ်ဝေဆာမှ
မင်းကိုလှမ်းဖိတ်ဖို့
အလွမ်းပိတ်ကားတစ်ချပ်ပေါ်က
ဝေဒနာအမှားတွေနဲ့
သေရွာသွားနေတဲ့ကောင်ပါ ။

" ယပ်တောင်တစ်ချောင်းနဲ့
ယပ်တောင်နှစ်ချောင်းကို
လူနှစ်ယောက်က ပြိုင်တူကမ်းခဲ့ရင်
ယပ်တောင်နှစ်ချောင်းကို ရွေးရမှာပေါ့
အပူသက်သာအောင်လို့ " တဲ့လေ ။

ပြောရက်ပြောထွက်ခဲ့တဲ့ မင်းရဲ့ စကားတွေ
ကိုယ့်နားမှာတော့ တမာလိုမခါး
သကာပျားလို ချိုတယ်အမှတ်နဲ့
ယပ်တောင်နှစ်ချောင်းပိုင်ဆိုင်နိုင်ဖို့
တရစပ်မနား ကြိုးစားခဲ့ရတာတွေ
မှတ်တမ်းမှတ်ရာမရှိ
ဇာတ်လမ်းဇာတ်ဆရာ နတ္ထိနဲ့မို့
ဖြတ်လမ်းကို လှမ်းကြည့်ဖို့ လိုအပ်ပါသလား ချစ်သူ ..။

ကိုယ့်ကိုယ်ကျင့်တရား
ကိုယ့်မာနနဲ့ ကိုယ့်သိက္ခာတွေ
အဲဒီလောက် ချွတ်ခြုံမကျသေးတာ ခက်တယ်ကွယ်
သိပ်ခက်တာပဲ..
အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်
ရက်ရက်စက်စက် ကံကြမ္မာဓါးချက်တွေနဲ့
တရံမလပ် လုံးပန်းကခုန်
ကိုယ့်ရင်ဘတ်ကိုသာ ဗုံလုပ်ပြီးတီးလိုက်ချင်ရဲ့
မညည်းညူတတ်တော့တာလည်းကြာပြီလေ..။

ချစ်သူထံပါး
အယူခံဝင်တဲ့စကား
ကိုယ်မပြောလိုတော့ပါဘူး
ခေါင်းထောင်ထလာတဲ့ အဲဒီအတွေး အဲဒီဆန္ဒတွေ
ယောက်ျားမာနနဲ့ချိုးနှိမ်
ကိုယ့်စိတ်ကိုလည်း ငြိမ်ငြိမ်လေးထားတတ်ပါပြီ ။

မင်းအတွက်ကမ်းတဲ့ ယပ်တောင်တစ်ချောင်း
ကိုယ့်ဘ၀တစ်ခုလုံးရဲ့ ချစ်ခြင်းမေတ္တာတွေပေါင်းစပ်ပြီး
ကြီးမြတ်တဲ့ အကြင်နာတရားနဲ့
သခင်ထံပါးဆက်သခဲ့တယ်ဆိုတာ..။

များပြားပေါလျှံ ကြွယ်ဝလို့
အခြယ်အသ အဆင်အယင်တွေနဲ့
အပြင်ပန်းဟန်ဆောင်ပြပြီး
အဆန်ချောင်ကြတဲ့ ဓနဂုဏ်သရုပ်ရဲ့
စက်ဆုပ်စရာ ယပ်တောင်အစုပ်ပလုတ်တွေ မဟုတ်ဘူးကွဲ့ ..။

ယပ်တောင်နှစ်ချောင်းမို့
အပူသက်သာမတဲ့လား ချစ်သူ
နှစ်ချောင်းပဲ ဖြစ်ဖြစ်
သုံးချောင်းပဲ ဖြစ်ဖြစ်
လေးချောင်းပဲ ဖြစ်ဖြစ်
တတ်နိုင်လို့ ယပ်တောင်ပုံကြီးနဲ့ပဲ ဖို့ဖို့
စို့နေတဲ့ ချွေးတွေတိတ်
ထိတ်နေတဲ့ ရင်တွေလန်း
နွမ်းနေတဲ့စိတ်တွေ ပြေစေဖို့ဆိုတာ
မသေချာပါဘူး ချစ်သူ..။

ရေရှည်မှာ လေချိုသွေး
ရွှေရင်အေးစေဖို့ဆိုတာ
အကြင်နာလက်နဲ့ အသာအယာခတ်
တဖျတ်ဖျတ်ဝေ့၀ဲသွားမဲ့ မေတ္တာလေပြေထဲမှာ
မြတ်နိုးခြင်းသင်္ကေတတွေ ပြည့်ဝနေပါမှ
ထာဝရချစ်ခြင်းက
ချစ်သူတို့ ရင်တွင်းကို
လင်းလင်းချင်းချင်း ရှိစေမှာပေါ့..။

ဓနအခြေမခိုင်လို့
ဘ၀မသေနိုင်ပါဘူး ချစ်သူရယ်..
ထားလိုက်ပါတော့
မေတ္တာကိုဘေးထုတ်ထားတဲ့ လူကုံတန်အသိုင်းအ၀ိုင်းမှာ
သစ္စာတေးတစ်ပုဒ်နဲ့ ကိုယ်အယူခံမ၀င်တော့ပါဘူး ။

တစ်နေ့တစ်ခြား
တိုးပွားလာတဲ့ ဘ၀အမောတွေ
မေတ္တာနဲ့ အသပြာကြား
ဗျာများရင်း လွန်ဆွဲ
ရင်ကွဲနေတဲ့ လူတစ်ယောက်
တစ်ခုသော မိုးဥတုမှာ
အိပ်မက်တွေလက်ကျိုး ရာသီနေ့ဆိုးတွေနဲ့
ပိုးစိုးပက်စက် ကျဆုံးသွားခဲ့ပါပြီ ။

ရာသီနွဲ့နှောင်း
အချိန်တွေ မပြောင်းခင်
ထောင်းထောင်းမွကြေ ဘ၀တွေသေခဲ့ပြီမို့
ကြည်ဖြူသဒ္ဓါတရားနဲ့ အလှူပမာမုဒိတာထားလိုက်ပါပြီ
ချစ်သူရေ..
ယပ်တောင်နှစ်ချောင်းနဲ့ ဘ၀ဆိုတဲ့ ခရီးကြမ်းမှာ
သွားလမ်းသာ၍ လာလမ်းဖြောင့်ပါစေသား.. ။

ညိမ်းညို

15 October 2007

ငါ့ရဲ့ အိမ်ကလေး

ခုလို..
မြူနှင်းတွေ အုံ့ပျဝေမှိုင်းနေတဲ့ ညချမ်းမျိုးဆို
ငါ့အိမ်ကလေး မီးလှုံနေမှာပေါ့။

တနွယ်ငင် တဇင်ပါ
သံယောဇဉ်တွယ်ရသူ ငါ့အတွက်
သူ့ရင်ခွင်နဲ့ အနွေးဓာတ် မလုံလောက်တဲ့အခါ
ဝမ်းပန်းတနည်း ရှိုက်,ရှိုက် ငိုနေမှာပေါ့။

ရေဒဏ်လေဒဏ် နေဒဏ်မီးဒဏ်
ငါဆိုးသွမ်းတဲ့ဒဏ်
ဒဏ်ပေါင်းစုံ ထိမှန်ထားပေမဲ့
အကျည်းတန် အသရေမနွမ်းခဲ့ဘူး
ငါ့အတွက် အမြဲလန်းဆန်းပေးခဲ့တယ်။

ချစ်တဲ့အိမ်ကလေးရေ..
ပြောင်းဖူးတစ်ဖူးကို
တအုပ်တမကြီး ၀ိုင်းအုံဖဲ့ချွေစားသလိုမျိုး
တစ်ကန့်စီ,တစ်ကန့်စီ ပဲ့ကြွေ
ဘ၀တွေ သေခဲ့ပေမဲ့
နာနာကျည်းကျည်း မပြောရက်ခဲ့ဘူး။

အိမ်ကလေးရဲ့ ရင်ဘတ်ကို တူးဆွကြည့်ရင်
ငါမွှေးခဲ့တဲ့ မီးတွေ
ခုထိလောင်ကျွမ်းနေတာ တွေ့ ရမှာပေါ့။

ငါ့မျက်နှာတစ်ခုတည်းကြည့်ပြီး
အိမ်ကလေး အံကိုခဲခဲ့ပေမဲ့
ပန်းမပန်ခဲ့ရရှာဘူး။

ဂုဏ်တွေ ပကာသနတေ
ငါ့ကြောင့် လောင်မီးကျတဲ့အခါတိုင်းလည်း
ငါ့အပေါ် အပြစ်မမြင်
ချစ်ကြင်နာခြင်း မပျက်ကွက်ခဲ့ဘူး။

ငါ့ဘ၀ဆူးတောထဲမှာ
ကွက်လပ်တွေ လစ်ဟာမဆုံးရှိတာလည်း
သူ့ခမျာ ချစ်ရှာတုန်းပဲ..။

အိမ်ကလေးရယ်
နောင်တတွေနဲ့ စည်းနှောင်ချည်ဖွဲ့
စိတ်ကို နယ်ချဲ့ ရင်း
တသွဲ့ သွဲ့ လွမ်းမိပါရဲ့ ..ကွယ်။

အိမ်ကလေးရေ..
မျှော်လင့်ချက်တွေ မသဂြိုင်္ဟလိုက်ပါနဲ့ ဦးနော်
ဟောသည်..လေးဖက်လေးတန် နံရံတွေကြား
ငါ့အိပ်မက်တွေ ပျိုးထားပါတယ်
ဝေဆာဖူးပွင့်လာတဲ့အခါ
အိမ်ကလေးကို ပန်ဆင်ပေးဖို့ပေါ့
တစ်ခုပဲ..တစ်ခုပဲ ဆုတောင်းပေးပါကွယ်
ငါတို့ရဲ့ နေ၀င်ချိန်တွေ မစောပါစေနဲ့ ..လို့ ။

ညိမ်းညို

ဆွေးနွေးပွဲ

ဖြစ်ပြီးပျက်တတ်တဲ့ တရားသဘောအကြောင်း
ဆွေးနွေးပြီးတဲ့အခါ ရေမိုးချိုး အ၀တ်အစားလဲပြီး
ဟောလိဝုဒ်ရုပ်ရှင်ကားသစ်ကို သွားကြည့်ကြမယ်
ဒီကားမှာ ခန္ဓာကိုယ်အချိုးအစားလှပတဲ့
ဂျနီဖာလိုပက်ပါတယ်။

ဖြစ်ပြီးပျက်တတ်တဲ့ တရားသဘောအကြောင်း
ဆွေးနွေးပြီးတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပြန်မေးတယ်
မြို့ ကြီးတစ်မြို့ ထဲက လူတစ်ယောက်ရဲ့
အသက်မွေးမှုနဲ့ ဘ၀အဓိပ္ပါယ်ရှာမှုဟာ
လူတွေအများကြီး လမ်းတွေအများကြီးထဲမှာ
မှုန်ဝါး သေးငယ်၊ ပျောက်ကွယ်သွားတော့မှာလား။

လူတွေဟာ ခေတ်အဆက်ဆက်
ဒီလိုပဲ ပြောဆိုလှုပ်ရှား ပြုမူနေထိုင်ခဲ့ကြပါတယ်
လူတွေဟာ ခေတ်အဆက်ဆက် ဒီလိုပဲ သမ်းဝေ
ဒီလိုပဲ ပျော်ရာပျော်ကြောင်း ရှာကြံနေထိုင်ခဲ့ကြပါတယ်
မြေကြီးပေါ်မှာ "အသက်" ဖြစ်ပေါ်လာရခြင်းအကြောင်း
ဖြစ်ပြီး ပျက်တတ်တဲ့ တရားသဘောကို
ဆွေးနွေးနေကြတာလား
ဒါဆိုလည်း ပျက်ပြီးဖြစ်တတ်တဲ့
တရားသဘောကို ပြန်လှန်ဆွေးနွေးရမှာပေါ့။

ထွန်းဝေမြင့်

ငါမအားဘူး

ငယ်စဉ်တစ်လျှောက်လုံး
အမေ့သူရဲကောင်းပုံပြင်များနဲ့
အိပ်ယာဝင်သူ
မင်းရဲကျော်စွာကို အားကျခဲ့ ငါ
မိုဟန်ဒပ်စ် ဂန္ဒီကို အားကျခဲ့ ငါ
အပြင်ထွက်တိုင်း
ကားကို သတိထားမောင်းဖို့
အဖေက အမြဲမှာတယ်
ချစ်စိတ်မှာ
ချာပါတီရောင်းတဲ့ ကုလားမကြီးက
နစ်ကိုးလ်ကစ်ဒ်မင်းလောက် လှ
မုန်းစိတ်မှာ
နစ်ကိုးလ်ကစ်ဒ်မင်းက
ချာပတီရောင်းတဲ့ ကုလားမကြီးလောက် အရုပ်ဆိုး
ဇန်န၀ါရီကို ငါ မခိုးဘဲ
သူခိုးက ငါ့ကို သူခိုးလို့ စွပ်စွဲတယ်
ဘီလူးစီးသလို
လမ်းတိုင်း
တိုးမပေါက်အောင် နှင်းတွေကျနေတဲ့
ဆောင်းရာသီ
ငယ်ရုပ်မပြောင်းသော ငါ့ယုံကြည်ချက်က
ငါ့ဘ၀ရဲ့ နှင်းခွဲမီးသီး
သံလို သိပ်သည်းတဲ့ နှင်းထုကို ထိုးခွဲပြီး
ငါ့ကားကို ငါမောင်းနေတယ်
ငါ မအားဘူး။

နွယ်စိမ်းဝေ

ငှက်တို့၏တေး

မလိုက်ရဲရင်လည်း
အသိုက်ထဲမှာပဲ ကျန်ခဲ့လေ။

တစ်နေ့နီးမှာပေါ့
ရှေ့ခရီးမျှော် မာန်တင်းပါကွယ့်
(ငှက်ဆိုတာကတော့ ...) ပျံရင်းသေ။

ကဆုန်ဆိုင်းသလိုပေါ့
မုန်တိုင်းက ရှေ့မှာမွှေ
တောမီးတွေက ရှေ့မှာဝိုင်း။

ခြင်္သေက မြက်မစား
ကျားက ကြွက်မချောင်း

မိချောင်းက ဖွတ်လိုမနေ
အိုးဝေ..အိုးဝေ တွန်သံနှောလေတဲ့
စိမ်းမြညို ဟောဟိုတောဆီသို့
အမောခံ ဇောမာန်တင်းပါလို့
ပျံရင်းသေ ခရီးဆက်မယ်တဲ့
(အဲဒါ..) ငှက်တို့ရဲ့သမိုင်း။

မောင်စိန်ဝင်း(ပုတီးကုန်း)

14 October 2007

ကမ္ဘာတစ်ခြမ်းကချစ်သူကို လွမ်းတယ်

မမရေ..မမရေ..
တိတ်ဆိတ်ချောက်ချား ကျွန်တော့်အော်သံတွေရဲ့ အဆုံးမှာ
အလွမ်းသူခိုးလေးတွေကို လိုက်ချောင်းနေတတ်တဲ့လေညင်းက လှောင်ပြုံးပြုံးတယ်
ကျွန်တော့်ရင်ထဲမှာ သတိရခြင်းနဲ့လည်ပတ်နေတဲ့ ပုံရိပ်ဖော်စက်လေးရှိတယ်
၂၄နာရီကာလပတ်လုံး အမြဲပြုံးနေတတ်တဲ့ မမရဲ့ ပုံရိပ်လွှာလေးကို သူကထုတ်လုပ်ပေးတယ်
အနေဝေးနေရပေမဲ့ မမနဲ့ ကျွန်တော့်ရဲ့အကြား
ယုံကြည်မှုတံတားတစ်စင်း နွေးထွေးခိုင်မြဲစွာ ဖြစ်တည်နေမယ်ဆိုတဲ့အကြောင်း
ဟောဒီ..နှလုံးသားအုံးမောင်းတစ်လျှောက် ဒီကောင်လေး အဆက်မပြတ်ခေါက်နေပါတယ်
မမရယ်..တကယ်တော့
မမခူးဆွတ်လိုက်တဲ့ ပန်းတစ်ပွင့်ဟာ ကျွန်တော့်နှလုံးသည်းညှာက ဖြစ်တယ်
ကျွန်တော်လေ..ကမ္ဘာတစ်ခြမ်းက ချစ်သူကို လွမ်းနေမိတာ။

ညိမ်းညို

ရိုးသားမှု

Without honesty there is no real growth.
ရိုးသားမှုမရှိရင် စစ်မှန်တဲ့ ကြီးပွားမှု၊ တိုးတက်မှု မရှိဘူး။

Without honesty there is no freedom.
ရိုးသားမှုမရှိရင် လွတ်လပ်မှုမရှိဘူး။

Without honesty there is no is hope.
ရိုးသားမှုမရှိရင် ဘာမျှော်လင့်ချက်မှ မရှိဘူး။

Without honesty nothing is real.
ရိုးသားမှုမရှိရင် ဘယ်ဟာမှ အစစ်အမှန်မဟုတ်ဘူး။

Without honesty nothing is.
ရိုးသားမှုမရှိရင် ဘာမှမရှိဘူး။

ဆရာတော်ဦးဇောတိက

သူတို့အရေးအသား (၂)

"မြင်ဖူးကြတယ်မဟုတ်လား
ခွေးဟာ ရိုက်နှက်နေတဲ့လက်ကို လျှက်နေတာလေ"

မာယာကော့ဖ်စကီး
-ဘောင်းဘီဝတ်မိုးတိမ် မှ/

*** *** ***

"သမုတိနယ်က သစ္စာတရားကို မတွေ့ရသေးသမျှ
အနာဂတ်ကို မီးမလောင်စေချင်ဘူး။
ဘ၀မှာ
(ဖြစ်နိုင်မယ်ဆိုရင်)
အမေ့ဝမ်းထဲကနေ
ကိုယ့်နာမည် ကိုယ်ခေါ်ပြီး ထွက်လာချင်တယ်"

ဝင်းမောင်
-နံနက်စောစော ရယ်မောခြင်းကဗျာ မှ/

သူတို့အရေးအသား (၁)

"ချွေးထွက်များတဲ့အသိဥာဏ်ဟာ
အဘိဓမ္မာဆရာထက် ပါးနပ်တယ်"


"သမိုင်းစာမျက်နှာပေါ်မှာ
အနာတရတွေ မရှိဖို့တော့ လိုတယ်"

"အဲဒီလိုနဲ့ ငါလည်း
ဖယောင်းတိုင်မီးနဲ့
ငရဲကို ထွန်းညှိလိုက်တယ်"

"ဘယ်သူ့အတွက်မှ မဟုတ်ဘူး
နေလောင်နေတဲ့ ငါ့အရေပြားတစ်လျှောက်မှာ
မျှော်လင့်ချက်အင်းဆက်တွေက
ရှင်သန်နေတုန်းပဲ"

ဝေမှူးသွင်
-သစ်ရွက်တို့၏ ပေါ့ဆခြင်းများ ကဗျာရှည်မှ/

13 October 2007

ကဗျာလေးနှစ်ပုဒ်



အရွယ်


ဟိုရှေးယခင်
ငယ်ရွယ်စဉ်က
ကြင်သူသက်ဖူး
အချစ်ဦးနှင့်
ပျော်မြူးတွေ့ခိုက်
စိတ်နှစ်ခြိုက်၍
ဖိုလှိုက်သဲတုန်
ရင်တွေခုန်၏။
(အချစ်ကို ယုံမှတ်ကြ ထို..အရွယ်)

ခုများအခါ
အိမ်ပြန်လာစဉ်
ကြင်သူသက်ထား
အဘွားကြီးနှင့်
ဆီး၍တွေ့ဆုံ
ရင်တွေတုန်၏။
(လခကို အကုန်အပ်ရ အို..မလွယ်)


*** *** ***

ခွက်ဆင့်လို့မော့

"တစ်ပက်" ထဲ
စိတ်ထဲက ကြံရွယ်။

ပယင်းရောင် ကြည်လဲ့အဆင်းရယ်နဲ့
ပုလင်းက မြူဆွယ်။

အရက်သမားဆိုတာရယ်
ဂယ်ပေါက်ကြွယ် ကြွက်တွင်းပမာပေါ့
ကိုယ့်စိတ်ကို ဘယ်လိုကျင့်ပေမဲ့
ခွက်ဆင့်လို့မော့..။

*** *** ***

စိတ်လက်ပေါ့ပါးစေဖို့ ရယ်စရာကဗျာလေးနှစ်ပုဒ်ကို တင်လိုက်ပါတယ်။ လတော့မမှတ်မိတော့ပါဘူး။ ရယ်စရာမဂ္ဂဇင်း၊ ရယ်စရာကဗျာကဏ္ဍမှာ ဖော်ပြပီးသားဖြစ်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့ ကြပါစေခင်ဗျာ။

ညိမ်းညို