27 April 2008

ကျွန်တော့်ခေါင်းကို လာလာမကိုင်နဲ့

ခင်ဗျားက လူကြီးလူကောင်းပါ
ယဉ်ကျေးတယ် ပျူငှာတယ်
ချိုချိုသာသာပြောတတ်တယ်
အချိန်ပြည့်ပြုံးနေတယ်
လူတကာက ခင်ဗျားကိုနှစ်မြို့တယ်
ကျွန်တော်လဲ သဘောကျပါတယ်
ဒါပေမဲ့ ….
ကျွန်တော့်ခေါင်းကို လာလာမကိုင်နဲ့ ။

ညိမ်းညို

26 April 2008

ကြယ်မှုန်ကြယ်မွှား

မထူးဆန်းပေဘူးလား
ကိုယ်မစားဘဲ ရှင်းရှင်းပေးရတဲ့ပွဲတွေက
တစ်နေ့တစ်ခြား များများလာ၊

နာမည်ဆိုးလက်မှတ်အတွက်
မဖူးဘဲ ပွင့်ခဲ့ရသလောက်
နာမည်ကောင်းလက်မှတ်မှာ
မပွင့်လိုက်ရပါဘဲနဲ့ ကြွေတယ်၊

သူတော်ကောင်းကိုနတ်ကောင်းမသတဲ့
သူယုတ်မာကိုကော ဘယ်နတ်ယုတ်က မ,ထားပါသလဲ
သူကတော့ ကျွန်တော့်အရိုးတွန်သံမှာ
ဓါးတစ်လက်ကို ဟန်ပါပါချိတ်လို့
ဒီလိုကြီးလွဲနေရတာကိုပဲ အပျော်ကြီးပျော်နေပုံ။

ညိမ်းညို

21 April 2008

ခေတ်ဟောင်းတေး

ကျွန်တော်လွမ်းနေတာ မြစ်တစ်စင်းမဟုတ်ဘူး
နောက်တစ်ခေါက် ပြန်စီးရမယ်ဆိုရင်လည်း
ဒီသီချင်းကို ဆိုဦးမှာပဲ၊

လူတစ်ယောက်က လူတစ်ယောက်ကို
လက်တစ်ဖက်က လက်တစ်ဖက်ကို
အသာတကြည် ဖေးမနေတာလောက်
ဘယ်မြင်ကွင်းမှ မလှဘူး၊

ပေါ့ပေါ့ဆဆကိုင်တွယ်ခဲ့မိတယ်
လျှောခနဲထွက်ကျသွားတာက
ဘာမှန်းညာမှန်းမသိ၂၃နှစ်
သတိကြီးကြီးထားပြီး ကိုင်တွယ်တတ်ချင်တယ်
ဒီတစ်ခါထွက်ကျဖို့
ကျွန်တော့်မှာ အနုပညာပဲကျန်တော့တာမို့။

ညိမ်းညို

20 April 2008

ချိန်းဆိုထားတဲ့နေရာ

(က)
အနာဂတ်တဲ့
လက်လှမ်းမှီရာနမ်းရှိုက်ကြည့်တော့
သွေးညှီနံ့ရတယ်၊

(ခ)
နိမိတ်ဖတ်ဆရာတွေကလဲ
အတပ်ဟောမယ် ဆိုတာချည်းပဲ
ခက်တာက
တမင်မလိမ်ပေမဲ့
အမြင်တွေမှိန်ချင်မှိန်သွားတတ်တာမျိုး
ဗိန်းမောင်းမတီးပေမဲ့
တိမ်းစောင်းချင်တိမ်းစောင်းသွားတတ်တာမျိုး၊

(ဂ)
တမိုးအောက်ကိုခိုတော့
သြဘာသံတွေလား..
သြဇာသံတွေလား...
ဒွေးရောယှက်တင် လိမ့်ဆင်းလာရဲ့၊

(ဃ)
ထစ်ခနဲရှိ...
ကြွက်သားတွေညှစ်ညှစ်ပြရာမှာ ကျွမ်းကျင်လာကြ
တစ်ယောက်က တစ်ယောက်ကိုဝါးမြိုချင်ကြ
စိမ်ပြေနပြေထိုင်ကြည့်နေတာခံရဖို့အထိ
သူတို့ကျွတ်ဆတ်မှုက တာရှည်မခံလေဘူး
ဒီတော့ အများသုံးဝေါဟာရဆိုတာလည်း
သူ့အသံထွက်နဲ့သူပေါ့၊

(င)
မိုးရွာထဲလမ်းလျှောက်ချင်ပါသလား
မျက်နှာကိုမိုးစက်တွေထိမှန်လာတဲ့အခါ
ရေးကြီးခွင်ကျယ်လုပ်မပြောကြေး။

ညိမ်းညို

မီး

တစ်နေ့တစ်နေ့
မကျက်တဲ့အနာကိုပဲ ထိုးဆွမိနေတော့
စိတ်အဆွေးတွေက
ကူးတို့ဆိပ် မှို့ အိပ်ဖွင့်ချလိုက်သလို...။

ညိမ်းညို

17 April 2008

ကမ်းရှာငှက်တစ်ကောင်ရဲ့ အိမ်လွမ်းနာ

ပြီးခဲ့တဲ့လက ဖုန်းကဒ်တွေဝယ်မရတာမို့ သားအမိနှစ်ဦးကြားက တစ်ခုတည်းသောဆက်သွယ်မှုလေးတောင် ပြတ်တောက်နေသည်။ အမေ့အသံကိုမကြားရတာ နှစ်လနီးပါးရှိတော့မည်။ ဒီတစ်ခါ ဖုန်းဆက်ဖြစ်ရင်တော့ အိမ်ကိုလွမ်းလိုက်တာအမေရယ်လို့ ပြောဖြစ်အောင်ပြောလိုက်ဦးမည်။ အင်းလေ.. ဒီလို အားခဲထားမိတာလည်း အကြိမ်ပေါင်း မနည်းမနော ရှိခဲ့ပြီပဲ။ တကယ်တမ်း အမေ့အသံကို ကြားရတော့ သူ ပြောမထွက်ပြန်။ ဒီလိုပြောလိုက်ရင် အမေလည်း စိတ်ကောင်းနိုင်မည်မဟုတ်။ အမေ့ရဲ့ ၀မ်းနည်းပူဆွေးမှုတွေကို ကိုယ့်ရဲ့အိမ်လွမ်းစိတ်နဲ့ လဲလှယ်ယူလိုက်သလိုမျိုးဖြစ်မှာကိုလည်း စိုးမိပြန်သည်။

သူ အိမ်လွမ်းနာကျနေခဲ့တာ ကြာပါပီ။ အိမ်မှာ ၁၆ နှစ်နီးပါး ကြာရှည်ကြာမြင့် နေခဲ့ရပေမဲ့ အိမ်ဆိုသည့် အဓိပ္ပါယ်ကို သူမသိရှာ။ သူကိုယ်တိုင် ရွေးချယ်လျှောက်လမ်းခဲ့သော လမ်းကြောင်းတွင် သူ့မှာရှိသော အတောင်ပံတွေကို တစ်ရံမလပ် ရိုက်ခတ်ပျံသန်းနေရင်း ခုတော့ အိမ်ဆိုတဲ့အဓိပ္ပါယ်ကို သူ့စိတ်ထဲမှာ အကြိမ်ကြိမ် စာလုံးပေါင်းနေမိပြီ။ တစ်ခါသားမှာ အင်္ဂလိပ်စာကောင်းတဲ့ သူငယ်ချင်းတစ်ဦးက House နှင့်Home မတူသည့် အကြောင်း သူ့ကို ရှင်းပြဖူးသည်။ ဘာတဲ့..House ဆိုတာက အမိုး၊ အကာ ၊ထုပ်၊ လျှောက်၊ ယက်မတို့နဲ့ ဆောက်ထားတဲ့ အခွံအကာ အိမ်လုံးသက်သက်ကို ခေါ်သတဲ့။ Home ကတော့ မေတ္တာနဲ့တည်ဆောက်ထားပြီး ချစ်ခြင်းမေတ္တာသဘောတွေ သက်ဝင်စီးဆင်းနေတာကို ရည်ညွှန်းပါသတဲ့။ ဟုတ်မှာပါလေ..။ အခု သူ လွမ်းနေတာက လေးတိုင်စင် အိမ်လုံးသက်သက်ကလေးကိုမှ မဟုတ်ဘဲ။ သူလွမ်းနေတာက အတောင်ဆန့်ထွက် ခွဲခွာမလာခင်အချိန်ထိ ငြိမ်းချမ်းအေးမြစွာ ခိုနားပျော်ဝင်ခဲ့ဖူးတဲ့ အမေ့အိမ်ကိုလေ..။

အမေ့အိမ်ကလေးသည် သုံးပင်နှစ်ပင် ထရံကာသွပ်မိုးနှင့် ရေနံချေးဝနေသော ရိုးရိုးအိမ် ကလေးတစ်လုံးမျှသာ။ အိမ်တွင်းအိမ်ပြင် အဆောင်အယောင်ဆိုတာကလည်း မရှိသလောက် ရှားပါးသည်။ အမေ့အိမ်တွင် စားပွဲတစ်လုံး ထိုင်ခုံလေးလုံးနှင့် မကျဉ်းမကျယ် ဧည့်ခန်းကလေးသည်သာ ဧည့်လာဆောင်လာ တို့အတွက် ခြေညောင်းလက်ဆန့်ပြုသောနေရာ..။ အခု သူနေထိုင်ရာမှာလို အကောင်းစား သားရေဆိုဖာခုံ အိအိကြီးတွေမရှိ။ ဂုဏ်ယူဖွယ်ရာ တန်ဖိုးကြီးပစ္စည်းများနှင့် လှပခမ်းနားနေသော မှန်ဗီရိုကြီးများမရှိ။ ဧည့်ခန်း၏ ကျက်သရေဆောင်ဆို၍ အဖေ့စာအုပ်အဟောင်းများနှင့်သတင်းစာ၊ ဂျာနယ်များကို စီကာရီကာတင်ထားသော ဗီရိုဟုပင် ခေါ်ဆိုရန်မထိုက်သည့် နံရပ်ကပ် သစ်သားစဉ်ကလေး တစ်ခုသာရှိသည်။ ကျောင်းနှစ်ပတ်လည် ဆုပေးပွဲမှ သူ့ဓာတ်ပုံများကိုမူ ထိုမကျဉ်းမကျယ်ဧည့်ခန်းကလေးတွင် အမေက အထူးနေရာပေး၍ ချိတ်ဆွဲထားသည်။ ဧည့်ခန်းလေးနှင့် မလှမ်းမကမ်းတွင်မတော့ အမေကျောက်ကြည့်လေ့ရှိသည့် ထာပွဲသုံး ကျောက်ကြည့်ခုံသေးသေးလေးကို ပြတင်းတံခါးဘက် မျက်နှာမူလျက် ချထားလေ့ရှိသည်။ တစ်ပေခွဲ၊ နှစ်ပေ လောက်သာကျယ်ဝန်းမည့် ထိုကျောက်ကြည့်ခုံကလေးတွင် အခါအားလျော်စွာ စာအုပ်တစ်အုပ်နှင့် အမေ ရှိနေတတ်သည်။ မနက်လင်း ဘုရားဆွမ်းတော်တင်၊ သောက်တော်ရေချမ်းကပ်လှူပူဇော်ပြီးလျှင် မပျက်မကွက် အမေ လုပ်တတ်သော ၀တ္တရားတစ်ခုရှိသေးသည်။ ဆုယူနေစဉ်ရိုက်ထားသောဓာတ်ပုံများထည့်ရာ မှန်ဘောင်ကို ထောင့်အကြိုအကြားလေးများပါမကျန် အ၀တ်စတစ်စဖြင့် ပွတ်တိုက်စင်ကြယ်နေတတ်ခြင်းပင်။ အမေ့နှုတ်မှလည်း သီချင်းကလေးတစ်ညည်းညည်းနှင့် ရှိနေတတ်သည်။ အမေကလည်း ခုနကပဲ ဘုးရား ရှိခိုးတယ်၊ အခု သီချင်းတွေဆိုနေတယ် ဟု စလျှင် အမေက ဘာမှပြန်မပြော ရီလို့သာ နေတတ်သည်။ အမေ ပြောဖူးတာလေး ရှိသည်။ အလုပ်လုပ်နေတုန်း သီချင်းလေးညည်းနေတော့ စိတ်မပင်ပန်းတော့ဘူးပေါ့ မောင်အောင်ရယ်တဲ့။ ဟုတ်တော့လည်း ဟုတ်သည်။ အိမ်ဘေးက မြေကွက်လပ်ကလေးမှာ နှင်းဆီပင်တွေ မြေဆွနေတုန်းမှာလည်း သီချင်းလေးတအေးအေးနှင့် အမေရှိနေတတ်သည်။

ခုနစ်တန်းတုန်းကတော့ အိမ်ကိုအလည်ရောက်ဖူးသော သူငယ်ချင်းမတစ်ဦးက နှင်းဆီပန်းရချင်သည်ဆိုသဖြင့် သူခူးပေးရသည်။

"မောင်အောင်ရေ ပန်းပေးရင် အလှမ်းဝေးတတ်သတဲ့၊ ဒါပေမဲ့ အမေစိုက်တဲ့ပန်းတွေက စွမ်းပါတယ်ကွ"

ပန်းပင်တွေ မြေဆွနေရာမှ အမေက စဖြစ်အောင် စလိုက်သေးသည်။

အမေ့ခန္ဓာကိုယ်သည် မြင့်မြင့်မောင်းမောင်းနှင့် မားမားမတ်မတ်ရှိလှသည်။ ရေနံချေးဝနေသော အိမ်ညိုညိုမဲမဲ ရှေ့တွင် (အညိုမှာရင့်နေသဖြင့် မဲသယောင် ညိုသယောင် နှစ်ရောင်ပြိုင်လုနေသောကြောင့် ဖြစ်ပါသည်။) အမေတစ်ယောက် ပန်းပင်တွေကိုများ မြေဆွနေပလားဆိုရင် သူ့စိတ်ထဲတွင် သည်မျှလောက် ကြည့်၍ကောင်း သော၊ မျက်စိပသာဒရှိသော ရှုခင်းရှုကွက်မျိုး လောကတွင် ဘယ်နေရာမှာမှမရှိနိုင်ဟုပင် ထင်မှတ်မိသည်။

အမေနေထိုင်သောအိမ်ကလေးသည် မြို့လည်ခေါင်တွင်မရှိသော်ငြား မြို့၏အကွက်အကွင်းကျသော နေရာတွင် ရှိသည်ဟုတော့ ဆိုနိုင်ကောင်းသည်။ ပြေပြေလျောလျောကလေးဆန်တက်သွားသော တောင်ကုန်းထိပ် ခပ်ယိမ်းယိမ်းတွင် အိမ်ကလေးတည်ရှိသည်။ အရှေ့ဘက်တွင် စမ္မရက္ခိတ ဘုန်းတော်ကြီးကျောင်းသည် အမေ့အိမ်နှင့် လျှိုကလေးတစ်ခုခြား၍ တည်ရှိနေသည်။ ဆောင်းဦးပေါက်၍ နှင်းမှုန်မြူငွေ့တို့ ယှက်သွယ် ကျဆင်းလာပြီဆိုလျှင် ထိုလျှိုကလေးထဲတွင် ထူးဆန်းလှပသော ကောင်းကင်မြူလမ်းလေးတွေ အစဉ် ဖြစ်ထွန်းနေတတ်သည်။ အိမ်ကလေး၏ တောင်ဘက်အရပ်တွင် ဘောလုံးကွင်းတစ်ခုခြား၍ အေးစေတီ ဘုန်းတော်ကြီးကျောင်း။ ထိုမှလွန်သော် အနိမ့်အမြင့်မညီညာသော တောင်ပေါ်ဒေသ၏ လူနေအိမ်ခြေများ။ လူနေအိမ်ခြေများ၏အဆုံး မိုးကုပ်စက်ဝိုင်း၏ အနားစွန်းတွင်မူ မြို့၏ထင်ရှားခန့်ထည်လှသော မယ်နန်းကြည် တောင်တော်မြတ်ကြီးနှင့် ဘုရားပုထိုးစေတီတော်များ။ စေတီတော်၏ငှက်မြတ်နားတွင် ၀ပ်တွားဦးခိုက်နေကြ သော မိုးတိမ်ဖြူဖြူများ..။

သူငယ်စဉ်က ကျောင်းသွားခါနီးလျှင် အိမ်ကလေး၏ အနောက်ဘက်အရပ်ကို မျှော်မျှော်ကြည့်တတ်သည်။ အကြောင်းမှာ အိမ်ကလေး၏ အနောက်ဘက်အရပ်တွင် သူ ပညာသင်ကြားနေသော အ.ထ.က ကျောင်းကြီး ရှိသောကြောင့်ပင်။ အိမ်ကလေးမှ အသေအချာအားစိုက်ကြည့်လျှင် ကျောင်းအ၀င်လမ်းရှိ ယူကလစ်ပင်တန်း ကိုရော၊ ကျောင်းရှေ့ မြက်ခင်းပြင်တွင် မြူးတူးပျော်ပါးနေသော ကျောင်းသူကျောင်းသားများကိုရော ကောင်း ကောင်းမြင်တွေ့နိုင်သည်။ သူက ကျောင်းရှေ့မြက်ခင်းပြင်တွင် ကျောင်းသားတွေစည်ကားများပြာလာပြီဟု ယူဆမှ ကျောင်းကိုသွားသည်။ တစ်ခါတစ်ရံအမေက နာရီကြည့်ပြီး ကျောင်းကို အတင်းသွားခိုင်းတတ်သော် လည်း သူပေကတ်နေတတ်မြဲ။ မိုးရွာသောနေ့များဆိုလျှင်တော့ သူရောအမေပါ ပျော်နေတတ်သည်။ သူက မိုးရေတွေထဲ ဘောလုံးကန်ရမည်ဆိုပါက ဘယ်သူခေါ်ခေါ်မရတော့။ အမေကလည်း နာရီကြည့်ပြီး ကျောင်းကို အချိန်မီလွှတ်နိုင်သောကြောင့် ပျော်နေတတ်သည်။ မိုးတွေရွာနေပြီဆိုလျှင် ကျောင်းရှေ့မြင်ခင်းပြင်တွင် အဘယ်ကျောင်းသားတို့သည် ထွက်၍ ကစားခုန်စားကြဦးမည်နည်း။

ဆောင်းဦးပေါက်၍ တောင်နေကြတွေထွက်ကြပလားဆိုရင် အိမ်ကလေးကနေ ကျောင်းကြီးကို လှမ်းမျှော်ပြီး ကြည့်နေရတာကိုက အရသာတစ်မျိုးရှိနေသည်။ မြင့်မားလှသော ပင့်ကူတောင်ကြီးနှင့် တောင်စဉ်တော တန်းအားလုံးတို့သည် နနွင်းရည်များ လိမ်းကျံပက်ဖြန်းထားသလို တောင်နေကြာတို့၏ တန်ခိုးစွမ်းပကားဖြင့် ၀ါရွှေထိန်တောက်၍ အလှကြီးလှနေကြသည်။ ထိုအ၀ါရောင်တောင်တန်းကြီးများ၏အခြေတွင် ကျောင်းတော် ကြီးသည် အိနြေ္ဒရစွာလဲလျောင်းနေလေ့ရှိသည်။

သူ့အဖို့တော့ အိမ်ကလေးသည် ပြည့်စုံလုံလောက်လို့ နေခဲ့သည်။ တစ်ခါတစ်ရံမှာတော့ ကလေးပီပီ အမေ့ကို မေးကြည့်ဖူးသည်။

"အမေ ဘာဖြစ်လို့ ကျွန်တော်တို့က တိုက်အိမ်နဲ့မနေတာလဲ"

အမေရဲ့အဖြေက ရိုးရှင်းလှပါသည်။ တိုက်အိမ်ဆောက်ဖို့အထိ ပိုက်ဆံမရှိသေးလို့ပေါ့ မောင်အောင်ရယ် တဲ့။

မနေ့က ဆရာနေ၀င်းမြင့်အက်ဆေးတွေကို ပြန်ရှာဖတ်ရင်း သည်စာပိုဒ်ကလေးကို သူ တွေ့သွားသည်။ အင်္ဂလိပ် လူမျိုး ဗိသုကာဝေဖန်ရေးဆရာ (John Summerson)ရဲ့ အက်ဆေးတစ်ပုဒ်ကပါတဲ့။

အမှန်ပြောရလျှင်မူ ရှေးဗိသုကာအဆောက်အအုံများသည် လူတန်းစားတစ်ခု၏ ကိရိယာမျှသာ ဖြစ်ပါသည်။ မှူးကြီးမတ်ကြီးများ၊ သာသနာပိုင်များ၊ မြေရှင်ကြီးများက ကိုယ့်လက်အောက်ခံများ၊ အများပြည်သူများ လေးစားအောင်၊ အဟန့်ကောင်းအောင် အပြောက်အမွှမ်းတွေ၊ အလှအပတွေ၊ အကွန့်အညွှန့်တွေဖြင့် ဆောက်ခဲ့ကြခြင်း ဖြစ်ပါသည်။ ယခုအခါတွင်မူ ဗိသုကာ အဆောက်အအုံများသည် လူတန်းစားတစ်ခု၏ သင်္ကေတ မဟုတ်တော့ဘဲ လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် အသုံးတည့်သည့် ပစ္စည်းများသာ ဖြစ်သင့်ပါသည်။ ရှေးတုန်းကလို အဟန့်ကောင်းအောင် ဟန်ရေးပြဖို့ မလိုတော့ပါ။ ကျွန်တော်တို့သည် ဆယ့်လေးရာစု၊ ဆယ့်ငါး ရာစုနှစ်များကထက် ပိုမိုလေးနက်သော၊ ပိုမိုသိမ်မွေ့သော ဗိသုကာအလှပုံစံများကို ရှာဖွေတွေ့နေကြပါပြီ။

အခုနေ အမေ့အိမ်ကို ပြန်ရောက်လျှင်တော့ ဘာကြောင့်တိုက်အိမ်နဲ့မနေရပါသလဲလို့ သူ မေးတော့မည်မဟုတ်ချေ။

*** *** ***

နောက်ဆုံးနှစ်ကျောင်းသားဘ၀တုန်းက အက်ဆေးတစ်ပုဒ်မှာ သူ ဒီလိုရေးခဲ့ဖူးသည်။

နေပျော်စရာအိမ်နဲ့ ပျော်မွေ့စရာမိသားစုသာရှိရင် ငရဲခန်းက အပြန်မှာတောင် ကျွန်တော့်မျက်နှာဟာ ကြည်ရွှင် လန်းဆန်း နေပါလိမ့်မယ်။ အကယ်၍ နေပျော်စရာအိမ်နဲ့ ပျော်မွေ့စရာမိသားစုသာ မရှိခဲ့ရင်တော့ နတ်ဘုံ နတ်နန်းက ပြန်လာရင်တောင် ကျွန်တော် ပျော်နိုင်မယ်မထင်ဘူး။


*** *** ***


သူ အိမ်မှထွက်ခွာလာသည်မှာ ခုနစ်နှစ်တိုင်လေပြီ။ ထိုကာလအတွင်း သူ့ဘ၀မှတ်တမ်းစာအုပ်တွင် ရေးခြစ် ထားမိတာဆိုလို့ မှတ်စုတိုလေးတစ်ခုမျှသာ..။

မှတ်စု

တခမ်းတနား ရေးခြစ်ထားတာ
ဘာမှမရှိပါဘူး
လေလွင့်မျောပါ ကာလတစ်လျှောက်
ကျွန်တော့်မှတ်စုစာအုပ်အနွမ်းလေးမှာ
လွမ်းလွမ်းဆွေးဆွေး တေးမှတ်ထားမိတာဆိုလို့..
"အိမ်ပြန်ချင်တယ် အမေရယ်" တဲ့။

တကယ်တော့ သူလွမ်းနေသောအမေ့အိမ်ကလေးသည် လက်ရှိ သူနေထိုင်သော နေရာလောက်မကောင်းပါ။ သို့သော် ထိုမပြည့်စုံမကြွယ်ဝလေသော အမေ့အိမ်ကလေးကိုပင် သူ တမ်းတမ်းမက်မက် လွမ်းဆွတ်လို့ နေမိ ပါသည်။ House နှင့်Home ကို သရုပ်ခွဲပြသော သူငယ်ချင်း၏စကားနှင့်ဆိုရပါမူ အမေ့အိမ်သည် အမိုး၊ အကာ၊ ယက်မတို့နှင့်ဆောက်လုပ်ထားသည့် လူနေထိုင်၍ရရုံ အိမ်မည်ကာမတ္တမဟုတ်။ နှစ်လိုမြတ်နိုး ဖွယ်ရာသော အမိအဖတို့၏မေတ္တာရင်ငွေ့ဖြင့် ထုံမွှမ်းခြုံလွှမ်းထားသည့်နေရာ။ ညီအကိုမောင်နှမတို့၏ ချည်နှောင်ချစ်ခင် လွန်း တင်နေမြဲဖြစ်သော သံယောဇဉ်ဘုံဗိမာန်..။ မိသားစုသံစဉ်ကို မေတ္တာတေးသွားနှင့် ချိုအေးကြည်သာစွာ ဖွဲ့ဆို သီကျူးကြလေကုန်သော အရပ်ဌာနေ..။

အမေရယ်...ဒီနေ့မှာတော့ သားရဲ့ နှလုံးစည်းချက်ရိုက်ခတ်သံကို သားကိုယ်တိုင် ပြန်ကြားမိပါရဲ့။

ကမ်းရှာငှက်တစ်ကောင်ဟာ သူ့ရဲ့ အိမ်လွမ်းနာတွေကို အမေ့ထံ ပြောမထွက်လို့ တိတ်တိတ်ကလေး ဆွံ့အနေခဲ့ရတာ ကြာလှပါပြီတဲ့လေ...။

ညိမ်းညို

အလွမ်းမြစ်သေ

ခင်းကျင်းခဲ့မိသမျှ
သံယောဇဉ်တို့ကို အလျားအနံမကျန်
(ကိုယ်စီ..) တိတိပပခေါက်သိမ်းပြီး
ညောင်ညိုပင်စခန်းမှာ လမ်းခွဲခဲ့ ကြပြီ ။

ညီအစ်ကိုမသိတသိ
ငါ့မေတ္တာတရားတွေလဲ
ညနေရီတရာမှာ အဟောသိကံ ဖြစ်ခဲ့ပြီ ။

လွမ်းသမျှပန်းပွင့်ပြီး
ပွင့်သမျှပန်းတွေ ကြွေခဲ့ပြီ..

" ဖြူစပ်..ရေ " ဆိုတဲ့ စကားတစ်ခွန်းနဲ့
ရင်ဘတ်ကို ဟင်းလင်းဖွင့်လိုက်ပေမဲ့
စိတ်တွေက ရွက်လွှင့်မသွားကြဘူး ။

ရင်ကွဲနာကျသံစဉ်တွေနဲ့
နာနာကျင်ကျင် ပြုံးပြပေမဲ့
ကြင်ကြင်နာနာ မဖြစ်ခဲ့ကြဘူး ..

နှလုံးသားတစ်စုံကို ဖွဖွလေးဆုပ်ကိုင်ပြီး
ကွေကွင်းခြင်းမန္တာန်နဲ့ မန်းမှုတ်လိုက်တော့
တကယ်ပါ..စိတ်ထဲမှာတောင် မျှော်လင့်မထားခဲ့ဘူး
ငါကျဆုံးသွားပုံကြီးက ပိုးစိုးပက်စက် နိုင်လွန်းလှတယ် ။

ဖြူစပ်ရေ..
ရင်ထဲမှာ မီးတွေကိုယ်စီလောင်နေပါလျက်
နှုတ်ခမ်းကို မာနနဲ့ တင်းတင်းစေ့ထားခဲ့ကြတယ်
ဘယ်လောက်ကြေကွဲဖွယ်ကောင်းတဲ့ ဇာတ်လမ်းပါလဲ
မငိုရဲပေမဲ့ ပြိုလဲနေကြပြီလေ..

သက္ကရာဇ်တွေ ရုန်းထွက်လာကြပုံက တစ်ရစ်ပြီးတစ်ရစ်
အလွမ်းမြစ်ကြီး (တဖြည်းဖြည်း..) တိမ်ကောသွားလိုက်ပုံကလည်း
မြစ်ကျိုးအင်းတွေတောင် ဖြစ်တည်ခွင့်မပေးတော့ဘူး ။

နှစ်ဖက်စလုံးက
တနင့်တပိုးနောင်တတွေနဲ့
ပဋ္ဋိပက္ခကို ရင်ကြားစေ့လိုက်ချိန်မှာတော့
(ထိတ်စရာ..လန့်စရာ)
မြစ်သေကြီးတစ်စင်းသာ ဘွားခနဲ ပေါ်လာတော့တယ်
ဒါ..ဘယ်တော့မှ ပြန်လည်ရှင်သန်မှာမဟုတ်တော့တဲ့
အန္တိမ သေဆုံးခြင်းပဲပေါ့ ..

ညိမ်းညို

p.s ­_ တကယ့်ကဗျာဆရာကြီးတွေတော့ အချစ်ကဗျာတစ်ပုဒ်ရေးပြီးလေတိုင်း သူတို့ရဲ့ ကြင်သူသက်ထားများက ဘယ်ပုံဘယ်နည်း တုံ့ပြန်ကြတယ်မသိနိုင်ဘူး။ ကျွန်တော်ငချွတ်တားလေးကတော့ အချစ်ကဗျာတစ်ပုဒ် ရေးပီး လေတိုင်း ချစ်သူဖြစ်သူရဲ့ အော်.. ဒီလိုတွေလဲ ရှိခဲ့တယ်လား၊ ဒါက ဘယ်တုန်းက ဇာတ်လမ်းလဲ၊ သိတောင် မသိလိုက်ရပါလား၊ လွမ်းလို့မကုန်နိုင်သေးဘူးပေါ့လေ.. စတဲ့ မျက်စောင်းမြားချက်အစင်းစင်းကို စက်ကွင်းပမာ အလူးအလဲ ခံရပါတယ် :P အင်းလေ..ကဗျာဆရာဆိုတာကလဲ အခက်သားလား။ လူကသာ ဆင်းရဲမွဲတေချင် မွဲတေနေမယ်။ သူ့စိတ်ကူးအိပ်မက်တွေ၊ တွေးဆမြော်မြင်မှုတွေကတော့ သိပ်ကြွယ်ဝတာကလား။ လူကသာ နှောင်ဖွဲ့အကျဉ်းချ ခံချင်ခံနေရမယ်။ သူ့စိတ်ခံစားမှုကို ရောင်ပြန်ဟပ်စေတဲ့ စကားလုံးတွေကတော့ သိပ်ကို လွတ်လပ်ရဲရင့် နေတတ်တာကလား။ ရင်ချင်းဆက်ဘာသာဗေဒနဲ့ လူမျိုးဘာသာ ဓလေ့ထုံးစံယဉ်ကျေးမှု၊ အသက်အရွယ် ခေတ်ကာလအပိုင်းအခြား၊ ရေမြေတောတောင် စတဲ့နယ်နိမိတ် စည်းမျည်းအသွင်သွင်ကို ချဉ်းနင်းထွင်းဖောက် မရောက်ရောက်အောင် ခရီးနှင်နေကြသူတွေလဲ ဖြစ်သေးရဲ့မဟုတ်လား။

ချစ်သူကို စကားတစ်ခွန်း ဆိုပါရစေ။ အနှောင်အဖွဲ့ကင်းကင်းနဲ့ လူထုလူတန်းစား အလွှာအသီးသီးရဲ့ အသည်း နှလုံးဗဟိုချက်မကို မောင်ပိုင်စီးထားတဲ့သူတွေဟာ ကဗျာဆရာပါပဲလို့....။

16 April 2008

လူညံ့

ပြုတ်ကျလာတဲ့ အငုံ့စိတ်မှာ
တောင်းပန်တိုးလျှိုးမှုတွေသာ ဖွေးဖွေးလှုပ်ပေါ့
ကြာတော့....
ဒီလောက် ရဲပတောင်းခတ်နေတာတောင်
ကိုယ့်သွေးကိုယ် မသတီချင်တော့ဘူး။

ညိမ်းညို

15 April 2008

မင်းကိုလောကကြီးကစောင့်ကြည့်နေတယ်

ရေသေအိုင်ဆွေးလို
ငြိမ်အီမနေစမ်းပါနဲ့
စုန်ရဲဆန်ရဲတဲ့ မြစ်တစ်မြစ်အဖြစ်
ကိုယ့်မာန်ကိုယ်သွေး
ခပ်ဝေးဝေး လှမ်းကြည့်လိုက်စမ်းပါ...

ဝါးမျှစ်စို့တိုင်း
မြေကိုတိုးထွက်ခဲ့ကြတယ်
လောကကို ရင်မဆိုင်ရဲတဲ့သစ်စေ့ဟာ
အမှိုက် ယက်ရှာတဲ့
ကြက်တစ်ကောင်ရဲ့ နှုတ်သီးဖျားမှာ
လည်စင်းပေးလိုက်ရမှာပဲ။

တောက်ပခဲ့ဖူးတဲ့
ရှေးရှေးက ကြယ်ပွင့်များ
အတိတ်ည ရှည်ရှည်တွေကို
ဘယ်ပုံဘယ်နည်း ဖြတ်သန်းခဲ့ကြသလဲ
ကိုယ်တိုင် ကြုံတွေ့နေရတဲ့ ညမှာ
ကိုယ်တိုင် အလင်းဆုံး ကြယ်တစ်ပွင့်
မဖြစ်သင့်ဘူးလား
ရှည်ရှည်ဝေးဝေး စဉ်းစားစရာမလိုတဲ့
အဖြေမှန်တစ်ခု မင်းရင်ထဲ
အသေအချာရှိနေမယ်ဆိုတာ ယုံတယ်။

ခေတ်က မြန်လွန်းတယ်...
တကယ်တော့ နည်းပညာတွေရဲ့ နှုန်းစံနဲ့
ခေတ်က လိုက်မြန်နေရတာပါ
အရှိန်နဲ့ပြန့်ကားနေတဲ့ ရဲရင့်မှုတွေထဲ
စိမ့်ဝင်နိုင်ဖို့ရာ ဘွာမခတ်မိစေနဲ့
တစ်ထစ်ချင်း နင်းတက်စမ်းပါ...။

“မစူးစမ်းတဲ့အရွယ်
ရူးနှမ်းနှမ်း အရွယ်ပါတဲ့”
မင်းနားတွေကို ပိတ်ထားလိုက်...
အထင်သေး အမြင်သေး အကြည့်အပြောတွေ
မင်း တည့်တည့်က အဆို့အပိတ်တွေကို
တွန်းတိုးဖောက်ထွက်လိုက်
နှင်းဆီတွေခင်းထားတဲ့ အရုဏ်သစ်
အရှေ့မိုးကောင်းကင်မှာ ၀င်းဝင်းပြက်ပြက်
မင်းယုံကြည်ရာ မုခ်ဦးမှာ
ပန်းဝတ်မှုတွေ ထုံမွှေးနေမှာ...။

စိတ်ရိုင်းကို အလိုလိုက်တာ
ကိုယ့်ပဲ့ကို ကိုယ်ဖြုတ်ချလိုက်တာပဲ
မြားရွက်နောက်မြီး မပါရင်တော့
ဘယ်လောက်ချွန်ချွန် ဘယ်လောက်ဖြောင့်ဖြောင့်
ဘယ်ပစ်မှတ်ကို စိုက်မှာလဲ
အပျင်းဓာတ်ကလည်း
မင်းသွေးစီးနှုန်းတွေကို နှေးစေတဲ့
ခပ်ဆိမ့်ဆိမ့် အဆိပ်ပြင်းပဲ
ညံ့ဖျင်းမှုဆိုတာ
အစာမတပ်ဘဲ ရေထဲချထားတဲ့
မင်းရဲ့ ငါးမျှားချိတ်
တစ်နေ့မှာ ကိုယ့်အလွမ်းမှားတွေနဲ့
ကိုယ်ပဲ ရှက်သွေးမဖြာရအောင်
ကိုယ့်ကိုယ်ကိုယ် လှုပ်နိုးရမှာပေါ့။

မင်းရဲ့ တင်းတင်းဆုပ်မိတဲ့ လက်တွေ
မင်းရဲ့ တင်းတင်းကြုတ်မိတဲ့ မျက်မှောင်တွေ
မင်းရဲ့ တင်းတင်းစေ့မိတဲ့ နှုတ်ခမ်းတွေ
မင်းရဲ့ တိတ်ဆိတ်စွာ ပေါက်ကွဲမှုတွေ
မင်းဆက်မယ့် ခြေလှမ်းတွေထဲ အားဖြည့်ဆေးအဖြစ်
ခပ်သာသာ ပြောင်းလဲပစ်လိုက်ပါ။

မီးမနာတဲ့ ဓား
အသွားပဲ့မြန်သတဲ့
ခြေဖ၀ါး မြေစားလို့ပွန်းရော့
အမာရွတ်တိုင်းမှာ သင်ခန်းစာရှိရမယ်
သံလွင်တစ်ခက်အတွက်
ချွေးစက်ကုဋေ ခြွေရဲဖို့
မင်းမျက်ဝန်းထဲ မီးစုန်းတွေထည့်လို့
အမှောင်ဆိုတာ အရောင်တစ်ရောင်ပဲ
မဖြစ်မနေ နှိုက်ရမယ့် မဲလိပ်ထဲ... စိတ်ချ
ကံတရား တစ်ခုတော့ ပါလိမ့်မယ်။

ကျောက်ဘယ်လောက်မာမာ
ခတ်တတ်မှလည်း မီးပွင့်တယ်
ဆီးဆူး ဆီးချွန် ခံဆူး ခံချွန်တဲ့
သောင်ပြင်ပေါ် မှောက်လျက်လဲ
ခပ်ယို့ယို့ ပြန်သွားတဲ့ လှိုင်းညံ့တွေလို
မင်း မညွတ်ခွေဖို့တော့ လိုတယ်
ပဉ္စလက် မာယာတွေ ပွက်ထ
ညှို့ကွက်တွေ ရှို့ချက်တွေ လျှို့ဝှက်တွေပြွမ်းလို့
မင်းဦးနှောက်ထဲ အချက်ပြ ခေါင်းလောင်းထည့်ခဲ့
ပြီးတော့... ရှေ့ပဲ တွင်တွင်တိုး ပြီးတော့... ထပ်ပြီးတိုး
အရွဲ့မတိုက်နဲ့ အတည့်တိုက်
မင်းရဲ့ ယုံကြည်ချက် သစ္စာတရားတွေ
မင်းအပေါ် ထိန်ထိန်ညီးစေရမယ်။

သစ်တောကြီးတွေနဲ့ ဝေးရာမှာ
တစ်ပင်တည်း ထီးထီးပေါက်နေတဲ့
ဝက်သစ်ချပင်ရဲ့ ကြံ့ခိုင်မှုမျိုး
မင်း အသည်းညွန့်မှာ ကွန့်မြူးပါစေ
လေယာဉ်ပျံ ထိုးဖောက်သွားတဲ့ တိမ်မဖြစ်ရ
တိမ်တိုက်တိုင်းကို ဖောက်ထွက်မယ့် လေယာဉ်ပျံဘဝ
မင်း ရွေးချယ်မှုက
မင်း စံမြန်းရမယ့် ရဲတိုက်ဗိမာန်
မင်းကို လောကကြီးက
လက်ခုပ်သြဘာပေးဖို့ မျှော်လင့်တကြီး
စောင့်ကြည့်နေတယ်။

တိုးဝေ