12 December 2009

ပျင်းလို့ဝှက်တဲ့ စကားထာ

သစ်ဖူးစာစာ
ဆိုဆိုတာ
တာရီဦးစ
ရာရာပါ

ဘာမှမရှိတဲ့ နံရံဖြူဖြူကိုကြည့်ပြီး ဘာမှန်းသတိတဲ့စာလုံးတွေကို တတွတ်တွတ်ရွတ်တယ်။ လေ၀င်လေထွက်နည်းတဲ့အခန်းမို့ ရှိရင်းစွဲလေထုက ဆောင်းရာသီဆိုတာကို ထပ်မံခြယ်သပြန်တယ်။ စိမ့်အေးမှုက နံရံတွေပေါ်ထိ တရွေ့ရွေ့ တွယ်တက်နေဟန်တူတယ်။ သူ ငေးစိုက်ကြည့်နေတဲ့ နံရံကလည်း သူ့ကို အေးစက်စက်ပြန်ကြည့်နေတယ်လို့ သူ့နားရွက်တွေက ပြောတယ်။ နားရွက်အောက်ပိုင်း အသားနုမှာ ပတ်ကြားအက်နေတာ စမ်းမိတယ်။ အခုဆို မြင့်နိုင်ကြီးလည်း ဘေးကင်းရာကို ရောက်နေမှာပဲ။ လွတ်ပါကျွတ်ပါစေကွာလို့ လူရှင်တစ်ယောက်ဖြစ်တဲ့ မြင့်နိုင်အတွက် သူဆုတောင်းပေးဖူးတာ ပြန်သတိရတယ်။ သိပ်ရီရတဲ့ကောင်ကြီး။ ဆယ်တန်းစာမေးပွဲတွေဖြေခါနီး အတူတူစုအိပ်ကြတုန်း မြင့်နိုင်က ၀မ်းသာအားရထပြောတယ်။ ငါတော့ “ဒီနှစ်သင်္ချာဂုဏ်ထူးထွက်မှာ သေချာတယ်၊ ဉာဏ်စမ်းတွေလည်း အကုန်တွက်ပြီးပြီ” တဲ့။ ဘယ်ဆရာရဲ့ ဉာဏ်စမ်းပုစ္ဆာတွေလည်းဆိုတော့ ငါ့ဘာသာလှည့်ထားတာလေကွာတဲ့။ မြင့်နိုင်ကြီး တော်တော်ရီရတယ်။ အခု သူက ပိုရီစရာကောင်းနေပြီ။ သူကိုယ်တိုင် လှည့်ထားတာတောင် အဖြေမှန်အောင် မတွက်နိုင်သေးဘူး။ မြင့်နိုင်ကြီးလို ဂုဏ်ထူးထွက်မှာကွလို့လည်း ပိုင်ပိုင်နိုင်နိုင်(ကိုယ့်ကိုယ်ကိုယ်လှည့်စားပြီးဖြစ်စေ၊ နှစ်သိမ့်ပြီးဖြစ်စေ) မကြွေးကြော်နိုင်သေးဘူး။ အမှောင်ထဲ ဘာအရောင်ရှိလဲလို့ ညီလေးတစ်ယောက်ကမေးတော့ အချစ်ကို တခါပဲတွေ့လိုက်တယ်၊ လွမ်းရတာမဆုံးတော့ဘူးလို့ သူက မဆီမဆိုင်ဖြေတယ်။ လေလွင့်နေတဲ့တိမ်တွေဆိုတာ ဒီလိုပါပဲ။ ဘယ်မှာရပ်မှာလဲလို့မေးရင် ငါမညောင်းသေးဘူးလို့ ဖြေလိမ့်မယ်။

နံရံကိုအပေါက်ဖောက်ပြီး စပါးတစ်ခင်း စိုက်ကြည့်တယ်။ တော်ပြီ။ အသားဖြူဖြူ မေးစိနှစ်ထပ်နဲ့ ၀၀ဖိုင့်ဖိုင့်ဆရာမကြီးကို ပြောလိုက်တော့မယ်။ ကျနော် ပေါင်မုန့်ညိုတွေမစားချင်တော့ဘူးလို့။ ဆန်ပြုတ်လေးပဲ ပြုတ်သောက်တော့မယ်၊ ကျနော့်စပါးခင်းလဲ ရွှေရောင်သန်းနေပါပြီလို့။ ဒီအခြေအနေမျိုးမှာ ဆုံးဖြတ်ချက်တစ်ခုရတာကလည်း သူ့စိတ်ကို နည်းနည်းတော့ ပေါ့ပါးစေတယ်။

လူတစ်ယောက်က သူ့ကိုရည်ရွယ်ပြီး ဂဏန်း ၁၁ လုံးနှိပ်လိုက်မှ စကားပြောခွင့်ရတဲ့ကိရိယာကို ဖုန်းလို့ခေါ်တယ်။ (ခေါ်နိုင်မယ် ထင်တာပဲ၊ သူ့ကိုရည်ရွယ်ပြီး ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဂဏာန်း၁၁ လုံးကိုမနှိပ်ခဲ့တော့ ယတိပြတ်ပြောဖို့ မ၀ံ့ရဲစရာပေပဲ)။ သူက လူတစ်ယောက်ကိုရည်ရွယ်ပြီး ဂဏာန်း၁၁ လုံးနှိပ်ရင်တောင် စကားပြောခွင့်ရဖို့ခက်ခဲတဲ့ ကိရိယာတစ်မျိုးလည်း ဖြစ်တယ်။ ဘာဖန်ရှင်မှ မယ်မယ်ရရမပါတဲ့ ဒီဖုန်းက နှိုးစက်ပေးထားရင်တော့ သူ မထမချင်း အော်ဟစ်နေတတ်တယ်။ ဒီအခန်းဖြူဖြူ (နံရံဖြူဖြူ၊ စောင်ဖြူဖြူ၊ မျက်နှာကြက်ဖြူဖြူ) ထဲကိုရောက်ပြီး တစ်ပတ်လောက်နေတော့ သူသိလိုက်တယ်။ ဆက်သွယ်မှုဧရိယာပြင်ပ ရောက်ရှိနေတယ်ဆိုတာ ဆက်သွယ်ရန်မလိုအပ်တော့သော အခြေအနေတစ်ခုသို့ ရောက်ရှိနေခြင်းပဲဆိုတာ...။

ချန်ခဲ့သူရဲ့ခြေရာဟာ ကျန်ခဲ့သူအတွက်အလွမ်းတွေပဲ။

ဘေးကသူငယ်ချင်းနှစ်ယောက်လောက်ရီရင် ဘာမှန်းညာမှန်းမသိ ရောယောင်ရီတတ်တဲ့ ဆယ်ကျော်သက် လူပျိုပေါက်တစ်ယောက်လို သူ ခပ်ကြောင်ကြောင် တွေးတယ်။ နားကြပ်နဲ့ ကုတ်အဖြူဝတ်ထားတဲ့လူကြီးက သူ့ကိုပြုံးကြည့်ရင်း မကြာခင်ကောင်းသွားမှာပါ ပြောတယ်။ ဘယ်လောက်ကျလဲဆိုတဲ့ မေးခွန်းကိုမမေးဖြစ်အောင် လျှာနဲ့လိပ်သိမ်းလိုက်ရတယ်။ ဖြစ်နိုင်ရင် ဆရာမကြီးကိုရော ကုတ်အဖြူနဲ့လူကြီးကိုရော ရွှေရောင်တ၀င်းဝင်းနဲ့ သူ့စပါးခင်းကြီးထဲ လက်ဆွဲပြီးခေါ်သွားချင်တယ်။ ထမင်းအနပ်တိုင်းမှာ ရင်ငွေ့နဲ့အာငွေ့နဲ့၊ ပိတ်ရက်မရှိ ၂၄နာရီ မိဘမေတ္တာထမင်းဆိုင်က သူ့ကို စားလိုတဲ့ဟင်းလျာစာရင်းတွေ မေးလို့ပေါ့။

ဟိုင်း- နေကောင်းလား။ စိတ်ကူးယဉ်တာ လက်တွေ့လောက်မကောင်းပါဘူး။ ဘိုင် ဆိုတော့ အားဖြင့်ပေါ့။ be happy

တစ္ဆေအကိုက်ခံရတဲ့သူဟာ တစ္ဆေအကိုက်ခံရတာကို ကျေနပ်မနေဖို့တော့ လိုတာပေါ့။

ဝုန်းဆို စပါးခင်းကြီးပေါ် နံရံဖြူဖြူက ပြန်ပိကျသွားတယ်။
ဘာ ဆက် ဖြစ် မှာ လဲ... ဘာ ဆက် ဖြစ် မှာ လဲ။ ဘာမှမရှိတဲ့ နံရံဖြူဖြူကိုကြည့်ပြီး ဘာမှန်းမသိတဲ့စာလုံးတွေကို တတွတ်တွတ်ပြန်ရွတ်ပေါ့။ ဒါပဲရှိတာပေါ့။ ဒါပဲ ရှိတာပေါ့။ ပျင်းလို့ဝှက်တဲ့စကားထာဆိုမှတော့ ပျော်စရာမကောင်းဘူးပေါ့။

သစ်ဖူးစာစာ
ဆိုဆိုတာ
တာရီဦးစ
ရာရာပါ

သူ့စိတ်ကို အရင်းအတိုင်းလှန်ချလိုက်တော့ မိုက်မဲနုံချာကျဉ်းမြောင်း။ အာခေါင်ထဲ အရက်လောင်းချလိုက်တဲ့အခါ ကမ္ဘာကိုထမ်းပြီး ပြန်လာမယ်တဲ့။ ဟေးးသူကောင်းသားလေ။ အာခေါင်ထဲ ဘာအရည်မှလောင်းမထည့်ဘဲ ပြန်လာခဲ့။ ကမ္ဘာကိုလည်း ထမ်းလာဖို့မလိုဘူး။ မင်းကိုမင်းထမ်းလာရင် တော်ပြီ။

သူပြန်လာမယ်တဲ့။ ပျင်းလို့ဝှက်တဲ့ စကားထာလေးတစ်ပုဒ်နဲ့။
NO ပါ။ စကားထာအဖြေက အမှားကြီး။
တော်ပြီလေ။ အပျော်ပေါ့။

ကမ္ဘာကြီးပေါ်မယ် မြင်ပင်လေးတစ်ပင် လှုပ်ယိမ်းသွားတာကအစ အကြောင်းမဲ့တော့ မဟုတ်ခဲ့ဘူး။

ညိမ်းညို

6 comments:

သက်ထွန်းညိမ်း said...

မောင်ညိမ်းရေ
ရှယ်ပဲ ဖတ်ရတာ ကောင်းလိုက်တာ
ခေတ်ပျက်ကြီးတစ်ခုကို မြင်လိုက်ရသလိုပဲ
း)

တင့်ထူးရွှေ said...

NO ပါ၊ စကားထာအဖြေက အမှားကြီး ၊ ကျွနော်လဲ ပေါင်မုန့်ညိုတွေ မစားချင်တော့ဘူး ..
အပျော်ပေါ့ ။ ။

Unknown said...

ဘာမှတော့ မပြောတတ်ဘူး။ ဒါပေမယ့် ကြိုက်တယ်။

မင်းကျန်စစ်။ said...

မြင့်နိုင်ကြီးကို တွေးပီး ရီမိတာမောတောင်မောတယ်။ :P
TGRmg

မေဓာဝီ said...

သစ္စာဆိုတာ ရယ်စရာလား?

chocothazin said...

ဖူးစာဆိုတာ ဦးရာပါး)