21 November 2007

ငါ့အိမ်ခေါင်မိုးကိုလာလာငြိတဲ့ လေတံခွန်

ဟေ့ ဘာတွေလဲ
တစ်မိုးလုံးထစ်ချုန်းလို့မှ မိုးတစ်ပေါက်မကျပဲနဲ့
အဲဒီမိုးကို ဘယ်လိုရိုကျိုးပြရမှာလဲ
သုံးသီးစားဖို့ လာမပြောနဲ့
ငါတို့ဝမ်းစာဖူလုံဖို့
ဟောသည် တစ်သီးစားကိုပဲ ထွန်ရေးညက်ပါစေဦး
ဝမ်းနဲ့လေနဲ့မှမကွဲ အနောက်ကလိုက်ယိမ်းနေဦးမှာလား
လူပြောမသန် လူသန်မပြော
မင်းတို့လာလာဟောနေတဲ့တရားက နားထဲမ၀င်တော့ဘူး
အလုပ်နဲ့မှ အနားကွပ်မထားရင်
လေတွေကလေထဲ လွင့်မျောသွားလိမ့်မယ်
မပွင့်တစ်ပွင့်စကားလုံးလေးတွေ
အနုပညာဆန်ချင်ဆန်မယ် နားဝင်ချိုရင်ချိုမယ်
ငါတို့အတွက်တော့ အားမကောင်းဘူး မောင်းမသန်ဘူး
မင်းတို့ဖြစ်ချင်စိတ်တစ်ခုထဲနဲ့ လာလာမခေါ်နဲ့
ဧကရာဇ်ရာထူးပေးတောင် မလိုက်ဘူး
ငါတို့ဘက်ကိုလည်းကြည့်
စာနာနားလည်မှုနဲ့ လက်ကမ်းလိုက်
သူဖုန်းစားအဖြစ်နဲ့လည်း ငါတို့လာနိုင်တယ်
ဘ၀ထဲမရောက်ဖူးပဲနဲ့ ဘ၀အကြောင်းလာမပြောနဲ့
၁နာရီပြောရင် ၁နာရီ ထိုင်ရီနေမှာ
အလွတ်ကျက်ထားတဲ့ ဒိုင်ယာလော့ခ်တွေချည်းပဲ စွတ်ရွတ်မနေနဲ့
ဇာတ်ဝင်ခန်းမှားသွားရင် ပြည်ဖုံးကားချလို့ရတယ်ဆိုပေမဲ့
ပွဲက နောက်ညမှာ က,မရအောင် ပျက်သွားလိမ့်မယ်
ငါတို့ချွတ်မှ ကျွတ်မဲ့သတ္တ၀ါလေးတွေရယ်လို့လည်း
အပေါ်စီးကနေ ပြုံးပြုံးကြီး လုပ်မနေကြနဲ့ဦး
ဠင်းတလောက်တော့ ငှက်တိုင်းလှတယ်
ငါသိတယ်ကွ ဆိုတဲ့ ဂုဏ်ပုဒ်ကြီးတစ်လုံးနဲ့
လူစည်စည်ရှိတိုင်း ဖုန်သုတ်သုတ်ပြနေကြတာကို
စိတ်ကုန်လွန်းလို့ ။

ညိမ်းညို

9 comments:

MELODYMAUNG said...

အားပါးပါး စကားလုံးတွေက အားပါလှချည်လားဗျို ပြီးတော့ ဘ၀ထဲမရောက်ဖူးပဲနဲ့ ဘ၀အကြောင်းလာမပြောနဲ့ဆိုတာလေး ခိုက်တယ်ဗျာ :)

Kaung Kin Ko said...

ကောင်းတယ်ဗျာ။ နိဂုံးကလဲ ဒိန်းခနဲ ပဲ။

pandora said...

စကားလုံးတွေ လန်ထွက်နေပါလား ညိမ်းညို

မျှားပြာ said...

ခပ်ကြမ်းကြမ်းလေးတွေ လွှတ်နေပြီလား ကဗျာဆရာ ..
အားရတယ် ...

စိုးထက် - Soe Htet ! said...

တစ်ကယ်ကို ပြောင်မြောက် ပါပေတယ် လာကူးပြီး ပြန်သုံးခွင့်ပြုပါ ... :D

mo3s3t said...
This comment has been removed by the author.
mo3s3t said...

အရမ်း...ကောင်းလွန်းတယ်။

Layma said...

ကဗျာက
မကောင်းဘူး....( ပျော်ဖို့....)
မနူးညံ့ဘူး....
မအေးဘူး....
မဖတ်လို့မရဘူး (နောက်တခေါက်)

joemin said...

လေးရက်ရှိပြီပြန်လာဖတ်နေတာ