8 December 2007

ငါတို့အတောင်ပံခတ်သံဟာ ကဗျာနံရံကိုရိုက်ခတ်..

သံယောဇဉ် အမျှင်အတန်းအားလုံး
အ၀မှာ ချိတ်ဆွဲထားခဲ့တယ်
ရှည်ရင်ရှည်မယ် ၊ပုရင်ပုမယ်
ပိန်ရင်ပိန်မယ် ၊၀တာရှိမယ်
ဒါပေမယ့်
အကုန်လုံးက တစ်သားတည်းပဲ
နေရပ်ကိုလွမ်းမယ်
တစ်ယောက်သောသူကို သတိရမယ်
ငါတို့လည်း နှလုံးသားနဲ့ပဲ
တစ်ယောက်မကောင်း အများကို ငါတို့လဲမကြိုက်ခဲ့ဘူး
နောက်တစ်ခါ မမှားမိဖို့ ကိုယ်ပိုင်အသိရှိခဲ့ကြတယ်
ကိုယ်နေရာ ၊ကိုယ်စားပွဲ၊ကိုယ်ကုတင်
တစ်ကိုယ်ရေကအစ
ကိုယ့်စိတ်ဓါတ်တစ်ခုလုံး
သန့်ရှင်းသပ်ရပ်ဖို့
အစစ လေ့ကျင့်ယူရတာပဲလေ
သူလုပ်ရင်ကိုယ်လဲလုပ်နိုင်ရမယ်
ဒါပေမယ့်
သူလဲရင်ကိုယ်ထူလို့
ကိုယ်လဲတော့လဲ သူတို့တွေကထူမတယ်
အုံနဲ့ကျင်းနဲ့မေတ္တာတွေ
အစားထိုးပြန်ရတယ်
မိုးရွာတယ် ၊နှင်းကျမယ်
ရာသီဥတုကတော့ အစိုးမရဘူး
လုပ်ရမယ့် အလုပ်ကိုတော့
နေ့စဉ်နေ့တိုင်း ရွတ်ဆိုပြဌာန်းတယ်
အသက်နဲ့ ရင်းရမယ့် စွန့်စားမှု့ အတွက်
ကိုယ့်အသက်ကိုယ် ရှာကျန်မွေးရတယ်
မသေဆေးတွေကို မြိုမြိုချခဲ့ရ
ဒီလိုနဲ့ပဲ..
ကျောင်းတော်သာရဲ့ အရပ်မှာ
ချယ်ရီတွေအထပ်ထပ် ပွင့်ကြပြန်တယ် ။

ဘ၀ဘ၀တွေထဲ တိုးဝင်မိခဲ့ကြပြီ
အဆင်မပြေမှုတွေကို ကြံ့ကြံ့ခံရပ်တည်ခဲ့ကြသလို
ဝါးလုံးသိမ်းရိုက်ချက်တွေအောက်မှာ
အများတကာရဲ့ ဗီလိန်မြင်ကွင်းထဲ
ကိုယ်ကျင့်နဲ့ ပညာကိုလက်ဆွဲလို့
ငါတို့ထွန်းလင်းကြပါစို့
ချစ်တတ်ပါစေ၊ ချစ်တတ်ပါစေ
ရင်ခွင်တစ်ခုလုံး ထစ်ချုန်းအောင်
အကြိမ်ကြိမ် ရွတ်ဆိုမိတယ်
မြစ်တစ်စင်းမှာ လက်ပစ်ကူးချင်ရင်
အဲဒီမြစ်ရဲ့ ရာဇ၀င်အကြောင်း
အဆိုးအကောင်းကိုတော့ သိသင့်ပါတယ်
နားရွက်တစ်စုံရှိပါရဲ့ နဲ့
ကျန်တဲ့တစ်ဖက်ကို ပိတ်ဆို့ထားရတဲ့အခါ
ငါတို့ "အကြား" ဟာ တရားတယ်လို့ ဆိုနိုင်မလား
မျက်ဝန်းတစ်စုံရှိပါရဲ့ နဲ့
ကျန်တဲ့တစ်ဖက်ကို ဖုံးကွယ်ထားရတဲ့အခါ
ငါတို့ "အမြင်" ဟာ ကြည်လင်တယ်လို့ ဆိုနိုင်မလား
နေ့နဲ့ညရဲ့ အကူးအပြောင်း
အရုဏ်ဦးရဲ့ တေးသွားအလှမှာ
သံပြိုင်လိုက်ဆိုကြဖို့ သိပ်လွယ်ပါတယ်
လူတစ်ယောက်ရဲ့ အတွေးအမြင်ကူးပြောင်းခြင်းမှာတော့
ဟိုးရှေးရှေးတုန်းကနေ အခုချိန်ထိ
အမည်တပ်စရာ ခေါင်းစဉ်များစွာဟာ
အသစ်အသစ်တွေနဲ့ မွေးဖွားလို့ကောင်းတုန်း
အလှဆုံးအပြုံးတစ်ပွင့်မှာ
လျှို့ဝှက်နက်နဲနေဖို့ မလိုပါဘူး
ရိုးရှင်းသန့်စင်နေဖို့ပဲ လိုပါတယ်လေ
အမြင်မတူရင် ရန်သူတဲ့လား
ပညာရှိကြီးများခင်ဗျား
အဲဒီလို..
အပေါ်စီးကနေ ပြုံးပြုံးကြီး မကြည့်ကြပါနဲ့
ခင်ဗျားတို့ စီးသွားမဲ့ ဖိနပ်တစ်ရံမှာ
ဘယ်တော့မှ မပြတ်တဲ့ သဲကြိုးတစ်စုံဟာ
ကျွန်တော်တို့ ရင်ထဲမှာငုံနေတဲ့ သစ္စာတရားပါဗျာ။

တွေးခေါ်နိုင်တဲ့ဦးနှောက်နဲ့
ဆိပ်ကမ်းကနေ ကြိုးဖြည်ခဲ့သူများ
လေရဲ့တိုက်ခတ်ပုံအကြောင်း
ရွေ့သွားတဲ့ လှေငယ်ရဲ့ ဦးတည်ချက်မှာ
ဘယ်အရပ်ကို ဆိုက်ကပ်သွားမယ်ဆိုတာရယ်
မြေပုံနဲ့ ကွန်ပတ်
ငါတို့ခြေထောက်တွေကို ဘယ်လိုတန်ဖိုးဖြတ်မယ်ဆိုတာရယ်
ခဏခဏအစာကြေနေတဲ့အတွက်
ဘယ်မှာပဲနေနေ ၊ရွက်လွင့်နေမိမှာပါ
ဝေးကွာလွမ်းဆွတ်ရလွန်းတဲ့အခါ
ကိုယ့်အသိုက်အမြုံလေးကိုတော့
စိတ်ထဲကနေ ပျံမိနေတတ်တာပေါ့
အသက်ရှူရတာချင်းအတူတူ
ငါတို့ပုခုံးတွေက ပိုလေးတယ်လို့
သတ်မှတ်ချက်တွေနဲ့ ဘောင်မခတ်ပါဘူး
ငါတို့ရှူသွင်းခဲ့တဲ့လေထဲမှာ
အဆိပ်တွေလည်း ပါနိုင်ပါတယ်
ငါတို့မရေးခဲ့ရတဲ့သမိုင်းထဲမှာလဲ
ခြေပြတ်လက်ပြတ်၊အစာငတ်
အသက်သွေးချွေးတွေနဲ့ ရေးခဲ့ကြလို့
အခုလိုရွှတ်ဆိုခွင့်ကို ရကြတာပေါ့
ရွတ်ဆိုနေကြ အပိုင်းအစကိုတော့
နှုတ်ဖျားမှာ စာလုံးမပေါင်းတော့ဘူး
ရင်ထဲကနေ အခါခါ ကျင့်သုံးရွတ်ဖတ်ကြမယ်
ဥဒါန်းတွေချွေ…..
ကြယ်တွေကြွေကြ….
သစ္စာဆိုတဲ့ ဂုဏ်ဒြပ်
မြင့်မြတ်တဲ့ ကိုယ်ကျင့်တရားကိုတော့
မေ့ထားလို့မရဘူး
ဘယ်လိုပဲ အသက်ရှင်နေရပစေ
လူတစ်ယောက်ရဲ့ ဘ၀မှာတော့
ငါတို့ လူပီသအောင် နေတတ်သေတတ်ရဦးမယ်။

တင့်ထူးရွှေ+ညိမ်းညို
(အွန်လိုင်းဗားရှင်း)

2 comments:

ကလိုစေးထူး said...

ကိုညိမ်းညိုရဲ့ အခုနောက်ပိုင်း ကဗျာတွေမှာ ခံစားချက်တွေက အထင်းသားပေါ်နေတယ်။ :) အဆင်ပြေပါစေဗျာ။

ဂျစ်တူး - gyit_tu said...

ညိမ်းညိုရေ .. လူပီသအောင် နေတတ် သေတတ်ဖို့က လူတိုင်းရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်တွေပဲ ။

ဒီကဗျာထဲမှာ မင်းတို့ရဲ့ ခံစားချက်တွေ အထင်းသားမြင်နေရတယ် ။ ဘာပဲဖြစ်ဖြစ် စိတ်ဓါတ်သန့်ရှင်းသူတွေတွက် လူပီသတယ်ဆိုတာ ကိုယ်စောင့်နတ်သိသလို ၊ မင်းရဲ့ သူငယ်ချင်းတွေလည်း မြင်နိုင်မှာပါ ။

အားပေးလျက်ပါး)