18 November 2007

နတ်ရေးတဲ့ပန်းချီ

ကဲ..ကိုသုညကြီးတက်ထားတာကို ရေးရတော့မယ်ဗျို့။ ဘယ်နှယ့်လုပ်ကြမတုန်း။ တက်ဂနိုက်ဇေးရှင်း တက်ယဉ်ကျေးမှုကြီးကို အားပေးထောက်ခံပါကြောင်း တစ်ခါလေးရေးမိပါတယ်။ အဲဒီမျှားက ကျွန်တော့်ဆီကို တန်းခနဲ ရောက်လာတော့တာကိုးဗျ ဟားဟား။ ကျွန်တော်က ပူလစ်ဇာဆုလေးရရုံလောက် လုပ်မလို့ဗျ (ပွဲဆူသွားအောင် ပူပူညံညံလေးလုပ်ပြီး လစ်ထွက်မလို့လေ ဟဲဟဲ..) လစ်ချိန်တောင် မရလိုက်ပေါင်ဗျာ။ ကိုသုညကြီး လက်သွက်လိုက်ပုံများကတော့ ကြက်မကြီး အစာကောက်နေသလိုပဲခင်ဗျ။ ညိမ်းညိုရေ မင်းကို ငါတက်လိုက်ပြီဟေ့၊ ရေးပေးဦးတဲ့။ ပြီးတော့မှ ကိုသုညကြီးက ကျွန်တော့် စီဗုံးမှာ လာပြီးနှစ်သိမ့်ရှာပါတယ်။ ညီလေးရေ မင်းအိမ်စာတွေ ပြီးအောင်လုပ်လိုက်ဦးကွ..နော..တဲ့။ ဘယ်ရမလဲ ကျွန်တော်ကလည်း ကျောင်းစာကလွဲလို့ ကျန်တဲ့စာအကုန်စိတ်ဝင်စားတဲ့ကောင်ဆိုတော့ (စကားလေးကြုံလို့ ပြောလိုက်ပါရစေဦး။ ကိုယ့်ညီမဆီက ရည်းစားစာကိုတောင် ယူပြီးဖတ်တဲ့ကောင်ဗျ အဟက်ဟက်..၊ အပြင်စာဆိုရင် အဲသလောက်ကို စိတ်ဝင်စားတာ) အိမ်စာတွေ ချောင်မှာထိုးလို့ ဟောသည်ပို့စ်ကလေးကို အစပျိုးလိုက်ရပါတယ်ခင်ဗျား။

ကိုင်း..မောင်ညိမ်းညိုရဲ့ ကိုယ်ခန္ဓာအရပ်ရပ်မှာ စောင့်ကြပ်အပ်ကုန်သော နတ်ပျော်၊ နတ်ရွှင်၊ နတ်လုလင်အပေါင်းတို့ အဲဒီကဗျာဆရာ အစုတ်ပလုတ်ရဲ့ ဖော့ဖယောင်းပမာ သွယ်ပြောင်းမနေရှာတဲ့ လက်ချောင်းများပေါ်ကို တည့်တည့်မတ်မတ်ကြီး ခွထိုင်ကြကုန်၍ ၎င်း၏ ခနော်နီခနော်နဲ့ ကလောင်တံကို မယိမ်းမယိုင်ရလေအောင် ထိန်းကိုင်ပြီးသကာလ ကိုသုညကြီးတစ်ယောက် နှစ်ခြိုက်မြူးရွှင် အထူးစိတ်ကြည်လင်သွားစေမဲ့ စာတစ်ပုဒ်ကို အမြန်စီကုန်းလို့ ရေးထုတ်စေဗျားးး။ ကိုသုညကြီးရေ ခင်လို့စတာနော်..။ စိတ်မဆိုးကြေး.. :)

အဲ..ရေးတော့မယ်ဆိုပါမှ နတ်လုလင်လေးတစ်ပါးက ငိုချင်းကောက်ချလိုက်လို့ ချစ်စွာသော စာရှုသူတို့ သိစေအံ့သောငှာ ဖော်ပြလိုက်ဦးမယ်ဗျ။

အမယ်မင်း..ရေးရတော့မယ်တဲ့ ရေးရတော့မယ်
နတ်မဒီ ပျိုမေကညာအပေါင်းတို့နဲ့
နှပ်မယ်ဗျာ..ဤဖေကိုယ် ငြိုးသော်လည်း
ငနဲကဗျာဆရာ ၀င်ကာမှောင့်လေတော့
တလွဲမနေသာပြန်ပါပြီလေ အပူကပ်တယ်ပ
အဟဲ.. ဒီတော့ ကျုပ်တို့ခမျာမှာလည်း
အသည်းနာနာနဲ့ ကဲလကွာ..ကဲလကွာ ဆိုပြီး ရေးလိုက်ရပေကြောင်း.. အဟင့်..အဟင့် ရွှတ်

လူတွေများ တော်တော် အလုပ်ရှုပ်သဗျ။ အခုပဲကြည့်လေ ကိုယ့်အကြောင်းကိုယ်ရေးတာပဲဗျာ။ ကိုယ့်ဘာသာ ရေးပါလေရော့..။ ဘယ့်နှယ်..ကဗျာဆရာအမှု ကိုယ်စောင့်နတ်လာပတ်ရတယ်လို့..။ ကျုပ်တို့မှာလည်း အလုပ်တွေက အများသားဗျ။ နတ်မဒီကလေးတွေ ကြည်ဖြူဖို့အရေး လုံးပန်းနေရတာနဲ့တင် တစ်နေ့ ၂၄ နာရီဆိုတာ ကောင်းကောင်းလောက်ချင်တာမဟုတ်ဘူး။ တစ်ခါတစ်ရံတော့လည်း အားတုန်းအားခိုက် စည်ဘီယာဆိုင်လေးဘာလေးဘက် ခြေဦးလှည့်ချင်သေးတာပေါ့ဗျာ။ ကဲပါလေ..မထူးတော့ပါဘူး။ သူနဲ့ကိုယ်တွေနဲ့က ကျေးဇူးခံကျေးဇူးစားလေးလည်း ရှိပြန်ဆိုတော့ ရေးပေးရတော့မှာပေါ့။ အင်း..ဒီကဗျာဆရာက ပြောမဲ့သာပြောရတာ လူမှုရေးတော့ မဆိုးရှာပါဘူး။ သူဘီယာသောက်တိုင်း ကျုပ်တို့ကို ခေါ်နေကြလေ ဟဲဟဲ..။

ဒီလူရဲ့ ပုံပန်းသဏ္ဍန်ကို အားမနာတမ်းပြောရရင်တော့ ပုံမှန် သူလိုငါလို လူတစ်ယောက်ပဲဗျ။ အသားက မဖြူမမည်း အညိုပေါ့ဗျာ။ အရပ်အမောင်းကလည်း မနိမ့်မမြင့် ၅ပေ ၇လက်မလောက် ရှိတယ်ဗျ။ ဇာတ်ကားတွေဘာတွေကြည့်ရင် သူပြောနေကျ စကားလေးတစ်ခွန်းရှိသေးတယ်ဗျ။ ဘာတဲ့ "ဇာတ်လမ်းလေး ကြိုက်လို့သာ ကြည့်နေရတယ်၊ မင်းသားက ကိုယ့်လောက်မှ ပုံမလာရင် ကြည့်ချင်တာမဟုတ်ဘူး" ဆိုပဲ..။ အင်း..သူပြောမှ သတိထားကြည့်မိတယ်။ ဟုတ်တော့လည်း ဟုတ်တုတ်တုတ်ရယ်။ ကျုပ်တို့ကဗျာဆရာက အချောအလှကြီးသာ မဟုတ်တယ်၊ ကြည့်လို့တော့ အကောင်းသား။ အဟား..ဟား ဘီယာမျက်နှာလေးနဲ့ဆိုတော့ ဒီလောက်တော့ ရေးမှပေါ့နော..။ နောက်ပြီး အခုလောလောဆယ် သူ နဂိုထက်ပိုဝနေတာတော့ အမှန်ပဲဗျ။ သူ့သူငယ်ချင်းတွေကတော့ မင်းက ၀,တာမဟုတ်ဘူး၊ ဖောနေတာလို့ စကြနောက်ကြတယ်ဗျ။ ဖောတယ်ဆိုရအောင်လည်း ကျုပ်တို့ကဗျာဆရာက ပျော်စေပျက်စေသဘောမျိုးနဲ့ ဘီယာသောက်တယ်၊ ဘီယာသောက်တယ်လို့ ရေးနေပေမဲ့ တကယ်တမ်းကျ သောက်ရှာတာမဟုတ်ဘူးလေ။ အရက်လည်းမသောက်တတ်ပါဘူး။ ဆေးလိပ်ကိုတော့ တော်တော်လေး ကြိုက်ရှာတယ်ဗျ။ ကျောက်ကပ်မကောင်းဘူးထင်တယ်လို့တော့ သူ့ဟာသူ ပြောနေတတ်တာ တစ်ခါတစ်ရံ ကြားဖူးရဲ့။

ကိုင်း..ကဗျာဆရာရဲ့ ကြန်အင်လက္ခဏာ ရုပ်ဆင်းအင်္ဂါကိုတော့ ဒီမှာတင် ရပ်ကြစို့ရဲ့..။ ကျုပ်တို့မှာကလည်း ကိစ္စများမြောင် နတ်တို့ဘောင် ဆိုတဲ့အတိုင်း လုပ်စရာ၊ ကိုင်စရာလေးတွေက ရှိသေးသကိုးဗျ။ ဒီတစ်ခါတော့ ကဗျာဆရာရဲ့ စိတ်ပိုင်းဆိုင်ရာ အဖြာဖြာကို လေ့လာသုံးသပ် ခေါင်းပုံဖြတ် (အဲလေ..မှားလို့)၊ လေ့လာသုံးသပ်လို့ record မှတ်ထားလိုက်ဦးမယ်ဗျို့။ ကိုင်း..လာလေရော့ ။

ဒီလူက ပျင်းတာတော့ တော်တော်ကို ပျင်းတဲ့လူဗျ။ သူမပျင်းတာဆိုလို့ ဘလော့ဖတ်တဲ့အလုပ်နဲ့ ကဗျာရေးတဲ့ အလုပ်ပဲရှိမယ်ထင်တယ်။ ပျင်းပုံများ ကျောင်းကနေ စာတွေဘာတွေများ ကျက်စရာပါလာရင် ညကတည်းက အပြီးမကျက်ဘူးဗျာ။ စာတွေအကုန်ရနေရင် မနက်မထချင်ပဲနေလိမ့်မယ်ဆိုပြီး စာကိုတောင် မနက်စာချန်ထားသတဲ့ဗျာ။ ပျင်းပုံကို ပြောပါတယ်။ ဒီလူ စိတ်ဆိုးတာတွေ ဘာတွေတော့ မတွေ့ဖူးပါဘူး။ သူမကြိုက်တာ ကြုံနေရရင်တောင် ဟဲဟဲ..ဟဲဟဲ နဲ့ ရယ်နေတတ်တာ။ ကဗျာကလွဲရင် ကျန်တာ အကုန်ထိလို့ရတယ် ဆိုတဲ့လူဗျ။ အခုတော့ သူလည်း တစ်ထစ်လျော့သွားပါပြီ။ ကဗျာကိုထိရင်တောင် ဘာမှပြန်ပြောတော့ဘူး၊ ငြိမ်ပြီးနေတတ်တယ်။

နောက်..ဒီကဗျာဆရာက သတ္တိနည်းတယ်ဗျ။ စစ်ပွဲတွေဖြစ်တာကို တော်တော်မုန်းတဲ့လူ။ ကျောက်ခေတ်ကတည်းက လူတွေ တစ်အုပ်စုနဲ့ တစ်အုပ်စု၊ တစ်ယောက်နဲ့တစ်ယောက် ကြီးနိုင်ငယ်ညှဉ်းဝါဒနဲ့ ဆော်ကြတီးလာကြတာ။ အခုတိုးတက်လာပြန်တော့လည်း လက်နက်အသစ်အဆန်းတွေ တီထွင်ပြီး ဆော်နေတီးနေကြတုန်းပဲတဲ့။ တစ်ယောက်နဲ့တစ်ယောက်ပစ်ခတ်သတ်ဖြတ်ပြီး ပြဿနာ ဖြေရှင်းတာလောက် ဥာဏ်မပါတာ ရှိကို မရှိဘူးတဲ့။ သူပြောပြောနေလို့ ကျုပ်တို့လည်း နားရည်ဝနေပါရဲ့။ ကိုင်း..ဒီကဗျာဆရာ သတ္တိနည်းပုံကိုတော့ ဒီမှာတင် ရပ်ဦးမယ်ဗျ။

သူငယ်ချင်းတွေ တအုပ်တမကြီးနဲ့ စုရုံးစုရုံးနေရတာကို တော်တော်သဘောကျတဲ့ ကဗျာဆရာဗျ။ အဟားးး အတွေးအခေါ်တွေ စုရုံးစုရုံးနဲ့ ဘသားယိမ်းလိုက် ရောယိမ်းလိုက်ဖြစ်မှာကိုတော့ ကြောက်တတ်ပုံရတယ်။ အကျိုးသင့် အကြောင်းသင့်ပြောဆိုရင် ဒီလူက သိပ်သဘောကျတာပ။ အုန်းအုန်း အုန်းအုန်းနဲ့ အလံထောင်တဲ့နောက်လျှောက်လိုက်နေရင်တော့ ဒီကဗျာဆရာက အနားတောင် ကပ်ချင်မှ ကပ်တာ၊ လှည့်လှည့်ပြန်လာလို့ ကျုပ်တို့ နတ်အပေါင်းက တစ်ခါတစ်ခါ ချစ်စနိုးနဲ့ သူ့ကို ဇောက်ထိုးကောင်လို့ ခေါ်သဗျ။

အခုလောလောဆယ်တော့ ဒီလူ ဘလော့စွဲနေပုံရတယ်။ ကျောင်းချိန်အားတာနဲ့ ဘလော့လေးကို ပြေးဖွင့်တယ်။ လက်လှမ်းမှီသလောက် လိုက်လည်တယ်။ လိုက်ဖတ်တယ်။ ရသမျှလိပ်စာတွေကိုလည်း သူ့ဆီမှာ လင့်ချိတ်ထားသေးသဗျ။ အားရင် ဘလော့နဲ့ အချိန်ကုန်နေတော့တာပဲ။ ကျုပ်တို့ကိုတောင် ဘီယာဖိတ်မတိုက်ဖြစ်တော့တာ ကြာလှပေါ့။ အိမ်း..ဒါပေသည့် ကျုပ်တို့နတ်အပေါင်းကလည်း ကဗျာဆရာကို ကြည်ကြည်ဖြူဖြူနဲ့ ခွင့်ပြုထားတယ်ဗျ။ ဘာကြောင့်လည်းဆိုတော့ ကျုပ်တို့ကိုယ်တိုင်ကလည်း ကဗျာရူး၊ နတ်ရူး(အဲလေ..ယောင်လို့) စာရူးတွေဆိုတော့ ဒီလူနဲ့ အတော်ကိုဟန်ကျနေတာ.. ဟဲဟဲ။ အခုဆိုကြည့်လေ ကဗျာဆရာက သူရေးရမှာ ပျင်းတာနဲ့ ကျုပ်တို့ကို ဆင့်ခေါ်ပြီး ရေးခိုင်းပါလေရောလား။ အမယ် ဒီလူက ကျုပ်တို့ကျေနပ်အောင်တော့ ခေါင်းစဉ်လှလှလေး ပေးလိုက်တယ်ဗျ။

ဘာတဲ့..
"နတ်ရေးတဲ့ပန်းချီ" ဆိုပါလား။ နိပ်ဟ!!

ညိမ်းညို
- ကိုသုညရေ ရေးလိုက်ပြီဗျ။ အကိုတက်ထားတဲ့ခေါင်းစဉ်နဲ့ ကိုက်ညီမှုမရှိခဲ့ရင် ခွင့်လွတ်ပါနော..။ ပျော်ရွှင်ပါစေခင်ဗျာ။




8 comments:

တင့်ထူးရွှေ said...

ကဗျာဆရာကို စောင့်ကြပ်ကြကုန်သော နတ်အပေါင်းတို့ ခင်ဗျာ ဘီယာလောက်နဲ့ မကျေနပ်ကြပါနဲ့ ၊ ဘောဂါတိုက်ခိုင်းပါ ၊ ကဗျာတစ်ပုဒ်လက်တန်း စပ်ပြပါလိမ့်မယ် ၊ ညိမ်းညိုရေ စိတ်မကောက်ကြေး ။ ။

Chaos said...

ဟာဟ
တယ်လာတဲ့
ကိုညိမ်းညိုပါလား
တော်တော်ကိုတော်တယ်နော်

JulyDream said...

နတ်ရေးတဲ့ ပန်းချီ ဆိုတဲ့ ခေါင်းစဉ်ကို သဘောကျ မိပါတယ် ခင်ဗျာ။

စိုးထက် - Soe Htet ! said...

ခေါင်းစဉ်ရော စာကိုယ် ပါ တစ်ကယ် လိုက်ဖက် ကောင်းမွန်ပါတယ် ဗျာ :D

ညိမ်းညို said...

ရေးထားတဲ့ ပို့စ်လေးကို ဖတ်ပြီး comment ပွတ်ပေးကြတာ ကျေးဇူးတင်ပါတယ်ဗျာ။ ကြည်လည်းကြည်နူးရပါတယ်။ ပျော်ရွှင်ပါစေခင်ဗျာ။

zeRoTraSh said...

ညိမ်းညိုတို့ ရေးချက်က လန်ထွက်နေတာပဲ (လန်ထွက်နေတာပဲဆိုတဲ့ စကားကို သူများတွေသုံးလွန်းလို့ သုံးကြည့်တာ ဆိုးဘူးဟ :D) ကြိုက်ပါ့ဗျာ။ ခေါင်းစဉ်ကိုကလန်းတာ ဘာတဲ့ နတ်ရေးတဲ့ပန်းချီ ကောင်းပါ့ဗျာ။ အင်းကြုံတုန်းတစ်ခုမှာထားရအုံးမယ် ညိမ်းညို ကိုယ်စောင့်နတ်ကို ပြောလိုက် နတ်သဘင် အစည်းအဝေးသွားရင်း လမ်းမှာ တခြားနတ်တပါး မူးလဲနေရင် တွဲခေါ်သွားလို့ အဲဒါ ကိုသုညကြီး ကိုယ်စောင့်နတ်လို့ ပြောထားလိုက်ပါ။ ခဏခဏ မူးလဲနေတယ် အဟက်ဟက်ဟက်။ ဘီယာ ကြိုက်ပုံခြင်းက အင်မတန်တူလေတော့ အရင်ဘ၀ မယားညီအကိုများ တော်လေသလားမသိဘူး အဟက်ဟက်ဟက်။ ပျော်စရာကောင်းပါတယ် ညိမ်းညို သဘောလည်း ကျပါတယ်။ ခုလို အရေးကောင်းတဲ့ အတွက် ကိုသုညရဲ့ ညစ်ပေါက်ကပ်ကျယ် နောက်ထပ် တက်တွေမှာ အလှော်ခံ ထိမယ်ဆိုတာ ကြိုတင်ပြီး အသိပေးထားလိုပါကြောင်း။

Layma said...

စောစောစီးစီး ကိုယ်စောင့်နတ်က အတင်းရောကာရော တိုက်တွန်းနေတာနဲ့  ရောက်လာတာ….။ လက်စသပ်တော့ သူ့ ဘော်ဒါနတ်က ဘီယာမျက်နှာနဲ့  စပယ်ရှယ် ရေးထားတဲ့ ပုံတူပန်းချီတစ်ချပ်ကို ကြည့်စေချင်တာကိုး…..။ နတ်ရေးတဲ့ ပန်းချီမို့ထင်ပါရဲ့… ဖတ်ရတာ အရသာရှိလိုက်တာ….

Red's Rose Dream said...

ကဗျာဆရာရယ် စာကိုလဲ ကဗျာလို သီကုံးထားတာ
ဖတ်ရတဲ့သူ မျက်စိစူးပါရဲ့။
စပါးမွေး စူးတာဟုတ်ပါဘူးရှင်။
အရောင်အ၀ါ တောက်ပလွန်းလို့ပါ။