24 November 2007

တွေးချင်တာတွေးပြီးရေးချင်တာရေးနေတဲ့ ချောက်တီးချောက်ချက်ကဗျာဆရာ

ဟောဒီမှာလေ
သွေးအေးအေးနဲ့ လူသတ်နေကြတယ်
တစ်ယောက်ကိုတစ်ယောက် မရိုးနိုင်တဲ့လက်ခုပ်သံတွေနဲ့ပေါ့
သာယာနေတဲ့လူ အရှုံးပဲ
များများသိဖို့တောင် မလိုအပ်တော့ဘူး
ဗောင်းတော်ညိမ့် စိတ်တော်သိ
အိုကေ.. ဒါဆိုရပြီ
သိပ်များများစားစားကြီးလည်း
မစဉ်းစားပါနဲ့ မတွေးခေါ်ပါနဲ့
ရေလိုက်ငါးလိုက် မကတော့ဘူး
ဆင်ခြင်တုံအသိတရားလေးကိုပါ ချောင်ထိုးထားလိုက်
မီးမမှုတ်ခင်ကတည်းက
နှုတ်ခမ်းတွေပဲ့နေကြပြီလား
ဘုန်းတော်ဘွဲ့တွေရေးစားတဲ့ခေတ်ကုန်သွားလို့
ဘုန်းတော်ရွဲ့ တွေကိုများ ရေးစားကြလေရော့သလား
သေချာတာကတော့
ပုခုံးတော်တော်များများကို မီးစနဲ့ ထိုးစိုက်သွားကြပြီဆိုတာပဲ
ရွက်တိုင်တွေ စုတ်ပြတ်သတ်နေတာ သိတယ်
တော်ပြီ..အပ်ကြောင်းထပ်အောင် မပြောနဲ့တော့
လေကြောင်းရှာပြီးပြီလား ရွက်သစ်လဲပြီးပြီလား
ခါးတောင်ကျိုက်ထားရတဲ့လူတွေလည်း
ကြာလာတော့ ကုန်းကွကွကြီးတောင် ဖြစ်နေကြပေါ့
လယ်လေး ဧက၀က်လောက်ကို
ပဲပြောင်းနှမ်း အကုန်ကြဲပြီး နာမည်စာရင်းမလုကြလေနဲ့
ပေါင်းပင်တွေပါ ၀င်လာရင် အကုန်သပွတ်အူလိုက်ကုန်မယ်
ရေကြီးမှ ကမ်းပြိုတယ်ထင်ပါသလား
ဖြိုချနေရင်လည်း ကမ်းပြိုတတ်ပါသေးကြောင်း
ဟောဒီ အစာအိမ်ဟောင်းလောင်းကြီးက
ရယ်ရယ်မောမော ပြောနေပါရဲ့
စာတတ်ပေတတ်ဝါကျများကို ခါးစောင်းတင်ထားရဦးမယ်
သူတို့က ငယ်ထိပ်ထိ တက်တက်ဆောင့်လာတဲ့အခါ
သက်သောင့်သက်သာလေးများ ပြုံးနေနိုင်ခဲ့ ဦးမယ်ဆိုရင်
လာလာသတ်ပုတ်နေတဲ့ လက်ခုပ်သံတွေမှာ အဆိပ်ကင်းမဲ့ချေပေါ့ကွယ်။

ညိမ်းညို

2 comments:

Kaung Kin Ko said...

လက်ခုပ်လာတီးတယ်ဗျို့ ။ သတ်မယ့်လက်ခုပ်သံမဟုတ်ပါဘူးဗျ။ မလန့် ပါနဲ့ ။ ကဗျာကို ကြိုက်လို့ ရိုးရိုးသားသား တီးတဲ့လက်ခုပ်သံပါ။

Layma said...

အစ်မရဲ့ ကွန့်မန့်တွေက သွေးအေးအေးနဲ့ သတ်နေတဲ့ လက်ခုပ်သံလို ဖြစ်မှာစိုးလို့ လက်ခုပ်မတီး..ပါးစပ်အုပ်ပြီးပြန်သွားပြီ..။