20 December 2007

နှင်းကျချိန်

ဆောင်းရဲ့ စိမ့်အေးမှုအောက်မှာ မြို့ကလေးဟာ ဆိတ်ငြိမ်လှစွာ မှေးစက်နေရဲ့ ..နေခြည်နုထွေးတို့က နှင်းထုအလွှာ ဖြူဖြူကြားမှာ မရဲတရဲတိုးဝင်ထိုးဖောက်လို့ တမိုးသောက်ဖို့ အားယူနေကြပြီလေ..။

မြို့ကလေးရဲ့ သမရိုးကျရှုမျှော်ခင်းမှာ
အငွေ့အသက်တိုင်းဟာ ရိုးစင်းလှပနေမယ်
ဓာတ်ကြိုးပေါ်မှာ ငှက်ကလေးတွေနားနေကြမယ်
ကတ္တရာလမ်းမကြီးက ငြိမ်သက်စွာလဲလျောင်းနေမယ်
တစ်ချို့တစ်လေသော အိမ်ယာများက
သူ့ရဲ့ အနက်ရောင်ကျောပြင်ကြီးပေါ် ငိုက်မြည်းလို့ကျန်ရစ်ခဲ့မယ်

ကွေ့သောကောက်သော တောင်တန်းတို့အဆုံးမှာ မြို့ကလေးဟာ ဖြောင့်တန်းရိုးရှင်းစွာ တည်ရှိနေတယ်။ နှင်းပွင့်ဖြူလေးတွေ လွင့်ပါးဝေ့၀ဲလို့နေချိန်၊ ချယ်ရီပင်ပျိုပင်အိုတို့ သန္တာရောင်အသွေးနဲ့ နီစွေးလို့နေချိန် တို့မြို့ကလေးဟာ တစ်ကိုယ်ရေတစ်ကာယ တိတ်ဆိတ်လို့နေခဲ့ပါပြီ။ တစ်ချိန်တစ်ခါတုံးက တို့မြို့ကလေးမှာ ထူးထွေဆန်းပြားတာဆိုလို့ ဘာမှ မရှိခဲ့ပါဘူး။ မြို့ကလေးဟာ သူ့ပုခုံးပေါ်မှာ မြို့သူမြို့သားတွေကို ထမ်ပိုးလို့ ၀မ်းကိုလည်းဝစေခဲ့တယ်။ ခါးကိုလည်းလှစေခဲ့တယ်။ လောကပါလတရားတို့ ထုံမွှမ်းနေတဲ့ အဲဒီအခါသမယမှာ အပြုန်းတို့ဝေဆာလို့ အမုန်းတို့အတွက်နေရာမရှိခဲ့ပါဘူးလေ။ ဆောင်းရဲ့နံနက်စောစော ငါတို့ ခပ်သောသော ရယ်မောခဲ့ကြဖူးတယ်မဟုတ်လား။ မြို့ကလေးရဲ့ အခင်းအကျင်းမှာ ငါတို့ ခိုကိုးရာတိုင်းအတွက် အငွေ့အသက် တိုင်းဟာ ရိုးစင်းလှပနေမယ်လေ။ ဓာတ်ကြိုးပေါ်မှာ နားနေကြတဲ့ ငှက်ကလေးတွေ ကြည်သာရွှင်ပြ တေးတစ်စ နဲ့ သတ္တလောကကြီးကို ကြိုဆိုနှုတ်ဆက်လို့ နေသလားကွယ်။ မတူညီလေတဲ့ အချိန်ကာလနှစ်ခုရဲ့ တိုက်စားမှု အောက်မှာ တစ်ချို့တလေသော အိမ်ယာများဟာ အနက်ရောင် ကတ္တရာလမ်းမကြီးပေါ် ငိုက်မြည်းလို့ ကျန်ရစ် ခဲ့လေပြီလား။ တို့မြို့လေးဟာ နှင်းတွေထူထူထပ်ထပ် ကျလာပလားဆိုရင် ပဟေဠိဆန်,ဆန်သွားတတ်တာ ဘာကြောင့်များပါလိမ့်။

လူတွေက အရောင်အသွေးစုံ လှုပ်ရှားသွားလာကြမယ်
ကိုယ့်ကိုယ်ကို နာကျင်မှုမရှိရအောင်
အနွေးထည်ထူထူကြီးတွေကိုလည်း ၀တ်ထားကြဦးမယ်

ခရီးလမ်းမဆုံးသေးသရွေ့ ကိုယ့်ခရီးစဉ်နဲ့ကိုယ် လှုပ်ရှားသွားလာနေကြရဦးမှာလေ။ အရောင်အသွေးစုံလင် လှတဲ့ ခရီးသွားတတွေဟာ တို့မြို့လေးပေါ်မှာလည်း သုတ်ချေတင်နေကြပေါ့။ လူတွေပြောနေကြတဲ့ စကားသံ မှာ အပေးအယူတွေ ပျော်ဝင်နေမလား..အတုံ့အလှည့်တွေ စွန်းထင်းပေကျံနေမလား။ မြို့ကလေးဟာ ရီဝေစွာ ငေးမောလို့..။ ကိုယ့်ကိုယ်ကို နာကျင်မှု မရှိရအောင်တော့ သတိမမေ့ကြပါလေ။ လူတိုင်းကိုယ်စီမှာ အနွေး ထည်ထူထူကြီးတွေ ဖုံးအုပ်လို့ပေါ့။ ဒီနောက်မှာတော့ သူတို့ဟာ အကြောက်အရွံ့မဲ့ တွန်းထိုးကန်ကျောက်ကြ ပေတော့မယ်။ မိမိကိုယ်တိုင် နာကျင်မှုကို မခံစားရသေးသရွေ့ ..။

နှင်းတွေကျလာပြီဆို..
တို့မြို့လေးကိုက မှုန်ဝါးသွားတတ်တာပါ
ဘယ်လောက်တောင် မှုန်ဝါးသွားလည်းဆိုရင်
လူနှစ်ယောက် မျက်နှာချင်းဆိုင်ရပ်နေတာတောင်
တစ်ယောက်ရဲ့ သွားလမ်းလာလမ်းကို
တစ်ယောက်က မမြင်မိတော့ဘူး

အ၀ိဇ္ဇာမြူနှင်းတွေ ဖုံးအုပ်သွားတာ ကြာချေပေါ့ကွယ်။ တ၀မ်းတခါးအတွက် လမ်းသလားကြရင်း တစ်လမ်း သွားသက်သက်နဲ့ ခုတ်မောင်းလာကြပြန်ပေါ့။ ဒီလိုလေ..မြို့ကလေးရဲ့ မှုန်ဝါးသွားမှု အတိုင်းအတာမှာ တို့ဟာ တစ်ယောက်ရဲ့သွားလမ်းလာလမ်းကိုတောင် တစ်ယောက်က မမြင်မိတော့ပါဘူးတဲ့၊ အလေးမမူ ဂရုမပြုမိ တော့ပါဘူးတဲ့။ မုန်းမာန်ပွားတဲ့မျက်စိချင်း ယှဉ်ပြိုင်တိုက်ခိုက်နေသရွေ့ မြင်ကွင်းတိုင်းမှာ မြူနှင်းတွေ ပိတ်ဖုံး နေဦးမှာပါတဲ့။ ခွင့်လွှတ်ဖို့ဆိုတာ မေ့လိုက်ဖို့မဟုတ်သလို လက်စားချေဖို့ သက်သက်လည်း မဟုတ်ပြန် ပါဘူးတဲ့ကွယ်..။

နှင်းခွဲမီးကြီးတွေနဲ့ လမ်းပြပေးမှသာ
တစ်ယောက်ရဲ့ ဦးတည်ရာကို
တစ်ယောက်က နားလည်ခွင့်ပြုပေးနိုင်တဲ့ အခြေ
နှင်းတွေ...နှင်းတွေ
အုံ့သည်းမှိုင်းဝေနေလိုက်တာ
အခုဆို..တစ်မြို့လုံးတောင် ဘာမှမမြင်ရတော့ဘူး

နှင်းခွဲမီးကြီးတွေက ဘယ်လိုအချိန်မှ လင်းပွင့်မှာပါလိမ့်။ တောင့်တောင့်ကြီးတွေရပ်နေကြရတာ ကြာလှလေပြီ။ နောက်ကိုဆုတ်ပေးရမှာလား၊ ရှေ့ကိုတက်ရမှာလား။ ဒါမှမဟုတ် ဘေးကိုရို့ပေးရမှာလားကွယ်။ တစ်ယောက်ရဲ့ ဦးတည်ရာကို တစ်ယောက်ကနားလည်ခွင့်ပြုပေးနိုင်ဖို့ ဦးနှောက်ကို ချွေးစို့အောင် အလုပ်ပေးခဲ့ကြပြီးပြီ။ အခုတဖန် အသည်းနှလုံးကို အလုပ်ပေးလို့ တစ်ယောက်ကိုတစ်ယောက်က စာနာဖေးမကာ တပြန်တလှည့် မွှေးမြကြပါစို့လားကွယ်..။ နှင်းတွေ..နှင်းတွေ အုံ့သည်းမှိုင်းဝေနေလိုက်တာ အခုဆို..တစ်မြို့လုံးတောင် ဘာမှ မမြင်ရတော့ဘူး တဲ့။ ဒါဟာ အိပ်မက်ဆိုးတစ်ခုသာ ဖြစ်ပါစေတော့...။ စိတ်အနက်တွေ ထွေပြားလို့ ကယောက်ကယက်မက်ခဲ့ရတဲ့ ဆောင်းအိပ်မက်တစ်ပိုင်းတစ်စ လေးသာ ဖြစ်ပါစေတော့လေ..။

နှင်းကျချိန်

မြို့ကလေးရဲ့ သမရိုးကျရှုမျှော်ခင်းမှာ
အငွေ့အသက်တိုင်းဟာ ရိုးစင်းလှပနေမယ်
ဓာတ်ကြိုးပေါ်မှာ ငှက်ကလေးတွေနားနေကြမယ်
ကတ္တရာလမ်းမကြီးက ငြိမ်သက်စွာလဲလျောင်းနေမယ်
တစ်ချို့တစ်လေသော အိမ်ယာများက
သူ့ရဲ့ အနက်ရောင်ကျောပြင်ကြီးပေါ် ငိုက်မြည်းလို့ကျန်ရစ်ခဲ့မယ်
လူတွေက အရောင်အသွေးစုံ လှုပ်ရှားသွားလာကြမယ်
ကိုယ့်ကိုယ်ကို နာကျင်မှုမရှိရအောင်
အနွေးထည်ထူထူကြီးတွေကိုလည်း ၀တ်ထားကြဦးမယ်
နှင်းတွေကျလာပြီဆို..
တို့မြို့လေးကိုက မှုန်ဝါးသွားတတ်တာပါ
ဘယ်လောက်တောင် မှုန်ဝါးသွားလည်းဆိုရင်
လူနှစ်ယောက် မျက်နှာချင်းဆိုင်ရပ်နေတာတောင်
တစ်ယောက်ရဲ့ သွားလမ်းလာလမ်းကို
တစ်ယောက်က မမြင်မိတော့ဘူး
နှင်းခွဲမီးကြီးတွေနဲ့ လမ်းပြပေးမှသာ
တစ်ယောက်ရဲ့ ဦးတည်ရာကို
တစ်ယောက်က နားလည်ခွင့်ပြုပေးနိုင်တဲ့ အခြေ
နှင်းတွေ...နှင်းတွေ
အုံ့သည်းမှိုင်းဝေနေလိုက်တာ
အခုဆို..တစ်မြို့လုံးတောင် ဘာမှမမြင်ရတော့ဘူး။

ညိမ်းညို

2 comments:

Layma said...

ခုလို စကားပြေနဲ့ ဖတ်လိုက်ရတော့ အရင်တစ်ခါ ကဗျာချည်းသက်သက်ဖတ်ရတုန်းကထက်ပိုကောင်း
တယ်....။
အဖွဲ့ အနွဲ့တွေက ဆရာတက္ကသိုလ်ဘုန်းနိုင်လိုပဲ .... အတော်နူးညံ့တယ်...။

Kaung Kin Ko said...

ကဗျာကြိုက်တယ်။ နောက်ဆုံးနှစ်ပိုဒ်ကို အကျယ်ဖွင့်ထားတာကို အရမ်းကြိုက်တယ်။