4 December 2007

ပန်းပျိုးလက်

ဖုန်းဆိုးမြေ ကျတ်တီးကုန်း
ပြုံးပြုံးကလေး သူပျော်
အံချော်နေတဲ့ စိတ်ကူးတစ်ချို့ တစ်ဝက်
သူ့ လက်နဲ့ အသက်ဆက်
အိပ်မက်တွေကို ဖူးပွင့်စေခဲ့တယ်။

စည်းစိမ်ကြီးကြီး
ဥစ္စာဓနတွေ ဟည်းထနေအောင်လည်း
သူမပိုင်ဆိုင်
မြေဖြူတစ်ချောင်းနဲ့ ဘ၀ပေါင်းများစွာကို
လမ်းကြောင်းမှန်အောင် တည့်မတ်
နေ့ ညမလပ် အလင်းဆောင်
သူ.. အမှောင်ခွင်း စစ်သူကြီးပေါ့ ။

စီးပွားမရှာ
ကြီးပွားတာ၊ မကြီးပွားတာ
သူအမှုမထား
အပြုသမားအိပ်မက် ပန်းပျိုးလက်
ဝင်းလျက်ပြိုးပြ လှပနေမှာ သေချာတယ်။

ညိမ်းညို

4 comments:

Layma said...

အဲဒါကျောင်းဆရာရဲ့လက်...။

Chaos said...

ကဗျာနာမည်လေးက
ကဗျာဆန်လိုက်တာ
ကဗျာလေးလဲကောင်းတယ်
အစ်ကို ဘယ်လိုညှစ်ထုတ်တာလဲ
ပြောပြ

ရွက်ဝါ said...

ရာထူးတွေ လစာတွေ မကြီးချင်နေ၊ တပည့်တွေ အဲလို ဂုဏ်ပြု တာကို ခံယူရတဲ့ ဆရာ ဖြစ်ချင်တယ်။

gentain said...

အမှန်တော့ ပန်းပျိုးလက်တွေ အများကြီးရှိသင့်တယ်နော်။