25 November 2007

တွေးချင်တာတွေးပြီးရေးချင်တာရေးနေတဲ့ ချောက်တီးချောက်ချက်ကဗျာဆရာ(၂)

တီးလိုက်စမ်းကွာ အားရပါးရ
သွက်သွက်ခါသွားအောင်ကို တီးပစ်လိုက်
ဒါမှ အားမရသေးရင်
လက်နှစ်ဖက်လုံးပြတ်ထွက်သွားအောင် တီးပစ်လိုက်
ငါကလည်း ဟောဒီ အလေနတ်တော ဦးခေါင်းကြီးထဲကနေ
ဆီသုတ်ထားသလို ပြောင်လက်နေတဲ့ စာသားတွေကို
ရွေးရွေးပြီး ဖွဲ့ဆိုလိုက်ဦးမယ်
စပါးတစ်နှံလောက်မြင်ဖူးရုံနဲ့
တောင်သူတွေရဲ့ ဘ၀ကို မိုးလောက်ကြီး ရေးပစ်လိုက်မယ်
မူလီလေးစုပ်တတ်ရုံလောက်နဲ့
စက်မှုလောကကြီးတစ်ခုလုံးကို ဗြောင်းဆန်အောင် ရေးပစ်လိုက်မယ်
"ဋ" အလှည့်မှန်ရုံလောက်နဲ့
စနစ်ကြီး တစ်ခုလုံးကို မွှေ့ရမ်းသွားအောင် ရေးပစ်လိုက်မယ်
ဘယ်လို..သိရမယ်!
အဟားဟား..သိဖို့မလိုဘူးလေ
စကားလုံးလေးတွေ သစ်လွင်လှပနေဖို့
အရောင်ထွက်နေဖို့ပဲ လိုတာမဟုတ်လား
ဒီလိုဆို လက်ခုပ်သံတွေ တပြန်တလှည့်ခြွေချလို့
ပျော်ပျော်ကြီး ကူးခပ်ရမယ် မဟုတ်လား
မိုးမရွာတော့ မိုးကိုတ,တယ်
တာကျိုးသလို ရွာချလိုက်တော့ ၀မ်းသာလွန်းလို့ မျက်ရည်များတောင်လည်
မိုးတိတ်သွားရင်တောင်
နောက်တစ်ကြိမ်ပြန်ရွာပေးဖို့ မျှော်လင့်တောင့်တကြပေဦးမယ်
မိုးရေခံထားဖို့ကိုတော့ မေ့လျော့ခဲ့ကြတယ်ထင်ပ
လူကြီးမင်းတို့ရယ်
အပူပိုင်း ခြောက်သွေ့တောမှာ မိုးတစ်ကြိမ်ရွာဖို့
ဘယ်လောက်ခက်ခဲတယ်ဆိုတာ သိပါလေစဗျာ
ရှေးခေတ်မျက်မမြင်ပုဏ္ဏား ၆ယောက်က
ဆင်ကို တစ်ကြိမ်စီပဲ စမ်းကြတယ်
ခေတ်သစ်ပုဏ္ဏားတော်များကတော့
သုံးလေးကိုယ်ခွဲလို့ ဆင်ကို အကြိမ်ကြိမ်အလီလီ စမ်းလား၊ စမ်းကြရဲ့
လက်ခမောင်းခတ်သံ တဖြောင်းဖြောင်း ကြားနိုင်လား၊ ကြားနိုင်ရဲ့
အချိန်မရွေး မဲ့စေပြုံးစေစွမ်းဆောင်နိုင်တဲ့ နှစ်ကိုယ်ခွဲမျက်နှာများနဲ့
မီးလည်းမြိုက်နိုင်ပါပေရဲ့ ရေလည်းတိုက်နိုင်ပါပေရဲ့
စည်းရဲ့ဟိုဘက်ဒီဘက် ပြောင်းလွယ်ပြင်လွယ်လည်း ရှိကြပါပေရဲ့
ဒီလိုနဲ့ တစ်နေ့ထက်တစ်နေ့ အပြောတွေပိုကောင်းလာ
တစ်နေ့ထက်တစ်နေ့ အမူအယာတွေပိုကောင်းလာ
လေတွေပန်းရင်း တောင်တက်နှေးခဲ့ကြတယ်
လက်ဖက်ပင်ဆိုတာကို ရှာရင်းဖွေရင်း စမ်းသပ်ရင်းလေ။

ညိမ်းညို

2 comments:

Kaung Kin Ko said...

လက်ဖက်ကောင်းမစားတော့ဘူးဗျာ။ တောင်မြန်မြန်တက်တော့မယ်။

Layma said...

အင်း....ချောက်တီးချောက်ချက်မို့ပဲ တော်တော့တယ်...။ မချောက်တီးမချောက်ချက်ဆိုရင်တော့ .... အင်း....။ တောက်တီးတောက်တဲ့ တွေ ရော ရေးပါဦးလား..။