27 November 2007

တတိယမြောက် ပလက်ဖောင်းလေး

တစ်ခါတစ်ခါကျတော့ ကံကြမ္မာက အပေါင်းအဖော်တွေနဲ့ လာတတ်တယ်ဗျာ
အရာရာအဆင်မပြေဖြစ်နေတဲ့ ဒီကာလမှာ
တတိယမြောက်ပလက်ဖောင်းလေးကလည်း ကျွန်တော့်ကို စိမ်းတယ်

ကျွန်တော့်မှာ ပလက်ဖောင်းသုံးခု ရှိတယ်
ကျွန်တော့်အမေရယ် ကျွန်တော့်ဆရာတွေရယ်
နောက် ကျွန်တော် သိပ်ကို ချစ်မြတ်နိုးရလွန်းတဲ့
ကျွန်တော့်ရဲ့ တတိယမြောက် ပလက်ဖောင်းလေးပေါ့ဗျာ

အမေရယ် ဆရာတွေရယ်က ဟိုး အဝေးကြီးမှာလေ
ကျွန်တော့်ကို ငယ်ငယ်လေးထဲက နင်းလျှောက်ခွင့်ပေးခဲ့ကြတာပေါ့

(တတိယမြောက်ပလက်ဖောင်းလေးရယ်
နင့်အပေါ်မှာ နင်းလျှောက်ချင်လို့ မဟုတ်ခဲ့ပါဘူး
အမေရယ် ဆရာတို့ရယ်
ပြီးတော့ နင့်ကိုပါ ထပ်တူမြတ်နိုးကြင်နာတယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့
တတိယမြောက် ပလက်ဖောင်းလေးလို့
ငါ့ရင်ထဲမှာ အမှတ်သညာပြုခဲ့မိတာပါ)

တတိယမြောက်ပလက်ဖောင်းလေးကလည်း
ကျွန်တော်နဲ့ အဝေးကြီးမှာလေ
ဒါပေမဲ့ ကျွန်တော်တို့ နှလုံးသားချင်းနီးခဲ့ကြပါတယ်

ကျွန်တော်ရဲ့ အူတူတူနိုင်လှတဲ့ ချစ်ခင်ယုယမှုတွေက
သူ့ကို စိတ်ညစ်စေခဲ့ပြီထင်ပါရဲ့ဗျာ
အဲဒီပလက်ဖောင်းလေးနားမှာ ကျွန်တော်ရှိနေချင်ခဲ့တယ်
ဒါပေမဲ့ အရေးအရာပေါ်တိုင်း ဆုတ်ခွာပေးရပါတယ်
ကျွန်တော်က ကဗျာလေးတွေကိုသာ မတောက်တခေါက်ရေးနေမိတာ
စကားလုံးတွေရဲ့အဓိပ္ပါယ်ကို ဆိုသလောက်နားမပေါက်ခဲ့ပါဘူး
ကျွန်တော့်ရဲ့ တတိယမြောက်ပလက်ဖောင်းလေး
ဘာကိုကြိုက်တယ် ဘာကိုမကြိုက်ဘူးဆိုတာ
သိချင်လိုက်တာဗျာ
ဒါဆို ပလက်ဖောင်းလေးရဲ့ ပစ်ပယ်ခံထားရတာမျိုးကို
မကြာခဏခံနေရမှာ မဟုတ်တော့ဘူးလေ

မနေ့ညက ကြေကြေကွဲကွဲမဟုတ်ပေမဲ့
ညှိုးညှိုးငယ်ငယ်နဲ့ ကျွန်တော်အိပ်ယာဝင်ခဲ့ရပါတယ်
ဒီနေ့မနက် မျက်ရည်တွေနဲ့မဟုတ်ပေမဲ့
ပြောမပြတတ်တဲ့ဝေဒနာတစ်မျိုးနဲ့ ကျွန်တော်အိပ်ယာကနိုးခဲ့ပါတယ်

တစ်နေ့တာအတွင်းမှာ
ပလက်ဖောင်းလေးဆီက ခဏတာခိုလှုံခွင့်လေးကိုမှ မရခဲ့ရင်
ဘာကိုမှလုပ်လို့မရတော့တဲ့ကျွန်တော်ဟာ
ကိုယ့်ရဲ့လူ့အဖြစ်ကို ကိုယ်တိုင်ပဲမြုပ်နှံနေမိတာလား
မသိတော့ပါဘူးဗျာ

မကြာခဏဖျားနာနေတတ်တဲ့ ကဗျာဆရာတစ်ယောက်ဟာ
သူ့ရဲ့ အရောင်ခပ်မွဲမွဲဝါကျတွေမှအပ
ချစ်သူကို တခြားဘယ်လိုလက်တံမျိုးတွေနဲ့ ဆွဲခေါ်ထားသင့်သလဲဆိုတာ
ကံကြမ္မာက နောက်တစ်ကြိမ် အုံနဲ့ကျင်းနဲ့မလာသေးခင်
ကျွန်တော်သိချင်လိုက်တာဗျာ

ညိမ်းညို

4 comments:

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကဗျာလေး ကထိတယ်ဗျာ ။ ကျနော့်မှာလည်း မျှော်လင့်နေရတဲ့ အဝေးက ပလက်ဖောင်းလေးရှိတယ် ။ ထုံးစံအတိုင်း ကျနော်က သူမ ဦးတည်ပြရာ လမ်းညွှန်ရာကို ကို မြတ်နိုးစွာ မော့မော့ကြည့်ပြီး လျောက်တယ် ။ ခုတစ်လော ကံကမကောင်းဘူဗျ။ နှင်းလို မြူလိုအရာတွေက ကျနော်တို့ကို ဝေးနေစေတယ် ။ ကျနော့်အတွက်တော့ လမ်းပျောက်နေတာပေါ့ဗျာ ။ သူမဘာကို ကြိုက်တယ် ၊ သူမအိမ်မက်က ဘာဆိုတာ မဖတ်တတ်ခဲ့တော့ ခက်နေတယ်ဗျ ။ လမ်းမှားမှာ ဆိုတာထက် ပလက်ဖောင်းလေးနဲ့ ဝေးမနေရဲတာက ကျနော့် အတ္တတွေ ဖြစ်နေမလားပဲ ။

Chaos said...

အော် ပလက်ဖောင်းလေး
ကိုယ်စီနဲ့
အတွေးလေးတွေ လှနေကြပါလား

ဆောင်းယွန်းလ said...

မနေ့ညက ကြေကြေကွဲကွဲမဟုတ်ပေမဲ့
ညှိုးညှိုးငယ်ငယ်နဲ့ ကျွန်တော်အိပ်ယာဝင်ခဲ့ရပါတယ်
ဒီနေ့မနက် မျက်ရည်တွေနဲ့မဟုတ်ပေမဲ့
ပြောမပြတတ်တဲ့ဝေဒနာတစ်မျိုးနဲ့ ကျွန်တော်အိပ်ယာကနိုးခဲ့ပါတယ်
အဖွဲ့အနွဲ့ကလေးကိုကြိုက်တယ်ဗျာ…..

Layma said...

အမယ်လေး..ပလက်ဖောင်းတဲ့ ...ရက်စက်ပါ့ ...။ သက်ဆိုင်သူလေးရေ .... မခံနဲ့ ...လုံးဝ သည်းမခံနဲ့  ...။