14 August 2007

အမေ့ ..အနား

မီးတို့အားလုံးငြိမ်းပြီ
လောကတစ်ခုလုံး တိတ်ဆိတ်လို့
ငါ့မှာသာ ရှိုက်သံခပ်မျှင်းမျှင်းနဲ့
ပင့်သက်ကို အကြိမ်ကြိမ်ရှူသွင်းနေရတယ်

လွမ်းတယ်အမေရယ်..
ဟောဒီ..တောင်စဉ်အထပ်ထပ်
ကမ်းပါးယံအထပ်ထပ်ကို
ကျော်ဖြတ်ပြီးလာခဲ့ချင်ပါတယ်
" အမေ့အနား " ဆိုတဲ့ အရသာအခွင့်ထူးနဲ့
ပျော်မြူးချင်လိုက်တာအမေရယ်..

" ဦးဆွေးဆံမြည့် " တဲ့
ကျွန်တော့်တစ်ကိုယ်လုံး မြည့်မြည့်ဆွေးနေပါပြီ အမေ
ကျွန်တော့်ရင်ဘတ်ကို ဆွဲဖွင့်ကြည့်ပါ
အမေ့အနားနေချင်တဲ့ စိတ်တွေ
အမေ့ကိုလွမ်းတဲ့ စိတ်တွေ
လတ်လတ်ဆတ်ဆတ် ဖြစ်ထွန်းနေကြပါလိမ့်မယ်
တောင်တွေကိုကျော် တောတွေကိုကျော်
သံယောဇဉ်တွေကို ကျော်ဖြတ်ရင်းနဲ့
သာ၍..သာ၍ ဝေးရာဆီကိုပါအမေ

အမေနေကောင်းလား
အမေလမ်းလျှောက်နိုင်ရဲ့ လား
အမေ့အမြင်အာရုံတွေ ကြည်လင်သေးရဲ့ လား
အမေစိတ်ချမ်းသာ ကိုယ်ကျန်းမာရှိရဲ့ လား
ကျွန်တော် မသိနိုင်မမြင်နိုင် မကြားနိုင်တော့ ပြီ
အမေနဲ့ကျွန်တော့်အကြား
ဘာတွေ ကန့်လန့်ကာခြားထားပြီလည်းအမေရယ်..

" တာဝန်ဝတ္တရား " တဲ့
နုနုနယ်နယ် ကျွန်တော်တို့နှလုံးသားကို တစ်စစီဖဲ့ခြွေ
သေလုအောင် နှိပ်စက်နေကြပြီ
သတိရလိုက်တာ အမေရယ်..
အမေ့ရင်ခွင်ကို ခေါင်းခွေ့ လို့
နှောင်းတမြေ့မြေ့ မမေ့ရက်နိုင်စရာ
အမေ့ရဲ့ ဆောင်းပုံပြင်တွေ
ကျွန်တော့်ကိုယ်ကျင့်တရားကို သွန်သင်
ကျွန်တော့်အိပ်မက်ကို လမ်းညွှန်ပြလို့
ကျွန်တော့်အသိဥာဏ်တွေကို
ကြည်လင်အေးမြစေခဲ့ပါတယ် အမေ..

အမေရယ်..
ချောင်းနားကမ်းနား
ငါးရှာဖားရှာ ဗျိုင်းတစ်ကောင်
အစာနဲ့အတူ အကုသိုလ်တွေ မျိုချနေရရှာတယ်
လည်တံတိုတိုနဲ့ အမေ့သားဗျိုင်းတစ်ကောင်
ဘယ်အချိန်မှာ အတောင်ညောင်းမှာလည်း
အမေ့ရဲ့ မေတ္တာကမ်းစပ်မှာ
တဖျတ်ဖျတ် လွန့်လူးရင်း
မြူးတူးပျော်ပါးချင်လှပါပြီ အမေ..

ရင်ထဲမီးတောင်
ဗလောင်ဆူဝေ ပေါက်ကွဲထွက်တော့မယ်
အကြိမ်ကြိမ်အခါအခါ ပျို့ တက်လာခဲ့ အလွမ်းတွေ
ဘယ်လိုလျှောက်လဲချက်မျိုးနဲ့ ပွင့်အံချရမလဲ
နောက်ဆုံး ..
တောတွေတောင်တွေ တစ်ကြောလုံးမြည်ဟည်း
မိုးခြိမ်းသံတမျှ ထစ်ချုန်းအော်မြည်ခဲ့တယ်

" ငါ့ကို အတောင်ပံ တပ်ပေးကြပါ
ငါ့ကို အတောင်ပံ တပ်ပေးကြပါ
ငါ..အတောင်တို့ တဖျတ်ဖျတ်ရိုက်ခတ်
လွင့် ၀ဲ ပျံ တက် သွား လိုက် ချင် ရဲ့
အမေ့အနား..ကို "

ညိမ်းညို

4 comments:

ကလိုစေးထူး said...

ကိုညိမ်းညို ရေးတဲ့ ကဗျာတွေထဲမှာ အမေအတွက် ဖြစ်လို့လားတော့ မသိဘူးဗျာ။ ဒီကဗျာလေးကို အကြိုက်ဆုံးပဲ။ :)

Anonymous said...

ဒါလေး သိပ်ကြိုက်တယ် ညိမ်းညို ။ တကယ်တော့ ညိမ်းညိုရဲ့ ကဗျာအတော်များ၂ကို အတော်လေး ကြိုက်တယ် ။ ခုမှ အားလုံး ပြန်ဖတ်နေတာ ။

Moe Hlaing Nya said...

အမေကိုမြင်ယောင်ရေးစပ်ရင် ကဗျာတွေကပိုအသက်ဝင်တယ်ဗျာ ကောင်းတယ် ကိုညိမ်းညို တစ်လက်စတည်း ကျွန်တော်အမေ ဘလော့မှာဖော်ပြချင်လို့ ခွင့်ပြုပါခင်ဗျာ

ညိမ်းညို said...

ကိုမိုးလှိုင်ညရေ ရပါတယ်ခင်ဗျာ။ ၀မ်းတောင်သာမိပါတယ်။ ပျော်ရွှင်ပါစေ ကဗျာဆရာရေ..