11 June 2010
အရိုင်းတေး ထွက်ပါပြီ
Posted by ညိမ်းညို at 16:58 28 comments
Labels: အမှတ်တရ
4 February 2010
သိင်္ဂါရလမင်း
သိင်္ဂါရလမင်းကို တညလုံး မျှော်ခဲ့မိတယ်။
နောက်ကျတဲ့အထိလည်း ခံယူခွင့် မရခဲ့ပါဘူး။
လရောင်နဲ့ဝေးကွာတဲ့ အမှောင်တနေရာမှာ အဆိပ်သင့်မိုင်တိုင် ၂၅ကို စိုက်ခဲ့ပါရဲ့ ...။

သိင်္ဂါရလမင်း (download)
Posted by ညိမ်းညို at 12:19 13 comments
Labels: အမှတ်တရ
8 January 2010
ဂျုံရိုးဦးထုပ်လေးတွေ
တောကျွဲကြီးရထားပေါ်မှာ
အရွယ်စုံဆိုဒ်စုံ ဂျုံရိုးဦးထုပ်လေးတွေကိုငေးရင်း
ကိုယ့်ကိုယ်ကို အားယူပြုံးမိ
ဘယ်လိုမှ အသုံးမကျဘူးထင်ရ
နေပူပူ လေပူပူ
ကျွတ်ဆတ်တောင့်တင်း ဂျုံရိုးလေးတွေတောင်
အေးသောအရိပ်ကိုပေးစွမ်းနိုင်တယ်ဆိုတာ..။
ညိမ်းညို
Idea
အောက်တိုဘာ၊ ၂၀၀၉။
Posted by ညိမ်းညို at 01:00 2 comments
Labels: အမှတ်တရ
7 January 2010
သုံး နဲ့ တစ်
သုံး နဲ့ တစ်
ဗသားချော
(၁)
သုံး အချိုး တစ် သို့မဟုတ် သုံးပုံတစ်ပုံ
နောက်ပြီးတော့
သုံး နဲ့ တစ် ဒါမှမဟုတ် သုံး အပေါင်း တစ်
ခေတ် နဲ့ စနစ် အရ
ဒီလိုပဲ ဇယားချလိုက်မယ်ကွာ ။
(၂)
မောင်လွမ်းရေ
ဒဏ်ရာတစ်ချို့ကိုသာ ထုတ်ထုတ်ပြတတ်တဲ့
ကဗျာတွေအပေါ် လူမသိ သူမသိ ၀ါးမျိုချင်တတ်တဲ့
အရေးအကြောင်းဆို လူနဲ့ မလိုက်အောင် ပေါ့ပါးချက်ချာတဲ့
ရင်ဘတ်အနီးဆုံး ကဗျာဆရာရေ ။
မောင်လွမ်း
မင်းဟက်ဟက်ပက်ပက် မရယ်နိုင်သေးတဲ့ တစ်ချို့ရော
မက်မက်စက်စက် ပျော်ဝင်ခဲ့တဲ့ တစ်ချို့တွေရော
ကျန်ခဲ့ပြန်ပြီ .....
ငတို့လျောက်မယ့်လမ်းက ငတို့လျောက်ခဲ့တဲ့လမ်းထက်
အဆပေါင်းများစွာ ရှည်လျားဝေးကွာနေပေါ့ ။
ဒီလိုပါပဲ မောင်လွမ်းရယ်
ကျောထောက်နောက်ခံ မကောင်းသေးတဲ့
ငတို့လမ်းတွေမှာ
မိုးတွေက ခုထိရွာတုန်း
ငါပြောရဲပါတယ်
ဟောဒီဆယ်စုနှစ်ထဲမှာ
လူပစ်အများဆုံး ဖဲက ငတို့ပဲ
မင့် အရက်မူးတဲ့အခါ ဆေးလိပ်မီးညှိသလိုပေါ့
မြင်ရက်နဲ့ လွဲ လွဲနိုင်လွန်းတယ်ကွာ ။
(၃)
သုံးရာသီမှာ မသိခဲ့ပေမယ့်
လေးရာသီမှာ ရှိခဲ့ပြီ
ငတို့ ရပ်ခဲ့တာ ဘာကြောင့်လဲ
ငတို့ ဆက်မယ့်ဟာ ဘာအတွက်လဲ
ငတို့ အရည်ရွှမ်းတဲ့ အသီးတွေ သီးကြမယ်ကွာ
ဒီမြေမှာ ဒီလေကိုရှုရှိုက်
ငတို့ စိုက်ဖို့ မြေယာကြမ်းခင်းတွေက
ထုထည် အုံကျင်း အသင်းအပင်းနဲ့ပေါ့ ။
ရဲလိုက်စမ်းပါ မောင်လွမ်းရေ
ဟောဒီမြေက ငတို့ကိုထမ်းမထားရဘူးဆိုတာ
ငတို့ အသက်မအောင့်ပဲ သက်သေပြကြတာပေါ့ ။
(၄)
ဘိုညိမ်းရေ
ကဗျာလောဘ သားကောင်ကြီးရေ ..
ငတို့ခေတ်ရဲ့ မောင်ချောနွယ်ကြီးရေ
အနုပညာလယ်ဧကပေါင်းများစွာကို အားပါးတရ သိမ်းပိုက်ချင်နေတဲ့
ထွန်တုံးပေါ်က ကဗျာဆရာရေ ။
ဘိုညိမ်း
ခေတ္တရာဖွားမှ မဟုတ်ပါဘူး
ကဗျာသားဝတဲ့အခါ
ကဗျာမင်းသားက မင်းပဲဆိုတာ
မမူးလည်း ငတို့လက်ခံနေကျပေါ့
(မင်းသမီးက သူမဟုတ်မှန်း မင်းတို့ ငတို့သိပါရဲ့ကွာ)
(၅)
မင့် ကျောပိုးအိတ်ကြီး ချိတ်ပေါ်ရောက်လို့
မင့်ပခုံးပေါ် ဘေးလွယ်အိတ်ရောက်လာတာလည်း ခေတ်ပဲ
ကော့ညက်ကုန်လို့ ဗော့ဒကာပြောင်းရတာလည်း ခေတ်ပဲ
(အချိန်လည်းပါသပေါ့ကွာ)
ဘာပဲ ဖြစ်ဖြစ်
ငတို့ လွှင့်ပစ်ရမှာလည်း ခေတ်ပဲ
ငတို့ သောက်ပစ်ရမှာလည်း ခေတ်ပဲ
ငတို့ မြည်းပစ်ရမှာပဲလည်း ခေတ်ပဲလေ ။
ဆယ့်တစ်ယောက်ချင်းကန်ကြတဲ့ပွဲမှာ
ငတို့က ဘောလုံးတစ်လုံးဖြစ်ချင်လည်း ဖြစ်မယ်ကွာ
မိနစ်ကိုးဆယ်ကလည်း
နောက်ထပ်ကိုးဆယ် တစ်ခုဖြစ်ချင်ဖြစ်မပေါ့
ဘာပဲဖြစ်ဖြစ်ပါ
ငတို့ချစ်ခဲ့ကြတယ်ဆိုတာ
ဟောဒီခေတ်က အသိဆုံးပါ ဘိုညိမ်းရေ ... ။
ကလိုက်စမ်းပါ ဘိုညိမ်းရာ
သူတို့ခြယ်ပေးထားတဲ့ အရောင်ကြမ်းတွေအောက်က လူတစ်ယောက်
ဘယ်လောက်ထိ နှလုံးသားလားမြောက်တယ် ဆိုတာ
ငတို့ရဲ့ ထိချက်အကျမှာ တိုင်ပင်တွေပြကြတာပေါ့ကွာ ။
ဘယ်ဘက်မျက်လုံးကိုမှိတ်
ညာဘက်လက်နဲ့ဆွဲတင်
ပစ်မှတ်တွေ ညွှတ်ကျ
မင့် ချိန်သားလှပါစေ ဘိုညိမ်းရေ ။
( ၉ )
ဦးတင့် ...
နှစ်ချို့လေ အရသာတက်လေဆိုတဲ့
ဝိုင်လိုကဗျာတွေ စီမံတဲ့ လူကြီး
အရွယ်နဲ့ မလိုက်အောင် စကားလုံးတွေ သယ်နိုင်တဲ့ကောင်ကြီး
တနင်္ဂနွေနေ့တိုင်း သစ္စာတိုင်တေးချင်းတွေ ရွတ်တတ်တဲ့ လူကြီး
နက်ပြာရောင် ကုတ်အကျီ င်္ မကြာခဏ ၀တ်တတ်တဲ့ ကဗျာဆရာရေ ။
ငတို့ ဘယ်ပေါင်ကိုပဲမြှောက်မြှောက်
ဘယ်လက်ကိုပဲ မြှောက်မြှောက်
ဘယ်ဆို ညာ ညာဆို ဘယ် (အံကျ)
အရအမိ ဆုပ်ကြမယ်ကွာ
အလိပ် ၅၀ နော် ဦးတင့် ။
မင့်အတွက် တနင်္ဂနွေနေ့ဟာ သစ္စာ
Swatch နာရီတစ်လုံးဟာ မေတ္တာ
နှစ်တွေချို့လာတဲ့အခါ ကဗျာပေါ့
မဆိုင်တဲ့ အရောင်မှိုင်းမှိုင်းတွေများ
ယောင်လို့တောင်မစွက်မိစေနဲ့
ငါ့လိုလည်း ခွက်အများကြီး မသောက်နဲ့ ပေါ့ကွာ ။
တစ်ချို့တစ်လေက
မစို့မပို့နဲ့ မူးတတ်ကြတယ်ကွ
ကိုယ်ခံအားနည်းတဲ့အခါများ
မင်းတို့ ငတို့လည်း မူးကြတာပါပဲကွာ
ဘာပဲဖြစ်ဖြစ် ကိုယ့်လစ်မစ်နဲ့ ကိုယ်ပေါ့
မင်းလည်း ကဗျာပါးဝပြီးသားပါ ဦးတင့်ရာ ။
မြန်နှုန်းမြင့် ဆက်သွယ်မှုနဲ့
မင့်ရင်ထဲက သစ္စာပန်းတွေပွင့်ဝေတဲ့ည
ဝိုင်တွေနဲ့ တည်ခင်းပြီး
ပုံမှန်လေးပဲ သောက်ကြပါစို့ကွာ ။
(၁၀)
ငါက မင်းတို့ကို ချစ်တယ်
မင်းတို့က ငါ့ကိုချစ်တယ်
ငတို့ရဲ့ ယောကျာ်းချင်းချစ်တဲ့အချစ်မှာ Anti-Virus မလိုဘူး
ငတို့ ချစ်တဲ့ အချစ်မှာ
ငတို့က ချစ်တဲ့အချစ်မှာ
စစ်ဖြစ်ခဲ့ရင်တောင်
ကဗျာတွေနဲ့ ပစ်ကြပါစို့ကွာ ။
(အဲဒီစစ်မှာ မီးတောက်တွေမပါဘူးနော် )
မိုက်သားပြည့်နေတဲ့ ငါတစ်ယောက်
(အဲဒီ မိုက်သားထဲ မင်းတို့ အားတွေလည်းပါတယ် )
ဗော့ဒကာမသောက်တော့ ထူးဆန်းမနေဘူးလား
မင်းတို့အပေါ် ထူးဆန်းတဲ့အချစ်တွေနဲ့ ချစ်လို့ပေါ့ကွာ
မင်းတို့တင် မကတာတွေ အတွက်
ငါချစ်ရတဲ့ သူတွေအတွက်
(အချို့ အချို့ ၊ အချို့သော အချို့သောတွေ အတွက်)
ဒီတစ်ခွက်လောက် မငှဲ့လည်း အကျိုးမနည်းလောက်ပါဘူးနော်
အဆင်ပြေတယ်နော် ဦးတင့် ။
(၁၁)
မင်းတို့ ညှပ်ညှပ်ပစ်ပြီး
ရှည်ရှည်လာနေတဲ့ ဆံပင်တစ်ချို့ရှိတယ်
မညှပ်ပစ်နိုင်ခဲ့ဘူး
သက်တမ်းကုန်တစ်ချို့
အိပ်ရာကနိုးတိုင်း ခေါင်းအုံးပေါ် ကြွေကြွေကျနေတယ်
(တစ်ချို့တစ်လေများ အဲလိုကြွေသွားခဲ့ရင် ငါဝမ်းသာမိကောင်းပါရဲ့)
ဗောက်တွေ ဗလပွနဲ့ အဲဒီဆံပင်ရှည်တွေကို
ငါမြတ်နိုးနေတတ်တုန်းပဲ ဘိုညိမ်းရေ
(နွေရာသီများဆို သိပ်ပူတာပေါ့ကွာ) ။
မျှော်လင့်ချက် သေးသေးနဲ့
အဲဒီ ဆံပင်ရှည်တွေညှပ်တဲ့နေ့
ပေါ့ပေါ့ပါးပါးလေး တစ်ချက်လောက်ပြုံးရသေးတာပေါ့
ဤခရီးမနီးပါ
ကားလည်းမစီးချင်ပါ
ငတို့က ခရီးရှည်ချီတက် ထိုးဖောက်တိုက်ခိုက်နေတာကလား
မဟုတ်ဘူးလား မောင်လွမ်း ။
(၁၂)
မွေးနေ့လက်ဆောင်တဲ့
ငါက မေမေ့ကို ချစ်တယ် မောင်လွမ်းရေ
ပြီးတော့ ကဗျာတွေကို ချစ်တယ် ဘိုညိမ်းရ
နောက်တော့ မင်းတို့ကိုချစ်တယ် ဦးတင့်
မင်းတို့တင်မက သူတို့တွေကိုလည်းချစ်တယ်
ဘယ်လောက်ထိ ချစ်သလဲဆိုရင်
ငါရှိုက်မိတဲ့ အငွေ့တွေကို ပြန်မထုတ်ရဲလောက်အောင်ကို
တုန်တုန်ရီရီ နဲ့ နင့်နင့်စီးစီး ချစ်တာပါကွာ ။
ငတို့ မင်းတို့ ရှုတဲ့လေထဲ
အမိုက်အမဲလေးတွေ မလွှတ်ရဲလောက်အောင်ပဲ
ငါ့အချစ်တွေ ဖြန့်ကျဲပစ်လိုက်မယ်
မိုက်သားပြည့်နေတဲ့ကောင်က
မိုက်သီးတစ်လုံးချွေချပေးလိုက်တယ်
အားပါးတရ ရှိုက်လိုက်ကြစမ်းကွာ
ငါ့ကြောင့် မင်းတို့ အဆိပ်မသင့်စေရဘူးကွ
အဲဒါအရိုးဆုံး လက်ဆောင်တစ်ခုပါ ။
(၁၃)
ငါပြောခဲ့ဖူးပါတယ်
ရင်ဘတ်ခြင်းနှီးနွယ်ဖို့က အရင်းပါလို့
မင်းတို့ ငတို့ ချစ်ခြင်းထဲမှာ
နားလည်မှုသားတွေ ထူပြည့် မို့လျှံနေလေရဲ့ ။
(၁၄)
ခင်ဗျား တစ်ယောက်တည်းစွတ်တင်မနေနဲ့ဦး
ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်
ဟုတ်သလား မောင်လွမ်း
ထွေထွေထူးထူးတော့ မဟုတ်ပါဘူး အာစရိရယ်
ဒီလိုဆို အဆင်ပြေတယ် မဟုတ်လား အာစရိ
မှန်တယ်နော် ဦးတင့်
ဆြာညိန်း အဆင်ပြေရင်ပြီးတာပါပဲဗျို့
အဆင်ပြေပျော်ရွှင်ပါစေဗျာ
အံမှကျပါစ ဘိုညိမ်းရေ ။
(၁၅)
မလိုသည်များကို ဖျက်ပစ်ပါ
မလိုသေးသည်များကို တေးထားပါ
ငတို့ ရင်ဘတ်နဲ့ တစ်ရွက်ပြီးတစ်ရွက်လှန်မယ်
တစ်ထပ်ပြီး တစ်ထပ် စားမယ်
တစ်ချက်ပြီး တစ်ချက် လှော်မယ်
ပြီးတာ့ ရွရွလေး ရွတ်ကြမယ်
ငတို့တွေ မကြွေခင်အထိပေါ့
မနက်ဖြန် ဆိုတာ နေ့သစ်တစ်နေ့ပဲလေ ။
(၁၆)
၂၇ + ၄+ ၉+ ၁၆ = ၀ = ကဗျာ
ဗသားချော
Posted by ညိမ်းညို at 01:16 5 comments
Labels: အမှတ်တရ
1 January 2010
နှစ်သစ်ဆုမွန်
၂၀၀၈
ချန်ရစ်ကြစို့
အတ္တ၊ မာန ကင်းပကြဉ်ခွာ။
၂၀၀၉
ရှေ့တိုးလှမ်းစို့
ပရ၊ ဉာဏ လင်းမြညီစွာ။
အထိအခိုက် အရှအနာကင်းသော စစ်ပွဲရယ်လို့တော့ ဆုတောင်း၍ ရကောင်းမည် မထင်ပါ။ စစ်ပွဲတွေမဖြစ်ကြခြင်းကသာ အထိအခိုက် အရှအနာကင်းဖို့ အသင့်တော်ဆုံး နည်းလမ်းဖြစ်မယ် ထင်ပါတယ်။ တစ်ဦးဆိုင်နာမ် စစ်ပွဲကလေးတွေကနေ အများဆိုင်နာမ် စစ်ပွဲကြီးတွေအထိပေါ့။
စာသင်ကျောင်းတွေမရှိသေးတဲ့၊ စာပေနဲ့ ဘာသာစကား မတွေ့ရှိသေးတဲ့၊ အသိအမြင် ဘာသာတရားမထွန်းကားသေးတဲ့ ဟိုးကျောက်ခေတ်တွေတုန်းကတော့ လူတွေဟာ ကိုယ့်ကိုနာကျင်အောင်၊ ထိခိုက်အောင် လုပ်လာတယ်လို့ ယူဆရင် ကျောက်ချွန်ကျောက်သွားတွေ ကျောက်လက်နက်တွေကို အရင်သတိရတတ်တာ သဘာဝကျမှာပါ။
အာကာသယာဉ်တွေစီးပြီး ကျောက်ခေတ်ကို ဘက်ဂီယာပြန်မထိုးမိဖို့ ကျနော်တို့ ကျနော်တို့ချင်းပဲ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း စကားတွေပြောကြရအောင်။ ဘာမဟုတ်တဲ့ လက်နက်တွေကို ကိုယ်စားမပြောခိုင်းကြေး။ ကျနော်တို့ ကျနော်တို့ချင်းပဲ ကဗျာတွေ စာတွေရေးပြီး နွေးထွေးကြရအောင်။ ဘာမဟုတ်တဲ့ လက်နက်တွေကို ကိုယ်စားမပြောခိုင်းကြေး။ ကျနော်တို့ ကျနော်တို့ချင်းပဲ ထမင်းအတူစားရင်း၊ သစ်ပင်အတူစိုက်ရင်း၊ ဘောလုံးအတူကန်ရင်း သူ့ဝမ်းကိုယ့်ဝမ်း မြိန်စေကြရအောင်၊ သူ့ခြံကိုယ့်ခြံ စိမ်းလန်းစေကြရအောင်၊ သူ့ခွန်အား ကိုယ့်ခွန်အား ဖွံ့ဖြိုးစေကြရအောင်။ ဘာမဟုတ်တဲ့ လက်နက်တွေကို လူစွာ ၀င်မလုပ်ခိုင်းကြေး။ တွေးခေါ်ပြီး ဆင်ခြင်ပြီး ကြံဆပြီး အလုပ်တွေလုပ်ဖို့ ဦးနှောက်ကို ညှစ်ကြရအောင်။ စာနာပြီး အပြန်အလှန်ဝေမျှပြီး ယုံကြည်နားလည်ပြီး အလုပ်တွေလုပ်ဖို့ နှလုံးသားကို ညှစ်ကြရအောင်။ မောင်းခလုတ် ညှစ်ရတာထက် လေးနက်တဲ့ ပျော်ရွှင်မှုကို အတူတူ ရှာကြရအောင်။ လက်နက်တွေနဲ့ အကြောက်တရားရဲ့ လွှမ်းမိုးမှုအောက်မှာ လူအဖြစ်ရဲ့ ဂုဏ်သိက္ခာနဲ့ အသိဉာဏ်တို့ မသိမ်ငယ်ပါရစေနဲ့လား။
"ကွာလှမ်းသော်ငြား
သင့်အိမ်အားလောင်မြိုက်သောမီးသည်
ငါ့ရင်ကို လာဟပ်သဖြင့်
တရပ်တရွာတည်းဖြစ်ကြောင်း
ငါယုံပြီ".....မင်းမြင့်ဇင်
ရွက်နုတို့ ဝေပါစေ
မျိုးဆက်သစ်တို့ ဝေပါစေ၊
မိုးတွေ စွေပါစေ
ဂရုဏာတရားတွေ စွေပါစေ၊
နှင်းတွေ ဖွေးပါစေ
ချစ်ခြင်းမေတ္တာတွေ ဖွေးပါစေ၊
နေမင်းကြီး ထွန်းလင်းပါစေ
ဉာဏ်ပညာအပေါင်း ထွန်းလင်းပါစေ၊
လမင်းကြီး သာပါစေ
စာနာမှုတရားတို့ သာပါစေ၊
ဆွေးနွေးရင်းငြင်းခုံ၊ ငြင်းခုန်ရင်းဆွေးနွေး
ညီအကိုတို့ ဖေးမနိုင်ပါစေ၊
ပေါင်းစီးရင်းကွဲလွဲ၊ ကွဲလွဲရင်းပေါင်းစည်း
ညီအကိုတို့ သွေးနီးနိုင်ပါစေ၊
တိုင်ပင်ရင်းအဖြေရှာ၊ အဖြေရှာရင်းတိုင်ပင်
ညီအကိုတို့ ချစ်ခင်နိုင်ပါစေ၊
သင်ယူရင်းတည်ထောင်၊ တည်ထောင်ရင်းသင်ယူ
ညီအကိုတို့ စိတ်တူကြည်ဖြူနိုင်ပါစေ၊
နားလည်ရင်းခွင့်လွှတ်၊ ခွင့်လွှတ်ရင်းနားလည်
ညီအကိုတို့ ပြုံးရယ်ပျော်ရွှင်နိုင်ပါစေ၊
မရဏံ ဓူဝံ
ဇိဝိတံ နဓူဝံ။
သေခြင်းတရားကား မြဲ၍
အသက်ရှင်ခြင်းကား မမြဲ၊
ရှင်တုန်းခဏ တွေ့ကြခိုက်မှာ
လက်တွေ ခိုင်ခိုင်မြဲနိုင်ပါစေ
လက်တွေ ခိုင်ခိုင်တွဲနိုင်ပါစေ
စိတ်ဝမ်းလက်ညီ ပြည်သစ်တည်နိုင်ပါစေ။
ညိမ်းညို
Posted by ညိမ်းညို at 00:27 9 comments
Labels: အမှတ်တရ
15 December 2009
ပထမကဗျာ
+++
ချယ်ရီမြေက ကြိုနေမယ်
မြင်ဖူးချင် မျှော်ရည်တမ်းတယ်ကွဲ့
လှမ်းလို့ ဖြင့် လာခဲ့စေချင်။
တွယ်တာမိလေသမျှ
ကွယ်ရာကပဲ လွမ်းရတယ်
ခိုင့်မေတ္တာ နွှယ်ကာလွှမ်းဝေတဲ့
သံယောဇဉ် ၀င်္ကပါလမ်းမှာဖြင့်
သစ္စာတွေ အဆင်ဆန်းပုံက
လန်းဆန်း၍ ကြည်ကြည်ရွှင်
စွဲစိတ်ခုံမင်။
ပျိုမေခင် ခိုင်ဆိုတဲ့ကလေးမငဲ့
ကြိုနေလျှင် ငြိုးမယ်ဖွဲ့ လေမလား
မတားသာ မေတ္တာတရားရယ်က
ချစ်အားသွယ် သစ္စာမြဲတာကြောင့်
အပြစ်ထားမယ် ခင်ခင်ကြိမ်းသော်လည်း
စိမ်းတယ်လို့ စိတ်ကမထင်
မြင်ချင်ပါရဲ့ နေ့စဉ်အမြဲ
မငြိုငြင်ပါနဲ့ ခင့်စိတ်ထဲ..။
နွေးထွေးအပြစ်မမြင် ဟိုဆီ.. အတိတ်ရယ်က
ဪ.. ဆွေးနွေးချစ်ခင် (ကိုယ်စီ..) နှောင်ဖွဲ့ ဖူးတာကြောင့်
ရည်စူး၍ ချစ်ရပါကြောင်း
အသွင်ထူးဝေ
ပြင်ဦးလွင်မြေထုကို သက်သေပြုပါရဲ့
ယုံကြည်ပါကွဲ့ မောင့်ချစ်သဲ
ခိုဝင်သိုဝှက် ချစ်စိတ်ဇွှဲ
ကြိုနေပါမကွဲ့ ထာဝစဉ်အမြဲ...။
ညိမ်းညို
Posted by ညိမ်းညို at 21:56 4 comments
Labels: အမှတ်တရ
3 September 2009
ကဗျာနဲ့တစ်သက်စာပြုစားခဲ့သူ အနုပညာစုန်းကြီး
ကမ္ဘာကျော်မြေပိုင်ရှင် . . . မရှိဘူး
ကမ္ဘာကျော်တိုင်းမင်းကြီး . . . မရှိဘူး
ကမ္ဘာကျော် စာရေးဆရာ ၊ ကဗျာဆရာရှိတယ်
အဖေရေ"
မောင်ချောနွယ်
မဟေသီမဂ္ဂဇင်း၊ ၁၉၉၅၊ ဖေဖော်ဝါရီမှ

လူကိုမမြင်ဖူးဘူး
အသံကို မကြားဖူးဘူး
ဒါပေမဲ့ ဦးကြီးဦးလေးတစ်ယောက်လို သဘောထားမိတယ်
ဆွေမျိုးရင်းချာတစ်ယောက်လို ချစ်မိတယ်
ဆရာချောကို ချစ်တဲ့အချစ်အတွက် ကျွန်တော့်မှာ အဖြေမရှိဘူး
ဆရာချောရဲ့ကဗျာတွေကို ချစ်တဲ့အချစ်အတွက် ကျွန်တော့်မှာ အဖြေမရှိဘူး
အပရည်ရွယ်ချက်များ ကင်းရှင်းစွာ ဆိုပါတယ်
ကျွန်တော့်ရဲ့ ကဗျာနတ်ဘုရား ဆရာချောကို လွမ်းလွမ်းဆွတ်ဆွတ် အောက်မေ့မိပါတယ်။
+++
ကိုယ့်မွေးနေ့မွေးရက်ကိုတောင်
မှတ်မှတ်ရရမရှိတတ်တဲ့ လူငယ်တစ်ယောက်ပါ
ဆရာချောရေ
ဒီကနေ့ ကျွန်တော့်စိတ်တွေ တစ်ဝက်လွှင့်ထူထားပါတယ်။
ညိမ်းညို
Posted by ညိမ်းညို at 00:02 6 comments
Labels: အမှတ်တရ
5 April 2009
ပေါင်းစည်းခြင်း
ကျနော်ဆိုနေတဲ့ သီချင်းတစ်ပိုဒ်၊ သူ ညည်းနေတဲ့ တေးတစ်စ
ပေါင်းလိုက်တော့ သံစုံတီးဝိုင်းကြီး ဖြစ်သွားတယ်။
ကျနော့်မှာရှိတဲ့ အခက်အခဲများ၊ သူ့မှာရှိတဲ့ အခက်အခဲများ
ပေါင်းလိုက်တော့ သစ္စာပန်းတွေ ဖြစ်သွားတယ်။
ကျနော့်မှာရှိတဲ့ အားနည်းချက်တချို့၊ သူ့မှာရှိတဲ့ အားနည်းချက်တစ်ချို့
ပေါင်းလိုက်တော့ ဖေးမစာနာမှု ဖြစ်သွားတယ်။
ကျနော့်မှာရှိတဲ့ အိပ်မက်တစ်ခု၊ သူ့မှာရှိတဲ့ အိပ်မက်တစ်ခု
ပေါင်းလိုက်တော့ နားလည်မှု ဖြစ်သွားတယ်။
ကျနော့်မှာရှိတဲ့ မိသားတစ်စု၊ သူ့မှာရှိတဲ့ မိသားတစ်စု
ပေါင်းလိုက်တော့ မေတ္တာဂေဟာကြီး ဖြစ်သွားတယ်။
ကျနော့်မှာရှိတဲ့ ညည်ဆိုးတချို့၊ သူ့မှာရှိတဲ့ သည်းခံစိတ်နားဆွဲလေး
ပေါင်းလိုက်တော့ ငဲ့ညှာမှုပန်းတစ်ခင်း ဖြစ်သွားတယ်။
ကျနော့်မှာရှိတဲ့ အကြည်ဓာတ်နည်းနည်း၊ သူ့မှာရှိတဲ့ ဖြူစင်မှုအများအပြား
ပေါင်းလိုက်တော့ စကြာဝဠာကြီးကို ချစ်တတ်လာတယ်။
ကျနော်က ကူးခပ်နေတဲ့ ချောင်းကလေး၊ သူက စီးဆင်းနေတဲ့ မြစ်တစ်သွယ်
ပေါင်းလိုက်တော့ တံတားကြီးတစ်စင်း ဖြစ်သွားတယ်။
ကျနော်က တောက်လောင်တဲ့ နွေဆိုး၊ သူက စိမ်းမြတဲ့ ပင်ပျို
ပေါင်းလိုက်တော့ ဘ၀တစ်ခု ဖြစ်သွားတယ်
အဲဒီဘ၀လေးထဲမှာ ကျနော်တို့ ပျော်ပါတယ်။
ညိမ်းညို
Posted by ညိမ်းညို at 03:25 15 comments
Labels: အမှတ်တရ
5 March 2009
စိတ်ကြိုးနှစ်စ
စိတ်ကြိုးနှစ်စ
ဒီလိုချည်နှောင်မိပြီ ဆိုတဲ့နောက်
ဝေးကွာခြင်း တစ္ဆေတစ်ကောင်ကို
ငါတို့သစ္စာတရားနဲ့ မန်းမှုတ်ခြွေသတ်ထားကြစို့ရဲ့
သံယောဇဉ်မြစ်ညှာက ညှို့တက်လာမဲ့ မိုးတွေ
ရေခြားမြေခြားနေသည့်တိုင်
ငါတို့ရဲ့ ခိုကိုးရာတိုင်းမှာ
လက်လက်စိုအောင် ရွာချလိမ့်မယ်
တစ်ယောက်ကိုတစ်ယောက်
ယုံကြည်ဖို့ မပြောဆိုကြတော့ဘူး
ယုံကြည်အောင်နေပြကြတဲ့ ချစ်သူနှစ်ဦးကြားမှာ
ဘယ်လို ရာသီဆိုးတွေကိုပဲ ဖြတ်သန်းနေရ,နေရ
အဖျားအနာ ကင်းရှင်းနေမှာပါကွယ်
ငါတို့ ခိုလှုံတဲ့ ချစ်ခြင်းရဲ့ရင်ငွေ့ဟာ
ဘာအရောင်မှ ခြယ်သ,မထားတဲ့
အဖြူရောင် ကင်းဘတ်စ တစ်ချပ်ပါ ချစ်သူရယ်..
"ချစ်တယ်" ဆိုတဲ့ အက္ခရာလေးနှစ်လုံးကို
( မြူနှင်းတို့ ဝေ့၀ဲလို့ ကျမလာမီ..)
ငါတို့ လေးလေးနက်နက် ရေးခြစ်ထားကြပါစို့
ညိမ်းညို
Posted by ညိမ်းညို at 09:40 20 comments
Labels: အမှတ်တရ
5 February 2009
လွမ်းတေး
ဥသြငှက်ကလေးက
သူ့ရင်တွင်းစကားကို အထပ်ထပ်တေးသီကျူးရင်း
နွေရာသီကို ဖြတ်သန်းနေတယ်။
ကိုယ်က
နှလုံးအိမ်ထဲမှာ သတိရခြင်းမီးအိမ်လေးထွန်းညှိပြီး
လွမ်းရာသီကို ဖြတ်သန်းနေတယ်။
ညိမ်းညို
Posted by ညိမ်းညို at 00:03 19 comments
Labels: အမှတ်တရ
12 January 2009
ကမ္ဘာတုထဲက ကြွက်ဂိုးဏ်းချုပ်
ကမ္ဘာအတုထဲမှာ
ကမ္ဘာအတုထဲက မိန်းကလေးဟာ
ကမ္ဘာအတုထဲမှာ နေထိုင်တယ်
ကမ္ဘာအတုထဲက မိန်းကလေးဟာ
အတွေးအခေါ်တွေ ကျမ်းမာသန်စွမ်းတယ်
အရေးအသားတွေ အချိုးအစားပြေပြစ်တယ် ။
ကမ္ဘာအတုထဲက မိန်းကလေးဟာ
ကမ္ဘာအတုထဲမှာ ကောင်းကင်ကြီးကို ၀ှက်ထားတယ်
ကမ္ဘာအတုထဲက မိန်းကလေးဟာ
ဗိသုကာအနံ့အသက်တွေနဲ့ ထုံမွမ်းနေတယ်
ကမ္ဘာအတုထဲက မိန်းကလေးဟာ
ခင်မင်ဖော်ရွေတဲ့ ချစ်ခြင်းမေတ္တာ စစ်စစ်တွေကို
တစ်စက်ခြင်းစီ ယိုစိမ့်စေတယ် ။
ကမ္ဘာအတုထဲမှာ
ပုံတို ပတ်စ သမိုင်းကြောင်းတွေ အစီအရီ ရှိတယ်
နှလုံးသားနဲ့ သီဆိုရတဲ့ သီချင်းတွေ ရှိတယ် ။
ကမ္ဘာအတုထဲမှာ
သနပ်ခါးပန်းတွေ ပွင့်တယ်
လူသားစက်ရုပ်ကလေးတွေ လမ်းလျှောက်သင်တယ်
ကြွက်ကလေးတွေ တွင်းပိတ်ခံရတယ် ။
ကမ္ဘာအတုထဲမှာ
အပြာရောင် ကျောပိုးအိပ်တစ်လုံး ရှိတယ်
ဘာဘီနာရီ (၁) လုံးရှိတယ်
ပြတင်းပေါက်နဲ့ ပန်းချီကားတွေ ရှိတယ်
အိပ်မက် ၊ လူသားဘ၀နဲ့ အရောင်တွေ ရှိတယ်
ကမ္ဘာအတုထဲမှာ
ကျောက်ဆောင် ပင်လယ်နဲ့ မိန်းကလေး တစ်ယောက်လဲ ရှိသေးတယ် ။
ကမ္ဘာအတုဟာ
ခင်မင်ရင်းနှီးမှုတွေ
ကုန်တင်ကုန်ချ များတဲ့ ဆိပ်ကမ်းတစ်ခုဖြစ်တယ် ။ ။ ဘိုတင့်
+++
အတုကမ္ဘာထဲက တီကြွက်
ခင်မင်ခဲ့တဲ့ အမှတ်တရတွေကို
ပြောဖို့လိုသလားး
အဖြူရောင်စာမျက်နှာပေါ်က သံယောဇဉ်တွေအတွက်
အားပေးခဲ့ဖူးတဲ့ မှတ်ချက်စကားလေးတွေအတွက်
မပြုံးပဲမနေနိုင်အောင် အပြန်အလှန် စနောက်ခဲ့ကြတဲ့ နေ့ရက်တွေအတွက်
တစ်လုံး နှစ်လုံး စာစီကုံးဖို့ မလိုဘူးဆိုတာ
ပြောဖို့လိုသလား
ဂေါ်မစွံ ဂီလာန အခွံကြောင်မျိုးလို့ နာမည်လှလှတွေပေးလို့
အားကျမခံ ဒေါ်အာပလာမေသန်းပု၊
အာလာဒင် စနှိုးဝှိုက် အကယ်ဒမီ ၅ ထပ်ကွမ်းပေးခဲ့တာတွေကို
မှတ်မိသေးလား
ကမ်းကပ်တော့မယ့်
ဘလော့လှေငယ်ကို လှမ်းဆွဲခဲ့တယ်
ကြွက်တွင်းပေါက်ကလေးကနေ
ရောက်အောင်တိုးထွက်ခဲ့တဲ့ ဂိုဏ်ချုပ်ကြီးပေါ့
ပြောရင် ယုံမှာလား
သံယောဇဉ်ကြိုးတွေကို ဒီလိုတစ်စချင်းဆီ
ဆွဲဖြည်လိုက်တော့ လက်တမ်းရေးချလိုက်တဲ့ စာကြောင်းတွေက
တီကြွက် အတွက် အမှတ်တရဖြစ်ရင် ကျေနပ်ပြီ
ကြည့်စမ်း ကြည့်စမ်း ဒီကြွက်စုတ် ကိုယ့်အဒေါ်ကို စကားပြောတာက လား... လား... လား... နဲ့ မသိတဲ့သူတွေက ထင်ကြအုံးမယ် အကြွေးတောင်နေတာလား ရန်ဖြစ်နေတာလားလို့း) ကျနော်က ဒီဘလော့ရပ်ဝန်းကို ခြေမချခင်တည်းက ကြွက်တွင်းပေါက်ထဲကနေ ဘလော့တွေလိုက်လည် မာနကတော့မသေးဘူးရယ် ကိုယ့်ကို စကားပြန်ပြောတဲ့ ဘလော့မှ နောက်နေ့သွားတယ် စကားပြန်မပြောတဲ့သူဆို ပျင်းလို့ ဘာမှမရေးခဲ့ပဲ တိတ်တိတ်လေးပဲ ခိုးဖတ်တော့တယ်။ ဒါပေမယ့် တီကြွက်တော့ ခြွင်းချက်ပေါ့ ဆီပုံးက ဂျစ်ကန်ကန် ရီပလိုင်းလေးကြောင့် အားတက်ပြီးနောက်နေ့ကစ ခုချိန်ထိ နက်သုံးဖြစ်တိုင်း သူ့ဘလော့ကိုတော့ အမြဲဝင်ဖြစ်တယ်။ စိတ်ကူးလေးတွေကို ပုံဖော်ပြီး ပျော်စရာကောင်းတဲ့ စာတွေ အမြဲရေးခဲ့သူ။ စိတ်ညစ်နေတဲ့ အချိန်တောင် သူ့ရဲ့ကော့မန့်လေးတွေကိုဖတ်ပြီး ပြုံးမိတယ်။ကျနော့် ဘလော့လေးမှာ စရေးတဲ့ အချိန်ကစပြီး ဒီနေ့ထိ မပျက်မကွက် မှတ်ချက်လေးတွေပေးနေတဲ့ ပင်တိုင်အားပေးသူ ရဲဘော်ရဲဘက်တစ်ယောက်ပါ။ ကောင်ကင်ကြီး အကြောင်း ဖော်ကျူးထားတာကလည်း စာဖတ်တဲ့သူတွေကို ကြည်နူးစေတာပါပဲ ( အမှန်ကတော့မသိမသာကြွားတာပါ :P )။ ကြွက်ဂိုဏ်းသားတွေ ဆုံဖြစ်တိုင်း စကားဝိုင်းထဲမှာတော့ ဂိုဏ်းချုပ်က မပါမပြီး ဇတ်လိုက်ကျော်ကြီးပေါ့။ အပြာရောင် ကျောပိုးအိတ်ထဲက လူသားလေးတစ်ယောက်အကြောင်းနဲ့ ကျနော်တို့ကို အားတက်စေခဲ့သလို ရန်ကုန်သတင်းပုံစံနဲ့ မျောက်တွေ သန်းရှာပြီး အတင်းတုတ်နေတဲ့ အကြောင်းတွေနဲ့ ပျော်စေခဲ့သူပါ။ ချောင်းသားက ပြန်လာတော့ မုန့်ဝယ်ခဲ့မယ်ဆိုပြီး ခရုခွံတွေပဲဝယ်ခဲ့တယ်။ တီကြွက်ရေ့ လေကြောရှည်တော့ စာတွေကများနေပြီး အောက်ကကြွက်မကလည်း ၁၀ကြောင်းဆိုပြီး ရေးထားလိုက်တာ ပို့စ်တစ်ပုဒ်တောင် ပြည့်တော့မယ် သားကြွက်ပြောမှာတွေ သူကပြောသွားပြီ၊ အဲ့တော့ကား တိုတိုနဲ့တုတ်တုတ်ပဲ ပြောတော့မယ် မွေးနေ့မှာ အရမ်းအရမ်းကိုပျော်ပြီး ကောင်းကင်ကြီးနဲ့ ပိုပိုတိုးလို့ချစ်နိုင်ပါစေဗျာ။ ပြီးတော့ ချစ်စရာကောင်းတဲ့ သားသားမီးမီး လေးတွေလည်း ၂ ဒါဇင်လောက် နဲ့ ပျော်စရာကောင်းတဲ့ မိသားစု လေးကို အမြန်ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ အယ်....မေ့တော့မလို့ တီကြွက်က လေးမဆိုတာ ကမ္ဘာတုမှာပဲရှိတယ်ဆိုပေမယ့် သားကြွက်တို့ မောင်နှမတွေအားလုံးက ကမ္ဘာစစ်မှာလည်း ခင်မင်ခွင့် ရချင်ပါကြောင်း အသံတိတ်ပြောချင်ပါတယ် :) မွေးနေ့လက်ဆောင် ကောင်းကင်ကြီးဆီက အနမ်းလက်ဆောင်တောင်းနေတယ် ရှက်လည်းရှက်ဘူး :P
"ကမ္ဘာအတုထဲမှာ နေထိုင်တဲ့ တိမ်စိုင်ငယ်ဟာ သူမဖြစ်တယ်။ ရေမှုန်ရေမွှားတွေစုပြီး တိမ်ယောင်ဆောင်နေတဲ့ တိမ်တိုက်ကလေးဟာ ဘယ်လောက်ပဲ သူမစိတ်တွေ မှိုင်းညို့နေပါစေ အမြဲတစေ ငွေနားကွပ်ထားတတ်တယ်။ သူမမှာ ခိုတွယ်စရာ ကောင်းကင်အစစ်တစ်ခု ရှိနေတဲ့အတွက် ကမ္ဘာအတုလေးထဲမှာ သူမခဏတာပဲ ပျော်တယ်"
"အတုတွေထဲမှာ နေထိုင်
အမြင်တွေကို ဖုံးကွယ်
အလင်းတွေထဲကနေ ပုန်းအောင်းနေခဲ့တိုင်း
သံယောဇဉ်အစစ်တွေမဟုတ်နိုင်ဘူးလို့ ဘယ်သူပြောလဲ"
ဘာဂါလေးလို့ လာလာခေါ်ပြီး အမြဲအားပေးတွဲခေါ်ခဲ့ပါတယ်။ တစ်ခါတစ်လေ သူမပျောက်ကွယ်နေခဲ့ပေမယ့် ဘာဂါလေးကိုတော့ မျက်ခြေပြတ်မသွားခဲ့ဘူး ဆိုတာသိတော့ သိပ်အံ့သြမိတယ်။ သူမရဲ့ ဆဌမအာရုံများလား။ သူမချစ်တဲ့ သံယောဇဉ်ရှိတဲ့သူတွေရဲ့နောက်မှ အရိပ်ကလေးလို လိုက်နေတတ်တဲ့ သိပ်ကိုချစ်ဖို့ကောင်းတဲ့ ဂရုတစိုက် အကျင့်လေးကို ပိုင်ဆိုင်ပါတယ်။ သူတပါးရင်ထဲအထိ ထွင်းဖောက်မြင်နိုင်တာကလဲ သူမရဲ့အရည်အချင်းပဲလေ။ တစ်ခါတစ်လေ နားလည်ပေးနိုင်လွန်းတဲ့ မျှဝေခံစားတတ်လွန်းတဲ့ နှလုံးသားလေးကို လေးစားမိခဲ့ရတယ်။ ထူးထူးခြားခြား သတိထားမိခဲ့တာ တစ်ခုရှိခဲ့တယ်။ သူမရဲ့ ကမ္ဘာလေးထဲမှာ လေးမတော့ စိတ်ညစ်လိုက်တာ ဆိုတဲ့အသံမျိုးလေး တစ်ခါမှမကြားခဲ့ရဘူး။ မငိုနဲ့ဘာဂါလေးရေလို့ အားပေးခဲ့ပေမယ့် သူမကိုယ်တိုင်က စိတ်ဓာတ်ကျ ကြေကွဲအားငယ်မနေတတ်တာ သူမရဲ့ ကံကောင်းခြင်းတွေထဲက တစ်ခုပဲလား။ လူတကာရဲ့ ချစ်ခင်မှုကိုခံစားရသလို ချစ်စရာ အားကျစရာ ဘဝလေးတစ်ခုကို တည်ထောင်ထားနိုင်လိုက်တာ အင်း... သူမနဲ့သူမရဲ့ကောင်းကင်ကြီးဟာ မွန့်အိပ်မက်ထဲက မင်းသားမင်းသမီးတွေကို ဖြစ်လို့။ ဘာဘီနာရီလေးတေ၊ွ အမေးအဖြေ၊ ကိုနဲ့လေးလို့ခေါ်တာတွေ၊ ကမ်းကြိုလာတဲ့ လက်တစ်ဖက်ကို လှမ်းခိုလိုက်ပါတယ်ဆိုတဲ့ အရေးအသား၊ ကျောင်းတုန်းက မုန့်ဝယ်ကျွေးတယ် ဆိုတာကအစ ဟိုး အိပ်မက်ထဲက မြင်းခွါရွက်သုပ်ပန်းကန်အထိ အားကျစရာ ပီတိဖြစ်စရာကြီးတွေကို ဖြစ်နေတော့တယ်။
"တစ်ခါတစ်ရံ မသိတာတွေက ပိုပြီးခံစားကြည်နူးနေစေတတ်သတဲ့ သူမဟာ ကိုယ့်အတွက်တော့ ထုပ်ပိုးထားတဲ့ လက်ဆောင်လေးတစ်ခုလို စိတ်လှုပ်ရှား ပျော်ရွှင်ကြည်နူးခွင့်တွေကို ပေးနေခဲ့တာပါ။ ဒါပေမယ့် ဒီလက်ဆောင်ထုပ်ကလေးနာမည်ကိုက မသိခြင်းလက်ဆောင်တဲ့"
ဂါဂါနဲ့ သူမအကြောင်း သုံးနာရီလောက်ဖုန်းပြောခဲ့ဖူးတယ်။ ဂါ နင်တို့တွေကို ခင်ပေမယ့် ငါအပြင်မှာအတွေ့ချင်ဆုံး ဘလော့ဂါက မမလေးမပဲ လို့မကွယ်မဝှက်ပြောပြခဲ့ဖူးတယ်။ မဖြစ်နိုင်မှန်းသိရဲ့နဲ့ မွန်ပြန်ရောက်ချိန်မှာ သူမစိတ်ကူးအတိုင်း ဒီဇိုင်းဆင် ဆောက်လုပ်ထားမယ့် သူမနဲ့ကောင်းကင်ကြီးတို့ရဲ့ ဂေဟာလေးမှာ သူမတို့ချစ်သူနှစ်ဦးနဲ့ ကလေးမလှလှသေးသေးလေးတစ်ယောက်(အဲဒီအချိန်ရှိနေမယ့် ကလေးလေးကိုပါ ကြိုတင်စိတ်ကူးထားတာ) ကိုမြင်တွေ့ရတယ်လို့ စိတ်ကူးရှည်ရှည်တွေ ယဉ်ခဲ့ဖူးတယ်။ တိမ်ပြာပြာတွေအောက် စကားတွေပြောကြမယ့် မောင်နှမတွေထဲမှာ ကြွက်ဂိုဏ်းချုပ်က မပါမပြီးပါတယ်။ မတွေ့နိုင်ခဲ့ကြရင်တောင် အမည်တပ်လို့မရတဲ့ ဖြူဖြူစင်စင်ခံစားချက်လေးတစ်ခုနဲ့ သူမအကြောင်း နောက်နှစ်တော်တော်ကြာအောင် သတိတရတွေးတောနေမိမယ်။ သူမကတော့ မွန့်ကို မသိခြင်းတွေထဲက ခိုင်မြဲမှုတွေပေးတတ်တယ်။ မရေရာခြင်းထဲက သေချာယုံကြည်မှုတွေပေးခဲ့တယ်။ မမြင်နိုင်တဲ့ သံယောဇဉ်တွေနဲ့ ထိတွေ့ကိုင်တွယ်လို့ မရတဲ့ အားအင်တချို့ကို မွန့်လက်ထဲ တနည်းတဖုံထည့်ပေးခဲ့ပါတယ်။ ကျိတ်ပြီးဝမ်းနည်းတတ်တဲ့ မွန့်အကျင့်အတိုင်း သူမမွန့်ကိုလင့်မထားတုန်းက တော်တော်ကြာကြာ တိတ်တိတ်လေးခံစားနေခဲ့ရဖူးတယ်။ ကိုညိမ်းညိုတို့ကြွက်ဂိုဏ်းတည်ထောင်ပြီး ဆော့နေကြတုန်းက သူမနဲ့တခြားမောင်နှမတွေ မွန့်ကိုမခေါ်ပဲဆော့နေကြလို့ တယောက်ထဲစိတ်ကောက်နေဖူးတယ်။ ဦးမောင်တင့်က မွန်ရေ နင်နဲ့မလေးမကတော့ တူတူပဲ ကောမန့်ပေးလိုက်ရင်ရော တွေးလိုက်ရင်ရေးလိုက်ရင်ရော သိပ်တတ်တယ်လို့ တစ်ခါမှတ်ချက်ချတုန်းက သူမနဲ့အနှိုင်းခံရတဲ့အတွက် အကြီးအကျယ် ဂုဏ်ယူနေခဲ့ဖူးတယ်။ ဘာကြောင့်မှန်း ရှင်းမပြတတ်ပေမယ့် သူမဟာ မွန့်ဘဝရဲ့ ပြယုဂ်တစ်ခုလို စွဲမြဲကျန်ရစ်နေတတ်တယ်။
"သူမရောက်လာတယ်
သူမပျောက်သွားတယ်
သူမတိတ်တိတ်ကလေးရှိနေတယ်
သူမတနေရာရာကနေ စောင့်ကြည့်နေတယ်
သူမဘယ်တော့မှ နှုတ်ဆက်မသွားဘူးလို့ပဲ ပရမတ်တရားတွေကို ဆန့်ကျင်ပြီး ယုံကြည်နေတယ်
ဟေး ဂါဂါ တွေ့လား ဟိုးတိမ်တိုက်ကလေးရဲ့ နောက်မှ သူမပုန်းနေတယ်
ပြီးတော့ သူမငါတို့တွေကို ကြည့်နေတယ်"
ချစ်သောမမလေးမ အမှတ်တရဖြစ်ပါစေ
ချစ်တဲ့ ဘာဂါလေး မွန်
+++
သို့ . . .. မွေးနေ့ရှင် မလေးမ
မမြင်ဖူးပေမယ့် အကျွမ်းတ၀င် ရှိလှတဲ့ ပုံရိပ်မှာ သနပ်ခါးပန်းရနံ့တွေ ပါတယ် ...။ မခင်နှင်းဆီ သီချင်းသံ ပါတယ်..။ မိုးပြာရောင်ကို နှစ်သက်တတ်ပြီ . .. ရံဖန်ရံခါ ကောင်းကင်ကြီး ညိုမှိုင်းနေရင် သူမလည်း တုံ့ဆိုင်းနေတတ်တယ်။ တခါတရံမှာတော့ သူမရဲ့  စိတ်အင်အားတွေနဲ့ တိမ်ညိုညစ်များကို မောင်းထုတ်ပစ်နေပါလိမ့်မယ်။ သူငယ်ချင်းတွေကို ပျော်ရွှင်စေတတ် ခင်မင်တတ်တဲ့ စေတနာ အပြည့်ပါတဲ့ စကားလုံးတွေ သီကုံးတတ်တဲ့ မလေးမကို လေးစားအားကျမိပါတယ်။ မလေးမရဲ့ စာတွေ ဖတ်ရတာ တီးလုံးသံမြည်တဲ့ ရတနာသေတ္တာလေးကို ဖွင့်ကြည့်ရတာနဲ့ တူတယ်။ သေတ္တာထဲက ကနေတဲ့ မင်းသမီးရုပ်လေးလို Virtual World မှာ မြင်ရတဲ့ မလေးမကို ပုံဖော်ကြည့်မိတယ်။musical box ဖွင့်လိုက်ရင် သီချင်းသံမြည်ပြီး မင်းသမီးရုပ်လေး က,နေသလို မလေးမရေးတဲ့ စာတွေကို ဖတ်လိုက်ရင် ကဗျာဆန်တဲ့ အနုပညာတစ်မျိုးကို အလိုလို ခံစားနေရတယ်။ မလေးမရဲ့ ဘလော့နဲ့ တူတဲ့ သီချင်းသေတ္တာလေးက သိပ်ကို အသက်ဝင်ပါတယ်။
မှော်ဝင်သေတ္တာထဲက နတ်သမီးနဲ့ တူတဲ့ မလေးမကို ခင်မင်ခွင့်ရတာ ဘလော့ဘ၀ရဲ့ ပျော်စရာ တစ်ခုပါပဲ။ တစ်လတည်း မွေးတဲ့ အစ်မကို ခပ်ဆင်ဆင်တူတဲ့ စရိုက်တွေကြောင့် အချိန်တိုအတွင်း တွယ်တာခင်မင်မိခဲ့ပါတယ်။ သူငယ်ချင်း သံယောဇဉ် ကြီးတာတွေ၊ ရန်ဖြစ်ရမှာ ကြောက်တတ်တာတွေ၊ ကိုယ်ချစ်တဲ့သူတွေကို နားလည်ပေးတတ် အလျော့ပေးတတ်တာတွေကြောင့် အောင်မြင်ပျော်ရွှင်ရသလို တခါတရံ နာကျင်ရတယ်။ သံယောဇဉ် ကြီးပေမယ့် တသီးတခြား အေးအေး နေတတ် တွေးနေတတ်လို့ စိမ်းကားတယ်လို့ ထင်ခံရတတ်တယ်။ ဘာပဲဖြစ်ဖြစ် ဒီရာသီဖွားတွေဟာ အလွယ်တကူ အားမလျှော့ဘဲ လုပ်စရာတွေ ဖြစ်အောင် လုပ်တတ်တယ်။ ကိုယ့်ပိုင်စိတ်စွမ်းအား မြင့်သလို သူငယ်ချင်းတွေကိုလည်း အားပေးကြင်နာတတ်တဲ့ မလေးမ ဟာ အသက်တစ်နှစ်ပိုကြီးလာတာကိုလည်း ကြံဖန်ဂုဏ်ယူပြီး ပျော်နေဦးမှာပါ။
ပျော်စရာ ရှာကြံတွေးပြီး ပျော်အောင်နေတတ်တဲ့ မလေးမ မွေးနေ့ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေ။ တကယ်တော့ မွေးနေ့ တစ်ရက်ထဲ မဟုတ်ပဲ နေ့တိုင်း မွေးနေ့ရှင်တစ်ယောက်လို ပျော်ရွှင်နေစေချင်ပါတယ်။ မလေးမ စိတ်ညစ်တာတွေလည်း ရှိရင် ပေါ့ပါးသွားအောင် ရင်ဖွင့်ပြီး ဘလော့မောင်နှမတွေကို ဆက်လက်လမ်းပြနိုင်ပါစေ လို့ ဆုတောင်းလိုက်ပါတယ်။ ရွှန်းမီ
+++
ကျနော်တို့မှာ ကမ္ဘာအတုထဲက အစ်မကြီးတစ်ယောက်ရှိပါတယ်။ ကျနော်တို့က ဂိုဏ်းချုပ်ကြီးလို့ ချစ်စနိုးခေါ်ကြပါတယ်။ ထူးခြားတဲ့ ရှုထောင့်ကနေ တွေးဆခံစားရတာကို နှစ်ခြိုက်သူ၊ ဇ၀နဉာဏ်ရွှင်သူ၊ ကိုယ်ပိုင်စာရေးဟန် သီးသန့်ရှိသူ ကျနော်တို့ အစ်မကြီးဟာ သူ့ရဲ့ ကမ္ဘာတုလေးထဲမှာ သူ့အနုပညာလက်ရာတွေကို သပ်သပ်ရပ်ရပ် ခင်းကျင်းပြသလေ့ ရှိပါတယ်။ ခင်မင်ဖော်ရွှေတတ်သူမို့ အစ်မကြီးရဲ့အိမ်ကလေးဟာ ချစ်မိတ်ဆွေသူငယ်ချင်းများနဲ့ အမြဲစည်ကားနေလေ့ ရှိပါတယ်။ အစ်မကြီးက ကွန့်မန့် အရေးကောင်းသူလဲ ဖြစ်ပါတယ်။ သူ့ကွန့်မန့်ကို ဖတ်ရတဲ့အခါတိုင်း အော်... ငါရေးထားတာလေးကို သေသေချာချာ ဖတ်ပေးသွားတာပါလား ဆိုတဲ့ ခံစားမှုမျိုး သေချာပေါက် ဖြစ်ပေါ်စေတာပါ။ ပြဿနာများနဲ့ ကြံတွေ့တဲ့အခါတိုင်း အသင့်အတင့် နှလုံးသွင်းဆင်ခြင်နိုင်တဲ့ အစ်မကြီးရဲ့ စိတ်နေစိတ်ထားကို အားကျအတုယူမိပါတယ်။
အပြာရောင်ကျောပိုးအိတ်ကလေး၊ သနပ်ခါးပန်းကလေးတွေရဲ့ပိုင်ရှင်ဟာ သူ့ရဲ့ ကောင်းကင်ကြီးကိုလဲ သိုသိုဝှက်ဝှက်ကလေးနဲ့ ကြွားတတ်သူ ဖြစ်ပါတယ် :P ဗိသုကာသခင်မတစ်ဦးဟာ ရာဇ၀င်ချင်းရာများကိုလဲ ခြေရာကောက်တတ်သူ ဖြစ်ပါတယ်။ တစ်ခါတစ်ခါကျပြန်တော့ ကဗျာပတ်တီးတွေနဲ့ လောကရဲ့အနာတွေကို ကျပ်စည်းပေးတတ်ပြန်ပါတယ်။ ချစ်ခြင်းသီနွဲ့ ဆိုတေးလဲဖွဲ့တတ်ပြန်ပါရဲ့။
စိတ်ရင်းကောင်းတဲ့ အစ်မလေးမတစ်ယောက် ချစ်တဲ့ကောင်းကင်ကြီးနဲ့အတူ သားတစ်ရာမြေးတစ်ဖျာ ရတဲ့အထိ ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံး ရွှင်ပြုံးချမ်းမြေ့စွာနဲ့ ဘ၀လမ်းကို လျှောက်လှမ်းနိုင်ပါစေခင်ဗျာ။ ကျနော်တို့ အစ်မကြီးအတွက် ပျော်ရွှင်ကြည်နူးစရာ မွေးနေ့မင်္ဂလာလေးဖြစ်ပါစေ :) :) ဘိုညိမ်း
Posted by ညိမ်းညို at 11:27 9 comments
Labels: အမှတ်တရ
5 January 2009
ချစ်သူ
အကွာအခြား မသိ
အလွှာအတား မရှိ၊
အပေးအယူမသိ
ဖေးကူ၏၊
စွဲမြဲခိုင်ကျည်သော သစ္စာ
ဖြာဝေအေးမြသော ချစ်ခြင်း
ကျနော့်ရင်မြေတလင်း၌ ထာဝရလင်းစေခဲ့သူ။
ညိမ်းညို
Posted by ညိမ်းညို at 01:14 23 comments
Labels: အမှတ်တရ
17 December 2008
၁၇၊ ဒီဇင်ဘာသို့ အလင်းစကား
- ရောင်နီဝင်းပြက် အရုဏ်တက်မှာ
ထွက်လာနေမင်း တင့်စေ့မယ်။
- ရာဇ၀င်တောင်တန်း တစ်ခေတ်ဆန်းမှာ
အောင်ပန်းလှိုင်လှိုင် ပွင့်စေ့မယ်။
- စိတ်ဝမ်းလက်ညီ ပြည်သစ်တည်ရာ
ချီကာကြွကြွ ညီညာဖြဖြ
လှသောဘ၀တွေ ပီစေ့မယ်။
- ၁၇၊ ဒီဇင်ဘာ
ချိန်ခါကျရောက် လေးနှစ်မြောက်မှာ
တောက်ကြွားရွှန်းဆို ညီအစ်ကိုတို့
ယို့ယို့ရိုကျိုး ပြည့်အကျိုးကို
ပျိုရွယ်နုဘိ စွမ်းသတ္တိနဲ့
မိုးထိခေါင်ဖျား တို့ကြိုးစားစို့
မားမားမတ်ခိုင် တည်စေ့မယ်။
- အိုဒီဇင်ဘာငဲ့ သင်သိရဲ့လား
ရိုးဂုဏ်ဖွေးလတ် စိတ်ထားမြတ်သော်
ဘယ်သူသတ်လို့ မသေတည်း။
ညိမ်းညို
Posted by ညိမ်းညို at 17:56 11 comments
Labels: အမှတ်တရ
5 November 2008
အငိုမျက်လုံး အပြုံးမျက်နှာ
- နှုတ်ခမ်းမှာ သကာစု
သဲနုက ကြည်မွေ့တယ်၊
သည်သကာ သည်နှုတ်ခမ်း
ဆန်းကြယ်လှကွယ်။
- ပါးပြင်မှာ နံ့သာစု
သဲနုက သင်းထုံတယ်၊
သည်နံ့သာ သည်ပါးလေး
ချိုမွှေးလှကွယ်။
- မျက်ဝန်းမှာ ငွေ့ရည်စု
သဲနုက ရွာသွန်းတယ်၊
သည်ငွေ့ရည် သည်မျက်ဝန်း
သည်းလွန်းလှကွယ်။
- မစိမ်းနဲ့နော်
ကျွန်တော်က တိုးလျှိုး၊
မချစ်ကြင် မုန်းပင်ပျိုးပါနဲ့
တိုးလို့ရိုကျိုး။
ညိမ်းညို
Posted by ညိမ်းညို at 01:02 8 comments
Labels: အမှတ်တရ
3 September 2008
မောင်ချောနွယ် စီးကြမလား
မောင်ချောနွယ် စီးကြမလား
ညိုထက်ညို
အတ္တကို နာနာခွာ
နာနာခွာ
ကင်ပေတိုင် လက်သည်း ခွာသလိုခွာ
ပေါင်းစည်းရင်း ကွဲလွဲကြ
ကွဲလွဲရင်း ပေါင်းစည်းကြ
အနုပဋိလောမ ရုပ်ဝါဒ
ပဋိပက္ခ နဲ့ သမူဟ
သစ်တစ်ပင်လား တောအုပ်လား
တစ်ခါသားက
မှတ်သားဖူးတဲ့စကား
ငါ အခု မေ့သွား ပြန်ပြီလား
အားရင် ရွတ်ရွတ် မနေနဲ့ 
ဘာမှန်းမသိတဲ့ စကားလုံးတွေ
အားရင်ရေးရေး မနေနဲ့ 
အဓိပ္ပာယ်မရှိတဲ့ စာသားတွေ
တစ်ခါသားက
ချစ်သူရဲ့  တားမြစ်စကား
နားမထောင်မိတာ ငါမှားလား
ငှက်ကလေးရဲ့ ဖြည်းဖြည်းပျံ
ငါလွှတ်မယ့် ငှက်ကလေး ဖြည်းဖြည်းပျံ
ခြေတစ်ဖက်ချစာ ပေးပါလို့ 
အခု ဆုတောင်းပါရစေလား
တိုးလို့ တွဲလောင်းလက်သာ မြဲအောင်ကိုင်ထား
ပုဆိုးသာ ခိုင်အောင်ဝတ်ထား
အခု
မောင်ချောနွယ်မောင်းမယ့်
အနုပညာ အမြန်ယာဉ်ကလေး ထွက်တော့မှာလား ။ ။
(စက်တင်ဘာ၃၊ ၂၀၀၂ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သော ဆရာ မောင်ချောနွယ် သို့)
ညိုထက်ညို
ဆရာမောင်ချောနွယ်ကို ချစ်တဲ့၊ ဆရာ့ကဗျာတွေကို မြတ်နိုးတဲ့ ကဗျာရောင်းရင်းများအတွက် ရည်ရွယ်ပါတယ်။ ကျနော့်မှာရှိနေတဲ့ ဆရာ့ရဲ့ ကဗျာလုံးချင်း ၂အုပ်နဲ့ ဆရာ့ကဗျာတွေကို လှမ်းမီရာစုဆောင်းထားတဲ့ ကဗျာစာအုပ်တစ်အုပ်ကို တင်ပေးပါရစေ။ ဆရာမောင်ရင့်မာ(ကျောင်းကုန်း)က ဆရာမောင်ချောနွယ်ကို ဒေါသကို သိင်္ဂါရဖြစ်အောင်ရေးဖွဲ့နိုင်တဲ့ တစ်ဦးတည်းသောကဗျာဆရာလို့ ကင်ပွန်းတပ်ကြောင်း မှတ်သားဖူးပါတယ်။ လူငယ်ကဗျာဆရာအများစုကလည်း ဆရာ့ကို ကလပ်စစ်ခေတ်ပေါ်ကဗျာဆရာရယ်လို့ အမည်နာမပြု ချီးကျူးခေါ်ဆိုခဲ့ကြပါတယ်။ ကျနော်ကတော့ ဘယ်လိုခေါင်းစဉ်မျိုးတပ်ရမှန်းမသိအောင်ကို ဆရာ့ကဗျာတွေကို စွဲစွဲလန်းလန်းခုံခုံမင်မင် နှစ်သက်မြတ်နိုးမိပါတယ်။ မျိုးဆက်ကွာလှတဲ့အပြင် ဆရာမောင်ချောနွယ်ကို တစ်ကြောင်းခြစ် ရုပ်ပုံကောက်ကြောင်းမှလွဲ၍ ဓာတ်ပုံသော်မျှ မမြင်ဖူးပါ။ ဆရာ့ကဗျာတွေကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ပြောခြင်းဖြစ်ပါတယ်။ ကဗျာဓာတ်တွေ အမိအရမှုတ်ထုတ်နေတဲ့ အရပ်သားလေသံ၊ ပထမတန်းစား အာဇ္ဇ၀န်းနဲ့ ဆရာမောင်ချောနွယ်ရဲ့ခေတ်ပေါ်ကဗျာ မြို့ရွာသိမ်းပိုက်မှုများကိုမိတ်ဆွေတို့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ မိတ်ဆွေတို့ဆီမှာရှိတဲ့ ကဗျာစာအုပ်များ၊ ကဗျာမှတ်စု စာမှတ်စုများကိုလဲ ကျေးဇူးပြု၍ လက်တို့ပေးခဲ့ကြပါဦးခင်ဗျာ။ ပျော်ရွှင်ချမ်းမြေ့ကြပါစေ... :) :)
၁။ ရထား(ကဗျာရှည် ၄ပုဒ် စုစည်းမှု) download ယူရန်
၂။ သမိုင်းဖတ်စာ (ဆရာအောင်ချိမ့်နှင့် တွဲဖက်၍) download ယူရန်
၃။ ဆရာမောင်ချောနွယ်ကဗျာများ ( ၅၆ ပုဒ်) download ယူရန်
၎။ မောင်ချောနွယ် ကဗျာပြပွဲ (မြန်မာကျူးပစ်ဖိုရမ်မှ) download ယူရန်
ညိမ်းညို
Posted by ညိမ်းညို at 09:31 9 comments
Labels: အမှတ်တရ
15 July 2008
လူသားဘဝ
အမလေးမရဲ့ လူသားဘ၀ပို့စ်ထဲက သည်ဖွင့်ဆိုချက်ကို တအားနှစ်ခြိုက်မိပါတယ်။
လူသားဘ၀ ဆိုတာ … ဘာသာရေး..ပတ်ဝန်းကျင်… အသိတရား.. လူပုဂ္ဂိုလ်တွေရဲ့ လွှမ်းမိုး တိုက်တွန်းမှုမပါဘဲ … ကိုယ်စိတ်အားထက်သန်နေတဲ့ အလုပ်.. အနည်းဆုံး တစ်ခုလောက်တော့ ကျေကျေနပ်နပ် နောင်တမရဘဲ လုပ်လိုက်နိုင်ရင် အဓိပ္ပါယ် ရှိလိမ့်မယ် …။
ကိုလင်းဦးရဲ့ "ဘ၀မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ နေထိုင်သွားချင်တယ်။ ပြီးတော့ မေမြို့ကခြံတစ်လုံးမှာ အေးအေးဆေးဆေးနေချင်တယ်" ဆိုတဲ့ နံပါတ်(၄) အချက်ကိုတော့ ကျနော်လည်း မကြာမကြာ စိတ်ကူးမိသားဗျ။ အဲ...ဒါလေးတစ်ခုတော့ ထပ်မံဖြည့်စွက်ပါရစေ။ ကိုယ်ချစ်တဲ့သူနဲ့ ပျော်ရွှင်စရာ မိသားစုလေးနဲ့ပေါ့ခင်ဗျာ..။
ရေးသာရေးနေရတယ်။ တက်အကြွေးတွေရှိခဲ့ဖူးတော့ ရေးရတာ လက်အတွန့်သားဗျ :) တော်ပါသေးရဲ့ အကြွေးရှင်တွေက လူရင်းကြီးတွေမို့.. :P
ကဲ..တက်ခံထိဖက် အကိုအမတွေရေးတဲ့အထဲက ကိုယ်ကြိုက်မိတာလေးတွေတော့ ပြောပြီးသွားပြီ။ ကိုယ်တိုင်ရေးဖို့ပဲ ကျန်တော့တယ်ဗျို့ :)
ကျနော့်ဘ၀မှာ သည်အချက်လေးတွေ ဖြစ်ချင်ပါတယ်။
(၁) ပုဂံကို ဆယ်ရက်လောက် အေးအေးဆေးဆေး သွားလည်ချင်ပါတယ်။
(၂) ဒါရိုက်တာအဖြစ်နဲ့ ကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ရုပ်ရှင်ကားတစ်ကား ရိုက်ဖူးချင်ပါတယ်။
(၃) "ကျနော် ကဗျာတွေစပ်နေတာ တရားထိုင်နေတာပေါ့ဗျာ" လို့ ဆရာမကြီးဒေါ်ခင်နှင်းယုကို ပြန်ဖြေခဲ့ဖူးတဲ့ ဆရာဇော်ဂျီလို ကဗျာဆရာတစ်ဦးဖြစ်ချင်ပါတယ်။(သည်လို မရေးကောင်း၊ မရေးအပ်ဖူးဆိုရင် ခွင့်လွှတ်စေ လိုပါတယ်။ ကျနော့်စိတ်ထဲက ဆရာကြီးကို အားကျတဲ့စိတ်နဲ့ တအားဖြစ်ချင်တဲ့ ဆန္ဒသက်သက်ရယ်ပါ)
(၄) ဖြစ်နိုင်မယ်ဆိုရင် ဘယ်လို အသင်းအဖွဲ့၊ ဂိုဏ်းဂဏထဲမှ မပါချင်ပါဘူး။ ဘယ်ဂိုဏ်း၊ ဘယ်ဝါဒ၊ ဘယ်အဖွဲ့ အစည်းရဲ့ သြဇာလွှမ်းမိုးမှုမှမပါပဲနဲ့ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် သီးခြားကင်းလွတ်စွာ ပြုမူပြောဆို နေထိုင်လှုပ်ရှား လိုပါတယ်။ ဘယ်နေရာ ဘယ်ဒေသပဲရောက်ရောက်၊ ဘယ်အချိန်အခါပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ လူတစ်ယောက်ဖြစ်ချင်ပါတယ်။ ဘယ်သူ့ကိုမှ ထိတ်လန့်ကြောက်ရွံ့မနေရတဲ့၊ စိတ်ရောကိုယ်ပါ လွတ်လပ်တဲ့ လူတစ်ယောက်ဖြစ်ချင်ပါတယ်။
(၅) မိရိုးဖလာသဘောမျိုးမဟုတ်ဘဲနဲ့"ရတနာသုံးပါးကို ကိုးကွယ်ယုံကြည်ဆည်းကပ်လာသူ တစ်ယောက်အ ကြောင်း" ထဲက ဆရာဦးဆန်းလွင်ရဲ့ နားလည်သိမြင် လက်ခံယုံကြည်သွားတဲ့ စိတ်နှလုံးမျိုးနဲ့ ဗုဒ္ဓ၀ါဒကိုလှိုက် လှိုက်လှဲလှဲ နှစ်နှစ်ကာကာ သက်ဝင်ယုံကြည်တတ်ချင်ပါတယ်။
(၆) ကိုယ့်အချင်းချင်းရော၊ တခြားသူတွေအပေါ်မှာရော စာနာနားလည်တတ်တဲ့၊ ကူညီဖေးမတတ်တဲ့ ပျော်ရွှင်ချမ်းမြေ့စရာမိသားစုလေးနဲ့ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး နေသွားချင်ပါတယ်။ (မကြာမကြာ စိတ်ကူး ယဉ်ခဲ့ဖူးတဲ့ ကိုလင်းဦးရဲ့ နံပါတ်လေးအချက်ကနေ ရွေ့လျောလာခဲ့ရခြင်းပါ။ လူဟာ ကိုယ့်လိုအင်ဆန္ဒတွေအ ကုန်လုံးအတွက် အဆင်မသင့်နိုင်တဲ့အခါ တခုခုကို အလျော့ပေးရတတ်ပါတယ်။ အခု နေရာဒေသဆိုတာကြီးကို ကျနော်အလျော့ပေးလိုက်ပါပြီ။ ကိုယ်မြတ်နိုးတွယ်တာရတဲ့ ချစ်သူနဲ့၊ မိသားစုလေးနဲ့ဆိုရင် ဘယ်အရပ် ဘယ် ဒေသမှာ ဖြစ်ဖြစ် ပန်းတွေဟာ ပွင့်မြဲပွင့်နေကြလိမ့်မယ်လို့ နှလုံးသွင်းတတ်ခဲ့ပါပြီ)
အသက်ရှင်နေထိုင်စဉ် သက်တမ်းတစ်လျှောက် သည်အချက်လေးတွေကို လုပ်နိုင်ခဲ့ရင် ကျနော် ကိုယ့်ကိုယ် ကိုယ်ကျေနပ်မိမှာပါ။
(၁) ဘယ်လိုအကြောင်းမျိုးကြောင့်ဖြစ်သောစစ်ပွဲကြီးငယ် တစ်ပွဲကိုဖြစ်စေ၊ တစ်ပွဲထက်ပိုလို့ဖြစ်စေ (ကြိုက်သ လောက်ပိုပါစေ) ကျနော့်ရဲ့ ကိုယ်စွမ်းဥာဏ်စွမ်းကြောင့် တားဆီးနိုင်ခဲ့မယ်ဆိုရင်...။
(၂) စာပေစီစစ်ရေး၊ စာအုပ်ထုတ်ဝေရေးကိစ္စတွေမှာ စာပေပညာရှင်တွေ၊ စာပေလုပ်သားတွေ (စာပေလော ကသားတွေပေါ့ခင်ဗျာ) ကျေနပ်နှစ်သက်ပြီးတော့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေရအောင် တစ်စုံတစ်ခုသော နည်းလမ်းနဲ့ဖြစ်စေ၊ အကြောင်းချင်းရာနဲ့ဖြစ်စေ စိတ်ရောကိုယ်ပါ တရားသဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့မယ် ဆိုရင်....။
(၃) သူငယ်ချင်းမိတ်ဆွေတွေအပေါ် ဘယ်သောအခါမှ ငြူစူတဲ့စိတ်မဖြစ်ပေါ်ဘဲ၊ ဖြစ်ပေါ်ခဲ့မည်ဆိုလျှင်လဲ မိမိစိတ် ကို ချက်ချင်းသိ၍ ပြုပြင်နိုင်ခဲ့မယ်ဆိုရင်...။
(၄) အသားအရောင်၊ ဆင်းရဲချမ်းသာ၊ ဘာသာအယူဝါဒ၊ ပညာဂုဏ်ရှိန်၊ နေရာဒေသ ကွဲပြားခွဲခြားမှုမထားဘဲနဲ့ လူနဲ့လူချင်း သာတူညီမျှ လေးစားချစ်ကြည်စွာ ဆက်ဆံနိုင်ခဲ့မယ်၊ ကူညီဖေးမနိုင်ခဲ့မယ်ဆိုရင်...။
(၅) ကိုယ့်ရဲ့ချစ်သူအပေါ်၊ သားသမီးတွေအပေါ်၊ မိသားစုအပေါ်၊ အခြားသူတွေအပေါ် နိုင်ထက်စီးနင်း ပြုမူတတ် တဲ့အကျင့်မျိုးကို အမြစ်တွယ်ခွင့်မပေးဘဲ ရှိနေတယ်ဆိုရင်တောင် တစ်နေ့ထက်တစ်နေ့ ပါးလျားကွယ်ပျောက် သွားအောင် ပြုပြင်နေထိုင်နိုင်ခဲ့မယ်ဆိုရင်...။
ကျနော့်စိတ်ထဲမှာ အောင်းနေတာကြာပြီဖြစ်တဲ့အကြောင်းအချက်လေးတွေကို အခုလိုပို့စ်အဖြစ်နဲ့ စာတစ်ပုဒ် ရေးဖြစ်သွားအောင် တိုက်တွန်းနှိုးဆော်ပေးတဲ့ စပ်မိစပ်ရာမှ လူပျိုကြီး ကိုသင်္ကြန်ကို ကျေးဇူးတင်ပါတယ်ဗျာ။ သူငယ်ချင်းတွေ၊ ညီအကိုမောင်နှမတွေအားလုံးလည်း ပျော်ရွှင်ချမ်းမြေ့ ကြပါစေခင်ဗျာ :) :)
ညိမ်းညို
Posted by ညိမ်းညို at 15:04 16 comments
Labels: အမှတ်တရ
5 July 2008
ဇူလိုင်(၅)ရက်နေ့က ကျွန်တော်ဖျားနာခဲ့တယ်
လူသူလေးပါးကင်းလွတ်ရာအရပ်မှာမှ မော်စကိုရဲ့နွေဦးက
ကျွန်တော့်ရင်အုံကို တစ်စုံတစ်ခုနဲ့ တည့်တည့်ပစ်ပေါက်လိုက်တယ်
ဒီလိုချစ်မိသွားပြီဆိုတဲ့နောက်
စိတ်နဲ့ကိုယ်ဟာ ကျွန်တော့်အပေါ်ရက်စက်တယ်
အမြဲတစေ သတိရခြင်းနဲ့အိပ်စက်တယ်
အမြဲတစေ သတိရခြင်းနဲ့ နေထိုင်စားသောက်တယ်
အမြဲတစေ သတိရခြင်းနဲ့ သွားတယ်၊ လာတယ်၊ လှုပ်ရှားတယ်
အမြဲတစေ..အမြဲတစေ..အမြဲတစေ
အဲဒီလို အမြဲတစေ သတိရခြင်းနဲ့ယဉ်ပါးနေရတာကို ကျေနပ်တယ်
နွေးထွေးတယ်ဆိုတဲ့ အသိတစ်ခုက
နှလုံးသားရဲ့ ဥပဒေကို သူ့အလိုလို ပြဌာန်းပစ်လိုက်တယ်
ကျွန်တော်သယ်ဆောင်ထမ်းပိုးခွင့်ရတဲ့ ရွက်တိုင်ထိပ်ဖျားမှာ
သူ့နာမည်လေးကို ဦးဦးဖျားဖျား ရေးထိုးထားချင်တယ်
လေကိုပဲဆန်ဆန်.. ရေကိုပဲဆန်ဆန်..
မညှိုးတဲ့ပန်းလေးတစ်ပွင့်ကို သစ္စာတရားနဲ့မန်းမှုတ်လို့
သူ့ကေသာဦးမှာ ပန်ပေးချင်တယ်
ကျွန်တော့်လက်တစ်ဖက်ရဲ့အားမာန်မှာ
သူနှစ်သက်တဲ့တေးတစ်စနဲ့ လင်းပလိုက်ချင်သေးတယ်
တိတ်တဆိတ်ချဉ်းကပ်လာတဲ့ ချစ်ခြင်းမေတ္တာမှာ မိုးတွေစွေခဲ့တယ်
အချစ်နဲ့ ဖျန်းပက်ခြင်းခံရတဲ့အခါ ကျွန်တော် နှစ်ခြိုက်စွာဖျားနာတတ်ခဲ့ပြီ။
ညိမ်းညို
Posted by ညိမ်းညို at 10:55 12 comments
Labels: အမှတ်တရ
28 May 2008
12 February 2008
ဗိုလ်ချုပ်နဲ့ရိုးဂုဏ်
အရွယ်နဲ့မမျှအောင် ကျယ်ပြန့်လှတဲ့နိုင်ငံရေးတွေးခေါ်မြော်မြင်မှုများကို ဗိုလ်ချုပ်ရဲ့ ရှားပါးမိန့်ခွန်းများ နဲ့ ဗိုလ်ချုပ်ကိုယ်တိုင်ရေးသားခဲ့တဲ့ ဘားမားချဲလင့် စာအုပ်မှာ တပေါင်းတစည်းထဲ လေ့လာဖတ်ရှုနိုင်ပါတယ်။
ဗိုလ်ချုပ်ရဲ့ ရိုးဂုဏ် ဆိုတဲ့ စိတ်အခြေအနေတစ်ရပ်ကိုတော့ဖြင့် စာအုပ်တစ်အုပ်ထဲရယ်လို့မှ မဟုတ်ပါဘူး။ ဗိုလ်ချုပ်နဲ့သက်ဆိုင်တဲ့စာအုပ်တိုင်း စာအုပ်တိုင်းကို ဖတ်လိုက်မိတိုင်းမှာ ခံစားသိမြင်နိုင်ပါတယ်။ စာရေးသူများက ငါတို့ဗိုလ်ချုပ်ဟာဖြင့် ဘယ်လိုဘယ်ပုံ ရိုးသားခဲ့တယ် ဆိုပြီး သီးသီးသန့်သန့် ဖော်ထုတ်ရေးသားခဲ့ကြတာမျိုး မဟုတ်ပါဘူး။ သူတို့ ကြုံသိတွေ့ထိခဲ့ရတဲ့အတိုင်းသာ ရေးသားမှတ်တမ်းတင်ခဲ့ကြတာပါ။ သို့သော်လည်းပဲ အဲဒီလိုရေးသားဖော်ပြခဲ့ကြတဲ့ စာတွေထဲမှာကို(တစ်စုံတစ်ခုသောအကြောင်းကြောင့် တမင်လုပ်ရေးထားတာမျိုး မဟုတ်ပဲနဲ့)ဗိုလ်ချုပ်ရဲ့ ရိုးဂုဏ်ရိုးဒြပ်ဟာ အထင်းသားပေါ်လွင်ထင်ရှားလို့ နေပါတော့တယ်။
ဥပမာဆိုရရင် "အကြည်ရေ ..ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်" ဆိုတဲ့ စာတိုလေးထဲမှာကို ဗိုလ်ချုပ်ရဲ့ ငဲ့ညှာတတ်တဲ့စိတ်၊ အားနာတတ်တဲ့စိတ်၊ ဇီဇာမကြောင်တတ်တဲ့စိတ်၊ ကိန်းကြီးခမ်းကြီးမနိုင်တတ်တဲ့စိတ်တွေကို ခံစားတွေ့မြင်နိုင်ပါတယ်။ ပဲပြုတ်နဲ့နံပြား စားချင်တယ်၊ ရအောင်လုပ်ပေးစမ်းဆိုတာမျိုး မဟုတ်ပါဘူး။ ဗိုလ်ချုပ်က ကိုယ့်ရဲ့ဇနီးမယားအပေါ် တောင်းဆိုလိုက်ပုံလေးက အကြည်ရေ..ပဲပြုတ်နဲ့နံပြားရရင် စားချင်တယ်ကွာတဲ့။ ရရင်တဲ့နော်။ အိမ်သူသက်ထားအပေါ်ကို အပူကပ်လိုက်တာမဟုတ်ဘူး။ အမိန့်ပေးလိုက်တာမဟုတ်ဘူး။ ရရင် စားချင်လိုက်တာတဲ့၊ မရရင်တော့လည်း နေပါစေ ကိစ္စမရှိပါဘူးကွာ ဆိုတဲ့သဘော..ဘယ်လောက်နူးညံ့လိုက်တဲ့ စိတ်ထားပါလဲ၊ ခေါင်းထဲမှာ ဗမာပြည်လွှတ်လပ်ရေးကလွဲလို့ ဘာမှမရှိတဲ့ လူရိုးလူရိုင်းကြီးရဲ့ လူတစ်ဖက်သားအပေါ်ထားတတ်တဲ့ ငဲ့ညှာတတ်တဲ့စိတ်၊ အားနာတတ်တဲ့စိတ်ကလေးက တအားကိုနူးညံ့တယ်။ ဒါကြောင့်လည်း ဆရာကြီး ဒဂုန်တာရာက အောင်ဆန်းကား ရိုင်း၏၊ ကြမ်း၏၊ သို့သော်ရိုး၏ လို့ ရုပ်ပုံလွှာအဖွဲ့အနွဲ့မှာ ရေးခဲ့တာပဲလေ။
တက္ကသိုလ်နေ၀င်း(ကိုယ်ရံတော်ဗိုလ်ထွန်းလှ)ရဲ့ ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရစာအုပ်တွေ၊ သတင်းစာဆရာ ဦးပုကလေးရဲ့ ငါတို့ဗိုလ်ချုပ်ဘာတွေလုပ်ခဲ့သလဲ၊ အောင်သန်းရဲ့ အောင်ဆန်း နဲ့ အောင်သန်းရဲ့ အောင်ဆန်းမိသားစု၊ အိုးဝေညိုမြ၊ ဆရာကြီးမောင်ထင်၊ ဆရာကြီးဒဂုန်တာရာတို့ ရေးသားခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံလွှာအဖွဲ့အနွဲ့တွေ၊ ဘယ်စာအုပ်ကိုပဲ ဖတ်မိသည်ဖြစ်စေ(ဗိုလ်ချုပ် ဘယ်လိုရိုးသားပါတယ်ဆိုတာကို တမင်ဇောင်းပေးပြီး ရေးထားတာမျိုးမဟုတ်ပဲနဲ့ကို)ဗိုလ်ချုပ်ရဲ့ ရိုးဂုဏ်ရိုးဒြပ်ဟာ ကြည်စင်ဝင်းပလို့နေပါတယ်။ သည်လို ချဉ်းကပ်မိတဲ့အတွက် ကျွန်တော်ကျွမ်းဝင်ရင်းနှီးရာ ဘာသာဗေဒနဲ့ ဗိုလ်ချုပ်နဲ့ရိုးဂုဏ်ဆိုတဲ့ ပို့စ်လေးကို ပုံဖော်ဖို့ ကြိုးစားကြည့်မိတာပါ။ ဒါပေမဲ့ဗျာ...ကျွန်တော်တို့ရေးရင်ကိုပဲ.....။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ဘလော့မှာတင်ဖို့ အဆင်ပြေသည်ဖြစ်စေ၊ မပြေသည်ဖြစ်စေ ကျွန်တော်ကတော့ ဗိုလ်ချုပ်ရဲ့ ရိုးဂုဏ်ကို ဆက်လက်ပုံဖော်နေမိဦးမှာပါပဲ။
ဗိုလ်ချုပ်ရဲ့မွေးနေ့မှာ ဗိုလ်ချုပ်ရေးသားခဲ့တဲ့ ကျောင်းသားဝတ္တရား ဆိုတဲ့ဆောင်းပါးကို ကူးယူဖော်ပြအပ်ပါတယ်။ သည်ဆောင်းပါးကိုရေးစဉ်မှာ ဗိုလ်ချုပ်ရဲ့အသက်ဟာ ၂၃ နှစ်ပဲ ရှိပါသေးတယ်။ ၂၃ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ဦးရဲ့ ပညာရေးအမြင်ကျယ်ပြန့်မှုကို လေးစားအံ့သြဖွယ် ဖတ်ရှုလေ့လာနိုင်ပါတယ်။
*** *** ***
ကျောင်းသားဝတ္တရား
အင်္ဂလိပ်စာရေးစရာကြီး ရှိတ်စပီးယားက ကမ္ဘာအလုံးစုံသည် ဇာတ်ခုံမျှသာတည်းဟု မိန့်မြွက်ဖူး၏။ ထိုကမ္ဘာ့ဇာတ်ခုံတွင် လူအမျိုးမျိုး၊ အရွယ်အမျိုးမျိုး၊ အတန်းအစားအမျိုးမျိုးတို့သည် ကိုယ့်အခန်းကို ကိုယ်ကိုင်၍ ဇာတ်နိုင်အောင်ခင်းသွားရလေသည်။ သို့ဖြစ်ရာ လူတိုင်းလူတိုင်းမှာ သိကြားတတ်သော အချိန်အရွယ်မှစ၍ သေသည်ထိအောင် မိမိ၏ အလုပ်ဝတ္တရားအဖြစ်ရှိ၏။ ထိုဝတ္တရားကို ကြေပြွန်မှသာလျှင် လောက၌ လူဖြစ်ကျိုးနပ်ပေမည်။ ကမ္ဘာ၏ နောင်ခေတ်အမွေခံဖြစ်ကြသော ကျွန်တော်တို့ ကျောင်းသားတို့မှာလည်း အထူးသဖြင့် ၁၆နှစ်၊ ၁၇နှစ်မှ အထက်သို့ရှိသော ကျောင်းသားများမှာလည်း အဆိုပါ ၀တ္တရားဥပဒေမှ မကင်းလွတ်ကြချေ။ ယင်းသို့ဖြစ်လျှင် ကျောင်းသားဝတ္တရားသည် အဘယ်နည်း။
အမြင်ကျယ်ကျယ် ကြည့်လေ့ရှိသောသူတို့သည် ကျောင်းသားဆိုသည်မှာ တန်းစာကျက်၍ စာမေးပွဲအောင်ရုံမျှဟူသော အများအယူအဆ၏ တိမ်ခြင်းအဖြစ်ကို သိရှိကြလေပြီ။ ထိုအယူအဆကား ခေတ်အောက်ကျသည့် အယူမျှသာ ဖြစ်ပေမည်။
ပညာရေးကို ကျွမ်းကျင်သော ကမ္ဘာ့ပညာရှိတို့သည် လောကရေး၊ ဓမ္မရေး ပြဿနာအရပ်ရပ်တို့ကို စီစစ်ဝေဖန်ဖြေရှင်းတတ်သော ပညာရပ်မှ စာအုပ်ပေစာကို အံ၍ရသောအမှတ်သညာ၊ နှစ်ရပ်ကို ခွဲခြား၍ ထားလေသည်။ စာမေးပွဲကို အောင်မြင်သူသည် လောကစစ်ပွဲတွင်လည်း အောင်မြင်နိုင်သည့် အရည်အချင်းရှိသည်ဟု မုချဆတ်ဆတ် မဆိုနိုင်ချေ။ ဤသို့လျှင် စာမေးပွဲ၏ အကြောင်းသနစ်ကို ဖော်ထုတ်လာကြ၏။ An examination of examinations စာမေးပွဲများ၏ အကျိုးအပြစ် စစ်ဆေးချက်ဆိုသော စာအုပ်တွင် ဤအချက်ကို ရှင်းလင်းပြသထားပေ၏။ စာမေးပွဲတစ်ခု၏ အဖြေစာရွက်များကို စာစစ်သူအမျိုးမျိုးအား စစ်ဆေးစေရာ အဖြေတစ်ခုတည်းကိုပင် အမှတ်ပေးပုံခြင်းမတူသည်ကို တွေ့ရပေသည်။ တဖန် စာစစ်သူတစ်ဦးတည်း ၎င်းတစ်နှစ်ခန့်က ဖျက်ခဲ့သောအဖြေကို နောက်ထပ်စစ်ဆေးသည့်အခါ ပထမအမှတ်ပေးပုံနှင့် နောက်တစ်ခါ အမှတ်ပေးပုံခြင်းမှာ ကွာခြားသည်ကို တွေ့ရလေသည်။ ကမ္ဘာကျော်ပြဇာတ်ရေးဆရာ ဘားနတ်ရှောကလည်း တရံသောအခါက အတန်းထဲတွင် ထိပ်ကျသောကျောင်းသားသည် လောကတွင် အောက်ဆုံးထစ်ရောက်တတ်သည်ဟု မိန့်ဆိုဖူး၏။
ဤတွင် ကမ္ဘာကျော်စာရေးဆရာကြီး၏ အရေးအသားကို ၎င်းရေးသားသဖြင့် ယုံကြရမည်ဟု မဆိုလို၊ သို့ရာတွင် ၎င်းကား အကြောင်းမဲ့ မရေးသားရာ၊ ယင်းသို့ဖြစ်ရကား ကျွန်ုပ်တို့သည် ကမ္ဘာ့ရာဇ၀င်တွင် သာဓကအထောက်အထားများကို ကြည့်မည်ဆိုလျှင် ကမ္ဘာ့ထိပ်တန်းကျရောက်သော ပုဂ္ဂိုလ်တို့သည် စာမေးပွဲများတွင် ထိပ်တန်းကျသူချည်း မဟုတ်ပေ။ ဥပမာ အနည်းငယ်ထုတ်ပြရသော် ယခုခေတ် ကမ္ဘာ့ထိပ်တန်းသမားများတွင် ဟစ်တလာနှင့် မူဆိုလိုနီတို့သည် ကျောင်းမျှပင် ကောင်းစွာမနေခဲ့ရပေ။ မဟတ္တမဂန္ဒီသည်လည်း ကောလိပ်ကျောင်းတွင် ရောက်ဖူးရုံမျှရှိ၍ ကျောင်းသားအဖြစ်နေစဉ်အခါက ထူးထူးချွန်ချွန်မရှိချေ။ ပန်ဒစ်ဂျဝါဟလာနေရူးသည်လည်း အင်္ဂလန်ပြည်ရှိ နာမည်ကျော်ကျောင်းနှင့် တက္ကသိုလ်တို့မှ အောင်မြင်ခဲ့လင့်ကစား ကျောင်းသားအဖြစ်ဖြင့် များစွာ မထူးချွန်လှ။ ဘီအေဂုဏ်ထူးတန်းတွင် ဒုတိယတန်းမျှသာ ရလေသည်။ သို့ရာတွင် ထိုအခါက ၎င်းအထက်ပထမရခဲ့သော သူတစ်ဦးမှာ ရန်ကုန်တွင် ပါမောက္ခတစ်ဦးအဖြစ်ဖြင့် ၎င်းကဲ့သို့ ကျော်ကြားခြင်းမရှိပေ။ အင်္ဂလိပ်စာရေးဆရာကြီးများဖြစ်ကြသော ဂိုးလ်စမစ်၊ ဆာဝါလတာစကော့ စသော ပုဂ္ဂိုလ်တို့မှာလည်း ကျောင်းနေစဉ်က ထူုးချွန်ခြင်းမရှိ၊ ဆာဝါလတာစကော့မှာမူ လူ့ငနွားဟုပင် ဆရာ၏အခေါ် ခံရလေသည်။ ဤကား ဥဒါဟရုဏ်ကို အကျဉ်းမျှ သရုပ်ပေါ်အောင် ပြလိုက်ခြင်းပေတည်း။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းကိုစစ်လျှင် လူသားတစ်ဦးတစ်ယောက်၏တန်ဖိုးကို မည်မျှရှိသည်ဟုချိန်ဆရန် တထစ်ချသတ်မှတ်ထားသော နည်းမရှိသောကြောင့် ဖြစ်ပေသည်။
စင်စစ်သော်ကား ကျောင်းတွင်တစ်ခါမျှမနေဖူး၍ စာတစ်လုံးမျှမသင်ဖူးသူပင် ပညာရှိဖြစ်နိုင်၏။ ဤကား ဖြစ်နိုင်သည့်အကြောင်းကို အလွန်ဆိုခြင်း ဖြစ်ပေသည်။ ယခု ကမ္ဘာပေါ်မှာရှိသည့် စာအုပ်အားလုံးသည် အရင်းစစ်လျှင် လောက၏အကြောင်းကို အမျိုးမျိုး မှတ်ချက်များသာ ဖြစ်ပေသည်။ ထိုမှတ်သားချက်များကို ရေးသူများ၏အာဘော် ၎င်းတို့၏ ရေးရာဒေသ၊ ရေးသည့်အချိန်ကာလ စသည်တို့ကိုကြည့်၍ ဝေဖန်ပြီးလျှင်၊ လောက အလုပ်ဝတ္တရားတွင် သုံးစွဲတတ်မှသာ စာတတ်အမှန်ဖြစ်ပေသည်။ အကယ်၍ စာမတတ်သူသည် လောကအမှတ်အသားကောင်းမွန်၍ နေရာချတတ်ပါလျှင် စာတတ်နေရန်မလိုချေ။ ထို့ကြောင့်ပင် မူဆိုလိုနီက
၎င်း၏အတ္ထုပ္ပတ္တိတွင် ကျွန်ုပ်ဖတ်ခဲ့သော အကြီးဆုံးသောစာအုပ်ကား ကျွန်ုပ်နေခဲ့၊ နေဆဲသော လောကကြီးပင်တည်းဟု ရေးထား၏။ ထိုကဲ့သို့ စာအုပ်စာပေမှ ကျော်လွန်သောပညာကို အဘယ်သို့ ရအံ့နည်း။
ထိုပညာစစ်ကိုရရန် လွတ်လပ်စွာ တွေးတောပြောဆို ဆွေးနွေးလုပ်ကိုင်လိုသော စိတ်ဓာတ်ကိုမွေးရန် လို၏။ ဤအချက်ကို ပညာရေးကျွမ်းကျင်သူ ပုဂ္ဂိုလ်များက Academic Freedom ပညာသင်ကြားရေး လွတ်လပ်ခွင့်ဟု ခေါ်ဝေါ်ကြ၏။ ဤအချက်ကား ကမ္ဘာ့ရာဇ၀င်ကို တစ်မျိုးတစ်မည်ပြောင်းလွဲစေသည့် ရီနေဆန့်နှင့် ရီဖော်မေးရှင်းခေါ် ခေတ်သစ်ဝါဒ၊ လောကဓာတ်ပညာပြန့်ပွားရာ အကြောင်းအရပ်တည်း။ ဤအချက်ကား ကျွန်ုပ်တို့၏ ဂေါတမဘုရားသခင် ဟောကြားသော ကာလာမသုတ္တန် သဘောအရပင်တည်း။
ထိုလွတ်လပ်စွာတွေးတောပြောဆို ဆွေးနွေးလုပ်ကိုင်လိုသော စိတ်ရှိရမည်ဆိုသည်တွင် ကျွန်ုပ်တို့သည် မိမိထင်ရာ တွေးတောပြောဆို လုပ်ကိုင်ခြင်း မဟုတ်ပေ။ လောကရှိလူအပေါင်းတို့သည် ရေတွင်းထဲရှိ ဖားသူငယ်ကဲ့သို့ နေ၍မဖြစ်ပေ။ တစ်ဦးနှင့်တစ်ဦး ကူးလူးဆက်ဆံရလေသည်။ ယခုခေတ်အခါတွင် ဤသို့ကူးလူးဆက်ဆံခြင်းမှာ ပိုမို၍ နယ်ကျယ်လာလေသည်။ ယခု အတိုင်းတိုင်းအပြည်ပြည် ကြုံတွေ့နေရသော ရှားပါးရေးခေတ်သည် ထိုဥပဒေကို လွန်ဆန်၍ ကိုယ့်ဘက်ကိုယ့်သဘောကိုမြင်သော၊ ၀ါဒကြောင့်ဖြစ်သော ကမ္ဘာစစ်ကြီး၏ ပဲ့တင်သံဖြစ်လေသည်။ ထိုသို့ဖြစ်ရာ လူတိုင်းလူတိုင်း တစ်ဦးနှင့်တစ်ဦး အပေါင်းအသင်းသမဂ္ဂရှိမှသာ အမျိုးမျိုးသော အယူအဆအမှတ်အသားတို့ကို တွေ့မြင်သိရှိရ၍ ပိုမိုအမြင်ကျယ်လာနိုင်လေသည်။ သို့အမြင်ကျယ်မှ တစ်ဦးကိုတစ်ဦး အနာခံတတ်ခြင်း၊ စောင်မကူညီတတ်ခြင်း၊ အပြောအဆိုအနေအထိုင် ပြုပြင်လာခြင်း စသည်ဖြင့် လောက လူလုပ်တတ်သည့် အရည်အချင်းများ ရရှိနိုင်လေသည်။
ထို့ကြောင့် ထိုသို့ကူးလူးဆက်ဆံအမြင်သန်အောင် ကျောင်းများ၊ တက္ကသိုလ်များတွင် ကျောင်းအိပ်ကျောင်းစားထားခြင်း၊ အသင်းအပင်းများထောင်ခြင်း စသည်တို့ ပြုကြရလေသည်။ သို့ရာတွင် အပေါင်းအသင်း သမဂ္ဂအတွက် ပြုလုပ်ရာတွင် လွတ်လပ်စွာ မပြောရမဆိုရ မလုပ်ရမဆွေးနွေးရလျှင် မျက်စိပိတ်ထားသည်နှင့် တူပြန်သည်။ သို့ဖြစ်ရာ နှစ်ဘက်၊ နှစ်ချက်စုံမှ ပညာရေးအစစ်မည်လေသည်။
တဖန် ယနေ့ဖြစ်နေသော ကျောင်းသားများသည် နက်ဖြန် ပြည်ကြီးသားများ ဖြစ်ကြ၏ဟု ဆိုရိုးစကားရှိ၏။ သို့ဖြစ်ရာ ပြည်ကြီးသားတို့၏ အင်္ဂါလက္ခဏာနှင့်ညီအောင် အုပ်ချုပ်နည်း၊ မိမိအခွင့်အရေးအတွက် တိုက်ခိုက်နည်း၊ စကားပြောနည်း၊ စည်းကမ်းသေ၀ပ်နည်း၊ ကိုယ်လက်ကျန်းမာရေးစသည်ဖြင့် နည်းမျိုးစုံအောင် အသင်းအပင်းများ၊ ရဲတပ်များ၊ ကစားနည်းများကို ထွင်ကြရ၏။ ထိုမျှမက ယခုအခါ တစ်နိုင်ငံနှင့် တစ်နိုင်ငံမှာ ခွဲစပ်၍ မဖြစ်နိုင်။
တရုတ်ပြည်၊ စပိန်ပြည်၊ ပါလက်စတိုင်းပြည်တွင် အဖြစ်အပျက်များသည် ဤတိုင်းပြည်ကို၎င်း၊ ကမ္ဘာ့ယဉ်ကျေးခြင်းကို၎င်း၊ လူသတ္တ၀ါတို့အား၎င်း မည်သို့မည်ပုံ ထိခိုက်မည်ဟု သိနိုင်အောင် ကမ္ဘာ့အခြေကိုလည်း မိမိရရသိနိုင်ရန်လို၏။ ဤသည်တို့ကား အကြမ်းမျှ ကျောင်းသားတို့လုပ်ရမည့် ၀တ္တရားများဖြစ်ကြ၏။ ထို့ကြောင့် ကမ္ဘာရှိ ကျောင်းသားအပေါင်းတို့သည် လှုပ်လှုပ်ရွရွဖြစ်၍ စစ်မက်တားဆီးရေး၊ အလုပ်လက်မဲ့ ပပျောက်ရေး အကြောင်းစနစ်ကို ရှာဖွေနေကြ၏။ အခြေအထူးမလှသော စပိန်ပြည်နှင့် တရုတ်ပြည်တို့တွင် ကျောင်းသားတို့မှာ ကိုယ်ထိလက်ရောက် တိုက်ခိုက်နေကြရ၏။ ထို့ကြောင့် အချိန်အခါအလျောက်လည်း ကျောင်းသား၏၀တ္တရားလည်း ကွဲလာ၏။
ဤပြဆိုပြီးခဲ့သော ကျောင်းသားဝတ္တရားအားလုံးကို သိမြင်သည်နှင့်အညီ နောင်ခေတ်ဗမာပြည်ကို ဖန်တီးမည့်ကျောင်းသားများသည် ယခုလူများကဲ့သို့ မညီမညွှတ် မလုပ်တတ်၊ မကိုင်တတ်၊ မဖြစ်ရအောင် ကျွန်ုပ်တို့သည် ယခုအခါ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်းကြီးကို အထင်အရှား တည်ထောင်ထား၏။ ထိုအသင်းကို ၀င်ရောက်အားပေးရန်မှာ ကျောင်းသားတိုင်း တိုင်းပြည်ချစ်စိတ်ရှိသူတိုင်းတို့၏ တာဝန်ဝတ္တရားပင်တည်း။
မောင်အောင်ဆန်း
မန္တလေးသူရိယ (အမျိုးသားနေ့ အထူးစာစောင်)
၁၂၉၉ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ စာ ၁၇-၁၈
Posted by ညိမ်းညို at 23:27 2 comments
Labels: အမှတ်တရ
9 February 2008
တင့်ထူးကြီးရဲ့မွေးနေ့
ဒီကောင်ကြီးနဲ့ ကျွန်တော်က ငယ်ပေါင်းကြီးဖော်တော့ မဟုတ်ဘူးဗျ။ အသက် ၂၀ ကျော်မှ စပြီးပေါင်းဖြစ်ကြတာဆိုတော့ ကြီးပေါင်းကြီးဖော်ဆိုရင် ပိုပြီး မှန်မယ်ထင်တယ်။ ကြီးပေါင်းကြီးဖော်အဖြစ်နဲ့ ခင်မင်လာလိုက်ကြတာ၊ အချိန်အတိုင်းအတာအားဖြင့် သိပ်မကြာသေးဘူးဆိုပေမဲ့ ဒီကောင်ကြီးနဲ့ ကျွန်တော့်ကြားမှာ အမှတ်တရဖြစ်စရာတွေက အများသား။ ပြင်ဦးလွင်က သင်တန်းတစ်ခုမှာ စပြီးတွေ့ခဲ့ကြတယ်။ မှတ်မှတ်ရရ သင်တန်းက နံရံကပ်စာစောင်မှာ။ တစ်ဖက်သင်တန်းမှာရှိတဲ့ ဘွဲ့လွန်သင်တန်းသားတွေနဲ့ အပြိုင်ကြဲရမှာဆိုတော့ ကျွန်တော်တို့သူငယ်ချင်းတွေလည်း တတ်သလောက်မှတ်သလောက် တော်တော်လေးကို အားထည့်ပြီးနွှဲလိုက်ကြတယ်။ အဲဒီမှာ ဆရာမောင်ချောနွယ်ပြောခဲ့သလိုပါပဲ။ "လမ်းတူရင် လူမရွေးဘူး" ဆိုတဲ့ကောင်တွေချည်းပဲ သွားဆုံမိကြတာဆိုတော့ ဘာပြောကောင်းမလဲ၊ တစ်ယောက်နဲ့တစ်ယောက် ညီအကိုရင်းတွေလို ခင်မင်ရင်းနှီးသွားလိုက်ကြတာ ဒီနေ့ထိတိုင်အောင်ပါပဲ။ နောက် ဖြိုးငယ် ရယ် ကျွန်တော်ရယ် ဒီကောင်ကြီးရယ် သုံးယောက်ပေါင်းပြီးတော့ ပွင့်သစ် ကဗျာစာအုပ်လေးထုတ်ဖြစ်ကြတယ်။ ဘလော့တွေ လုပ်ဖြစ်ကြပြန်တော့လည်း ကြိုပြီးတိုင်ပင်ထားတာမျိုးမဟုတ်ဘဲနဲ့ သူရော ကျွန်တော်ရော လတစ်လထဲမှာ အတူတူ စပြီးလုပ်ဖြစ်ကြတယ်။ တစ်ယောက်ကိုတစ်ယောက်လိပ်စာပေးကြတော့မှပဲ အတွဲလေးတွေကိုယ်စီနဲ့ (အဲလေ...) ဘလော့လေးတွေ ကိုယ်စီနဲ့ အဆင်ပြေနေကြပြီဆိုတာ သိရတာ။ အခုချိန်ထိ ဒီကောင်ကြီးက သူ့ဘလော့လေးမှာ ဘာအရောအယှက်မှ မခံပဲနဲ့ ကဗျာတစ်မျိုးတည်းကိုသာ သီးသန့်ထုတ်လုပ်ပေးနေတာကိုဖြင့် ကဗျာချစ်တဲ့ သူ့ရဲ့စိတ်ကို မလေးစားပဲမနေနိုင်ဘူး။ ( တင့်ထူးရေ ငါတော့ အလကားရပါတယ်ဆိုပြီး စွတ်မြောက်နေတယ်ဟေ့..။ ဘုန်းကြီးရူးနဲ့လှေအလူး၊ လှိုင်းကလည်းမူးမူးနဲ့တော့ တွေ့နေကြပြန်ပါပီကွာ ဆိုမှဖြင့် ဒွတ်ခ :P )
ဒီရောက်လာပြန်တော့လည်း ကျောင်းချင်းမတူကြပေမဲ့ အဆက်အသွယ်တော့ အမြဲရှိကြတယ်။ ကျောင်းပိတ်ရက်ရှည်တွေဆို သူငယ်ချင်းတွေ တစ်ကျောင်းကျောင်းမှာ စုဖြစ်ကြတယ်။ အံ့သြဖို့ကောင်းတာတစ်ခုက ကျွန်တော်တို့ သူငယ်ချင်းတွေ အကြိမ်ကြိမ် အတွေးအမြင်ကွဲပြားတာတွေ ရှိခဲ့ကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝမ်းကွဲတယ်ဆိုတာမျိုးကတော့ တစ်ခါမှကို မတစ်ခါဘူးတာဗျ။ အွန်လိုင်းဗားရှင်း တစ်ပုဒ်လောက်ချရအောင်ကွာဆိုပြီး ဒီကောင်ကြီးနဲ့ ကျွန်တော် ငါတို့အတောင်ပံခတ်သံဟာ ကဗျာနံရံကိုရိုက်ခတ် ဆိုတဲ့ ကဗျာတစ်ပုဒ် အွန်လိုင်းမှာဆုံပြီးရေးခဲ့ဖူးတယ်။ နောက် ဒီကောင်ကြီးအပါအ၀င် ကျန်တဲ့သူငယ်ချင်းတွေနဲ့လည်း ဆုံဖြစ်တိုင်းလိုလို ကဗျာတော်တော်များများကို စုပြီးရေးဖြစ်ကြတယ်။ တစ်ခါသားမှာ သူ့ကို ကျွန်တော်က ထွက်မလာပါနဲ့သူငယ်ချင်းရယ် ကြောင်ကြီးကိုက်လိမ့်မယ် ဆိုတဲ့ကဗျာနဲ့ လှမ်းပြီးနောက်လိုက်တော့ သူကလည်း မင်းငါ့ကိုလာနှိုးတော့ ညိမ်းညို ဆိုပြီး ချက်ချင်း လက်တုန့်ပြန်တယ်ဗျ။ အဟား.. တော်တော်ချစ်ဖို့ကောင်းတဲ့ကောင်။ အော် ပြောရဦးမယ်။ ကျွန်တော်တို့ကသာ ကိုယ့်သူငယ်ချင်းမို့ ခင်မင်ရင်းနှီးလွန်းလို့ သူ့နာမ်စားကို အာလုတ်သံကြီးနဲ့ ဒီကောင်ကြီး...ဒီကောင်ကြီး ဆိုပြီး သုံးနှုန်းနေတာ၊ တကယ်တော့ လူက ဖလန်လေးရယ်...၊ ကျွန်တော့်သုံးပုံနှစ်ပုံလောက် :) မျှားပြာ နဲ့ဆို တစ်ဝက်လောက်ပဲ ရှိမယ်ထင်တယ် :P (တင့်ထူးရေ စိတ်မဆိုးကြေး၊ စိတ်ဆိုးလဲ ဂရုစိုက်မှာ မဟုတ်လို့ ဟဲဟဲ :D )
သူငယ်ချင်းရေ... ကိတ်မုန့်ဖုတ်ဖို့ အချိန်မရလိုက်ပေမဲ့ မင်းမွေးနေ့အတွက် ငါ ကဗျာတစ်ပုဒ်ရေးဖြစ်ပါတယ်ကွာ။ နှစ်သက်ဝမ်းမြောက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကြီးပေါင်းကြီးဖော် သူငယ်ချင်းတင့်ထူးတစ်ယောက် ၂၃ နှစ်မြောက်မွေးနေ့မှသည် နှစ်တစ်ရာတိုင်အောင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။ ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ :) :) :)
*** *** ***
သူ့ကဗျာတွေဟာ သူ့နံဘေးမှာ ဆောင်ဓားတစ်လက်လို မြဲမြံနေခဲ့ ၂၃ ရာသီ.. ...
ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
ခေတ်ရဲ့ဟန်ပန်ကို
တကိုယ်တော် ထုဆစ်ပုံဖော်ခဲ့
၂၃ ရာသီ... ...
ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
နှစ်ကာလရဲ့ ယိမ်းယိုင်ယိုယွင်းမှုကို
တကိုယ်တော် တည့်မတ်ထိန်းသိမ်းခဲ့
၂၃ ရာသီ... ...
ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
ပေါ်ပင်လိုက်မှုရဲ့ ငြင်းခုန်သံတွေကို
တကိုယ်တော် ကင်းလွတ်ရိုးရှင်းစွာနေထိုင်ခဲ့
၂၃ ရာသီ... ...
ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
အလံထောင်ဆရာတစ်ချို့ရဲ့ ပိုင်စိုးပိုင်နင်းကြုံးသွင်းမှုတွေကို
တကိုယ်တော် လှလှပပကြီးရုန်းထွက်ခဲ့
၂၃ ရာသီ ... ...
ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
အမဲလိုက်သမားတို့ရဲ့ အနုပညာယုန်ဖြူလေးကို
တကိုယ်တော် သန်သန်စွမ်းစွမ်းမွေးမြူခဲ့
၂၃ ရာသီ... ...
ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
ငွေစကြေးစတို့ရဲ့ ချစ်ခြင်းမေတ္တာတစ်ပတ်နွမ်းလေးကို
တကိုယ်တော် ပိုက်ထွေးယုယဖြူစင်စေခဲ့
၂၃ ရာသီ... ...
ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
နာမည်အတုအစစ်တို့ရဲ့ သရဲလက်တံအရှည်ကြီးတွေကို
တကိုယ်တော် ရိုက်ချိုးဖြတ်တောက်ပစ်ခဲ့
၂၃ ရာသီ... ...
ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
သံယောဇဉ်ရွှေသားတို့ရဲ့ နူးညံ့ကျယ်ပြန့်မှုကို
တကိုယ်တော် ကဗျာဒြပ်စင်ကသိုဏ်းရှုခဲ့
၂၃ ရာသီ... ...
ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
နယ်နိမိတ်ကင်းမဲ့ခြင်းရဲ့ စာနာနားလည်မှုကို
တကိုယ်တော် မားမားမတ်မတ်ရပ်တည်ကျင့်သုံးခဲ့
၂၃ ရာသီ... ...
ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
ဟန်နေဟန်ထားအသီးသီးတို့ရဲ့ မာယာသုတ်လိမ်းညွှတ်ကွင်းထောင်ချောက်တွေကို
တကိုယ်တော် လှီးဖြတ်သတ်ပုတ်ခဲ့
၂၃ ရာသီ... ...
ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
အပေါစားတံဆိပ်ကပ်မှုတို့ရဲ့ ပူးတုံခွာတုံရှိဟန်ကို
တကိုယ်တော် ပေါ့ပါးကြည်သာစွာတုန့်ပြန်နိုင်ခဲ့
၂၃ ရာသီ... ...
ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
ရိုးဂုဏ်ရိုးဒြပ်တို့ရဲ့ သိပ်သည်းဆအနက်အဓိပ္ပါယ်ကို
တကိုယ်တော် ပွားများဆည်းပူးခဲ့
၂၃ ရာသီ... ...
ဒီလိုနဲ့..
သူ့ကဗျာတွေဟာ သူ့နံဘေးမှာ ဆောင်ဓားတစ်လက်လို မြဲမြံနေခဲ့
၂၃ ရာသီ.. ...။
ညိမ်းညို
Posted by ညိမ်းညို at 01:23 6 comments
Labels: အမှတ်တရ
Diseño por headsetoptions | A Blogger por Blog and Web

