28 January 2010

ကဗျာရေ ပြန်လာပါတော့

ဖော့များ

ပေါ့ပါးလွန်းတာလား
နေတတ်နိုင်လွန်းတာလား
အလေးအနက်ကူးခတ်ကြမယ်ဆိုတိုင်း
ငါတို့တွေ ပေါလော။

ရေတံခွန်

ဝမ်းဗိုက်ထဲ
မြို့ဟောင်းတစ်ခု ၀ှက်ထားလိမ့်နိုးထင်ကြ၊

တကယ်ဆို
ချောက်ကမ်းပါးမှာ တွဲလောင်းခိုရင်း
စမ်းချောင်းလေးကို သားပေါက်စေသူ။

တစ်နှစ်တာ

စက်ဝိုင်းကြီးထဲ
ဥသုံးလုံး ဥ
အကောင်လေး ၃၆၀ ပေါက်ဖွား၊

ထိုအကောင်လေးများ
တရွေ့ရွေ့ ပျံသန်းသွား
စက်ဝိုင်းကြီးထဲ...။

မေးခွန်း

နွေမှာ
အပူဒဏ်ကိုကြောက်လို့ ယပ်တောင်ဆောင်ကြတယ်

မိုးမှာ
စွတ်စိုမှုကိုကြောက်လို့ ထီးဆောင်ကြတယ်

ဆောင်းမှာ
အအေးဓာတ်ကိုကြောက်လို့ အနွေးထည်ဆောင်ကြတယ်

သုံးရာသီလုံးမှာ
ငါက ဘာကိုကြောက်လို့
ကဗျာတွေ ဆောင်ထားရတာလဲ။

ဆုတ်သူ

ရှေ့မတိုးပါနဲ့ဆိုလို့
နောက်တစ်လှမ်းဆုတ်ပေးခဲ့တယ်
ကျသွားတဲ့ချောက်ကမ်းပါးထဲ
အလွမ်းဟာ နံရံတွေဆီ အမြစ်တွယ်လို့။

အထိအရှများ

တ- လေတစ်ဝှေ့ (၀ါးတစ်လှည်းလုံးဖုတ်ထားရတဲ့ ပြာတစ်ဆုပ်အတွက်)
ဒု- အပ်ဖျားတစ်ထောက်စာ (လေပြည့်နေတဲ့ ပူစီပေါင်းတစ်လုံးအတွက်)
ပ- မေ့လိုက်ပါ (တစ်ဘ၀လုံးစောင့်ခဲ့ရသူအတွက်)

ပြီးခဲ့တဲ့နွေ

ကျောက်ခဲနှစ်လုံးက၀ှက်ထားတဲ့ မီးတောက်ကိုတွေ့ခဲ့တယ်
လူနှစ်ယောက်က၀ှက်ထားတဲ့ သနားဂရုဏာကိုတွေ့ခဲ့တယ်
သံယောဇဉ်က၀ှက်ထားတဲ့ ဥပက္ခာကိုတွေ့ခဲ့တယ်
အချစ်က၀ှက်ထားတဲ့ လူငယ်တစ်ယောက်ကိုတွေ့ခဲ့တယ်
ဘာသိဘာသာထောင့်ချိုးတစ်ခုမှာ သိုးနေအောင် အိပ်ပျော်ပါစေတော့။

ကဗျာရေ ပြန်လာပါတော့

မင်းကို ခုနစ်တန်းကျောင်းသားထဲက ချစ်ရေးဆိုခဲ့တာပါကွာ
၁၂နှစ်တာ ပေါင်းသင်းခဲ့တဲ့မျက်နှာကိုထောက်ထားပြီး ပြန်လာပါကွာ
မင်းက ငါ့ဝိညာဉ်ကိုနှုတ်ယူပြီး ခရီးအဝေးကြီးထွက်သွားတော့
ငါ့မှာ ကွင်းပြင်ထဲ ထီးထီး
ခြေလက်မလှုပ်ရှားနိုင်တဲ့ စာခြောက်ရုပ်လို ကျန်နေခဲ့တာပေါ့
တခါတလေ ၀ါးလက်ခုပ်အားကိုးနဲ့ ငှက်ပေါက်စနလေးတွေကို ခြောက်လှန့်ရသလိုမျိုး
နှစ်ကြောင်းရေးတစ်ကြောင်းခြစ် ကဗျာတိုလေးတွေရေးရေးပြီး
ငါ့သွေးငါ မီးထိုးနေရတာပေါ့
ကဗျာရေ
ရွာရိုးကိုးပေါက်အောင် ငါ့သွေးထဲ မင်းလာလျှောက်ပါတော့။

ညိမ်းညို

- အဆုံးရှုံးဆုံးခရီးဆိုတာ လက်မဲ့ခြေဗလာနဲ့ ညထဲကထွက်လိုက်ရတဲ့ မနက်ခင်းတစ်ခုပေါ့။ ကဗျာကိုတူးဖော်လို့မရတဲ့ ညတွေဟာ ကျနော်ရှုံးရတဲ့ ညတွေပါပဲ။

20 January 2010

မြစ်ကမ်းဘေးမှာ

လှိုင်းတွေ ခုတ်မောင်းပြီး
သင်္ဘောတွေ လေလွင့်နေတယ်

ဘဲငန်းတွေ မှိုင်တွေပြီး
ငါးမျှားတံတွေ ထပျံနေတယ်

ဒိုက်ဖတ်တွေ ကခုန်ပြီး
အိပ်မက်တွေ ပေါလောမျောနေတယ်

ကျောက်တုံးတွေ ကူးခတ်ပြီး
ငါးတွေ ငုတ်တုတ်ထိုင်နေတယ်

အဲဒီမြစ်ကမ်းဘေးမှာ
လူတစ်ယောက် ဆုတ်ဖြဲခံရပြီး
ကဗျာတစ်ပုဒ် လမ်းလျှောက်ထွက်နေရဲ့ ။

ညိမ်းညို

18 January 2010

ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ

လူကြီးလူကောင်းတို့
နိုင်ငံကြီးသားအပေါင်းတို့
စားကြလော့ သောက်ကြလော့
ဒါဟာ ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ အမဲရိုးအတွက် ဟင်းအိုးကိုမမှောက်ခဲ့ဖူးတဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ မည်းမည်းမြင်တိုင်း မဟောင်ခဲ့ မကိုက်ခဲ့ဖူးတဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ ကတုံးပေါ်ထိပ်မကွက်ခဲ့ဖူးတဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ ဘနဖူးကို သိုက်မတူးခဲ့ဖူးတဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ ကမ္ဘာမီးလောင်လို့မှ သားကောင်ကိုချမနင်းခဲ့ဖူးတဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ ရိုးရိုးသားသား ကိုယ့်လမ်းကြောင်းကိုယ် လျှောက်ခဲ့တဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ ခရေစေ့တွင်းကျ ပွင့်လင်းပြဖို့ ခက်ခဲလှတဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ ဟောင်ဖွာဟောင်ဖွာလုပ်ဖို့ ပျင်းရိလွန်းလှတဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ စကားလုံးအကြီးကြီးတွေပြောရင် မထုံတက်တေးလုပ်နေတတ်တဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ ရိုးသားမှုမှမပါရင် ဘယ်ဟာမှ အစစ်အမှန်မဟုတ်ဘူးလို့ ယုံကြည်ထားတဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ အရောင်ပြိုးပြိုးပျက်ပျက်တွေကို မြင်ရတိုင်း အလွယ်တကူ မျက်စိမကျိန်းတတ်တဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ နွေးထွေးတဲ့လက်အစုံကို အစဉ်သဖြင့် ကမ်းလင့်ကြိုဆိုနေတတ်တဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ မတရားမှုတွေမှာ ကိုယ့်အစွယ်ကိုယ်ချိုး ဂုတ်ပိုးကို ခပ်ဆတ်ဆတ်လေးအုပ်ထားတတ်တဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

တစ်ချိန်တစ်ခါတုံးက
အမည်နာမတွေရဲ့ ပညတ်ချက်ကို
အလေးမထားပါဘူးဆိုတဲ့ ဒေါက်တာသိမ်းမောင်ကို
(မရိုသေ့စကား) ခွေးသိမ်းမောင်ခေါ်ရင် ကြိုက်မလားလို့ မေးခဲ့ကြဖူးရဲ့
နောက်..ဒေါက်တာသိမ်းမောင်ဟာ သခင်သိမ်းမောင်ဖြစ်လာခဲ့တယ်

ယဉ်ကျေးမှုမထွန်းကားပါဘူးဆိုတဲ့
အဆင့်အတန်းမြင့်မြင့် မတွေးခေါ်နိုင်ပါဘူးဆိုတဲ့
ဦးနှောက်အကျဉ်းကျနေရတာပါဆိုတဲ့
ကိုယ့်ဝပ်ကျင်းလေးကိုယ် မစွန့်နိုင်ပါဘူးဆိုတဲ့
ငမြောက်ငခြောက် ချွတ်တားလေးပါဆိုတဲ့
ဟောဒီ အရိုင်းအစိုင်းကောင်ဟာ ခွေးတစ်ကောင်ပေါ့ကွယ်

အို လူကြီးလူကောင်းတို့
နိုင်ငံကြီးသားအပေါင်းတို့
ခေါ်ကြလော့ တွင်ကြလော့
ကျွန်ုပ်ရဲ့ အမည်နာမကို လှိုင်လှိုင်ကြီး သုံးစွဲတော်မူကြလော့
စိတ်ရဲ့အာသာ ပြေရာပြေကြောင်း အလိုရှိသလို ခိုင်းနှိုင်းတော်မူကြလော့
အန္တိမတံခါးအ၀မှာ သင့်ကိုတည့်တည့်ကြည့်လို့ ကျွန်ုပ်ရပ်နေတယ်။

ညိမ်းညို

- အရင်က တစ်ခါတင်ဖူးပါတယ်။ အခုပြန်တင်ပါတယ်။

16 January 2010

အနုပညာဟူသမျှ လှိုင်ကြပါစေ

‘အနာဂတ်အကြောင်း ပြောတယ်ဆိုတာ၊ တမင်လိမ်တာ မဟုတ်ပေမဲ့ မုသားဖြစ်ချင်လဲ ဖြစ်သွားတတ်တယ်။’ (အာရပ်စကားပုံ)

လူ့သမိုင်းတစ်လျောက် ဖြစ်ပျက်ခဲ့တာတွေက အတော်ပဲ ရှုပ်ထွေးတယ်။ အလှည့်အပြောင်း များတယ်။ ဘာပြီးရင် ဘာဖြစ်မယ်ဆိုတဲ့ စီစဉ်တကျရှိမှုမျိုး၊ နေသားတကျရှိမှုမျိုး အတော့်ကိုရှားတာ တွေ့နိုင်ပါတယ်။ ပညာရှင်အထွေထွေက နယ်ပယ်အသီးသီးမှာ ရှေ့အလားအလာအတွက် ဟောကိန်းတွေ ထုတ်ပေးလေ့ရှိကြတယ်။ ဟောကိန်းဆိုတာထက် မျှော်ခေါ်ချက်၊ ယူဆချက်တွေပေါ့။ ဖြစ်လာနိုင်စွမ်းရှိတဲ့ အကြောင်းအရာတွေကို သက်သေအစုံအလင်၊ စမ်းသပ်မှုအပုံအပင်နဲ့ ကျိုးကြောင်းဆီလျော် ဖော်ထုတ်တင်ပြကြတာပါပဲ။ သို့ပေမဲ့ ကံသေကံမ ဖြစ်ကိုဖြစ်ရမယ်လို့ ဘယ်ပညာရှင်မှ အာမ မခံပါဘူး။ လူအဖွဲ့အစည်းရဲ့စံနှုန်းနဲ့ လိုအပ်ချက်တွေ၊ ပညာရပ်နယ်ပယ်အသီးသီးရဲ့ အရွေ့တွေ၊ ပါရာဒိုင်းတွေက ‘မမြဲခြင်း’ ဆိုတဲ့ အနှစ်ချုပ်သဘောကို ဆောင်နေလို့ဖြစ်မယ် ထင်ပါတယ်။

အကြားအမြင်ပေါက် ဟောကိန်းတွေ မထုတ်သင့်တဲ့အထဲမှာ အနုပညာဟာ ထိပ်ဆုံးကပါမယ် ထင်ပါတယ်။ ဘယ်လိုအမျိုးအစားတွေကတော့ တချိန်မှာ မုချကျဆုံးမယ်၊ ဘယ်အမျိုးအစားတွေကတော့ မှတ်တမ်းဝင်ကျန်ရစ်ခဲ့မယ်။ အဘယ်အမျိုးအစားမှသာလျှင် ပြည်သူနဲ့ထပ်တူကျတယ်၊ ဘယ်အယူအဆ…၊ ဘယ်ဝါဒမှ….. စသည်ဖြင့်ပေါ့။ ယူဆချက်၊ သုံးသပ်ချက်အနေနဲ့ ဘောင်တစ်ခုအတွင်းမှာ အကြုံးဝင်ပေမဲ့ သေချာပေါက် အတပ်ဟောကိန်းကြီးအနေနဲ့ အကြားအမြင်ပေါက်ပြတဲ့ အခါမျိုးကျ အချိန်ကာလရဲ့ စမ်းသပ်မှုအောက်မှာ အတော်လေး အရုပ်ဆိုးသွားတတ်တာမျိုးပါ။ အနုပညာကိစ္စမှာ လတ်တလော အဆင်ပြေမှုတစ်ခုကိုသာ ကြည့်ပြီး၊ နောက်အနှစ် ၆၀မှာ ဆင်ဖြူတော်ကြီး ဖြစ်လာပါလိမ့်မယ်ဆိုတဲ့ ဦးပေါ်ဦးရဲ့ လျှောက်ထားချက်မျိုးကို အားမကျသင့်ပါဘူး။ နောင် အနှစ် ၆၀မှာ ကျနော်တို့အားလုံး သေသွားပြီထား၊ ကျနော်တို့ တွေးခဲ့ရေးခဲ့ကြတဲ့ စာတွေကတော့ ဆက်ပြီး ကျန်နေခဲ့ဦးမှာ မို့ပါပဲ။

+++

၂၀ရာစု စာရေးဆရာ မာဘယ်လ်ပရော့စ်ရဲ့ စကားကို ကိုးကားခွင့်ပြုပါ။

‘ဟုတ်ပါတယ်။ စကြာဝဠာကြီးဟာ ကျနော်တို့အားလုံးအတွက် အမှန်တရားပေါ့။ တစ်ဦးတစ်ယောက်ချင်းစီ အတွက်တော့ တစ်ကျောင်းတစ်ဂါထာပေါ့။’

+++

အတွေးအခေါ်ဟူသမျှ ပြိုင်ကြပါစေ
ပန်းဟူသမျှ လှိုင်ကြပါစေ- မင်းသုဝဏ်

အနုပညာဟူသမျှ ပြိုင်ကြပါစေတော့ မရှိကောင်းဘူးပေါ့။ အနုပညာဟူသမျှ လှိုင်ကြပါစေ။

ညိမ်းညို

10 January 2010

ကမ်းပါး

မြစ်ကိုထိန်းရတာ
အကြောင်းမဟုတ်ဘူး
လှိုင်းတွေ လိုက်လိုက်သိမ်းနေရတာက
ပြဿနာ။

ညိမ်းညို

8 January 2010

ဂျုံရိုးဦးထုပ်လေးတွေ

တောကျွဲကြီးရထားပေါ်မှာ
အရွယ်စုံဆိုဒ်စုံ ဂျုံရိုးဦးထုပ်လေးတွေကိုငေးရင်း
ကိုယ့်ကိုယ်ကို အားယူပြုံးမိ
ဘယ်လိုမှ အသုံးမကျဘူးထင်ရ
နေပူပူ လေပူပူ
ကျွတ်ဆတ်တောင့်တင်း ဂျုံရိုးလေးတွေတောင်
အေးသောအရိပ်ကိုပေးစွမ်းနိုင်တယ်ဆိုတာ..။

ညိမ်းညို

Idea
အောက်တိုဘာ၊ ၂၀၀၉။

7 January 2010

သုံး နဲ့ တစ်

သုံး နဲ့ တစ်
ဗသားချော

(၁)
သုံး အချိုး တစ် သို့မဟုတ် သုံးပုံတစ်ပုံ
နောက်ပြီးတော့
သုံး နဲ့ တစ် ဒါမှမဟုတ် သုံး အပေါင်း တစ်
ခေတ် နဲ့ စနစ် အရ
ဒီလိုပဲ ဇယားချလိုက်မယ်ကွာ ။

(၂)
မောင်လွမ်းရေ
ဒဏ်ရာတစ်ချို့ကိုသာ ထုတ်ထုတ်ပြတတ်တဲ့
ကဗျာတွေအပေါ် လူမသိ သူမသိ ၀ါးမျိုချင်တတ်တဲ့
အရေးအကြောင်းဆို လူနဲ့ မလိုက်အောင် ပေါ့ပါးချက်ချာတဲ့
ရင်ဘတ်အနီးဆုံး ကဗျာဆရာရေ ။

မောင်လွမ်း
မင်းဟက်ဟက်ပက်ပက် မရယ်နိုင်သေးတဲ့ တစ်ချို့ရော
မက်မက်စက်စက် ပျော်ဝင်ခဲ့တဲ့ တစ်ချို့တွေရော
ကျန်ခဲ့ပြန်ပြီ .....
ငတို့လျောက်မယ့်လမ်းက ငတို့လျောက်ခဲ့တဲ့လမ်းထက်
အဆပေါင်းများစွာ ရှည်လျားဝေးကွာနေပေါ့ ။

ဒီလိုပါပဲ မောင်လွမ်းရယ်
ကျောထောက်နောက်ခံ မကောင်းသေးတဲ့
ငတို့လမ်းတွေမှာ
မိုးတွေက ခုထိရွာတုန်း

ငါပြောရဲပါတယ်
ဟောဒီဆယ်စုနှစ်ထဲမှာ
လူပစ်အများဆုံး ဖဲက ငတို့ပဲ
မင့် အရက်မူးတဲ့အခါ ဆေးလိပ်မီးညှိသလိုပေါ့
မြင်ရက်နဲ့ လွဲ လွဲနိုင်လွန်းတယ်ကွာ ။

(၃)
သုံးရာသီမှာ မသိခဲ့ပေမယ့်
လေးရာသီမှာ ရှိခဲ့ပြီ
ငတို့ ရပ်ခဲ့တာ ဘာကြောင့်လဲ
ငတို့ ဆက်မယ့်ဟာ ဘာအတွက်လဲ

ငတို့ အရည်ရွှမ်းတဲ့ အသီးတွေ သီးကြမယ်ကွာ
ဒီမြေမှာ ဒီလေကိုရှုရှိုက်
ငတို့ စိုက်ဖို့ မြေယာကြမ်းခင်းတွေက
ထုထည် အုံကျင်း အသင်းအပင်းနဲ့ပေါ့ ။

ရဲလိုက်စမ်းပါ မောင်လွမ်းရေ
ဟောဒီမြေက ငတို့ကိုထမ်းမထားရဘူးဆိုတာ
ငတို့ အသက်မအောင့်ပဲ သက်သေပြကြတာပေါ့ ။

(၄)
ဘိုညိမ်းရေ
ကဗျာလောဘ သားကောင်ကြီးရေ ..
ငတို့ခေတ်ရဲ့ မောင်ချောနွယ်ကြီးရေ
အနုပညာလယ်ဧကပေါင်းများစွာကို အားပါးတရ သိမ်းပိုက်ချင်နေတဲ့
ထွန်တုံးပေါ်က ကဗျာဆရာရေ ။

ဘိုညိမ်း
ခေတ္တရာဖွားမှ မဟုတ်ပါဘူး
ကဗျာသားဝတဲ့အခါ
ကဗျာမင်းသားက မင်းပဲဆိုတာ
မမူးလည်း ငတို့လက်ခံနေကျပေါ့
(မင်းသမီးက သူမဟုတ်မှန်း မင်းတို့ ငတို့သိပါရဲ့ကွာ)

(၅)
မင့် ကျောပိုးအိတ်ကြီး ချိတ်ပေါ်ရောက်လို့
မင့်ပခုံးပေါ် ဘေးလွယ်အိတ်ရောက်လာတာလည်း ခေတ်ပဲ
ကော့ညက်ကုန်လို့ ဗော့ဒကာပြောင်းရတာလည်း ခေတ်ပဲ
(အချိန်လည်းပါသပေါ့ကွာ)
ဘာပဲ ဖြစ်ဖြစ်
ငတို့ လွှင့်ပစ်ရမှာလည်း ခေတ်ပဲ
ငတို့ သောက်ပစ်ရမှာလည်း ခေတ်ပဲ
ငတို့ မြည်းပစ်ရမှာပဲလည်း ခေတ်ပဲလေ ။

ဆယ့်တစ်ယောက်ချင်းကန်ကြတဲ့ပွဲမှာ
ငတို့က ဘောလုံးတစ်လုံးဖြစ်ချင်လည်း ဖြစ်မယ်ကွာ
မိနစ်ကိုးဆယ်ကလည်း
နောက်ထပ်ကိုးဆယ် တစ်ခုဖြစ်ချင်ဖြစ်မပေါ့
ဘာပဲဖြစ်ဖြစ်ပါ
ငတို့ချစ်ခဲ့ကြတယ်ဆိုတာ
ဟောဒီခေတ်က အသိဆုံးပါ ဘိုညိမ်းရေ ... ။

ကလိုက်စမ်းပါ ဘိုညိမ်းရာ
သူတို့ခြယ်ပေးထားတဲ့ အရောင်ကြမ်းတွေအောက်က လူတစ်ယောက်
ဘယ်လောက်ထိ နှလုံးသားလားမြောက်တယ် ဆိုတာ
ငတို့ရဲ့ ထိချက်အကျမှာ တိုင်ပင်တွေပြကြတာပေါ့ကွာ ။

ဘယ်ဘက်မျက်လုံးကိုမှိတ်
ညာဘက်လက်နဲ့ဆွဲတင်
ပစ်မှတ်တွေ ညွှတ်ကျ
မင့် ချိန်သားလှပါစေ ဘိုညိမ်းရေ ။

( ၉ )
ဦးတင့် ...
နှစ်ချို့လေ အရသာတက်လေဆိုတဲ့
ဝိုင်လိုကဗျာတွေ စီမံတဲ့ လူကြီး
အရွယ်နဲ့ မလိုက်အောင် စကားလုံးတွေ သယ်နိုင်တဲ့ကောင်ကြီး
တနင်္ဂနွေနေ့တိုင်း သစ္စာတိုင်တေးချင်းတွေ ရွတ်တတ်တဲ့ လူကြီး
နက်ပြာရောင် ကုတ်အကျီ င်္ မကြာခဏ ၀တ်တတ်တဲ့ ကဗျာဆရာရေ ။

ငတို့ ဘယ်ပေါင်ကိုပဲမြှောက်မြှောက်
ဘယ်လက်ကိုပဲ မြှောက်မြှောက်
ဘယ်ဆို ညာ ညာဆို ဘယ် (အံကျ)
အရအမိ ဆုပ်ကြမယ်ကွာ
အလိပ် ၅၀ နော် ဦးတင့် ။

မင့်အတွက် တနင်္ဂနွေနေ့ဟာ သစ္စာ
Swatch နာရီတစ်လုံးဟာ မေတ္တာ
နှစ်တွေချို့လာတဲ့အခါ ကဗျာပေါ့
မဆိုင်တဲ့ အရောင်မှိုင်းမှိုင်းတွေများ
ယောင်လို့တောင်မစွက်မိစေနဲ့
ငါ့လိုလည်း ခွက်အများကြီး မသောက်နဲ့ ပေါ့ကွာ ။

တစ်ချို့တစ်လေက
မစို့မပို့နဲ့ မူးတတ်ကြတယ်ကွ
ကိုယ်ခံအားနည်းတဲ့အခါများ
မင်းတို့ ငတို့လည်း မူးကြတာပါပဲကွာ
ဘာပဲဖြစ်ဖြစ် ကိုယ့်လစ်မစ်နဲ့ ကိုယ်ပေါ့
မင်းလည်း ကဗျာပါးဝပြီးသားပါ ဦးတင့်ရာ ။

မြန်နှုန်းမြင့် ဆက်သွယ်မှုနဲ့
မင့်ရင်ထဲက သစ္စာပန်းတွေပွင့်ဝေတဲ့ည
ဝိုင်တွေနဲ့ တည်ခင်းပြီး
ပုံမှန်လေးပဲ သောက်ကြပါစို့ကွာ ။

(၁၀)
ငါက မင်းတို့ကို ချစ်တယ်
မင်းတို့က ငါ့ကိုချစ်တယ်
ငတို့ရဲ့ ယောကျာ်းချင်းချစ်တဲ့အချစ်မှာ Anti-Virus မလိုဘူး
ငတို့ ချစ်တဲ့ အချစ်မှာ
ငတို့က ချစ်တဲ့အချစ်မှာ
စစ်ဖြစ်ခဲ့ရင်တောင်
ကဗျာတွေနဲ့ ပစ်ကြပါစို့ကွာ ။
(အဲဒီစစ်မှာ မီးတောက်တွေမပါဘူးနော် )

မိုက်သားပြည့်နေတဲ့ ငါတစ်ယောက်
(အဲဒီ မိုက်သားထဲ မင်းတို့ အားတွေလည်းပါတယ် )
ဗော့ဒကာမသောက်တော့ ထူးဆန်းမနေဘူးလား
မင်းတို့အပေါ် ထူးဆန်းတဲ့အချစ်တွေနဲ့ ချစ်လို့ပေါ့ကွာ

မင်းတို့တင် မကတာတွေ အတွက်
ငါချစ်ရတဲ့ သူတွေအတွက်
(အချို့ အချို့ ၊ အချို့သော အချို့သောတွေ အတွက်)
ဒီတစ်ခွက်လောက် မငှဲ့လည်း အကျိုးမနည်းလောက်ပါဘူးနော်
အဆင်ပြေတယ်နော် ဦးတင့် ။

(၁၁)
မင်းတို့ ညှပ်ညှပ်ပစ်ပြီး
ရှည်ရှည်လာနေတဲ့ ဆံပင်တစ်ချို့ရှိတယ်
မညှပ်ပစ်နိုင်ခဲ့ဘူး
သက်တမ်းကုန်တစ်ချို့
အိပ်ရာကနိုးတိုင်း ခေါင်းအုံးပေါ် ကြွေကြွေကျနေတယ်
(တစ်ချို့တစ်လေများ အဲလိုကြွေသွားခဲ့ရင် ငါဝမ်းသာမိကောင်းပါရဲ့)
ဗောက်တွေ ဗလပွနဲ့ အဲဒီဆံပင်ရှည်တွေကို
ငါမြတ်နိုးနေတတ်တုန်းပဲ ဘိုညိမ်းရေ
(နွေရာသီများဆို သိပ်ပူတာပေါ့ကွာ) ။

မျှော်လင့်ချက် သေးသေးနဲ့
အဲဒီ ဆံပင်ရှည်တွေညှပ်တဲ့နေ့
ပေါ့ပေါ့ပါးပါးလေး တစ်ချက်လောက်ပြုံးရသေးတာပေါ့
ဤခရီးမနီးပါ
ကားလည်းမစီးချင်ပါ
ငတို့က ခရီးရှည်ချီတက် ထိုးဖောက်တိုက်ခိုက်နေတာကလား
မဟုတ်ဘူးလား မောင်လွမ်း ။

(၁၂)
မွေးနေ့လက်ဆောင်တဲ့
ငါက မေမေ့ကို ချစ်တယ် မောင်လွမ်းရေ
ပြီးတော့ ကဗျာတွေကို ချစ်တယ် ဘိုညိမ်းရ
နောက်တော့ မင်းတို့ကိုချစ်တယ် ဦးတင့်

မင်းတို့တင်မက သူတို့တွေကိုလည်းချစ်တယ်
ဘယ်လောက်ထိ ချစ်သလဲဆိုရင်
ငါရှိုက်မိတဲ့ အငွေ့တွေကို ပြန်မထုတ်ရဲလောက်အောင်ကို
တုန်တုန်ရီရီ နဲ့ နင့်နင့်စီးစီး ချစ်တာပါကွာ ။

ငတို့ မင်းတို့ ရှုတဲ့လေထဲ
အမိုက်အမဲလေးတွေ မလွှတ်ရဲလောက်အောင်ပဲ
ငါ့အချစ်တွေ ဖြန့်ကျဲပစ်လိုက်မယ်
မိုက်သားပြည့်နေတဲ့ကောင်က
မိုက်သီးတစ်လုံးချွေချပေးလိုက်တယ်
အားပါးတရ ရှိုက်လိုက်ကြစမ်းကွာ
ငါ့ကြောင့် မင်းတို့ အဆိပ်မသင့်စေရဘူးကွ
အဲဒါအရိုးဆုံး လက်ဆောင်တစ်ခုပါ ။

(၁၃)
ငါပြောခဲ့ဖူးပါတယ်
ရင်ဘတ်ခြင်းနှီးနွယ်ဖို့က အရင်းပါလို့
မင်းတို့ ငတို့ ချစ်ခြင်းထဲမှာ
နားလည်မှုသားတွေ ထူပြည့် မို့လျှံနေလေရဲ့ ။

(၁၄)
ခင်ဗျား တစ်ယောက်တည်းစွတ်တင်မနေနဲ့ဦး
ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်
ဟုတ်သလား မောင်လွမ်း
ထွေထွေထူးထူးတော့ မဟုတ်ပါဘူး အာစရိရယ်
ဒီလိုဆို အဆင်ပြေတယ် မဟုတ်လား အာစရိ
မှန်တယ်နော် ဦးတင့်
ဆြာညိန်း အဆင်ပြေရင်ပြီးတာပါပဲဗျို့
အဆင်ပြေပျော်ရွှင်ပါစေဗျာ
အံမှကျပါစ ဘိုညိမ်းရေ ။

(၁၅)
မလိုသည်များကို ဖျက်ပစ်ပါ
မလိုသေးသည်များကို တေးထားပါ
ငတို့ ရင်ဘတ်နဲ့ တစ်ရွက်ပြီးတစ်ရွက်လှန်မယ်
တစ်ထပ်ပြီး တစ်ထပ် စားမယ်
တစ်ချက်ပြီး တစ်ချက် လှော်မယ်
ပြီးတာ့ ရွရွလေး ရွတ်ကြမယ်
ငတို့တွေ မကြွေခင်အထိပေါ့
မနက်ဖြန် ဆိုတာ နေ့သစ်တစ်နေ့ပဲလေ ။

(၁၆)
၂၇ + ၄+ ၉+ ၁၆ = ၀ = ကဗျာ

ဗသားချော

6 January 2010

ခြောက်သွေ့ရာသီ

The Dry Season

The year is withering, the wind
Blows down the leaves;
Men stand under eaves
And overhear the secrets
Of the cold, dry wind
Of the half-bare trees.

The grasses are tall and tinted,
Straw-gold hues of dryness,
And the contradicting awryness,
Of the dusty roads a-scatter
With pools of colourful leaves,
With ghosts of the dreaming year.

And soon, soon the fires,
The fires will begin to burn,
The hawk will flutter and turn.
O, its wing and swoop for the mouse
The dog will run for the hare,
The hare for its little life.

Kwesi Brew

ခြောက်သွေ့ရာသီ

နှစ်ဟာ ရင့်လျော်လာ
အေးမြခြောက်သွေ့တဲ့လေ
သစ်ရွက်တို့ကို ခြွေပေါ့
တံစက်မြိတ်အောင် လူတွေရပ်
တစ်ဝက်ဗလာသစ်ပင်တို့ရဲ့
လျှို့ ၀ှက်စကားကို ကြားရဲ့ ။

မြက်ပင်တို့ ရှည်သွယ်နွမ်းဖျော့
သွေ့ခြောက် ကောက်ရိုးရွှေရောင်များ
ကျဲပြန့်ဖုန်ထူလမ်းများ
ကွေ့ကောက်ဆန့်ကျင်နေကြ
ရောင်စုံသစ်ရွက်အိုင်များ
အိပ်မက်ဆဲနှစ်ရဲ့ တစ္ဆေများဆိုပ။

မကြာမတင် မကြာမတင်
မီးတွေ..မီးတွေ လောင်ကြတော့မယ်
သိမ်းငှက်ကြီး အတောင်ခတ်လှည့်ပတ်
ကြွက်ကို ပျံဝဲထိုးသုတ်တော့မယ်ပ
ခွေးက ယုန်ကိုရဖို့အရေး
ယုန်က သူ့အသက်ဆက်ဖို့အရေး
ပြေးကြပေလိမ့်။

ကွေစီဘရူး

ဂါနာက နာမည်ကျော် ကဗျာဆရာတစ်ဦးပါ။ ခြောက်သွေ့ရာသီမှာ နွေရှုခင်းကို ရိုးရိုးရှင်းရှင်း ဖွဲ့ထားပါတယ်။ ဆိုရရင် ကျနော်တို့ မြန်မာစာပေမှာလည်း နွေဖွဲ့ အင်မတန်များပါတယ်။ ခေတ်ဟောင်းခေတ်သစ် ကဗျာဆရာအသီးသီးက နွေကို တရှိုက်မက်မက် ဖွဲ့ကြလေ့ရှိပါတယ်။ သို့သော်လည်းပဲ ကျနော်တို့ဆီက နွေဖွဲ့နဲ့ ကွေစီဘရူးရဲ့ နွေဖွဲ့ဟာ ကွာခြားနိုင်ပါတယ်။ ကွားခြားတယ်ဆိုရာမှာ အကောင်းအညံ့ နှိုင်းယှဉ်လိုတဲ့ သဘောမဟုတ်ကြောင်း စကားခံပါရစေ။

ခြောက်သွေ့ရာသီလို ၀န်းကျင်ဖွဲ့ကဗျာတွေရေးတဲ့အခါ ကဗျာဆရာ တစ်ယောက်နဲ့တစ်ယောက် ကွာခြားရတာဟာ သူတို့ကျင်လည်ရာ သဘာ၀၀န်းကျင်၊ လူမှုဝန်းကျင်တို့ မတူညီကွဲပြားတာနဲ့ ဆက်စပ်မယ်ထင်ပါတယ်။ လူမှုဝန်းကျင်မှာပဲ ခေတ်စနစ်အခြေအနေ၊ နိုင်ငံရေး စီးပွားရေးအခြေအနေတို့ အကြုံးဝင်ဦးမှာပါ။ ကျနော်တို့ နှုတ်ဝယ်ရွရွ အာဂုံဆောင်ခဲ့ကြတဲ့ ရှေးကဗျာလင်္ကာတွေထဲမှာတော့ နွေဟာ မပါမဖြစ် ဇာတ်လိုက်ကျော်ကြီးပါပဲ။ သူတော်စင်မထေရ်တို့တောင် ဖြေမဆည် မျက်ရည်ဆို့ရတယ်လို့ အဆိုရှိတဲ့ နွေရဲ့ သာမောဖွယ် သဘာဝအလှတရားက ခေတ်အသီးသီးက စာဆိုတို့ရဲ့ စိတ်နှလုံးကို လွှမ်းမိုးခဲ့ပါလိမ့်မယ်။ ပုရစ်ဖူးပုရစ်နုလေးတွေ ထွက်ပြူတာကအစ တောင်သူဓလေ့ ယာမီးကြွေ့တာအဆုံး အရာရာဟာ ကြည်နူးဖွယ်ရာ ရှိနေပါလိမ့်မယ်။ မြန်မာ့လူမှုဝန်းကျင် နွေရဲ့ဇာတ်ခုံပေါ်မှာတော့ ယေဘုယျအားဖြင့် အနိဌာန်ရုံတို့ ကင်းပနေတယ်လို့ပဲ ဆိုရမှာပါ။ ဒီတော့ ကျနော်တို့ဆီက နွေဖွဲ့အများစုဟာလည်း ကြည်နူးဖွယ် ဆွတ်ပျံ့ဖွယ် အအေးဓာတ်လေးတွေ ကိန်းနေလေ့ရှိတာပေါ့။

ကွေစီဘရူးတို့ နိုင်ငံတည်ရှိတဲ့ အာဖရိကမှာတော့ ဖိနှပ်ချုပ်ချယ်မှုတွေ၊ ရောဂါဘယကပ်ဆိုးတွေ၊ ခေတ်နောက်ပြန်ဆွဲမှုတွေ ဒင်းကြမ်းရှိနေပါတယ်။ ကွေစီဘရူးဟာ ဒီလိုလူမှုဝန်းကျင်းမှာ ကြီးပြင်းလာရတဲ့ ကဗျာဆရာဆိုတော့ သူ့ရဲ့ နွေဖွဲ့ကဗျာဟာလည်း သူ့လူမှုဝန်းကျင်ကို ရောင်ပြန်ဟပ်စေပါတယ်။

ပထမပိုဒ်မှာ သူဟာ နွေကို ရိုးရိုးလေးဖွဲ့လိုက်တယ်။ ရာသီစက်ဝန်းတစ်လျှောက် ခရီးနှင်နေရတဲ့ အချိန်(နှစ်)ဟာ နွေကိုဆိုက်ရောက်လာတော့ အတော်ကို ရင့်လျော်ညှိုးလျော်နေပါပြီတဲ့။ အေးမြတယ်ဆိုပေမဲ့ ရေခိုးရေငွေ့ကင်းစင်တာမို့ လေကခြောက်သွေ့နေတာပေါ့။ အဲဒီလေက တိုက်ခြွေထားလို့ သစ်ရွက်တွေလည်း တုံးလုံးပက်လက် လဲနေကြတယ်။ သစ်ရွက်တွေ ကြွေတချို့ ကျန်တချို့ ရှိနေတာကို ကဗျာဆရာက တစ်ဝက်ဗလာသစ်ပင်လို့ သုံးလိုက်ပါတယ်။ သစ်ရွက်ခြောက်တွေကြား လေတိုးတော့ တရှဲရှဲမြည်ပါလိမ့်မယ်။ ဒါကို တွတ်ထိုးတယ်၊ စကားတီးတိုးဆိုတယ်လို့ပဲ အများစု ဖွဲ့ကြလေ့ရှိပါတယ်။ ကွေစီဘရူးကတော့ ‘လျှို့ ၀ှက်စကား’ ဆိုတဲ့အသုံးနဲ့ လတ်ဆတ်စေပါတယ်။

ကွေစီဘရူးတွေ့နေရတဲ့ နွေရဲ့ ရှုမျှော်ခင်းဟာ တပြန့်တပြောကြီး မဆုံးနိုင်အောင်ပါပဲ။ နွေရဲ့အပူဒဏ်ကြောင့် ညှိုးလျော်နွမ်းဖျော့နေတဲ့ မြက်ပင်ရှည်တွေကို ကောက်ရိုးရွှေရောင်တွေ စွန်းနေတယ်တဲ့။ ဖုန်ထူထူလမ်းတွေကလည်း ဟိုသည်ကျဲပြန့်နေကြတယ်၊ ကွေ့ကွေ့ကောက်ကောက်နဲ့ ကိုးရိုးကားယား ရှိနေကြတယ်တဲ့။ သစ်ရွက်ခြောက်တွေ အများကြီးစုပုံနေတာကို သူက ‘သစ်ရွက်အိုင်’ လို့ သုံးလိုက်ပါတယ်။ သစ်ရွက်ခြောက်တွေမှ မနည်းမနောကြီး၊ အိုင်ထွန်းနေတာပဲလို့ ဆိုလိုက်ပုံပါ။ အဲဒီသစ်ရွက်ခြောက်တွေရဲ့ မတည်မြဲတဲ့ မရေရာတဲ့ အားအင်မပြည့်တင်းတဲ့သဘောကိုယူပြီး အိပ်မက်ဆဲနှစ်ရဲ့ တစ္ဆေများလို့ ထပ်မံညွှန်းဖွဲ့ပါတယ်။

ဒီအထိတော့ သူ့ရဲ့ နွေဖွဲ့ဟာ ပုံမှန်ဖွဲ့ဆိုနေကျ ရှုခင်းရှုကွက်များပါပဲ။ ခြောက်သွေ့တဲ့ ပျင်းရိညည်းငွေ့စရာကောင်းတဲ့ မျှော်လင့်ချက်မဲ့ေ၀၀ါးနေတဲ့ မှိုင်းပျမြင်ကွင်းများပါပဲ။ နောက်ဆုံးအပိုဒ်မှာတော့ ကဗျာဆရာဟာ သူပြောချင်တဲ့ ဘ၀တိုက်ပွဲ(သို့) သူတို့ကြုံတွေ့နေရတဲ့ လူမှုဘ၀တွေကို ရုတ်တရက် လန့်ဖျတ်ပေါ်လွင်လာစေခဲ့တယ်။ ကြည့်ပါဦး။ မီးတွေ..မီးတွေ လောင်ကြတော့မယ်။ လောင်တာမှ သိပ်ဝေးတဲ့အနာဂတ်မှာ မဟုတ်ဘူး။ မကြာမတင်လေး…မကြာမတင်လေးမှာကို လောင်တော့မယ်တဲ့။ တောမီးလောင်တော့ တောကြောင်တွေ လက်ခမောင်းခတ်တော့မဲ့အချိန်ပေါ့။ သိန်းငှက်နဲ့ အမဲလိုက်ခွေးကို ကဗျာဆရာက ဆွဲယူသရုပ်ဆောင်စေတယ်။ မြေပြင်ပေါ်က လယ်ကြွက်မြေကြွက်တွေကို သိန်းငှက်တွေက ဝေဟင်ကနေ ပျံဝဲထိုးသုတ်ကြတော့မယ်။ အစားမခံရအောင် လွတ်အောင် ပြေးကြရှောင်ကြပေရော့။ အမဲလိုက်ခွေးကလည်း ထို့အတူပဲ။ သူ့အစာအတွက် ယုန်ကိုလိုက်နေတယ်။ ယုန်ကလည်း သူ့ဘ၀လေးရပ်တည်နိုင်ဖို့ သူ့အသက်လေးဆက်နိုင်ဖို့ လွတ်အောင်ပြေးရရှာတယ်။ သတ္တ၀ါအပေါင်းဟာ ဒီလိုပဲရုန်းကန်ရှင်သန်နေရတယ်။ အားကြီးသူက အားနည်းသူအပေါ်နိုင်စားတယ်။ နိုင်သူကျန်ရစ်မယ်ဆိုတဲ့ တောရဲ့ ဥပဒေသဟာ လူတွေ ကျင်လည်နေထိုင်တဲ့ဝန်းကျင်မှာကို ခုထိရှိနေတုန်းဖြစ်တယ်။ ဒီသဘောကို ဆရာကြည်အောင်ကလည်း ‘တောရဲ့ တရား’မှာ ဒီလို ရေးခဲ့ဖူးပါတယ်။

တောရဲ့ တရားဟာ
အားကောင်းသူ ရှင်မယ်
အားနည်းသူ သေမယ်။

ဂျာမန် နစ်ရှေး ဖြစ်ဖြစ်
အင်္ဂလန် ဒါဝင် ဖြစ်ဖြစ်
နှစ်ဆယ်ရာစုနှစ်ရဲ့ တောကြီးထဲမှာ
ဒီတရားဟာ ရှင်သန်ဆဲ။ (တောရဲ့တရား ကဗျာမှ)

ကွေစီဘရူးဟာ လေပြေခြွေလို့ သစ်ရွက်လေးတွေကြွေတာကနေ သတ္တ၀ါတွေရုန်းကန်လှုပ်ရှားနေရတဲ့ပုံရိပ်၊ အားကြီးသူနဲ့ အားနည်းသူတို့ရဲ့ ပဋိပက္ခပုံရိပ်တွေထိ ဆွဲယူသွားလေတော့ သူ့နွေဖွဲ့ဟာ ၀န်းကျင်ဖွဲ့တွေထဲမှာ မတ်တပ်ထွက်ရပ်နေတော့တာပေါ့။

ညိမ်းညို

4 January 2010

ရနံ့များ

ရနံ့ ၁

တိမ်နံ့တသင်းသင်း
ရယ်သံလွင်လွင်လေးက
ကောင်းကင် မြေပြင် စုံလင်သက်ဝင်စွာ
သစ်တော်သီးတစ်လုံးထဲမှာ
သစ္စာတရားတွေ ထည့်ထားကြောင်း
သူ့လက်ရေးဝိုင်းဝိုင်းလေးမှာ
သံယောဇဉ်သိပ်သည်းဆတွေ ထူထပ်ကြောင်း
ဝတ်ရည်အပြည့်နဲ့ ကိုင်းညွှတ်နေတဲ့ ပန်းကလေး
လွမ်းတေးမဆိုတော့ပါ
မျက်ရည် ဂီတ၊ အိပ်မပျော်သောညများ
ရီပို့ကဒ်အမှတ်စာရင်းများနှင့် အတန်းရှေ့ထွက်ရပ်ရခြင်းများ
ကျွန်တော့်ငယ်ဘ၀လေးကို ဆယ်ယူလိုက်တဲ့အခါ။


ရနံ့ ၃


မြေအောက်လှိုဏ်ခေါင်းတွေထဲ
ကြွက်ကလေးများလို ကုပ်ချောင်းချောင်းလျှိုဝင်
ထမင်းစားဖို့ အလုပ်လုပ်တယ်
ငါတို့ကျောင်းပိတ်ရက်များ၊

သင်ရိုးညွှန်းတမ်းတွေထဲ
ကြက်ကလေးများလို ရတတ်သမျှကျင်ယက်ယူငင်
လူတစ်ယောက်ဖြစ်ဖို့ ပညာသင်တယ်
ငါတို့ ကျောင်းဖွင့်ရက်များ။


ရနံ့ ၎


မုန့်ဖိုး
တစ်ရက် ၅ကျပ်
ကိုယ့်အထွာနဲ့ကိုယ်မို့ ဖြေတတ်ခဲ့ပါ၊

မာရီယိုမှို အသဲစွဲ
တစ်နာရီ ၃၀
ရပ်ကွက်ထဲက ဂိမ်းဆိုင်ကလေး
တစ်ပတ် ခြောက်ရက်မျှ ငေးနေရုံသာ။


ရနံ့ ၅

တစ်ဘ၀လုံး လင်းခဲ့
မိသားစုဖယောင်းတိုင်လေး
ဘယ်တော့မှ မီးစာမကုန်ဘူး
မြိန်မြိန်ယှက်ယှက်
ထမင်းအနပ်တိုင်းမှာ ရင်ငွေ့နဲ့ အာငွေ့နဲ့
မိဘမေတ္တာထမင်းဆိုင်က မိုးအလင်း ၂၄နာရီ
အရူးအမူးပဲ
လမ်းတွေပေါ် အတင်းပြေးပြေးတက်
ဆာလောင်မှုက ခရီးထွက်မယ်ဆိုတာချည်း
ဆံရှည်ဂုတ်ဝဲနဲ့ နေလောင်အိပ်မက်နဲ့
တစ်မြို့တစ်ရွာ နာခဲ့ဖူးဖျားခဲ့ဖူး
ကုန်းလမ်းရေလမ်း မှောက်ခဲ့ဖူးနစ်ခဲ့ဖူး
သူ့မာနနဲ့သူ ပျော်ဝင်ကူးခတ်လို့
ချို့ချို့တဲ့တဲ့ ကြွယ်ဝခဲ့ဖူး
အမေက အလွမ်းနဲ့မျှားယူလိုက်တဲ့အခါ
အခန်းလေးထဲ အိမ်ရနံ့ဟာ တဇတ်ဇတ်ခုန်လို့
ဖျားတယ်
ကိုယ်တစ်ယောက်ထဲ မိုးလင်းမိုးချုပ်။

ညိမ်းညို

မေးထူးခေါ်ပြော

ငါတို့နင်းနေတာ ကြမ်း
လမ်းမဟုတ်ဘူး
များများနင်းရင် များများကျွံတယ်။

မြေကိုလည်း မထိရဲ
လေကိုလဲ မထိရဲ
ရေကိုလဲ မထိရဲ
အရာရာမှာ ရှော့ခ်ရှိတယ်။

ဖြစ်ရပုံက
ရိုးရိုးကျင့် မြင့်မြင့်ကြံ
အလုပ်ဟူသမျှ ဂုဏ်ရှိစွ
သမ္မာအာဇီဝကျကျ ငတ်ကြီးကျတယ်။

တရားဆိုချိန် စကားချိုမြိန်
ခြေမမကောင်း ခြေမ
လက်မမကောင်း လက်မ
မှတ်ချက်။ ငါ့လက်မ မပါက ဘယ်ရွေ့ဘယ်မျှ၊

ညိမ်းညို

1 January 2010

နှစ်သစ်ဆုမွန်

၂၀၀၈
ချန်ရစ်ကြစို့
အတ္တ၊ မာန ကင်းပကြဉ်ခွာ။

၂၀၀၉
ရှေ့တိုးလှမ်းစို့
ပရ၊ ဉာဏ လင်းမြညီစွာ။

ပြီးခဲ့တဲ့နှစ်တုန်းက ဒီကဗျာလေး ရေးဖြစ်ခဲ့တယ်။ ခုတိုင်အောင်လည်း ဒီဆုကိုပဲ လိုလားတောင့်တမိပါတယ်။ အတ္တ ပရ သဟဇာတကျကျ ညီညွတ်လှပချင်တယ်။ မာန်မာနအဖုအထစ်နဲ့ တင်းခံပိတ်ဆို့စေတဲ့ အရာကိစ္စတိုင်း သင်ကြားမှုတိုင်းမှာ ရိုးဖြောင့်တဲ့စိတ်အခံ၊ တွေးခေါ်ဆင်ခြင်နိုင်စွမ်းတဲ့ အသိနဲ့ အစားထိုး ဖြေရှင်းနိုင်ချင်တယ်။ ၂၀၀၉ မှာ ပျော်ရွှင်ကြည်နူးခဲ့ရတာတွေအတွက် မိဘ ညီအကိုမောင်နှမများနဲ့အတူ ဆရာ၊ဆရာမများ သူငယ်ချင်းမိတ်ဆွေများအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။

အထိအခိုက် အရှအနာကင်းသော စစ်ပွဲရယ်လို့တော့ ဆုတောင်း၍ ရကောင်းမည် မထင်ပါ။ စစ်ပွဲတွေမဖြစ်ကြခြင်းကသာ အထိအခိုက် အရှအနာကင်းဖို့ အသင့်တော်ဆုံး နည်းလမ်းဖြစ်မယ် ထင်ပါတယ်။ တစ်ဦးဆိုင်နာမ် စစ်ပွဲကလေးတွေကနေ အများဆိုင်နာမ် စစ်ပွဲကြီးတွေအထိပေါ့။

စာသင်ကျောင်းတွေမရှိသေးတဲ့၊ စာပေနဲ့ ဘာသာစကား မတွေ့ရှိသေးတဲ့၊ အသိအမြင် ဘာသာတရားမထွန်းကားသေးတဲ့ ဟိုးကျောက်ခေတ်တွေတုန်းကတော့ လူတွေဟာ ကိုယ့်ကိုနာကျင်အောင်၊ ထိခိုက်အောင် လုပ်လာတယ်လို့ ယူဆရင် ကျောက်ချွန်ကျောက်သွားတွေ ကျောက်လက်နက်တွေကို အရင်သတိရတတ်တာ သဘာဝကျမှာပါ။

အာကာသယာဉ်တွေစီးပြီး ကျောက်ခေတ်ကို ဘက်ဂီယာပြန်မထိုးမိဖို့ ကျနော်တို့ ကျနော်တို့ချင်းပဲ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း စကားတွေပြောကြရအောင်။ ဘာမဟုတ်တဲ့ လက်နက်တွေကို ကိုယ်စားမပြောခိုင်းကြေး။ ကျနော်တို့ ကျနော်တို့ချင်းပဲ ကဗျာတွေ စာတွေရေးပြီး နွေးထွေးကြရအောင်။ ဘာမဟုတ်တဲ့ လက်နက်တွေကို ကိုယ်စားမပြောခိုင်းကြေး။ ကျနော်တို့ ကျနော်တို့ချင်းပဲ ထမင်းအတူစားရင်း၊ သစ်ပင်အတူစိုက်ရင်း၊ ဘောလုံးအတူကန်ရင်း သူ့ဝမ်းကိုယ့်ဝမ်း မြိန်စေကြရအောင်၊ သူ့ခြံကိုယ့်ခြံ စိမ်းလန်းစေကြရအောင်၊ သူ့ခွန်အား ကိုယ့်ခွန်အား ဖွံ့ဖြိုးစေကြရအောင်။ ဘာမဟုတ်တဲ့ လက်နက်တွေကို လူစွာ ၀င်မလုပ်ခိုင်းကြေး။ တွေးခေါ်ပြီး ဆင်ခြင်ပြီး ကြံဆပြီး အလုပ်တွေလုပ်ဖို့ ဦးနှောက်ကို ညှစ်ကြရအောင်။ စာနာပြီး အပြန်အလှန်ဝေမျှပြီး ယုံကြည်နားလည်ပြီး အလုပ်တွေလုပ်ဖို့ နှလုံးသားကို ညှစ်ကြရအောင်။ မောင်းခလုတ် ညှစ်ရတာထက် လေးနက်တဲ့ ပျော်ရွှင်မှုကို အတူတူ ရှာကြရအောင်။ လက်နက်တွေနဲ့ အကြောက်တရားရဲ့ လွှမ်းမိုးမှုအောက်မှာ လူအဖြစ်ရဲ့ ဂုဏ်သိက္ခာနဲ့ အသိဉာဏ်တို့ မသိမ်ငယ်ပါရစေနဲ့လား။


နံနက်ခင်းသို့ ဖြူရှင်းလင်းမြစေ… ညခင်းတို့ မြူကင်းဝင်းပစေ...

"ကွာလှမ်းသော်ငြား
သင့်အိမ်အားလောင်မြိုက်သောမီးသည်
ငါ့ရင်ကို လာဟပ်သဖြင့်
တရပ်တရွာတည်းဖြစ်ကြောင်း
ငါယုံပြီ".....မင်းမြင့်ဇင်

ရွက်နုတို့ ဝေပါစေ
မျိုးဆက်သစ်တို့ ဝေပါစေ၊

မိုးတွေ စွေပါစေ
ဂရုဏာတရားတွေ စွေပါစေ၊

နှင်းတွေ ဖွေးပါစေ
ချစ်ခြင်းမေတ္တာတွေ ဖွေးပါစေ၊

နေမင်းကြီး ထွန်းလင်းပါစေ
ဉာဏ်ပညာအပေါင်း ထွန်းလင်းပါစေ၊

လမင်းကြီး သာပါစေ
စာနာမှုတရားတို့ သာပါစေ၊

ဆွေးနွေးရင်းငြင်းခုံ၊ ငြင်းခုန်ရင်းဆွေးနွေး
ညီအကိုတို့ ဖေးမနိုင်ပါစေ၊

ပေါင်းစီးရင်းကွဲလွဲ၊ ကွဲလွဲရင်းပေါင်းစည်း
ညီအကိုတို့ သွေးနီးနိုင်ပါစေ၊

တိုင်ပင်ရင်းအဖြေရှာ၊ အဖြေရှာရင်းတိုင်ပင်
ညီအကိုတို့ ချစ်ခင်နိုင်ပါစေ၊

သင်ယူရင်းတည်ထောင်၊ တည်ထောင်ရင်းသင်ယူ
ညီအကိုတို့ စိတ်တူကြည်ဖြူနိုင်ပါစေ၊

နားလည်ရင်းခွင့်လွှတ်၊ ခွင့်လွှတ်ရင်းနားလည်
ညီအကိုတို့ ပြုံးရယ်ပျော်ရွှင်နိုင်ပါစေ၊

မရဏံ ဓူဝံ
ဇိဝိတံ နဓူဝံ။
သေခြင်းတရားကား မြဲ၍
အသက်ရှင်ခြင်းကား မမြဲ၊

ရှင်တုန်းခဏ တွေ့ကြခိုက်မှာ
လက်တွေ ခိုင်ခိုင်မြဲနိုင်ပါစေ
လက်တွေ ခိုင်ခိုင်တွဲနိုင်ပါစေ
စိတ်ဝမ်းလက်ညီ ပြည်သစ်တည်နိုင်ပါစေ။

ညိမ်းညို