Showing posts with label ကြိုက်သောကဗျာများ. Show all posts
Showing posts with label ကြိုက်သောကဗျာများ. Show all posts

16 January 2012

ကြာဖက်အိမ်

တဖွဲဖွဲ
အသံတိတ်မိုးရွာနေလိမ့်မယ်
ကန်ရေမျက်နှာပြင်လည်း ခဲသွားပြီ
မြက်ရိုင်းတွေ ငြိမ်ငြိမ်သက်သက် ယိမ်းနွဲ့နေစဉ်
ပြတင်းမှန်ကိုသွားခေါက်နေတဲ့ သစ်ရွက်လေး
လျှပ်အပြက်မှာ
အခန်းထဲက စာအုပ်နဲ့ဖောင်တိန်ကိုမြင်လို့
မျက်ရည်ကျတယ်။

မင်းထင်ကိုကိုကြီး
ပိတောက်ပွင့်သစ်
အမှတ်(၁)၊ ဖေဖော်ဝါရီ၊ ၂၀၀၆

8 February 2010

ကျေးလက်ရိုးရာ သစ်စေ့ချတေး


ထစမ်းကွယ်
မနက်
မနက်
မျက်ရည်လေးခေါက်သိမ်းပြီး
သမီးရေ
ကိုကိုတို့နဲ့ ကျောင်းလိုက်သွားပါကွယ်
ဒါ
နားဆွဲကြီး ကြီးကြီးသီးလာအောင်
နားဆွဲ သေးသေးလေးကို ဖြုတ်ပြီး
စိုက်ပျိုးထားရတာပေါ့။

ခင်မောင်နိုင်ဦး
ပေဖူးလွှာ၊ ဖေဖော်ဝါရီ၊ ၂၀၁၀

11 November 2009

အိမ်

အိမ်

ညမှာ
ဘာမှမရှိတဲ့ ကောင်းကင်ထဲ
ကြယ်ကလေးတစ်လုံး ဖြစ်ချင်တယ်။

အဲဒီလိုဖြစ်ခဲ့ရင်
အိပ်ပျော်နေတဲ့ ငါ့မြို့လေးကို
အိပ်ပျော်နေတဲ့ ငါ့အိမ်လေးကို
ဖွေရှာရင်း
အလွမ်းတွေ ထိမ်းမရတဲ့အခါ
တိတ်တဆိတ် ကြွေဆင်းလာချင်တယ်။

မိုးခင်ခင်(မဟာဝိဇ္ဖာ)
The Light မဂ္ဂဇင်း(လ၊ ခုနှစ် မမှတ်မိပါ)

***

Дом

Я хочу быть звёздой
В пустом небе
Ночью.

Именно тогда
Я ищу
Мой спящий город и
Мой сон домой,
Я хочу падать тихо
Всякий раз, когда я не могу управлять.

Trs:YZA

9 October 2008

ခေတ်ပေါ်ကဗျာသတင်း

မသီးခင်ကြွေတဲ့ သရက်ပွင့်တစ်ချို့
မြေပြင်ပေါ်မှာ တဖြုတ်ဖြုတ်
ပန်းချီဆရာ
ကဗျာဆရာ
ဆိုက်ကားဆရာ
ဆ-လိမ်နဲ့ ရာတဲ့ ဆရာ
အမွေးခက်၊ အနေခက်၊ အသေခက်
ကျွန်တော်တို့လက်တွေ
ဖြတ်ပစ်လိုက်ရမှာလား ။ ။

ကေမျိုးငြိမ်း

2 October 2008

သူတို့စားပွဲ

စားပွဲပေါ်မှာ
ဘီယာကရားလွတ်တွေသာ ငိုင်ကျန်ရစ်။

ရှေးဘ၀အဆက်ဆက်က
ချိန်းထားခဲ့သလို သူတို့ဆုံမိကြ
ဒိစားပွဲပေါ်မှာ ရယ်ကြ
ကလေးတွေအကြောင်းမေးကြ
တကယ်မေးချင်တာတွေ မေ့ထားကြ
ခဏနား၊ ခဏနားပြီး
နေပူကြီးထဲ
ကျားတွေလို နောက်ဂျွမ်းပစ် ပြန်ထွက်သွားကြ။

မောင်ပြည့်မင်း
ရနံ့သစ်၊ အောက်တိုဘာ၊ ၁၉၉၉

13 July 2008

မိုးပြဇာတ်

ဇွန်လရဲ့ မိုးကောင်းကင် ခဲသားမှိန်မှိန်က
မိုးတိမ်တွေကို အန်ချလိုက်တာ
စံပယ်ပွင့်ကြွေသံတွေ တဖျောက်ဖျောက်၊

မိုးလေ၀သ သတင်းအပြီး
မိုးကာအင်္ကျီနဲ့ ထီးတစ်လက်
သားသမီးတွေတွက် ၀တ္တရားတွေ တဖြုတ်ဖြုတ်ကြွေ
မြင့်မိုရ်တောင်ကြီး ရေငတ်နေတယ်၊

ကမ္ဘာကြီးရဲ့အစီအစဉ်ကို သိချင်လို့
စလောင်းတပ်ဆင် ကြည့်မြင်နေချိန်မှာ
အရိုးတီဘီအိမ်လေးရဲ့ ကျန်းမာရေးက
နောက်ဆုံးမေးခွန်းတစ်ခုပဲ လိုတော့တယ်၊

ဘယ်သူသိသိ မသိသိ
ငါသိနေတဲ့ ခါးသီးမှုတွေထဲမှာ
မိုးရွာတာကလွဲရင်
အရမ်းပူတာပဲ။

နောင်ဝင်းထွန်း

14 May 2008

ပရမတ်

ငါအသက်ရှင်နေသရွေ့ကိုဖတ်အပြီးမှာ ကျွန်တော်ဟာ ကိုရန်အောင်ရဲ့ စာဖတ်ပရိတ်သတ်တစ်ဦး ဖြစ်လာခဲ့ ပါတယ်။ အဲသည်အခါတုန်းက အသီးသီးတင်ခဲ့ကြတဲ့ အထိမ်းအမှတ်ပို့စ်များစွာအနက် ကိုရန်အောင်ရဲ့ ငါအ သက်ရှင်နေသရွေ့ ကဗျာရှည်ဟာ ကျွန်တော့်စိတ်ကို အလွှမ်းမိုးဆုံးဖြစ်ခဲ့ပါတယ်။ အခုတစ်ခါ ကိုရန်အောင်ရဲ့ ပရမတ်ဆိုတဲ့ကဗျာကို ခွင့်တောင်းပြီး ပြန်လည်ဖော်ပြပါရစေ။ ဟိုးအရင်ကတည်းက ခင်မင်ရင်းနှီးနေမိတဲ့၊ ဘလော့လက်ဦး မြင်ဆရာတစ်ဦးလည်းဖြစ်တဲ့ ကိုရန်အောင်ကို ကျေးဇူးတင်ပါတယ်ဗျာ။ ညီအကိုမောင်နှမများ၊ သူငယ်ချင်းများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။ ဘေးအပေါင်း၊ ရန်အပေါင်းမှ လွတ်ကင်းကြပါစေ။

*** *** ***
ပရမတ်


ဘယ်သူလုပ်နေသလဲ…
ဘာတွေလုပ်နေသလဲ…
ဘယ်ကိုရောက်မှာလဲ…
ဘယ်လိုယုံရမှာလဲ…

ဖန်တရာတေနေအောင်မေးကြ
ရေးကြ တွေးကြ ဆဲကြ ဆိုကြ
နှိမ့်ချပုတ်ခတ်ကြ နာမည်ယူပြောဆိုကြ
ဇမ္ဗူတလူ လူတွင်ကျယ်လုပ်ပြ
အရည်မရ အဖတ်မရ ငြင်းခုန်ကြ
အဖြေမထွက်ကြ အသေသတ်ကြ
ဟိုမှာတော့ အစာပြတ်နေကြ၊ ရေငတ်နေကြ…

ဒါတွေမေးနေတဲ့အချိန်မှာ
အပြစ်မဲ့ လူသားတစ်ယောက် သေဆုံးလွင့်ပျောက်သွားနိုင်တယ်

ဒါတွေ ရေးနေတဲ့အချိန်မှာ
ကလေးငယ်တစ်ယောက် ရေထဲမှာ ကယ်သူမဲ့ မျောပါသွားနေနိုင်တယ်

ဒါတွေ တွေးနေတဲ့အချိန်မှာ
လာကယ်မယ့် စက်လှေကို စောင့်နေတဲ့ မိန်းကလေးတစ်ဦး သစ်ပင်ထက်က လိမ့်ကျသွားနိုင်တယ်.

နိုင်ငံရေးလုပ်တယ် မလုပ်ဘူး
လုပ်စားတယ် မလုပ်စားဘူး
ပါဝါရှိတယ် ပါဝါမရှိဘူး
ငါ့နိုင်ငံရေးမှတ်တမ်းမျက်နှာစာတွေ ဒီလောက်ထူတယ်
နင့်လို နုမှည့်မဟုတ်ဘူး
ဒီလို ငြင်းခုန်ဘေးတီးနေရင်း
ငါတို့ ရွှေမြန်မာပြည် အညွန့်ကျိုးနေရပြီ…

မင်းလည်းမင်းလုပ်နိုင်တာမင်းလုပ်
ငါလည်း ငါလုပ်နိုင်တာ ငါလုပ်မယ်.
သူလည်း သူလုပ်နိုင်တာ သူလုပ်ပါစေ.

နိုင်ငံရေးသမားလည်း လူပဲ
စစ်ဗိုလ်လည်း လူပဲ
ကျောင်းသားလည်း လူပဲ
တော်လှန်ရေးသမားလည်း လူပဲ

လူရဲ့တန်ဖိုးကို ပညတ်တွေနဲ့ မတိုင်းတာနဲ့
ရင်ဘတ်ထဲက ပရမတ်ကို မြင်အောင်ကြည့်
စစ်ဗိုလ်ဆိုတိုင်း လူဆိုးလို့ မသတ်မှတ်နိုင်သလို
ဒီမိုသမားဆိုတိုင်းလည်း အထင်ကြီးလို့ မရဘူး

အခွင့်အရေးသမားဟာ အခွင့်အရေးကိုပဲ မျှော်တယ်
တကယ်လုပ်သူဟာ လုပ်စရာရှိတာကိုပဲ လုပ်တယ်.

တစ်ယောက်နဲ့တစ်ယောက် နှိမ့်ချကြ
ပုတ်ခတ်ကြ၊ မအေနှမတိုင်းထွာဆဲရေးကြ
အိုးမည်းသုတ်ခံထားရတဲ့ အိမ်ကြက်တွေ
လည်စင်းခံရမယ့် ရက်ကို အတူတူချီတက်သွားကြ…

မင်းနဲ့ငါ လမ်းကြောင်းမတူပေမယ့် ဦးတည်ချက်တူတယ်
ဒါဆို မင်းပါးစပ်ကိုပိတ်
ကိုယ့်လိပ်ပြာကိုယ်ငုံ့ကြည့်လို့
နှလုံးသားထဲက မနာလိုမှုတွေ၊ ပြိုင်ဆိုင်မှုတွေကို
နာဂစ်နဲ့ ဆေးကြောပြလိုက်ပါဦး…

မင်းလုပ်နိုင်တာ မင်းလုပ်
မင်းလုပ်တာကို သမိုင်းက မော်ကွန်းထိုးမယ်
မင်းကိုယ်တိုင်တော့ ၀င်ရေးဖို့ မကြိုးစားနဲ့

လုပ်မပြနဲ့
တကယ်လုပ်ကြ…

ဒေါသထွက်နေရုံ၊ ခံပြင်းနေရုံ၊ မကျေမနပ်ဖြစ်နေရုံ ၀မ်းနည်းပူဆွေးနေရုံနဲ့ မပြီးပါဘူး... မှောင်လှချည်လားလို့ ငြီးတွားအပြစ်တင်နေမယ့်အစား ကျွန်တော်တို့ရဲ့ လက်ထဲက ဖယောင်းတိုင်လေး တစ်တိုင်စီလောက်ကို ထွန်းညှိလိုက်ကြရအောင်....

မုန်တိုင်းဘေးကို အမျိုးသားရေး စိတ်ဓာတ်နဲ့ ကူညီကြပါ..

ရန်အောင်

15 April 2008

မင်းကိုလောကကြီးကစောင့်ကြည့်နေတယ်

ရေသေအိုင်ဆွေးလို
ငြိမ်အီမနေစမ်းပါနဲ့
စုန်ရဲဆန်ရဲတဲ့ မြစ်တစ်မြစ်အဖြစ်
ကိုယ့်မာန်ကိုယ်သွေး
ခပ်ဝေးဝေး လှမ်းကြည့်လိုက်စမ်းပါ...

ဝါးမျှစ်စို့တိုင်း
မြေကိုတိုးထွက်ခဲ့ကြတယ်
လောကကို ရင်မဆိုင်ရဲတဲ့သစ်စေ့ဟာ
အမှိုက် ယက်ရှာတဲ့
ကြက်တစ်ကောင်ရဲ့ နှုတ်သီးဖျားမှာ
လည်စင်းပေးလိုက်ရမှာပဲ။

တောက်ပခဲ့ဖူးတဲ့
ရှေးရှေးက ကြယ်ပွင့်များ
အတိတ်ည ရှည်ရှည်တွေကို
ဘယ်ပုံဘယ်နည်း ဖြတ်သန်းခဲ့ကြသလဲ
ကိုယ်တိုင် ကြုံတွေ့နေရတဲ့ ညမှာ
ကိုယ်တိုင် အလင်းဆုံး ကြယ်တစ်ပွင့်
မဖြစ်သင့်ဘူးလား
ရှည်ရှည်ဝေးဝေး စဉ်းစားစရာမလိုတဲ့
အဖြေမှန်တစ်ခု မင်းရင်ထဲ
အသေအချာရှိနေမယ်ဆိုတာ ယုံတယ်။

ခေတ်က မြန်လွန်းတယ်...
တကယ်တော့ နည်းပညာတွေရဲ့ နှုန်းစံနဲ့
ခေတ်က လိုက်မြန်နေရတာပါ
အရှိန်နဲ့ပြန့်ကားနေတဲ့ ရဲရင့်မှုတွေထဲ
စိမ့်ဝင်နိုင်ဖို့ရာ ဘွာမခတ်မိစေနဲ့
တစ်ထစ်ချင်း နင်းတက်စမ်းပါ...။

“မစူးစမ်းတဲ့အရွယ်
ရူးနှမ်းနှမ်း အရွယ်ပါတဲ့”
မင်းနားတွေကို ပိတ်ထားလိုက်...
အထင်သေး အမြင်သေး အကြည့်အပြောတွေ
မင်း တည့်တည့်က အဆို့အပိတ်တွေကို
တွန်းတိုးဖောက်ထွက်လိုက်
နှင်းဆီတွေခင်းထားတဲ့ အရုဏ်သစ်
အရှေ့မိုးကောင်းကင်မှာ ၀င်းဝင်းပြက်ပြက်
မင်းယုံကြည်ရာ မုခ်ဦးမှာ
ပန်းဝတ်မှုတွေ ထုံမွှေးနေမှာ...။

စိတ်ရိုင်းကို အလိုလိုက်တာ
ကိုယ့်ပဲ့ကို ကိုယ်ဖြုတ်ချလိုက်တာပဲ
မြားရွက်နောက်မြီး မပါရင်တော့
ဘယ်လောက်ချွန်ချွန် ဘယ်လောက်ဖြောင့်ဖြောင့်
ဘယ်ပစ်မှတ်ကို စိုက်မှာလဲ
အပျင်းဓာတ်ကလည်း
မင်းသွေးစီးနှုန်းတွေကို နှေးစေတဲ့
ခပ်ဆိမ့်ဆိမ့် အဆိပ်ပြင်းပဲ
ညံ့ဖျင်းမှုဆိုတာ
အစာမတပ်ဘဲ ရေထဲချထားတဲ့
မင်းရဲ့ ငါးမျှားချိတ်
တစ်နေ့မှာ ကိုယ့်အလွမ်းမှားတွေနဲ့
ကိုယ်ပဲ ရှက်သွေးမဖြာရအောင်
ကိုယ့်ကိုယ်ကိုယ် လှုပ်နိုးရမှာပေါ့။

မင်းရဲ့ တင်းတင်းဆုပ်မိတဲ့ လက်တွေ
မင်းရဲ့ တင်းတင်းကြုတ်မိတဲ့ မျက်မှောင်တွေ
မင်းရဲ့ တင်းတင်းစေ့မိတဲ့ နှုတ်ခမ်းတွေ
မင်းရဲ့ တိတ်ဆိတ်စွာ ပေါက်ကွဲမှုတွေ
မင်းဆက်မယ့် ခြေလှမ်းတွေထဲ အားဖြည့်ဆေးအဖြစ်
ခပ်သာသာ ပြောင်းလဲပစ်လိုက်ပါ။

မီးမနာတဲ့ ဓား
အသွားပဲ့မြန်သတဲ့
ခြေဖ၀ါး မြေစားလို့ပွန်းရော့
အမာရွတ်တိုင်းမှာ သင်ခန်းစာရှိရမယ်
သံလွင်တစ်ခက်အတွက်
ချွေးစက်ကုဋေ ခြွေရဲဖို့
မင်းမျက်ဝန်းထဲ မီးစုန်းတွေထည့်လို့
အမှောင်ဆိုတာ အရောင်တစ်ရောင်ပဲ
မဖြစ်မနေ နှိုက်ရမယ့် မဲလိပ်ထဲ... စိတ်ချ
ကံတရား တစ်ခုတော့ ပါလိမ့်မယ်။

ကျောက်ဘယ်လောက်မာမာ
ခတ်တတ်မှလည်း မီးပွင့်တယ်
ဆီးဆူး ဆီးချွန် ခံဆူး ခံချွန်တဲ့
သောင်ပြင်ပေါ် မှောက်လျက်လဲ
ခပ်ယို့ယို့ ပြန်သွားတဲ့ လှိုင်းညံ့တွေလို
မင်း မညွတ်ခွေဖို့တော့ လိုတယ်
ပဉ္စလက် မာယာတွေ ပွက်ထ
ညှို့ကွက်တွေ ရှို့ချက်တွေ လျှို့ဝှက်တွေပြွမ်းလို့
မင်းဦးနှောက်ထဲ အချက်ပြ ခေါင်းလောင်းထည့်ခဲ့
ပြီးတော့... ရှေ့ပဲ တွင်တွင်တိုး ပြီးတော့... ထပ်ပြီးတိုး
အရွဲ့မတိုက်နဲ့ အတည့်တိုက်
မင်းရဲ့ ယုံကြည်ချက် သစ္စာတရားတွေ
မင်းအပေါ် ထိန်ထိန်ညီးစေရမယ်။

သစ်တောကြီးတွေနဲ့ ဝေးရာမှာ
တစ်ပင်တည်း ထီးထီးပေါက်နေတဲ့
ဝက်သစ်ချပင်ရဲ့ ကြံ့ခိုင်မှုမျိုး
မင်း အသည်းညွန့်မှာ ကွန့်မြူးပါစေ
လေယာဉ်ပျံ ထိုးဖောက်သွားတဲ့ တိမ်မဖြစ်ရ
တိမ်တိုက်တိုင်းကို ဖောက်ထွက်မယ့် လေယာဉ်ပျံဘဝ
မင်း ရွေးချယ်မှုက
မင်း စံမြန်းရမယ့် ရဲတိုက်ဗိမာန်
မင်းကို လောကကြီးက
လက်ခုပ်သြဘာပေးဖို့ မျှော်လင့်တကြီး
စောင့်ကြည့်နေတယ်။

တိုးဝေ

2 March 2008

Weep No More

Weep no moe, nor sigh, nor groan,
Sorrow calls to time that's gone:
Violets pluck'd the sweetest rain
Makes not fresh nor grow again.
Trim thy locks, look cheerfully;
Fate's hid ends eyes cannot see,
Joys as winged dreams fly fast,
Why should sadness longer last ?
Grief is but a wound to woe,
Gentlest fair, mourn, mourn no more.

John Fletcher
1579 - 1625

ငိုမနေပါနဲ့တော့ကွယ်

မငိုနဲ့တော့နော်..
သက်ပြင်းတွေမချပါနဲ့ မညည်းညူပါနဲ့ကွယ်
ဝမ်းနည်းပူဆွေးနေလို့ ကုန်သွားတဲ့အချိန်တွေကို ပြန်ရမှာတဲ့လား..
ခရမ်းရောင်ပန်းတွေကြွေသွားပြီဆိုမှတော့ကွယ်
ချိုမြတဲ့ မိုးရေစက်တွေက
နောက်တစ်ဖန် ရှင်သန်နုပျိုလာအောင်
ဘယ်လိုများစွမ်းဆောင်နိုင်ဦးမှာတဲ့လဲ
မင်းဆံနွယ်တွေကို ကိုက်ညှပ်ဖြီးသင်လို့
ပျော်ပျော်ရွှင်ရွှင်သာနေပါ အချစ်ရယ်
ကံကြမ္မာဆိုတာက
မျက်စိနဲ့မမြင်ရတာကိုမှ ဖုံးကွယ်ထားတတ်တာမျိုးလေ
ပျော်ရွှင်ကြည်နူးစရာဆိုတာ
ထွက်ပြေးပျံသန်းသွားတတ်တဲ့ အိပ်မက်တွေလား...
ဝမ်းနည်းကြေကွဲမှုဆိုတာကရော
ထာဝရတည်နေနိုင်ပါသလားကွယ်
ပူဆွေးခံစားရမှုဆိုတာ ရင်တွင်းနာဝေဒနာအဖြစ်တွေမို့
အချစ်ရယ်..အချစ်လေးရယ်..
ငိုမနေပါနဲ့တော့ကွယ်။

ညိမ်းညို

- ကျွန်တော် အင်္ဂလိပ်စာအားနည်းပါတယ်။ ဒီကဗျာကိုဖတ်ရတော့ မြန်မာလိုလေးပြန်ရေးကြည့်ရရင် ကောင်းမှာပဲဆိုပြီး ဘာသာပြန်လိုက်မိတာပါ။ အမှားအယွင်း အကျအပေါက်များရှိရင် ထောက်ပြပြင်ဆင် ပေးနိုင်ပါတယ်ခင်ဗျာ။ ပျော်ရွှင်ချမ်းမြေ့ပါစေ...။

1 March 2008

မိတ်ဆွေတို့ ...

ယာခရိုး၌ ငွေချိုးကကူ
ပန်းကလေးတို့ ပျံ့ မွှေးကြူကြူ
မြမြက်ခင်းနှင့် နှင်းစက်ဖြူဖြူ
မိတ်ဆွေတို့ သွားစို့ခရီးတူ ။

အိပ်မက်သာမျှ ဘ၀တိုတို
မည်သူ့ဆီက ဘာမျှမလို
ချစ်ခြင်းကိုဖြင့် ပေးခွင့်ကိုဆို
မိတ်ဆွေတို့ ဆိုစို့တေးချိုချို ။

ဆိုကြသည့်တေး အေးမြကြည်လင်
ကြင်နာကြတုန်း ပြုံးပြုံးရွှင်ရွှင်
ရှေ့ တောင်ရိုးက မိုးစက်ကယ်ဆင်
မိတ်ဆွေတို့ ခွဲဖို့အချိန်ပင် ။

တွေ့ကြဆုံကြ လောကဧည့်သည်
လျှပ်တပြက်မျှ ကြုံရပေသည်
မုန်းလျက်မခွဲ ချစ်လျက်ခွဲမည်
မိတ်ဆွေတို့ သုတ်စို့မြမျက်ရည် ။

ပျဉ်းမနားမောင်နီသင်း

ဒီကဗျာကို ဦးဝင်းဖေ(ဆရာမြဇင်) က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပါတယ်။

FRIENDS

Silver doves coo above the hillside field.
Flowers scatter their sweet scent.
An emerald plot of grass,
Silver drops of dew,
Let's go on a journey together, friends.

This life is short as a dream.
There's nothing we ask of anybody.
Only let us give you our love.
Let's sing a sweet song, friends.

So we sing this cool, clear song,
And smile joyously while we love.
Rain gathers on the eastern hill.
It's now time to part, friends.

We meet for the lighting's span of time,
Guests of the world.
We part not in hate but part in love.
Let's wipe away the emerald tears, friends.

Trs; Win Pe (မြဇင်)

29 January 2008

လွင်ပြင်


တအားလှတဲ့ ကဗျာတစ်ပုဒ်

ဒါပါနဲ့ဆို ဆရာစည်သူငြိမ်းရဲ့ ကဗျာတွေကို ကျွန်တော်ကြိုက်သောကဗျာများ ကဏ္ဍမှာတင်ဖြစ်တာ ၃ပုဒ်ရှိသွားပါပြီ။ တအားကိုလှတဲ့ ကဗျာတစ်ပုဒ်လို့ပဲ ရိုးရိုးရှင်းရှင်း ခံစားမိပါတယ်။ ဆရာ့ကဗျာတွေမှာ အထူးခြားဆုံးကတော့ စကားလုံးကျစ်လျစ်သိပ်သည်းခြင်းပါပဲ။ စကားလုံးတိုင်းမှာ အပိုအလိုမရှိ ကျနသေသပ်စွာ ကဗျာအလှဓာတ်တွေ စီးဝင်လို့နေပါတော့တယ်။ အရင်တင်ခဲ့တဲ့ ကဗျာနှစ်ပုဒ်ကတော့
အောက်မေ့လို့ ပြန်ငေးရတဲ့နေ့တွေ နဲ့ အောင်ဟိတ်ချောင်း တို့ဖြစ်ကြပါတယ်။

*** *** ***

လွင်ပြင်

ညှို့ ချက်က လှ လှလွန်းလှ
ကောင်းကင်က ငိုက်ကျလာပြီး နမ်းရ။
လေယာဉ်ပျံ၊ ငှက်၊ တိမ်တိုက်၊ လမင်း၊ သစ်ရွက်
ပက်လက်လှန်ကြည့်ရင်း
အပြည့်အ၀လွတ်လပ်ခြင်းနဲ့ တမြုံ့ မြုံ့ မြည်း
လေစိုင်တွေ ခရီးသွားကြရင်ဘတ်ပေါ်
မြက်နဲ့ သက်ရှိအချို့က
စော်ကားကြတာကိုပင် ရင်မနာတတ်သေး
နေရာဖဲ့ပေးတဲ့ ရိုးရိုးကြီးလေ။

စည်သူငြိမ်း
(မြားနတ်မောင်/၁၉၉၆)

27 January 2008

ပင်လယ်မှောက်တဲ့လှေ

သစ္စာနဲ့ဝေးခဲ့လို့ ... တဲ့။
ဘယ်လိုမှဆေးဖက်မ၀င်နိုင်တော့တဲ့ နွယ်မြက်သစ်ပင်တွေ
တရွေ့ရွေ့ ရွာသွန်းပေါက်ရောက်လာကြ
ကျွန်မရဲ့ဆောင်းရာသီ ယာခင်းကလေး
ပေါင်းပင်တွေနဲ့ တအိအိညွှတ်ကွေးနေခဲ့။
နတ်ဝှက်ခံထားရတဲ့ မယ်ဇလီပွင့်လေးများ
ကြေးစားမဆန်တဲ့ လရောက်အောက်မှာ ယိမ်းနွဲ့လဲ့ဝါ။
ဆေးပေါင်းမခခင်မှာပဲ အဆိပ်ပေါင်းခခဲ့ရလို့
ကျွန်မရဲ့တန်ဆောင်မုန်းလပြည့်ညလေး
ကိုယ်ပိုင်မေးခွန်းတွေနဲ့ လန့်နိုးခဲ့ရ။
ဆုတောင်းတိုင်းရတတ်တဲ့အရာတွေထဲမှာ
ကတိသစ္စာ မပါဘူး
လက်မှတ်တွေအပြည့်ထိုးထားတဲ့စွယ်တော်ပင်က
လောကအဖို၊အမအကြောင်း ပြောပြတယ်။
ယတြာချေဖို့တစ်ခုပဲ ကျန်တော့တယ်
ဒါမှမဟုတ်
ဒါဟာ ဘုရားသခင်ရဲ့အလိုတော်ပါ လို့ ၀န်ခံလိုက်ရရင်ကောင်းမလား
ကိုယ့်ကိုယ်ကို မကြားတကြား ရယ်မိတာများပြီ။
ဖြေသိမ့်လိုက်ပါတယ်
တစ်ခါတစ်ခါ... ဘ၀ဟာပျင်းရိမနေဖို့
ဝှက်ဖဲတစ်ချပ်တော့ လိုလိမ့်မယ်... လို့။

မနော်ဟရီ
မုခ မဂ္ဂဇင်း
၂၀၀၁/ ဒီဇင်ဘာ

26 January 2008

တောင်သမန်

လူတစ်ယောက်
အင်းရေပြင်ကိုကြည့် စိတ်ကူးခဲ့လိမ့်မယ်
အဲဒီစိတ်ကူးဟာ အခု တံတားဖြစ်လို့
အဲဒီတံတားပေါ်မှာ အခု ကျွန်တော်တို့
လမ်းလျှောက်လို့
အင်းရေပြင်ကိုကြည့်လို့
စိတ်ကူးလို့..။

ခင်ဇော်မြင့်

9 January 2008

မိသားစု

မိသားစုဆိုတာ
တစ်ယောက်ရှေ့ ရောက်ဖို့
တစ်ယောက် နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်းတိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်
မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ်။

မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လူခြောက်ယောက်
လက်၁၀ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိလူအကုန်။

လဲကျသွားတဲ့ ငါ့အဖေနေရာကို
ငါ့ညီလေးဝင်ခဲ့တယ်
ယိုင်နဲ့သွားတဲ့ ငါ့အမေရဲ့ နေရာကို
ငါ့ညီမလေး ၀င်ခဲ့တယ်
မိသားစုကို ငါမမြင်ခဲ့ဘူး။

ငါ့အတွေးအခေါ်က သားသမီးဆိုတာ
သီးခြားရှင်သန်ရတဲ့ ဘ၀တစ်ခု
ငါက လမ်းပေါ်မှာကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်။

ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး
ငါ့မိသားစုမှာ ငါဟာ မလုံခြုံတဲ့ထရံ
ငါ့ကြိုးကိုတီးခတ်လိုက်တိုင်း အသံကြောင်ထွက်တယ်
ငါ့မိသားစုမှာ
မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ် ဆိုရင်လည်း
ငါပဲဖြစ်မှာ
ငါ့မိသားစုမှာ
ကြမ်းခင်းတစ်ပေါက် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
မ၀င်တဲ့ဂိုးတွေကို ငါသွင်းခဲ့တာ။

စိုင်းဝင်းမြင့်

7 January 2008

ကြယ်ဝင်စား

အဆင်းက
လွမ်းချင်းတွေလို ဆွေးဆွေးနီ
ဒီမှာ..
မေတ္တာတရားရဲ့ ပုံတူတောင်တန်းများ
မျှော်လင့်စိမ်းနဲ့ ညို့ ညို့ တောအုပ်များ
မိုးသည်းနှင်းထန်ဥတုများ
ကောင်းကင်တစ်ခိုက
လိုရာဆိုက် ငှက်လေးများကို ကြည့်မြင်တိုင်း
အထူးပင်မှိုင်းလာသော ဆွတ်ကျင်လှိုင်းများ
ဪ..
အိမ်ရနံ့ဝင်နေတဲ့ အဖျားငွေ့ငွေ့တွေက
ကျွန်တော့်တံခါးပေါက်ကို တဒေါက်ဒေါက်ခေါက်လို့။

စံညိမ်းဦး

13 December 2007

အထီးကျန်

မင်းအတွေးအခေါ်က
အရောင်မထွက်ဖူးတဲ့
ဒီလိုထိမိစမ်းမိဖို့
ကျွန်တော်ချီတက်လာတာမှ မဟုတ်တာ
လျှပ်စီးရောင်တလက်လက်
ပန်းခင်းထဲကရနံ့တွေ ရောင်ကိုင်းလာတဲ့အထိ
လောကဓံငါ့အပေါ်ထစ်ခြုန်းပုံ စောင်းနင်းတယ်
အရွယ်အစားအမျိုးအမျိုး
အရောင်အသွေးအမျိုးမျိုးနဲ့
ပင်လယ်ခရုတွေ အာရုံကိုစူးစေတာကလွဲပြီး
ဘာမှ အဆန်းတကြယ် ခူးခပ်မပေးဘူး
တမျော်တခေါ် ငေးကြည့်မိသမျှ
ရှုခင်းတွေကလည်း အရွယ်မတင်ဘူး
ခင်ဗျားတို့ပြောသလောက် မကွေ့ကောက်ဘဲ
ကျွန်တော်ထင်သလောက်
ဖြောင့်တန်းလှပတဲ့မြစ်ဆီ ပြန်လာခဲ့တယ်
သဘာဝတရားဟာ စိမ်းစိမ်းစိုစို
နေလုံးနီနီက ကန်သင်းရိုးအစပ်မှာ ဖူးလို့ပွင့်လို့
ကျွန်တော်လွှတ်တင်လိုက်တဲ့ သီချင်းကလေး
ပျံလွှားငှက်ကလေးနဲ့တိုက်ပြီး ပြန်ကျလာခဲ့
ကြီးကောင်ဝင်စဆည်းဆာကို မော့ကြည့်ရင်း
ကျွန်တော်တစ်ယောက်တည်းလဲ ပျော်ပါတယ်။

မောင်ဖီလာ

2 November 2007

အကောင်းမြင်ဝါဒီတစ်ယောက်ရဲ့ မြို့

နေ့တစ်နေ့
မြို့ ကြီးသို့ သားလီးဓားအပြည့် တင်ဆောင်ထားသော
လော်ရီကားကြီးများ ၀င်ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ ခွဲစိတ်ကုဆရာဝန်များ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ မိန်းမပျက်နှင့် ကဗျာဆရာများ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ စည်သွတ်ဘူးနှင့် ပူပူနွေးနွေးချက်လက်မှတ်များ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ "အငမ်းမရဖြစ်ခြင်းနှင့် ကောင်းစွာသေဆုံး
ခြင်း" စာအုပ်အသစ်များ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ ကောင်းကင်ဘုံက ရိုက်လိုက်တဲ့ သံကြိုးစာ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ တရားဟောဆရာ(တွေးခေါ်ရှင်) နှင့်
အမဲလိုက်ခွေးများ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ အိပ်ပျော်ရသော သစ်စေ့ (သူ့အိပ်မက်က
သစ်ပင်တဲ့) နှင့် ပိုးဟပ်များ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ မီးသတ်သမားနှင့် နတ်ကတော်များ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ နှိုးစက်နှင့် ဘူဖဲများ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ နေရောင်ခြည်နှင့် လတ်လတ်ဆတ်ဆတ်
ဆီးနှင်းများ ရောက်လာခဲ့သည်။

နောက်တစ်နေ့
"ကောင်းသောနံနက်ခင်းပါ"
မြို့ ကြီးရဲ့ နှုတ်ခွန်းဆက် သ၀ဏ်လွှာကို
ကျွန်တော်က လူကြီးမင်းထံ ရေးသားပေးပို့လိုက်ပါသည်။

နေမျိုး


25 October 2007

ရွာပြန်စဉ် ကြော်ငြာဆိုက်ကားတစ်စီးနဲ့ အရင်ရောက်နေတဲ့ စူပါမင်းသမီးလေး ဖတ်ဖို့

ကျွန်တော်ဟာ
အော်သံ မရှိတော့တဲ့ လော်စပီကာလိုပဲ
နောက်မှာ ဖြုတ်ထားတဲ့ ယူနစ်က
အသည်းနှလုံးလေလား

မြေသြဇာမပါဘဲ စိမ်းလန်းကြည့်ကြပါ
အတောင်ပံတပ်ထားတဲ့ ဆေးရောင်တွေဟာ
နေပြင်းပြင်းထဲ စိုက်စိုက်ကျလာတယ်

ဂျစ်ဂျစ် ဂျစ်ဂျစ်နဲ့ ရေဒီယို
ဓာတ်ခဲကပဲ အားလျော့သလား
လေကပဲ အားလျော့သလား
လူကပဲ အားလျှော့သလား
ကျွန်တော့ရွာ ချောင်းလေးက
သောင်ပြင်မှာ လမ်းပြန်လျှောက်ကြည့်တော့
နံနက်ခင်းကလည်း လျော့လျော့
ရေစီးအားကလည်း လျော့လျော့
ဒါနဲ့
စိတ်တစ်ခုလုံးကို လှည်းကျင်းလိုက်ရတယ်
ကမ္ဘာကြီးတောင် သံသရာနဲ့
တပ်ဆင်ထားခြင်း ခံနေရတာပဲ

ဂျုံးဂျုံး ဂျက်ဂျက် ဖြတ်သွားတဲ့
တံတားကြီး အောက်မှာ
ပဲခင်း၊ င်္ကြပင်၊ ရိုးပြတ်၊ ကိုင်းတော၊ ပုစဉ်းရင်ကွဲများ
မိတ်ကပ်မုန်တိုင်းကြားထဲက
ဓားသန်လျက်မလေးရေ
လွမ်းလိုက်တာ ပုစဉ်းရင်ကွဲကောင်လို
ပုစဉ်းရင်ကွဲကောင်လို တစ်ယောက်တည်း
ရွာမှာ
လွမ်း..လိုက်..တာ။

စောဝေ

23 October 2007

အောင်ဟိတ်ချောင်း

အစိမ်းရဲ့ ညှို့ကွင်းထဲနေရောင်ခြည်ငြိနေ
ကန်စွန်းတောထဲ ကိုယ်ကလေးတိုးဝင်သွား
ဆူးကြောင့်တော့ ရှကွဲမသွားပါဘူး
ငါးရဲ့ကိုယ်ရနံ့ ထုံမွှန်းအေးအီ
ဘ၀ရှိ တံခါးမဲ့တဲကလေးတွေ
ကမ်းတစ်လျှောက် ပေါက်ရောက်နေရှာ
ဗေဒါတွေ သူရဲကောင်းများ။

စည်သူငြိမ်း
နွယ်နီမဂ္ဂဇင်း
ဖေဖော်ဝါရီ/၉၉

15 October 2007

ဆွေးနွေးပွဲ

ဖြစ်ပြီးပျက်တတ်တဲ့ တရားသဘောအကြောင်း
ဆွေးနွေးပြီးတဲ့အခါ ရေမိုးချိုး အ၀တ်အစားလဲပြီး
ဟောလိဝုဒ်ရုပ်ရှင်ကားသစ်ကို သွားကြည့်ကြမယ်
ဒီကားမှာ ခန္ဓာကိုယ်အချိုးအစားလှပတဲ့
ဂျနီဖာလိုပက်ပါတယ်။

ဖြစ်ပြီးပျက်တတ်တဲ့ တရားသဘောအကြောင်း
ဆွေးနွေးပြီးတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပြန်မေးတယ်
မြို့ ကြီးတစ်မြို့ ထဲက လူတစ်ယောက်ရဲ့
အသက်မွေးမှုနဲ့ ဘ၀အဓိပ္ပါယ်ရှာမှုဟာ
လူတွေအများကြီး လမ်းတွေအများကြီးထဲမှာ
မှုန်ဝါး သေးငယ်၊ ပျောက်ကွယ်သွားတော့မှာလား။

လူတွေဟာ ခေတ်အဆက်ဆက်
ဒီလိုပဲ ပြောဆိုလှုပ်ရှား ပြုမူနေထိုင်ခဲ့ကြပါတယ်
လူတွေဟာ ခေတ်အဆက်ဆက် ဒီလိုပဲ သမ်းဝေ
ဒီလိုပဲ ပျော်ရာပျော်ကြောင်း ရှာကြံနေထိုင်ခဲ့ကြပါတယ်
မြေကြီးပေါ်မှာ "အသက်" ဖြစ်ပေါ်လာရခြင်းအကြောင်း
ဖြစ်ပြီး ပျက်တတ်တဲ့ တရားသဘောကို
ဆွေးနွေးနေကြတာလား
ဒါဆိုလည်း ပျက်ပြီးဖြစ်တတ်တဲ့
တရားသဘောကို ပြန်လှန်ဆွေးနွေးရမှာပေါ့။

ထွန်းဝေမြင့်