Showing posts with label ကဗျာမှတ်စု/စာမှတ်စု. Show all posts
Showing posts with label ကဗျာမှတ်စု/စာမှတ်စု. Show all posts

10 May 2009

မုန်းသူမရှိ ချစ်သူသာရှိ ၊ ရန်သူမရှိ မိတ်ဆွေသာရှိ


(က)
၁၉၈၆က ကျွန်တော်သည် မိမိကိုယ်ကို မဲဇာသို့ပို့ခြင်း ကဗျာတွင် "မုန်းသူမရှိ ချစ်သူသာရှိ၊ ရန်သူမရှိ မိတ်ဆွေသာရှိ" ဆိုသော စကားရပ် ပါရှိသည်။ ကျွန်တော်သည် မြို့တော်မှ ခွာ၍ တောကျေးလက်တွင် သွားရောက်နေထိုင်စဉ်က ရေးခဲ့သောကဗျာ။ ကျွန်တော်၏ ခံစားမှုကို ဖော်ပြသောကဗျာ။ ကျွန်တော်၏ ယုံကြည်ချက်ဟူ၍လည်း ဆိုနိုင်သည်။ ထိုအခါက ကျွန်တော်သည် အသက် ၆၇ နှစ်အရွယ်၊ ကျွန်တော်သည် သမိုင်းခေတ်များ၊ စစ်နှင့်တော်လှန်ရေးကို ဖြတ်သန်းပြီးနောက် ရရှိခဲ့သော အတွေးအခေါ်ဖြစ်သည်။ စိတ်ကူးသက်သက် မဟုတ်။ ကျွန်တော်နေထိုင်ရာ မဲဇာမှာ တောကျေးလက်။ ငှက်သံ၊ ချိုးကူသံ၊ ရေစပ်တွင် ဖြူဖွေးသော ဗျိုင်းများ ကူးခတ်သံ၊ အဝေးတွင်ရှိ ပဲခူးရိုးမ အစွန်အဖျားမှ သစ်ပင်တောအုပ်စိမ်းစိမ်း၊ ပန်းပွင့်များ၏ မွှေးရနံ့၊ စိမ်းလဲ့သောစပါးကွင်း၊ ပြာလဲ့လဲ့နီဝါ၀ါ ချောင်းကလေး စသော ကျေးလက်ပတ်ဝန်းကျင်တွင် အေးအေးဆေးဆေးနေသည်။

ကျွန်တော်သည် မိမိကိုယ်ကို မဲဇာသို့ပို့ခြင်းကို ဖွဲ့နွဲ့မိခြင်း ဖြစ်သည်။ စကားလုံး သက်သက်မဟုတ်။ အတွေ့အကြုံမှ စီးဆင်းလာသော ရင်တွင်းမှ ဖြာကျလာသော ကဗျာ။

(ခ)
ယင်းကဗျာလေးကို ခင်နှင်းယုက တုံ့ပြန်၍ ကဗျာဖြင့် ဖွဲ့လိုက်သည်။ ကဗျာက "မဲဇာမြိုင်မှ ဆရာအိုသို့" ဖြစ်သည်။ ကျွန်တော် ယင်းကဗျာလေးကို အလည်ရောက်နေသော ကဗျာဆရာမ မနုယဉ်က ဖတ်ပြသည်။ ကျွန်တော် မျက်ရည်စို့လာသည်။ သူမက ကျွန်တော် ကျေးလက်သို့ သွားရောက်ခိုအောင်းနေသည်ကို စိတ်ခံစား၍ မြို့သို့ပြန်လာရန် ခေါ်သောကဗျာ။

တကယ်ကတော့ ကျွန်တော်သည် မိမိကိုယ်ကို မဲဇာသို့ ပို့ခြင်းဖြစ်သည်ကို သူမ သိမှသိပါလေစ။ ကျွန်တော်က ခင်နှင်းယုတို့ ကျွန်တော်တို့သည် စိတ်ချင်းဆက်သွယ်မိကြပါပြီ ဟူ၍ စာရေးလိုက်သည်။ ရန်သူမရှိ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ ချစ်သူသာရှိဟူသော အယူအဆကို မနှစ်သက်သူ၊ လက်မခံသူများအားလည်း တွေ့ရသည်။ တစ်ယောက်က "မြွေပွေးကို မိတ်ဆွေဖွဲ့လို့ ရမလားဗျ" ဟု ပြောသည်။ ကျွန်တော် ပြုံး၍ နေလိုက်သည်။

ဟိုတလောလေးကလည်း ကိုဝင်းဦးနှင့် ကျွန်တော်တို့ ဆက်သွယ်မှုကို သာဓကထူကာ တစ်ဖက်ကတော့ ရန်ငြိုးရှိနေတာပဲ မဟုတ်လားဟူသော စောဒကတက်သံ ဆောင်းပါးဖတ်ရသည်။ ကျွန်တော် ပြုံးမိလိုက်သည်။ ကျွန်တော်က စိတ်ကူးသက်သက်ဖြင့် တွေးခေါ်ရေးလိုက်ခြင်း မဟုတ်ပေ။ ကျွန်တော်၏ စာပေဘ၀၊ လူ့ဘ၀သမိုင်း အတွေ့အကြုံများမှ ထုတ်၍ရရှိသော အတွေးအခေါ်။

ဘာကြောင့် ရန်သူမရှိရမှာလဲ၊ ဘာကြောင့် အမုန်းမရှိရမှာလဲ။ ကျွန်တော် ငယ်စဉ်ဘ၀ကို တွေးလိုက်လျှင် ကျွန်တော် မည်သူနှင့်မျှ ရန်မဖြစ်ဘူးသည်ကို သတိရနေမိသည်။

အငြင်းအခုံတော့ ကျွန်တော်က သန်သည်။ ကျွန်တော် သဘောမတူလျှင် ပြန်ပြောတတ်သည်။ ကျွန်တော် ပါဝင်ဆောင်ရွက်ခဲ့သော စာရေးဆရာအဖွဲ့အစည်း၊ ငြိမ်းချမ်းရေး အဖွဲ့အစည်း၊ မိတ်ဆွေဖြစ် အဖွဲ့အစည်းများတွင် ပြဿနာတစ်ရပ်ကို စဉ်းစားသောအခါ ကျွန်တော် သဘောမတူသောကိစ္စများတွင် ငြိမ်မနေတတ်။

၁၉၅၆ က ဟန်ဂေရီပြည်သို့ ဆိုဗီယက်တပ်များ တင့်ကားများနှင့် ၀င်ရောက်ပြီး လူထုကို ပစ်ခတ်သောကိစ္စတွင်
ကျွန်တော် ကန့်ကွက်ခဲ့သည်။ ဆိုဗီယက်တပ်များ ဟန်ဂေရီပြည်မှ ဆုတ်ခွာပေးရမည်ဟု ကျွန်တော် အစည်းအဝေးတွင် တင်ပြခဲ့သည်။ သူတို့ကတော့ ဆိုရှယ်လစ်စနစ်အတွက် ကာကွယ်သည်ဟူ၍ အကြောင်းပြပြီး ကျွန်တော်၏ အယူအဆကို သဘောမတူကြ။ ထိုအခါက ကျွန်တော် တစ်ယောက်တည်း၊ ဗန်းမော်တင်အောင် စကားနှင့်ဆိုလျှင် ဘုန်းမောင်တစ်ယောက်တည်းရယ်။ ကျွန်တော်က ကျွန်တော်၏ အယူအဆကို မှတ်တမ်းတင်ရန် အစည်းအဝေးတွင် ပြောသည်။ ထိုအခါက ကမ္ဘာတွင်လည်း ထိုဟန်ဂေရီ အရေးအခင်းက ရိုက်ခတ်နေသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ ဌာနချုပ်တွင်လည်း အငြင်းပွားကြသည်။ အငြင်းပွားပြီးနောက် ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ အစည်းအဝေးတွင် ဟန်ဂေရီအစိုးရနှင့် ဆိုဗီယက်အစိုးရတို့၏ သဘောတူညီချက်အရ ဆိုဗီယက်တပ်များ ဟန်ဂေရီမှ ဆုတ်ခွာရမည်ဟု ဆုံးဖြတ်သည်။ ထိုအခါ ကျွန်တော်နှင့် သဘောချင်း တူသည်။ သို့သော် ဆိုဗီယက်အစိုးရနှင့် ဟန်ဂေရီအစိုးရတို့၏ သဘောတူညီချက်အရဟူသော အတွေးအခေါ်ကို ထိုအခါက မရရှိခဲ့။

နောင်နှစ်များကြာသောအခါ ကျွန်တော်၏ ဟန်ဂေရီကိစ္စ အယူအဆကို လက်ခံသူများ တစ်စတစ်စ များလာသည်။ တစ်နေ့ကပင် ပျဉ်းမနားမှရောက်လာသော မိတ်ဆွေတစ်ဦးက အစက ထိုအယူအဆကို လက်မခံ၊ ယခုမှ မှန်သည်ဟု ပြောသွားသည်။ သည်လိုပါပဲ၊ သမိုင်းခေတ်များကို ဖြတ်သန်းပြီးလျှင် အတွေ့အကြုံတို့က အမှန်တရားကို တွေ့ရှိနိုင်ကြပြီကော။

(ဂ)
အစည်းအဝေးများတွင် ကျွန်တော် အငြင်းသန်သည်ကို နိုင်ငံရေးသမားအချို့က ကပ်သည်ဟု ဝေဖန်သံ ကြားရသည်။ တကယ်တော့ ကပ်ခြင်းမဟုတ်ပါ။ ကျွန်တော် ဘ၀င်မကျမချင်း ငြင်းခုံတတ်သည်ကို နောက်တော့ သိသွားသည်။ သခင်လွင်ကပင် အစည်းအဝေးတစ်ခုတွင် သူနှင့် မတိုက်ဆိုင်သောကိစ္စတစ်ခု ငြင်းခုံရင်းက "ဒဂုန်တာရာက ဖီလော်ဆော်ဖာ" ဟု လွှတ်ခနဲ ပြောလိုက်သည်။ သူပြောသော ဖီလော်ဆော်ဖာဆိုသည်က ဒဿနဗေဒသမား(သို့မဟုတ်) အမှန်တရား ရှာဖွေရေးသမားဟု ဆိုလိုခြင်းဖြစ်သည်။ သူက ရိုးရိုးသားသားပင် ပြောခြင်းဖြစ်သည်။ ကမ္ဘာ့ငြိမ်းချမ်းရေး အဖွဲ့အစည်းအမြင်တွင် သူတစ်ပါး၏ နိုင်ငံကို စစ်တပ်ဖြင့် ၀င်ရောက် ကျူးကျော်စွက်ဖက်ခြင်းသည် ငြိမ်းချမ်းရေးကို ထိပါးသည်ဟူသော သဘောတရားပါသည်။ ယင်းသဘောတရားအတိုင်း ကျွန်တော် တစ်သဝေမတိမ်း လိုက်နာပြောဆိုခြင်း ဖြစ်သည်။ ယင်းသည် ဘာမျှ ဆန်းသည့်ကိစ္စမဟုတ်။ ကျွန်တော်၏ ငြိမ်းချမ်းရေး အတွေးအခေါ်ကလည်း ရိုးရိုးစင်းစင်းမျှသာ။

ကျွန်တော်က မိမိကိုယ်ကို ရိုးရိုးအအဟု ဝေဖန်သည်မှာ ကြာပါပြီ။ မတတ်နိုင်။ ကျွန်တော်၏ ဘ၀အတွေ့အကြုံ၊ အဖွဲ့အစည်း အတွေ့အကြုံ၊ သမိုင်းခေတ်အတွေ့အကြုံမှ ရရှိသော အတွေးအခေါ်သာလျှင် ဖြစ်ပါသည်။ ကျွန်တော်၏ အတွေ့အကြုံများကို ပြန်လည် တွေးတောနေမိပေသည်။

ဒဂုန်တာရာ
စတိုင်သစ်၊ စက်တင်ဘာ၊ ၂၀၀၃

+++

မိမိကိုယ်ကို မဲဇာသို့ပို့ခြင်း

တရံရောခါ
ရာဇာသေနင်း၊ ရွှေစိတ်တော်နှင့်
ခန့်မသင့်၍၊ ဘုရင့်အာဏာစက်
လက်ဝဲသုန္ဒရ၊ မင်းခကဗျာဆရာ
မဲဇာသို့ ပို့လိုက်သတည်း။

ငါ တစ်မူကား
မည်သူကမျှ၊ အမိန့်မချ
မိမိဆန္ဒဖြင့်၊ မြို့ပြမှခွာ
မဲဇာသို့ သွားနေလိုက်သည်။

ခေတ်သစ်မဲဇာ
ထိုနေရာကား၊ ကတ္တရာလမ်းမှ
ဝေးကွာလှလျက်၊ လယ်ကွင်းတစ်ဘက်
တစ်ဘက်မှာတော၊ တောင်တစ်ကြောနှင့်
အပြောကျယ်စွာ၊ ကောင်းကင်ပြာနှင့်
ဘယ်မှာကြည့်လေ၊ စိမ်းမြကြွေနှင့်
ရေကန်အတွင်း၊ နေနှစ်စင်းတည်း
ထွက်စပုလဲ၊ ၀င်ကရွှေဝါ
နေစကြာ၊ လစကြာ၊ ရေကန်သာတွေင်
ဖန်လွှာမှန်လွှာ၊ ရေကန်သာတွင်
စကြာမှန်ပြောင်း လှည့်လည်လျက်။

ကြယ်၊ လ၊ နေနှင့်
ရေမြေကောင်းကင်၊ သစ်ပင်တောတောင်
အမှောင်အလင်း၊ နဂိုရင်းဖြင့်
ဖုံးခြင်းမရှိ၊ ကွယ်ခြင်းမရှိ
ပကတိအဖြစ်၊ ရိုးဖြောင့်လှစ်ပြ
အစစ်အမှန်၊ အရိုးခံလျှင်
သဘာဝ၏ ဟန်အတိုင်း။

တစ်နေရာတွင်
ရှေ့မှာလယ်ကွင်း၊ ရေဆင်းချောင်းစပ်
ကွေ့ပတ်ခွေရစ်၊ လှိုင်မြစ်သို့ထွက်
လယ်ကွက်ကန်သင်းကြား၊ ဖြတ်သန်းသွားရာ
ငါးများခုန်ထွက်၊ ဂဏန်းတက်ကြ
ရေစအိုင်နား၊ ချဉ်ပေါင်ခါးပြင်
လယ်ကန်စွန်းပင်၊ စားချင်ခူးသွား
ဖထီးစကား၊ ကြားရလေပြန်
သူ့ဆီးခြံအပေါက်ဝ၊ တစ်ခေါ်လောက်ဝေး
ရွှံ့စေးလမ်းမှ၊ လျှောက်ခဲ့ရသည်
အေးချမ်းပေစွ။

မိုးသက်လေဆင်
ရေပြင်လယ်ကွင်း၊ ရွှေရောင်ငွေရောင်
မြရောင်စိန်ရောင်၊ တိမ်တောင်ရိပ်ထင်
စိမ်းမျှင်စနု၊ မြတုံးမျှောတင်
နေ့တွင်ဖိတ်လက်၊ ညတွင်မှိုင်းမြ
လမှုန်၊ ကြယ်မှုန်၊ စံပယ်စုံ ကန်စွန်းငုံ
ဖြူငုံလူးလွန့်
ရေတွင်ကူးခပ်၊ တဖျတ်ဖျတ်တည့်
ရေစပ်လယ်ခင်း၊ ဖြူဖွေးကြွ။

ကောက်စိုက်ချိန်တွင်
ရေပြင်ဖွေးဖွေး၊ မိုးရိပ်ပြေးလွှား
နေ့စားလုပ်သား၊ ကောက်စိုက်သမများ
လှုပ်လှုပ်ရွရွ၊ ထဘီတိုမ
ဂဒူးဆောင်းကြ၊ ခမောက်ဆောင်းကြ
ကားချပ်ခြယ်သ၊ ဘ၀ရသ
လှပပေစွ။

နေ့အခါတွင်၊ ဟင်းလင်းပြင်မို့
လေထန်ပြင်းပြင်း၊ ရိုက်ခတ်ထုတ်ချင်း
နှုတ်သီးကောက်စွ၊ မြေမွခြစ်ကာ
အစာရှာကြ၊ အော်မြည်ကြနှင့်
ဘဲတစ်မလည်း၊ ရေစချောင်းတိမ်
မြည်ကျူးသံယှက်၊ ကြက်သံဘဲသံ
ညယံတွင်ကား၊ ဖားအော်သံကား
ပိုးမွှားပုစဉ်းသံ၊ ပုရစ်သံတို့
တစ်ယံမဆိတ်၊ တောသံခိပ်မှာ
သာယာပေစွ။

ဤမဲဇာကျွန်း
စခန်းသာမော၊ ကျေးလက်တောတွင်
ငါလျှင်မွေ့ပျော်၊ တစ်ကိုယ်တော်တည့်
ရေးဖော်မရှိ၊ ဖတ်ဖော်မရှိ
ဝေဖန်သူမရှိ၊ တိုက်ခိုက်သူမရှိ
အမိန့်မရှိ၊ လျှောက်လွှာမရှိ
ငါ့ကိုမသိ၊ ငါ့စာမသိ
အမုန်းမရှိ၊ စစ်ပွဲမရှိ
ပကတိထင်ဟပ်၊ စိမ်းရိုင်းလတ်ဆတ်
လွတ်လပ်နယ်မြေ၊ ငြိမ်းချမ်းမြေ။

ဒဂုန်တာရာ
မိုးဝေ၊ သြဂုတ်၊ ၁၉၈၆

3 December 2008

ရင်ချင်းဆက်ဘာသာဗေဒ (၀ါ) ကဗျာ

ကျနော်စုထားဖြစ်တဲ့ ကဗျာစာအုပ်(အီးဘုတ်) တွေကို မျှဝေပါရစေ။ တချို့စာအုပ်တွေ ရှိနေပြီးဖြစ်တယ်ဆိုရင် ခွင့်လွှတ်စေလိုပါတယ်။ စာအုပ်တော်တော်များများကိုတော့ ၀က်ဆိုဒ်တွေကနေ ဒေါင်းလော့ယူပါတယ်။ တချို့ စာအုပ်တွေကိုတော့ ကဗျာရေးသူကိုယ်တိုင်က မြတ်မြတ်နိုးနိုး စာအုပ်လေးလုပ်ပြီး မှတ်မှတ်ရရ ပို့ပေးတာမို့ တလေးတစား သိမ်းထားဖြစ်ပါတယ်။ ခဏခဏလည်း ကြည်ကြည်နူးနူး ထုတ်ဖတ်ဖြစ်ပါတယ်။ ကိုချီရွန်ရဲ့ ကဗျာစုစည်းမှု၊ ဘိုတင့်ကြီးရဲ့ ကဗျာစုစည်းမှု၊ ကိုလင်းဦးရဲ့ ၀မ်းနည်းမှတ်တမ်း ကဗျာတွေပေါ့။

နောက် ဂူဂဲကနေ ကဗျာဆရာနာမည် ရိုက်ထည့်ပြီး အဲဒီကနေ ရလာတဲ့ကဗျာတွေကို အီးဘုတ်လုပ်ထားတာလဲ ပါပါတယ်။ ဆရာဇေယျာလင်း ကဗျာစာအုပ်နဲ့ ဆရာဝင်းမြင့်၊ ခရမ်းပြာထက်လူ ကဗျာတွေကို အဲဒီလိုရှာပြီး စာအုပ်လုပ်ထားတာပါ။ ကိုယ်လေးစားအားကျရတဲ့ ဆရာတို့ရဲ့ကဗျာလက်ရာတွေ တစ်စစီ ပြန့်ကျဲနေတာကို တစ်စုတစ်စည်းထဲအနေနဲ့ ဖတ်လို့၊ လေ့လာလို့ အဆင်ပြေအောင် စုထားတဲ့သဘောပါ။ အခြားဘယ်နေရာမှာမှ အကျိုးစီးပွားအတွက် အသုံးပြုထားခြင်း မရှိပါခင်ဗျာ။ ဆရာတို့ရဲ့ ကလောင်အမည်ကိုလည်း ကဗျာတိုင်းမှာ ထင်ထင်ရှားရှား ဖော်ပြထားပါတယ်။ ၀ါသနာတူ ကဗျာရောင်းရင်းများ သူငယ်ချင်းများကိုတော့ ကဗျာဆိုတဲ့ အနုပညာတစ်ရပ်အပေါ် ရူးသွပ်ဖော်ရူးသွပ်ဖက်တွေမို့ မေးလ်ကနေ ကြုံတဲ့အခါတိုင်း ပို့ပေးဖူးပါတယ်။ လူချင်းနီးစပ်တဲ့ သူငယ်ချင်းတွေကိုတော့ ခွေရိုက်ပြီး ပေးဖြစ်ပါတယ်။ ဟင်းကောင်းကျွေးကောင်းလေး စားရရင် ခင်မင်သူ မိတ်ဆွေတွေကို သတိတရ ရှိတတ်ကြသလိုမျိုးပါပဲ။ ကဗျာကောင်းတစ်ပုဒ် ဒါမှမဟုတ် ကဗျာစာအုပ် အသစ်တစ်အုပ်ကိုများ ဖတ်လိုက်ရပလားဆိုရင် ကျနော်နဲ့ဝါသနာတူ သူငယ်ချင်းတွေကိုလည်း ဖတ်ခွင့်ရစေချင်တဲ့စိတ်တွေ တဖွားဖွား ပေါ်လာတော့တာပါပဲ။ ဒါကြောင့်မို့ အခွင့်ကြုံတာနဲ့ ကျနော့်မှာရှိတဲ့ ကဗျာတွေကို တစ်ဖက်က သူငယ်ချင်း အားလား၊ မအားလားမှမသိ ဇွတ်အတင်းပေးတတ်တဲ့ အကျင့်ဆိုးကြီး တွယ်ကပ်လာတယ် ဆိုပါတော့ဗျာ :) အခု ဒီအကျင့်ဆိုးကြီးက ဘလော့ပေါ်ထိ ရောက်လာပြီ :D

တချို့စာအုပ်တွေကျတော့ မှတ်စုစာအုပ်ထဲမှာ ကြိုက်လို့ မှတ်ထား၊ တေးထားတဲ့ကဗျာတွေကို စာပြန်ရိုက်ပြီး အီးဘုတ်လုပ်ထားတာပါ။ ဒါကလည်း အပေါ်မှာ ပြောခဲ့သလိုပါပဲ၊ တစ်စုတစ်စည်းထဲနဲ့ အလွယ်တကူ ဖတ်နိုင်အောင်လို့ပါပဲ။ နောက် မဂ္ဂဇင်းတွေကနေ ကဗျာနဲ့သက်ဆိုင်တဲ့ ဆောင်းပါးတွေကို သတ်သတ်ရွေးထုတ်ပြီး စုထားတာလေးတွေလည်း ပါသေးသဗျ။ မှတ်မှတ်ရရ ဆရာမောင်ဒီရဲ့ ဆောင်းပါးကတော့ ကိုညိုထက်ညိုကြီး စကန်ဖတ်ပြီး ပို့ပေးထားတာ။ ကျေးဇူးတင်ပါတယ် အကိုကြီးရေ :)

ဆရာပိုင်စိုးဝေရဲ့ သိန်းစွန်ငှက်ရဲ့ အပြန်လမ်း ကဗျာရှည်ကို ဆရာနေ၀င်းမြင့်ရဲ့ အက်ဆေးတွေကနေတစ်ဆင့် ရင်းနှီးနေတာ ကြာပါပြီ။ တစ်စွန်းတစ်စ ဖတ်ရတာနဲ့ကို စွဲလမ်းနေခဲ့ရတာလည်း ကြာပါပြီ။ ဒါပေမဲ့ ကဗျာကို တစ်ခါမှ ဖတ်ခွင့်မရခဲ့ဘူး။ တွေ့လည်းမတွေ့ခဲ့ရဘူး။ အခုတော့ အဆင်သင့်လေခြင်းဗျာ။ မြန်မာကျူးပစ်မှာ သိန်းစွန်ငှက်ရဲ့အပြန်လမ်း ကဗျာရှည်ကြီးကို အစအဆုံးဖတ်ခွင့်ရလိုက်တယ်။ တင်ပေးတဲ့ ကဗျာချစ်သူကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ။ ဒါနဲ့ အခြားစွဲလမ်းနှစ်ခြိုက်ခဲ့ရတဲ့ ကဗျာရှည်တစ်ပုဒ် (ဆရာအောင်ချိမ့်ရဲ့ ဂန္တ၀င်မမ ) ကိုလည်း ကျူးပစ်မှာ ဖတ်ခွင့်ကြုံခဲ့ပါတယ်။ တအား ၀မ်းသာမိပါတယ်။ ဒါနဲ့ အဲဒီကဗျာနှစ်ပုဒ်ကိုလည်း ကျနော် စုထားလိုက်ဖြစ်ပါတယ်။

နောက် မုတ်ဆိတ်ပျားဆွဲလို့ ဆိုရမဲ့ အမျှော်ကြီးမျှော်နေတုန်း ပေါ်လို့လာတာကတော့ ဆရာသုခမိန်လှိုင်ရဲ့ ဂျွန်လ၏မိုးရေများနဲ့ ဆရာဖော်ဝေး၊ ဆရာမောင်ချောနွယ်၊ ဆရာအောင်ချိမ့်တို့ရဲ့ သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတ ကဗျာစာအုပ်နှစ်အုပ်ပါပဲ။ ဆရာမ မနော်ဟရီပြန်တင်ပေးထားတဲ့ ကဗျာတွေကို ၀မ်းသာအားရ စုထားလိုက်ဖြစ်ပါတယ်။ ဆရာမကို ကျေးဇူးတင်ပါတယ်။ နောက် ဆရာနှင်းခါးမိုးနဲ့ ကိုနေမွန်းသင်တို့ ဘလော့ပေါ်က ကဗျာတွေကိုလည်း ခဏခဏ ပြန်ဖတ်ဖြစ်နေတာမို့ တစ်စုထဲ သိမ်းထားဖြစ်ပါတယ်။ ဆရာစိုင်းဝင်းမြင့်ရဲ့ များများမြန်မြန်ကျတော့ ကိုတောကျောင်းရဲ့ စာအုပ်အညွှန်း ဖော်ပြထားတာကတစ်ဆင့် လမ်းအိုလေးက အီးဘုတ်လုပ်ထားပေးတာကို ဒေါင်းလော့ယူပါတယ်။ ကိုတောကျောင်းကိုရော၊ လမ်းအိုလေးကိုရော ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။

အောက်မှာ စာရင်းပြထားတဲ့ ကဗျာစာအုပ်တွေကတော့ ဆိုခဲ့ပြီးသလို နည်းလမ်းအသွယ်သွယ်နဲ့ စုဆောင်းထားတာတွေပါပဲ။ ကဗျာတွေကို ကနဦး မွေးဖွားပေးခဲ့ကြတဲ့ ကဗျာဆရာတွေနဲ့ တဆင့်ပြန်လည် ဖော်ပြပေးကြတဲ့၊ မျှဝေပေးကြတဲ့ ကဗျာချစ်သူတွေကို ကျနော်က လှိုက်လှိုက်လှဲလှဲကြီး ကျေးဇူးတင်မိပါတယ်။ ကျနော့်မှာရှိနေသလောက်လေးကိုလည်း မိတ်ဆွေတို့ဖတ်ဖို့ ပြန်ပြီးတော့ မျှဝေချင်ပါတယ်။

ကျနော်တို့ဆီမှာ အင်တာနက်က လစ်မစ်နဲ့(တစ်ရက် ၃၅၀မက်) သုံးရတာမို့ စာအုပ်တွေအားလုံးကိုတော့ အပ်လုပ်တင်ပြီး လင့်မချိတ်တော့ပါဘူး။ မိတ်ဆွေတို့ နှစ်သက်တဲ့ ကဗျာစာအုပ်များကို စီးပုံးမှာဖြစ်ဖြစ်၊ ကွန့်မန့်မှာဖြစ်ဖြစ် စာရင်းတို့ခဲ့နိုင်ပါတယ်ခင်ဗျာ။ အဲဒီမိတ်ဆွေတို့ စာရင်းတို့ခဲ့တဲ့ ကဗျာစာအုပ်ကို အတ်လုပ်တင်ပြီးတော့ လင့်ထားပေးပါ့မယ်ခင်ဗျာ။ မိတ်ဆွေတို့ဆီမှာရှိတဲ့ ကဗျာစာအုပ်များကိုလည်း လက်တို့ခဲ့ပါဦးလို့ ခင်မင်ရင်းနှီးစွာ အမှာစကားဆိုပါရစေလားခင်ဗျာ :)

၁။ ကဗျာ ၅၀၀ မှ
၂။ ဆရာမောင်ဒီဆောင်းပါး
၃။ ဒဂုန်တာရာ-ကဗျာဆရာ၏ ရိုးဖြောင့်မှု
၎။ ဒဂုန်တာရာ-မုန်းသူမရှိ ချစ်သူသာရှိ
၅။ မဂ္ဂဇင်းကဗျာများ
၆။ မင်းကိုခါး(ကွမ်းခြံကုန်း)-ဒဂုန်တာရာ၏အချစ်ဦး
၇။ မင်းကိုခါး(ကွမ်းခြံကုန်း)-ဖျားနာခဲ့သည်
၈။ မင်းကိုခါး(ကွမ်းခြံကုန်း)-မြစ်ကိုကျောပိုးသွားတဲ့
၉။ မောင်ပြည့်မင်း၊ခင်အောင်အေး-လူနှစ်ယောက်ရဲ့ကဗျာ
၁၀။ လွတ်လပ်အိမ်-ပို့စ်မော်ဒန်ဝါဒ၊ ပို့စ်မော်ဒန်ခေတ်၊ ပို့စ်မော်ဒန်ယဉ်ကျေးမှု

၁၁။ ၀င်းမြင့်+ဝေမှူးသွင်-လူပြိန်းရဲ့ အချစ်ဖြစ်ပွားရာ
၁၂။ ၀င်းမောင်-အပြုံးရောင်သီချင်း
၁၃။ road-to-mandalay
၁၄။ ဧကစာမီးခိုးများ- ခေတ်ပေါ်ကဗျာ
၁၅။ ကဗျာဆရာများ- ပထမဆုံးလိပ်စာ
၁၆။ ကဗျာအလုပ်ရုံကလေး(၂)
၁၇။ ကိုချီရွန် ကဗျာများ download
၁၈။ ကြိုက်သောကဗျာများ
၁၉။ ကျွန်တော်ကြိုက်သောကဗျာများ(ကဗျာရှည်)
၂၀။ ခင်မြဇင်-မိုးရွာပြီးစညနေခင်း

၂၁။ ခရမ်းပြာထက်လူ+၀င်းမြင့်-စုထားသောကဗျာများ
၂၂။ ချစ်သူဖတ်ဖို့ အချစ်ကဗျာများ
၂၃။ စိုင်းဝင်းမြင့်-တစ်ယောက်တည်းစကား
၂၄။ စိုင်းဝင်းမြင့်-နားနားပြီးပြော
၂၅။ စိုင်းဝင်းမြင့်-များများမြန်မြန်
၂၆။ ဆရာနှင်းခါးမိုး၏ကဗျာများ
၂၇။ ဆရာချောကဗျာများ
၂၈။ ညီလင်းဆက်-စုန်းတစ်ကောင်နဲ့မျက်ကန်းတေးသွား၂၀၀၅
၂၉။ ညိုထက်(လမ်းသစ်ဦး)-မချစ်မနှစ်သက်သူတို့နှင့်ကွေကွင်းပြီးနောက်
၃၀။ တက္ကသိုလ်ဘုန်းနိုင်- ရှားလော့ဒေ၀ီနှင့် ဘာသာပြန်ကဗျာများ

၃၁။ တင့်ထူးရွှေ-ရင်ခုန်သံနဲ့ တူးဆွမိတဲ့ရတနာသိုက်
၃၂။ တာရာမင်းဝေ-ပြိုင်မြင်းတို့ရဲ့ခွာသံ download
၃၃။ တာရာမင်းဝေ-မိုးခေါင်လို့တီးတဲ့ဗုံသံ download
၃၄။ ထွန်းဝေမြင့်-ချစ်ခြင်းမေတ္တာတရား
၃၅။ ဗိုလ်ချုပ်အောင်ဆန်းကဗျာများ
၃၆။ မြင့်စိုးလှိုင်- ငှက်တေလေ
၃၇။ မြင့်စိုးလှိုင်- တဂိုး(ချစ်သူ့လက်ဆောင်)
၃၈။ မြင့်စိုးလှိုင်-ရာဘင်ဒြာနသ်တဂိုး၏ အချစ်ကဗျာ ၁၀၁ပုဒ်
၃၉။ မြနှင့်အခြားကဗျာများ
၄၀။ မင်းထက်မောင်-အကြောင်းရှာသူရဲ့ ပျိုးခင်း

၄၁။ မြင်းမူမောင်နိုင်မိုး-နွေမိုးဖျန်းပက်...ကဗျာများ
၄၂။ မင်းသုဝဏ်-မောင်ခွေးဖို့ကဗျာများ
၄၃။ မြန်မာ့ရိုးရာကဗျာများ
၄၄။ မြန်မာခေတ်ပြိုင်ကဗျာ လျှပ်တပြက်ရုပ်ပုံလွှာ
၄၅။ မြသန်းတင့်(ဘာသာပြန်ကဗျာ)
၄၆။ မြသန်းတင့်-တိမ်းရှောင်သူ
၄၇။ မြသန်းတင့်-လမင်းကိုထရံပေါက်မှချောင်းကြည့်ခြင်း download
၄၈။ မြသန်းတင့်-မော်ဒန်ကဗျာနှင့်ပတ်သက်၍ download
၄၉။ မဟာဗောဓိမြိုင်ဆရာတော်-ကဗျာ့နန်းတော်
၅၀။ မိုယ်းဇော်+၀င်းမြင့်- လူစီရဲ့ အမှုန်အမွှားကင်းစင်သော...

၅၁။ ယပ်ဖ်တူရှင်ကိုနှင့်တွေ့ဆုံခြင်း
၅၂။ ယဉ်မင်းဦး-အဖြူရောင်ပိတောက်ပျို
၅၃။ လူငယ်ကဗျာဆရာလေးဦး၏ ခေတ်ပေါ်ကဗျာများ
၅၄။ လင်းတည်ဦး-အဖြူရောင်သစ်တောလမ်းကလေး
၅၅။ လင်းဦး-၀မ်းနည်းမှတ်တမ်း
၅၅။ လှသန်း-လက်မရွံ့ကဗျာ
၅၆။ လှကျော်ဇော-အလွမ်းစာပန်းခြင်းကလေး
၅၇။ လူဇော်သစ်ရေးတဲ့ကဗျာတွေ
၅၈။ လွတ်လပ်အိမ်-သင်းဖွဲ့ကဗျာ
၅၉။ သစ္စာနီ(ဘာသာပြန်)- ဂျပန်ကဗျာများ
၆၀။ သစ္စာနီ-သက္ကရာဇ်မျဉ်းများ ခေတ်ပြိုင်အနုပညာဂရပ်

၆၁။ သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတ
၆၂။ သန်းထိုက်-ဘာသာပြန်ကဗျာများ
၆၃။ သိန်းသန်းထွန်း-ပန်းပွင့်ငှက်၏တေးသံများ
၆၄။ ပိုင်စိုးဝေ၊အောင်ချိမ့်-သိမ်းစွန်ငှက် အပြန်လမ်း၊ ဂန္ထ၀င်မမ
၆၅။ သုခမိန်လှိုင်-ဂျွန်လ၏မိုးရေများ
၆၆။ အချစ်ကဗျာ(၉၈)-(၉၈) အချစ်ကဗျာ
၆၇။ နိုင်ငံရပ်ခြား ခေတ်သစ်ကဗျာများ
၆၈။ ဝေမှူးသွင်-သစ်ရွက်တို့၏ ပေါ့ဆခြင်းများ download
၆၉။ ဝေမှူးသွင်-အချစ်အကြောင်း download
၇၀။ ကောင်းကင်ကို-ကဗျာစုစည်းမှု

၇၁။ ကောင်းကင်ကိုကဗျာများ(၂)
၇၂။ ကောင်းကင်ကို-အချစ်ကဗျာစုစည်းမှု
၇၃။ ကျော်လှိုင်ဦး-မျက်ရည်စများနှင့်ရယ်သံ
၇၄။ စောဝေ-ရွက်ပုန်းသီးမြို့ပြတိုက်
၇၅။ ဇေယျာလင်း ကဗျာများ download
၇၆။ ဇော်ဂျီ- ညီသစ်ဆင်းကဗျာများ
၇၇။ ဇော်ဂျီ-ဗေဒါလမ်းကဗျာများ
၇၈။ ဇော်ဇော်အောင်- ပို့စ်မော်ဒန်သီဝရီများ
၇၉။ ဇော်ဇော်အောင်-နွားကျောင်းသားကဗျာ ၁၀ ပုဒ်
၈၀။ နေမျိုး-ကဗျာဆရာဝံပုလွေ

၈၁။ နေမွန်းသင်၏ကဗျာများ
၈၂။ မြေချစ်သူ- မြေချစ်သူကဗျာများ
၈၃။ မောင်ခိုင်မာ- ရှင်မရေ (၁)
၈၄။ မောင်ခိုင်မာ- ရှင်မရေ (၂)
၈၅။ မောင်ရန်ပိုင်-ချစ်သူစာအုပ်
၈၆။ မောင်သက်ကြူ-မိုးတိမ်မျက်နှာကဗျာများ
၈၇။ မောင်သစ်တည်-ခေတ်ပေါ်နိုင်ငံတကာကဗျာရှည် ၃ပုဒ်
၈၈။ မောင်သိန်းဇော်- နှင်းရည်စက်လက်+ ရှုမျှော်ခင်း ၂၁
၈၉။ မောင်သာနိုး- ဂန္ထ၀င်မြန်မာကဗျာ
၉၀။ မောင်သာနိုး- နိုင်ငံခြားမြန်မာကဗျာခံစားချက်များ

၉၁။ မောင်ချောနွယ်- ရထား(ကဗျာရှည်စုစည်းမှု)
၉၂။ မောင်ချောနွယ်+အောင်ချိမ့် -သမိုင်းဖတ်စာ
၉၃။ မောင်ချောနွယ်ကဗျာပြပွဲ download
၉၄။ မောင်သွေးသစ်-တတိယမျက်လုံး
၉၅။ အောင်တင်ဝင်း(ငါ့သရောက်)-နားလည်ခြင်းနှင့်အမေ့မေတ္တာကဗျာများ
၉၆။ အောင်ဝေး- လူငယ်တွေရဲ့ကဗျာ(၂၀၀၃)
၉၇။ အောင်ဝေး-ကဗျာလက်ရွေးစင်
၉၈။ အောင်ဝေး-ကဗျာအလုပ်ရုံကလေး
၉၉။ အောင်ဝေး-မဲဆောက်ကွန်မြွမ်းမှ တိုက်ပွဲဝင်ကဗျာများ
၁၀၀။ အောင်ဝေး-လူငယ်တို့ရဲ့ကဗျာ

၁၀၁။ အောင်ဝေး-လရောင်တစ်ခြမ်း
၁၀၂။ အောင်ဝေး-အေးမြမြမီးလျှံ
၁၀၃။ အောင်ကောင်း-ချစ်သူမှာတမ်း
၁၀၄။ ဦးသန်းထွတ်-ကျွန်တော်နှစ်သက်မိသောကဗျာများ
၁၀၅။ မင်းယုဝေ-အိုမာခယမ်

1. William Shakespeare(1564-1616)- Sonnets
2. Александр Пушкин-Сказка о царе салтане (ပွတ်ရှကင်- ဧကရာဇ်အကြောင်း ပုံအလင်္ကာ)
3. Сказки Пушкина (ပွတ်ရှကင်ရဲ့ ပုံအလင်္ကာများ)
4. Bret Harte- East And West Poems
5. Robert Louis Stevenson- New Poems
6. Geoffrey Chaucer- The Canterbury Tales And Other Poems
7. Emily Dickinson- Poems Three Series Complete
8. Omarkhayyam Of Naishapur - Translated By EDWARD FITZGERALD
9. Gilbert Chesterton- The Wild Knight And Other Poems
10. Lewis Carroll- Phantasmagoria And Other Poems
11. 100 poems

အင်္ဂလိပ်ကဗျာစာအုပ်တွေကို ကျနော် သေသေချာချာ မဖတ်တတ်သေးပါဘူး။ အင်္ဂလိပ်စာကျွမ်းကျင်တဲ့ သူငယ်ချင်းတွေ ဖတ်လိုတဲ့အခါ ပေးလို့ရအောင် ဒေါင်းလော့ယူထားပါတယ်။

အထက်အောက် စဉ်တာကိုတော့ ၀ါစဉ်ကြီးငယ်သဘောရယ်လို့ မဟုတ်ပါဘူးခင်ဗျာ။ စာအုပ်ထွက်ရှိရာ နှစ်အလိုက်ရယ်လို့ စဉ်ထားတာလဲ မဟုတ်ပြန်ပါဘူး။ အဲဒီလို အထက်အောက်စဉ်ဖို့ကျပြန်တော့ အခက်အခဲရှိနေတာမို့ စာအုပ်စာရင်း ရှိနေတဲ့အတိုင်း random သဘောမျိုးပဲ စဉ်ထားလိုက်ရပါတယ်။ ဒီအတွက် အမြင်မတော်တာမျိုး ဖြစ်စေခဲ့မယ်ဆိုရင် တောင်းပန်ပါတယ်ခင်ဗျာ။

ညိမ်းညို

6 May 2008

ဗဟုကဗျာရေစီး နှင့် မော်ဒန်ဝဲ


မျက်မှောက်ခေတ် မြန်မာကဗျာလေ့လာချက်
သစ္စာနီ


မြန်မာကဗျာအကြောင်း ပြောကြရအောင်။


အဓိပ္ပါယ်က မြန်မာတွေရေးတဲ့ကဗျာအကြောင်းပေါ့။ အဲဒါကိုပဲ နည်းနည်းတိကျအောင် ထပ်ပြောရရင် ဒီနေ့ ခေတ် မြန်မာကဗျာအကြောင်း ဆိုပါတော့။ (သမိုင်းနဲ့ချီပြီးပြောရအောင် မရည်ရွယ်ပါဘူး။)

အဲသလို ပြောမယ်ဆိုတော့ "ကဗျာဆိုတာ ဘာလဲ" လို့ အဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်ဖို့ စတင်လိုအပ်လာပါတယ်။ အဲဒါကလည်း ကျယ်ဝန်းလွန်းလှတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကဗျာဆိုတာ အချိန်တိုင်းမှာ နေရာတိုင်းမှာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ရှိနေတတ်တဲ့အရာလို့ ကျွန်တော်က လက်ခံထားလို့ပဲ။ ဒီတော့ ဒီနေရာမှာ ဒီလောက်ကျယ် ကျယ်ပြန့်ပြန့်မဟုတ်ဘဲ ကဗျာဆိုတာ စာနဲ့ရေးသားတင်ပြထားတဲ့(ဒါမှမဟုတ်) စကားလုံးတွေကို ကြားခံပစ္စည်း အဖြစ် အသုံးပြုထားတဲ့ (ကဗျာ) တစ်မျိုးတည်းကိုပဲ ကွက်ပြီးဆိုလိုတယ်လို့ ကျွန်တော်တို့၊ ခင်ဗျားတို့ ခဏသ ဘောတူထားလိုက်ကြရအောင်။ (နောက်ဆုံးရွတ်တဲ့ကဗျာအတွက်တောင် မရည်ရွယ်ဘူးဆိုပါတော့။)

ကဗျာဆိုတာ ဘာလဲ။

ဒီမေးခွန်းကိုဖြေတဲ့ ကျွန်တော့်ရဲ့အဖြေက ခြွင်းချက်မဲ့ပြီး ပြည့်စုံတဲ့အဖြေ မဖြစ်နိုင်လောက်ဘူးဆိုတာကိုလည်း ကြိုတင်အသိပေးထားလိုပါတယ်။ ကဗျာကို ကိုယ့်အမြင်နဲ့ကိုယ်၊ ကိုယ့်ရှုထောင့်နဲ့ကိုယ် အဓိပ္ပါယ် ဖွင့်ဆိုနေကြ တဲ့အထဲက သမုတိသဘောတစ်ခုလို့သာ သဘောထားကြစေချင်ပါတယ်။

ကဗျာဆိုတာ ဘာလဲ။
ကဗျာဆိုတာ-

၁။ ကဗျာမဆန်ရဘူး။
(ကဗျာမဆန် ဆန်အောင် ဇွတ်လုပ်နေကြတယ်။)

၂။ ဝေါဟာရ ဖက်ရှင်ရှိုး မဟုတ်ဘူး။
(စကားလုံးနွံထဲ နစ်နေကြတယ်။)

၃။ နက်ရှိုင်းရမယ်။
(အနှစ်မပါဘဲ အဆံချောင်နေတာ တွေ့ရတယ်။)

၎။ ကြည်လင်ရမယ်၊ သန့်စင်ရမယ်။
(ဖန်တီးမှုမဟုတ်ဘဲ ၀ိုးတိုးဝါးတား ဖြစ်နေတယ်။)

၅။ ရိုးသားရမယ်။
(ဟန်ဆောင်တာတွေ၊ ဟန်လုပ်တာတွေ များနေတယ်။)

၆။ သစ်လွင်ရမယ်။
(မဲပြာပုဆိုး မဖြစ်ရဘူး။)

၇။ ဣနြေ္ဒရှိရမယ်။
(ကလက်တက်တက်နဲ့ ဂုဏ်သိက္ခာကင်းမဲ့နေတယ်။)

၈။ ခွန်အားရှိရမယ်။
(ပျော့ညံ့ချည့်နဲ့မနေဘူး။)

၉။ တီထွင်မှုရှိရမယ်။
(စတန့်လုပ်တာနဲ့ မခွဲတတ်ကြဘူး။)

၁၀။ ကိုယ်ပိုင်ဟန်ရှိရမယ်၊ ဆန်ရဲရမယ်။
(နာမည်ကြီးတဲ့လူနောက်၊ ရေစီးကြောင်းနောက် လျှောက်လိုက်နေကြတယ်။)

၁၁။ အပြည့်အ၀ လွတ်လပ်မှုရှိရမယ်။
(ကဗျာနဲ့ပတ်သက်ပြီး ငွေကြေးမျှောင်လင့်ချက်ထားသူအင်မတန်နည်းပေမဲ့ ကဗျာရေးသူ အတော်များများဟာ နာမည်ကြီးချင်မှု၊ အများကြိုက်ခံချင်မှု စတဲ့ အနှောင်အတည်းတွေနဲ့ ရည်ရည်ရွယ်ရွယ်ပဲ ငြိနေတတ်ကြတယ်။)

၁၂။ အထက်တန်းကျတဲ့ အလှတရားနဲ့ ပြည့်စုံရမယ်။

၁၃။ ကာလနဲ့ ဒေသသဘောက ကင်းလွတ်နေရမယ်။

ဒါတွေက လတ်တလောစိတ်ထဲရှိတာလောက် ပြောလိုက်တဲ့ ကဗျာရဲ့ ယေဘုယျလက္ခဏာ(ဒါမှမဟုတ်) ကဗျာ ဂုဏ်ရည်တချို့ပေါ့။ ဒီအချက်အလက်တွေနဲ့ ပြည့်စုံတယ်ဆိုရင်ပဲ ကျွန်တော့်အနေနဲ့ အဲဒီအရာကို ကဗျာလို့ လက် ခံဖို့ ၀န်မလေးတော့ဘူး။

ကဗျာနဲ့ပတ်သက်လို့ ယာယီသဘောတူညီမှုရရင် မျက်မှောက်ခေတ် မြန်မာကဗျာအခြေအနေကို သုံးသပ်ကြည့် ရအောင်။

ဒီနေ့ မြန်မာနိုင်ငံမှာ ထွက်နေတဲ့ မဂ္ဂဇင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ ကဗျာကို ထည့်သွင်းဖော်ပြနေတာ တွေ့ရတယ်။ အဲဒီကဗျာတွေကို အမျိုးအစား ခွဲကြည့်လိုက်တော့ -

(က) ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ခင်းခဲ့တဲ့ ခေတ်စမ်းကဗျာလမ်းကြောင်းအတိုင်း လျှောက်နေဆဲဖြစ်တဲ့ က ဗျာများ။ အခုခေတ်မှာတော့ ခေတ်စမ်းသစ်လို့ ခေါ်ကြပါတယ်။ မြ၀တီ၊ ငွေတာရီ အစရှိတဲ့ မဂ္ဂဇင်းတွေထဲမှာ ပါ တတ်တဲ့ ကဗျာအမျိုးအစားတွေ ဖြစ်ပါတယ်။

(ခ) စာပေသစ်ခေါင်းဆောင် ဆရာ ဒဂုန်တာရာ၊ ပြည်သူ့ကဗျာဝါဒ ခေါင်းဆောင် ဆရာဒေါင်းနွယ်ဆွေတို့ ခင်းခဲ့ တဲ့လမ်းကြောင်းအတိုင်း လျှောက်လှမ်းနေကြဆဲ ကဗျာများ။ ခုခေတ်မှာ တော်လှန်ကဗျာဆိုတဲ့အမည်နဲ့ အဲဒီ အ မွေကို ဆက်ခံခဲ့ကြပါတယ်။ အကြမ်းအားဖြင့် အနုပညာသည် ပြည်သူ့အတွက်ဆိုတဲ့ မူဝါဒနဲ့ နိုင်ငံရေးစံကို ကိုင် ဆွဲဖွဲ့ဆိုတဲ့ ကဗျာမျိုးတွေ ဖြစ်ပါတယ်။

(ဂ) နောက်အမျိုးအစားကတော့ ၁၉၇၀ ပြည့်နှစ်တစ်ဝိုက် လူငယ်ကဗျာဆရာတွေ စုစည်းကြိုးပမ်းထူထောင်ခဲ့ ကြတဲ့ မော်ဒန်ကဗျာလမ်းကြောင်းဖြစ်ပါတယ်။ (မော်ဒန်ကဗျာဝါဒ သဘောတရားကို သီးခြားလေ့လာကြစေလို ပါတယ်။)

မျက်မှောက်ခေတ်မြန်မာကဗျာကို လေ့လာလိုက်ရင် အဲသလို သိသာ ထင်သာတဲ့ ကဗျာအမျိုးအစားတွေ ထွေးရောယှက်တင် သူ့နေရာနဲ့သူ ရေးဖွဲ့ဖြစ်ထွန်းနေတာ တွေ့ရပါတယ်။ ဒိနေ့ ကဗျာရေစီးဟာ ဗဟုကဗျာရေစီး လို့ ပြောရရင် လွဲနိုင်စရာမရှိပါဘူး။ အဲဒီရေစီးထဲမှာ အထင်ရှားဆုံး အင်အားအကောင်းဆုံး တွေ့မြင်ရတာက တော့ မော်ဒန်ကဗျာဆိုတဲ့ ၀ဲကတော့ကြီးပါပဲ။ (ရှေးရိုးအစဉ် မြန်မာကဗျာအမျိုးအစား လေးချိုး၊ ရတု၊ တေးထပ် ဆိုတာတွေလဲ လုံးဝ ပျောက်ကွယ်မသွားသေးပါဘူး။ ကျေးလက်အလှူအတန်းတွေ၊ ဇာတ်အငြိမ့်ပွဲတွေနဲ့ မင်းခမ်း မင်းနားတွေမှာ တွေ့နေရပေမဲ့ အားမကောင်းလှတာရယ်၊ ဒီခေတ်ဖွံ့ဖြိုးလာစရာအကြောင်းမရှိတာရယ်ကြောင့် အမျိုးအစားတစ်ခုအနေနဲ့ ထည့်သွင်း မရည်ရွယ်ဘဲ ချန်လှပ်ထားခဲ့ပါတယ်။)

ဒါကြောင့် ဒီနေ့မြန်မာကဗျာရဲ့ လက္ခဏာကို မော်ဒန်လက္ခဏာလို့ အကဲဖြတ်သူတွေက အကဲဖြတ်ပါတယ်။ အဲဒီ မှာလဲ ဖြစ်ရိုးဖြစ်စဉ်အတိုင်း မော်ဒန်ကဗျာတွေဟာ အရောရော အထွေးထွေး ဖြစ်နေပါတယ်။ မူလအယူဝါဒကို အစွန့်ဘဲ အကြောင်းတစ်ခုခုကြောင့် မော်ဒန်အလံအောက် ခိုဝင်လာတဲ့သူတွေ ရှိတယ်။ အဲဒီမှာ ခေတ်စမ်းမော် ဒန်တို့၊ တော်လှန်မော်ဒန်တို့ ဖြစ်လာတာပါပဲ။ မော်ဒန်မှ မော်ဒန်ဆိုတဲ့နေရာမှာလည်း အစ်ဇင်အမျိုးမျိုး၊ အယူ အဆအမျိုးအမျိုး၊ ထင်ရာမြင်ရာ ကွဲပြားနေတာ တွေ့ရတယ်။ အဓိကကတော့ မော်ဒန်သဘောတရားရေးရာ အားနည်းတဲ့ ချို့ယွင်းချက်ကြောင့်ပါပဲ။

ဒိနေ့ခေတ် လူငယ်မော်ဒန်ကဗျာဆရာတွေရဲ့ အလုပ်(တာဝန်)ဟာ ကြန်အင်လက္ခဏာ၊ ကဗျာဂုဏ်ရည်ပြည့်ဝတဲ့ ကဗျာတွေနဲ့ စစ်မှန်တဲ့ မော်ဒန်သဘောတရားရေးကို ပေါင်းစပ်ပေးရေးပဲလို့ ယူဆပါတယ်ခင်ဗျား။ ဆက်လက် လေ့လာနိုင်ကြပါစေ။

သစ္စာနီ

28 February 2008

Start With Yourself

The following words were written on the tomb of an Anglican bishop in the crypts of Westminster Abbey:

When I was young and free and my imagination had no limits, I dreamed of changing the world. As I grew older and wiser, I discovered the world would not change, so I shortened my sights somewhat and dicided to change only my country.

But it too seemed immovable.

As I grew into my twilight years, in one last desperate atteampt, I settled for changing only family, those closest to me, but alas, they would have none of it.

And now as I lay on my deathbed, I suddenly realize; "If I had only changed my self first", then by example I would have changed my family.

From their inspiration and encouragement, I would then have been able to better my country and, who knows, I may have even changed the world.

Anonymous

26 February 2008

Money

It is said that for money you can have everything, but cannot. You can buy food, but not appetite; medicine, but not health; knowledge, but not wisdom; glitter, but not beauty; fun, but not joy; acquaintances, but not friends; servants, but not faithfulness; leisure, but not peace. You can have the husk of everything for money, but not the kernel.

Arne Gorbog

10 February 2008

ကဗျာဆရာနဲ့ ပင်လယ်ဓားပြ

ကမ္ဘာမြေပေါ်က တစ်နေရာရာမှာ တစ်စုံတစ်ခုဟာ အမြဲမှားယွင်းနေခဲ့ပါလိမ့်မယ်။ သင်္ဘောပျက်တစ်စင်းပေါ်က အိပ်မက်တွေကို ကျွန်တော်က စာနာဖို့ သိခဲ့တယ်။ အဲဒီအတွက် ကျွန်တော့်ရဲ့ ပျော်ရွှင်ခြင်းတွေဟာ သောင်တင်သင်္ဘောတစ်စင်း ဖြစ်ခဲ့ရတယ်။ မြောက်မြားလှစွာသော မှားယွင်းခွင့်များ ရှိခဲ့တဲ့အတွက်၊ ကျွန်တော်က၊ မောင်ချောနွယ်က၊ အသက်ရှင်ခြင်းတရားကို အထူးကဲ ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြလိုက်ပါရစေ။

ဘာတစ်ခုမှ အဆင်မပြေတာကိုရော၊ ကံဆိုးမှုအကြိမ်ကြိမ် ကျရောက်ရတာကိုရော၊ ရောဂါပိုးမွှားတွေ ထူထပ်သိပ်သည်းနေခဲ့တာကိုရော၊ တစိမ့်စိမ့် တမြေ့မြေ့ နာကျင်ပြီး ဆာလောင်နေရတာကိုရော၊ ကိုယ်ကချစ်လိုက်ပြီး ပြန်အချစ်ခံခွင့်ရတာကိုရော အမုန်းခံလိုက်ရတာကိုရော၊ အစစ စုပါင်းဖြစ်တည်ပျက်ယွင်းနေတဲ့ ဒီဘ၀တိုတိုဆိုတာလေးကို အထူးလှိုက်လှဲစွာ ကျေနပ်လှပါတယ်။ (လူသားတစ်ယောက်နဲ့တစ်ယောက် နူးညံ့ခြင်းပြိုင်ပွဲ မရှိခဲ့တာကိုတော့ ကျွန်တော်က ရယ်သွမ်းသွေးလိုပါတယ်။) ပျော်ချင်တဲ့အချိန်မှာ လူတစ်ယောက်ရသင့်တဲ့ ကိုယ်တာလောက်ပဲ အခွင့်ရလိုလှပါတယ်။ အဲဒီလိုဆိုဖြင့် ခုလက်ရှိ ခန္ဓာကိုယ်နဲ့ ဘ၀ကိုရော၊ အသက်ရှင်ခြင်းတရားကိုရော၊ လူတွေရဲ့ ကပ်ပါးပိုးဆိုတာကိုရော၊ ကျွန်တော်က ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ပါကြောင်း။

အရက်၊ တရားဓမ္မ၊ အမှားအယွင်း၊ ကာမဂုဏ်၊ ရန်သူ၊ မိတ်ဆွေ၊ အမှန်တရား၊ ရိုးသားမှု၊ ချစ်ခြင်းမေတ္တာ၊ ကျွန်းသစ်၊ မြို့ရွာ၊ နိုင်ငံ၊ နေမင်းကြီး၊ လမင်းဖြူဖြူ၊ ခိုပြာရောင်ကြယ်ကလေးများနဲ့ ငွေစံပယ် ဆေးပေါ့လိပ်ကလေးများကိုလည်း အထူးပဲ ကျေးဇူးတင်ရှိလှပါတယ်။

ဆယ့်ခြောက်အောင်စ အလေးချိန်ရှိတဲ့ လူသားရဲ့ အသည်းနှလုံးဟာ တစ်နေ့ကို အကြိမ်ပေါင်းတစ်သိန်းတိတိ ခုန်ချက်ရှိတယ်လို့ ဆေးဘက်ဆိုင်ရာ ကျမ်းတွေက ဆိုတယ်။ လူတစ်ယောက်ရဲ့ တစ်နေ့တာ နှလုံးခုန်ချက်ဟာ အကြိမ်တစ်သိန်း ခုန်ချက်ရှိတယ်ဆိုတဲ့ အထက်ပါဆိုလိုချက်ကို ကျွန်တော်လက်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော့်အလိုအရတော့ အကြိမ်တစ်သိန်းတိတိ ခုန်ချက်ဟာ ထိချက်တစ်ချက် မဖြစ်နိုင်ဘူး။ အခိုက်ဓာတ်တစ်ခု မဖြစ်နိုင်ဘူး။ ခိုက်ထိချက်တစ်ချက် မရနိုင်ဘူး။ ပြီးတော့ ထိချက်တစ်ချက်ဟာလည်း မှော်သားဓာတ်မစေးကပ်နိုင်၊ မပါဝင်နိုင်ပြန်ဘူး။ အဖိတ်အစဉ်ရှိသလို မှော်သားအထူအပါးလဲ ကွဲသွားနိုင်ပါသေးတယ်။ ထားပါတော့၊ ထိချက်တစ်ချက်လဲ ဖြစ်ခဲ့ပြီ။ အခိုက်ဓာတ်လဲ ဖြစ်ခဲ့ပြီ၊ မှော်သားဓာတ်လဲ ပါဝင်ခဲ့ပြီဆိုရင်တော့ အဲဒါဟာ အနုပညာပဲ၊ ကဗျာပဲ၊ အစစ်ရတနာပဲပေါ့။ နီဝါပြာစိမ်းတွေ ကွဲနိုင်ပါရဲ့၊ အရောင်ကွဲပြားမှုကတော့ သူ့တန်ဖိုး အမျိုးအစားလိုက်ပေါ့။ ရှိပါစေ..။

လူဆိုတာ ဘုရားသခင်က ကိုယ့်ကို ဘာပေးလိုက်တယ်ဆိုတာ သိဖို့လိုတယ်လို့ ကျွန်တော်ခံယူထားတယ်။ ဘုရားသခင်က ကျွန်တော့်ကို အဲဒါပေးခဲ့တယ်။ ကဗျာ။ ကျွန်တော်က သေးသေးမွှားမွှား ဘ၀တိုတိုလေးမှာပင် ကိုလံဘတ်စ် ဖြစ်ချင်တယ်။ နယ်သစ်ပယ်သစ်တွေ ရှာဖွေချင်တယ်။ ကျွန်းသစ်မြေသစ်တွေကို စိတ်ဝင်စားတယ်။ လူသားတစ်ယောက်ဟာ ဘယ်လောက်ဝပ်အား ပျော်ရွှင်လင်းထိန်နိုင်သလဲ။ ကျွန်တော်က မဒမ်ကျူရီလည်း ဖြစ်လိုက်ချင်သေးတယ်။ ပြီးတော့ အက်ဒီဆင်၊ ပြီးတော့ မိုက်ကယ်အင်ဂျလိုဖြူရိုနာတီ၊ ပြီးတော့ ကဗျာဆရာ အိုမာခယမ်လည်း ပါတယ်ပေါ့။ သူတို့လိုပဲ ၀ိုင်မူးမူး၊ နက္ခတ်ဗေဒမှာ ကျွမ်းကျင်သူ၊ ပြီးတော့ ပြက္ခဒိန်သစ်တွေဘာတွေ တီထွင်ချင်တယ်။

ကမ္ဘာကျော်အဆိုတော်တစ်ယောက်က သူ့သီချင်းအယ်လ်ဘမ်ကို ဟောဒီလို နာမည်ပေးခဲ့တယ်။ ပင်လယ်ဓားပြနဲ့ ကဗျာဆရာ...တဲ့။ ညီမျှခြင်းတစ်ခုကို သူ့ရှုထောင့်ကနေ ဆွဲပြထားတဲ့ ဒီသီချင်းမှာ သူ့ဆိုလိုချက်က ပင်လယ်ဓားပြတွေကလည်း ရတနာကျွန်းကို ရှာဖွေခဲ့ကြတယ်။ ကဗျာဆရာတွေကလည်း ရတနာကျွန်းကို ရှာဖွေခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်....တဲ့။

ကမ္ဘာမြေကြီးရဲ့ ရင်ခေါင်းထဲကို အနက်ရှိုင်းဆုံး တူးဆွလာတဲ့ မြေတူးသမားဟာ သူ့လက်ထဲက သံတူးရွင်းတစ်ချက်အတူးမှားရင်၊ တွေ့ထားတဲ့ ကျောက်မျက်ရတနာ ပဲ့ရွဲ့ပြီး တန်ဖိုးဆုံးရှုံးနိုင်သလို၊ တစ်ချက်မှားယွင်း ပြန်ရင်လည်း မြေကြီးတွေ ကိုယ်ပေါ်ပြိုကျပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။

တကယ်တောပ ကဗျာဆရာဆိုတာ ကိုလံဘတ်စ်လည်းဖြစ်၊ မဒမ်ကျူရီလည်းဖြစ်၊ မာကိုနီလိုလည်း ဆောင်းတွင်းအိပ်မက်တွေနဲ့ ကမ္ဘာကို ဆက်သွယ်နိုင်သူ၊ မဒမ်ကျူရီလို မြေကိုလင်းထိန်စေသူနဲ့ အိုမာခယမ်လို ၀ိုင်မူးမူးနဲ့ နှလုံးခုန်ချက်တစ်သိန်းထဲကထွက်လာတဲ့ ခုန်ထိချက်တစ်ချက်ကို မှော်သက်သွင်းပြီး ထိခိုက်ချက်နဲ့ ကမ္ဘာနဲ့ လူသားဆီကို ပေးပို့လိုက်တာက ခု... သင့်လက်သူကြွယ်မှာ ၀တ်ဆင်ထားတဲ့ မြလက်စွပ်ကလေးပါပဲ။

မောင်ချောနွယ်
၁၉၈၅

- မောင်ချောနွယ်အတု ကဗျာစာအုပ် အမှာစာမှ

31 January 2008

ဇီဝဇိုး

စင်စစ်မတော့ စာရေးဆရာဆိုသည်မှာ ဇီဝဇိုးငှက်ပါပင်တည်း။ ဇီဝဇိုးငှက်သည် ပျံလွှားငှက်မျိုးတွင် ပါဝင်၏။ သူသည် ပင်လယ်အဏ္ဏ၀ါအနှံ့၊ တောတောင်အနှံ့ ပျံသန်းကာ သူနားရာ ကျောက်ဆောင်သို့ ပြန်လာ၏။ သူ၏အသိုက်အား သူတစ်ပါးတို့ကဲ့သို့ သစ်ကိုင်း၊ သစ်ရွက်တို့နှင့်မလုပ်၊ အာခေါင်၌ဖြစ်သော အာစေးကို အန်ထုတ် အသိုက်ပြု၏။ တစ်ခါတစ်ရံ အန်ရလွန်း၍ ထိုအာစေးတွင် ရင်မှသွေးပင်ပါ၍ လာတတ်သည်။

သို့သော် ထိုငှက်သိုက်ကို စားသုံးရသူ လူသားတို့အဖို့ အင်အားပြည့်စုံကာ ရသာထူးနှင့် ပြည့်စုံလှ၏။

ကျွန်မတို့သည်လည်း လူ့လောကဗွေ အဏ္ဏ၀ါတွင် ပျံသန်းလေ့လာရင်းမှ ကျွန်မတို့ရင်၌ဖြစ်သော စာပေကို အန်ထုတ်ကာ အသိုက်ပြု၍ လောကသားတို့အား ပေးအပ်ပါသတည်း။ တစ်ခါတစ်ရံ ရင်မှသွေးသည်လည်း ငှက်သိုက်တွင် လိမ်းကျံလျက် ပါလာခဲ့၏။ သို့သော် စားသုံးသူ လူသားတို့၌ ခွန်အားဗလ ပြည့်စုံသည်ဆိုငြားအံ့၊ ဤရင်မှ သွေးချောင်းပင် စီးပါစေ။ သေသည်အထိ မပြတ်အန်ထုတ်သွားကြမည် ဖြစ်၏။ ဤစေတနာသည်သာလျှင် ကျွန်မတို့ စာရေးဆရာတို့၏ ကုသိုလ်ပင်တည်း။

ဆရာမကြီးဒေါ်ခင်နှင်းယု၏ ဇီဝဇိုး ဆောင်းပါးမှ ကူးယူဖော်ပြပါတယ်။
ရှုမ၀(၁၉၆၄၊ဇူလိုင်)

15 December 2007

ဆွေးနွေးခြင်း

လူတစ်ယောက်သည် မိမိသဘောထားကိုသာ အလေးအနက်ထားပြီး တစ်ဖက်သားအား တင်စီးခြင်းဖြင့် ဆွေးနွေးညှိုနှိုင်းခြင်းကို အဆုံးသတ်လျှင် မကျေနပ်မှုသာ အဖတ်တင်လိမ့်မည်။ ဆင်ခြင်တုံတရားရှိသူသည် သူရရှိ သော အရာအတွက် ရက်ရောစွာ ပြန်ပေးသည်။ ဆင်ခြင်တုံတရားမရှိသူက ဘာမှပြန်မပေးလျှင်လည်း ခွင့်လွှတ်သည်။ ဆင်ခြင်တုံတရားရှိသူသည် မိမိ၏ရက်ရောမှုအတွက် ကျေးဇူးတင်ချီးကျူးခြင်းကို လုံးဝမလိုလား။ အပြန် အလှန် အပေးအယူပြုလုပ်ခြင်းကိုလည်း လုံးဝမကြိုက်။ ကောင်းကင်ဘုံက မြှောက်စားခြင်းကိုပင် မနှစ်သက်။ သူသည် သူ့နည်းလမ်းကို လိုက်နာခြင်းသာ ဖြစ်သည်။ သူ့နည်းလမ်းသည် သူနှင့်အတူ ရှိနေ၏။

- မောင်ပေါ်ထွန်း "ဘ၀ခရီးသည်၏ အဖော်မွန်" မှ ..

ဝိဘဇ္ဇပညာ

အင်္ဂုတ္တိုရ်ပါဠိတော် ပထမတွဲ ကာလာမသုတ္တန်တွင် ဗုဒ္ဓမြတ်စွာက "မှန်ပြီဟု မယူဆသင့်သော အချက်တစ်ဆယ်ချက်"ကို ဤသို့ဟောခဲ့ဖူးသည်။

(၁) တစ်ဆင့်စကား၊ ပြောသံကြားကာမျှဖြင့်လည်း မှန်ပြီဟု မယူဆသင့်။
(၂) ဘေးဘိုး အစဉ်အဆက် စကားမျှဖြင့်လည်း မှန်ပြီဟု မယူဆသင့်။
(၃) သမိုင်းအထောက်အထားမျှဖြင့်လည်း မှန်ပြီဟု မယူဆသင့်။
(၄) စာပေကျမ်းဂန်နှင့် ညီညွတ်သည်ဟုလည်း မှန်ပြီဟု မယူဆသင့်။
(၅) တက္ကဗေဒမျှဖြင့်လည်း မှန်ပြီဟု မယူဆသင့်။
(၆) နည်းမှီ ယူခြင်းမျှဖြင့်လည်း မှန်ပြီဟု မယူဆသင့်။
(၇) အခြင်းအရာကို ကြံစည်သောအားဖြင့်လည်းမှန်ပြီဟု မယူဆသင့်။
(၈) ငါတို့အယူနှင့် တူညီပေသည် ဟူ၍လည်းမှန်ပြီဟု မယူဆသင့်။
(၉) မှတ်ယူထိုက်သော သဘောရှိကာမျှဖြင့်လည်း မှန်ပြီဟု မယူဆသင့်။
(၁၀) ငါတို့လေးစားသူ၏ စကားဟူ၍လည်း မှန်ပြီဟု မယူဆသင့်။

ဤတရားတော် တစ်ပုဒ်တည်းနှင့်ပင် ဗုဒ္ဓအဘိဓမ္မာမှာ အတွေးအခေါ်လွတ်လပ်မှုကို အားပေးသော စီစစ်ဝေဖန်အမှန်ရှာသည့် "၀ိဘဇ္ဇ၀ါဒ" ဟု တိတိပပ ကောက်ချက်ချနိုင်လိမ့်မည်ဟု ထင်ပါသည်။

*** *** ***

မကြာသေးမီက ခေတ်ပြိုင် ပညာရေးအယူအဆတစ်ခုကို ဤသို့ဖတ်လိုက်ရသည်။

Education - Uneducation - Reeducatio ဟူ၍ဖြစ်သည်။
ပညာ - ပဋ္ဋိပညာ - အသစ်ပညာဟု နားလည်ရပါသည်။

လေ့လာမှတ်သား သင်ကြားရုံမျှဖြင့် "ပညာ" မပီသေးပါ။ မိမိအဇ္ဇျတ္တတွင် ဖိစီးနေနိုင်သော အခုအခံ အစွဲအလမ်း
များကို ချေချွတ်နိုင်ရန် စီစစ်ဝေဖန် အမှန်ရှာဖို့ လိုပါလိမ့်မည်။ ဤသည်ပင် "ပဋ္ဋိပညာ"ဟု သဘောပေါက်လိုက်ပါသည်။ ဤ "ပဋ္ဋိပညာ" အဆင့်ကို ဖြတ်ကျော်နိုင်မှသာ "အသစ်ပညာ" ကို ဆုပ်ကိုင်နိုင်လိမ့်မည်ဟု ဆိုလိုရင်း ဖြစ်မည်ထင်သည်။ ဤသို့စဉ်းစားမိရာမှ လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်နီးပါးက မြတ်ဗုဒ္ဓ၏ "၀ိဘဇ္ဇ၀ိညာဉ်" မှာ ၂၁ ရာစု ပညာရေး၏ အနှစ်သာရဖြစ်နေပါလားဟု ကျေနပ်စွာ ခံယူလိုက်ရပါသည်။

ကျော်ဝင်း
ဇန်န၀ါရီ၊ ၂၀၀၃
စံပယ်ဖြူ မဂ္ဂဇင်း ခေါင်းကြီးပိုင်းမှ

19 November 2007

သူတို့အရေးအသား (၄)

"ဗလာစည်တွေက
တယ်ပြီးမြည်နေကြသကိုး
ကမ္ဘာကြီးကလည်း
နာမကျန်းဘူး မဟုတ်လား"

***
"ဘ၀ကို သုတေသနလုပ်ပါ
မြောင်းကပုပ်တာ
မြောင်းထဲကျတဲ့
ရွှေပုပ်တာ မဟုတ်ဘူး
တို့တွေဟာ
ကဗျာဆရာပဲ
မြောင်းကပုပ်တာ"

***
"အနုပညာနဲ့ လူသားသိက္ခာကို
အဆိပ်မခတ်ခဲ့ပါ
နေရောင်ခြည်ရှိရာအရပ်မှာ
နေပါရစေ
ကျွန်ုပ်သည်
သင့်ကို ပျော်ရွှင်ပါစေ
သင့်ဟာ
အမတ်လောင်းပေလား
မျက်စိတစ်ဖက်စောင်းခဲ့ရဲ့ "

***
"ကမ္ဘာထဲမှာ ဆားခပ်တိုင်းငန်မသွားတဲ့
အရာနှစ်ခုရှိလေရဲ့
ပင်ကိုယ်က ငန်နေတဲ့
ပင်လယ်ဖြစ်ပြီး
ပင်ကိုယ်က မပြောင်းတဲ့
အမှန်တရားတို့ဖြစ်ရဲ့ "

- မောင်ချောနွယ်
ကြမ်းပိုးများတဲ့အိပ်ရာ ကဗျာမှ/

* * * * *

"စပျစ်တစ်ခိုင်တော့
သင်တို့ငါတို့ သီးနိုင်ကြတာပဲ
ဘ၀ရဲ့အဆင်းဟာ ထမင်းမဟုတ်ချေဘူး
မပုပ်သိုးအောင် ဆေးစီရင်ကြ
ပျော်ရွှင်မှုတွေ ရေရောတယ် "

***
"ကြည်လင်မှုကို ခြေဆေးကြ
ကလေးတွေသောက်တဲ့ ရေမှာ
ငွေကြေးတွေမပါစေနဲ့
ကမ္ဘာကြီးဟာ မှန်မှန်လည်ပတ်နေတယ်"

-မောင်ချောနွယ်
အခွန်တော်မဲ့ ရာသီဥတု ကဗျာမှ/

11 November 2007

ဖြောင့်ထားသောအချက်အလက်


ဖြောင့်ထားသောအချက်အလက်
မောင်ချောနွယ်

ဟောသည်
တယ်လီဗေးရှင်းခေတ်
ကွန်ပျူတာခေတ်
အသံထက်မြန်တဲ့ ဂျက်တွေခေတ်
ကျည်ဆံရထားခေတ်
တိုက်ချင်းပစ်ဒုံးတွေခေတ်
လသွားယာဉ်တွေခေတ်မှာ
ကျွန်တော်တို့ ရင်ခုန်သံတွေဟာ
ခြောက်ဖက်သံကြားဖြစ်ရမယ်
ကျွန်တော်တို့ရင်ခုန်သံများနဲ့ ကဗျာဟာ
ခြောက်ဖက်သံကြားဖြစ်ရမယ်။

မောင်ချောနွယ်ကို ကိုးကွယ်ဖို့ လုပ်ခဲ့တာ မဟုတ်ဘူး။
ကမ္ဘာ့အိမ်ယာကို ရှာဖွေခဲ့တာဖြစ်တယ်။
ကမ္ဘာ့လူသားထုအိမ်ယာကို ရှာဖွေခဲ့တာ ဖြစ်ပါတယ်။

(၁)

ကျွန်တော့်ဘ၀ရဲ့ ရွှေသားသံယောဇဉ်ဟာ အဲဒါ ဖြစ်ခဲ့တယ်။ အဲဒါဟာ ကဗျာပါ။ သစ်တော်ပင်လေး တစ်ပင်ဟာ ကဗျာဆရာဖြစ်နေတယ်လို့ ကျွန်တော်သိခဲ့ပါတယ်။ ပါးစပ်ပြဲပြဲ အပွင့်ဝါ၀ါတွေ ပိုင်ဆိုင်ပြီးကြယ်ပွင့်တွေလို သစ်ရွက်တွေပါ ခြံရံနေတဲ့ ဆယ့်နှစ်ရာသီပင်ဟာလည်း ကဗျာဆရာတစ်ယောက်ပါပဲလို့ ကျွန်တော်သိမြင်ခဲ့ရပါတယ်။ သူက သူ့ဘ၀တစ်ခုလုံးလုံးကို အဲသည်လို ကဗျာဖွဲ့ဆိုထားပြီး နေထိုင်တာလို့ ကျွန်တော် သိရှိခဲ့တယ်။ ပြီးတော့ စကြာပန်းပွင့် ဖြူဖြူလေးတွေ၊ ညှာတံနီလေးနဲ့ ဆိတ်ဖလူးပန်းကလေးတွေ၊ သူတို့ဘ၀လေးတွေကို သူတို့ မွှေးကြိုင်လှပဖိတ်လက်နေအောင် သူတို့တွေ ဖွဲ့ဆိုနိုင်ခဲ့ကြတယ်။ ဒါတွေဟာ ဖြောင့်ချက်တွေ မဟုတ်ခဲ့ပါဘူး။ ဒါတွေဟာ ဖြောင့်ထားသော အချက်အလက်တွေပဲ ဖြစ်ပါတယ်။ ဟုတ်တယ်။ တကယ်တော့ "ကဗျာ" ဆိုတာ ဖြောင့်ထားသော အချက်အလက်ပါပဲ။ မူလပင်ရင်းကိုယ်၌က ဖြောင့်နေသော အချက်အလက်တစ်ခုဖြစ်ပြီး ဖြောင့်ထားသော အချက်အလက်တစ်ခုလို့ ကျွန်တော် ရင်ခုန်ယုံကြည်ခဲ့ပါတယ်။ ရင်ခုန်သံမြန်နှုန်း မြင့်ခဲ့ပါတယ်။

(၂)

ကဲ... ကျွန်တော်တို့ မုန့်ဖုတ်သမားတွေရဲ့ လက်တွေက စလိုက်ကြရအောင်။ ဂျုံကိုနယ်စဉ်၊ မုန့်ကို ဖုတ်စဉ်မှာ မုန့်ဖုတ်သမားရဲ့ လက်တွေ သန်မာဖို့ လိုပါတယ်။ ဒါမှလည်း ဂျုံကို နူးညံ့အောင်၊ လှပမွှေးကြိုင်အောင်၊ အရသာရှိအောင် စွမ်းနိုင်ကြမယ်လေ။ မဟုတ်ဘူးလား။ ကျွန်တော်က မုန့်ဖုတ်သမားရဲ့ လက်တွေကို ကျန်းမာသန်စွမ်းစေချင်လှပါတယ်။ ပိုးကြိုးနဲ့ သံမဏိကြိုးချောင်းတွေပေါ်ရောက် ဂီတသမားရဲ့ လက်တွေကိုလဲ အဲဒီလိုပဲ လှပသန်စွမ်းစေချင်ပါတယ်။ ပန်းချီဆေးရေးမယ့် ပန်းချီဆရာ၊ ပန်းတိမ်ဆရာ၊ ပန်းပုဆရာ၊ ကဗျာစာရေးသားသူ ကဗျာဆရာဆိုတဲ့ အနုပညာ၊ အနုသုခုမ လက်တွေ လှပသန်စွမ်းဖို့ လိုအပ်လှပါတယ်။ အဲဒီ အနုသုခုမလက်တွေထဲမှာ ဆန်းသစ်သွေးသားနဲ့ ဆန်းသစ်အတွေးအခေါ်တွေ ရှင်သန်စီးမျောနေပါစေလို့လည်း ကျွန်တော်က အမြဲတမ်း ဆုတောင်းပတ္ထနာ ပို့သလိုက်ပါတယ်။ အဲသည်လိုနဲ့ ဟောသည် လူ့လောကကြီးအလယ်ခေါင်မှာ မောင်ချောနွယ် ဆန်လာခဲ့ပါတယ်။

(၃)

ကျွန်တော့်ရဲ့ ပထမဘာသာရေးဟာ ဗုဒ္ဓဘုရားရှင်ဖြစ်ပြီး၊ ကျွန်တော့်ရဲ့ ဒုတိယဘာသာရေးဟာ ကဗျာအနုပညာ ဖြစ်ပါတယ်။ ဒါဟာကျွန်တော့်ဘ၀ ကျွန်တော့်ခန္ဓမှာ လာရောက် ခိုင်ကျည်စွဲမြဲနေတဲ့ စိတ်ပျားအုံ။ ဒါဟာ ကျွန်တော့်ဘ၀မှာ လာရောက် တည်ကြည်နေတဲ့စိတ်သွေးသားနဲ့ ကျွန်တော့်ဘ၀နဲ့ ကျွန်တော့်ရဲ့ ဘ၀ဖြစ်စဉ် ဖြစ်ပါတယ်။အဲသည်လိုနဲ့ အနော်မာသောင်ကမ်းမှာ၊ ကျွန်တော် ရင်ခုန်ယုံကြည်မြှုပ်နှံတဲ့၊ အနုပညာ အနော်မာသောင်ကမ်းမှာ ကျွန်တော့်ဘ၀ကို မြေကြီးနဲ့ ရောနှောခဲ့ပါတယ်။ အချိန်တန်ရင်တော့ အရိန္ဒမာလှံရမှာပါပဲ။ ဘယ်အပင်၊ ဘယ်အသီး၊ ဘယ်အရွက်ကိုပဲဖြစ်ဖြစ် တို့ထိလိုက်ရင် ချိုမြိန်သွားပါလိမ့်မယ်။

"အပ္ပမာဒေန၊ သမ္မာဒေထ"
ကိုယ့်ဒဏ်ရာကိုယ်တော့ မမေ့ဖို့ လိုပေလိမ့်မယ်။

(၄)

သန့်ရှင်းသူလမ်းကို ခင်းခဲ့ပါတယ်။ ကျွန်တော်ရဲ့ သီချင်းသံ ကြားကြပါစေ။ ပျော်ရွှင်မှုတွေ ကျွန်တော်တို့အားလုံးရဲ့ အိမ်ခေါင်မိုးမှာ ထိုးစိုက်ပါစေ။

(၅)

သူငယ်ချင်းရေ
ကိုဖော်ဝေးရေ
ကျွန်တော်တော့ တစ်လက်မမှ ဆုတ်မပေးနိုင်တော့ပါဘူးဗျာ။

မောင်ချောနွယ်
- ရထား(ကဗျာရှည် ငါးပုဒ်စုစည်းမှု) မှ မောင်ချောနွယ်၏ အမှာစာ

1 November 2007

သူတို့အရေးအသား(၃)

ဘ၀လမ်းတစ်လျှောက် လူအများကို လိမ်ညာလှည့်စားနိုင်ခဲ့၍ အားလုံး၏ အထင်ကြီးလေးစားမှုကို ခံကောင်းခံရမည်။ သို့သော် ကြေးမုံမှန်ပြင်ထက်မှလူကို လိမ်ညာခဲ့လျှင်ကား နှလုံးအသာယာမှုနှင့် မျက်ရည်တို့ကိုသာ နောက်ဆုံးတွင် ဆုလာဘ်အဖြစ် ရရှိလာလိမ့်မည်။

- စာရေးဆရာ Lowell Thomas က ဘုန်းတော်ကြီး နော်မန်ဗင်းဆင့်ပီးလ်ရဲ့ တရားပွဲတစ်ပွဲကို နားထောင်အပြီး လက်ဆောင်အဖြစ် ရေးပေးသော ကဗျာတစ်ပုဒ်ရဲ့ နောက်ဆုံးအပိုဒ်။

30 October 2007

အချိန်

"တစ်နှစ်" ရဲ့တန်ဖိုးကို သိချင်ရင်
စာမေးပွဲကျတဲ့ ကျောင်းသားကို မေးကြည့်ပါ။

"တစ်လ" ရဲ့တန်ဖိုးကို သိချင်ရင်
လမစေ့ပဲ ကလေးမွေးတဲ့မိခင်ကို မေးကြည့်ပါ။

"တစ်ပတ်" ရဲ့တန်ဖိုးကို သိချင်ရင်
အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာကို မေးကြည့်ပါ။

"တစ်နေ့" ရဲ့တန်ဖိုးကို သိချင်ရင်
ကလေး ၆ ယောက်ကို ကျွေးနေရတဲ့ နေ့စားအလုပ်သမားကို မေးကြည့်ပါ။

"တစ်နာရီ" ရဲ့တန်ဖိုးကို သိချင်ရင်
ဆုံဆည်းခွင့်ကို စောင့်နေကြတဲ့ ချစ်သူများကို မေးကြည့်ပါ။

"တစ်မိနစ်" ရဲ့တန်ဖိုးကို သိချင်ရင်
ရထားမမီလိုက်တဲ့ ခရီးသည်ကို မေးကြည့်ပါ။

"တစ်စက္ကန့်" ရဲ့တန်ဖိုးကို သိချင်ရင်
ယဉ်တိုက်မှုနဲ့ သီသီလေးလွဲသွားတဲ့ ဒရိုင်ဘာကို မေးကြည့်ပါ။

"တစ်မီလီစက္ကန့်" ရဲ့တန်ဖိုးကို သိချင်ရင်
အိုလံပစ် ငွေတံဆိပ်ရှင်ကို မေးကြည့်ပါ။

- တောထဲမှာ အောက်ဒိုးထွက်ရင်း စာရွက်အပိုင်းအစတစ်ခုကနေ ကူးထားမိတာပါ။ ထုတ်နုတ်စာအုပ် ဖော်ပြမပေးနိုင်တာ တောင်းပန်အပ်ပါတယ်။ သိလျှင် ပြောပြပေးစေလိုပါတယ်ခင်ဗျာ။

14 October 2007

ရိုးသားမှု

Without honesty there is no real growth.
ရိုးသားမှုမရှိရင် စစ်မှန်တဲ့ ကြီးပွားမှု၊ တိုးတက်မှု မရှိဘူး။

Without honesty there is no freedom.
ရိုးသားမှုမရှိရင် လွတ်လပ်မှုမရှိဘူး။

Without honesty there is no is hope.
ရိုးသားမှုမရှိရင် ဘာမျှော်လင့်ချက်မှ မရှိဘူး။

Without honesty nothing is real.
ရိုးသားမှုမရှိရင် ဘယ်ဟာမှ အစစ်အမှန်မဟုတ်ဘူး။

Without honesty nothing is.
ရိုးသားမှုမရှိရင် ဘာမှမရှိဘူး။

ဆရာတော်ဦးဇောတိက

သူတို့အရေးအသား (၂)

"မြင်ဖူးကြတယ်မဟုတ်လား
ခွေးဟာ ရိုက်နှက်နေတဲ့လက်ကို လျှက်နေတာလေ"

မာယာကော့ဖ်စကီး
-ဘောင်းဘီဝတ်မိုးတိမ် မှ/

*** *** ***

"သမုတိနယ်က သစ္စာတရားကို မတွေ့ရသေးသမျှ
အနာဂတ်ကို မီးမလောင်စေချင်ဘူး။
ဘ၀မှာ
(ဖြစ်နိုင်မယ်ဆိုရင်)
အမေ့ဝမ်းထဲကနေ
ကိုယ့်နာမည် ကိုယ်ခေါ်ပြီး ထွက်လာချင်တယ်"

ဝင်းမောင်
-နံနက်စောစော ရယ်မောခြင်းကဗျာ မှ/

သူတို့အရေးအသား (၁)

"ချွေးထွက်များတဲ့အသိဥာဏ်ဟာ
အဘိဓမ္မာဆရာထက် ပါးနပ်တယ်"


"သမိုင်းစာမျက်နှာပေါ်မှာ
အနာတရတွေ မရှိဖို့တော့ လိုတယ်"

"အဲဒီလိုနဲ့ ငါလည်း
ဖယောင်းတိုင်မီးနဲ့
ငရဲကို ထွန်းညှိလိုက်တယ်"

"ဘယ်သူ့အတွက်မှ မဟုတ်ဘူး
နေလောင်နေတဲ့ ငါ့အရေပြားတစ်လျှောက်မှာ
မျှော်လင့်ချက်အင်းဆက်တွေက
ရှင်သန်နေတုန်းပဲ"

ဝေမှူးသွင်
-သစ်ရွက်တို့၏ ပေါ့ဆခြင်းများ ကဗျာရှည်မှ/

13 October 2007

ဘ၀လယ်ကွက်

Sow a thought, and you reap on act;
Sow an act, and you reap a habit;
Sow a habit, and you reap a character;
Sow a character, and you reap a destiny.

အတွေးတစ်ခုစိုက်၊ ခြေလှမ်းတစ်လှမ်းရိတ်
ခြေလှမ်းတစ်လှမ်းစိုက်၊ အကျင့်တစ်ခုရိတ်
အကျင့်တစ်ခုစိုက်၊ စရိုက်တစ်ခုရိတ်
စရိုက်တစ်ခုစိုက်၊ ကံကြမ္မာတစ်ခုရိတ်။

ဆင်မြူရယ်စမိုင်း

Poetry is....

Poetry is " a speaking picture - with this end, to teach and delight."
ကဗျာဆိုတာ စကားပြောတဲ့ ပန်းချီကားတစ်ချပ်ပါပဲ။ ဖတ်သူကို သင်ပြတယ်။ နှစ်သက်စေတယ်။

ဆာဖီးလစ် ဆစ်ဒနီ

*** *** ***

Poetry is " the spontaneous overflow of powerful feeling recollected in tranquility."
ကဗျာဆိုတာ တိတ်ဆိတ်ငြိမ်သက်တဲ့အချိန်မှာ ပြန်လည်တွေးတောပြီး ပြင်းပြတဲ့ခံစားမှုဝေဒနာ တသွင်သွင် ယိုစီးခြင်းပါပဲ။

ဝီလျံ ၀ပ်စ၀ပ်

*** *** ***

Poetry is " a criticism of life."
ကဗျာဆိုတာ ဘ၀ကို ဝေဖန်ဆန်းစစ်ခြင်းတစ်မျိုးပါပဲ။

မက်သရူး အာနိုး

*** *** ***

Poetry is " the intellect colored by feeling."
ကဗျာဆိုတာ ခံစားမှုများနဲ့အရောင်တင်ထားတဲ့ အသိဥာဏ်ပါပဲ။

ဝီလဆင်

*** *** ***

The offic of poetry is not to make us think accurately, but feel truly.
ကဗျာရဲ့ အလုပ်တာဝန်က ကျုပ်တို့ကို အတိအကျစဉ်းစားတတ်အောင်လုပ်ဖို့ မဟုတ်ဘူး။ မှန်မှန်ကန်ကန် ခံစားတတ်အောင် လုပ်ဆောင်ဖို့ပါပဲ။

ရောဘတ်ဆန်

9 October 2007

လမ်း

"ကျွန်မ ဘယ်လမ်းကို သွားရမလဲရှင်"

"မင်းက ဘယ်ကို သွားချင်တာလဲကွဲ့ .."

"ဘယ်ကိုပဲ ရောက်ရောက်ပါ"

"ဒါဖြင့်လည်း သွားချင်တဲ့လမ်းသာ သွားပေါ့ကွယ်"

- ထူးဆန်းသောတိုင်းပြည်မှ အဲလစ်၏ စွန့်စားခန်းများ ဆိုတဲ့ ပုံပြင်လေးထဲက
အဲလစ်နဲ့ ကြောင်ကြီးရဲ့ အပြန်အလှန်စကားပြောခန်းမှ/

2 September 2007

ဆုတောင်း


အို.. ဘုရားသခင် ကျွန်ုပ်ကို သားတစ်ယောက် ဖန်ဆင်းပေးတော်မူပါ။ သူအင်အားချည့်နဲ့နေတဲ့အချိန်မှာ သူ့ကိုသူသိအောင် ကြံ့ ခိုင်သန်စွမ်းတဲ့သားမျိုး၊ သူကြောက်ရွံ့ တုန်လှုပ်နေတဲ့အချိန်မှာ သူ့ကိုသူ ရင်ဆိုင်နိုင်အောင် ရဲ စွမ်းသတ္တိနဲ့ ပြည့်ဝတဲ့သားမျိုး။

ရိုးရိုးသားသား ရှုံးနိမ့်သွားတဲ့အခါမျိုးမှာ ကျေနပ်စွာလက်ခံပြီး ဘယ်တော့မှ ဦးမညွှတ်တဲ့သားမျိုး၊ အောင်မြင် မှုသရဖူ ဆောင်းနိုင်တဲ့အခါမျိုးမှာလည်း ကိုယ့်ကိုယ်ကို နှိမ့်ချပြီး သိမ်မွေ့ တဲ့သားမျိုး၊ ကိုယ့်အတွက်(ကိုယ့်ဆန္ဒကိုသာ) သိတဲ့သူမျိုးမဟုတ်ဘဲ တစ်ခြားသူကိုပါ(တစ်ခြားသူရဲ့ ဆန္ဒကိုပါ) သိတဲ့သားမျိုး ပညာဗဟုသုတ အခြေခံကလေးအတွက်တော့ သူ့ကိုသူ သိစေချင်ပါတယ်။

သက်သောင့်သက်သာနဲ့ သာယာတဲ့ဘ၀မှာ၊ ရေသာခို အချောင်လိုက်တဲ့ လမ်းမျိုးမှာ မလျှောက်လှမ်းစေချင်ပါဘူး။ အခက်အခဲ အကြပ်အတည်းတွေ၊ ဖိစီးမှုတွေ၊ စိန်ခေါ်မှုတွေ၊ ဆူးညှောင့်တွေ ပြည့်နေတဲ့ လမ်းမျိုးမှာသာ လျှောက်လှမ်းစေချင်တယ်။

ဘ၀မုန်တိုင်းထဲမှာ ကြံ့ ကြံ့ ခံနိုင်အောင် လေ့လာသင်ယူပါစေ။ ဘ၀မှာ ရှုံးနိမ့်သွားတဲ့သူတွေအတွက် သနားကြင် နာစိတ်ရှိအောင် လေ့လာသင်ယူပါစေ။

ကြည်လင်ပြီး အပြစ်ကင်းစင်တဲ့ နှလံးသားပိုင်ရှင်သားမျိုး၊ ရည်မှန်းချက် မြင့်မြင့်မားမား ထားရှိတဲ့ သားမျိုး၊ တခြား သူတွေအပေါ်မှာ ကွပ်ကဲခွင့် မရခင်မှာ သူ့ကိုသူ ပိုင်နိုင်စွာ ကွပ်ကဲထိန်းသိမ်းနိုင်တဲ့ သားမျိုး၊ ရည်မှန်းချက် အနာဂတ်ပန်းတိုင်ကို ရောက်ရှိသည့်တိုင်အောင် ကုန်လွန်ခဲ့တဲ့အတိတ်ကို မမေ့တဲ့(ဘ၀မမေ့တဲ့) သားမျိုးကိုဖန်ဆင်းပေးတော်မူပါ။

အဲဒါတွေ ပြည့်စုံသွားရင် ဟာသဥာဏ်ကလေးကိုပါ ဖြည့်စွက်စေချင်ပါတယ်။ ဒါမှ သူဟာ အသည်းအသန်ဖြစ်စေတဲ့ ဘယ်လိုကိစ္စမျိုးမဆို တည်တည်ငြိမ်ငြိမ်နဲ့ လက်ခံနိုင် ဖြေရှင်းနိုင်မှာပါ။

မိမိကိုယ်ကို နှိမ့်ချတတ်မှုတွေ ပေးပါ။ အမှန်တကယ် စစ်မှန်တဲ့ ကြီးကျယ်မြင့်မြတ်မှုမျိုးတွေ ပေးပါ။ ဆင်ခြင်တုံတရား နဲ့ပတ်သက်ပြီး ပွင့်လင်းတဲ့ သိစိတ်အမြင်တွေ ပေးပါ။ နှိမ့်ချသည်းခံနိုင်စွမ်းဆိုတဲ့ စစ်မှန်တဲ့ ခွန်အားမျိုးကိုပေးပါ။

-၂၀၀၃ ခုနှစ်၊ စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ပေးစာကဏ္ဍမှ သားတစ်ယောက်အတွက် ဆုတောင်းလေးကို တအားနှစ်သက်မိလို့ ကူးယူဖော်ပြပါတယ်။