25 November 2008

မသန့်စင်တဲ့ကဗျာ

သဘာဝကျကျ မသန့်မစင်ဖြစ်တည်နေတဲ့ ဂြိုဟ်ကြီးတစ်လုံးရှိပါတယ်
မသန့်စင်တဲ့လူတွေကို သူ့ဝမ်းဗိုက်ကြီးထဲ ထည့်ထည့်မျိုလို့
မသန့်စင်တဲ့အရာတွေကို သူ့ကျောကုန်းကြီးပေါ် ဆွဲဆွဲတင်လို့
ဒါဟာ မသန့်စင်တဲ့ ကဗျာပါအကြောင်းတရားတွေပါပဲ။

ဣဌာရုံအညွှန့်အဖူးလေးတွေနဲ့ ကဗျာတွေလူလူသူသူဖြစ်ခဲ့သေးတာပဲ
အနိဌာရုံအကြမ်းအခက်ကြ
ီးတွေနဲ့ ဘာဖြစ်လို့ ကဗျာတွေထက်ထက်မြက်မြက်မဖြစ်ရမှာလဲ။

မသန့်စင်ခြင်းဟာ မသန့်စင်ခြင်းပဲဖြစ်ပါတယ်၊ အရုပ်ဆိုးအကျည်းတန်ခြင်း မဟုတ်ပါဘူး
မသန့်စင်ခြင်းဟာ မသန့်စင်ခြင်းပဲ ဖြစ်ပါတယ်၊ တရားလက်မဲ့ဖြစ်ပျက်နေတာ မဟုတ်ပါဘူး
(သူကသာ တရားလက်မဲ့ပြုမူခံနေရတတ်တာပါ)

ကဗျာအများစုက မှန်နန်းဆောင်ဇာခန်းဆီးအတွင်း ၀ပ်ဆင်းကျရောက်နေချိန်
ဝန်ကြီးတစ်ဦးက ထန်းသမားမိသားစုနဲ့အတူ ထမင်းလက်ဆုံစားခဲ့တယ်
ကုန်တင်လှေကြီးနဲ့အတူ ရွက်လွှင့်ခဲ့တယ်
မသန့်စင်တဲ့နယ်ပယ်တွေထဲ သူ့ကဗျာဝိညာဉ်ကိုစေလွှတ်ကျက်စားခဲ့တယ်
သူဟာ မသန့်စင်တဲ့အကြောင်းတရားတွေအပေါ် စာနာတိမ်းညွှတ်ခဲ့တယ်
သူဟာ မသန့်စင်တဲ့ကဗျာတွေကို ရေးဖွဲ့ခဲ့တယ်
ဒါဟာ ဒီမြေပေါ်မှာ အမှန်တကယ်ရှိနေတဲ့ မသန့်စင်ခြင်းတွေ ဖြစ်တယ်
မသိယောင်ဆောင်ရုံ၊ မျက်ကွယ်ပြုရုံနဲ့ ပပျောက်မသွားမဲ့ မသန့်စင်ခြင်းတွေ ဖြစ်တယ်။

လူများစုဟာ မသန့်စင်ခြင်းရဲ့အရသာကို တင်းကြမ်းခံစားနေရတယ်
မသန့်စင်ခြင်းဟာ ဒီကမ္ဘာကြီးရဲ့ အနှံ့အပြားမှာရှိနေတယ်
မသန့်စင်ခြင်းဟာ ဖုန်တွေသဲတွေအထွေးထွေးနဲ့
မသန့်စင်ခြင်းဟာ ချွေးတွေသံတွေအလိမ်းလိမ်းနဲ့
မသန့်စင်ခြင်းဟာ ထမင်းတစ်လုပ်အတွက် ပင်ပန်းကြီးစွာ၊ အညှာအတာကင်းစွာ၊ လူ့ဂုဏ်သိက္ခာချို့တဲ့စွာ
မသန့်စင်ခြင်းဟာ တစ်ဝမ်းတစ်ခါးအတွက် မှောင်ခိုလဲကူးရ
တစ်ပြားတစ်ချပ်အတွက် စက်ရုံကြီးတွေထဲမှာလဲ ပိတ်လှောင်ခံရ
ကျောက်မီးသွေးတွင်းကြီးတွေမှာ၊ ဒြပ်သတ္တုလုပ်ငန်းခွင်ကြီးတွေမှာ၊ စစ်ပွဲတွေမှာ
ပတ်ကြားအက် ရိုးပြတ်ငုတ်တိုလယ်ကွင်းပြင်တွေမှာ၊ နောက်ကျန်ဘီးများနဲ့ ကြက်ယက်သလိုယက်နေရတဲ့နေရာတွေမှာ
ရောဂါဘယကပ်ဆိုးတွေနဲ့ လူလူသူသူ နေလို့၊ စားလို့၊ တွေးလို့၊ တောလို့ မရတဲ့ ဒေသတွေမှာ
မသန့်စင်ခြင်းတွေဟာ နေလောင်ချွေးစားပြီး ထွားကျိုင်းသန်မာနေကြ၊ လှိုင်လှိုင်ကြီးသီးပွင့်လာနေကြ
အပ်ဖျားတစ်ထောက်စာ အရေပြားပေါ်က ဖြူတယ်မဲတယ်ဆိုတဲ့ အရောင်အတွက်နဲ့လဲ သင်းကွဲနှိပ်ကွပ်ခံရ
ငြိမ်းချမ်းမွန်မြတ်တဲ့ဘာသာရေးဝတ်ရုံအောက်မှာ လက်နက်ပုန်းတွေ ကိုင်ဆောင်လာကြ
ကျောင်းတော်သာရဲ့ ဆွတ်ပျံ့ဆွေးဖွယ်လမ်းမကြီးတွေပေါ်မှာတောင် မသန့်စင်ခြင်းတွေဟာ စိမ့်ဝင်နေကြ
စိန်စီရွှေချခန်းမကြီးတွေအတွင်းမလဲ ဒီမသန့်စင်ခြင်းတွေပဲ ပွဲတက်ကခုန်နေကြ
မသန့်စင်ခြင်းတွေဟာ ချစ်ခြင်းမေတ္တာကိုတောင် ဓားထက်ထက်နဲ့ လှီးဖြတ်နေကြ
မသန့်စင်ခြင်းတွေဟာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ နေရာဒေသအသီးသီးကို လွှမ်းမိုးလာကြ
လူနည်းစုဟာ မိမိရဲ့သန့်စင်မှုအတွက် လူများစုကို မသန့်မစင်တဲ့အခြေအနေတွေထဲ တွန်းပို့နေကြ
အရှိန်နဲ့၊ ပါဝါနဲ့၊ စွမ်းအားတွေနဲ့ မသန့်စင်ခြင်းအပေါ် လက်လွှတ်စပယ်ပြောဆိုကြ၊ ဖိနှိပ်ကြ
ကျနော်တို့ဟာ ဒီမသန့်စင်ခြင်းတွေကို ကဗျာပြုကြတာဖြစ်တယ်၊ ဒီမသန့်စင်ခြင်းတွေကိုပဲ ဆွဲကူထူမကြတာဖြစ်တယ်
မသန့်စင်ရခြင်းရဲ့ ရင်းမြစ်တွေကို စီစစ်ရှာဖွေကြတာဖြစ်တယ်
ဒါဟာ မသန့်စင်တဲ့ ကဗျာပါအကြောင်းတရားတွေပဲဖြစ်တယ်။

မသန့်စင်ခြင်းတွေဟာ ကင်းဘတ်စတွေဖြစ်တယ်
မသန့်စင်ခြင်းတွေဟာ ဆေးစက်တွေဖြစ်တယ်
မသန့်စင်ခြင်းတွေဟာ ကဗျာနဲ့ထုံကူးခံရတော့
လှပတဲ့ပန်းချီကားတွေ ဖြစ်လာကြတယ်။

ဒီလိုပါပဲ
တစ်ခါတစ်ခါတော့လည်း ကိုယ့်ရင်ဝကိုယ် ဓားနဲ့ထောက်ကြည့်ရတာ ရင်ခုန်စရာကောင်းလှပါတယ်
မသန့်စင်တဲ့ကဗျာတွေကို ကျေကျေနပ်နပ်ကြီးရေးရင်း ကျွတ်ဆတ်ဆတ်ရင်ဘတ်တစ်နေရာကို စာနာမှုပလပ်ခေါင်း ထိုးချလိုက်ပြီ
ကဗျာတွေ ဒီအတိုင်းစီးဝင်စေတော့။

ညိမ်းညို

19 November 2008

ပိုးဟပ်တွေ ၂

ပိုးဟပ်တွေ ပိုးဟပ်တွေ
ကမ္ဘာကြီးရဲ့ဘယ်နေရာကများ ပေါက်ဖွားနေပါလိမ့်
ငါတို့မြင်ကွင်းတွေထဲ တရွေ့ရွေ့တွားတက်ပြီး လာနေ
အစောပိုင်းကာလတွေမှာတော့ တစ်ကောင်ချင်းပေါ့
နောက်ပိုင်းမှာ အုပ်စုတွေဖွဲ့ပြီး ချီတက်လာကြ
ရေထု လေထု မြေထု
တစ်လောကလုံး အောက်သိုးသိုးအနံ့တွေ မွှန်စော်ထူပိန်းလို့
ပိုးဟပ်တွေ ကိုယ်ရောင်ကိုယ်ဝါ တောက်ပလာကြပုံ
ပိုးဟပ်တွေ အချင်းချင်းကူညီရိုင်းပင်းကြပုံ
ပိုးဟပ်တွေ တစ်ကောင်နဲ့တစ်ကောင် ထောက်ခံအားပေးကြပုံ
ဟော...ဟော သိပ်မကြာလိုက်ဘူး
ပိုးဟပ်တွေ တစ်ကောင်နဲ့တစ်ကောင် ရိုက်ကုန်ကြပြီ
သေချင်တယ်ကွာ
အာ ယောင်လို့ ယောင်လို့
ဒီစကားကိုသာ ပိုးဟပ်တွေကြားသွားရင်
ငါလဲ ချက်ချင်းသေပြီပဲ
ပိုးဟပ်တွေက ပိုးဟပ်တရားပဲဟောမယ်
ကမ္ဘာကြီးကို ခါးပတ်လိုပတ်မယ်
လူအရိုးနဲ့ သွားကြားထိုးမယ်
ကြာလာတော့ အကျည်းတန်နေတာကြီးကိုက လှသလိုဖြစ်
အသိဉာဏ်တွေ ထစ်အ,ကုန်မယ်
ပိုးဟပ်တွေ ပိုးဟပ်တွေ
အဆမတန် ၀ဖီးကြီးထွားလာကြ
ချပ်ဝတ်တန်ဆာတွေ ပိုမိုပြည့်စုံလာကြ
မကြာခင် ကမ္ဘာကြီးကို ၀ါးမြိုပစ်တော့မယ်တဲ့
ဟေ့လူ ခင်ဗျားမကြောက်ဘူးလား
ခင်ဗျားနေပုံထိုင်ပုံကြီးက သွေးအေးလွန်းတယ်ဗျာ
ဒီလို ဒီလို အစရှိနောက်နောင်
စကားနောက်တရားတွေပါလာရင် ခက်မယ်ဆရာ
ဟုတ်တယ် ခင်ဗျားပဲ
ပြဿနာကိုမီးထွန်းရှာတာ ခင်ဗျား
ခင်ဗျားလုပ်ပုံမဟုတ်လို့ လူတွေထိတ်လန့်ကုန်တာ
ဘာကိစ္စပိုးဟပ်တွေအကြောင်း အရေးတယူစာဖွဲ့နေရတာလဲ
အချိန်တန်ရင်ပြီးသွားမဲ့အရာတွေထဲ ပိုးဟပ်တွေထိပ်ဆုံးကပါတယ်ဗျ
အာ ဘာတွေလာပြောနေတာလဲ
ခင်ဗျားဟာ လူကြီးလူကောင်းအယောင်ဆောင်ထားတဲ့ ခပ်လည်လည်ပိုးဟပ်တစ်ကောင်ပဲ
ပိုးဟပ်တွေ ပိုးဟပ်တွေ
သိပ်လည်တဲ့ပိုးဟပ်တွေ လူနပ်ချမ်းသာပိုးဟပ်တွေ
ဆိုက်ဝါးတွေ အသွယ်သွယ်သုံးပြီး
တိုက်ကားတွေ အလှယ်လှယ်သိမ်းကြုံးနေကြပြီ
ကမ္ဘာကြီးတစ်ခုလုံးကို ပိုးဟပ်မြို့တော်ကြီး လုပ်ပစ်မယ်တဲ့
ကမ္ဘာကြီးတစ်ခုလုံးက ပိုးဟပ်တွေအတွက် ပျော်တော်ဆက်ဖြစ်စေရမယ်တဲ့။

ဟေး
ခုခံကြ ကာကွယ်ကြ
သတိရှိကြ
ကခုန်ချည်းမနေကြနဲ့
ပိုးဟပ်တွေ ခြေတော်တင်တာခံလိုက်ရတဲ့
ခပ်ညံ့ညံ့ကမ္ဘာကြီးတော့ မဖြစ်စေနဲ့။

ညိမ်းညို

15 November 2008

ပိုးဟပ်တွေ ၁

ပိုးဟပ်တွေက
လူမိသွားလည်း ခပ်တည်တည်ပဲ
မျက်နှာပိုးသိပ်သေတယ်
လူကိုတွေ့တာနဲ့
ဘယ်ဖက်အိတ်ကပ်ကို စမ်းမယ်
ညာဘက်အိတ်ကပ်ကို စမ်းမယ်
မရှိမဲ့ရှိမဲ့ရင်ခုန်သံငွေ့ငွေ့လေးကို
ငွေစကြေးစလေးနဲ့ ကလော်ထုတ်ပီး ခတ်ကြည့်မယ်
ငွေသံကြေးသံလေးများကြားလိုက်ရ နားဆင်လိုက်ရရင်
ကမ္ဘာကြီးကတယ်လှသကိုးဆိုတဲ့မျက်နှာပေးနဲ့
ဆောင့်ကြွားကြွားလုပ်မယ်
ဒီကမ္ဘာပေါ်မယ်
ပိုးဟပ်တွေထက် လူလည်ကျတဲ့သတ္တ၀ါတွေတောင်
ပိုးဟပ်တွေလောက်တော့ လူလည်ကျနိုင်မယ်မထင်။

ဒီမယ် ကဗျာဆရာ
ခင်ဗျားက ပိုးဟပ်တွေနဲ့အမျိုးတော်သလား
ဒါကို ကျုပ်သိချင်တယ်။

ဒီမယ် ကဗျာဆရာ
ခင်ဗျားက ပိုးဟပ်တွေရဲ့အချစ်တော်လား
ဒါကို ကျုပ်သိချင်တယ်။

ဒီမယ်ကဗျာဆရာ
ခင်ဗျားက ပိုးဟပ်တွေနဲ့တစ်စားပွဲထဲထိုင်ပြီး
အသားကင်တွေကြိုက်တတ်နေပြီလား
အဲဒါ နေ့မစေ့လမစေ့အသားတွေဗျ။

ဒီမယ်ကဗျာဆရာ
ခင်ဗျားဆွဲနေတာ မီးရထားစက်ခေါင်းမဟုတ်ဘူး
ခပ်ညံ့ညံ့ခဲချွန်စက်တစ်လုံးပဲ။

ဒီမယ်ကဗျာဆရာ
ခင်ဗျားထုဆစ်နေတာ ခြင်္သေ့မင်းမဟုတ်ဘူး
အကောင်ထွားထွားခွေးတစ်ကောင်ပဲ။

ဒီမယ်ကဗျာဆရာ
သုံးစားမရတဲ့စကားလုံးတွေကို
သုံးစားမရတဲ့ခေါင်းကြီးထဲကနေ
အလကားရတိုင်း နှိုက်နှိုက်ထုတ်မနေစမ်းနဲ့ဗျာ။

ခင်ဗျားက တစ်နေ့တစ်နေ့ ၀မ်းနည်းကြေကွဲမယ်
တစ်နေ့တစ်နေ့ နာကျည်းပေါက်ကွဲမယ် ကြုံးဝါးအော်ဟစ်မယ်
ကမ္ဘာကြီးပေါ်မယ် လူပေါင်းသန်းခြောက်ထောင်
ဇာတ်လမ်းပေါင်းသန်းခြောက်ထောင် ဘ၀ပေါင်းသန်းခြောက်ထောင်
အပူပေါင်းသန်းခြောက်ထောင် သောကပေါင်းသန်းခြောက်ထောင်
ပရိဒေ၀ပေါင်းသန်းခြောက်ထောင်ဗျ
သူ့အရှုပ်နဲ့သူချာလပတ်ရမ်းနေတာကြီး
ခင်ဗျားက အားအားရှိ ငိုကြီးချက်မနဲ့
ပိုးဟပ်တွေအသဲကွဲတာကိုပဲ အဆန်းလုပ်ပီး ရေးရေးနေ
တလောကလုံးလဲ ပိုးဟပ်တရားတွေနဲ့ပဲ
မွှန်ထူနံစော်နေ။

ဒီမယ် ကဗျာဆရာ
ကျုပ်တို့ဖတ်မဲ့ကဗျာတွေထဲ
ပိုးဟပ်တွေအကြောင်းထည့်ထည့်မရေးစမ်းပါနဲ့ဗျာ။

ညိမ်းညို

12 November 2008

ယုံကြည်တယ်

ယုံကြည်တယ်
ကလိမ်ကကျစ် ပစ်သွင်းခံလိုက်ရတဲ့လက်သီးတစ်လုံးကို
အရိုးသားဆုံးမျက်လုံးနဲ့
ယုံကြည်ရဲရင့် ကလပ်ပေါ်တင်ကြည့်ဝံ့တယ်ဆိုတာ။

ယုံကြည်တယ်
ပုတ်သင်တွေရဲ့ ကျော့ကွင်းတစ်ထောင်မှာ
စိတ်ဓာတ်ကို ဓားသွားလိုထောင်ပြီး
ရှောင်ခွာရုန်းထွက်ခဲ့ကြမယ်ဆိုတာ။

ယုံကြည်တယ်
ဒီပဲတွေ ဒီပုတ်ထဲရောက်မသွားစေဖို့
ကိုယ့်အရိုးကိုယ် ရွေဘော်ထိုး
စိတ်ဓာတ်ကို မိုးထိမြှင့်ထားကြမယ်ဆိုတာ။

ယုံကြည်တယ်
ဗရုတ်ဗရက်ခေတ်ကြီးထဲ
ကိုယ်တည်းတစ်ယောက် ကောင်းဖို့ရောက်ရုံနဲ့
နင်းပြားဘ၀တွေကို လမ်းခင်းမသွားဘူးဆိုတာ။

ယုံကြယ်တယ်
ဇကောထဲထည့်အလှိမ့်ခံရပေမဲ့
ဇီးဖြူသီးတွေလို တွန်းထိုးကန်ကျောက်မနေဘဲ
နှမ်းစေ့ကလေးတွေလို သိပ်သည်းစည်းလုံးနေထိုင်ကြမယ်ဆိုတာ။

ယုံကြည်တယ်
မက်လုံးတစ်သိန်းလောက်ပေးနေပါစေ
ဂျပန်ခေတ် စကားပြန်တစ်ယောက်လို
လက်ဝေခံကြီးထွားဖို့ စက်ဆုပ်ရွံရှာတတ်ကြတယ်ဆိုတာ။

ယုံကြည်တယ်
မုန်တိုင်းကြမ်းကြမ်း လေပြင်းရမ်းရမ်း
တောပန်းတစ်ပွင့်ရဲ့အရိုင်းသစ္စာမှာ ဓားတစ်လက်ဆွဲချိတ်
အရိပ်မည်းကြီးကို ဖယ်ရှားပစ်ကြမယ်ဆိုတာ။

ယုံကြည်တယ်
အရွေ့ဟာ ဘယ်လောက်ပဲသေးငယ်ပါစေ
ခြေတစ်လှမ်းလှမ်းလိုက်တိုင်း
ပန်းတိုင်ဆီ တစ်ဆင့်နီးကပ်လာရမယ်ဆိုတာ။

ယုံကြည်တယ်
ရင်ဘတ်ပေါ် ခြေရာတွေဘယ်လောက်ပဲဖြတ်နင်းပါစေ
တစ်ညွှန့်အချိုးဖဲ့ခံရရင် သုံးညွှန့်တိုးထွက်လာမဲ့သတ္တိနဲ့
နွေဦးမျှော်တေးတစ်ပုဒ်ကို ဟစ်ကြွေးနေမယ်ဆိုတာ။

ယုံကြည်တယ်
ကဗျာကိုကဗျာလို ရေးလို့မရတဲ့နေ့စွဲများမှာ
ကဗျာကို ကဗျာမဟုတ်သလိုရေးရသည့်တိုင်
ဖုံးထားလဲ မြင်ကြမယ်ဆိုတာ။

ယုံကြည်တယ်
လောကဥယျာဉ်မြေမှာ
လမင်းတစ်ရာရွှန်းတင့် ပြုံးပန်းတစ်ရာထွန်းပွင့်ဖို့
နှလုံးအိမ်ထဲ ကဗျာတွေပျံဝဲနေမယ်ဆိုတာ။

ယုံကြည်တယ်
ဘယ်ရာဇ၀င်ဘယ်ခေတ်ရောက်ရောက်
ကဗျာခြေထောက်တွေ သန်မာဖျတ်လတ်လတ်နေမယ်ဆိုတာ။

ယုံကြည်တယ်
လက်ညှိုးနဲ့လက်မအကြား
ချွန်မြသံမဏိအသွားနဲ့
ငါတို့ကဗျာတွေ ဆက်လက်မွေးဖွားနေဦးမယ်ဆိုတာ။

ညိမ်းညို

5 November 2008

အငိုမျက်လုံး အပြုံးမျက်နှာ

- နှုတ်ခမ်းမှာ သကာစု
သဲနုက ကြည်မွေ့တယ်၊
သည်သကာ သည်နှုတ်ခမ်း
ဆန်းကြယ်လှကွယ်။

- ပါးပြင်မှာ နံ့သာစု
သဲနုက သင်းထုံတယ်၊
သည်နံ့သာ သည်ပါးလေး
ချိုမွှေးလှကွယ်။

- မျက်ဝန်းမှာ ငွေ့ရည်စု
သဲနုက ရွာသွန်းတယ်၊
သည်ငွေ့ရည် သည်မျက်ဝန်း
သည်းလွန်းလှကွယ်။

- မစိမ်းနဲ့နော်
ကျွန်တော်က တိုးလျှိုး၊
မချစ်ကြင် မုန်းပင်ပျိုးပါနဲ့
တိုးလို့ရိုကျိုး။

ညိမ်းညို

4 November 2008

ခဲခြစ်မိုးတိမ်

ကဗျာကိုတူးဖော်လို့မရတဲ့ ညတွေ
သားအတွက် အရှုံးကြီးလှပါတယ်
သူငယ်ချင်းတစ်ယောက်က ပြောတယ်
မင်းက ကဗျာသရဲပဲ၊ အစွန်းရောက်နေပြီတဲ့
သူမသိသေးလို့ဖြစ်ပါလိမ့်မယ် အမေရယ်
သားကလေ....အခွင့်ရှိမယ်ဆိုရင်
ကဗျာဘီလူးကြီးတောင် ဖြစ်လိုက်ချင်တာအမေရဲ့။

အခု...သားလေ
မျက်ရည်စစ်စစ်တွေပဲ လိုချင်နေမိပါတယ်
သားစိတ်တွေ တစ်ထစ်ယဉ်ကျေးဖို့
တခါလောက်ဖြစ်ဖြစ် ငိုလိုက်ချင်လို့ပါ အမေရယ်...။

ညိမ်းညို

မာနခဲ(၄)

သူကြီးသေနတ်လောကဓံရေ
မင်းက တွေ့ကရာ ချိန်,ချိန်နိုင်လွန်းတော့
ဂယ်ပေါက်မထားတတ်တဲ့ ငါ့မှာလည်း
ပြေးလမ်းတွေက နဲသထက် နဲနဲလာပေါ့ကွယ်။

ကိစ္စတော့ မရှိပါဘူး
ငါ့အသက် ၂၄
ပူဆွေးစရာတွေကို ဘေးမဲ့ပေးလိုက်ပြီ
မတရားမှုကို ဦးမခိုက်ချင်ဘူး
ကဗျာရေးတဲ့ လက်တစ်ဖက်နဲ့
ကန္တာရထဲက တိုးထွက်လာခဲ့မယ်
ဟောဒီ ငါ့ဝါသနာနဲ့
နောက်ထပ် ဆယ်ဘ၀မိုက်ဦးမယ်
ကဲ...ဘယ်သူလိုက်ဦးမလဲ။

ညိမ်းညို

3 November 2008

လှပစွာနုပျိုခဲ့သော ရွက်အိုများ

ပွင့်လျှင်ဝေေ၀ ကြွေလျှင်ရဲရဲ
အမြဲ သူတို့မသေ။

ညိမ်းညို

မြစ်အ

အနားသပ်ခံဘ၀နဲ့
ကမ်းရှိချင်ယောင် ဆောင်ထားပေမဲ့
မြို့တော်တစ်ဝိုက်မှာတော့
စိတ်ကြိုက် စီးဆင်းခွင့်မရရှာဘူး။

ညိမ်းညို
- မော်စကို မြစ်ကူးတံတားတစ်စင်းပေါ်မှာ...

ဖောက်လွဲဖောက်ပြန် ရာသီ

စိမ်းမြလတ်ဆတ်
ရွက်သစ်နုလေးတွေ
စူးရဲနေခြည်ထဲ
ခပ်ရဲရဲ တိုးထွက်လာခဲ့ကြပြီ
ရာသီက ပူတယ်မို့လား။

အခုလေ
နွေခေါင်ခေါင် မိုးထစ်ချုန်း
ပြုံးနေတဲ့ ရွက်သစ်နုလေးတွေ
အတုန်းအရုန်း ဖျားနာကြဦးတော့မယ်။

ညိမ်းညို