26 June 2010

ဝန်စည်စလယ်များသောအရပ်

ငှားနေတဲ့အခန်းမှာ ထပ်ခိုးလေးရှိတယ်
ထပ်ခိုးပေါ်မှာ သစ်တုံးတစ်တုံး
ထပ်ခိုးနဲ့သစ်တုံးဟာ အပြန်အလှန်မြှောက်ပင့်လို့
တစ်ဦးနဲ့တစ်ဦး ယုတ္တိဗေဒနည်းနဲ့တွေးရတာ သိပ်ဖင့်နွဲ့တာပဲလို့
တစ်ဖက်က လေသာဆောင်ကြားအောင် ပြောတယ်။

တည်းတည်းကလေးသာကျန်နေတော့တဲ့
အထီးကျန်တုတ်ထိုးသကြားလုံးတစ်လုံးက
သပွတ်အူခြောက်ကို သတိနဲ့စောင့်ကြည့်လျက်သာ
မကြာခင်
လောင်ဂျီကျုကို အလျားလိုက်ဖြတ်ပြီး လေယာဉ်ပျံတစ်ကောင်
ရူးသွပ်စွာကျွမ်းထိုးသွားတော့မယ်ဆိုတာ သိနေသလိုမျိုး
သူ့မှာ ချည်နှောင်မထားတဲ့ ချောင်းကြည့်ပေါက်တွေရှိနေသလိုမျိုး
မောနေတဲ့မြင်းတွေ ပစ်ချခံထားရတဲ့ရုပ်အလောင်းကောင်တွေ
အဲသလိုသာပ
တုတ်ထိုးသကြားလုံးလေးမှာလည်း သူ့အင်နာဂျီကို မီးပြန်ညှိခွင့်ရှိတယ်။

သူတို့ ၀တ်မှုန်မကူးကြတော့ဘူး
အကိုင်းဖြတ်တယ် အကိုင်းဆက်တယ်
ခြေလှမ်းကျဲကြီးများဖြင့် သွားကြတယ်။

အရှင်သခင်
မောက်မာဝင့်ကြွားသော
အဖော်အပေါင်းကင်းသော
ပူဆွေးဖွယ်ကံစမ်းခြင်းများဖြင့် ပသပါတယ်
ကြာပန်း၊ ရေအိုင်နှင့် သစ္စာရှိသောပင်လယ်လက်တက်များပင်ဖြစ်စေ
အချစ်နာကျနေကြပါတယ်
ကူညီညာဝိုင်းလို့ မှိုင်းမတော်မူပါ။

သန်းခေါင်ကျော် သန်းခေါင်လွဲ
သန်းထူသောအရပ်၌ ရှုပ်ထွေးပွေလီစွာ
အချစ်ဟာ အူကြောင်ကြောင်ရပ်နေပါတယ်။

ပေးပို့လိုက်သောပစ္စည်းအရေအတွက်နှင့် ဈေးနှုန်းစာရင်း
တိုင်တည်စရာဘုရားသခင်
အတွင်းဘက်၌ဖြစ်သော ဒဏ်ရာ
သံဖြင့်ပြုလုပ်ထားသောအရာများ
ထိုအရာတို့ အလွယ်တကူကြေမွသွားကြပါတယ်။

မသက်ဆိုင်တာကို မသက်ဆိုင်ကြောင်း သက်ဆိုင်ရာကိုပြောကြားပြီးလျှင်
ထိုအရာကို ပစ်ပယ်နိုင်ကြောင်း
ငှားထားသောအခန်းများ သန့်ရှင်းခဲ့ပါတယ်။

ညိမ်းညို

17 June 2010

မသန့်စင်တဲ့ကဗျာ

သဘာဝကျကျ မသန့်မစင်ဖြစ်တည်နေတဲ့ ဂြိုဟ်ကြီးတစ်လုံးရှိပါတယ်
မသန့်စင်တဲ့လူတွေကို သူ့ဝမ်းဗိုက်ကြီးထဲ ထည့်ထည့်မျိုလို့
မသန့်စင်တဲ့အရာတွေကို သူ့ကျောကုန်းကြီးပေါ် ဆွဲဆွဲတင်လို့
ဒါဟာ မသန့်စင်တဲ့ ကဗျာပါအကြောင်းတရားတွေပါပဲ။

ဣဌာရုံအညွှန့်အဖူးလေးတွေနဲ့ ကဗျာတွေလူလူသူသူဖြစ်ခဲ့သေးတာပဲ
အနိဌာရုံအကြမ်းအခက်ကြီးတွေနဲ့ ဘာဖြစ်လို့ ကဗျာတွေထက်ထက်မြက်မြက်မဖြစ်ရမှာလဲ။

မသန့်စင်ခြင်းဟာ မသန့်စင်ခြင်းပဲဖြစ်ပါတယ်၊ အရုပ်ဆိုးအကျည်းတန်ခြင်း မဟုတ်ပါဘူး
မသန့်စင်ခြင်းဟာ မသန့်စင်ခြင်းပဲ ဖြစ်ပါတယ်၊ တရားလက်မဲ့ဖြစ်ပျက်နေတာ မဟုတ်ပါဘူး
(သူကသာ တရားလက်မဲ့ပြုမူခံနေရတတ်တာပါ)

ကဗျာအများစုက မှန်နန်းဆောင်ဇာခန်းဆီးအတွင်း ၀ပ်ဆင်းကျရောက်နေချိန်
ဝန်ကြီးတစ်ဦးက ထန်းသမားမိသားစုနဲ့အတူ ထမင်းလက်ဆုံစားခဲ့တယ်
ကုန်တင်လှေကြီးနဲ့အတူ ရွက်လွှင့်ခဲ့တယ်
မသန့်စင်တဲ့နယ်ပယ်တွေထဲ သူ့ကဗျာဝိညာဉ်ကိုစေလွှတ်ကျက်စားခဲ့တယ်
သူဟာ မသန့်စင်တဲ့အကြောင်းတရားတွေအပေါ် စာနာတိမ်းညွှတ်ခဲ့တယ်
သူဟာ မသန့်စင်တဲ့ကဗျာတွေကို ရေးဖွဲ့ခဲ့တယ်
ဒါဟာ ဒီမြေပေါ်မှာ အမှန်တကယ်ရှိနေတဲ့ မသန့်စင်ခြင်းတွေ ဖြစ်တယ်
မသိယောင်ဆောင်ရုံ၊ မျက်ကွယ်ပြုရုံနဲ့ ပပျောက်မသွားမယ့် မသန့်စင်ခြင်းတွေ ဖြစ်တယ်။

လူများစုဟာ မသန့်စင်ခြင်းရဲ့အရသာကို တင်းကြမ်းခံစားနေရတယ်
မသန့်စင်ခြင်းဟာ ဒီကမ္ဘာကြီးရဲ့ အနှံ့အပြားမှာရှိနေတယ်
မသန့်စင်ခြင်းဟာ ဖုန်တွေသဲတွေအထွေးထွေးနဲ့
မသန့်စင်ခြင်းဟာ ချွေးတွေသံတွေအလိမ်းလိမ်းနဲ့
မသန့်စင်ခြင်းဟာ ထမင်းတစ်လုပ်အတွက် ပင်ပန်းကြီးစွာ၊ အညှာအတာကင်းစွာ၊ လူ့ဂုဏ်သိက္ခာချို့တဲ့စွာ
မသန့်စင်ခြင်းဟာ တစ်ဝမ်းတစ်ခါးအတွက် မှောင်ခိုလဲကူးရ
တစ်ပြားတစ်ချပ်အတွက် စက်ရုံကြီးတွေထဲမှာလဲ ပိတ်လှောင်ခံရ
ကျောက်မီးသွေးတွင်းကြီးတွေမှာ၊ ဒြပ်သတ္တုလုပ်ငန်းခွင်ကြီးတွေမှာ၊ စစ်ပွဲတွေမှာ
ပတ်ကြားအက် ရိုးပြတ်ငုတ်တိုလယ်ကွင်းပြင်တွေမှာ၊ နောက်ကျန်ဘီးများနဲ့ ကြက်ယက်သလိုယက်နေရတဲ့နေရာတွေမှာ
ရောဂါဘယကပ်ဆိုးတွေနဲ့ လူလူသူသူ နေလို့၊ စားလို့၊ တွေးလို့၊ တောလို့ မရတဲ့ ဒေသတွေမှာ
မသန့်စင်ခြင်းတွေဟာ နေလောင်ချွေးစားပြီး ထွားကျိုင်းသန်မာနေကြ၊ လှိုင်လှိုင်ကြီးသီးပွင့်လာနေကြ
အပ်ဖျားတစ်ထောက်စာ အရေပြားပေါ်က ဖြူတယ်မဲတယ်ဆိုတဲ့ အရောင်အတွက်နဲ့လဲ သင်းကွဲနှိပ်ကွပ်ခံရ
ငြိမ်းချမ်းမွန်မြတ်တဲ့ဘာသာရေးဝတ်ရုံအောက်မှာ လက်နက်ပုန်းတွေ ကိုင်ဆောင်လာကြ
ကျောင်းတော်သာရဲ့ ဆွတ်ပျံ့ဆွေးဖွယ်လမ်းမကြီးတွေပေါ်မှာတောင် မသန့်စင်ခြင်းတွေဟာ စိမ့်ဝင်နေကြ
စိန်စီရွှေချခန်းမကြီးတွေအတွင်းမလဲ ဒီမသန့်စင်ခြင်းတွေပဲ ပွဲတက်ကခုန်နေကြ
မသန့်စင်ခြင်းတွေဟာ ချစ်ခြင်းမေတ္တာကိုတောင် ဓားထက်ထက်နဲ့ လှီးဖြတ်နေကြ
မသန့်စင်ခြင်းတွေဟာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ နေရာဒေသအသီးသီးကို လွှမ်းမိုးလာကြ
လူနည်းစုဟာ မိမိရဲ့သန့်စင်မှုအတွက် လူများစုကို မသန့်မစင်တဲ့အခြေအနေတွေထဲ တွန်းပို့နေကြ
အရှိန်နဲ့၊ ပါဝါနဲ့၊ စွမ်းအားတွေနဲ့ မသန့်စင်ခြင်းအပေါ် လက်လွှတ်စပယ်ပြောဆိုကြ၊ ဖိနှိပ်ကြ
ကျနော်တို့ဟာ ဒီမသန့်စင်ခြင်းတွေကို ကဗျာပြုကြတာဖြစ်တယ်၊ ဒီမသန့်စင်ခြင်းတွေကိုပဲ ဆွဲကူထူမကြတာဖြစ်တယ်
မသန့်စင်ရခြင်းရဲ့ ရင်းမြစ်တွေကို စီစစ်ရှာဖွေကြတာဖြစ်တယ်
ဒါဟာ မသန့်စင်တဲ့ ကဗျာပါအကြောင်းတရားတွေပဲဖြစ်တယ်။

မသန့်စင်ခြင်းတွေဟာ ကင်းဘတ်စတွေဖြစ်တယ်
မသန့်စင်ခြင်းတွေဟာ ဆေးစက်တွေဖြစ်တယ်
မသန့်စင်ခြင်းတွေဟာ ကဗျာနဲ့ထုံကူးခံရတော့
လှပတဲ့ပန်းချီကားတွေ ဖြစ်လာကြတယ်။

ဒီလိုပါပဲ
တစ်ခါတစ်ခါတော့လည်း ကိုယ့်ရင်ဝကိုယ် ဓားနဲ့ထောက်ကြည့်ရတာ ရင်ခုန်စရာကောင်းလှပါတယ်
မသန့်စင်တဲ့ကဗျာတွေကို ကျေကျေနပ်နပ်ကြီးရေးရင်း ကျွတ်ဆတ်ဆတ်ရင်ဘတ်တစ်နေရာကို စာနာမှုပလပ်ခေါင်း ထိုးချလိုက်ပြီ
ကဗျာတွေ ဒီအတိုင်းစီးဝင်စေတော့။

(အရိုင်းတေး...မှ)
- ၂၀၀၈၊
နိုဝင်ဘာတုန်းက တစ်ကြိမ်တင်ဖူးပါတယ်။

11 June 2010

အရိုင်းတေး ထွက်ပါပြီ


အကြာကြီး စိတ်ကူးခဲ့ရတာလေးတစ်ခု အကောင်အထည်ပေါ်လာလို့ ၀မ်းသာမိပါတယ်။ အစမှအဆုံးတိုင် အစစအရာရာ ချိတ်ဆက်ကူညီပေးတဲ့ သူငယ်ချင်းတစ်ဦး၊ အမှာစာရေးပေးတဲ့ ကိုစိုင်းဝင်းမြင့်၊ ထုတ်ဝေဖြန့်ချီပေးတဲ့ ကျော်မွှေးစာအုပ်တိုက်တို့ကို ကျေးဇူးတင်ပါတယ်။ ကဗျာချစ်သူ ညီအစ်ကိုမောင်နှမများ၊ သူငယ်ချင်းများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပျော်ရွှင်ချမ်းမြေ့ပါစေ...။

5 June 2010

အမေရိကားက မခင်နှင်းဆီ

ငါ့မခင်နှင်းဆီဟာ အဖူးအပွင့်တွေတဝေေ၀နဲ့
နွေဦးမှာ လှနေရှာတော့မယ်
ငါ့ဆီမှာတော့ ခြောက်သယောင်းသောနွေဦး။

တစ်ယောက်တည်းရှိနေရတဲ့အဖြစ်ဟာ
ဘယ်လိုမှ ပျော်စရာမကောင်းပါဘူး
ငါ့မခင်နှင်းဆီဟာ
ကမ္ဘာကျော်ရေမွှေးနံ့တွေကြား
သဲတရှပ်ရှပ် ငါ့ဖြတ်သွားဖြတ်လာခြေသံတချို့ ကို
ကြားမိပါစ
ဒေါက်မြင့်ဖိနပ်တွေရဲ့ ခွာသံတဖျောက်ဖျောက်ကြား
ငါသွေးပေးတဲ့ ကရမက်ရနံ့ကို
သင်းပျံ့မိပါစ။

ဟဲလို
တိုးတိုးတိတ်တိတ် ဆွံ့အ
ငါ့မခေါ်ဆိုရဲတဲ့ ဖုန်းနံပါတ်တစ်ခုအတွက်
မခင်နှင်းဆီရဲ့အသံလေး ၀ါယာကြိုးထဲ အိပ်ပျော်နေတော့မယ်။

ငါတို့နှစ်ယောက်အတွက်
ချစ်ခြင်းမေတ္တာဆိုတာ
မီးပူတိုက်ပြီးတစ်ကြိမ်မှ ထုတ်မ၀တ်ရသေးတဲ့ အင်္ကျီတစ်ထည်
သံယောဇဉ်ခေါက်ရိုးကြောင်းရဲ့ လှိုင်းအလျားပေါ်
ကြေကွဲမှုဟာ တိတ်တိတ်လေးတက်ထိုင်နေခဲ့တယ်
အဝေးကြီးထွက်သွားတယ်ဆိုတာ
အနီးဆုံးမှာရှိမနေတော့တာပဲ မဟုတ်လား။

ညညလူခြေတိတ်ပြီဆို
ငါဟာ မခင်နှင်းဆီရဲ့ဓာတ်ပုံလေးကို
စက်ယန္တရားတစ်ခုလို သတိကြီးကြီးထားပြီးကိုင်တွယ်
မပြယ်တဲ့ ရနံ့အဆွေးတွေနဲ့ အတိတ်ကိုတူးဆွမိတော့တာပဲ
အဲဒါ “သတိရတယ်” ခေါ်တာလားကွယ်။

ဇာတိရနံ့တွေထဲမှာ
ငါက ကွန်ဆာဗေးတစ်ဆန်ဆန်
အခု ဒီကဗျာမင်းဆီပျံသန်းလာခြင်းအားဖြင့်
ယနေ့ကမ္ဘာကြီးကို နှုတ်ဆက်လိုက်ပါရဲ့။

မခင်နှင်းဆီရေ
မင်းခြေပြန်မချလိုတဲ့ မြေကြီးကိုမှ
ငါက ဆတိုးပြီးချစ်နေရ
ဗီလိန်မပါဘဲ ဝေးရတယ်ဆိုလည်း
ဇာတ်မပေါင်းရတာချင်းတော့ ငါတို့တူခဲ့တယ်။

မခင်နှင်းဆီရေ
မြစ်ဆိုတာ ပင်လယ်ဆီဆိုက်ရောက်ရမယ်
လူတစ်ယောက်ဟာ သူ့ရဲ့ချစ်ခြင်းမေတ္တာကို
သူရဲ့ပင်လယ်နဲ့တူတဲ့မိန်းမတစ်ယောက်ဆီ
စီးဝင်ဆိုက်ရောက်ခွင့်ရှိတယ်မဟုတ်လား
အဲဒီလူတစ်ယောက်ဟာ ငါကွဲ့
သတိရခြင်းကမ်းပါးနှစ်ဖက်နဲ့
ငါ့မြစ်ကြောင်းကို ငါကိုယ်တိုင်စီးနင်းလာခဲ့တာပေါ့
နက်ရှိုင်းတဲ့အိနြေ္ဒနဲ့ ပင်လယ်ဟာလှိုင်းထန်လို့မရဘူးလေ။

ဒီလိုပါပဲ မခင်နှင်းဆီရေ
ငါက လှိုင်းတွေသိမ်းရင်း လာတဲ့မြစ်
အဲဒီမြစ်ကြောင်းဟာ
သူချစ်တဲ့ပင်လယ်ကြီးထဲ
တဖျတ်စာအငေးတစ်ကွက်ရရုံနဲ့
ကိုယ့်ကိုယ်ကို မြုပ်နှံပစ်ဖို့ လုံလောက်ပြီတဲ့။

မခင်နှင်းဆီရေ
အမေရိကားရဲ့ နွေဦးလေပြေထဲ
ပန်းပေါင်းတစ်ထောင်ပွင့်ဝေ
မင်းကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ
မနက်ဖြန်ရဲ့နေရောင်ခြည်ထဲ
အိပ်မက်တစ်ထောင်ပွင့်ဝေ
မင်းကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ
ရွှင်လန်းချမ်းမြေ့ပါစေ…ရွှင်လန်းချမ်းမြေ့ပါစေ…။

ညိမ်းညို

2 June 2010

အမေးအမြန်း၊ စပ်စပ်စုစု၊ ကျီးကြည့်ကြောင်ကြည့်၊ ဟိုပြောဒီပြောထူထပ်တောင်ကုန်းများနှင့် အသားလွတ်တရားခံလိုစစ်ဆေးအရသာခံချင်သော အာတာလွတ်ဥများ

ရေထဲပြုတ်ကျရတဲ့ဖြစ်စဉ်မှာ
- မိမိကိုယ်တိုင် အနေအထိုင်မတတ်လို့ ဖြစ်နိုင်သလို
- တခြားလူက တွန်းချလို့လည်း ဖြစ်နိုင်တယ်
ဘယ်လိုပဲဖြစ်ဖြစ် တခြားလူတွန်းချလို့ရေနစ်သေရရင်တော့ မတန်ဘူး
ရအောင်ရုန်း ရအောင်လှုပ်ပြီး ကူးခပ်ရမှာပဲ။

“လူဆိုတာ အဖွဲ့အစည်းနဲ့နေရတဲ့သတ္တ၀ါ”
အာတာလွတ်ဥတွေထဲရောက်သွားတဲ့အခါ
ဒီစကားပုံကို ခင်ဗျားရယ်မိမှာပဲ။

သူများတွေအနွေးထည်ကိုယ်စီနဲ့ မင်းကော
သူများတွေအင်္ကျီပါးလေးတွေနဲ့ မင်းကျမှ အနွေးထည်ကြီးတဖားဖား
သောက်လေကွာ ဆေးဖြစ်ဝါးဖြစ်၊ ဘာလဲကံငါးပါးထိန်းနေတာလား(သရော်တော်တော်)
စားစမ်းပါဟ ဒီရောက်တုန်း၊ သေရင်ကိုယ့်နောက်ဘာမှမပါဘူး
အဲဒီမျက်မှန်ကြီးက လိုလို့လား(မျက်စိနာနေတာကို သူမသိဘူး)
ဘာလဲ အိမ်ကဘိုးတော်ကို ရှိန်နေတာလား(အဖေကိုရည်ညွှန်းမှန်း တော်တော်ကြာကြာမှ သိရ)
ဝိုး..ဒီလူကြီးက စာလည်းရေးတာပဲလား၊ သူရေးတာ ရင်သိမ့်တုန်လေးတွေရောပါရဲ့လား(ဆရာတို့ရေ စာအုပ်တွေသိမ်းမထားမိတာကိုသာ ခွင့်လွှတ်ပါတော့)
အများကြီး အများကြီး
ငါမှတ်မထားချင်လို့ မေ့ပစ်လိုက်တဲ့စကားတွေအများကြီး
မနက်အိပ်ယာထ ငါ့ခေါင်းနောက်မှာ ရေဒါတစ်ခုတပ်ဆင်လို့
ပုံရိပ်တွေစုပ်ယူရုံအားမရသေးပဲ
သွားတယ် လာတယ် စားတယ် သောက်တယ်
အသံလှိုင်းများဟာမေးဖျားတဆတ်ဆတ်တုန်ခါလို့ အထိုင်စက်ကြီးများ
ထိုမှတဆင့် ကိုယ်တိုင်ဖော် စံချိန်စံညွှန်းများဘောင်ထဲ
ငါဟာ သူတို့ရဲ့ လွဲချော်နေသော သနားစရာသတ္တ၀ါတကောင်
ငေါင်စင်းလို့ ပေစောင်းလို့ ရွဲ့စောင်းလို့
ဒီမိုးဟာ တို့မြို့ကစရွာတာ ဒီအရုပ်ဟာ တို့ဆီကဆေးစက်စကျတာ
ဒီသီချင်းဟာ တို့စပြီးတီးတာ
ဒီဂိမ်းဟာ တို့ရိုးသွားလို့အောက်လိုက်တာ
ဒီဘောင်းဘီဟာ….ဒီအင်္ကျီဟာ…ဒီပလေယာဟာ...ဘာဟာ...ညာဟာ
ကလေးကလားပဲ ကလေးကလားပဲ
လေတယ် လေတယ်၊ ပင့်ကူအိမ်ထဲငြိနေတဲ့ယင်တစ်ကောင်လို ငါလေတယ်
စာမတတ်ဘူး စာမတတ်ဘူး
စာမတတ်တော့ ဒီစာတွေကို ဘယ်လိုဖတ်ရမလဲ ငါမသိဘူး။

ဘိန်းရှူနေတာလားဆိုတော့လည်း
ဘိန်းရှူနေတာပါပဲပေါ့
အရေမရအဖတ်မရတွေပါကွာဆိုတော့လည်း
ဟုတ်ပါတယ်ပဲပေါ့
နားအေးချင်တယ်
ဘာမှပြန်မပြောတာ အဖက်မလုပ်တာလားဆိုလာပြန်တော့
ငါ ငုတ်တုတ်သေတာပဲ။

ဆက်လျှောက်သွားတဲ့နှစ်ယောက်က
ဖိနပ်ကြိုးထိုးဖို့ကျန်ခဲ့တဲ့ တယောက်အကြောင်းကိုပြောဆိုလို့
အာတာလွတ်ယဉ်ကျေးမှုဟာ ကမ္ဘာပေါ် ဓားသွားလိုမြိလို့။

ညိမ်းညို