26 June 2010

ဝန်စည်စလယ်များသောအရပ်

ငှားနေတဲ့အခန်းမှာ ထပ်ခိုးလေးရှိတယ်
ထပ်ခိုးပေါ်မှာ သစ်တုံးတစ်တုံး
ထပ်ခိုးနဲ့သစ်တုံးဟာ အပြန်အလှန်မြှောက်ပင့်လို့
တစ်ဦးနဲ့တစ်ဦး ယုတ္တိဗေဒနည်းနဲ့တွေးရတာ သိပ်ဖင့်နွဲ့တာပဲလို့
တစ်ဖက်က လေသာဆောင်ကြားအောင် ပြောတယ်။

တည်းတည်းကလေးသာကျန်နေတော့တဲ့
အထီးကျန်တုတ်ထိုးသကြားလုံးတစ်လုံးက
သပွတ်အူခြောက်ကို သတိနဲ့စောင့်ကြည့်လျက်သာ
မကြာခင်
လောင်ဂျီကျုကို အလျားလိုက်ဖြတ်ပြီး လေယာဉ်ပျံတစ်ကောင်
ရူးသွပ်စွာကျွမ်းထိုးသွားတော့မယ်ဆိုတာ သိနေသလိုမျိုး
သူ့မှာ ချည်နှောင်မထားတဲ့ ချောင်းကြည့်ပေါက်တွေရှိနေသလိုမျိုး
မောနေတဲ့မြင်းတွေ ပစ်ချခံထားရတဲ့ရုပ်အလောင်းကောင်တွေ
အဲသလိုသာပ
တုတ်ထိုးသကြားလုံးလေးမှာလည်း သူ့အင်နာဂျီကို မီးပြန်ညှိခွင့်ရှိတယ်။

သူတို့ ၀တ်မှုန်မကူးကြတော့ဘူး
အကိုင်းဖြတ်တယ် အကိုင်းဆက်တယ်
ခြေလှမ်းကျဲကြီးများဖြင့် သွားကြတယ်။

အရှင်သခင်
မောက်မာဝင့်ကြွားသော
အဖော်အပေါင်းကင်းသော
ပူဆွေးဖွယ်ကံစမ်းခြင်းများဖြင့် ပသပါတယ်
ကြာပန်း၊ ရေအိုင်နှင့် သစ္စာရှိသောပင်လယ်လက်တက်များပင်ဖြစ်စေ
အချစ်နာကျနေကြပါတယ်
ကူညီညာဝိုင်းလို့ မှိုင်းမတော်မူပါ။

သန်းခေါင်ကျော် သန်းခေါင်လွဲ
သန်းထူသောအရပ်၌ ရှုပ်ထွေးပွေလီစွာ
အချစ်ဟာ အူကြောင်ကြောင်ရပ်နေပါတယ်။

ပေးပို့လိုက်သောပစ္စည်းအရေအတွက်နှင့် ဈေးနှုန်းစာရင်း
တိုင်တည်စရာဘုရားသခင်
အတွင်းဘက်၌ဖြစ်သော ဒဏ်ရာ
သံဖြင့်ပြုလုပ်ထားသောအရာများ
ထိုအရာတို့ အလွယ်တကူကြေမွသွားကြပါတယ်။

မသက်ဆိုင်တာကို မသက်ဆိုင်ကြောင်း သက်ဆိုင်ရာကိုပြောကြားပြီးလျှင်
ထိုအရာကို ပစ်ပယ်နိုင်ကြောင်း
ငှားထားသောအခန်းများ သန့်ရှင်းခဲ့ပါတယ်။

ညိမ်းညို

17 June 2010

မသန့်စင်တဲ့ကဗျာ

သဘာဝကျကျ မသန့်မစင်ဖြစ်တည်နေတဲ့ ဂြိုဟ်ကြီးတစ်လုံးရှိပါတယ်
မသန့်စင်တဲ့လူတွေကို သူ့ဝမ်းဗိုက်ကြီးထဲ ထည့်ထည့်မျိုလို့
မသန့်စင်တဲ့အရာတွေကို သူ့ကျောကုန်းကြီးပေါ် ဆွဲဆွဲတင်လို့
ဒါဟာ မသန့်စင်တဲ့ ကဗျာပါအကြောင်းတရားတွေပါပဲ။

ဣဌာရုံအညွှန့်အဖူးလေးတွေနဲ့ ကဗျာတွေလူလူသူသူဖြစ်ခဲ့သေးတာပဲ
အနိဌာရုံအကြမ်းအခက်ကြီးတွေနဲ့ ဘာဖြစ်လို့ ကဗျာတွေထက်ထက်မြက်မြက်မဖြစ်ရမှာလဲ။

မသန့်စင်ခြင်းဟာ မသန့်စင်ခြင်းပဲဖြစ်ပါတယ်၊ အရုပ်ဆိုးအကျည်းတန်ခြင်း မဟုတ်ပါဘူး
မသန့်စင်ခြင်းဟာ မသန့်စင်ခြင်းပဲ ဖြစ်ပါတယ်၊ တရားလက်မဲ့ဖြစ်ပျက်နေတာ မဟုတ်ပါဘူး
(သူကသာ တရားလက်မဲ့ပြုမူခံနေရတတ်တာပါ)

ကဗျာအများစုက မှန်နန်းဆောင်ဇာခန်းဆီးအတွင်း ၀ပ်ဆင်းကျရောက်နေချိန်
ဝန်ကြီးတစ်ဦးက ထန်းသမားမိသားစုနဲ့အတူ ထမင်းလက်ဆုံစားခဲ့တယ်
ကုန်တင်လှေကြီးနဲ့အတူ ရွက်လွှင့်ခဲ့တယ်
မသန့်စင်တဲ့နယ်ပယ်တွေထဲ သူ့ကဗျာဝိညာဉ်ကိုစေလွှတ်ကျက်စားခဲ့တယ်
သူဟာ မသန့်စင်တဲ့အကြောင်းတရားတွေအပေါ် စာနာတိမ်းညွှတ်ခဲ့တယ်
သူဟာ မသန့်စင်တဲ့ကဗျာတွေကို ရေးဖွဲ့ခဲ့တယ်
ဒါဟာ ဒီမြေပေါ်မှာ အမှန်တကယ်ရှိနေတဲ့ မသန့်စင်ခြင်းတွေ ဖြစ်တယ်
မသိယောင်ဆောင်ရုံ၊ မျက်ကွယ်ပြုရုံနဲ့ ပပျောက်မသွားမယ့် မသန့်စင်ခြင်းတွေ ဖြစ်တယ်။

လူများစုဟာ မသန့်စင်ခြင်းရဲ့အရသာကို တင်းကြမ်းခံစားနေရတယ်
မသန့်စင်ခြင်းဟာ ဒီကမ္ဘာကြီးရဲ့ အနှံ့အပြားမှာရှိနေတယ်
မသန့်စင်ခြင်းဟာ ဖုန်တွေသဲတွေအထွေးထွေးနဲ့
မသန့်စင်ခြင်းဟာ ချွေးတွေသံတွေအလိမ်းလိမ်းနဲ့
မသန့်စင်ခြင်းဟာ ထမင်းတစ်လုပ်အတွက် ပင်ပန်းကြီးစွာ၊ အညှာအတာကင်းစွာ၊ လူ့ဂုဏ်သိက္ခာချို့တဲ့စွာ
မသန့်စင်ခြင်းဟာ တစ်ဝမ်းတစ်ခါးအတွက် မှောင်ခိုလဲကူးရ
တစ်ပြားတစ်ချပ်အတွက် စက်ရုံကြီးတွေထဲမှာလဲ ပိတ်လှောင်ခံရ
ကျောက်မီးသွေးတွင်းကြီးတွေမှာ၊ ဒြပ်သတ္တုလုပ်ငန်းခွင်ကြီးတွေမှာ၊ စစ်ပွဲတွေမှာ
ပတ်ကြားအက် ရိုးပြတ်ငုတ်တိုလယ်ကွင်းပြင်တွေမှာ၊ နောက်ကျန်ဘီးများနဲ့ ကြက်ယက်သလိုယက်နေရတဲ့နေရာတွေမှာ
ရောဂါဘယကပ်ဆိုးတွေနဲ့ လူလူသူသူ နေလို့၊ စားလို့၊ တွေးလို့၊ တောလို့ မရတဲ့ ဒေသတွေမှာ
မသန့်စင်ခြင်းတွေဟာ နေလောင်ချွေးစားပြီး ထွားကျိုင်းသန်မာနေကြ၊ လှိုင်လှိုင်ကြီးသီးပွင့်လာနေကြ
အပ်ဖျားတစ်ထောက်စာ အရေပြားပေါ်က ဖြူတယ်မဲတယ်ဆိုတဲ့ အရောင်အတွက်နဲ့လဲ သင်းကွဲနှိပ်ကွပ်ခံရ
ငြိမ်းချမ်းမွန်မြတ်တဲ့ဘာသာရေးဝတ်ရုံအောက်မှာ လက်နက်ပုန်းတွေ ကိုင်ဆောင်လာကြ
ကျောင်းတော်သာရဲ့ ဆွတ်ပျံ့ဆွေးဖွယ်လမ်းမကြီးတွေပေါ်မှာတောင် မသန့်စင်ခြင်းတွေဟာ စိမ့်ဝင်နေကြ
စိန်စီရွှေချခန်းမကြီးတွေအတွင်းမလဲ ဒီမသန့်စင်ခြင်းတွေပဲ ပွဲတက်ကခုန်နေကြ
မသန့်စင်ခြင်းတွေဟာ ချစ်ခြင်းမေတ္တာကိုတောင် ဓားထက်ထက်နဲ့ လှီးဖြတ်နေကြ
မသန့်စင်ခြင်းတွေဟာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ နေရာဒေသအသီးသီးကို လွှမ်းမိုးလာကြ
လူနည်းစုဟာ မိမိရဲ့သန့်စင်မှုအတွက် လူများစုကို မသန့်မစင်တဲ့အခြေအနေတွေထဲ တွန်းပို့နေကြ
အရှိန်နဲ့၊ ပါဝါနဲ့၊ စွမ်းအားတွေနဲ့ မသန့်စင်ခြင်းအပေါ် လက်လွှတ်စပယ်ပြောဆိုကြ၊ ဖိနှိပ်ကြ
ကျနော်တို့ဟာ ဒီမသန့်စင်ခြင်းတွေကို ကဗျာပြုကြတာဖြစ်တယ်၊ ဒီမသန့်စင်ခြင်းတွေကိုပဲ ဆွဲကူထူမကြတာဖြစ်တယ်
မသန့်စင်ရခြင်းရဲ့ ရင်းမြစ်တွေကို စီစစ်ရှာဖွေကြတာဖြစ်တယ်
ဒါဟာ မသန့်စင်တဲ့ ကဗျာပါအကြောင်းတရားတွေပဲဖြစ်တယ်။

မသန့်စင်ခြင်းတွေဟာ ကင်းဘတ်စတွေဖြစ်တယ်
မသန့်စင်ခြင်းတွေဟာ ဆေးစက်တွေဖြစ်တယ်
မသန့်စင်ခြင်းတွေဟာ ကဗျာနဲ့ထုံကူးခံရတော့
လှပတဲ့ပန်းချီကားတွေ ဖြစ်လာကြတယ်။

ဒီလိုပါပဲ
တစ်ခါတစ်ခါတော့လည်း ကိုယ့်ရင်ဝကိုယ် ဓားနဲ့ထောက်ကြည့်ရတာ ရင်ခုန်စရာကောင်းလှပါတယ်
မသန့်စင်တဲ့ကဗျာတွေကို ကျေကျေနပ်နပ်ကြီးရေးရင်း ကျွတ်ဆတ်ဆတ်ရင်ဘတ်တစ်နေရာကို စာနာမှုပလပ်ခေါင်း ထိုးချလိုက်ပြီ
ကဗျာတွေ ဒီအတိုင်းစီးဝင်စေတော့။

(အရိုင်းတေး...မှ)
- ၂၀၀၈၊
နိုဝင်ဘာတုန်းက တစ်ကြိမ်တင်ဖူးပါတယ်။

11 June 2010

အရိုင်းတေး ထွက်ပါပြီ


အကြာကြီး စိတ်ကူးခဲ့ရတာလေးတစ်ခု အကောင်အထည်ပေါ်လာလို့ ၀မ်းသာမိပါတယ်။ အစမှအဆုံးတိုင် အစစအရာရာ ချိတ်ဆက်ကူညီပေးတဲ့ သူငယ်ချင်းတစ်ဦး၊ အမှာစာရေးပေးတဲ့ ကိုစိုင်းဝင်းမြင့်၊ ထုတ်ဝေဖြန့်ချီပေးတဲ့ ကျော်မွှေးစာအုပ်တိုက်တို့ကို ကျေးဇူးတင်ပါတယ်။ ကဗျာချစ်သူ ညီအစ်ကိုမောင်နှမများ၊ သူငယ်ချင်းများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပျော်ရွှင်ချမ်းမြေ့ပါစေ...။

5 June 2010

အမေရိကားက မခင်နှင်းဆီ

ငါ့မခင်နှင်းဆီဟာ အဖူးအပွင့်တွေတဝေေ၀နဲ့
နွေဦးမှာ လှနေရှာတော့မယ်
ငါ့ဆီမှာတော့ ခြောက်သယောင်းသောနွေဦး။

တစ်ယောက်တည်းရှိနေရတဲ့အဖြစ်ဟာ
ဘယ်လိုမှ ပျော်စရာမကောင်းပါဘူး
ငါ့မခင်နှင်းဆီဟာ
ကမ္ဘာကျော်ရေမွှေးနံ့တွေကြား
သဲတရှပ်ရှပ် ငါ့ဖြတ်သွားဖြတ်လာခြေသံတချို့ ကို
ကြားမိပါစ
ဒေါက်မြင့်ဖိနပ်တွေရဲ့ ခွာသံတဖျောက်ဖျောက်ကြား
ငါသွေးပေးတဲ့ ကရမက်ရနံ့ကို
သင်းပျံ့မိပါစ။

ဟဲလို
တိုးတိုးတိတ်တိတ် ဆွံ့အ
ငါ့မခေါ်ဆိုရဲတဲ့ ဖုန်းနံပါတ်တစ်ခုအတွက်
မခင်နှင်းဆီရဲ့အသံလေး ၀ါယာကြိုးထဲ အိပ်ပျော်နေတော့မယ်။

ငါတို့နှစ်ယောက်အတွက်
ချစ်ခြင်းမေတ္တာဆိုတာ
မီးပူတိုက်ပြီးတစ်ကြိမ်မှ ထုတ်မ၀တ်ရသေးတဲ့ အင်္ကျီတစ်ထည်
သံယောဇဉ်ခေါက်ရိုးကြောင်းရဲ့ လှိုင်းအလျားပေါ်
ကြေကွဲမှုဟာ တိတ်တိတ်လေးတက်ထိုင်နေခဲ့တယ်
အဝေးကြီးထွက်သွားတယ်ဆိုတာ
အနီးဆုံးမှာရှိမနေတော့တာပဲ မဟုတ်လား။

ညညလူခြေတိတ်ပြီဆို
ငါဟာ မခင်နှင်းဆီရဲ့ဓာတ်ပုံလေးကို
စက်ယန္တရားတစ်ခုလို သတိကြီးကြီးထားပြီးကိုင်တွယ်
မပြယ်တဲ့ ရနံ့အဆွေးတွေနဲ့ အတိတ်ကိုတူးဆွမိတော့တာပဲ
အဲဒါ “သတိရတယ်” ခေါ်တာလားကွယ်။

ဇာတိရနံ့တွေထဲမှာ
ငါက ကွန်ဆာဗေးတစ်ဆန်ဆန်
အခု ဒီကဗျာမင်းဆီပျံသန်းလာခြင်းအားဖြင့်
ယနေ့ကမ္ဘာကြီးကို နှုတ်ဆက်လိုက်ပါရဲ့။

မခင်နှင်းဆီရေ
မင်းခြေပြန်မချလိုတဲ့ မြေကြီးကိုမှ
ငါက ဆတိုးပြီးချစ်နေရ
ဗီလိန်မပါဘဲ ဝေးရတယ်ဆိုလည်း
ဇာတ်မပေါင်းရတာချင်းတော့ ငါတို့တူခဲ့တယ်။

မခင်နှင်းဆီရေ
မြစ်ဆိုတာ ပင်လယ်ဆီဆိုက်ရောက်ရမယ်
လူတစ်ယောက်ဟာ သူ့ရဲ့ချစ်ခြင်းမေတ္တာကို
သူရဲ့ပင်လယ်နဲ့တူတဲ့မိန်းမတစ်ယောက်ဆီ
စီးဝင်ဆိုက်ရောက်ခွင့်ရှိတယ်မဟုတ်လား
အဲဒီလူတစ်ယောက်ဟာ ငါကွဲ့
သတိရခြင်းကမ်းပါးနှစ်ဖက်နဲ့
ငါ့မြစ်ကြောင်းကို ငါကိုယ်တိုင်စီးနင်းလာခဲ့တာပေါ့
နက်ရှိုင်းတဲ့အိနြေ္ဒနဲ့ ပင်လယ်ဟာလှိုင်းထန်လို့မရဘူးလေ။

ဒီလိုပါပဲ မခင်နှင်းဆီရေ
ငါက လှိုင်းတွေသိမ်းရင်း လာတဲ့မြစ်
အဲဒီမြစ်ကြောင်းဟာ
သူချစ်တဲ့ပင်လယ်ကြီးထဲ
တဖျတ်စာအငေးတစ်ကွက်ရရုံနဲ့
ကိုယ့်ကိုယ်ကို မြုပ်နှံပစ်ဖို့ လုံလောက်ပြီတဲ့။

မခင်နှင်းဆီရေ
အမေရိကားရဲ့ နွေဦးလေပြေထဲ
ပန်းပေါင်းတစ်ထောင်ပွင့်ဝေ
မင်းကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ
မနက်ဖြန်ရဲ့နေရောင်ခြည်ထဲ
အိပ်မက်တစ်ထောင်ပွင့်ဝေ
မင်းကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ
ရွှင်လန်းချမ်းမြေ့ပါစေ…ရွှင်လန်းချမ်းမြေ့ပါစေ…။

ညိမ်းညို

2 June 2010

အမေးအမြန်း၊ စပ်စပ်စုစု၊ ကျီးကြည့်ကြောင်ကြည့်၊ ဟိုပြောဒီပြောထူထပ်တောင်ကုန်းများနှင့် အသားလွတ်တရားခံလိုစစ်ဆေးအရသာခံချင်သော အာတာလွတ်ဥများ

ရေထဲပြုတ်ကျရတဲ့ဖြစ်စဉ်မှာ
- မိမိကိုယ်တိုင် အနေအထိုင်မတတ်လို့ ဖြစ်နိုင်သလို
- တခြားလူက တွန်းချလို့လည်း ဖြစ်နိုင်တယ်
ဘယ်လိုပဲဖြစ်ဖြစ် တခြားလူတွန်းချလို့ရေနစ်သေရရင်တော့ မတန်ဘူး
ရအောင်ရုန်း ရအောင်လှုပ်ပြီး ကူးခပ်ရမှာပဲ။

“လူဆိုတာ အဖွဲ့အစည်းနဲ့နေရတဲ့သတ္တ၀ါ”
အာတာလွတ်ဥတွေထဲရောက်သွားတဲ့အခါ
ဒီစကားပုံကို ခင်ဗျားရယ်မိမှာပဲ။

သူများတွေအနွေးထည်ကိုယ်စီနဲ့ မင်းကော
သူများတွေအင်္ကျီပါးလေးတွေနဲ့ မင်းကျမှ အနွေးထည်ကြီးတဖားဖား
သောက်လေကွာ ဆေးဖြစ်ဝါးဖြစ်၊ ဘာလဲကံငါးပါးထိန်းနေတာလား(သရော်တော်တော်)
စားစမ်းပါဟ ဒီရောက်တုန်း၊ သေရင်ကိုယ့်နောက်ဘာမှမပါဘူး
အဲဒီမျက်မှန်ကြီးက လိုလို့လား(မျက်စိနာနေတာကို သူမသိဘူး)
ဘာလဲ အိမ်ကဘိုးတော်ကို ရှိန်နေတာလား(အဖေကိုရည်ညွှန်းမှန်း တော်တော်ကြာကြာမှ သိရ)
ဝိုး..ဒီလူကြီးက စာလည်းရေးတာပဲလား၊ သူရေးတာ ရင်သိမ့်တုန်လေးတွေရောပါရဲ့လား(ဆရာတို့ရေ စာအုပ်တွေသိမ်းမထားမိတာကိုသာ ခွင့်လွှတ်ပါတော့)
အများကြီး အများကြီး
ငါမှတ်မထားချင်လို့ မေ့ပစ်လိုက်တဲ့စကားတွေအများကြီး
မနက်အိပ်ယာထ ငါ့ခေါင်းနောက်မှာ ရေဒါတစ်ခုတပ်ဆင်လို့
ပုံရိပ်တွေစုပ်ယူရုံအားမရသေးပဲ
သွားတယ် လာတယ် စားတယ် သောက်တယ်
အသံလှိုင်းများဟာမေးဖျားတဆတ်ဆတ်တုန်ခါလို့ အထိုင်စက်ကြီးများ
ထိုမှတဆင့် ကိုယ်တိုင်ဖော် စံချိန်စံညွှန်းများဘောင်ထဲ
ငါဟာ သူတို့ရဲ့ လွဲချော်နေသော သနားစရာသတ္တ၀ါတကောင်
ငေါင်စင်းလို့ ပေစောင်းလို့ ရွဲ့စောင်းလို့
ဒီမိုးဟာ တို့မြို့ကစရွာတာ ဒီအရုပ်ဟာ တို့ဆီကဆေးစက်စကျတာ
ဒီသီချင်းဟာ တို့စပြီးတီးတာ
ဒီဂိမ်းဟာ တို့ရိုးသွားလို့အောက်လိုက်တာ
ဒီဘောင်းဘီဟာ….ဒီအင်္ကျီဟာ…ဒီပလေယာဟာ...ဘာဟာ...ညာဟာ
ကလေးကလားပဲ ကလေးကလားပဲ
လေတယ် လေတယ်၊ ပင့်ကူအိမ်ထဲငြိနေတဲ့ယင်တစ်ကောင်လို ငါလေတယ်
စာမတတ်ဘူး စာမတတ်ဘူး
စာမတတ်တော့ ဒီစာတွေကို ဘယ်လိုဖတ်ရမလဲ ငါမသိဘူး။

ဘိန်းရှူနေတာလားဆိုတော့လည်း
ဘိန်းရှူနေတာပါပဲပေါ့
အရေမရအဖတ်မရတွေပါကွာဆိုတော့လည်း
ဟုတ်ပါတယ်ပဲပေါ့
နားအေးချင်တယ်
ဘာမှပြန်မပြောတာ အဖက်မလုပ်တာလားဆိုလာပြန်တော့
ငါ ငုတ်တုတ်သေတာပဲ။

ဆက်လျှောက်သွားတဲ့နှစ်ယောက်က
ဖိနပ်ကြိုးထိုးဖို့ကျန်ခဲ့တဲ့ တယောက်အကြောင်းကိုပြောဆိုလို့
အာတာလွတ်ယဉ်ကျေးမှုဟာ ကမ္ဘာပေါ် ဓားသွားလိုမြိလို့။

ညိမ်းညို

29 May 2010

ဆွေး

ဆွေး

ငေးခဲ့မိတယ်
ကြယ်တွေအငွေ့ပျံသွားတဲ့အထိ
တစ်စိမ့်စိမ့်ကျွံဝင်နေတဲ့
တွင်းနက်ကြီးအ၀မှာ ရပ်ရင်း၊

သွားတက်ကလေးရေ
တစ်ခါတစ်ရံတော့ ငိုပါရစေ၊

ဂစ်တာတစ်လက်နဲ့ ဆောင်းညအို
ငါ့ကို မီးဖိုပါစေတော့။

ညိမ်းညို
၁၃၊ ၁၀၊ ၂၀၀၉

27 May 2010

ကျွန်သင်္ဘော

စာတစ်လုံးက စာတစ်လုံးထဲကျွံကျသွား
ဝါကျတစ်ကြောင်းက ၀ါကျတစ်ကြောင်းထဲ နစ်ဝင်သွား
စာအုပ်တစ်အုပ်ကို စာအုပ်တစ်အုပ်လို ပြီးဆုံးချင်ခဲ့
သံသရာကြောင်း ရှည်းလျားခဲ့ပုံများ
စာအုပ်ဟာ ခုထိ အသက်ဝင်/ငင် နေပုံ
ငါတို့ ကြောင်တက်တက်ငေးနေကြပုံ
ကျွန်သင်္ဘောကြီး ခုတ်မောင်းရင်း
ဒီစာမျက်နှာပေါ်မှာ ငါတို့ အစဉ်အဆက် ရိုင်းခဲ့ကြတယ်။

ညိမ်းညို

ကစားပွဲပုံပြင်

ပုဆိန် ဓားချက်
တယောက်တလက် ၀ိုင်းဖွဲ့ဆူညံ
ဟန်တွေရောမာန်တွေရော
တောအုပ်ထဲ ပွက်လောရိုက်နေခဲ့။

အသီးမစား အရွက်မခူး
ထင်းမဆိုက် အသားမတိုက်
အင်အားပြ ယိမ်းလိုက်ရင်း
တောပြုန်းရုံသက်သက် လာလာနှက်တော့
အလှဲခံရတဲ့သစ်ပင်တွေက ရင်နာသတဲ့။

ညိမ်းညို

25 May 2010

တောအုပ်

“အများပြေးရင်လိုက်ပြေး
အများရပ်ရင်လိုက်ရပ်
အုတ်အရောရော ကျောက်အရောရော
အူသံတွေဆူညံနေမြဲ
မူဟန်တွေက ထူးမခြားနားပြာကလက်စိန်
အဲဒီခွေးအ,တွေနဲ့ အဆွေခင်ပွန်းမဖွဲ့လိုဘူး
ငါက နှစ်ရှည်လများ ဖန်တီးတည်ဆောက်ယူခဲ့ရတာ” တဲ့
တောအုပ်က ပြောတယ်။

“ဟေးးးး ခြင်္သေ့တွေလား
လာဟေ့ မင်းတို့ကို စောင့်နေတာ
တစ်ဦး တစ်ကောင် တစ်ယောက်ကအစ
နောက်လိုက်ပေါင်းများစွာပါသည်အထိ
ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် ခိုင်မာပြင်းပြ
အများသဘောနဲ့လည်း လိုက်လျောညီထွေ
သွေဖီယိမ်းယိုင်ခြင်းလည်းကင်း
တင်းပြတ်ညွှတ်နူး ပေါင်းစည်းလှပ
ငါ့ရဲ့ အနားသတ်စည်းကိုဖြင့်
မင်းတို့ရဲ့အားနဲ့သာ
တသသမွှေးမြစေရော့ကွယ်” တဲ့
ဂုဏ်သိက္ခာရှိသောတောအုပ်က ပြောတယ်
မှန်တယ်
ခြေထောက်တွေမကျန်တော့လောက်အောင်ကို
ခြေစစ်ပွဲတွေ လိမ်ပိန်နေအောင်ကန်လာခဲ့ရတဲ့တောအုပ်က ပြောခြင်းဖြစ်တယ်။

ညိမ်းညို
၂၀၊ ၅၊ ၂၀၀၈

20 May 2010

မီးပုံးပျံ

အမြင့်ဆုံးပျံတက်သွားတာ မဟုတ်ဘူး
အဝေးဆုံးကို လွင့်သွားရတာ၊

ဒီလိုပါပဲ
တိမ်တွေက အရွှန်းဖောက်တော့
ရင်ထဲကမီးတောက်ကို ၀ှက်ထားရတာပေါ့။

ညိမ်းညို

18 May 2010

သက်ရှိသက်မဲ့

(က)
ငါ သွားနေတယ်
ငှက်တွေရဲ့အတောင်ပံနဲ့ မရောက်နိုင်တဲ့အရပ်
ပင်လယ်ငါးတွေ မနေထိုင်နိုင်တဲ့အရပ်ကို
ငါစီးမဲ့ရထားနဲ့ လွဲမှာစိုးလို့
ငါနောက်ကျမှာစိုးလို့
ငါ ကတိဖျက်ရာ ရောက်မှာစိုးလို့
မကြာမကြာ ငါပြေးရတယ်
အစွမ်းကုန်သိမ်မွေ့တဲ့လူတွေ
သူတို့မှာရှိတဲ့ အကောင်းဆုံးအပေါ်အင်္ကျီတွေကို
လျှော်ဖွတ်ပြီးစ ရှပ်အင်္ကျီတွေရဲ့အပေါ်ကနေ ထပ်ဝတ်ချင်ကြလို့
ငါ့ကို ဆွဲခေါ်တယ် ဒရွတ်ဆွဲခေါ်တယ်
စာတစ်စောင်မှ လက်ခံမရကတည်းက
ငါ ဘာသတင်းကိုမှ မရတော့ဘူး
ငါ့ခန္ဓာဟာ ငြိမ်ငြိမ်သက်သက်လဲကျလို့
ငါ့မိတ်ဆွေ တခြားလိပ်ပြာတွေနဲ့အတူ
ပင်အပ်တစ်ချောင်းနဲ့ ထိုးစိုက်ခံထားရတယ်
ငါ အသက်ရှိသေးရဲ့လား။

(ခ)
အိပ်ယာပေါ်က ပစ္စတို
တွေးတောဆင်ခြင်နေတဲ့ကြောင်
ကြိုးတစ်ချောင်းလို ပါးလျားတဲ့အရိပ်
ငါ့ဘ၀ကို ငါမေ့တယ်
ဘုရားသခင်ဟာ သူ့လူတွေကို မေ့သလိုပေါ့
သမ္မာကျမ်းကို
ငါစားချင်လိုက်တာ
ဘယ်သူများကျွေးပ
နံရံမှာ လိပ်ပြာတစ်ကောင်ကို
ငါ ပင်အပ်နဲ့စိုက်တွယ်ထားတယ်
ငါ့ရဲ့ပျော်ရွှင်ခြင်းကိုလဲ အဲသလို
ပင်အပ်နဲ့ စိုက်တွယ်ထားချင်တာမျိုး
ပြီးတော့..မီးတောက်လိုတောက်လောင်နေတဲ့
အရက်သောက်လိုစိတ်နဲ့
အရက်ကို ရေလိုသောက်ခဲ့တယ်
လူငယ်မျက်မမြင်တစ်ယောက်ရဲ့ အမှတ်ရစရာတွေများတဲ့
အေးစက်စက် ပျက်စီးနေတဲ့မျက်လုံးတွေ ငါလိုချင်တယ်
ငါရောက်ချင်နေတဲ့နေရာတွေအကြောင်းကို
ငါတွေးတောနေချင်လို့
တစ်ဝက်မူးနေတဲ့အပြုံးနဲ့
ငါ..နောက်ပြန်ကြည့်တဲ့အခါ
တောင်ကအုပ်မိုးနေတဲ့ ပင်လယ်ကိုတွေ့ရတယ်
(အဲဒါ ငါ့အမေရဲ့ ဂူသင်္ချိုင်းနေရာပဲ)
(ငါ့အမေနဲ့အတူ ပင်လယ်ခရုခွံတွေကောက်ခဲ့တယ်)
ငါ...နောက်ပြန်မကြည့်တော့ဘူး
ငါ...နောက်ပြန်မကြည့်တော့ဘူး
(ကျွန်တော်တို့လဲ မလွဲမသွေ သွားကြရမှာမို့
တခြားလူတွေကို ခွင့်ပြုလိုက်ကြပါစို့)
ငါ အသက်မရှိတော့ဘူး။

ညိမ်းညို

- ဆရာသစ္စာနီဘာသာပြန်သော ဂျပန်ခေတ်ပေါ်ကဗျာအပုဒ် ၂၀မှ စာသားများ၊ ၀ါကျများဖြင့် ဖန်တီးပါသည်။

15 May 2010

တေးရေးဆရာ

ကြည်နူးဖွယ်တေးတစ်ပုဒ်ကို
သင်က မျက်ရည်များနဲ့ဆိုတဲ့အခါ
အလွမ်းလို့ခေါ်ကြလိမ့်မယ်။

လွမ်းဆွတ်ဖွယ်တေးတစ်ပုဒ်ကို
သင်က ကြည်နူးမှုနဲ့ဆိုတဲ့အခါ
အချစ်လို့ခေါ်ကြလိမ့်မယ်။

ကြည်နူးလွမ်းဆွတ်ဖွယ်တေးတစ်ပုဒ်ကို
သင်က မေ့လျော့မှုနဲ့ဖုံးကွယ်တဲ့အခါ
အမုန်းလို့ခေါ်ကြလိမ့်မယ်။

အမုန်းတေးကို မဆိုစေလိုပါ
သင့်ကိုလည်း တားမြစ်ခြင်းငှာ မစွမ်းတဲ့အခါ
တေးရေးဆရာ(ငါ့)လက်ကိုသာ ဖြတ်ရပါတော့မယ်။

ညိမ်းညို

7 May 2010

အချစ်ဟာ အုတ်တစ်ချပ်သဲတစ်ပွင့်မကဘူး၊ ရဲတိုက်ကြီးတစ်ခုလုံးလည်းဖြစ်တယ်

ဗီရိုထဲမှာ ဂန္ထ၀င်တွေရှိတယ်၊ ဂန္ထ၀င်တွေထဲမှာ အချစ်တွေရှိတယ်။
နှိုက်ယူစားသုံးလိုက်တယ်၊ ပြီးတော့ ကျွန်တော်ရှိုက်ကြီးတငင်ငိုချလိုက်တယ်။
လက္ခဏာ၊ ရာမတို့ရဲ့ ကြင်နာမှုကိုမြင်ပြီး ညီနောင်ချင်းအမြဲတစေသတ်ပုတ်နေရတဲ့ ဟာနုမာဆိုတဲ့မျောက် ကျသွားတဲ့မျက်ရည်တွေမျိုးပေါ့။
ကဗျာကို ရေပန်းလိုလှည့်ဖွင့်လိုက်တယ်၊ အသံတွေဆူညံသွားပြီလား။
ရေသံတွေနဲ့ရောလို့ ဟုတ်ကဲ့..ရေသံတွေနဲ့ရောလို့၊ ငိုမယ်ဆို ငိုလို့ရပါပြီ။

ဒေါက်တာအင်ဒရူးရေ
ရဲတိုက်ကြီးကို ခင်ဗျား ဘာနဲ့ဆောက်သွားတယ်ပြောပြော
ခရစ္စတီရဲ့အချစ်တွေသေချာပေါက်ပါလိမ့်ဆိုတာ ကျွန်တော်နည်းနည်းမှ သံယသမရှိဘူး။

ညိမ်းညို

6 May 2010

လောလောဆယ် -

အလင်္ကာတွေ၊ သင်္ကေတနိမိတ်ပုံတွေသုံးပြီးရေးရမှာ ငြီးငွေ့နေ၊

ည၊ ပင်လယ်၊ လရောင်၊ ငှက်၊ ရင်ဘတ်
ညီမလေး၊ ဂီတ
၊ အလွမ်း
စံပယ်၊ လမ်း၊ လက်ဖက်ရည်ဆိုင်၊ ဓာတ်ကြိုး...အစရှိသဖြင့်

အဲဒီစကားလုံးတွေရဲ့ စည်းဝိုင်းအပြင်ဘက် မတ်တပ်ထွက်ရပ်ချင်

- နောက်များတော့ မပြောတတ်သေး။

အိပ်ယာဝင်ဂါထာ(ကိုယ်တိုင်ရွတ်ဆိုရန်)

တိုက်ဆွေးတိုက်အိုကြီးများရဲ့ စင်္ကြန်ပေါ် မအိုမဆွေးသောနေရောင်များပြိုကျလာ
ကြွက်ကလေးတစ်ကောင် ဆန့်ငင်ဆန့်ငင်အကြောဆိုင်းသေသွား အစာရေစာမရှိ ကြွက်သတ်ဆေးလေးမှစားစရာမရှိ
ထိုနည်းတူကြိမ်းစပ်သော၊ မျက်စိကိုတခါတည်းမှိတ်ပစ်ရုံနှင့် အလင်းကိုဖြတ်ရန်မဖြစ်နိုင်သော
အန္တရာယ် = မထင်မှတ်သောနေရာတွင် စိတ်ရှည်လက်ရှည်အိပ်ပြီးစောင့်နေတတ်သော
(မြစ်ဟာ အကွေ့တစ်ခုရဲ့ဟိုဘက်သည်ဘက်မှာ ရေစီးကြောင်းပြောင်း အရှိန်ပြောင်း)
ဆပ်ပြာတုံးအောက်ကပ်နေတဲ့ ဘရိတ်ဓားကလက်ကိုမွှန်းသွားသလိုမျိုး..ဆိုတော့
တခါတခါဘာမှန်းညာမှန်းမသိတစ်အိမ်လုံး ကုတ်နဲ့မ,ရွေ့တာခံလိုက်ရ
ကလိမ်စေ့ကို မိုက်ကရိုစကုပ်နဲ့ကြည့်လို့မမြင်နိုင်၊ မုသားဟာ အစကဒီလောက်ချစ်စရာကောင်းမှန်းမသိခဲ့ဘူး(လို့ မလုပ်လိုက်ပါနဲ့)
အထွေအထူးအော်ဟစ်ရန်မရှိ လက်ညှိုးနဲ့လက်မကြား ပုရွက်ဆိတ်လေးရောက်လာတဲ့အခါ
အသက်ဇီဝကိုမြတ်နိုးပါ
ဘုရားတည်ကျောင်းဆောက် အသက်ကလေးထောက်ထောက်မထောက်ထောက်
မွေးထားသောခွေးကလေးကြောင်ကလေးများ အစာဝပါစေ
နူးညံ့သောခေါင်းတလားပေါ် ထွက်သက်ဝင်သက်နှင့်တကွ စိတ်ကလေးကို အသာအယာဖိတ်ပါ
(အထူးကား) အိပ်မက်များ မကြမ်းရိုင်းပါစေနှင့် ဟူလို။

ညိမ်းညို

5 May 2010

မျိုးကွဲ

အချိန်တိုင်း အံကြိတ်ထားမှလား
အပ်ချည်ကြိုးသွင်းတာမျိုးကျ သေသေကြေကြေစိတ်နဲ့မရဘူး။

ညိမ်းညို

Meeting

လူစုံပြီ အသံစုံပြီ သောက်စရာခွက်လည်း ကိုယ်စီရကြပြီ
ဒါကြောင့် မီတင်စပြီ
“လောလောဆယ်တော့ ကျနော်မပါရင် ပွဲမစည်ဘူး”- ဆိုပြီး
အသံဟာ လှုပ်ရှားမှုထက်နောက်ကျပြီးကျန်ခဲ့၊

သဘာပတိထိုင်ခုံပေါ်
ဘာသာစကားဟာ မိန့်မိန့်ကြီးထိုင်လို့(၀ါ) ထိုင်မလို့၊

ခွက်များကိုယ်စီမြောက်လိုက်ကြပြီ
ဒီတစ်ခါတိုက်တဲ့ရှန်ပိန်က သိပ်ကောင်းတာပဲ..သိပ်ကောင်းတာပဲ
မီတင်တခါလုပ်တိုင်း ရှန်ပိန်အသစ်တွေအမြဲသောက်ရတယ်နော်…နော်..
မီတင်ဆိုတာလည်း နည်းနည်းလေးတော့ပွက်မှ... ဟော ခုဆို မီတင်ပီသသွားပြီ
အော် တခုကျန်ခဲ့လို့ သိပ်ကောင်းတဲ့ရှန်ပိန်ဟာ တရားလွန်တော့ မူးလေ့မရှိဘူး
ချီးယားစ်!!

ညိမ်းညို

3 May 2010

ငါ့အချစ်လေးနဲ့ငါ ပျော်ပျော်ရွှင်ရွှင်

ခုတ်ထားတဲ့သစ်ပင်တွေ အရွက်ထထွက်တော့ အလန့်တကြား
ခုတ်ထားတဲ့စိတ်တွေကျ ဘာလို့သေနေတာလဲ
အငေါက်တလူလူထွက်ဖို့ သစ်ပင်တွေ အငွေ့တလူလူပျံလို့ စိတ်တွေ
မြင်းဇောင်းထဲမှာ မြက်ထုံးတွေနဲ့၊ ၀က်စာခွက်ထဲမှာ ဖွဲနုတွေနဲ့ (ဝေလေလေ)
ငါတို့ဟာ အသားတိုးဖို့၊ ငါတို့ဟာ မြန်မြန်ပြေးဖို့
ဝေါ့ …သင်ယူသမျှ သင်မိသမျှ သင်ကြားသမျှဟာ အသားတိုးဖို့ မြန်မြန်ပြေးဖို့
ဒါပဲလား ဒါပဲလား ဟေးး ဒါအကုန်ပဲလား
(ရှုပ်ပါတယ်အာလာဒင်ရာ၊ မင်းကိုမပွတ်သပ်မိသေးသရွေ့တော့ ဘီလူးဆိုတဲ့အကောင်လည်း အိပ်နေတာပဲမဟုတ်လား)
သံပြိုင်- [သင်ယူသမျှ သင်မိသမျှ သင်ကြားသမျှဟာ သင့်ဟာတွေပါပဲ
သင့်ဟာတွေဟာ သင်ယူသမျှ သင်မိသမျှ သင်ကြားသမျှတွေပါပဲ]
အမြစ်ဘယ်မှာလဲ အရင်းစစ်သီဝရီများ ရီဝေလက်ပစ်ကူး
ထူးထူးခြားခြား တူးတူးခါးခါး မှန်ထောင်ကြည့်တာ မှန်အောင်သိမလားလို့
ချုပ်ထားသောသိုင်းကြိုးများ ဘယ်ဆီဘယ်ဝယ်၊ မလိုအပ်ဘဲ မလှုပ်ရှားမိပါစေနဲ့
ဘာသာစကားကို ဟိုထိုးသည်ဆွ ဒီညငါ့အန်ဖတ်ထဲ အချစ်ကလေးပါပါစ။

ညိမ်းညို

24 April 2010

အနုပညာ

လုပ်နေတုန်းတော့ ဘာမှမဟုတ်ဘူး
ပြီးတော့မှ ကြီးကြီးကျယ်ကျယ် ပြောကြတာပေါ့။

ညိမ်းညို

22 April 2010

ရာသီဦးမှာ ခူးဆွတ်လိုက်တဲ့ဖလား

ဘ၀က
အချိုရည်ကုန်သွားတဲ့ကြံဖတ်လေးလိုပါပဲလားကွာ
တစ်ချို့တွေစားသုံးဖို့ကိုပဲ
ကိုယ့်အသက်လေးကိုယ် ထိုးထိုးထည့်နေရ
ကြိတ်ဖြတ်ဝါးမြို စက်ကြီးထဲ
မမြင်ရတဲ့နှောင်ကြိုးတွေတောင်
စုတ်ဖွာကွဲအက်လို့နေပေါ့
ဆရာကြီး၊ သမ္ဘာကြီးတွေကလဲ
အထာကြီးတွေတစ်ခွဲသားနဲ့
ကြေကွဲလို့ မဆုံးနိုင်ပါဘူးတဲ့လေ
ဂါဂါရေ..သူငယ်ချင်းရေ
ရေကများသလောက်
ငါတို့ ငါးမရခဲ့ကြပါဘူးကွာ
သူငယ်ချင်းရေ..ဂါဂါရေ
ဒဏ်ရာမကင်းသေးသမျှတော့
သံသရာအသင်းမှာ
ဖန်တရာတေအောင် ရုန်းကြကန်ကြဦးစို့
ဖြစ်ရဲ့မဟုတ်လား
ရာသီတစ်လျှောက်ပွဲကြပ်တွေထဲ
ငါတို့ ရဲရဲတိုးဝင်ကြစို့
မြင်ရဲ့မဟုတ်လား
ငါတို့ခြေထောက်တွေကို ရိုက်ချိုးပစ်မဲ့
ခပ်ဆိုးဆိုးနောက်တန်းကောင်တွေ
တွေ့ရဲ့မဟုတ်လား
ငါတို့ဘ၀နဲ့သွင်းထားတဲ့ဂိုးတွေကို
စုတ်ဝင်လာဘ်ဝင်ဂါထာတစ်ပုဒ်လို မန်းမှုတ်ပစ်မဲ့
လူကြီးလူကောင်း လောင်းကစားသမားတွေ
ကြားရဲ့မဟုတ်လား
ငါတို့ထွက်သက်ဝင်သက်တွေကို
သွက်သွက်လည်အောင် ဆွဲခါလှုပ်ရမ်းပစ်လိုက်မဲ့
မာယာတညံညံ ၀ီစီသံတွေ
အလို...
ကိုယ့်အရိုးနဲ့ ကိုယ်စိုက်ထူ
ကိုယ့်အဖီကိုယ် ပြန်မတ်ကူဖို့
ဒိုင်တစ်ယောက်ရဲ့
ဆုံးဖြတ်ခွင့် မှော်ပန်းတစ်ပွင့်
ကိုယ့်ရင်မှာ ကိုယ်ပြန်ပျိုးကြရင်း
ငါတို့ရဲ့ခရီးကြမ်းကို ၀က်သိုးချုပ်ချုပ်လိုက်ပါပေါ့လား
ဒီနေ့၊ မနက်ဖြန်နဲ့တကွဖြစ်သော
နှစ်လရာသီပေါင်းများစွာ...။

ညိမ်းညို

- တင်ခဲ့ဖူးတဲ့ ကဗျာအဟောင်းတစ်ပုဒ်ပါ။ နောက်တစ်ကြိမ် ပြန်တင်ပါတယ်။

19 April 2010

လမ်းနဲ့ လရောင်

တွေးမိပါသလား
ရွှဲရွှဲစိုသွားအောင်
လရောင်နဲ့ အဆမ်းခံထိချင်ခဲ့တဲ့ လမ်းကလေး
တစ်ချိန်မှာ လရောင်ကြောင့် လောင်ကျွမ်းရလိမ့်မယ်လို့၊

တဖြည်းဖြည်း နီးလာတာလား
တဖြည်းဖြည်း ဝေးသွားတာလား
(ဒါတွေ ကိစ္စမရှိ)
သူ့ကိုယ်ငွေ့လေးကျလာရုံနဲ့
ကျွန်တော့်ဗျာပါဒတွေ ငြိမ်းပြီ၊

သိမ်းပိုက်ပိုင်ဆိုင်လို၍ မဟုတ်
ထိတွေ့ကိုင်တွယ်လို၍ မဟုတ်
မျှော်ငေးရုံသက်သက်
မြတ်နိုးရုံသက်သက်
သူ့ထွက်သက်ဝင်သက်လေးကအစ
ထိရှပျော်ဝင်တတ်သူမို့
အခါခါ ကျောခင်းပေးမိပေါ့
ညရဲ့ လရောင်များအောက်။

ညိမ်းညို

16 April 2010

အချစ်ကြောင့်ပါပဲ

ခြံထောင့်ကစံပယ်ရုံမှာ ရနံ့တွေ လှိုင်ထနေတယ်။ အမြဲ လှုပ်လှုပ်ရှားရှား ရှိနေတတ်တဲ့ ရှဥ့်ငပေါကြီး ထူးထူးခြားခြား ငြိမ်နေတယ်။ အရင်လို အုန်းပင်ပေါ် ဖျတ်ခနဲပြေးတက်သွားဖို့ သူ့အတွက် ခက်ခဲနေသလိုပဲ။ ၀ါးရုံထဲကဇီးကွက်ကတော့ ပညာရှိကြီးမို့ ရနံ့စက်ကွင်းနဲ့ ကင်းလွတ်ချင်ယောင် ဆောင်နေတတ်တယ်။ တစ်ခါတစ်ခါ ရနံ့တွေက ကြောက်ဖို့ကောင်းတယ်။ ရိုးရိုးသန့်သန့်လေး သင်းပျံ့နေတာတောင် ယစ်မူးစေတတ်တဲ့ အစွမ်းတွေနဲ့။

လက်တစ်ဆစ်စာ အကွာအဝေးလောက်ရောက်ဖို့ ခန္ဓာကိုယ်တစ်ခုလုံး တွန့်ခေါက် လွန်းထိုးနေရတဲ့ ပက်ကျိတစ်ကောင်ဟာ ရနံ့တွေထဲ ပြိုလဲသွားဖို့ကလွဲရင်…၊ (ခြေတု အစားထိုးတပ်ဆင်ဖို့လည်း သူ့မှာ အစီအစဉ် မရှိဘူးမို့လား)

ရှဥ့်ငပေါကြီးလို ဆွံ့အလေးလံနေတဲ့ ပက်ကျိလူသားတစ်ယောက်က ဒီလို ငြိမ်းချမ်းစကား ဆိုလိုက်ပါတယ်။

နက်နက်ရှိုင်းရှိုင်း ထိခိုက်ခံစားရတာကနေ
နာနာကျင်ကျင် သိမ်ငယ်ရတာအဆုံး
အရာရာ ကျေနပ်တယ်
အချစ်ကြောင့်ပါပဲ*။

ညိမ်းညို

*Black Hole ရဲ့ ဖန်သားနန်းတော် သီချင်းစာသားထဲက အချစ်ကြောင့်ပါပဲ စကားစုကို credit ပေးပါတယ်။ သုံးရိုးသုံးစဉ်စကားစုဖြစ်ပေမယ့် သူထည့်သုံးထားတာကို အရမ်း သဘောကျမိပါတယ်။

12 April 2010

အစ်ကိုကြီးမောင်ဖိုးဦး ကျန်းမာပါစေ

အစ်ကိုရေ
တိမ်တွေကိုဖြတ်စလုပ်
ချစ်သူအရုပ်လေးကို အလှဆင်ဖို့
ဗြုန်းအိတ်*တွေ မနားတမ်းထမ်းနေတုန်းလား၊

ကျွန်တော်တော့
နှုတ်ခမ်းမွှေးတွေရှည် ဆံပင်တွေရှည်
ခြေသည်းလက်သည်းတွေရှည်ပေါ့
စိတ်မရှည်တတ်တော့တာတော့ ဆိုးတယ်ဗျာ၊

ဒီမှာ လိမ္မာနေကြာင်းပါ အစ်ကို
လမ်းသလားတာတွေလျှော့၊ လည်တာပတ်တာတွေလျှော့
(ကောင်မလေးစကားတစ်ခွန်းနဲ့)
ဆေးလိပ်လည်း ပြတ်နေပြီ အစ်ကို
လက်ဖက်ရည်ဆိုင် မရှိတဲ့အရပ်မို့
လက်ဖက်ရည်ဆိုင်တော့ ငတ်တယ်ဗျာ၊

အစ်ကိုရေ
ခုချိန်ဆို ခါးထောက်နေတဲ့တောင်တန်းကြီးတွေပေါ်
တောင်နေကြာတွေ ငေါက်တောက်ပွင့်နေရောပေါ့
အစ်ကိုက ရောက်ရာအရပ်မှာ သီးပွင့်ပါဆိုလို့
ကျွန်တော်လည်း ဒီမှာ သုညသီးတွေ သီးနေတယ်
အစ်ကို မရီပါနဲ့လားဗျာ၊

ညဘက် ဂစ်တာတီးကြတော့
ရင်ခုန်သံတွေ အရင်လိုနွေးသေးရဲ့လား အစ်ကို
ကျွန်တော်တော့ ဒီနှစ်ထဲမှာ အချစ်ရေးကံမကောင်းဘူး
တည့်နေတဲ့လမ်းတွေ စောင်းကုန်တော့
ကောင်မလေးလည်း ဦးတည်ရာပြောင်းသွားတယ်ထင်ပါရဲ့ဗျာ၊

“ချစ်ခင်ပေါင်းသင်း နေထိုင်ခြင်းကား
ကွေကွင်းနောက်ဆုံး ရှိချေ၏” တဲ့
ချစ်ခြင်းမေတ္တာကို
ခါးပုံစထဲထည့်ထားတဲ့ လူငယ်တစ်ယောက်
သံဝေဂ၀ါးခမောက်ကို တုတ်နဲ့ထိုးခဲ့တာ အပြစ်လား အစ်ကို
နဖူးစာမင်ရည်ကျဲတာမဟုတ်
နဖူးစာမင်ရည်အသွန်ခံလိုက်ရတဲ့အခါ
ဒီလောက်တော့ ကြေကွဲခွင့်ရှိတယ်မို့လားဗျာ၊

ကိုယ်ပိုင်တာ ကိုယ်လုပ်လို့ရတယ်ဆိုပေမဲ့
ကိုယ့်အိမ်ကိုယ် မီးရှို့မရသလိုပါပဲ
ဘယ်သူမှမထိခိုက်ရအောင် အသဲကွဲကြေးဆို
ကျွန်တော့်ရုပ်နာမ်နှစ်ပါးလုံးက out of bound တွေပါပဲဗျာ၊

ဒီတော့လည်း
တစ်ကိုယ်စာအလင်းလေးနဲ့ မီးအိမ်လိုငြိမ်ငြိမ်ကုပ်ကုပ်
အလုပ်ရှုပ်ချင်ယောင်ဆောင်ခဲ့တယ် အစ်ကို
ကျွန်တော့်မှာ မီးဇာတွေသီးနေတာ
ဘယ်သူမြင်မှာလဲဗျာ
နေ့နေ့ညည
ကဗျာလေးတွေဖတ် သီချင်းလေးတွေနားထောင်နဲ့
ပေါက်ကွဲမယ့်မီးတောင်တစ်လုံးကို မြုံအောင်ပြုစားရတာ
တိုက်နေတဲ့လေကို လက်နဲ့တားရသလိုပါပဲဗျာ၊

အစ်ကိုရေ
မြေစိုင်တွေက ၀ှက်ထားတဲ့ပတ္တမြားတစ်ပွင့်**အတွက်
တစ်ဘ၀လုံး ရွက်လွှင့်နေတုန်းလား
ကျွန်တော်တော့ shopping mall တွေထဲ
ချောကလက်တစ်တောင့်အတွက်
စိတ်တွေယောက်ယက်ခတ်နေတာပေါ့ အစ်ကို၊

ဟိုဝါဒနည်းနည်း ဒီဝါဒနည်းနည်း
ဘူဖေးလို ကျွန်တော်ယူစားခဲ့တယ်
ဂစ်တာတစ်လက်နဲ့ ဆောင်းညအို
ကျွန်တော်ရင်ဖိုနေတုန်းပါ အစ်ကို
ဒုတိယဘုရားသခင်ကိုရှာဖို့
ကဗျာတွေကျင်ယူနေတုန်းပေါ့
အစ်ဇင်တွေက မိုးတိုးမတ်တပ်
ထထ သတ်နေကြတော့
အသက်ရှူတော့ နည်းနည်းကျပ်တယ် အစ်ကို၊

အစ်ကိုရေ
ကနယ်ရေ အင်းရေတွေနဲ့
ခိုက်ခိုက်တုန် အိမ်အပြန်လမ်းမှာ
လီရှောမီးတောက်***တွေက အရင်လို ဖမ်းစားထားတုန်းလား
ကျွန်တော်တော့ သူငယ်ချင်းတွေ စုံတဲ့အခါ
နည်းနည်းပါးပါး ကစ်တတ်နေပြီ အစ်ကို၊

ပုံနှိပ်စာမျက်နှာတွေပေါ်ရောက်ဖို့
သူငယ်ချင်းတွေက အတင်းထိုးတင်ကြတယ်
ဘာပဲပြောပြော
အရက်ဝိုင်းမှာ စကားပြောရတာ
လူရောစိတ်တင်မကဘူး
နားရွက်တွေပါ နွေးတယ် အစ်ကို၊

အစ်ကိုရေ
ငွေကြေးနည်းနည်း ရင်ခုန်သံများများနဲ့
လူငယ်တွေ အရင်လို သွေးရဲတုန်းလား
ကောင်းကင်တစ်ခုလုံး ကျိန်စာသင့်ထားတဲ့ မြို့လေးမှာ
လမ်းဘေးအုတ်ခုံပေါ် လဲကျသေဆုံးနေတဲ့ လူငယ်အိပ်မက်တွေက
ညည ကျွန်တော့်ကို ခြောက်လှန့်တယ် အစ်ကို၊

အစ်ကိုရေ
ညနေရီတရောဆို မျိုးစေ့တွေကြဲချပေးလေ့ရှိတဲ့
သဟာယစာကြည့်တိုက်ဘက် ခြေဦးလှည့်တုန်းလား
ဖတ်ဖြစ်တဲ့စာအုပ်တွေ လက်တို့ပါဦးအစ်ကို
ကျွန်တော်တော့ အီးဘုတ်တွေဖတ်
အီးပို့စ်စကဒ်တွေငေး အီးမေးလ်တွေစစ်နဲ့
အီးကမ္ဘာထဲ ချာချာလည်နေပေါ့ အစ်ကို
ရပ်ဝေးမှပို့သသော အီးမေတ္တာများနဲ့
အီးကမ္ဘာတစ်ဝှမ်း စိမ်းလမ်းသယောင်ရှိပေမဲ့
တစ်ခါတစ်ခါတော့
မမြင်ရတဲ့ အီးရန်သူတွေလည်း ရှိတာပေါ့ အစ်ကို၊

အတုအယောင်ထဲက အစစ်အမှန်
အစစ်အမှန်ထဲက အတုအယောင်
2 in 1 မှာတင် မျက်ခြေပြတ်ကျန်ခဲ့တဲ့ ကျွန်တော်တို့တွေ
3 in 1 ခေတ်ကြီးထဲ 3D version နဲ့ကြည့်ဖို့
နည်းနည်းတော့ အားမွေးထားရမယ် အစ်ကို၊

အစ်ကိုရေ
စာရေးစားပွဲကို လက်နဲ့ခေါက်သလို
Enter ကို ခေါက်ချလိုက်တာပါပဲ
အကြောင်းတွေမတူတော့ အကျိုးတွေကွဲရတယ်
မယ်နန်းကြည်တောင်ပေါ်တက်
လက်ဖက်ရွက်လေးတွေ အသာအယာလိပ်
မြင်ကွင်းတွေစိမ်းစိုအောင်ကြည့်တတ်ဖို့
ကျွန်တော်တို့ ကလေးဘ၀တွေ ကျန်ခဲ့ပြီ အစ်ကို၊

အစ်ကိုရေ
ရိုးသားမှုနဲ့ သွေးသားတော်စပ်လို့
အရင်လို ပြောင်ပြောင်ရောင်ရောင် နွမ်းပါးနေတုန်းလား
ဒီလိုဆိုရင်ဖြင့်
ကျွန်တော့်ကို တစ်ဆိတ်မျှပါ အစ်ကို
ကျန်းမာပါစေခင်ဗျာ။

ညိမ်းညို

ဗြုန်းအိတ်* - ကျောက်ပါသည်ဟု ယူဆရသောမြေသားများကို ထုတ်ပိုးထားသောအိတ်။
ပတ္တမြားတစ်ပွင့်** - ကျွန်တော်တို့ဒေသတွင် ကျောက်တစ်လုံးနှစ်လုံးဟု သုံးလေ့မရှိပါ။ ကျောက်တစ်ပွင့်နှစ်ပွင့်ဟုသာ သုံးပါသည်။
လီရှောမီးတောက်*** - ဒေသရိုးရာ အရက်တစ်မျိုး။

11 April 2010

ကျပ်ပြင် ၂

မြေသားနီနီလမ်းများ
ရုန်းကြွခုန်းထလို့

မီးခိုးလုံးညိုညိုများ
ယာမီးတစ်ဆုံးကြွေ့လို့

တောင်စဉ်နဲ့တောတန်းနဲ့
အကွေ့တစ်ထောင်လမ်းကို ငေးလို့

ရေနွေးကြမ်းလို ခါးသက်တယ်
တောင်နေကြာလို ၀ါထိန်တယ်
လက်ဖက်ပင်လို စိမ်းဖန့်တယ်
မုန်ညှင်းငေါက်လို ရွှန်းစိုတယ်
ဂေါ်ရခါးဥလို မြေအောင်းတယ်
တအယ်မှိုလို အရိုင်းဆန်တယ်
မှန်ခိုသီးလို ရဲပတယ်
ကော်ဖီပင်လို ညွှတ်သီးတယ်
မျှစ်စို့လို ဖွံ့ထွားတယ်။

ပစ်စာခဲတွေ စောကူနဲ့သယ်ပြီး
အိပ်မက်ကို ကနယ်(နွံ)ရေနဲ့ ဆမ်းတယ်
လူငယ်ဘ၀ကို
အသားတောဝါးတောမှာ ထုတ်လှမ်းပြီး
အရိုးထဲဝင်ကိုက်တဲ့ ဆောင်းကို
ဂစ်တာတစ်လက်နဲ့ မောင်းတယ်။

ဆိုင်ကယ်ပေါ်ကသူငယ်ချင်းက ပေါလံသား
ငါတို့က တွင်းထဲမှာ ရယ်ရယ်မောမော
စာသင်တယ်၊ တွင်းဆင်းတယ်
မြေကြီးထဲဝင်အောင်းနေတဲ့ ကန်စွန်းဥလေးတွေဟာ ငါတို့
တစ်နေ့ ထိုးဆွဖော်ယူကြလိမ့်။

အို...ငါ့ရဲဘော်ရဲဘက်ရေ

တောင်ပေါ်မှာနေပြီး
တောင်အောက်ကိုမမြင်ရတဲ့မြို့
ရွှေထီးဆောင်းပြီး
နေလောင်နေတဲ့မြို့
မင်္ဂလာဆိုင်းဘုတ်ထောင်ပြီး
ကျိန်စာသင့်နေတဲ့မြို့

အဲဒီလို
ငါမစွပ်စွဲရက်ပါဘူးကွာ

ရင်နာစရာတွေကို ရတနာတွေပါလို့
မင်း ဘာလို့လျှို့ဝှက်ထားရတာလဲ
ဒါပဲ၊ ငါ...သိချင်ရဲ့ ။

ညိမ်းညို

ကျပ်ပြင် ၁

6 April 2010

နန်းခမ်းနွဲ့အတွက် သီချင်းတစ်ပုဒ်

ကြွေနေတဲ့ပန်းကလေးများ လိုက်ကောက်ခြင်းမှာ
ကျေနပ်မှုအပြည့်အ၀ရတဲ့ ချစ်သမီးလေးရယ်
ဒီလိုသာ အမြဲရောင့်ရဲနိုင်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ

လူဆိုတာ တပ်မက်မှုနောက်လိုက်မိရင်
လိုက်ရင်းနဲ့ နစ်သထက်နစ်ကာ ရေမကူးတတ်ခင်
ပင်ကိုယ်စိတ်ချမ်းမြေ့မှုတွေ မသိမသာ ပျောက်သွားမယ်

(...အပင်ထက်ပွင့်တဲ့ အမြင့်ပန်းကို ပန်ဆင်ချင်လာတတ်တဲ့တစ်နေ့ကျရင်
မင်းကမ္ဘာဟာတဖြည်းဖြည်း ရှုပ်ထွေးလို့လာမယ်

ကြွေနေတဲ့ပန်းကလေးများ လိုက်ကောက်ခြင်းမှာ
ပျော်တတ်တဲ့ ရိုးသားမှုကို ချစ်သမီးလေးရယ်
ဘယ်လိုလူလောကစည်းစိမ်အတွက်မှ မစတေးနဲ့...) ၂

ဆရာစိုင်းခမ်းလိတ်ရေးပြီး စိုင်းထီးဆိုင်သီဆိုခဲ့တဲ့ သီချင်းတပုဒ်ပါ။ ခေါင်းစဉ်က "နန်းခမ်းနွဲ့အတွက် သီချင်းတစ်ပုဒ်" လို့ ထင်ပါတယ်။ မှားရင် ပြင်ပေးခဲ့နိုင်ပါတယ်။

နှစ်ရှည်ကြာမြင့်စွာ ကြိုက်နှစ်သက်ခဲ့ရတဲ့ ဒီသီချင်းလေးဟာ လောလောဆယ် ရက်သတ္တပတ်များကို အုပ်မိုးကာကွယ်ဖို့ ကျနော်ကိုင်စွဲထားတဲ့ ဒိုင်းတစ်လက်လည်း ဖြစ်ပါတယ်။

2 April 2010

ပျော်ယောင်ဆောင်သူတို့

ကြယ်တွေ ကြယ်တွေ
ရင်ခွဲပြပါရစေတဲ့
သူတို့ရင်ထဲက သိမ်ငယ်နာကျင်မှုကို
ဘယ်လိုတို့မြည်းရက်ပါ့မလဲ။

မိုးခေါ်လို့ မိုးမလာဘူး
ဆောင်းခေါ်လို့ ဆောင်းမလာဘူး
နွေခေါ်လို့ နွေမလာဘူး
သစ်ရွက်ကြွေလေးကအစ ပုန်ကန်တယ်။

မြေသားပြောင်ပြောင် တလင်းပြင်ထဲ
အတိတ်ကစမ်းစိုခဲ့မှုဟာ ပက်လက်။

လက်ယက်တွင်းကလေးပါပဲကွယ်
အကောင်းမြင်လိုက်ရုံနဲ့
ဘယ့်နှယ်လုပ် အ၀ိစိတွင်းကြီးဖြစ်သွားရမှာလဲ။

ပျော်ယောင်ဆောင်သူတို့
ပျော်ဖို့ အင်မတန်ခက်ခဲ့လေတယ်။

ညိမ်းညို

စိမ်းစို စိမ်းစို အရာအားလုံးစိမ်းစို

စိမ်းလန်းသော မြို့ရွာများ ရှုခင်းများ
အိုးအိမ်တိုက်တာများ လမ်းများ
လမ်းများပေါ်ကလူများ လူပေါ်ကအ၀တ်အစားများ
စိမ်းစို စိမ်းစို အရာအားလုံးစိမ်းစို
ဘာကိစ္စဘောလုံးကွင်းတွေ နေရာအနှံ့ရှိနေရတာလဲ
အဲသလောက်ထိအောင် မြင်ကွင်းများစိမ်းစို
လွန်ရော အံ့ရော အရာအားလုံးစိမ်းစို
ဟောဒီမျက်မှန်ကို ချွတ်မပစ်ချင်လောက်အောင်ကိုပဲ စိမ်းစို။

ညိမ်းညို

17 February 2010

မသူတော်တဦးရဲ့ တနေ့တာမှတ်တမ်းကြီး

အိပ်ယာကနိုးတာနဲ့ ငြီးငွေ့မှုကိုအရင်ခလုတ်တိုက်မိတာပဲ
ကော်ဖီဖျော်တယ် သတင်းစာဖတ်တယ်
(ဘာသတင်းစာဖတ်တာလဲ လာမမေးနဲ့
ကုလားကားထက်ပေရှည်တဲ့ တရုတ်ကားတွေ ကိုရီးယားကားတွေပေါ်ပေါ်နေတာ မကောင်းဘူးပဲ)
နိုင်ငံတကာသုံးဝေါဟာရလေး မတောက်တခေါက်ကျက်တယ်
ကဗျာလေးဘာလေးရေးဖြစ်ရင်တောင် နိုင်ငံတကာကသိအောင်ပေါ့
ဘာဘာညာညာ အဲသလိုမဖြစ်ညစ်ကျယ်အတွေးလေးလဲပါတယ်
(နိုင်ငံတကာစံဆိုတာ သူဌေးတွေစားတဲ့ ပေါ်ဆန်းမွှေးလိုဆန်လား)
ကိုယ့်စိတ်ကိုယ် ယင်မောင်းတယ် ယင်ခြောက်တယ်
သူတို့လာအုံလို့ ကိုယ့်မှာအနာရှိမှန်းသိရတာ၊ ကျေးဇူးတင်တယ်
ထမင်းမစားသေးဘူး ကဗျာတချို့စားတယ်
စားပြီးရင် ပက်လက်ကြီးလှန်ပြီး ကဗျာလုံးစီတယ်(ထမင်းလုံးစီတယ် ကြားဖူးလို့)
ကဗျာကြို့ထိုးတယ် ကဗျာလေချဉ်တက်တယ်
ဒါနဲ့ပဲ နေ့ကိုအလျားလိုက်ဆွဲဆန့်ပြီး ကဗျာနဲ့ပျင်းကြောရှည်တယ်
ညနေစောင်းတော့ ခြင်းကွင်းထဲရောက် ဘောလုံးကွင်းထဲရောက်
ကိုယ့်ခြေထောက်ထဲက ခြင်းလုံး(ဘောလုံး)ကို သူများဆီကန်ပို့
သူများခြေထောက်ထဲက ခြင်းလုံး(ဘောလုံး)ကို ကိုယ့်ဆီအော်ဟစ်တောင်း
ရှုံးရင်ထွက်ပေးရမယ်ဆိုတော့ တွန်းအားနဲ့
နိုင်ရင်ဆက်ကစားရမယ်ဆိုတော့ တွန်းအားနဲ့
တခါလောက် တွေးကြည့်ဖူးလား
ရှုံးလည်းထွက်မပေးရဘူး နိုင်လည်းဆက်မကစားရဘူးဆိုတဲ့အခါ
ဘယ်လိုတွန်းအားတွေ ရှိနိုင်သေးလဲ
မော်တော်တွေရေထဲတော့ သိတယ် ပျော်ပျော်နေသေခဲတော့ စဉ်းစားရဦးမယ်
မနက်ဖြန်ထမင်းစားဖို့ ဒီနေ့လည်းထမင်းစားလိုက်ဦးမယ်(ကြောင်တာ)
မနက်ဖြန်ကဗျာတွေဖတ်ဖို့ ဒီနေ့လည်းကဗျာတွေဖတ်လိုက်ဦးမယ်(ထပ်ကြောင်တာ)
ဂစ်တာမတီးဖြစ်တဲ့ညတွေဟာ အသံတိတ်ကြေကွဲနေလို့
ဘိုင့်ဘိုင် ချဲရီးယို။

ညိမ်းညို

မိုးပြိုတဲ့နေ့၊ ကျွန်ုပ်ဘာလုပ်မှာလဲနှင့် တနေ့ကုန်တော့ တညလာမှာပေါ့

မိုးပြိုတာမကြုံဖူးတော့ မိုးပြိုတဲ့ဒုက္ခကို မသိဘူးပေါ့
မိုးပြိုခဲ့ရင် ရှောင်လို့လွတ်မှာမဟုတ်ဘူးလောက်ပဲ
နွားခြေရာခွက်လေးထဲကနေ ခပ်တိမ်တိမ် ငါ တွေးခေါ်ခဲ့
တစ်တီတူးငှက်ကလေးတောင် ခြေထောက်နှစ်ချောင်းနဲ့ ကျားကန်ပြင်ဆင်ထား
မိုးပြိုမှာကြောက်တဲ့ငါက ဘာမှပြင်ဆင်မထားခဲ့ဘူးမို့လား
ဘယ်အချိန်မိုးပြိုမှာလဲဆိုတာ စပေါ့ရိုက်စရာမလိုတဲ့မေးခွန်းလို့
သူသူငါငါတွေးသလို ငါတွေးခဲ့တယ်မို့လား
(မအောင်မြင်မှုက အဲဒီလို သူခိုးသေဖော်ညှိရတာ ကောင်းတယ်)
အစွဲအလမ်းက မီးလောင်ရာ၊ တဖက်သတ်က လေပင့်တော့ မိုးကြီးတည့်တည့်ပြိုတာပဲ
ခုချိန်မှ ခြေထောက်နှစ်ချောင်း ထထောင်ရအောင်လည်း ကားယားကြီးဖြစ်မှာ ငါရှက်သေး
ထချည်ထိုင်ချည် ခုတင်ပေါ်လူးလှိမ့်၊ ကြေကွဲရတာအိနြေ္ဒမရဘူးပဲ
တုပ်ကွေးလေးမိပါစေတော့ ဒူးနှစ်လုံးကြားလက်ထည့်ပြီး တုပ်တုပ်ကလေးကွေးနေချင်တယ်
ဘုရင်ကြီးဒယ်ဂျိုယောင်းကားကြည့်တော့ သစ္စာရှိပုံတွေကမီးကုန်ယမ်းကုန်
ကိုယ်က အချိန်ရှိသလောက် သစ္စာဖောက်ဖို့ပဲစဉ်းစားနေတဲ့ကောင်ဆိုတော့ တုန်တောင်တုန်သွားတယ်
ကိုရီးယားတွေ တယ်ယဉ်ကျေးတာပဲ စကားများလွန်းတာလည်း ဖြစ်နိုင်သေးရဲ့
(ဒီအတောအတွင်း နေကောင်းပါရဲ့လား၊ ခရီးအဝေးကြီးလာခဲ့ရတာမို့ ပင်ပန်းကြပြီ)
ဘုရင်မင်းမြတ်သက်တော်ရှည်ပါစေလောက်ကို ထမင်းစားရေသောက်
ဒီလိုပါပဲ လွယ်လွယ်ပြောထွက်တဲ့စကားတွေဆိုတော့ လွယ်လွယ်ပြောရတာပေါ့
တနေ့ “ဒီလိုပါပဲ” ဟာ ဘာသာစကားမှာ အထွတ်အထိပ်ရောက်ဦးမယ်
အိုးတိုးအတ အူတိအူကြောင်အငိုက်မိသွားတဲ့အခါတွေ ဒီစကားလုံးက ကယ်တင်ရှင်ပဲ
အဓိပ္ပါယ်တသိန်းလောက် ကိုယ်စားပြုထားတော့ ပေါ့ပေါ့ပါးပါးပေါ့ “ဒီလိုပါပဲ”
မိုးပြိုလည်း တိမ်တွေခူးစားနေလိုက်တော့မယ်
ဝယ်ထားတဲ့အချဉ်တွေ အချဉ်ပေါက်သွားလည်း ဘာအရေးလဲ
ကိုယ့်ကိုယ်ကို တို့တို့မြည်းနေရတာနဲ့ သွားကြိမ်းနေမှပဲ
မှောက်ရက်အိပ်ကျောပေးနေတာ ငါ့ကိုမလေးစားတာလားဘာလား မေးမနေပါနဲ့
ဟေ့!!! မိုး အခုပဲပြိုလိုက်တော့ ရပြီ။

ညိမ်းညို

16 February 2010

အထီးကျန်

အထီးကျန်

ရပ်နေတာ ဘယ်လောက်ကြာပြီလဲ
အပြင်မှာ မိုးရွာတော့မှာလား
ပြတင်းတံခါးဟာ ဖွင့်လိုက်ပိတ်လိုက်
ညနေခင်းကသူ့အလိုလို ပြိုကျသွားပြီ
ဖွင့်စရာသီချင်းလည်း ကုန်သွားပြီ
သတိရစိတ်က ညတွေလိုနက်ရှိုင်းပြီး
အစဆွဲထုတ်ဖို့ အဆုံးကိုပြန်သွားလို့မရတဲ့အခါ
မလှုပ်သာမလှည့်သာ အခန်းလေးထဲ
အရောင်တွေ မှိုင်းလွန်းလှတယ်။

ညိမ်းညို

15 February 2010

တကိုယ်စာ

အိမ်အလွမ်းက
မျက်နှာကြက်မှာ စွဲလောင်နေတဲ့မီး
ညတွေကို ပိုမိုရှည်လျားစေခဲ့
အိမ်ရနံ့က
အခန်းထဲ တိုးဝင်နေတဲ့လေ
ကျွန်တော့်အဖျားသွေးကို တဒိတ်ဒိတ်တိုးစေခဲ့။

မိုးအညို့ မှာ
အိပ်တန်းပြန်ငှက်ကလေးတွေ ငေးရင်း
သီချင်းလေးတွေ ညည်းတတ်လာတယ်
မေမေရေ
ဒီတစ်ကြိမ်ပွင့်မယ့် ဥသြသံထဲ
ကျွန်တော့်နာမည် ပါပါရဲ့လား။

ညိမ်းညို

13 February 2010

ဟုတ်ယောင်ထင်မှုနဲ့ ပျော်ရွှင်လိုမှုနဲ့ အိုင်ပျက်ထဲမှာပျော်ပျော်ကြီး

တံဆိပ်လှတယ်ဆိုရင်ပဲ မတော်တဲ့အင်္ကျီတွေဝယ်ဝတ်လို့
လူကြိုက်များတယ်ဆိုရင်ပဲ ကီးမ၀င်တဲ့သီချင်းတွေအော်ဆိုလို့
ကြွေတယ်ဆိုတဲ့စကားကို အရင်းအတိုင်းအဓိပ္ပါယ်ဖွင့်လို့
တဖြောင့်ထဲပြေးလာခဲ့တဲ့လမ်းကြီး ရုတ်တရက်ကောက်ကွေးသွား အဲဒီမှာ ငါဟာသွေးပျက်လို့
ရောင်းရင်းများ အပေါင်းအသင်းများ မိတ်ဆွေများ ငါဟာအားကိုးရာရှာလို့
ဝယ်ထားတဲ့အင်္ကျီတွေပြန်စစ်ဆေးလို့
အော်ဆိုခဲ့တဲ့သီချင်းတွေ လက်ဖ၀ါးပေါ်တင်လို့
(စေ့စေ့စပ်စပ်ကြီး) လွဲခဲ့တာလွဲ တည့်ခဲ့တာတည့် အဖြစ်အပျက်ဟာဖြစ်ပျက်လို့
ဆိုပါစို့ ကြယ်သီးတွေ နောက်ကျောမှာရောက်နေတာမျိုး
တီးလုံးတွေ စာသားနဲ့အပြန်အလှန်ရန်ဖြစ်နေတာမျိုး
ဆိုဖွယ်ရာမရှိ ငါ့သွေးပျက်မှုဟာ အထွတ်အထိပ်ပဲ
လယ်ကွင်းတွေထဲပြေး တောင်ယာတွေပေါ်တက်
တောပန်းလေးတွေခူးလိုခူး တိုက်အမြင့်ကြီးတွေပေါ်ရောက်လိုရောက်
ကွန်ပျူတာ၊ အင်တာနက် အီလက်ထရောနစ်ပစ္စည်းများ ငါဟာ လက်ပစ်ကူးလိုကူး
ပင်ပန်းတကြီး ပျောက်သွားတဲ့အရာလေးကိုပြန်ရှာလို့
ဒီတခါပြန်တွေ့ရင်တော့ ကျစ်ကျစ်ပါအောင်ဆုပ်ထားတော့မယ်ရယ်လို့
မောရပန်းရမှန်းမသိ ရပ်တကာရွာစဉ်လှည့်လို့
ရေစီးကြောင်းဆိုတာကို ချောင်းကလေးထဲလောက် အောက်မေ့မှတ်ထင်လို့
တကယ်ဆို ပင်လယ်ထဲက ရေစီးကြောင်းကြီးပဲ အထိတ်တလန့်တွေ့ရှိသွား
သိပ်ကိုကျယ်လွန်းရှည်လျားလွန်းလို့ အသာလေးကိုယ်ဖော့လိုက်သွားမယ်ဆိုရင်တောင်
ခရီးမဆုံးခင် လက်ပန်းကျနိုင်လို့ ကမ္ဘာကြီးကို(အလို..ကဗျာကြီးလည်းပါ) အရင်းအတိုင်းရှုမြင်
တကယ်ဆို ဟုတ်ယောင်ထင်မှုနဲ့ပျော်ရွှင်လိုမှုနဲ့ အိုင်ပျက်ထဲမှာပျော်ပျော်ကြီး
အနည်အမှုန်တွေပွထလာအောင် ဆော့ကစားခဲ့ခြင်းတစ်မျိုးပဲ
တော်လောက်ပြီ။

ညိမ်းညို

8 February 2010

ကျေးလက်ရိုးရာ သစ်စေ့ချတေး


ထစမ်းကွယ်
မနက်
မနက်
မျက်ရည်လေးခေါက်သိမ်းပြီး
သမီးရေ
ကိုကိုတို့နဲ့ ကျောင်းလိုက်သွားပါကွယ်
ဒါ
နားဆွဲကြီး ကြီးကြီးသီးလာအောင်
နားဆွဲ သေးသေးလေးကို ဖြုတ်ပြီး
စိုက်ပျိုးထားရတာပေါ့။

ခင်မောင်နိုင်ဦး
ပေဖူးလွှာ၊ ဖေဖော်ဝါရီ၊ ၂၀၁၀

4 February 2010

သိင်္ဂါရလမင်း


သိင်္ဂါရလမင်းကို တညလုံး မျှော်ခဲ့မိတယ်။
ကံဆိုးမှုတခုပါ။ လရောင်ကို ဦးဦးဖျားဖျား မခံယူခဲ့ရသလို
နောက်ကျတဲ့အထိလည်း ခံယူခွင့် မရခဲ့ပါဘူး။
လရောင်နဲ့ဝေးကွာတဲ့ အမှောင်တနေရာမှာ အဆိပ်သင့်မိုင်တိုင် ၂၅ကို စိုက်ခဲ့ပါရဲ့ ...။


သိင်္ဂါရလမင်း (download)

28 January 2010

ကဗျာရေ ပြန်လာပါတော့

ဖော့များ

ပေါ့ပါးလွန်းတာလား
နေတတ်နိုင်လွန်းတာလား
အလေးအနက်ကူးခတ်ကြမယ်ဆိုတိုင်း
ငါတို့တွေ ပေါလော။

ရေတံခွန်

ဝမ်းဗိုက်ထဲ
မြို့ဟောင်းတစ်ခု ၀ှက်ထားလိမ့်နိုးထင်ကြ၊

တကယ်ဆို
ချောက်ကမ်းပါးမှာ တွဲလောင်းခိုရင်း
စမ်းချောင်းလေးကို သားပေါက်စေသူ။

တစ်နှစ်တာ

စက်ဝိုင်းကြီးထဲ
ဥသုံးလုံး ဥ
အကောင်လေး ၃၆၀ ပေါက်ဖွား၊

ထိုအကောင်လေးများ
တရွေ့ရွေ့ ပျံသန်းသွား
စက်ဝိုင်းကြီးထဲ...။

မေးခွန်း

နွေမှာ
အပူဒဏ်ကိုကြောက်လို့ ယပ်တောင်ဆောင်ကြတယ်

မိုးမှာ
စွတ်စိုမှုကိုကြောက်လို့ ထီးဆောင်ကြတယ်

ဆောင်းမှာ
အအေးဓာတ်ကိုကြောက်လို့ အနွေးထည်ဆောင်ကြတယ်

သုံးရာသီလုံးမှာ
ငါက ဘာကိုကြောက်လို့
ကဗျာတွေ ဆောင်ထားရတာလဲ။

ဆုတ်သူ

ရှေ့မတိုးပါနဲ့ဆိုလို့
နောက်တစ်လှမ်းဆုတ်ပေးခဲ့တယ်
ကျသွားတဲ့ချောက်ကမ်းပါးထဲ
အလွမ်းဟာ နံရံတွေဆီ အမြစ်တွယ်လို့။

အထိအရှများ

တ- လေတစ်ဝှေ့ (၀ါးတစ်လှည်းလုံးဖုတ်ထားရတဲ့ ပြာတစ်ဆုပ်အတွက်)
ဒု- အပ်ဖျားတစ်ထောက်စာ (လေပြည့်နေတဲ့ ပူစီပေါင်းတစ်လုံးအတွက်)
ပ- မေ့လိုက်ပါ (တစ်ဘ၀လုံးစောင့်ခဲ့ရသူအတွက်)

ပြီးခဲ့တဲ့နွေ

ကျောက်ခဲနှစ်လုံးက၀ှက်ထားတဲ့ မီးတောက်ကိုတွေ့ခဲ့တယ်
လူနှစ်ယောက်က၀ှက်ထားတဲ့ သနားဂရုဏာကိုတွေ့ခဲ့တယ်
သံယောဇဉ်က၀ှက်ထားတဲ့ ဥပက္ခာကိုတွေ့ခဲ့တယ်
အချစ်က၀ှက်ထားတဲ့ လူငယ်တစ်ယောက်ကိုတွေ့ခဲ့တယ်
ဘာသိဘာသာထောင့်ချိုးတစ်ခုမှာ သိုးနေအောင် အိပ်ပျော်ပါစေတော့။

ကဗျာရေ ပြန်လာပါတော့

မင်းကို ခုနစ်တန်းကျောင်းသားထဲက ချစ်ရေးဆိုခဲ့တာပါကွာ
၁၂နှစ်တာ ပေါင်းသင်းခဲ့တဲ့မျက်နှာကိုထောက်ထားပြီး ပြန်လာပါကွာ
မင်းက ငါ့ဝိညာဉ်ကိုနှုတ်ယူပြီး ခရီးအဝေးကြီးထွက်သွားတော့
ငါ့မှာ ကွင်းပြင်ထဲ ထီးထီး
ခြေလက်မလှုပ်ရှားနိုင်တဲ့ စာခြောက်ရုပ်လို ကျန်နေခဲ့တာပေါ့
တခါတလေ ၀ါးလက်ခုပ်အားကိုးနဲ့ ငှက်ပေါက်စနလေးတွေကို ခြောက်လှန့်ရသလိုမျိုး
နှစ်ကြောင်းရေးတစ်ကြောင်းခြစ် ကဗျာတိုလေးတွေရေးရေးပြီး
ငါ့သွေးငါ မီးထိုးနေရတာပေါ့
ကဗျာရေ
ရွာရိုးကိုးပေါက်အောင် ငါ့သွေးထဲ မင်းလာလျှောက်ပါတော့။

ညိမ်းညို

- အဆုံးရှုံးဆုံးခရီးဆိုတာ လက်မဲ့ခြေဗလာနဲ့ ညထဲကထွက်လိုက်ရတဲ့ မနက်ခင်းတစ်ခုပေါ့။ ကဗျာကိုတူးဖော်လို့မရတဲ့ ညတွေဟာ ကျနော်ရှုံးရတဲ့ ညတွေပါပဲ။

20 January 2010

မြစ်ကမ်းဘေးမှာ

လှိုင်းတွေ ခုတ်မောင်းပြီး
သင်္ဘောတွေ လေလွင့်နေတယ်

ဘဲငန်းတွေ မှိုင်တွေပြီး
ငါးမျှားတံတွေ ထပျံနေတယ်

ဒိုက်ဖတ်တွေ ကခုန်ပြီး
အိပ်မက်တွေ ပေါလောမျောနေတယ်

ကျောက်တုံးတွေ ကူးခတ်ပြီး
ငါးတွေ ငုတ်တုတ်ထိုင်နေတယ်

အဲဒီမြစ်ကမ်းဘေးမှာ
လူတစ်ယောက် ဆုတ်ဖြဲခံရပြီး
ကဗျာတစ်ပုဒ် လမ်းလျှောက်ထွက်နေရဲ့ ။

ညိမ်းညို

18 January 2010

ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ

လူကြီးလူကောင်းတို့
နိုင်ငံကြီးသားအပေါင်းတို့
စားကြလော့ သောက်ကြလော့
ဒါဟာ ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ အမဲရိုးအတွက် ဟင်းအိုးကိုမမှောက်ခဲ့ဖူးတဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ မည်းမည်းမြင်တိုင်း မဟောင်ခဲ့ မကိုက်ခဲ့ဖူးတဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ ကတုံးပေါ်ထိပ်မကွက်ခဲ့ဖူးတဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ ဘနဖူးကို သိုက်မတူးခဲ့ဖူးတဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ ကမ္ဘာမီးလောင်လို့မှ သားကောင်ကိုချမနင်းခဲ့ဖူးတဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ ရိုးရိုးသားသား ကိုယ့်လမ်းကြောင်းကိုယ် လျှောက်ခဲ့တဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ ခရေစေ့တွင်းကျ ပွင့်လင်းပြဖို့ ခက်ခဲလှတဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ ဟောင်ဖွာဟောင်ဖွာလုပ်ဖို့ ပျင်းရိလွန်းလှတဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ စကားလုံးအကြီးကြီးတွေပြောရင် မထုံတက်တေးလုပ်နေတတ်တဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ ရိုးသားမှုမှမပါရင် ဘယ်ဟာမှ အစစ်အမှန်မဟုတ်ဘူးလို့ ယုံကြည်ထားတဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ အရောင်ပြိုးပြိုးပျက်ပျက်တွေကို မြင်ရတိုင်း အလွယ်တကူ မျက်စိမကျိန်းတတ်တဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ နွေးထွေးတဲ့လက်အစုံကို အစဉ်သဖြင့် ကမ်းလင့်ကြိုဆိုနေတတ်တဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ မတရားမှုတွေမှာ ကိုယ့်အစွယ်ကိုယ်ချိုး ဂုတ်ပိုးကို ခပ်ဆတ်ဆတ်လေးအုပ်ထားတတ်တဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

တစ်ချိန်တစ်ခါတုံးက
အမည်နာမတွေရဲ့ ပညတ်ချက်ကို
အလေးမထားပါဘူးဆိုတဲ့ ဒေါက်တာသိမ်းမောင်ကို
(မရိုသေ့စကား) ခွေးသိမ်းမောင်ခေါ်ရင် ကြိုက်မလားလို့ မေးခဲ့ကြဖူးရဲ့
နောက်..ဒေါက်တာသိမ်းမောင်ဟာ သခင်သိမ်းမောင်ဖြစ်လာခဲ့တယ်

ယဉ်ကျေးမှုမထွန်းကားပါဘူးဆိုတဲ့
အဆင့်အတန်းမြင့်မြင့် မတွေးခေါ်နိုင်ပါဘူးဆိုတဲ့
ဦးနှောက်အကျဉ်းကျနေရတာပါဆိုတဲ့
ကိုယ့်ဝပ်ကျင်းလေးကိုယ် မစွန့်နိုင်ပါဘူးဆိုတဲ့
ငမြောက်ငခြောက် ချွတ်တားလေးပါဆိုတဲ့
ဟောဒီ အရိုင်းအစိုင်းကောင်ဟာ ခွေးတစ်ကောင်ပေါ့ကွယ်

အို လူကြီးလူကောင်းတို့
နိုင်ငံကြီးသားအပေါင်းတို့
ခေါ်ကြလော့ တွင်ကြလော့
ကျွန်ုပ်ရဲ့ အမည်နာမကို လှိုင်လှိုင်ကြီး သုံးစွဲတော်မူကြလော့
စိတ်ရဲ့အာသာ ပြေရာပြေကြောင်း အလိုရှိသလို ခိုင်းနှိုင်းတော်မူကြလော့
အန္တိမတံခါးအ၀မှာ သင့်ကိုတည့်တည့်ကြည့်လို့ ကျွန်ုပ်ရပ်နေတယ်။

ညိမ်းညို

- အရင်က တစ်ခါတင်ဖူးပါတယ်။ အခုပြန်တင်ပါတယ်။

16 January 2010

အနုပညာဟူသမျှ လှိုင်ကြပါစေ

‘အနာဂတ်အကြောင်း ပြောတယ်ဆိုတာ၊ တမင်လိမ်တာ မဟုတ်ပေမဲ့ မုသားဖြစ်ချင်လဲ ဖြစ်သွားတတ်တယ်။’ (အာရပ်စကားပုံ)

လူ့သမိုင်းတစ်လျောက် ဖြစ်ပျက်ခဲ့တာတွေက အတော်ပဲ ရှုပ်ထွေးတယ်။ အလှည့်အပြောင်း များတယ်။ ဘာပြီးရင် ဘာဖြစ်မယ်ဆိုတဲ့ စီစဉ်တကျရှိမှုမျိုး၊ နေသားတကျရှိမှုမျိုး အတော့်ကိုရှားတာ တွေ့နိုင်ပါတယ်။ ပညာရှင်အထွေထွေက နယ်ပယ်အသီးသီးမှာ ရှေ့အလားအလာအတွက် ဟောကိန်းတွေ ထုတ်ပေးလေ့ရှိကြတယ်။ ဟောကိန်းဆိုတာထက် မျှော်ခေါ်ချက်၊ ယူဆချက်တွေပေါ့။ ဖြစ်လာနိုင်စွမ်းရှိတဲ့ အကြောင်းအရာတွေကို သက်သေအစုံအလင်၊ စမ်းသပ်မှုအပုံအပင်နဲ့ ကျိုးကြောင်းဆီလျော် ဖော်ထုတ်တင်ပြကြတာပါပဲ။ သို့ပေမဲ့ ကံသေကံမ ဖြစ်ကိုဖြစ်ရမယ်လို့ ဘယ်ပညာရှင်မှ အာမ မခံပါဘူး။ လူအဖွဲ့အစည်းရဲ့စံနှုန်းနဲ့ လိုအပ်ချက်တွေ၊ ပညာရပ်နယ်ပယ်အသီးသီးရဲ့ အရွေ့တွေ၊ ပါရာဒိုင်းတွေက ‘မမြဲခြင်း’ ဆိုတဲ့ အနှစ်ချုပ်သဘောကို ဆောင်နေလို့ဖြစ်မယ် ထင်ပါတယ်။

အကြားအမြင်ပေါက် ဟောကိန်းတွေ မထုတ်သင့်တဲ့အထဲမှာ အနုပညာဟာ ထိပ်ဆုံးကပါမယ် ထင်ပါတယ်။ ဘယ်လိုအမျိုးအစားတွေကတော့ တချိန်မှာ မုချကျဆုံးမယ်၊ ဘယ်အမျိုးအစားတွေကတော့ မှတ်တမ်းဝင်ကျန်ရစ်ခဲ့မယ်။ အဘယ်အမျိုးအစားမှသာလျှင် ပြည်သူနဲ့ထပ်တူကျတယ်၊ ဘယ်အယူအဆ…၊ ဘယ်ဝါဒမှ….. စသည်ဖြင့်ပေါ့။ ယူဆချက်၊ သုံးသပ်ချက်အနေနဲ့ ဘောင်တစ်ခုအတွင်းမှာ အကြုံးဝင်ပေမဲ့ သေချာပေါက် အတပ်ဟောကိန်းကြီးအနေနဲ့ အကြားအမြင်ပေါက်ပြတဲ့ အခါမျိုးကျ အချိန်ကာလရဲ့ စမ်းသပ်မှုအောက်မှာ အတော်လေး အရုပ်ဆိုးသွားတတ်တာမျိုးပါ။ အနုပညာကိစ္စမှာ လတ်တလော အဆင်ပြေမှုတစ်ခုကိုသာ ကြည့်ပြီး၊ နောက်အနှစ် ၆၀မှာ ဆင်ဖြူတော်ကြီး ဖြစ်လာပါလိမ့်မယ်ဆိုတဲ့ ဦးပေါ်ဦးရဲ့ လျှောက်ထားချက်မျိုးကို အားမကျသင့်ပါဘူး။ နောင် အနှစ် ၆၀မှာ ကျနော်တို့အားလုံး သေသွားပြီထား၊ ကျနော်တို့ တွေးခဲ့ရေးခဲ့ကြတဲ့ စာတွေကတော့ ဆက်ပြီး ကျန်နေခဲ့ဦးမှာ မို့ပါပဲ။

+++

၂၀ရာစု စာရေးဆရာ မာဘယ်လ်ပရော့စ်ရဲ့ စကားကို ကိုးကားခွင့်ပြုပါ။

‘ဟုတ်ပါတယ်။ စကြာဝဠာကြီးဟာ ကျနော်တို့အားလုံးအတွက် အမှန်တရားပေါ့။ တစ်ဦးတစ်ယောက်ချင်းစီ အတွက်တော့ တစ်ကျောင်းတစ်ဂါထာပေါ့။’

+++

အတွေးအခေါ်ဟူသမျှ ပြိုင်ကြပါစေ
ပန်းဟူသမျှ လှိုင်ကြပါစေ- မင်းသုဝဏ်

အနုပညာဟူသမျှ ပြိုင်ကြပါစေတော့ မရှိကောင်းဘူးပေါ့။ အနုပညာဟူသမျှ လှိုင်ကြပါစေ။

ညိမ်းညို

10 January 2010

ကမ်းပါး

မြစ်ကိုထိန်းရတာ
အကြောင်းမဟုတ်ဘူး
လှိုင်းတွေ လိုက်လိုက်သိမ်းနေရတာက
ပြဿနာ။

ညိမ်းညို

8 January 2010

ဂျုံရိုးဦးထုပ်လေးတွေ

တောကျွဲကြီးရထားပေါ်မှာ
အရွယ်စုံဆိုဒ်စုံ ဂျုံရိုးဦးထုပ်လေးတွေကိုငေးရင်း
ကိုယ့်ကိုယ်ကို အားယူပြုံးမိ
ဘယ်လိုမှ အသုံးမကျဘူးထင်ရ
နေပူပူ လေပူပူ
ကျွတ်ဆတ်တောင့်တင်း ဂျုံရိုးလေးတွေတောင်
အေးသောအရိပ်ကိုပေးစွမ်းနိုင်တယ်ဆိုတာ..။

ညိမ်းညို

Idea
အောက်တိုဘာ၊ ၂၀၀၉။

7 January 2010

သုံး နဲ့ တစ်

သုံး နဲ့ တစ်
ဗသားချော

(၁)
သုံး အချိုး တစ် သို့မဟုတ် သုံးပုံတစ်ပုံ
နောက်ပြီးတော့
သုံး နဲ့ တစ် ဒါမှမဟုတ် သုံး အပေါင်း တစ်
ခေတ် နဲ့ စနစ် အရ
ဒီလိုပဲ ဇယားချလိုက်မယ်ကွာ ။

(၂)
မောင်လွမ်းရေ
ဒဏ်ရာတစ်ချို့ကိုသာ ထုတ်ထုတ်ပြတတ်တဲ့
ကဗျာတွေအပေါ် လူမသိ သူမသိ ၀ါးမျိုချင်တတ်တဲ့
အရေးအကြောင်းဆို လူနဲ့ မလိုက်အောင် ပေါ့ပါးချက်ချာတဲ့
ရင်ဘတ်အနီးဆုံး ကဗျာဆရာရေ ။

မောင်လွမ်း
မင်းဟက်ဟက်ပက်ပက် မရယ်နိုင်သေးတဲ့ တစ်ချို့ရော
မက်မက်စက်စက် ပျော်ဝင်ခဲ့တဲ့ တစ်ချို့တွေရော
ကျန်ခဲ့ပြန်ပြီ .....
ငတို့လျောက်မယ့်လမ်းက ငတို့လျောက်ခဲ့တဲ့လမ်းထက်
အဆပေါင်းများစွာ ရှည်လျားဝေးကွာနေပေါ့ ။

ဒီလိုပါပဲ မောင်လွမ်းရယ်
ကျောထောက်နောက်ခံ မကောင်းသေးတဲ့
ငတို့လမ်းတွေမှာ
မိုးတွေက ခုထိရွာတုန်း

ငါပြောရဲပါတယ်
ဟောဒီဆယ်စုနှစ်ထဲမှာ
လူပစ်အများဆုံး ဖဲက ငတို့ပဲ
မင့် အရက်မူးတဲ့အခါ ဆေးလိပ်မီးညှိသလိုပေါ့
မြင်ရက်နဲ့ လွဲ လွဲနိုင်လွန်းတယ်ကွာ ။

(၃)
သုံးရာသီမှာ မသိခဲ့ပေမယ့်
လေးရာသီမှာ ရှိခဲ့ပြီ
ငတို့ ရပ်ခဲ့တာ ဘာကြောင့်လဲ
ငတို့ ဆက်မယ့်ဟာ ဘာအတွက်လဲ

ငတို့ အရည်ရွှမ်းတဲ့ အသီးတွေ သီးကြမယ်ကွာ
ဒီမြေမှာ ဒီလေကိုရှုရှိုက်
ငတို့ စိုက်ဖို့ မြေယာကြမ်းခင်းတွေက
ထုထည် အုံကျင်း အသင်းအပင်းနဲ့ပေါ့ ။

ရဲလိုက်စမ်းပါ မောင်လွမ်းရေ
ဟောဒီမြေက ငတို့ကိုထမ်းမထားရဘူးဆိုတာ
ငတို့ အသက်မအောင့်ပဲ သက်သေပြကြတာပေါ့ ။

(၄)
ဘိုညိမ်းရေ
ကဗျာလောဘ သားကောင်ကြီးရေ ..
ငတို့ခေတ်ရဲ့ မောင်ချောနွယ်ကြီးရေ
အနုပညာလယ်ဧကပေါင်းများစွာကို အားပါးတရ သိမ်းပိုက်ချင်နေတဲ့
ထွန်တုံးပေါ်က ကဗျာဆရာရေ ။

ဘိုညိမ်း
ခေတ္တရာဖွားမှ မဟုတ်ပါဘူး
ကဗျာသားဝတဲ့အခါ
ကဗျာမင်းသားက မင်းပဲဆိုတာ
မမူးလည်း ငတို့လက်ခံနေကျပေါ့
(မင်းသမီးက သူမဟုတ်မှန်း မင်းတို့ ငတို့သိပါရဲ့ကွာ)

(၅)
မင့် ကျောပိုးအိတ်ကြီး ချိတ်ပေါ်ရောက်လို့
မင့်ပခုံးပေါ် ဘေးလွယ်အိတ်ရောက်လာတာလည်း ခေတ်ပဲ
ကော့ညက်ကုန်လို့ ဗော့ဒကာပြောင်းရတာလည်း ခေတ်ပဲ
(အချိန်လည်းပါသပေါ့ကွာ)
ဘာပဲ ဖြစ်ဖြစ်
ငတို့ လွှင့်ပစ်ရမှာလည်း ခေတ်ပဲ
ငတို့ သောက်ပစ်ရမှာလည်း ခေတ်ပဲ
ငတို့ မြည်းပစ်ရမှာပဲလည်း ခေတ်ပဲလေ ။

ဆယ့်တစ်ယောက်ချင်းကန်ကြတဲ့ပွဲမှာ
ငတို့က ဘောလုံးတစ်လုံးဖြစ်ချင်လည်း ဖြစ်မယ်ကွာ
မိနစ်ကိုးဆယ်ကလည်း
နောက်ထပ်ကိုးဆယ် တစ်ခုဖြစ်ချင်ဖြစ်မပေါ့
ဘာပဲဖြစ်ဖြစ်ပါ
ငတို့ချစ်ခဲ့ကြတယ်ဆိုတာ
ဟောဒီခေတ်က အသိဆုံးပါ ဘိုညိမ်းရေ ... ။

ကလိုက်စမ်းပါ ဘိုညိမ်းရာ
သူတို့ခြယ်ပေးထားတဲ့ အရောင်ကြမ်းတွေအောက်က လူတစ်ယောက်
ဘယ်လောက်ထိ နှလုံးသားလားမြောက်တယ် ဆိုတာ
ငတို့ရဲ့ ထိချက်အကျမှာ တိုင်ပင်တွေပြကြတာပေါ့ကွာ ။

ဘယ်ဘက်မျက်လုံးကိုမှိတ်
ညာဘက်လက်နဲ့ဆွဲတင်
ပစ်မှတ်တွေ ညွှတ်ကျ
မင့် ချိန်သားလှပါစေ ဘိုညိမ်းရေ ။

( ၉ )
ဦးတင့် ...
နှစ်ချို့လေ အရသာတက်လေဆိုတဲ့
ဝိုင်လိုကဗျာတွေ စီမံတဲ့ လူကြီး
အရွယ်နဲ့ မလိုက်အောင် စကားလုံးတွေ သယ်နိုင်တဲ့ကောင်ကြီး
တနင်္ဂနွေနေ့တိုင်း သစ္စာတိုင်တေးချင်းတွေ ရွတ်တတ်တဲ့ လူကြီး
နက်ပြာရောင် ကုတ်အကျီ င်္ မကြာခဏ ၀တ်တတ်တဲ့ ကဗျာဆရာရေ ။

ငတို့ ဘယ်ပေါင်ကိုပဲမြှောက်မြှောက်
ဘယ်လက်ကိုပဲ မြှောက်မြှောက်
ဘယ်ဆို ညာ ညာဆို ဘယ် (အံကျ)
အရအမိ ဆုပ်ကြမယ်ကွာ
အလိပ် ၅၀ နော် ဦးတင့် ။

မင့်အတွက် တနင်္ဂနွေနေ့ဟာ သစ္စာ
Swatch နာရီတစ်လုံးဟာ မေတ္တာ
နှစ်တွေချို့လာတဲ့အခါ ကဗျာပေါ့
မဆိုင်တဲ့ အရောင်မှိုင်းမှိုင်းတွေများ
ယောင်လို့တောင်မစွက်မိစေနဲ့
ငါ့လိုလည်း ခွက်အများကြီး မသောက်နဲ့ ပေါ့ကွာ ။

တစ်ချို့တစ်လေက
မစို့မပို့နဲ့ မူးတတ်ကြတယ်ကွ
ကိုယ်ခံအားနည်းတဲ့အခါများ
မင်းတို့ ငတို့လည်း မူးကြတာပါပဲကွာ
ဘာပဲဖြစ်ဖြစ် ကိုယ့်လစ်မစ်နဲ့ ကိုယ်ပေါ့
မင်းလည်း ကဗျာပါးဝပြီးသားပါ ဦးတင့်ရာ ။

မြန်နှုန်းမြင့် ဆက်သွယ်မှုနဲ့
မင့်ရင်ထဲက သစ္စာပန်းတွေပွင့်ဝေတဲ့ည
ဝိုင်တွေနဲ့ တည်ခင်းပြီး
ပုံမှန်လေးပဲ သောက်ကြပါစို့ကွာ ။

(၁၀)
ငါက မင်းတို့ကို ချစ်တယ်
မင်းတို့က ငါ့ကိုချစ်တယ်
ငတို့ရဲ့ ယောကျာ်းချင်းချစ်တဲ့အချစ်မှာ Anti-Virus မလိုဘူး
ငတို့ ချစ်တဲ့ အချစ်မှာ
ငတို့က ချစ်တဲ့အချစ်မှာ
စစ်ဖြစ်ခဲ့ရင်တောင်
ကဗျာတွေနဲ့ ပစ်ကြပါစို့ကွာ ။
(အဲဒီစစ်မှာ မီးတောက်တွေမပါဘူးနော် )

မိုက်သားပြည့်နေတဲ့ ငါတစ်ယောက်
(အဲဒီ မိုက်သားထဲ မင်းတို့ အားတွေလည်းပါတယ် )
ဗော့ဒကာမသောက်တော့ ထူးဆန်းမနေဘူးလား
မင်းတို့အပေါ် ထူးဆန်းတဲ့အချစ်တွေနဲ့ ချစ်လို့ပေါ့ကွာ

မင်းတို့တင် မကတာတွေ အတွက်
ငါချစ်ရတဲ့ သူတွေအတွက်
(အချို့ အချို့ ၊ အချို့သော အချို့သောတွေ အတွက်)
ဒီတစ်ခွက်လောက် မငှဲ့လည်း အကျိုးမနည်းလောက်ပါဘူးနော်
အဆင်ပြေတယ်နော် ဦးတင့် ။

(၁၁)
မင်းတို့ ညှပ်ညှပ်ပစ်ပြီး
ရှည်ရှည်လာနေတဲ့ ဆံပင်တစ်ချို့ရှိတယ်
မညှပ်ပစ်နိုင်ခဲ့ဘူး
သက်တမ်းကုန်တစ်ချို့
အိပ်ရာကနိုးတိုင်း ခေါင်းအုံးပေါ် ကြွေကြွေကျနေတယ်
(တစ်ချို့တစ်လေများ အဲလိုကြွေသွားခဲ့ရင် ငါဝမ်းသာမိကောင်းပါရဲ့)
ဗောက်တွေ ဗလပွနဲ့ အဲဒီဆံပင်ရှည်တွေကို
ငါမြတ်နိုးနေတတ်တုန်းပဲ ဘိုညိမ်းရေ
(နွေရာသီများဆို သိပ်ပူတာပေါ့ကွာ) ။

မျှော်လင့်ချက် သေးသေးနဲ့
အဲဒီ ဆံပင်ရှည်တွေညှပ်တဲ့နေ့
ပေါ့ပေါ့ပါးပါးလေး တစ်ချက်လောက်ပြုံးရသေးတာပေါ့
ဤခရီးမနီးပါ
ကားလည်းမစီးချင်ပါ
ငတို့က ခရီးရှည်ချီတက် ထိုးဖောက်တိုက်ခိုက်နေတာကလား
မဟုတ်ဘူးလား မောင်လွမ်း ။

(၁၂)
မွေးနေ့လက်ဆောင်တဲ့
ငါက မေမေ့ကို ချစ်တယ် မောင်လွမ်းရေ
ပြီးတော့ ကဗျာတွေကို ချစ်တယ် ဘိုညိမ်းရ
နောက်တော့ မင်းတို့ကိုချစ်တယ် ဦးတင့်

မင်းတို့တင်မက သူတို့တွေကိုလည်းချစ်တယ်
ဘယ်လောက်ထိ ချစ်သလဲဆိုရင်
ငါရှိုက်မိတဲ့ အငွေ့တွေကို ပြန်မထုတ်ရဲလောက်အောင်ကို
တုန်တုန်ရီရီ နဲ့ နင့်နင့်စီးစီး ချစ်တာပါကွာ ။

ငတို့ မင်းတို့ ရှုတဲ့လေထဲ
အမိုက်အမဲလေးတွေ မလွှတ်ရဲလောက်အောင်ပဲ
ငါ့အချစ်တွေ ဖြန့်ကျဲပစ်လိုက်မယ်
မိုက်သားပြည့်နေတဲ့ကောင်က
မိုက်သီးတစ်လုံးချွေချပေးလိုက်တယ်
အားပါးတရ ရှိုက်လိုက်ကြစမ်းကွာ
ငါ့ကြောင့် မင်းတို့ အဆိပ်မသင့်စေရဘူးကွ
အဲဒါအရိုးဆုံး လက်ဆောင်တစ်ခုပါ ။

(၁၃)
ငါပြောခဲ့ဖူးပါတယ်
ရင်ဘတ်ခြင်းနှီးနွယ်ဖို့က အရင်းပါလို့
မင်းတို့ ငတို့ ချစ်ခြင်းထဲမှာ
နားလည်မှုသားတွေ ထူပြည့် မို့လျှံနေလေရဲ့ ။

(၁၄)
ခင်ဗျား တစ်ယောက်တည်းစွတ်တင်မနေနဲ့ဦး
ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်
ဟုတ်သလား မောင်လွမ်း
ထွေထွေထူးထူးတော့ မဟုတ်ပါဘူး အာစရိရယ်
ဒီလိုဆို အဆင်ပြေတယ် မဟုတ်လား အာစရိ
မှန်တယ်နော် ဦးတင့်
ဆြာညိန်း အဆင်ပြေရင်ပြီးတာပါပဲဗျို့
အဆင်ပြေပျော်ရွှင်ပါစေဗျာ
အံမှကျပါစ ဘိုညိမ်းရေ ။

(၁၅)
မလိုသည်များကို ဖျက်ပစ်ပါ
မလိုသေးသည်များကို တေးထားပါ
ငတို့ ရင်ဘတ်နဲ့ တစ်ရွက်ပြီးတစ်ရွက်လှန်မယ်
တစ်ထပ်ပြီး တစ်ထပ် စားမယ်
တစ်ချက်ပြီး တစ်ချက် လှော်မယ်
ပြီးတာ့ ရွရွလေး ရွတ်ကြမယ်
ငတို့တွေ မကြွေခင်အထိပေါ့
မနက်ဖြန် ဆိုတာ နေ့သစ်တစ်နေ့ပဲလေ ။

(၁၆)
၂၇ + ၄+ ၉+ ၁၆ = ၀ = ကဗျာ

ဗသားချော

6 January 2010

ခြောက်သွေ့ရာသီ

The Dry Season

The year is withering, the wind
Blows down the leaves;
Men stand under eaves
And overhear the secrets
Of the cold, dry wind
Of the half-bare trees.

The grasses are tall and tinted,
Straw-gold hues of dryness,
And the contradicting awryness,
Of the dusty roads a-scatter
With pools of colourful leaves,
With ghosts of the dreaming year.

And soon, soon the fires,
The fires will begin to burn,
The hawk will flutter and turn.
O, its wing and swoop for the mouse
The dog will run for the hare,
The hare for its little life.

Kwesi Brew

ခြောက်သွေ့ရာသီ

နှစ်ဟာ ရင့်လျော်လာ
အေးမြခြောက်သွေ့တဲ့လေ
သစ်ရွက်တို့ကို ခြွေပေါ့
တံစက်မြိတ်အောင် လူတွေရပ်
တစ်ဝက်ဗလာသစ်ပင်တို့ရဲ့
လျှို့ ၀ှက်စကားကို ကြားရဲ့ ။

မြက်ပင်တို့ ရှည်သွယ်နွမ်းဖျော့
သွေ့ခြောက် ကောက်ရိုးရွှေရောင်များ
ကျဲပြန့်ဖုန်ထူလမ်းများ
ကွေ့ကောက်ဆန့်ကျင်နေကြ
ရောင်စုံသစ်ရွက်အိုင်များ
အိပ်မက်ဆဲနှစ်ရဲ့ တစ္ဆေများဆိုပ။

မကြာမတင် မကြာမတင်
မီးတွေ..မီးတွေ လောင်ကြတော့မယ်
သိမ်းငှက်ကြီး အတောင်ခတ်လှည့်ပတ်
ကြွက်ကို ပျံဝဲထိုးသုတ်တော့မယ်ပ
ခွေးက ယုန်ကိုရဖို့အရေး
ယုန်က သူ့အသက်ဆက်ဖို့အရေး
ပြေးကြပေလိမ့်။

ကွေစီဘရူး

ဂါနာက နာမည်ကျော် ကဗျာဆရာတစ်ဦးပါ။ ခြောက်သွေ့ရာသီမှာ နွေရှုခင်းကို ရိုးရိုးရှင်းရှင်း ဖွဲ့ထားပါတယ်။ ဆိုရရင် ကျနော်တို့ မြန်မာစာပေမှာလည်း နွေဖွဲ့ အင်မတန်များပါတယ်။ ခေတ်ဟောင်းခေတ်သစ် ကဗျာဆရာအသီးသီးက နွေကို တရှိုက်မက်မက် ဖွဲ့ကြလေ့ရှိပါတယ်။ သို့သော်လည်းပဲ ကျနော်တို့ဆီက နွေဖွဲ့နဲ့ ကွေစီဘရူးရဲ့ နွေဖွဲ့ဟာ ကွာခြားနိုင်ပါတယ်။ ကွားခြားတယ်ဆိုရာမှာ အကောင်းအညံ့ နှိုင်းယှဉ်လိုတဲ့ သဘောမဟုတ်ကြောင်း စကားခံပါရစေ။

ခြောက်သွေ့ရာသီလို ၀န်းကျင်ဖွဲ့ကဗျာတွေရေးတဲ့အခါ ကဗျာဆရာ တစ်ယောက်နဲ့တစ်ယောက် ကွာခြားရတာဟာ သူတို့ကျင်လည်ရာ သဘာ၀၀န်းကျင်၊ လူမှုဝန်းကျင်တို့ မတူညီကွဲပြားတာနဲ့ ဆက်စပ်မယ်ထင်ပါတယ်။ လူမှုဝန်းကျင်မှာပဲ ခေတ်စနစ်အခြေအနေ၊ နိုင်ငံရေး စီးပွားရေးအခြေအနေတို့ အကြုံးဝင်ဦးမှာပါ။ ကျနော်တို့ နှုတ်ဝယ်ရွရွ အာဂုံဆောင်ခဲ့ကြတဲ့ ရှေးကဗျာလင်္ကာတွေထဲမှာတော့ နွေဟာ မပါမဖြစ် ဇာတ်လိုက်ကျော်ကြီးပါပဲ။ သူတော်စင်မထေရ်တို့တောင် ဖြေမဆည် မျက်ရည်ဆို့ရတယ်လို့ အဆိုရှိတဲ့ နွေရဲ့ သာမောဖွယ် သဘာဝအလှတရားက ခေတ်အသီးသီးက စာဆိုတို့ရဲ့ စိတ်နှလုံးကို လွှမ်းမိုးခဲ့ပါလိမ့်မယ်။ ပုရစ်ဖူးပုရစ်နုလေးတွေ ထွက်ပြူတာကအစ တောင်သူဓလေ့ ယာမီးကြွေ့တာအဆုံး အရာရာဟာ ကြည်နူးဖွယ်ရာ ရှိနေပါလိမ့်မယ်။ မြန်မာ့လူမှုဝန်းကျင် နွေရဲ့ဇာတ်ခုံပေါ်မှာတော့ ယေဘုယျအားဖြင့် အနိဌာန်ရုံတို့ ကင်းပနေတယ်လို့ပဲ ဆိုရမှာပါ။ ဒီတော့ ကျနော်တို့ဆီက နွေဖွဲ့အများစုဟာလည်း ကြည်နူးဖွယ် ဆွတ်ပျံ့ဖွယ် အအေးဓာတ်လေးတွေ ကိန်းနေလေ့ရှိတာပေါ့။

ကွေစီဘရူးတို့ နိုင်ငံတည်ရှိတဲ့ အာဖရိကမှာတော့ ဖိနှပ်ချုပ်ချယ်မှုတွေ၊ ရောဂါဘယကပ်ဆိုးတွေ၊ ခေတ်နောက်ပြန်ဆွဲမှုတွေ ဒင်းကြမ်းရှိနေပါတယ်။ ကွေစီဘရူးဟာ ဒီလိုလူမှုဝန်းကျင်းမှာ ကြီးပြင်းလာရတဲ့ ကဗျာဆရာဆိုတော့ သူ့ရဲ့ နွေဖွဲ့ကဗျာဟာလည်း သူ့လူမှုဝန်းကျင်ကို ရောင်ပြန်ဟပ်စေပါတယ်။

ပထမပိုဒ်မှာ သူဟာ နွေကို ရိုးရိုးလေးဖွဲ့လိုက်တယ်။ ရာသီစက်ဝန်းတစ်လျှောက် ခရီးနှင်နေရတဲ့ အချိန်(နှစ်)ဟာ နွေကိုဆိုက်ရောက်လာတော့ အတော်ကို ရင့်လျော်ညှိုးလျော်နေပါပြီတဲ့။ အေးမြတယ်ဆိုပေမဲ့ ရေခိုးရေငွေ့ကင်းစင်တာမို့ လေကခြောက်သွေ့နေတာပေါ့။ အဲဒီလေက တိုက်ခြွေထားလို့ သစ်ရွက်တွေလည်း တုံးလုံးပက်လက် လဲနေကြတယ်။ သစ်ရွက်တွေ ကြွေတချို့ ကျန်တချို့ ရှိနေတာကို ကဗျာဆရာက တစ်ဝက်ဗလာသစ်ပင်လို့ သုံးလိုက်ပါတယ်။ သစ်ရွက်ခြောက်တွေကြား လေတိုးတော့ တရှဲရှဲမြည်ပါလိမ့်မယ်။ ဒါကို တွတ်ထိုးတယ်၊ စကားတီးတိုးဆိုတယ်လို့ပဲ အများစု ဖွဲ့ကြလေ့ရှိပါတယ်။ ကွေစီဘရူးကတော့ ‘လျှို့ ၀ှက်စကား’ ဆိုတဲ့အသုံးနဲ့ လတ်ဆတ်စေပါတယ်။

ကွေစီဘရူးတွေ့နေရတဲ့ နွေရဲ့ ရှုမျှော်ခင်းဟာ တပြန့်တပြောကြီး မဆုံးနိုင်အောင်ပါပဲ။ နွေရဲ့အပူဒဏ်ကြောင့် ညှိုးလျော်နွမ်းဖျော့နေတဲ့ မြက်ပင်ရှည်တွေကို ကောက်ရိုးရွှေရောင်တွေ စွန်းနေတယ်တဲ့။ ဖုန်ထူထူလမ်းတွေကလည်း ဟိုသည်ကျဲပြန့်နေကြတယ်၊ ကွေ့ကွေ့ကောက်ကောက်နဲ့ ကိုးရိုးကားယား ရှိနေကြတယ်တဲ့။ သစ်ရွက်ခြောက်တွေ အများကြီးစုပုံနေတာကို သူက ‘သစ်ရွက်အိုင်’ လို့ သုံးလိုက်ပါတယ်။ သစ်ရွက်ခြောက်တွေမှ မနည်းမနောကြီး၊ အိုင်ထွန်းနေတာပဲလို့ ဆိုလိုက်ပုံပါ။ အဲဒီသစ်ရွက်ခြောက်တွေရဲ့ မတည်မြဲတဲ့ မရေရာတဲ့ အားအင်မပြည့်တင်းတဲ့သဘောကိုယူပြီး အိပ်မက်ဆဲနှစ်ရဲ့ တစ္ဆေများလို့ ထပ်မံညွှန်းဖွဲ့ပါတယ်။

ဒီအထိတော့ သူ့ရဲ့ နွေဖွဲ့ဟာ ပုံမှန်ဖွဲ့ဆိုနေကျ ရှုခင်းရှုကွက်များပါပဲ။ ခြောက်သွေ့တဲ့ ပျင်းရိညည်းငွေ့စရာကောင်းတဲ့ မျှော်လင့်ချက်မဲ့ေ၀၀ါးနေတဲ့ မှိုင်းပျမြင်ကွင်းများပါပဲ။ နောက်ဆုံးအပိုဒ်မှာတော့ ကဗျာဆရာဟာ သူပြောချင်တဲ့ ဘ၀တိုက်ပွဲ(သို့) သူတို့ကြုံတွေ့နေရတဲ့ လူမှုဘ၀တွေကို ရုတ်တရက် လန့်ဖျတ်ပေါ်လွင်လာစေခဲ့တယ်။ ကြည့်ပါဦး။ မီးတွေ..မီးတွေ လောင်ကြတော့မယ်။ လောင်တာမှ သိပ်ဝေးတဲ့အနာဂတ်မှာ မဟုတ်ဘူး။ မကြာမတင်လေး…မကြာမတင်လေးမှာကို လောင်တော့မယ်တဲ့။ တောမီးလောင်တော့ တောကြောင်တွေ လက်ခမောင်းခတ်တော့မဲ့အချိန်ပေါ့။ သိန်းငှက်နဲ့ အမဲလိုက်ခွေးကို ကဗျာဆရာက ဆွဲယူသရုပ်ဆောင်စေတယ်။ မြေပြင်ပေါ်က လယ်ကြွက်မြေကြွက်တွေကို သိန်းငှက်တွေက ဝေဟင်ကနေ ပျံဝဲထိုးသုတ်ကြတော့မယ်။ အစားမခံရအောင် လွတ်အောင် ပြေးကြရှောင်ကြပေရော့။ အမဲလိုက်ခွေးကလည်း ထို့အတူပဲ။ သူ့အစာအတွက် ယုန်ကိုလိုက်နေတယ်။ ယုန်ကလည်း သူ့ဘ၀လေးရပ်တည်နိုင်ဖို့ သူ့အသက်လေးဆက်နိုင်ဖို့ လွတ်အောင်ပြေးရရှာတယ်။ သတ္တ၀ါအပေါင်းဟာ ဒီလိုပဲရုန်းကန်ရှင်သန်နေရတယ်။ အားကြီးသူက အားနည်းသူအပေါ်နိုင်စားတယ်။ နိုင်သူကျန်ရစ်မယ်ဆိုတဲ့ တောရဲ့ ဥပဒေသဟာ လူတွေ ကျင်လည်နေထိုင်တဲ့ဝန်းကျင်မှာကို ခုထိရှိနေတုန်းဖြစ်တယ်။ ဒီသဘောကို ဆရာကြည်အောင်ကလည်း ‘တောရဲ့ တရား’မှာ ဒီလို ရေးခဲ့ဖူးပါတယ်။

တောရဲ့ တရားဟာ
အားကောင်းသူ ရှင်မယ်
အားနည်းသူ သေမယ်။

ဂျာမန် နစ်ရှေး ဖြစ်ဖြစ်
အင်္ဂလန် ဒါဝင် ဖြစ်ဖြစ်
နှစ်ဆယ်ရာစုနှစ်ရဲ့ တောကြီးထဲမှာ
ဒီတရားဟာ ရှင်သန်ဆဲ။ (တောရဲ့တရား ကဗျာမှ)

ကွေစီဘရူးဟာ လေပြေခြွေလို့ သစ်ရွက်လေးတွေကြွေတာကနေ သတ္တ၀ါတွေရုန်းကန်လှုပ်ရှားနေရတဲ့ပုံရိပ်၊ အားကြီးသူနဲ့ အားနည်းသူတို့ရဲ့ ပဋိပက္ခပုံရိပ်တွေထိ ဆွဲယူသွားလေတော့ သူ့နွေဖွဲ့ဟာ ၀န်းကျင်ဖွဲ့တွေထဲမှာ မတ်တပ်ထွက်ရပ်နေတော့တာပေါ့။

ညိမ်းညို

4 January 2010

ရနံ့များ

ရနံ့ ၁

တိမ်နံ့တသင်းသင်း
ရယ်သံလွင်လွင်လေးက
ကောင်းကင် မြေပြင် စုံလင်သက်ဝင်စွာ
သစ်တော်သီးတစ်လုံးထဲမှာ
သစ္စာတရားတွေ ထည့်ထားကြောင်း
သူ့လက်ရေးဝိုင်းဝိုင်းလေးမှာ
သံယောဇဉ်သိပ်သည်းဆတွေ ထူထပ်ကြောင်း
ဝတ်ရည်အပြည့်နဲ့ ကိုင်းညွှတ်နေတဲ့ ပန်းကလေး
လွမ်းတေးမဆိုတော့ပါ
မျက်ရည် ဂီတ၊ အိပ်မပျော်သောညများ
ရီပို့ကဒ်အမှတ်စာရင်းများနှင့် အတန်းရှေ့ထွက်ရပ်ရခြင်းများ
ကျွန်တော့်ငယ်ဘ၀လေးကို ဆယ်ယူလိုက်တဲ့အခါ။


ရနံ့ ၃


မြေအောက်လှိုဏ်ခေါင်းတွေထဲ
ကြွက်ကလေးများလို ကုပ်ချောင်းချောင်းလျှိုဝင်
ထမင်းစားဖို့ အလုပ်လုပ်တယ်
ငါတို့ကျောင်းပိတ်ရက်များ၊

သင်ရိုးညွှန်းတမ်းတွေထဲ
ကြက်ကလေးများလို ရတတ်သမျှကျင်ယက်ယူငင်
လူတစ်ယောက်ဖြစ်ဖို့ ပညာသင်တယ်
ငါတို့ ကျောင်းဖွင့်ရက်များ။


ရနံ့ ၎


မုန့်ဖိုး
တစ်ရက် ၅ကျပ်
ကိုယ့်အထွာနဲ့ကိုယ်မို့ ဖြေတတ်ခဲ့ပါ၊

မာရီယိုမှို အသဲစွဲ
တစ်နာရီ ၃၀
ရပ်ကွက်ထဲက ဂိမ်းဆိုင်ကလေး
တစ်ပတ် ခြောက်ရက်မျှ ငေးနေရုံသာ။


ရနံ့ ၅

တစ်ဘ၀လုံး လင်းခဲ့
မိသားစုဖယောင်းတိုင်လေး
ဘယ်တော့မှ မီးစာမကုန်ဘူး
မြိန်မြိန်ယှက်ယှက်
ထမင်းအနပ်တိုင်းမှာ ရင်ငွေ့နဲ့ အာငွေ့နဲ့
မိဘမေတ္တာထမင်းဆိုင်က မိုးအလင်း ၂၄နာရီ
အရူးအမူးပဲ
လမ်းတွေပေါ် အတင်းပြေးပြေးတက်
ဆာလောင်မှုက ခရီးထွက်မယ်ဆိုတာချည်း
ဆံရှည်ဂုတ်ဝဲနဲ့ နေလောင်အိပ်မက်နဲ့
တစ်မြို့တစ်ရွာ နာခဲ့ဖူးဖျားခဲ့ဖူး
ကုန်းလမ်းရေလမ်း မှောက်ခဲ့ဖူးနစ်ခဲ့ဖူး
သူ့မာနနဲ့သူ ပျော်ဝင်ကူးခတ်လို့
ချို့ချို့တဲ့တဲ့ ကြွယ်ဝခဲ့ဖူး
အမေက အလွမ်းနဲ့မျှားယူလိုက်တဲ့အခါ
အခန်းလေးထဲ အိမ်ရနံ့ဟာ တဇတ်ဇတ်ခုန်လို့
ဖျားတယ်
ကိုယ်တစ်ယောက်ထဲ မိုးလင်းမိုးချုပ်။

ညိမ်းညို

မေးထူးခေါ်ပြော

ငါတို့နင်းနေတာ ကြမ်း
လမ်းမဟုတ်ဘူး
များများနင်းရင် များများကျွံတယ်။

မြေကိုလည်း မထိရဲ
လေကိုလဲ မထိရဲ
ရေကိုလဲ မထိရဲ
အရာရာမှာ ရှော့ခ်ရှိတယ်။

ဖြစ်ရပုံက
ရိုးရိုးကျင့် မြင့်မြင့်ကြံ
အလုပ်ဟူသမျှ ဂုဏ်ရှိစွ
သမ္မာအာဇီဝကျကျ ငတ်ကြီးကျတယ်။

တရားဆိုချိန် စကားချိုမြိန်
ခြေမမကောင်း ခြေမ
လက်မမကောင်း လက်မ
မှတ်ချက်။ ငါ့လက်မ မပါက ဘယ်ရွေ့ဘယ်မျှ၊

ညိမ်းညို

1 January 2010

နှစ်သစ်ဆုမွန်

၂၀၀၈
ချန်ရစ်ကြစို့
အတ္တ၊ မာန ကင်းပကြဉ်ခွာ။

၂၀၀၉
ရှေ့တိုးလှမ်းစို့
ပရ၊ ဉာဏ လင်းမြညီစွာ။

ပြီးခဲ့တဲ့နှစ်တုန်းက ဒီကဗျာလေး ရေးဖြစ်ခဲ့တယ်။ ခုတိုင်အောင်လည်း ဒီဆုကိုပဲ လိုလားတောင့်တမိပါတယ်။ အတ္တ ပရ သဟဇာတကျကျ ညီညွတ်လှပချင်တယ်။ မာန်မာနအဖုအထစ်နဲ့ တင်းခံပိတ်ဆို့စေတဲ့ အရာကိစ္စတိုင်း သင်ကြားမှုတိုင်းမှာ ရိုးဖြောင့်တဲ့စိတ်အခံ၊ တွေးခေါ်ဆင်ခြင်နိုင်စွမ်းတဲ့ အသိနဲ့ အစားထိုး ဖြေရှင်းနိုင်ချင်တယ်။ ၂၀၀၉ မှာ ပျော်ရွှင်ကြည်နူးခဲ့ရတာတွေအတွက် မိဘ ညီအကိုမောင်နှမများနဲ့အတူ ဆရာ၊ဆရာမများ သူငယ်ချင်းမိတ်ဆွေများအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။

အထိအခိုက် အရှအနာကင်းသော စစ်ပွဲရယ်လို့တော့ ဆုတောင်း၍ ရကောင်းမည် မထင်ပါ။ စစ်ပွဲတွေမဖြစ်ကြခြင်းကသာ အထိအခိုက် အရှအနာကင်းဖို့ အသင့်တော်ဆုံး နည်းလမ်းဖြစ်မယ် ထင်ပါတယ်။ တစ်ဦးဆိုင်နာမ် စစ်ပွဲကလေးတွေကနေ အများဆိုင်နာမ် စစ်ပွဲကြီးတွေအထိပေါ့။

စာသင်ကျောင်းတွေမရှိသေးတဲ့၊ စာပေနဲ့ ဘာသာစကား မတွေ့ရှိသေးတဲ့၊ အသိအမြင် ဘာသာတရားမထွန်းကားသေးတဲ့ ဟိုးကျောက်ခေတ်တွေတုန်းကတော့ လူတွေဟာ ကိုယ့်ကိုနာကျင်အောင်၊ ထိခိုက်အောင် လုပ်လာတယ်လို့ ယူဆရင် ကျောက်ချွန်ကျောက်သွားတွေ ကျောက်လက်နက်တွေကို အရင်သတိရတတ်တာ သဘာဝကျမှာပါ။

အာကာသယာဉ်တွေစီးပြီး ကျောက်ခေတ်ကို ဘက်ဂီယာပြန်မထိုးမိဖို့ ကျနော်တို့ ကျနော်တို့ချင်းပဲ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း စကားတွေပြောကြရအောင်။ ဘာမဟုတ်တဲ့ လက်နက်တွေကို ကိုယ်စားမပြောခိုင်းကြေး။ ကျနော်တို့ ကျနော်တို့ချင်းပဲ ကဗျာတွေ စာတွေရေးပြီး နွေးထွေးကြရအောင်။ ဘာမဟုတ်တဲ့ လက်နက်တွေကို ကိုယ်စားမပြောခိုင်းကြေး။ ကျနော်တို့ ကျနော်တို့ချင်းပဲ ထမင်းအတူစားရင်း၊ သစ်ပင်အတူစိုက်ရင်း၊ ဘောလုံးအတူကန်ရင်း သူ့ဝမ်းကိုယ့်ဝမ်း မြိန်စေကြရအောင်၊ သူ့ခြံကိုယ့်ခြံ စိမ်းလန်းစေကြရအောင်၊ သူ့ခွန်အား ကိုယ့်ခွန်အား ဖွံ့ဖြိုးစေကြရအောင်။ ဘာမဟုတ်တဲ့ လက်နက်တွေကို လူစွာ ၀င်မလုပ်ခိုင်းကြေး။ တွေးခေါ်ပြီး ဆင်ခြင်ပြီး ကြံဆပြီး အလုပ်တွေလုပ်ဖို့ ဦးနှောက်ကို ညှစ်ကြရအောင်။ စာနာပြီး အပြန်အလှန်ဝေမျှပြီး ယုံကြည်နားလည်ပြီး အလုပ်တွေလုပ်ဖို့ နှလုံးသားကို ညှစ်ကြရအောင်။ မောင်းခလုတ် ညှစ်ရတာထက် လေးနက်တဲ့ ပျော်ရွှင်မှုကို အတူတူ ရှာကြရအောင်။ လက်နက်တွေနဲ့ အကြောက်တရားရဲ့ လွှမ်းမိုးမှုအောက်မှာ လူအဖြစ်ရဲ့ ဂုဏ်သိက္ခာနဲ့ အသိဉာဏ်တို့ မသိမ်ငယ်ပါရစေနဲ့လား။


နံနက်ခင်းသို့ ဖြူရှင်းလင်းမြစေ… ညခင်းတို့ မြူကင်းဝင်းပစေ...

"ကွာလှမ်းသော်ငြား
သင့်အိမ်အားလောင်မြိုက်သောမီးသည်
ငါ့ရင်ကို လာဟပ်သဖြင့်
တရပ်တရွာတည်းဖြစ်ကြောင်း
ငါယုံပြီ".....မင်းမြင့်ဇင်

ရွက်နုတို့ ဝေပါစေ
မျိုးဆက်သစ်တို့ ဝေပါစေ၊

မိုးတွေ စွေပါစေ
ဂရုဏာတရားတွေ စွေပါစေ၊

နှင်းတွေ ဖွေးပါစေ
ချစ်ခြင်းမေတ္တာတွေ ဖွေးပါစေ၊

နေမင်းကြီး ထွန်းလင်းပါစေ
ဉာဏ်ပညာအပေါင်း ထွန်းလင်းပါစေ၊

လမင်းကြီး သာပါစေ
စာနာမှုတရားတို့ သာပါစေ၊

ဆွေးနွေးရင်းငြင်းခုံ၊ ငြင်းခုန်ရင်းဆွေးနွေး
ညီအကိုတို့ ဖေးမနိုင်ပါစေ၊

ပေါင်းစီးရင်းကွဲလွဲ၊ ကွဲလွဲရင်းပေါင်းစည်း
ညီအကိုတို့ သွေးနီးနိုင်ပါစေ၊

တိုင်ပင်ရင်းအဖြေရှာ၊ အဖြေရှာရင်းတိုင်ပင်
ညီအကိုတို့ ချစ်ခင်နိုင်ပါစေ၊

သင်ယူရင်းတည်ထောင်၊ တည်ထောင်ရင်းသင်ယူ
ညီအကိုတို့ စိတ်တူကြည်ဖြူနိုင်ပါစေ၊

နားလည်ရင်းခွင့်လွှတ်၊ ခွင့်လွှတ်ရင်းနားလည်
ညီအကိုတို့ ပြုံးရယ်ပျော်ရွှင်နိုင်ပါစေ၊

မရဏံ ဓူဝံ
ဇိဝိတံ နဓူဝံ။
သေခြင်းတရားကား မြဲ၍
အသက်ရှင်ခြင်းကား မမြဲ၊

ရှင်တုန်းခဏ တွေ့ကြခိုက်မှာ
လက်တွေ ခိုင်ခိုင်မြဲနိုင်ပါစေ
လက်တွေ ခိုင်ခိုင်တွဲနိုင်ပါစေ
စိတ်ဝမ်းလက်ညီ ပြည်သစ်တည်နိုင်ပါစေ။

ညိမ်းညို