မောင်စွမ်းရည်
အရုဏ်အတက်
ကုလားတက်ခေါက်သံကြားတော့
သားနိုးနေပြီအမေ။
သားကဧည့်သည်
အမေ့အိမ်မှာ သားဟာ
ဧည့်သည်ပါ။
အိမ်ကထွက် ရွာဘက်ကခွာ
မြို့ကိုတက် ပညာရှာ
နှစ်သုံးဆယ်ကြာတော့
ပညာပါမက ကြင်ယာပါမက
ရင်အနာပါရခဲ့ပေါ့။
အသက်က လေးဆယ်လွန်
မျက်မှန်တစ်လက် ဂုဏ်နဲ့စက်ပြီး
မနက်က၀ယ်လာ ညနေမှာတပ်
ရပ်ရွာကိုတွေး စာကိုရေးတော့
ကလေးကလားနဲ့ သားရဲ့ဝါသနာ
(ခွင့်လွှတ်ပါ)
အမေ့ဖို့စာ ကဗျာနဲ့ပဲ ရေးမိတယ်။
တစ်ခုသောည
ညဉ့်နက်လှပြီ
ရှိသမျှမြေးသား
လသာသာ ကွင်းကျယ်ကျယ်
မျောက်အုပ်အလယ် ယုန်ရောက်သလို
ခုန်ခုန်ပေါက်ပေါက်နဲ့
မီးတောက်အောင်ကစားလို့
မောမှသာနား၊ အိပ်သွားကြပြီ။
နွားနှစ်ကောင် စာမြုံ့ပြန်လို့
ခြူသံကြိုးကြား
အမြီးဖျား တဖျပ်ဖျပ်
ခြင်ယပ်တာလည်း ကြားရပြီ။
အမေရယ် သားရယ်
ရေနွေးကရားရယ်
နွားလှည်းအိုထက်၊ ကြယ်ပြိုးပြက်မှာ
ထန်းလျက်တစ်ကိုက် ရေနွေးတစ်ကျိုက်
လျောင်းလိုက်ထိုင်လိုက်
တိုးလိုက်ကျယ်လိုက်နဲ့
မငိုက်စတမ်း မသမ်းမဝေ
စကားအထွေထွေကို
သားနဲ့အမေ၊ မနားမနေပြောခဲ့ကြ...
အဲဒါတွေ သတိရပြီး တစ်စကဗျာ
သီမိပါခဲ့။
ဆွေကြီးမျိုးကြီး
သွေးသောက်ကြီး၊ ခုံမင်းကြီး
မြို့သူကြီး၊ ရွာသူကြီး
မြေရှင်ကြီး၊ ထန်းရှင်ကြီး
ဘိုးကြီးဘွားကြီးများ
ဘုရားထူးခံကြတဲ့အကြောင်း။
ငွေဓားတစ်ချောင်း ကြေးမောင်းတစ်လုံး
နှစ်လုံးပူးသေနတ်နဲ့ လက်မှတ်ရရွာသူကြီး
နှစ်ဖက်သော ဘိုးကြီးတွေ
ဘယ်မြေဘယ်ကမ်း ဘယ်ထမ်းဘယ်ထင်း
ဘယ်ကွင်းဘယ်ရိုး ဘယ်ကိုလက်ညှိုးထိုးမလဲ
မလွဲတမ်းပိုင်ကြ
မြေစု မြေခွန် မြေကျွန်တွေ တရုန်းရုန်းနဲ့
သုံးမကုန်လှူမခန်း၊ ချမ်းသာစွဆိုတဲ့အကြောင်း...။
မြို့ကြီးနဲ့ကွာ ကျေးတောရွာမှာ
တူတန်တာမရှိ ပျင်းရိအားယား
လူပျိုကြီးအပျိုကြီး၊ ဦးကြီးဒေါ်ကြီးများကြားမှာ
ဟောဒီကသား
ဘယ်ရာသီ ဘယ်လိုဖွားလို့
ဘယ်အခါ ဘယ်လိုဖျားပြီး
ဘယ်အရွယ် ဘယ်လိုစကားနဲ့
ဘယ်လိုသွား ဘယ်လိုလာတဲ့အကြောင်း။
ဂျပန်ခေတ်က
ဖက်ဆစ်ဂျပန် တော်လှန်သူများ
မောင်များမတ်များ တူသားများဟာ
ယခုအခါ ရွာအရှေ့ထိပ်၊ ညောင်ညိုရိပ်မှာ
ကာကီအင်္ကျီ ကိုင်းမှာချိတ်
ပြောင်းဖူးဖက်ဆေးလိပ်နဲ့
ပုတီးစိပ်သူ စိပ်တဲ့အကြောင်း။
ထန်းရေအိုးကိုဖက် ထန်းရွက်ကိုခင်း
ထန်းပင်ရင်းမှာ အိပ်သူအိပ်တဲ့အကြောင်း။
တစ်ချို့က ထွန်စက်မောင်း၊ တစ်ချို့က ထွေလာမောင်း
ပြောင်းရိုးစဉ်းစက် ခုတ်သူခုတ်။
တစ်ချို့ပိန် တစ်ချို့ဝ
တစ်ချို့က သမ၊ တစ်ချို့က ၀ိသမ။
တစ်ချို့က အရည၀ါသီ
တစ်ချို့က ဂါမ၀ါသီ
နီသူနီ ပြာသူပြာ၊ ၀ါသူဝါ
မဟာဆွေအစ၊ မဟာစည်အစ
ဗကျန်း(ငမိုး)၊ သာနိုး(ဆံရှည်)
ကျူသေကျူရှင်၊ ဗေဒင်ယတြာ
ရိပ်သာအဆုံး..၊
အမုန်းအချစ်၊ ကဗျာသစ်စာသစ်
အညှစ်အသတ်၊ အပစ်အခတ်နဲ့
အညစ်အပတ်များအကြောင်း။
ဆရာလွမ်းမှသည် ဆရာစွမ်းအထိ
ခင်မောင်ရင်မှသည် ခင်မောင်ချင်းအထိ
ကျီးသဲလေးထပ်မှသည် ကမ်းနားခြောက်ထပ်အထိ
ဗန်းမော်ဆရာတော်မှသည် ဗန်းမော်တင်အောင်အထိ
အင်းယားကန်မှသည် ကြာနီကန်အထိ
စိုင်းထီးဆိုင်မှသည် ကွမ်းယာဆိုင်အထိ
ဘိန်းဖြူမှသည် ဘိန်းပြာဘိန်းဝါအထိ
မှတ်မိမှတ်ရာ ဖတ်မိဖတ်ရာ
စပ်မိစပ်ရာတွေအကြောင်း။
အမေရယ် ကျွန်တော်ရယ်
ဗန်းမော်တင်အောင် ထောင်ကအထွက်
ထန်းလျက်ကျွေးရင်း ရှေးဟောင်းနှောင်းဖြစ်
"လွမ်းရစ်တော့ သက်လှယ်ရယ်.."
"ဘုန်းမောင်တစ်ယောက်ထဲရယ်"
"..........တော့ကာသာဘဲရယ်"
ငယ်စာ ငယ်စကား သားနဲ့အဖေ
စာတွေပေတွေထဲမှာ သူရဲကောင်းရှာခဲ့တဲ့အကြောင်း။
အဖေရယ် ကျွန်တော်ရယ်
လယ်ပြင်ပေါ် ပြောင်းခင်းကြား
ပြောင်းဖူးဖုတ်စားရင်း
သေနတ်နဲ့ဓား တစ်လှည့်စီကစား
သားတစ်ပြန် ဘတစ်ပြန်
အအုပ်နဲ့အခံ ကာရန်ကစားခဲ့ကြတဲ့အကြောင်း။
ညီငယ်နဲ့ကျွန်တော်
လျှော်ခွာတဲ့ ချောင်းအစပ်
မနော်နွယ် ဘင်္ဂလား
သရက်ရွှမ်းများ ခတ်ရင်း
နောင်သိဒ္ဓတ် ကြာခြည်လှပ်ဆဲ
စိတ်ပြတ်တဲ့မင်းနန်၊ နောင်တော်ကိုချန်
ဆံတော်ကိုမချ သပိတ်သံမပြဘဲ
နိက္ခမကျင့်တဲ့အကြောင်း။
မိခွေးရယ် မိအေးရယ်
ကျွန်တော်ရယ် င၀က်ရယ်၊ အဒေါ် ဒေါ်ကြွက်ရယ်
ကြက်သွန်ခင်း ရေလောင်း၊ ဆေးခင်း ပေါင်းပေါက်
ဝါကောက်ပဲတူး၊ ဆေးခူး ဆေးလှန်း
ထမင်းကြမ်းနဲ့ ထန်းရည်ချို
ချိုချိုမွှေးမွှေး အသည်းအေးအောင်
အမြဲလွေးကြတဲ့အကြောင်း။
ဝါခင်းအစပ် မားမတ်တဲ့ပင်လက်ပံ
ဆက်ရက်တွေ ချိုးတွေ ညိုးညိုးညံတော့
ရွာအပြန် ခရီးတစ်ထောက်
လက်ပံပွင့်ကြွေ လေထီးတွေကို
သမီးတွေနှစ်ယောက် သားတစ်ယောက်
လုယက်လို့ကောက်ကြ
သုံးယောက်ရဲ့အသံ တောလုံးလျှံ
ကိုးယောက်လို ညံတဲ့အကြောင်း။
ဘိုးဘွားကုသိုလ်၊ ကန်ပေါက်လျှိုစောင်း
နွားသိုးနှစ်ကောင်၊ ဖိုးမောင်ကျောင်းလို့
ထနောင်းလည်းတုံး၊ ထန်းလည်းပြုန်းတဲ့
သင်္ချိုင်းကုန်းက သုံးပင်ဇရပ်
ကြက်လျှာဆူး နဘူးပတ်ချိန်
သွပ်ချပ်အမိုးကို သူခိုးတွေခွာတော့
မြို့ပေါ်မှာ သေတ္တာဖြစ်၊
ရွာဦးကျောင်းက ခေါင်းလောင်းတွေလည်း
မမြဲအနိစ္စ၊ သင်္ခါရနယ်ထဲ
လှည်းသမား ထွန်စက်မောင်း
ရွာခေါင်း ရပ်ခေါင်း၊ ဘာခေါင်းမှ မကျန်ရစ်၊
ကဗျာမှာ စာမှာ၊ ငါ-ငါ-ငါနဲ့
ငါ-သူတစ်ပါး၊ ကျားကျား မမ
တစ်နေ့ကျတော့
သင်္ခါရတံခါးပေါက်ကို အလျားမှောက်ပြီး
ခေါက်ရမှာ ဖြစ်တဲ့အကြောင်း။
ဟိုအကြောင်း ဒီအကြောင်း
အကြောင်းမျိုးစုံ ဖြစ်မျိုးစုံ
ပြောမကုန် မရိုးနိုင်
သန်းခေါင်တိုင် သန်းလွဲကျော်
ကျွန်တော်အသိသား
စကားဟာ ပဓာနမဟုတ်ဘူးလို့။
ဒီသား...
အကြီးသား ဘရီးဘရား
တဒီးလွှားလွှားနဲ့၊ မကြီးပွားသူ
ခရီးသွားနက္ခတ်နဲ့၊ ယှဉ်ကပ်လို့ဖွား
ဗွေပါတဲ့ဖ၀ါးနဲ့ အဝေးဆုံးသွား
အငေးဆုံးသား
အမေ့နားကို ကြိုးကြားရံခါ
ခဏသာ လာတဲ့သူ။
သားဖြစ်သူအပါးက
သွားချေ၊ နားချေ၊ အိပ်ပါချေဆိုပေမယ့်လည်း
အမေမသွား၊ အမေမနား
သားသက်လျာကို ကြုံလာတုန်းမှာ
ပြုံးကာရယ်ကာ ပုတ်ခတ်ကာနဲ့
ကြည့်ကာမဝ
သန်းခေါင်ကျော် သန်းလွဲကျမှ
ခဏဖယ်ခွာ
အမေ မှေးရုံမှေးရှာတယ်။
အရုဏ်အတက်၊ ကုလားတက်သံအကြား
နွားစာအကျွေး၊ ဆန်အဆေး
မြေးတစ်ယောက်ကိုနှိုး
တီးတိုးတီးတိုးနဲ့၊ ရွာရိုးကိုလျောက်ခဲ့
သားမြေးတွေသောက်စရာ
နွားနို့ရှာ ဆိတ်နို့ရှာ
သကာလုပ် မုန့်ဖုတ်
အမေအလုပ်ရှုပ်ခဲ့ပြီ။
ခေါင်းပေါ်မှာ တဘက်တင်
အိမ်စဉ်အနှံ့သွား
ယုန်သားဝယ်၊ ဂျုံသကြားဝယ်
ရက်ကန်းရှယ်သလို
ရွာလယ်ရွာရိုး၊ လွန်းထိုးလာသွား
ငှားလိုက်ချေးလိုက်၊ ကျွေးလိုက်တိုက်လိုက်
ချက်ပြုတ်လိုက်နဲ့ ချွေးပြိုက်ပြိုက်ယို
အမေအို
သားကိုကျွေးလို့ မောတယ်မရှိ။
သြော်...ခုအခါ အမေ့ရွာ သားမရောက်
သုံးနှစ်လောက်ကြာခဲ့ပြီ။
အမေ့စာ
သားအမြန်လာတဲ့
ပြေးဟာ လွှားဟာ၊ ရုန်းဟာ ကန်ဟာနဲ့
ကဗျာတစ်ပုဒ်၊ စာတစ်ဆုပ်
လက်လုပ်လက်စား အမေ့သား
ဓားတောင်မဆီး၊ မီးပင်လယ် မခြား
အမေ့ခေါ်သံ ကြားသော်လည်း
ဝမ်းသမုဒ္ဒရာ၊ အူဂင်္ဂါခြားတာကြောင့်
သားမလာ မြေးမလာ
ကဗျာတို ပူပုံပန်းနဲ့
စာတစ်ညို လူကြုံကမ်းရတယ်။
အမေစားဖို့
ဘားပလက် တစ်ဘူး၊ နှစ်ဘူး
ဂကူးဘိုး တစ်ထုပ်စ၊ နှစ်ထုပ်စ
တစ်နှစ်မှ တစ်ခါနှစ်ခါ
စတိသာပို့အားတဲ့ သားခမျာ
အမေပေးတဲ့ ဆယ့်လေးတန်းပညာနဲ့
မြို့ပေါ်မှာသောင်တင်
ကလောင်မင် အက်ဆစ်စွက်
ဟိုပက်ဒီကော်
တစ်နေ့သော် ပိုင်နိုးနိုင်နိုးနဲ့
ဝေဖန်ရေး ကျားဆိုးကို
အားကြိုးမာန်ခဲ အမြီးကို ဆွဲမိပေါ့။
သြော်...အမေ့ရွာ သားမရောက်
သုံးနှစ်လောက်ကြာ သုံးဝါရွေ့ဆိုင်း၊
"မလာဖြစ်နိုင်ဘု
ဝါခေတ် တစ်ခါကုန်တော့" ရယ်လို့
တေးအကြုံ ရှေးပုံနဲ့ လွမ်းလိုက်ကဲ့
ဆန်ဗန်းတပြာပြာ၊ အိမ်ကြမ်းတခါခါနဲ့
နွားပြာ တသသ၊ ၀ါးဖျာ တမမ၊ စားစရာ တချချ
အများတကာကို သားစာပြပါလို့
အိမ်ဝမှာ အမေကြိုရော့၊ နေညိုချိန်တိုင်း။
မောင်စွမ်းရည်
မိုးဝေမဂ္ဂဇင်း။ ဇွန်၊ ၁၉၇၉
10 January 2009
အမေ့ခေါ်သံ
Posted by ညိမ်းညို at 01:08 10 comments
Labels: ကြိုက်သောကဗျာရှည်များ
9 September 2007
စံပယ်နန်းတော်
စံပယ်နန်းတော်
မောင်လှမျိုး(ချင်းချောင်းခြံ)
နေရစ်တော့
မစံပယ်ရေ
ဘ၀နယ်တစ်ကွေ့
ခဏငယ်တွေ့ခဲ့ရတဲ့
"မစံပယ်" ဆိုတဲ့
ပန်းကလေးတစ်ပွင့်ရေ ..။
နေ့ဆိုတာ
"နေ" ရှိမှ တင့်တယ်ပါသတဲ့
ညဆိုတာလည်း
ငွေရောင်လမင်း ထိန်ထိန်လင်းမှ
တင့်တယ်ပါသတဲ့
မင်းရဲ့ဘဝ
နေ့ .. ည အသင်္ချေ
တာရာခြွေရံ လမင်းစံမြန်း
နေရောင်ဖျန်းပက်
ရွှေရောင်လွှမ်းယှက် လင်းပါစေ..။
ဘ၀မှာ
ကဗျာတွေကို ငါချစ်ခဲ့သလို
မင်းကိုလည်း
ကဗျာအဖြစ်နဲ့သာ
ငါ .. ချစ်ပါရစေ မစံပယ်။
“မြ” ဆိုတာ စိမ်း
“စံပယ်” ဆိုတာ ရနံ့ပန်း
“လှိုင်” ဆိုတာ ပေါကြွယ်လျှမ်း
သင်းပျံ့တဲ့ စိမ်းမြမှုတွေ
ပေါများကြိုင်လှိုင်နေတဲ့
“မစံပယ်” ဆိုတဲ့ ကောင်မလေးရေ
မင်းဟာ..
ငါမနမ်းရက်တဲ့
စံပယ်ပန်းလေး တစ်ခက်ပါကွယ်..။
စံပယ်ဆိုတာ
အဆင်းလှတယ်
ရနံ့သင်းတယ်
ဖြူစင်တယ်
စံပယ်ဆိုတာ
နူးညံ့ပျော့ပျောင်းပေမဲ့
“ခရေ” ပန်းလို
လေသရမ်းရုံနဲ့
ကြွေတဲ့လမ်းကို မရွေးချယ်
အညှာမလွယ်ဘူးပေါ့ မစံပယ်..။
လေပြေအလှုပ် လှိုင်းလိုပုတ်တိုင်း
သူ့အပင်အုပ်အုပ်လေးမှာ
သူ့အကိုင်းနဲ့သူ
သူ့အညှာနဲ့သူ
ဖြူဖြူစင်စင် လူမြင်အောင်ပြ
သင်းပျံ့လှပဆဲပါ .. မစံပယ်။
စံပယ်ဆိုတာ..
နှင်းဆီပန်းလို မာန်ထောင်မကြွ
စူးမြမြတွေနဲ့
အခူးရမခက်ပေမဲ့
သူ့အညှာသူတွယ်
သူ့နယ်သူချစ်
သူ့ခိုင်မာမှုနဲ့သူ
တလူလူလွင့်
ဖြူစင်သင်းပျံ့စွာ
ပွင့်နေတာပါ..မစံပယ်။
စံပယ်ဆိုတာ..
မဉ္ဇူသကနတ်ပန်းလို
ဘုံနန်းစံပန်း မဟုတ်ပေမဲ့
သူ့ဘ၀င်..သူမြှင့်
သူ့အသွင်..သူတင့်
ဖြူစင်ဝင့်ထည်
သူ့ဘ၀သူခင်တွယ်တဲ့
ပန်းမြတ်နွယ်ဝင် ရွှေသဇင်လို
ဂုဏ်တင်လျက်ပါ မစံပယ်..။
စံပယ်ဆိုတာ..
အလေ့ကျချုံပုတ်
ဆူးရုံရှုပ်ထွေး၊ လမ်းနံဘေးမှာ
အပြေးအလွှား ပွင့်ဖူးတဲ့
မလေးစားစရာ အညံ့ပန်းတော့
မဟုတ်ပါဘူး..မစံပယ်။
ပန်းဆိုတာ
နန်းလိုကြတာ
ဓမ္မတာပါ ..မစံပယ်
အနမ်းခံပန်းတွေကြားမှာ
အနင်းခံပန်း မဖြစ်ရအောင်
ကိုယ့်ဘ၀ကိုယ်..ထူထောင်ပြီး
နေရောင်ခြည်ကို
ရဲရင့်စွာ ငေးကြည့်စမ်းပါ မစံပယ်..။
နေပြင်းတိုင်း စံပယ်မနွမ်း
လေပြင်းတိုင်း စံပယ်မကြွေ
လေပြေမှာ ရနံ့သင်း
မြေပေါ်မှာ အညှာခိုင်
ထိကိုင်မိရုံနဲ့
သတိယိုင်အညှာကျိုးရင်
အဲဒါ..
စံပယ်အမျိုးမဟုတ်ဘူး..မစံပယ်။
စံပယ်ကိုငွေရောင်တင်
စံပယ်ပင်ကို ရွှေရောင်ဆိုး
စံပယ်အမျိုးကို ရွှေနဲ့ပက်ရင်
ငါမြတ်နိုးတဲ့
စံပယ်ပင်လေး..
နေရောင်ကြောင့်မနွမ်းဘဲ
ရွှေရောင်ကြောင့် နွမ်းရဲသွားမှာ
ငါ..အစိုးရိမ်ဆုံးပါ မစံပယ်။
အနမ်းအမှောင်တွေကြားက
မစံပယ်ကို
(ဟောဒီ..
အလွမ်းတစ်ထောင်က)
ကျမ်းတစ်ထောင်ဖွဲ့မထားပေမဲ့
စံပယ်ကို မော်ကွန်းတင်
စံပယ်ကိုဦးညွှတ်ချင်တဲ့
ငါ့သံယောဇဉ်ထုထည်ကို
နုနယ်တဲ့ ပွင့်ဖတ်တွေကြားက
မေးဖျားလေးထောက်ပြီး
တစ်ချက်လောက်ဖြစ်ဖြစ်
ငေးကြည့်ပါလား..မစံပယ်။
ပန်းပေါင်းစုံတဲ့
ရနံ့တောထဲမှာ
စံပယ်တစ်ငုံဖူး
စံပယ်တစ်ဖူးပွင့်
စံပယ်တစ်ပွင့်သင်း
စံပယ်တစ်ပင်လန်းဖို့အတွက်
လုံခြုံတဲ့တစ်နေရာ
ဟောဒီ..မြေကမ္ဘာပေါ်
ဖွေရှာတူးဖော်ပြီးပြီလား..မစံပယ်။
စံပယ်ဆိုတာ
ကုမုဒြာပန်းလို
လ,ရောင်ဖြန်းမှ ပွင့်လန်းရတဲ့
ပန်းပွင့်မျိုး မဟုတ်ပေမဲ့
လ,ရောင်ဖျန်းဖျန်း၊ မဖျန်းဖျန်း
လ,ရောင်ဆန်းဆန်း၊ မဆန်းဆန်း
ည,ဆိုတဲ့ အမှောင်လမ်းမှာ
ပန်းဆိုတဲ့ စံပယ်ဖြူဖွေး
ဘာကိုတွေးလို့
ပူဆွေးနေရမှာလည်း ..မစံပယ်။
အမှောင်မှာ
လ,မသာရုံနဲ့
မြလွှာရုံ
ခြုံငုံတဲ့ စံပယ်ဖြူဖွေး
ညစ်ထေးသွားရောလား မစံပယ်။
မှောင်သွားလို့ မည်းတဲ့အထဲမှာ
အဖြူရောင် မစံပယ်လေး
ဖြူဖွေးနေဖို့သာ
အရေးကြီးတာပါ မစံပယ်။
အမှောင်က
အမှောင်အလုပ်ကို လုပ်လိမ့်မယ်
အလင်းက
အလင်းအလုပ်ကို လုပ်လိမ့်မယ်
မှောင်မှောင်လင်းလင်း
မြေတလင်းမှာ
စံပယ်ရနံ့ သင်းပျံ့ဖို့သာ
လိုလားတာပါ မစံပယ်။
အလင်းရောင်ရှိမှ
အဖြူအမည်း
သဲကွဲတတ်တာ မှန်ပါတယ်
ဒါပေမဲ့..မစံပယ်
အလင်းရောင်မရှိလို့
မှောင်နေရုံနဲ့
အဖြူက အရောင်ပြောင်းပြီး
အမှောင်ရဲ့ အရိပ်
မည်းချိပ်ချိပ်ကလေးအဖြစ်
ညစ်ထေးသွားတတ်သလား မစံပယ်။
အမှောင်ကြောင့်
အဖြူဟာ
အရောင်ပြောင်းမသွားပါဘူး
အလင်းကြောင့်
အမည်းဟာ
ဖြူမသွားပါဘူး
အဖြူက အဖြူ
အမည်းက အမည်း
သဲကွဲဖို့က
အမှောင်ထဲမှာ
ဖြူရဲဖို့သာ
လိုအပ်တာပါ မစံပယ်။
အမှောင်အလင်း
မသန့်ရှင်းရင်တောင်
စံပယ်ရနံ့ သင်းသန့်သန့်လေး
ပျံ့မွှေးနေမြဲပါ မစံပယ် ။
အလင်းရောင်ကြောင့်
အဖြူရောင် စံပယ်ဖွေးလေး
ပိုမိုပြီး အရောင်ပြေးသွားတာလည်း
သဘာဝပါပဲ မစံပယ်။
အလင်းမဲ့တဲ့ တစ်ခဏ
ညအမှောင်ဖုံးသွားတာနဲ့
ဘ၀တစ်ဆောင်လုံး
ပျက်ပြုန်းသွားတာ
သဘာဝမကျပါဘူး မစံပယ်။
အမှောင်ထဲမှာ..ရဲရဲဖြူပြီး
အလင်းထဲမှာ..မြဲမြဲမွှေးဖို့
အညှာမယိုင် အပင်မယိမ်းဘဲ
(ကိုယ့်ကိုယ်ကို) ချုပ်ထိန်းမှသာ
သဘာဝကျပါတယ် မစံပယ်။
အမှောင်ထဲမှာ မနေရဲလို့
တံချူခေါ်ရာ အလင်းတိုက်ထဲ
ခေါင်းငိုက်လိုက်ပါသွားကြတဲ့
ဧည့်နန်းစံ ပန်းတွေထဲမှာ
စံပယ်ပန်းကုန်း
အမွှေးဆုံးလေးတွေ
မပါဝင်ပါစေနဲ့ ..မစံပယ်။
ပန်းဆိုတာကတော့
(တစ်ချိန်ချိန်မှာ)
နွမ်းရစမြဲပါ မစံပယ်
သူ့အပင် သူ့အခက်
သူ့အလက် သူ့အညှာမှာ
သူ့ဘာသာနေရင်း
သူ့ဘာသာ နွမ်းကြွေသွားတာ
ဝမ်းနည်းစရာမဟုတ်ပါဘူး မစံပယ်။
လောကသဘာဝ
အနိစ္စမို့
ဖူးရာမှငုံ၊ ငုံရာမှ..ပွင့်
ပွင့်နေစဉ်လန်း၊ လန်းရာမှ..နွမ်း
နွမ်းရာမှညှိုး၊ ညှိုးရာမှ..ကြွေ
ကြွေရာမှခြောက်
ပြီးပျောက်သွားတာ
ဖြေသာစရာပါ..မစံပယ်။
ပန်းဆိုတာကလည်း
အခူးခံရဖို့
ပွင့်လာကြသလိုပါပဲ
ခူးရက်လို့ ..ခူးခဲ့ကြတဲ့
ခူးလက်တွေနောက်
ရောက်သွားခဲ့ကြရင်လည်း
မြင့်မြတ်တဲ့..ပန်းခူးလက်
ယုယတဲ့..ပန်းခူးလက်ထဲက
ထည်ဝါတဲ့ ဘုံနန်းပေါ်မှာ
သင့်လျော်သလို
ပျော်စေချင်ပါတယ်..မစံပယ်။
ပန်းခူးလက်နဲ့
ပန်းခြွေလက်
ခွဲခြားရမခက်စေဖို့
ပန်းသက်ရှည် ကိုယ်ပိုင်အလင်းကို
အစဉ်အမြဲ
ထွန်းတောက်ရဲပါစေ..မစံပယ်။
အလင်းရောင်မှုန်ပျပျဆိုတာ
အမှောင်ပါပဲ ..မစံပယ်။
အလင်းမှိန်မှိန်
မ၀င်းထိန်သလို
စံပယ်ပွင့်လွှာ
သူ့ညှာတံလေး
တွန့်လိမ်ကွေးကောက် နွမ်းခြောက်သွားမှာ
စိုးရိမ်တာပါ ..မစံပယ်။
(၂၁) ရာစုရဲ့
မှုန်ပျပျအလင်းရောင်အောက်မှာ
ယမကာအနံ့
စူးရှရှတွေရဲ့ ကြားမှာ
အလိုရမ္မက်ဖုံး
ရီဝေေ၀ မျက်လုံးတွေရဲ့ နံဘေးမှာ
အမှားပြင်ဆင်ဖို့ခက်
မြင်မြင်ချင်း နှစ်သက်တတ်တဲ့
ပန်းချိုးလက်တွေရဲ့
နယ်ချဲ့ မှုတလင်းမှာ
“မစံပယ်”
သီဆိုတဲ့ သီချင်း
ဘယ်သူက
နားသွင်းမှာတဲ့လဲ..မစံပယ်။
“ဂီတ” ဆိုတာ
ဘ၀ရဲ့ အလင်္ကကာ
“သီချင်း” ဆိုတာ
ဘ၀ရဲ့ ဝေဒနာ
ထိုဝေဒနာ
ပြေရာပြေကြောင်း
တောင်းဆိုနားဆင်နေတဲ့
ကျားဘုရင်
သခင်မျက်လုံးတွေရဲ့
ရီဝေေ၀ မျက်လုံးတွေကြားမှာ
တကယ်ခံစားတတ်တဲ့
အနုပညာ ချစ်ခြင်းတရား
ရှိတတ်ကြလို့လား မစံပယ်။
ကျားတွေ
သီချင်းမကြိုက်တတ်ကြသလို
ပန်းတွေကလည်း
အရက်မကြိုက်တတ်ကြပါဘူး။
ဒါပေမဲ့..မစံပယ်ရေ
ကျားနဲ့သီချင်း
ပန်းနဲ့အရက်
ရောယှက်တွယ်ငင်
မြင်မြင်သမျှ
ရင်မှလှိုက်ဖို၊ မျက်ရည်ပြိုကျ
ငါချစ်ရတဲ့
စံပယ်ဖွေးဖွေးလေးအပေါ်
ရွှေရောင်ငွေရောင်တွေ
ဖြတ်သန်းကျော်လွှားသွားပြီဆိုတာ
ပွင့်လွှာပေါ်မှာ..ခြေရာတစ်ချို့က
ပြောပြနေသလိုပါပဲ..မစံပယ်။
“စံပယ်” ဆိုတဲ့
ပန်းပွင့်လေးကို
နေရောင်ခြည်နောက်ခံနဲ့
ငေးကြည့်ချင်လို့
ရန်ကုန်မြစ်ကမ်းနံဘေးက
ဆည်းဆာရောင် လေပြေညင်းအကြားမှာ
မင်းကို..
ငါ..
စောင့်စားခဲ့တာပါ မစံပယ်။
ရန်ကုန်နဲ့ ဒလအကူး
မျက်လုံးတွေ မူးစေလောက်တဲ့
လူဦးရေ များစွာအကြားကို
မင်း..
ငေးကြည့်ဖူးပါသလား မစံပယ်။
ရုံးတက်သူက ရုံးအပြန်
ကျောင်းတက်သူက ကျောင်းအပြန်
အလုပ်ဆင်းသူက အလုပ်အပြန်
ဈေးရောင်းသူက ဈေးရောင်းအပြန်
မြစ်ကူးတဲ့ “ဇက်” ပေါ်က
အိမ်အပြန်ချွေးစက်တွေရဲ့ ..အနံ့ဟာ
စံပယ်ရနံ့လောက် မသင်းပျံ့ပေမဲ့
သူတို့ရဲ့ ချွေးစက်တန်ဖိုး
မင်း..
မြတ်နိုးဖူးပါသလား မစံပယ်။
စက်ရုံက အလုပ်သမ
ပန်းရံသယ်တဲ့ အလုပ်သမ
ဈေးရောင်းပြန်လာတဲ့ ဈေးသည်မတို့ရဲ့
သနပ်ခါး ပါးကွက်ကြား
ချွေးစက်တွေကြောင့်
ပျက်ပြယ်သွားရပေမဲ့
သူတို့ရဲ့ အိမ်အပြန်
အဖိုးတန်ပါတယ် မစံပယ်။
အလုပ်သမတို့ရဲ့ အိမ်အပြန်
ဆင်းရဲသူတို့ရဲ့ အိမ်အပြန်
ချွေးစက်တို့ရဲ့ အားမာန်ဟာ
ရန်ကုန်မြစ်ရေကိုတောင်
လျှံတက်သွားလောက်ပါတယ် မစံပယ်။
နေရာင်ခြည်က မှေးမှေးမှိန်
သနပ်ခါးရနံ့
ချွေးစက်ရနံ့တို့ရဲ့
အိမ်ပြန်ချိန်ကျမှ
မစံပယ် အိပ်ရာထ
မိတ်ကပ်အရောင်
ဖောင်းကြွကြွနဲ့
ညမှာ အလုပ်ဆင်း
ညမှာ သီချင်းဆိုဖို့
အမေကို နှုတ်ဆက်
အဖေကို နှုတ်ဆက်
မောင်နှမတွေကို နှုတ်ဆက်
ညီမ၀မ်းကွဲရဲ့ လက်ကိုဆွဲပြီး
“ည” ကို ရဲရဲရင့်ရင့်
ဖွင့်လှစ်ခဲ့တာ
အဲဒါ..
ကဗျာဆန်ပါ့မလား.. မစံပယ်။
ဘ၀မှာ
“ကဗျာ” တွေကို ငါချစ်ခဲ့သလို
မင်းကိုလည်း
ကဗျာအဖြစ်နဲ့သာ
ငါ..ချစ်ပါရစေ..။
အနမ်းဆိုတာ
နူးညံ့တဲ့ ပေးအပ်မှုပါ မစံပယ်။
မင်းရဲ့ ..ဆံဖျား
မင်းရဲ့ ..ပါးပြင်
မင်းရဲ့ ..ရင်ခွင်
မင်းရဲ့ .. လည်ရစ်
မင်းရဲ့ .. နှုတ်ခမ်း
မင်းရဲ့ .. နဖူး
မင်းရဲ့ .. လက်ချေင်းသွယ်
မင်းရဲ့ .. လက်ဖမိုး
မင်းရဲ့ .. မျက်ဝန်း
မင်းရဲ့ .. မျက်တောင်
အားလုံးကို ကွေ့ရှောင်ပြီး
ငါ့ရဲ့ အနမ်းလိပ်ပြာတစ်ကောင်
ဘယ်သောင်မှာ..
နားခိုရမှာလဲ မစံပယ်။
လေပွေရစ်နေတဲ့
အနမ်းမြစ်ကြောတစ်လျှောက်
ဒဏ်ရာရ လှေငယ်တွေ
ဘယ်နှစင်းလောက်
တိမ်းမှောက်ပြီးပြီလဲ မစံပယ်။
မစံပယ်ရေ..
လိပ်ပြာ ပိတုန်း
ပန်းဝတ်ရည် သုံးစွဲတာ
သဘာဝတရားပါ။
ပန်းပွင့်တစ်ပွင့်တည်းကို
ဝိုင်းအုံရစ်ဝဲနေတာလည်း
သဘာဝတရားပါပဲ။
ပန်းပွင့်ဖတ်ပေါ်
ခို..နားပျော် ခြေရာတွေလည်း
ဝင်လာမဆဲ
တသဲသဲပါလား မစံပယ်။
ပွင့်လွှာပွင့်ဖတ်
ညှာတံရဲ့ အစပ်မှာ
ပျားပန်းခပ်ခဲ့တဲ့
ခြေရာအဟောင်းတွေကြောင့်
အားလုံးနဲ့
ကင်းလွတ်တဲ့နေရာတစ်ခု
ငါ့ကို..
ရှာဖွေခွင့်ပြုပါ မစံပယ်။
ပျား..ပိတုန်း..လိပ်ပြာ
အားလုံးဟာ
ပန်းတစ်ပွင့်ရဲ့
ပွင့်ဖတ်ပေါ်မှာသာ
ဝတ်ရည်ငုံရင်း
ပျော်ပါးတတ်ကြတာပါ။
သူတို့ရဲ့ ခြေရာ
ကင်းလွတ်ရာ နေရာကတော့
မြေထဲမှာ နစ်နေတဲ့
ပန်းတစ်ပွင့်ရဲ့
အမြစ်တွေပါပဲ ..မစံပယ်။
ငါ့လိပ်ပြာတစ်ကောင်
စံပယ်ပင်ခြေထဲကို ငုပ်လျှိုးပြီး
ခြေရာတွေ ကင်းလွတ်ရာကို
ရှာဖွေတွေ့ရှိခဲပါပြီ။
အို..မစံပယ်
မင်းရဲ့ ဆံဖျား၊ ပါးပြင်
မင်းရဲ့ ရင်ခွင်၊ လည်ရစ်
မင်းရဲ့ နှုတ်ခမ်း၊ နဖူး
မင်းရဲ့ လက်ချောင်းသွယ်၊ လက်ဖမိုး
မင်းရဲ့ မျက်ဝန်း၊မျက်တောင်
အားလုံးကိုကွေ့ရှောင်ပြီး
ငါ့ရဲ့ အနမ်းလိပ်ပြာတစ်ကောင်
မင်းရဲ့ ခြေခုံဖြူဖြူလေးပေါ်မှာ
(စံပယ်ပွင့်ဖတ်လေးပေါ်
နားခိုနေတဲ့ လိပ်ပြာတစ်ကောင်လို)
ခိုနားအိပ်ပျော်နေပါတယ် မစံပယ်။
မင်းရဲ့ ခြေခုံဖြူနုနုလေးဟာ
ငါ့အတွက်
စံပယ်ပွင့်ဖတ်လေးတွေပါပဲ။
မင်းရဲ့ ခြေခုံဖြူနုနုလေးပေါ်က
မွှေးညင်းလှလှလေးတွေဟာလည်း
ငါ့အတွက်
ဝတ်မှုံငွေရောင်လေးပါပဲ။
အဲဒီ..
ခြေခုံဖြူနုနုလေးအပေါ်
ငါ့အနမ်းလိပ်ပြာလေးတွေ
လွတ်လပ်စွာ
ပျော်ပါးဝဲပျံပါရစေ..မစံပယ်။
အဲဒီနေရာလေးဟာ
ရနံ့ဆိုးတွေနဲ့ ကင်းလွတ်တယ်
ပျား၊ ပိတုန်းတို့ရဲ့
အတောင်ပံခတ်သံနဲ့ ကင်းဝေးတယ်
အဲဒါကြောင့်
ငါရင်အေးရပါတယ် မစံပယ်။
နေရစ်ခဲ့ပါ မစံပယ်
နေရစ်ခဲ့ပါ မစံပယ်..
အမှောင်ထဲမှာ၊ မင်း..မပျော်ပိုက်ပေမဲ့
အမှောင်အမိုက်ထဲက
ရွှေရောင်ငွေရောင် ပယင်းရောင်
ဖိတ်ဖိတ်လျှံလျှံတွေဟာ
မင်းတို့စိတ်တွေကို အလင်းပြန်
မိသားစုရဲ့ ထမင်းပန်းကန်တွေကို
ထိမှန်ခဲ့ပြီမဟုတ်လား မစံပယ်။
ဒလ သင်္ဘောဆိပ်က
ရန်ကုန်မြစ်ကမ်းနံဘေးမှာ
မင်းရဲ့ခြေဖမိုးလေးကို
ငါငေးကြည့်နေမိတာ
မင်းမှတ်မိမှာပါ မစံပယ်။
မင်းရဲ့ ခန္ဓာတစ်ခုလုံးမှာ
အဲဒီနေရာသာ
အသန့်ရှင်းဆုံးပါလို့
ငါ..ယူဆမြတ်နိုးရင်
မင်း..
အပြစ်တင်ချင်ပါသလား မစံပယ်။
ကားလှလှလေးတစ်စီးပေါ်က
မင်းဆင်းသက်လာတာကို မြင်ရတိုင်း
စံပယ်ရိုင်းလေးတစ်ပွင့်
လေလွင့်ပြီး ပြုတ်ကျလာတယ်လို့
ငါ.. တွေးမြင်မိပါတယ်။
စံပယ်ဆိုတာ
မရိုင်းရဘူး.. မစံပယ်
စံပယ်ဆိုတာ
မကြမ်းရဘူး.. မစံပယ်
စံပယ်ဆိုတာ
အညှာမလွယ်ပါဘူး
သူ့ခွန်အားနဲ့ သူ့အညှာ
ဂဟေဆက်ထားတာပါ မစံပယ်။
ရွှေလက်နဲ့ခေါ်လည်းမသွား
ငွေလက်နဲ့ ခေါ်လည်းမသွား
မြသားရောင် ကတ္တီပါကြားမှာ
ကိုယ့်အင်အားနဲ့ကိုယ်
နုပျိုဖြူစင်မှုကို ခြုံပြီး
ကိုယ့်ကိုယ်ကို..
ယုံကြည်မှု အပြည့်ထားရင်း
ပွင့်သွားခဲ့ကြတဲ့ စံပယ်တွေရဲ့ ရနံ့
ဟောဒီမြန်မာပြည်မှာ
သင်းပျံ့နေဆဲပါ မစံပယ်။
တစ်ဦးတစ်ယောက်နဲ့
ရန်ဖြစ်တော့မဲ့အခါ
စံပယ်ဆိုတဲ့
သဘာဝနဲ့ ညီအောင်
နူးညံ့ဖြူစင်တဲ့
ခွင့်လွှတ်စိတ်ကို မွေးဖို့
ငါ..အကြံပေးတုန်းက
မျက်လုံးလေးမှေးမှိတ်ပြီး
ဒေါသစိတ်ကို
ကြိတ်မှိတ်ဖြေလျော့ခဲ့တဲ့
မင်းရဲမျက်နှာ ၀င်းပပလေးကို
ငေးကြည့်ရင်း
ငါ.. လေးစားခဲ့ရသူပါ..မစံပယ်။
အလင်းရောင်မပီပြင်တဲ့
ပျား၊ ပိတုန်း သံစဉ်တွေကြားမှာ
အန္တာရာယ် ခပ်များများကို ကာကွယ်ရင်း
သီချင်းဆိုမပျက်တဲ့
မင်းရဲ့ မနက်ဖြန်တွေအနား
ဘယ်သူတွေ..
ခိုနားကြဦးမလဲ မစံပယ်။
အဲဒီ မနက်ဖြန်တွေထဲ
မင်းနေရဲသေးတယ်ဆိုရင်
နေသာနေရစ်ခဲ့ပါ မစံပယ်ရယ်။
နေရစ်တော့ မစံပယ်ရေ..
စံပယ်ပွင့်လေးတစ်ပွင့်ကို
ငေးကြည့်ရင်း..
မခူးရက် မမွှေးရက်
မခြွေရက် မချေရက်ဘဲ
ကဗျာလေးတစ်ပုဒ်ကို
မြတ်နိုးနေသလိုမျိုး
ငါ..တန်ဖိုးထားပါရစေ မစံပယ်။
“ထမင်းတစ်လုတ်ကို
ထင်းခုတ်စားလို့ ရတယ်” ဆိုတဲ့
ငါတို့မြန်မာတွေရဲ့
ဆင်းရဲသား မာန်၊ မာနမျိုး
မင်းရဲ့
လျှပ်စစ် သံစဉ်ကြိုးတွေကြားမှာ
မင်း..
ထည့်ဖြစ်အောင် ထည့်ထားစမ်းပါ မစံပယ်။
ညနေစောင်းမှ အလုပ်ဆင်း
ညတလင်းမှာ သီချင်းဆို
မင်းသံစဉ် ပျိုနုနုကို
ဟိုလူ့အတွက်ပေး
သည်လူ့အတွက်ပေးနဲ့
မင်းရဲ့ ဘ၀ရှေ့ရေး
ခဏလေးတွေးပြီး
ရင်မလေးဘူးလား..မစံပယ်။
မင်းရဲ့ ဂုဏ်သိက္ခာကို
စုံမှိတ်ပြီး ထိန်းသိမ်းထားတယ်ဆိုတာ
ငါ..ယုံကြည်ပါတယ် မစံပယ်။
မုန်တိုင်း..လေပြင်း
ညတလင်းထဲမှာ
ငွေတွင်းတူးနေရရှာတဲ့
ပန်းဖူး ပန်းငုံ
ပန်းပွင့်အစုံကြားက
လူသားစား ပျားပိတုန်းတွေရဲ့
အလိုရမ္မက် ပျားရည်စက်တွေကိုတော့
ငါ..
ယုံကြည်ဖို့ ခက်ရတာပေါ့ မစံပယ်။
ငွေပေးလို့..ငွေရ
ရွှေပေးလို့ ..ရွှေရ
ဒါ..သဘာဝကျပါတယ်
ဘာမှမပေးဘဲ ငွေရ
ဘာမှမပေးဘဲ ရွှေရတာမျိုးကတော့
အိပ်မက်တွေ
ဆိုးရွားတတ်တယ် မစံပယ်။
ညသန်းခေါင်အလယ်
အလှတောင်ပံ ယှက်ယှယ်
မီးတောက်မီးလျှံပေါ်
တွယ်တက်နေရတဲ့ အခြေအနေမျိုး
မင်း..မြတ်နိုးလို့လား မစံပယ်။
ပိုးဖလံတွေလို
မီးကိုတိုးနေတာ မဟုတ်ပေမဲ့
မီးတောက်တွေအနား
မီးတောက်တွေအနား
လူးလားပျံသန်းနေရတဲ့အခါ
မီးအဟပ်ခံရတတ်တာ
သေချာမှာပါ မစံပယ်။
မီးဟပ်တဲ့ ဒဏ်ရာတစ်ချို့ကြောင့်
မင်းရဲ့ ပါးပြင်၊ နှုတ်ခမ်း
သွေးစို့စို့ အရောင်သမ်းနေတာ
ငါ..မြင်သာသူပါ မစံပယ်
တစ်ကိုယ်လုံး မလောင်ကျွမ်းတာကိုပဲ
ငါ့ရင်ထဲက..
စိတ်ချနေရဲရတာပါ
စံပယ်ပန်းပဲဖြစ်ဖြစ်
ချယ်ရီပန်းပဲဖြစ်ဖြစ်
အပင်ငယ်ငယ် အပင်ကြီးကြီး
ပန်းကတော့ ပန်းပါပဲ မစံပယ်
အပင်ကြီးမို့ အညှာခိုင်တယ်လို့
မဆိုလိုပါဘူး
အပင်ငယ်မို့ အညှာလွယ်မယ်လို့
မဆိုလိုပါဘူး
ပန်းတို့ရဲ့ သဘာဝ
ကြွေချိန်တန်မှ ကြွေကြရတာကိုသာ
ငါ..လိုလားလို့ပါ မစံပယ်။
အမှောင်ထဲမှာသာ
နေရစ်ခဲ့ပါလို့
ငါ..ထားရစ်ခဲ့တာ မဟုတ်ပါဘူး
ကိုယ့်ပညာ၊ ကိုယ့်အင်အားနဲ့
ရုန်းထွက်လာတာကိုသာ..လိုလားလို့
ငါ..ကျောခိုင်းထားခဲ့တာပါ မစံပယ်။
မိဘမောင်ဘွားတွေရဲ့
အားကိုးမဏ္ဍိုင်
စံပယ်ပွင့် အညှာလေး ပိုမိုခိုင်ဖို့
ကိုယ့်ဘာသာ တံခွန်တိုင်စိုက်တာကို
လိုလားလို့ပါ မစံပယ်။
မင်းရှာတဲ့ငွေ
မိဘတွေအတွက် ရည်စူး
ငါ..သာဓုခေါ်ခဲ့ဖူးပါတယ်
ဒါပေမဲ့ မစံပယ်
မင်းရတဲ့ ကုသိုလ်ထုပ်
နည်းနည်းလေး အမဲအုပ်နေတာ
ငါ..ရင်နာချင်တယ် မစံပယ်။
စက်ရုံ အလုပ်ရုံတွေထဲမှာ
စံပယ်ပွင့်တွေ
အများကြီးရှိတယ်
လမ်းဘေးက ဈေးသည်တွေကြားမှာ
စံပယ်ရနံ့တွေ အများကြီးရှိတယ်
ဆင်းရဲသားတို့ရဲ့ အိမ်ခေါင်းရင်း
ဘုရားကျောင်းဆောင်ထက်မှာ
စံပယ်ခက်တွေ အများကြီးရှိတယ်။
ငွေစော်နံတဲ့ စံပယ်ခြံထဲက
ခပ်ရဲရဲလေး တိုးထွက်ကြည့်တဲ့အခါ
ဆင်းရဲသားတို့ရဲ့
ဘ၀တန်ဖိုး အပေါ်ယံအလွှာမှာ
ချွေးစက်စိမ့်ထွက် လက်တွေအကြား
စံပယ်ပွင့်တွေ အများကြီးရှိတယ်။
စံပယ်ဆိုတာ
ဆင်းရဲသားအားလုံးရဲ့
တော်ဝင်ပန်းပါ မစံပယ်
ယုံကြည်ချက် မာန်မာန
ဆင်းရဲသူအလုပ်သမများစွာတို့ရဲ့ စုစည်းရာ
စက်ရုံ အလုပ်ရုံတွေအပေါ်
ချွေးစက်တွေနဲ့ ပျော်ကြရာ
အဲဒါ..
စံပယ်တို့ရဲ့ နန်းတော်
ဆင်းရဲသူတို့ရဲ့ ပြဿဒ်
သူ့ဂုဏ်ဒြပ်နဲ့သူ
တန်ဖိုးတွေ အလံထူထားကြတာ
အဖြူရောင် ပိတ်သားနဲ့ပါ..မစံပယ်။
နေရစ်ခဲ့မှာလား မစံပယ်
ဆင်းရဲတယ်ဆိုတာ
ဂုဏ်ငယ်စရာ မဟုတ်ပါဘူး
စံပယ်ကို ငွေရောင်ဆိုး
ငွေရောင်ကြောင့် စံပယ်ညစ်
အဲဒါ..
ချမ်းသာခြင်းမှာ နစ်,နစ် သွားတတ်တဲ့
စံပယ်တို့ရဲ့ အပြစ်ပဲပေါ့ မစံပယ်။
ဘ၀တန်ဖိုးကို
ဆင်းရဲခြင်း၊ ချမ်းသာခြင်းတွေနဲ့
ချိန်ထိုးတိုင်းတာတယ်ဆိုတာ
လူဆိုးလူမိုက်တွေရဲ့ ဓလေ့ပါ။
နေရစ်တော့
မစံပယ်ရေ..
ငါကတော့
မနက်ခင်းတစ်ခုရဲ့ အရုဏ်ဦးမှာ
စံပယ်ဖူးလေးတစ်ငုံ
ဖြူစင်မှုဝတ်စုံကို ခြုံပြီး
နေရောင်ခြည်ကို ခုံလှုံလာဖို့အတွက်
ညထဲက မစံပယ်ကို
တမင်သက်သက်
ကျောခိုင်းထားခဲ့ရက်ပြီ။
စံပယ်တို့ရဲ့ နန်းတော်
ဆင်းရဲသူတို့ရဲ့ ပြဿဒ်
သူ့ဂုဏ်ဒြပ်နဲ့သူ
တန်ဖိုးတွေ အလံထူထားကြတာ
အဖြူရောင် ပိတ်သားနဲ့ပါ..မစံပယ်
ဒါမှမဟုတ်
မင်းသင့်လျော်မယ်ထင်တဲ့ အရပ်မှာသာ
နေရစ်ခဲ့ပါတော့ ..မစံပယ်
ဒါမှမဟုတ်
ရုန်းထွက်သင်းပျံ့လှည့်ပါကွယ်
ချစ်သော..စံပယ်။ ။
(စံပယ်ပွင့်များ…သို့)
မောင်လှမျိုး(ချင်းချောင်းခြံ)
Posted by ညိမ်းညို at 21:48 1 comments
Labels: ကြိုက်သောကဗျာရှည်များ
11 August 2007
မီးတောက်ရစ်သမ်
(၁)
အခုလို …
လှပအေးစက်နေတဲ့ညမှာပဲ
ငါ … ပျိုးထားတဲ့ မြနှင်းဆီဟာ …
ကြယ်တစ်ရာ ခြံရံပြီး ကြွေကျသွားခဲ့တယ်။
တိမ်လွှာမျဉ်းကောက်တွေကလည်း
ချစ်သူတစ်ယောက်ရဲ့ မီးအိပ်မက်မှာ
ရွှေမျက်ရည်တွေ စိုလက်လာပြီလို့
မှိုင်းညို့နေတဲ့ ကောင်းကင်ကြီးကို
တီးတိုးပြောကြားလိုက်တယ်။
“ချစ်ခြင်းမေတ္တာဟာ”… ဟာ
မှော်ဆရာတစ်ယောက်ရဲ့နိဂုံးလို
နောက်ဆုံးမှာ …မီးခိုးလုံးများ ဖြစ်သွားရော့မလား…လို့
နှုတ်ခမ်းကိုက်ပြီး…ငါစဉ်းစားဖူးတယ်။
လူငယ်တစ်ယောက်ကို ပြုစားဖို့
ိ့ဘယ်နတ်ဘုရားထံ
နင့်လက်တွေ ဖြန့်ကာ တောင်းခံခဲ့သလဲ …
ငါ့ရာဇ၀င် ခပ်ကျဲကျဲကို
ငရဲမီးထဲ တွန်းချလိုက်ချင်တယ်။
သံယောဇဉ်…ဆိုတာ
အရောဝင်လို့မကောင်းတဲ့ ခွေးကလေးပါပဲ …။
လောကဓံဦးတုန်းက …
အလွန်းအကြူး သောက်ခဲ့တဲ့ အရက်တစ်ခွက်
ခုမှ…စံပယ်ရွက်ပေါ်မူးလဲ…
အသည်းကွဲတယ်…ဆိုတာ
သီချင်းလေးတွေ တိုးတိုးညည်းရင်းက …
ထိရှခဲ့တဲ့…သွေးမဲ့ဒဏ်ရာ တစ်ချက်ပါ…
သိုးကျောင်းသားရဲ့ ခံနိုင်ရည်နဲ့
နတ်ဘီလူးတွေရဲ့ သတိရခြင်းမျိုးက
ငါ့ကို…ဆီးမိုးထားတယ်…။
စက်ရုပ်ကို ဒူးထောက်ကျစေတဲ့
နင့်ရဲ့…မျက်ဝန်းစိမ်းလဲ့မှာ…
ငါ…ဘယ်လိုမှ မေ့မရတဲ့
မဟာလကာင်္ တစ်ပိုင်းတစ်စ…ရှိနေလေရဲ့။
အဲဒီလိုနဲ့ပဲ
ငါ ပြန်လည် ချည်နှောင်ခဲ့ပါမယ်…
ချစ်သော..ဖဲကြိုးဝါကလေးရယ်…
(လက်နက်မပါဘဲ…
စစ်ဝင်္ကပါမှာ ငါ…မတိုက်ရဲဘူး…)
ညံ့တယ်လို့ပဲ…
လက်ညှိုးထိုးပြီး ပြောလိုက်ပါတော့…။
လျှပ်စစ်မျှင်တန်းလို…
ပူလင်းပြင်းထန်လွန်းတဲ့
သူရူးတစ်ယောက်ရဲ့ ပွေ့ဖက်မှုတွေထဲ…
ခု…ရထားတို့ ဥသြဆွဲလိုက်ကြပြီ…
“…ပြီးဆုံးသွားပါပြီ……
အားလုံး ပြီးဆုံးသွားပါပြီ…”တဲ့။
(၂)
အရှေ့လေတွေတိုက်တုန်းက
ခါးကုန်းနေတဲ့ ငါတို့ရဲ့ မြရာပင်အိုကြီးဟာ
တုန်ယင်ချည့်နဲ့စွာ ယိမ်းထိုးနေတော့တယ် …။
ကျောင်းတော်ရဲ့ စည်းအပြင်
နှောင်းရိပ်တွေ တစ်လွင်လွင်နဲ့
ထင်ယောင်ထင်မှား
လမ်းပေါ်မှာ ငါစဉ်းစားတာ…
နင့်အကြောင်း ခေါင်းစဉ်များစွာပါပဲ။
ထိပ်ထားရယ်...
အီဂျစ် ပြက္ခဒိန်ထဲက
မိုးတိမ်တွေ ရွာမယ့်နေ့
နင်နဲ့ငါ ပြန်လည်ဆုံတွေ့ ကြရင်
ဒီအကြောင်းတွေ ပြောပြချင်ပါသေးတယ်..။
ငါက ဆပ်ပြာပူဖောင်းကို ခိုစီးပြီး
မြင့်မိုရ်တောင်ကြီးနဲ့တိုက်မိမှာ
စိုးရိမ်ရှာသူ မဟုတ်ခဲ့…၊
ဒါပေမဲ့…
လေပွေလမ်းကြောင်းများမှ
တုန်ဝါးဖျော့အေး
“သစ္စာ”ကို ပဲ့တင်သံနဲ့ပဲ ပြန်ပေးနိုင်ခဲ့သူ…။
ငါ့ကိုသတ်…ငါ့ရင်ဘတ်ကို ထိုးခွဲဖောက်လှန်ကြည့်
ငါ့လက်သီးထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့
သုညတစ်လုံးပဲ ရှိလိမ့်မယ်…။
ဝိုင်ယာကြိုးတွေ
“ထောင်း”ခနဲ မီးပွင့်ပြတ်တောက်ပြီး
ရုတ်ချည်း မှောင်အတိကျသွားတဲ့
“အန္ဓ”တို့ရဲ့ အိမ်အိုမှာ…
တေလေပီသစွာ…ငါနေတယ်။
တိတ်ဆိတ်…ပြာလဲ့နေတဲ့ည…
ရေတွင်းထဲ ခေါင်းငုံပြီး…
“….”ကို ချစ်တယ်…လို့
ဘယ်ဆီဘယ်ဝယ်…ဟစ်အော် တမ်းတရတာ..
ဘာကြောင့်ပါလဲ…။
“အုံ့ပုံးချစ်” သီချင်းကို
မဆိုချင်ဘဲ ဆိုရတာ
ရွှေရည်စိမ်ထားတဲ့ လက်ပစ်ဗုံးကို
ကိုက်မျိုရသလိုပါပဲ…လို့
အက်ကွဲနေတဲ့ မယ်ဒလင်ကြီးက…
ငါ့ကိုပြောပြတယ်။
အဲဒီလိုနဲ့…
မိုးကို ဆန့်မြှောက်ထားတဲ့
မမီနိုင်သော ကမ်းလက်တွေဟာ
ဟိုး…တုန်းကလိုပဲ
ငါ့ဆီမှာ…မြေမှုန်တွေ စွန်းထင်လျှက်ပါပဲလေ…။
(၃)
“လူဆိုတာ…
လင်းဝေစိမ်းမြတဲ့ ပန်းညများစွာထက်
သရဲခြောက်ရာ ညတစ်ညကို..ပိုသတိရတတ်တယ်”
ငါသေသွားခဲ့လို့ရှိရင်
ငါ့ရဲ့သင်္ချိုင်းဂူမှာ…
ကြက်ခြေခတ်တစ်ခုကိုသာ
မှတ်တိုင်အဖြစ် စိုက်ပေးထားပါ။
တကယ်တော့…အဲဒါဟာ
ငါသိသမျှ လောကဓမ္မကို
အကြွင်းမဲ့ ဖော်ပြသွားခြင်းပဲ ဖြစ်လိမ့်မယ်။
ဟိုးငယ်ငယ်…ကျောင်းမပြေးတတ်ခင်တုန်းက
ခရေပွင့်ပြထားတဲ့ သင်္ချာတစ်ပုဒ်
ငါ့အပေါ် ခုန်အုပ်ပြီး
မင်နီတွေ ရဲခနဲ သုတ်သွားဖူးတယ်။
ငါ…သတ္တိကောင်းကင်မှာ..နီလွင်ထစ်ချုန်း
တစ်…နှစ်…သုံး
အနက်ရှိုင်းဆုံး ထိုးကျပစ်လိုက်တယ်။
ထူးလှတယ်တော့လည်း မဟုတ်ပါဘူးလေ…
ကြောက်မက်ဖွယ်ရာ လူတွေရဲ့
မဟာဘုတ် ဗေဒင်ထဲမှာမှ
ငါကလည်း “အဓိပတိဘွား” ဖြစ်ချင်ခဲ့တာကိုး။
အိမ်အပြန် ညများစွာမှာ…
ဘယ်သူမှ မပြောချင်တဲ့စကားတွေ ပွေ့ ပိုက်
ကိုယ့်ကိုယ်ကိုယ် “လူမိုက်”လို့ ပြန်ခေါ်ခဲ့ရတယ်။
၁၉၉၃…၁၉၉၄…
ငါ့ကဗျာလေးတွေ ဆွေးမြေ့ကြေကွဲ
လမ်းဘေးအုတ်ခုံပေါ် လဲကျနေတယ်…။
နှင်းမြားတစ်လက်ရဲ့ အဆိပ်နဲ့
နိမိတ်မကောင်းတဲ့ပုံပြင်
မမြင်ဘူးသော နေ့များ…ညများ
ပိတောက်ပိုင်းဖျားမှာ…၀ပ်တွားစုရုံး
ငါ့ကို…ချည်ထုံးခဲ့တာ…
(ခု…အချိန်တိုင်အောင်…)
အလင်းစိမ်းတန်းတွေ ရစ်ဖွာလို့ကွယ်။
(၄)
မြို့ ပြင်လမ်းကွေ့ က
တွေ့ ခဲ့ဖူးတဲ့ ဂျစ်ပဆီတွေလို
ဖြစ်ခဲ့သမျှကို
ရယ်ကာမောကာ ပြန်ပြောနိုင်တဲ့ အကျင့်လေး
သွေးအေးအေးနဲ့ ကြိုးစားမွေးနိုင်ခဲ့ပြီ။
ဘာပဲဖြစ်ဖြစ်
ကျောက်ခေတ်၊ကြေးခေတ်
နျူကလီးယား ကင်ဆာ၊ အနာဂတ်ခေတ်
အားလုံးအတွက်
သေချာတဲ့ ငါ့…ကြေညာချက်ကတော့
နင့်ကို ထာဝရ ချစ်နေမယ်ဆိုတာပါပဲ…။
ထိပ်ထားရယ်…
ဖြစ်နိုင်မယ်ဆိုရင်…
ဂန္ထ၀င် ပန်းပုရပုဒ်မှာ…
နန်းသုံးအက္ခရာနဲ့ ခြယ်မှုန်း
နင့်နာမည်လေး စာသုံးလုံးကို
စီရီသီကုံးပေးချင်တယ်…။
နင့်အပေါ်ထားတဲ့ ငါ့ရဲ့ချစ်ခြင်းမေတ္တာဟာ
မိုးပေါ်ကိုဦးမော့ပြီး
ဝင်းပစွာ လင်းမြတုန်ခါနေတဲ့
ရွှေဝါရောင် မီးတောက်မီးလျှံလိုပါပဲ…။
ကျောင်းရှေ့က စံပယ်ရုံမှာ
ဗီးနပ်စ်ရဲ့ နက္ခတ်တို့ တလက်လက် ပြာဝေမှုန်သင်း
ကျောင်းခန်းတွင်းမှာ…
လမင်းကလေး သာခဲ့ဖူးတယ်… …။
ချစ်သော ကျောင်းသွားဖော်ရဲ့
ပန်းရုပ်လွှာကို မျှော်တွေးရင်း
ဆွေးလျညှိုးခွေ ဖြေမပြေသူလေး အတ္ထုပ္ပတ္တိ
မြရာပင်ကြီး သိပါတယ်။
ကမ္ဘာဦးလူတို့လည်း (ဂူနံရံမှာ)
ငယ်ကျွမ်းမျက်နှာေ၀၀ါး
ပညာရှင်ကြီးများရယ်…
ပါဠိစာလုံးတွေနဲ့
ငါ့အပေါ် မဆုံးဖြတ်ပါနဲ့ဦး…။
“ချစ်သူကိုတောင်
ချစ်တယ်လို့ မပြောရဲတဲ့ကောင်…
ရာစုတစ်ထောင်နေရစ်ခဲ့…
ထိုသို့ဖြင့် စကားမဲ့စေသတည်း”
မြရာပင်ကြီးရဲ့
ညည်းတွားသဲ့သဲ့ သန်းခေါင်ယံ
ငှက်ဆိုးအုပ်နဲ့အတူ
ရုတ်တရက်လန့်ပျံသွားတယ်…။
ချို့တဲ့သော ကျောင်းသားဘဝ
ဆန္ဒရဲ့ မပြေလည်မှု
အနီရောင်မှတ်တမ်းတစ်ခုနဲ့ ချစ်သူအတွက် ပန်သစ္စာ
သြော်…ငါ့ကိုလေ…
နားလည်ပါ…နားလည်ပါ…
နားလည်စမ်းပါ…။
(၅)
အဲ့ဒီနေ့ရက်တွေမှာ
မာရ်နတ်ရဲ့ ဘယ်ဘက်လက်က
အနက်ရောင် ကျမ်းချပ်တစ်ပိုဒ်ဟာ
ငါ့ကို စီးနင်းတိုက်ခိုက်ဖို့
မြင်းကကြိုးတို့ကို ပြင်လို့“သ”လို့နေခဲ့ပေါ့။
ဘာပဲပြောပြော
ရွှေနဲ့စက်ဝယ်လို့ မရတဲ့
နောက်ဆုံးကလူရဲ့ အတွေ့အကြုံမှာ…
သံမှုန်တွေ ကပ်ပါနေရဲ့
ငါ…ဘာကိုမှ မကြောက်ခဲ့ဘူး။
ဟောဒီလောက တောက်လျှောက်
“ကျောက်သင်ပုန်းပေါ်က သုညနဲ့စာရင်
ဗလာစာအုပ်ပေါ်က သုညကမြတ်တယ်”တဲ့
အဲဒီအော်သံကို ငါရယ်နေခဲ့တယ်။
“မင်းကကော…ဘာလဲ” လို့
အနန္တတွေက ၀ိုင်းမေးတော့
၁…၂…၃…၄…၅…
ငါ…အကုန်စဉ်းစားတယ်
၆…၇…၈…၉…၀…
တစ်ခုမှမဟုတ်ဘူး
ငါ့အတွက် ဂဏန်းမရှိဘူး …။
သွေးနဲ့ယက်တဲ့ ကတ္တီပါစလို
နီလွရှင်းတောက်
ကြောက်ခမန်းလိလိ လှပတဲ့
နှလုံးသားက ဂီတသံစဉ်
နှင်းဆီဝိညာဉ်မှာ တင်တဲ့ကမ္ဗည်း
လကွယ်ညရောက်တိုင်း…ငါ
ဂစ်တာတီးနေမယ်…။
ကျဆုံးတော့မဲ့ စစ်သူရဲအိုက
ငယ်ဘ၀က ဓားနဲ့ချစ်သူကို
ပြင်းရှစွာ သတိရလိုက်သလိုမျိုး
နင့်ကို ငါသတိရနေတယ်။
ထိပ်ထားရေ…
ထိပ်ထားရေ…
ထိပ်ထားရေ…
သစ်ခုတ်သမားတွေ မရှိတဲ့တိုင်းပြည်မှာ
ငါ…လယ်သမား ဖြစ်ချင်တယ် …
နင်…ဘုရင်မ…လာမလုပ်ရဘူးနော်။
တော်တော်ကြာ…
တံစဉ်တစ်လက်ရဲ့ ကျင့်ဝတ်မှာ
သန်လျက်အတွက် ပန်းခူးပေးခွင့် မပါလို့…
ရွာဇနပုဒ်နဲ့ မိုးရေထဲ
ငါ…တစ်ယောက်တည်း
မျက်ရည်ဝဲနေရပါဦးမယ်…။
ငါကလည်း ခက်တယ်…
ကဗျာတစ်ပုဒ်နဲ့
နေမ၀င် အင်ပါယာ
ဘယ်ဟာယူမလဲလို့ မေးလာရင်
ဒုတိယအရာကို ငါ…ငြင်းတယ်…။
အဲဒီလိုနဲ့ပဲ
မှောက်ထားတဲ့
ငါ့ရဲ့ ကံကော်ရွက် ဖဲချပ်ကလေးတွေ
လောကကြီးကို အမျှဝေရင်း
ကာလများစွာ…ကြာပြီကောလေ…။
(၆)
တောင်ညိုမှာ ပျိုးတဲ့မိုးတွေ
နင့်မျက်နှာလုံးကို တိုးသက်တဲ့အခါ
တောင်ပင်လယ်က ဗေဒါတွေဟာ
ဆောက်တည်ရာမရ ဖြစ်ကုန်ကြတယ်။
ဟေး … ငါပြောမယ် ……
… အက်ဆစ်တိမ်ခိုး…တို့
မုတ်သုန်ကို နှိုးပါ
ဒီလူဆိုးအတွက်လည်း
မိုးကြမ်းတို့ တစ်စက်စက်ရွာပါ…။
“မထိုက်တန်သူဆိုတာ
လွင့်မျောရမှာပါပဲ…”
ခွဲခွာခြင်းဟာ …
ခရမ်းပြာကျည်ဖူးကို
အဆိပ်ချိုတွေ လိမ်းသုတ်
နှလုံးသား တည့်တည့်ဆီ
ချိန်ရွယ် မောင်းဖြုတ်လိုက်တယ် …။
သက်ပြင်းဝေေ၀
ခရေတို့ နှင်းစက်ဖားလျား
မျက်ရည်ကိုစားတဲ့
ချောက်ချားဖွယ် စကားမဲ့ည
ငါဟာ … ထက်ပိုင်းချိုးခံရတဲ့
တစ်ခြမ်းပဲ့ “လ”ပဲ ဖြစ်တယ်။
အိပ်မက်ထဲက ကမ္ဘာစစ်လို
အရိုးပြိုင်းပြိုင်းညနေအိုက…
မြေကိုရှိခိုး …
မြူခိုးတို့ ပျောင်းအိညွတ်တွဲ
လူငယ်ဘ၀ရဲ့
ညရိပ်တို့ မှုန်ေ၀၀မ်းနည်းခဲ့ရတယ်။
အခင်ဆုံး မဖြစ်ခဲ့ပေမဲ့
အခင်ဆုံးတွေအကြောင်း ပြောတိုင်း
သတိရမိနေကျ သူငယ်ချင်းတစ်ယောက်ဆီ
ငါ…မရောက်ရောက်အောင် သွားမယ်…။
ပြီးတော့…
ခရိုးခရိုင်…လက်ဖက်ရည်ဆိုင်လေးမှာ
ကဗျာအကြောင်း စာအကြောင်းတွေပြောရင်း
ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဖန်ဆင်းပစ်မယ်..ကွယ်။
အရက်သမားက
သူတစ်ပါးကို လွမ်းဆွတ်တာ
ရယ်စရာ မဟုတ်ပါဘူး
တစ်ရံတစ်ခါရဲ့
ပြန်မလာတဲ့သူတို့
သိကြဖို့ကောင်းတယ်…။
လေညင်းကလေးရေ…
ငါ ချစ်မြတ်ရတဲ့ ကမ္ဘာရဲ့ထိပ်ထားကို
သူ့ဆံနွယ်ခက်လေးတွေ
ဖွားခနဲ လွင့်ဝဲသွားရုံ
တစ်ချက်လောက် အုံ့သည်း တိုက်ခတ်ပေးပါ…။
လေစီးထဲမှာ
ဖွာကြဲလှပနေရှာမဲ့
သူ့ရဲ့ကေသာဆံမြကို
အဝေးကနေ…ရှိုက်မွှေး လွမ်းဆွတ်ပါရစေဦး နော်…။
(၇)
အထီးကျန်တောင်ကို အုပ်စိုးဖို့
နတ်ပြည်က ရွာချတဲ့
ငါ့အတွက်…အညတရမိုး…ရေ
နေပါစေတော့ …။
အဲဒီညဟာ
တစ်ခြမ်းပဲ့ “လ”က
အသက်ပေးပြီး ကာကွယ်ခဲ့ရတဲ့
အလံမမီ “ည”…ဖြစ်တယ်။
မြက်ရိုင်းက…
မိုးကုပ်စက်ဝိုင်းကို နမ်းမရသလိုမျိုး
နေနဲ့လက…
တစ်ယောက်ကိုတစ်ယောက် မပိုင်ဆိုင်နိုင်ကြသလိုမျိုး
ရိုးသားစွာ…တို့ဝေးလိုက်ကြပါစို့ ။
ချစ်သူကို မြတ်နိုးရုံနဲ့
အရာရာကို လက်ဖြန့် မိုးစောင့်ရှောက်ချင်တဲ့လူငယ်
ခု …ချွင်းချက်နဲ့ လက်နက်ချလိုက်ပါတယ် …။
တေလေဘ၀ရဲ့
ပထမဆုရ အမှားတွေကို
လွယ်အိတ်ညိုထဲ ထည့်ပြီး
မီးအိမ်လက်ဆွဲ…
ရာဇ၀င်ထဲမှာ ခရီးဆက်ရဦးမယ်။
ထိပ်ထားရေ …
ကချေသည်တို့ရဲ့ တေးတွေနဲ့
ငြိမ်အေးပျော်ရွင် ထာဝစဉ် ချမ်းမြေ့စေသား …
ကောင်းသော မိုးသောက်ချိန်၌လည်း
ငြိမ်သက်တည်ကြည်စေ…
ငါ … ဆုတောင်းပေးနေမယ်…။
ပန်းခူးရင်း
သူငယ်ချင်းတွေနဲ့နေရင်း …
စကားပြောရင်း …
သီချင်းလေးတွေဆိုရင်း …
မင်း …ငါ့ကို မေ့သွားမှာပါ …။
ခုတော့…သွားတော့နော်
ငါ ချစ်မြတ်ရတဲ့ နေရောင်ခြည်တွေနဲ့ မိန်းမပျိုကို
“ဘ၀” ဆိုတဲ့ မာယာနိုင်ငံအိုက …
စောင့်ကြိုလို့ နေရော့မယ် …
သာမည လမ်းခွဲမှာ …
ဝမ်းမနည်းသလို ငါတို့နှုတ်ဆက်
မနက်ဖြန်ခါမှာ … အောင်မြင်ပါစေ
မနက်ဖြန်ခါမှာ … အောင်မြင်ပါစေ
မနက်ဖြန်ခါတိုင်းမှာ … အောင်မြင်ပါစေ …
ထိပ်ထားရေ။
တာရာမင်းဝေ
Posted by ညိမ်းညို at 18:13 2 comments
Labels: ကြိုက်သောကဗျာရှည်များ
သစ္စာတရားအတွက် မီးအိမ်တစ်လုံးနှင့်
၁။
အရှင်...
သင်၏ခေါ်ရာ
ထပ်ချပ်...ငါ...လိုက်ပါမည်။
ကြယ်တစ်ပွင့်ကိုဆွဲယူ
ငါ့ကို...ထူပါ။
ဟိုးမှာ...
သေအံ့မူးမူးလူက
မြေပြင်ပေါ်ကသူ့အရိပ်ကို
ကပျာကယာ အိတ်ထဲယူကောက်
လက်သည်းတွေတောင် ခွေခေါက်နေပြီ။
ဒီမှာ...
ဦးခေါင်းခွံထက်
ဆံဖြူတွေဝပ်တွားတက်နေတဲ့အဘိုးအို
တောင်ဝှေးကျိုးကိုရီဝေကြည့်ငေး
သူ...ဘာတွေ တွေးပြီနည်း။
စမ်းရေကိုငုံ့သောက်မှ
ကိုယ်မျက်နှာကိုယ်ပြန်မြင်ရသောလူများ
အခြားဘာကိုတွေ့ စွမ်းမလဲကွယ်။
အတ္တဆိုင်းဘုတ်ကို
လည်မျိုမှာသံငုတ်နဲ့ရိုက်
လမ်းမှာလိုက်သောခရီးသည်များ
သံသရာရထားကိုစောင့်နေသည်။
ဝါးတစ်ပင်ရိပ်မှာ
ခြင်္သေ့တို့ပင်အိပ်ဝံ့ပါသလား။
ဝါးတစ်ပင်ရိပ်၌
သူတော်စင်တို့ ပျှော်ပိုက်ခဲ့ကြပြီ။
အမှောင်ကနက်၏
ကြယ်ကလက်မည်
ဤခရီးဝေးသလား
ငါ...ရောက်အောင်သွားပါမည်လေ...။
၂။
နွေ...နွေ မိုး မိုး
တွင်းထဲမှာ နှင်းခဲတွေပုပ်သိုးနေရော့သလား။
ဆောင်းကိုပန်ပြီး
မြောက်ပြန်လေရောက်လာမှ
ပြာဝေမှိုင်းအုပ်
ဟော ... နှင်းတွေတစ်ဆုပ်ပြီးတစ်ဆုပ်။
သဲကန္တာရက
သဲတွေနဲ့ဖွဲ့စည်းပြသလို
မာယာလောက
မာယာတွေနဲ့ မှုံရီအုံချနေတယ်။
ကျောက်ဆစ်ရုပ်က
ခေါင်းညိတ်ပြရုံမဟုတ်
လက်ခုပ်တီးပြီး လက်အုပ်ချီပြတာ
ငါ တွေ့ခဲ့ဖူးပြီ။
သွေးစက်တွေနောက်မှာ
လက်သည်းနီစက်ရဲရဲတောက်ပြတာ
ငါ တွေ့ဖူးပြီ။
ကျွဲချိုမှုတ်ပြီး
ကျွဲအုပ်ကိုဖျော်ဖြေတာ
ပျော်စရာမှမဟုတ်ပဲကွယ်။
၁၂ကြိုးကသော
လောက၏ကဝေလက်ချောင်းများ
ငါ့အား...ဆွဲခေါ်
ငါ... မမွေ့ပျှော်တော့ပါပြီ အရှင်။
၃။
ငါသည်...တစ်ခါက ဖယောင်းတိုင်ကဲ့သို့ဖြစ်၏
ထို့ကြောင့်
မီးတောက်ကိုချစ်လေသည်။
မိုး၏အမြင့်ကိုမသိ...ဟု
ကိုယ့်ကိုယ်ကို အထင်ရှိ၏။
အမှန်ကား...
မြေ၏အနက်မှာပင်ေ၀၀ါးဆဲ။
စီးမျောရာတွင်
ဗေဒါကို ကုပ်ဖက်
အနက်ရောင် လှိုင်းခေါင်းများကြားမှာ
ဒေါသအမျက်ချောင်းချောင်းပွားလျက်။
ထိုသော... မနေ့ကငါသည်
ဝါကျင်ဟောင်းနွမ်း နေလုံးကိုထမ်း၍
တောင်စွယ်တန်းမှာ ၀င်ရောက်ပျောက်ကွယ်ခဲ့ပြီ။
ဤယနေ့ ... ငါ ... သည်
မီးခိုးကဲ့သို့ မိုးပေါ်ထိုးတက်
နှုတ်ဆက်ထွက်ခွါ
အားလုံးကို လွှတ်ချခဲ့ချင်ပါပြီ။
ငါသည် ငါ၏ဘုရင်ဖြစ်၍
ငါသည် ငါ၏ပြည်သူဖြစ်၏
ငါ့ကိုငါက အုပ်ချုပ်၍
ငါ့အလုပ်ကိုငါလုပ်ရပေတော့မည်။
၎။
ဥပုသ်သည် သီလကျိုးတော့
ဘုရားရှိခိုးရင်း ရှက်လေသည်။
ငါတို့သည်...လူသားများဖြစ်၏
လက်ဖ၀ါးမှာ
အမှားလက္ခဏာပါလေသည်။
ဟိုချိုး ... သည်ကွေ့
ချွတ်ယွင်းသော မောင်းတံဖြင့်ရွှေ့လျား
လမ်းလျှောက်နေသော သင်္ချိုင်းမှတ်တိုင်များဖြစ်၏။
အပ်ချည်နှင့်ပြန်ချုပ်ထားသော
စက်ရုပ်၏အစိတ်အပိုင်းများပမာ
တစ်ခါတစ်ခါ
မှီတွယ်ရာလည်း မဲ့တတ်သည်။
အို ... ``လူသားအားလုံးချမ်းမြေ့ပါစေသား´´
အားလုံးထဲမှာ
ငါသည်လည်း ပါဝင်ချမ်းမြေ့ပါစေသား။
သူတစ်ပါးကိုလည်းခွင့်လွှတ်
ကိုယ့်ကိုယ်ကိုလည်းခွင့်လွှတ်
အနာရွတ်မှန်သမျှ
ဆွဲချွတ်ဖယ်ရှားကြပါ။
နင်းလာသောခြေထောက်ကို
မြေမှုန့်သဲကျောက်တို့က
ခွင့်လွှတ်ကြသလိုမျိုး
ရိုးသားပြည့်ဝ
တစ်ယောက်ကိုတစ်ယောက် ခွင့်လွှတ်ကြပါ။
၅။
ထမင်းဝိုင်းမှာ
လျှာနှင့်ခပ်၍စားကြသူများ
သွားကြားထိုးတံစူးကြလေသည်။
စပါးစေ့(၁၀၀)နှင့်
သင်လုံလောက်ပါက
စပါးစေ့(၁၀၁)
နောက်လူအတွက် ဖြစ်ပါစေကွယ်။
ဆင်ဖြူတော်မှီပြီးတော့လည်း
ကြံမစုပ်ကြပါနှင့်၊
ကြံကျွေးပြီးတော့လည်း
ဆင်ကိုနှာမောင်းမဖြုတ်ကြပါနှင့်။
ညောင်ရွက်တွေနဲ့မိုးတဲ့
ရေအိုးစင်လေးပမာ
သာယာမြေ့ချမ်း
နေပူလမ်းမှာ တွဲခေါ်ကြပါ။
အမှန်စင်စစ်
ခေါင်းငုံ့ပေးလိုက်ခြင်းဟာ
ခေါင်းမော့ထားရခြင်းလောက်
ညောင်းညာလိမ့်မည်မဟုတ်ပါ။
ဝင်သက်နှင့်ယူခဲ့သမျှ
ထွက်သက်နှင့် ပြန်ပေးရမည်။
ဒါ ... ကမ္ဘာအစရဲ့
ပထမသီအိုရီပဲဖြစ်သည်။
ငါကတော့(ရမည်ဆိုပါလျှင်)
သေလွန်ပြီးခါမှ
အင်အားတစ်စပြန်ယူသုံး
ငါ့အခေါင်းကို ငါပဲဖုံးသွားချင်တော့၏။
၆။
ငြိမ်းချမ်းရေးအတွက်တော့
လင်းပွင့်မြင့်မြတ်ရဦးမည်။
ထို့အတွက်
ကိုယ့်ကိုယ်ကို တံမြက်စည်းလှဲပြီး
တဖွားဖွား ခြွေချပစ်ရမည်။
လက်သီးဆုပ်ခြင်း ... ဆိုတာ
တုန်ခါဖြူဖျော့ ထော့လန်ကွေးလုပ်
လက်ချောင်းတွေအချင်းချင်း ပြန်ဖမ်းချုပ်ကြခြင်းဖြစ်၏။
ကိုယ့်ကိုယ်ကို ဒိုင်းနဲ့ကာထားပြီးမှ
သူတစ်ပါးကို ဓါးဖြင့်ရွယ်ရဲလျှင်
သူရဲကောင်းဟု မခေါ်ချင်။
တစ်ခါက
ဤလက်တို့အလံလုခဲ့ကြ၏။
ထို ... ဆုတံဆိပ်
ယခု ဘယ်ဆီချိတ်မည်နည်း။
ငါ့ရိပ်မြုံကို
ရုပ်ပုံစာတမ်း
ဘာမှမကပ်တမ်း
လမ်းဘေးမှာ မြက်ဖြင့်ဆောက်မည်။
မာနကိုဖြေလျော့
ရေစင်အေးဖြင့် ငါ ကန်တော့ပါအံ့။
ခြေဖ၀ါးမှ ဦးကင်း
မေတ္တာဖြူဖြင့် လင်းလိုလှပါတော့သည် ငါ့အရှင် ...။
၇။
(လောကကြီးသည် အံ့ဖွယ်အတိပြီး၏။
နဂိုမူလ တိမ်သည်ဟုထင်ရသော တွင်းများပင်လျှင်
ဆင်းကြည့်ခါမှ နက်ရှလှိုက်စား
ပို၍ ... နိမ့်ဝင်သွားတတ်၏။)
ကြက်ခြေခတ် ... ၏
ဆုံရပ်မှာနေ ရီဝေထွေပြားသောညများ
မိုးခါးရနံ့ သင်းပျံ့နေတတ်၏။
ငါ့ရှေ့မှလူများ
ငါ့ကိုပိတ်၍ကာထား၏
ငါ့နောက်မှလူများ
ငါ့ကိုတွန်း၍ကျော်သွား၏။
ထို့နောက် ...
ချောက်ကမ္ဘားရောက်မှ
ကြောက်အားဖြင့်လှည့်ပြန်
ငါနှင့်တဖန် ...
လူချင်းလဲကြပြန်၏။
အောင်မြင်ကြပါစေကွယ်
နေရောင်လရောင်ဖြန့်ခင်း
အလင်းတဝေေ၀နဲ့
နေ့တွေညတွေ
ငြိမ်းချမ်းသည်ထက်ငြိမ်းချမ်းပါစေ။
သူဖုန်းစားလည်း
မြေသားပန်းကန်မှာ
ကောက်နှံပင်တို့ဝေဖြိုး
အသရေတိုးသည်ထက်တိုးပါစေ။
သူကြွယ်ကြီးလည်း
ငရဲပြည်ကဓါးကို
ရှောင်ရှားပိုင်းချင့်
နှိမ့်ချအပ်သောဦးခေါင်းဖြင့်
မြင့်သည်ထက်မြင့်ပါစေ။
၈။
ငိုကြွေးဖို့အတွက်
အသက်ဝင်လာသောလူများ
သစ္စာတရားကို
ဟားတိုက်ရယ်မောနေကြသည်။
ရှင်သေမင်းက
အစွယ်တ၀င်းဝင်းနှင့်စောင့်စား
သက်တမ်းကျွံသည်နှင့်
တမလွန်မှာ
အခွံခွါ၍စားလိမ့်မည်။
ဟိုစဉ်ခါက
ငါသည်လည်းစိုးကြောက်
ကျောက်တောင်ကို ပန်းနှင့်ပြန်ပေါက်ရင်း
ခြေမြှောက်လက်မြှောက်
ခြောက်ခြားဖူးသည်။
တုန်ကောက်မရှိသူ ... နှင့်
ချိုင်းထောက်မရှိသူ ...
လမ်းလျှောက်ရန်မှာပင်
ဒုက္ခချင်းမတူကြ။
တဂျောက်ဂျောက်နှင့်
ရွှံ့ရုပ်သားကောင်
မုဆိုးကို ပြန်လှောင်သည့်
မှော်ရုံထောင်ချောက်
မျက်လှည့်ဆရာတွေ ကြွေအံခေါက်နေသည်။
မျက်စိကိုမှိတ်ပြီး
ကိုယ်ထဲကို တိတ်တိတ်ကလေးပြန်ကြည့်သောအခါ
ညှို့ပြာယှက်သန်း
တစ်လောကလုံး အနက်ရောင်လွှမ်းတော့၏။
ထိုသို့ ဖြင့်
နှင်းရည်စိုသော
မှိုပွင့်ကလေး၏ပင်ခြေရင်းမှာ
မာနကိုအိပ်မွေ့ချ
ထာဝရ ငါ ... ထားခဲ့ချင်ပါပြီလေ။
၉။
လောကဓံတရားက
နဂါးရှစ်ကောင်ပမာ
မြေကိုထိုးခွဲ လေကိုဆွဲဖြဲ
လူတွေထဲမှာ
ပျံသန်းသွားလာနေသည်။
ယဉ်ကျေးမှုအရ
တစ်နေရာတွင်ဖိနပ်စီးရသော ငါတို့သည်
ယဉ်ကျေးမှုအရပင်
တစ်နေရာတွင်ဖိနပ်ချွတ်ရဦးတော့မည်။
ဘုရားပြောတာကိုမှ
ငါ... မယုံရဘူးဆိုလျှင်
မာရ်နတ်ပြောတာကို
ငါ... ယုံရတော့မည်လော။
အစိုးမရသော
လောက၏နာရီစက်သံကို
လက်တံတို့က မောင်းနှင်ဖန်တီး
နီး ...နီး ...နီး၍လာခဲ့ပြီ။
မီးကိုကျော်ဖြတ်
ရေကိုကျော်ဖြတ်
သံချပ်ကာဝတ်ရုံ
ခြုံလို့မလုံပါဘူးကွယ်။
တရားရိပ်မှာ
စိတ်ကိုထုတ်ပြီးဖုန်ခါ
ပြီးတော့ ...
ကိုယ်ထဲမှာ ပြန်လည်သော့ပိတ်
သုညကလေးလို
ငြိမ်သက်တိတ်ဆိတ်နေရမည်။
စေတီအိုဟောင်းမှ
ခေါင်းလောင်းသံ တိုးဖွတိုးညှင်း
အို ... အရှင် ...
မြေမှထသော ငါ့ကိုမြင်ပါ။
၁၀။
အချို့သောလူများ
လယ်ထွန်သွားရင်း
နွားပေါ်အိပ်နေကြပါသလား။
အချို့သောလူများ
လယ်ထွန်သွားရင်း
စပါးဖြစ်အောင် စိုက်ကြပါသလား။
လူသားတစ်ယောက်အနေနှင့်
မိုးကောင်းကင်အောက်မှာ
ခိုင်မာကျစ်လျစ်
တာဝန်ကျေသော ပေတစ်ဆစ်မျှတော့
ဖစ်သင့်သည်။
အရပ်ရပ်မှလာသော လေတို့၌
မြေစိုက်ကျောက်တိုင်တို့
မတုန်လှုပ်ကြသကဲ့သို့
ငါတို့ နေသွားရမည်။
အရှင်ယူဆောင်သည့်
ကြယ်တစ်ထောင်မြင့်ခေါင် ၀င်းပသည့်ညကား
လွှလွှဖွေးဆွတ်
လှံသွားတို့ကိုပင် ခွေညွတ်စေတော့၏။
ဓမ္မတေးကို
သွေးအစက်စက်တိုင်အောင်ဖြန်းဆွတ်
နှုတ်ဆက်တော်ရွတ်ဆိုသံများ
တိုးကာ ကျယ်ကာ ငါ ... ကြားနေရ၏။
လေပြေညင်းတွင်
ရွှေအဆင်းဖြင့် သွားနှင့်ကြသူများ
ဥပေက္ခာကို
ဘာမှမပြောဘဲ ထားသွား၏။
ထိုသူတို့နောက်
ငါ တကောက်ကောက်လိုက်ပါတော့အံ့။
ထိုသူတို့နောက်
တောက်လျှောက်လိုက်ပါတော့အံ့။
ကြယ်ရောင်ကွေ့ကောက်
ထိုသော ကောင်းကင်မျဉ်းကြောင်းများအောက်မှပင်
ငါ့အား
လမ်းပြစေစားတော်မူပါလော့ ... မြတ်သော ငါ့ ...အရှင်။ ။
(ဗုဒ္ဓ ... သို့ )
တာရာမင်းဝေ
Posted by ညိမ်းညို at 17:36 1 comments
Labels: ကြိုက်သောကဗျာရှည်များ
Diseño por headsetoptions | A Blogger por Blog and Web