28 February 2008

Start With Yourself

The following words were written on the tomb of an Anglican bishop in the crypts of Westminster Abbey:

When I was young and free and my imagination had no limits, I dreamed of changing the world. As I grew older and wiser, I discovered the world would not change, so I shortened my sights somewhat and dicided to change only my country.

But it too seemed immovable.

As I grew into my twilight years, in one last desperate atteampt, I settled for changing only family, those closest to me, but alas, they would have none of it.

And now as I lay on my deathbed, I suddenly realize; "If I had only changed my self first", then by example I would have changed my family.

From their inspiration and encouragement, I would then have been able to better my country and, who knows, I may have even changed the world.

Anonymous

26 February 2008

Money

It is said that for money you can have everything, but cannot. You can buy food, but not appetite; medicine, but not health; knowledge, but not wisdom; glitter, but not beauty; fun, but not joy; acquaintances, but not friends; servants, but not faithfulness; leisure, but not peace. You can have the husk of everything for money, but not the kernel.

Arne Gorbog

22 February 2008

မြို့ ကလေးသို့..

ဒေသန္တရဥခွံလေးအတွင်းမှာပဲ ကုတ်ခြစ်တွယ်ကပ်
တစ်ခါတစ်ခါ သိပ်အမြင်ကပ်ဖို့ကောင်းတဲ့ ချစ်စရာမြို့ ကလေးပေါ့
တံတိုင်းတစ်ပတ်ကာရံထားရုံနဲ့ လုံခြုံလှပြီထင်
ရိုးရိုးယဉ်ယဉ်ကလေး နေရှာခဲ့တဲ့ မြို့ ကလေးပေါ့
ရိုးရိုးစင်းစင်း ဖြတ်သန်းမှုတွေနဲ့
နည်းပညာငတ်ပြတ် လစ်ဟာနေရတာကိုလည်း မနာကျည်းတတ်
မျက်ရစ်မဲ့ မျက်ခွံမို့အစ် ဖောသွပ်ကြွမောက်သူတွေက ဂုတ်သွေးစုပ်
အရိုးပုပ်အောင် ခံစားနေရတာတောင်
နည်းနည်းကလေးမှ ထိုးထိုးထောင်ထောင် ခေါင်းဆောင်မှု မပေးနိုင်ရှာဘူး
တကယ်ဆို..
မိရိုးဖလာ ယဉ်ကျေးမှုနဲ့ မြန်မာဆန်တဲ့ မြို့ ကလေးပါ
သူ့ခမျာ..
ရင်ဘတ်ထဲ လောင်မီးကျနေတာတောင်
မင်္ဂလာဩဘာစာ ရွတ်ဖတ်ချင်နေသေးရဲ့
တစ်မြို့ လုံးကို နဖားကြိုးထိုး
တွန်းထိုးရုန်းကန် အသိဥာဏ်တွေစုံလုံးကန်းတော့မှ
အတိတ်ကို လွမ်းလှပါသတဲ့
နောက်ဆုံးထွက်သက် အသက်ရှူသံတွေ တဖုန်းဖုန်းနဲ့
လုံးလုံးမွကြေ အနာဂတ်တွေ ဆိတ်သုန်းတော့မှ
ကံစီမံသမျှဒဏ် ခံသာခံပတဲ့
မြို့ ကလေးရယ်..
ပြောရက်လိုက်တာ၊ ပြောထွက်လိုက်တာ
ဒီမယ်ကွဲ့ ..မှတ်ထားလိုက်စမ်းပါ
သမိုင်းဆိုတာ
အသိဥာဏ်ဆွေးရင် ဘ၀တွေ စတေးရတယ်
နားလည်မှုဝေးရင် ဓါးကူသွေးရသတဲ့
" တောက် " တစ်ချက် ပြင်းပြင်းခေါက်ရုံနဲ့
ရာဇ၀င်တွေ ကျွမ်းထိုးမှောက်ခုံ ဖြစ်ခဲ့ဖူးရင်
ငါတို့ ညာသံပေးပြီး " ကျား " တက်ထိုးရမယ်
သားရဲတွင်းထဲတော့ အကျမခံနိုင်
ငါတို့ အသည်းနှလုံးတွေ ကျွဲပခုန်းထချင်ထ
နင့်ကို ထမ်းတင်ထားမယ် မြို့ ကလေးရေ.. ။

ညိမ်းညို

21 February 2008

မောင်ချောနွယ်အတု

မောင်ချောနွယ်အတုက ပြောတယ်
သန်းလေးဆယ်အတွက် ထွန်ယက်ခဲ့ပါတယ်တဲ့
ကိုယ့်အတ္တမှ ကိုယ်မသေချာတဲ့
မောင်ချောနွယ်အတုကလေ.....
သူတစ်ပါးချမ်းသာရေးအတွက် ပါဝင်ခဲ့ပါတယ်တဲ့
မောင်ချောနွယ်အတုကလေ
သစ်တန်တွက်နည်းဟာ
သစ်ကုန်သည်အတွက် ၀မ်းမီးစာပေဆိုတာ
မသိခဲ့ရှာသူ မောင်ချောနွယ်အတုကလေ....
မျက်လှည့်ဆရာရဲ့ 'ဘင်' ကိုမှ ၀ယ်မယ်တဲ့...
မောင်ချောနွယ်အတုကလေ
တစ်ဖက်သားကို ဒုက္ခပေးပုံပေါ့
ခမျာမှာ ဒီဘင်ကလေးနဲ့မှ လူစုရရှာတာကို
ဒီဘင်ကိုမှ ၀ယ်ဖို့ကြိုးစားနေရှာလေရဲ့ .....။

မောင်ချောနွယ်အတုက ပြောတယ်
အလမ္မာယ်ဆရာရဲ့ မြွေကိုဝယ်မယ်တဲ့
ဒီမြွေလေး ပြ,ပြပြီးစားရတဲ့ တစ်ဖက်သားကိုမှလေ။

မောင်ချောနွယ်အတုက ပြောတယ်
သူများတိုက်တဲ့ ရေခဲစိမ်ဘီယာကို
သူ့ခွက်ထဲ အရင်ထည့်ပေး
သူ့ကို အလျင်သောက်စေခြင်းနဲ့ မြှောက်စားရမယ်တဲ့ ...။

မောင်ချောနွယ်အတုက ပြောတယ်
ငါတို့ဟာ
အေသင်မြို့သားတစ်ဦးလို တွေးခေါ်ရမယ်
ဆိုကရေးတီးမဟုတ်ခဲ့တာ သေချာဖို့လိုတယ်တဲ့....။

မောင်ချောနွယ်အတုက ပြောတယ်
မက်ဒေါနားလည်း ဒုလ္လဘတစ်ခုနဲ့ပဲ
ဂေါ်ဘာချော့လည်း ဒုလ္လဘတစ်ခုနဲ့ပဲ
လန်ဒန်ဒေါင်းနင်းသားလည်း
ဒုလ္လဘတစ်ခုနဲ့ပဲ
တောမရွာသားလည်း
ဒုလ္လဘတစ်ခုနဲ့ပဲ
လူ့ဘ၀လောက် မှားယွင်းခွင့်ရှိတာ
ဘယ်ရှိမလဲတဲ့ ....။

လူညံ့ရွေးတဲ့နေရာမှာ တော်ရမယ်လို့
မောင်ချောနွယ်အတုက ပြောတယ် ....။

မောင်ချောနွယ်အစစ်ဟာ
သူ့ချစ်ဇနီးသည်
ညီမလေး မမမြင့်မှာ
(တကယ်တော့ ညီမလေးပါပဲ
ဒါပေမဲ့ သူ့ကို ကဗျာဆရာဖြစ်စေခဲ့သမို့
ညီမလေး မမမြင့်လို့
သူက ဂုဏ်ရည်မြှင့်ခေါ်ခဲ့တာပါ)
နှုတ်ခဲ့ရတဲ့ သွားတစ်ချောင်း
ပြန်စိုက်ပေးရဦးမယ်လို့
နေ့စဉ် နေ့စဉ် ထိသိနေရသူ
သတိတရ အားစိုက်နေရသူ
အချစ်ကို သွားတစ်ချောင်းပေးနေရသူမျှသာ
ဖြစ်လေရဲ့ ....။

တကယ်တော့
မောင်ချောနွယ်အတုဟာ လူဖြစ်ပြီး
မောင်ချောနွယ်အစစ်ဟာ
လူ မဟုတ်ဘူးလို့ မပြောလိုက်ကြပါနဲ့။

မောင်ချောနွယ်

18 February 2008

ကွဲပြားရလဒ်

လမင်းကဖြာကျတဲ့ အလင်း
မြို့ ကြီးပြကြီးမှာ လင်းချင်မှလင်းမယ်
ကျေးလက်က တောရွာလေးမှာတော့
လင်းတပပ ၀င်းမြ..သာစွ ။

သူ့ဘက်ကပုတ်ထုတ်လိုက်တဲ့ ဘောလုံး
(သူ့အဖို့ ) အရှိန်ပြင်းကောင်းမှ ပြင်းမယ်
တစ်ဖက်က လူမှာတော့
ဘ၀တစ်ခုလုံး လွင့်သွားရှာပေါ့.. ကြေမွ ။

ညိမ်းညို

17 February 2008

လူမွဲ

ငှက်ကလေးရေ
မင်းအလိုရှိသလိုသာ ပျံပါ... နားပါ
ဟောသည်...ဥယျာဉ်မှူးအိုကြီးကတော့
အလွန်ဆုံးခံစားရလှ
အဆွေးစောင်ကြီးခြုံခြုံပြီး အိပ်နေရုံပေါ့ကွယ်
ငါကိုက ကံဆိုးလွန်းခဲ့တာပါ
လမင်းအစင်းတစ်ရာလောက်သာနေတဲ့ တိုင်းပြည်မှာမှ
ကြယ်မှုန်ကြယ်မွှားလေးအဖြစ်နဲ့ ရောက်လာမိတယ်
နက်နက်ရှိုင်းရှိုင်းထွန်ယက်ခဲ့ရသလောက်
နှလုံးသားယာမြေက မညက်ခဲ့ပြန်ဘူး
လူမွဲတစ်ယောက်ကပစ်တဲ့ ခေါစာမှာ
ရွှေမင်ငွေမင်တွေ မကပ်ငြိခဲ့လေတော့
တိတ်တခိုးမျှော်လင့်ရတဲ့ အဖူးအငုံလေးတောင်
နေ၀င်မီးမှိတ် တံခါးပိတ်ပြီပေါ့
လူလုံးလဲမလှနိုင် ဟန်ရေးလဲမပြနိုင်နဲ့
လူကုန်ထံတွေတိုက်ခတ်နေတဲ့ မုန်တိုင်းကို
ငါဘယ်လို ညင်းသွဲ့အောင်ပြုစားရမှာလဲကွယ်
ငှက်ကလေးရေ...
ကြည့်စမ်းပါဦးကွယ်
ဟိုး...အရှေ့ဆီက တောတန်းတစ်လျှောက်မှာ
အစီအရီ စီတန်းပေါက်ရောက်နေကြ
လေးလုံးခြောက်ဖက် သစ်ကိုင်းကြီးတွေဆိုတာလေ
နားနားနေနေ ချွေးသိပ်ခိုဝင်ဖို့
လွန်လွန်ကဲကဲကြီးကို သင့်မြတ်လို့နေတာပေါ့ကွယ်
ကိုင်းဖျားကိုင်းနားလေးတွေဆိုတာလေ
နေရစ်ခဲ့ကွဲ့ အဝေးဆီမှာ... ....တဲ့
ဒီတော့...ငှက်ကလေးရေ
မင်းအလိုရှိသလိုသာ ပျံပါ... နားပါ
ဟောသည်...ဥယျာဉ်မှူးအိုကြီးကတော့
အလွန်ဆုံးခံစားရလှ
အဆွေးစောင်ကြီးခြုံခြုံပြီး အိပ်နေရုံပေါ့ကွယ်။

ညိမ်းညို

16 February 2008

လူလွဲ

နေရောင်ခြည်က ခင်ဗျားဆီမလာရင်
နေရောင်ခြည်ရှိရာကို ခင်ဗျားကသွားရလိမ့်မယ်
ဒါပဲ...မိတ္တဗလဋီကာဆိုတာ
ဆပ်ကပ်ထဲမှာ
လူတစ်ကိုယ်လုံးပိုင်းပြသွားတဲ့ ပြကွက်လောက်တောင်
ထူးဆန်းမနေတာအမှန်
ငါးစာလည်းသွားမချနဲ့
ရေပွက်ကိုလည်း မငေးလေနဲ့
တကယ်ဆိုတော့...
ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် လွဲနေရခြင်းဟာ
အလွဲတကာ့အလွဲထဲမှာ အလွဲဆုံးပဲ
နိုင်တဲ့အခါ ရင်ဘတ်ပုတ်ပြတတ်ကြသလို
ရှုံးတဲ့အခါမှာ ရင်ဘတ်ပုတ်ပြဖို့ထိမလိုပေမဲ့
ကျေးဇူးပြု၍ တဆိတ်လောက်ဗျာ..
နာမည်ကလေးတော့ ပြောရဲရမယ်
အနိမ့်ပျံဖြစ်ဖြစ် အမြင့်ပျံဖြစ်ဖြစ်
တည်တည်ငြိမ်ငြိမ် ပျံသန်းနေဖို့လိုတယ်
တစ်ပါးသတ္တ၀ါရဲ့ ဇီဝိန်ကို
စွန်ရဲတစ်ကောင်လို ထိုးသုတ်နိုင်ရမယ်လို့လည်း မဆိုလိုပါဘူး
ရုပ်ပျက်ဆင်းပျက်လုယက်မနေရအောင်လို့ကို
သဘာဝတရားက စားခွက်တစ်ခုစီ ဖန်ဆင်းပေးထားပြီးသား

စိတ်ဆင်းရဲခြင်းက လက်ရှိငရဲ
စိတ်ချမ်းသာခြင်းက လက်ရှိနတ်ပြည်
အမှန်တရားဆိုတာ အနာပေါ်ကျတဲ့ဒုတ်
နုတ်စရာရှိတာ ရဲရဲနုတ်
ပေါင်းစရာရှိတာ ရဲရဲပေါင်း
ဒါမှ..ကိုယ့်ကိုယ်ကိုချိန်တွယ်တဲ့အခါ
အလေးချိန်အတိအကျရပေမှာပေါ့
လူသုံးများတဲ့စကားတစ်ခွန်းလို
ကိုယ်ဟာ အသက်ကြီးလာသလောက် အချိန်စီး,မစီး
ခင်ဗျားတို့ ကျွန်တော်တို့သိလိုကြတယ်မဟုတ်လား
ဟား...ဟား...ဟား...ဟား...ဟား...
ဒါ..မိတ္တဗလဋီကာကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်တာ
ပြောချင်ရာပြောပြီး ဟားတိုက်ရီချလိုက်တော့
မင်းကို လူတွေအမြင်ကတ်ပြီပေါ့ ငနာရဲ့။

ညိမ်းညို


15 February 2008

သံခိပ်

ပြီးတော့လဲ ပြီးသွားတာပဲ
ထင်သလောက်ကြီးလဲ မဟုတ်ပါဘူး
ကိုယ့်စာကိုယ်ရေး ကိုယ့်တေးကိုယ်ဆို
မငိုဘူးသောမျက်လုံးများ မလှပပါ။

ညိမ်းညို

သူရူးတေး

အဆီအငေါ်ကိုမတည့်ဘူး
ဘ၀က အကြိမ်ကြိမ်လျှော်ဖွပ်ထားတဲ့ အင်္ကျီတစ်ထည်လို
အာခေါင်ထဲလက်နှိုက်ပြီး ထိုးအန်ချလိုက်ရုံနဲ့
ရင်တွင်းနာတွေ စိမ်းစိုလတ်ဆတ်သွားမယ်ဆိုရင်
ဟောဒီ....လူပြောသူပြောများလှတဲ့မြစ်ထဲ
ငါ ဘယ်တော့မှ လက်ပစ်မကူးဘူး
မတွေဝေပါနဲ့ မယိမ်းယိုင်ပါနဲ့
ကျောက်တိုင်လိုစိုက်ထူထားတဲ့ ငါ့အချစ်မှာ
နှစ်ကာလတွေကို အန်တုနိုင်တဲ့အစွမ်းရှိတယ်
ဒီလို..
ကိုယ့်ရင်ဘတ်ကိုယ်ပုတ်,ပုတ်ပြီး အခါခါဆိုမိရဲ့
ကြွေးကြော်သံမဟုတ်ပါဘူး
တအားမူးနေတဲ့လူတစ်ယောက်ကညည်းလိုက်တဲ့
သူရူးတစ်ယောက်ရဲ့တေးလို့ပဲ ဆိုကြပါစို့။

ညိမ်းညို

14 February 2008

အီကုတ်

သူတို့က...
ဧည့်သည်လဲ မလုပ်လိုဘူး
အိမ်ရှင်လဲ မလုပ်လိုဘူးတဲ့။

သူတို့က...
ကိုယ့်ဆီလဲ မလာနဲ့
သူ့ဆီလဲ မသွားပါဘူးတဲ့။

သူတို့က...
မျှော်လဲမမျှော်နဲ့
လာလဲမခေါ်နဲ့တဲ့။

ကိုယ့်အိမ်ကိုယ့်ယာလေးတွေနဲ့
တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း
ပန်းသေးသေးလေးတွေ ကိုယ်စီပွင့်ကြတယ်
ကိုယ့်အမြင် ကိုယ့်အတွေးနဲ့
ဝလုံးဝိုင်းဝိုင်းလေးတွေ ရေးကြတယ်
ကိုယ့်မြေပုံ ကိုယ့်လမ်းကြောင်းနဲ့
ကိုယ့်ခရီးကိုယ် နှင်ကြတယ်။

ဒီလို ရှင်သန်လာခဲ့ကြရာ...
အကြောင်းမဲ့ ချိုးဖဲ့ဖျက်ဆီးခံလိုက်ရချိန်
တူညီတဲ့နှလုံးသားပိုင်ရှင်တို့
ပေါင်းစည်းစုံညီ တွေ့ချင်လာကြရဲ့...။

သူတို့ ... ...
အချိန်နှောင်းခဲ့လေပြီလား
မီးပြင်းပြင်းထိုးထားတဲ့ ဒယ်အိုးထဲ
ပွက်ပွက်ဆူ ဆီပူတို့အလယ်
အရောင်ကင်းမဲ့မျှော်လင့်ချက်အသေများ
မျက်နှာချင်းညှိုးမှိုင်တေ့ဆိုင်
"ငါတို့ မနိုင်လို့ရှုံးခဲ့ရပြီ" တဲ့။

ညိမ်းညို

- အီကုတ်ဆိုတာ ရှမ်းပြည်နယ်မှာ အများဆုံး တွေ့ရတတ်တဲ့ ပိုးကောင်လေးတွေပါ။ ဒေသအလိုက် အခေါ်အဝေါ် အမျိုးမျိုးရှိနိုင်ပါတယ်။ အဲဒီပိုးကောင်လေးတွေဟာ မြေသားလုံးအတွင်းမှာ ရစ်ခွေနေတတ်ပြီး ဒေသခံတွေက ဆီနဲ့ကြော်စားလေ့ရှိပါတယ်။ သူတို့ဟာ အသက်ရှင်နေစဉ်ကာလမှာ ကိုယ့်နေရာလေးတွေနဲ့ကိုယ် သီးသီးသန့်သန့်နေတတ်ကြပြီး တစ်ကောင်နဲ့တစ်ကောင် ထိတွေ့ဆက်ဆံမှု မရှိသလောက် နည်းပါးကြပါတယ်။ ဆီပူဒယ်အိုးထဲကိုထည့်ပြီး အကြော်ခံလိုက်ရတဲ့အချိန်မှသာ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်မိကြတာ လို့တောင်ဆိုနိုင်ပါတယ်။


12 February 2008

ဗိုလ်ချုပ်နဲ့ရိုးဂုဏ်

အစောကတော့ ဗိုလ်ချုပ်မွေးနေ့မှာ "ဗိုလ်ချုပ်နဲ့ရိုးဂုဏ်"ဆိုတဲ့ ပို့စ်တစ်ခုတင်ဖို့ စိတ်ကူးထားတာပါ။ တော်တော်လေးလည်း ပြင်ပြီးနေပါပြီ။ သို့ပေမဲ့ ပြီးခဲ့တဲ့အပတ်ကပဲ စိတ်မကောင်းစရာ အမြင်လွဲတာမျိုး အကြုံခံလိုက်ရတော့ ရေးလက်စကို ရပ်ထားလိုက်ပါတယ်။ တကယ်တော့ ဗိုလ်ချုပ်ကို လေးစားအားကျရလွန်းတဲ့ လူပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ကျွန်တော်သန်ရာ ရှုထောင့်ကနေ ချဉ်းကပ်ဖို့ ကြိုးစားကြည့်မိတာပါ။ အဲဒီခေတ် အဲဒီအခါတုန်းက ဗိုလ်ချုပ်ရဲ့ရင်ထဲမှာ အလျှံညီးညီးဖြစ်ပေါ်နေမဲ့ "ဗမာပြည် လွတ်လပ်ရမယ်"ဆိုတဲ့ တစ်ကြောင်းတည်းသောစိတ်နဲ့ ဗိုလ်ချုပ်အမြဲတစေ ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ "ရိုးဂုဏ်"ဆိုတဲ့ စိတ်အကြည်ဓာတ်တစ်ခုကို ထုတ်ယူဖော်ပြဖို့ ကြိုးစားကြည့်မိတာပါ။

အရွယ်နဲ့မမျှအောင် ကျယ်ပြန့်လှတဲ့နိုင်ငံရေးတွေးခေါ်မြော်မြင်မှုများကို ဗိုလ်ချုပ်ရဲ့ ရှားပါးမိန့်ခွန်းများ နဲ့ ဗိုလ်ချုပ်ကိုယ်တိုင်ရေးသားခဲ့တဲ့ ဘားမားချဲလင့် စာအုပ်မှာ တပေါင်းတစည်းထဲ လေ့လာဖတ်ရှုနိုင်ပါတယ်။

ဗိုလ်ချုပ်ရဲ့ ရိုးဂုဏ် ဆိုတဲ့ စိတ်အခြေအနေတစ်ရပ်ကိုတော့ဖြင့် စာအုပ်တစ်အုပ်ထဲရယ်လို့မှ မဟုတ်ပါဘူး။ ဗိုလ်ချုပ်နဲ့သက်ဆိုင်တဲ့စာအုပ်တိုင်း စာအုပ်တိုင်းကို ဖတ်လိုက်မိတိုင်းမှာ ခံစားသိမြင်နိုင်ပါတယ်။ စာရေးသူများက ငါတို့ဗိုလ်ချုပ်ဟာဖြင့် ဘယ်လိုဘယ်ပုံ ရိုးသားခဲ့တယ် ဆိုပြီး သီးသီးသန့်သန့် ဖော်ထုတ်ရေးသားခဲ့ကြတာမျိုး မဟုတ်ပါဘူး။ သူတို့ ကြုံသိတွေ့ထိခဲ့ရတဲ့အတိုင်းသာ ရေးသားမှတ်တမ်းတင်ခဲ့ကြတာပါ။ သို့သော်လည်းပဲ အဲဒီလိုရေးသားဖော်ပြခဲ့ကြတဲ့ စာတွေထဲမှာကို(တစ်စုံတစ်ခုသောအကြောင်းကြောင့် တမင်လုပ်ရေးထားတာမျိုး မဟုတ်ပဲနဲ့)ဗိုလ်ချုပ်ရဲ့ ရိုးဂုဏ်ရိုးဒြပ်ဟာ အထင်းသားပေါ်လွင်ထင်ရှားလို့ နေပါတော့တယ်။

ဥပမာဆိုရရင် "အကြည်ရေ ..ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်" ဆိုတဲ့ စာတိုလေးထဲမှာကို ဗိုလ်ချုပ်ရဲ့ ငဲ့ညှာတတ်တဲ့စိတ်၊ အားနာတတ်တဲ့စိတ်၊ ဇီဇာမကြောင်တတ်တဲ့စိတ်၊ ကိန်းကြီးခမ်းကြီးမနိုင်တတ်တဲ့စိတ်တွေကို ခံစားတွေ့မြင်နိုင်ပါတယ်။ ပဲပြုတ်နဲ့နံပြား စားချင်တယ်၊ ရအောင်လုပ်ပေးစမ်းဆိုတာမျိုး မဟုတ်ပါဘူး။ ဗိုလ်ချုပ်က ကိုယ့်ရဲ့ဇနီးမယားအပေါ် တောင်းဆိုလိုက်ပုံလေးက အကြည်ရေ..ပဲပြုတ်နဲ့နံပြားရရင် စားချင်တယ်ကွာတဲ့။ ရရင်တဲ့နော်။ အိမ်သူသက်ထားအပေါ်ကို အပူကပ်လိုက်တာမဟုတ်ဘူး။ အမိန့်ပေးလိုက်တာမဟုတ်ဘူး။ ရရင် စားချင်လိုက်တာတဲ့၊ မရရင်တော့လည်း နေပါစေ ကိစ္စမရှိပါဘူးကွာ ဆိုတဲ့သဘော..ဘယ်လောက်နူးညံ့လိုက်တဲ့ စိတ်ထားပါလဲ၊ ခေါင်းထဲမှာ ဗမာပြည်လွှတ်လပ်ရေးကလွဲလို့ ဘာမှမရှိတဲ့ လူရိုးလူရိုင်းကြီးရဲ့ လူတစ်ဖက်သားအပေါ်ထားတတ်တဲ့ ငဲ့ညှာတတ်တဲ့စိတ်၊ အားနာတတ်တဲ့စိတ်ကလေးက တအားကိုနူးညံ့တယ်။ ဒါကြောင့်လည်း ဆရာကြီး ဒဂုန်တာရာက အောင်ဆန်းကား ရိုင်း၏၊ ကြမ်း၏၊ သို့သော်ရိုး၏ လို့ ရုပ်ပုံလွှာအဖွဲ့အနွဲ့မှာ ရေးခဲ့တာပဲလေ။


တက္ကသိုလ်နေ၀င်း(ကိုယ်ရံတော်ဗိုလ်ထွန်းလှ)ရဲ့ ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရစာအုပ်တွေ၊ သတင်းစာဆရာ ဦးပုကလေးရဲ့ ငါတို့ဗိုလ်ချုပ်ဘာတွေလုပ်ခဲ့သလဲ၊ အောင်သန်းရဲ့ အောင်ဆန်း နဲ့ အောင်သန်းရဲ့ အောင်ဆန်းမိသားစု၊ အိုးဝေညိုမြ၊ ဆရာကြီးမောင်ထင်၊ ဆရာကြီးဒဂုန်တာရာတို့ ရေးသားခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံလွှာအဖွဲ့အနွဲ့တွေ၊ ဘယ်စာအုပ်ကိုပဲ ဖတ်မိသည်ဖြစ်စေ(ဗိုလ်ချုပ် ဘယ်လိုရိုးသားပါတယ်ဆိုတာကို တမင်ဇောင်းပေးပြီး ရေးထားတာမျိုးမဟုတ်ပဲနဲ့ကို)ဗိုလ်ချုပ်ရဲ့ ရိုးဂုဏ်ရိုးဒြပ်ဟာ ကြည်စင်ဝင်းပလို့နေပါတယ်။ သည်လို ချဉ်းကပ်မိတဲ့အတွက် ကျွန်တော်ကျွမ်းဝင်ရင်းနှီးရာ ဘာသာဗေဒနဲ့ ဗိုလ်ချုပ်နဲ့ရိုးဂုဏ်ဆိုတဲ့ ပို့စ်လေးကို ပုံဖော်ဖို့ ကြိုးစားကြည့်မိတာပါ။ ဒါပေမဲ့ဗျာ...ကျွန်တော်တို့ရေးရင်ကိုပဲ.....။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ဘလော့မှာတင်ဖို့ အဆင်ပြေသည်ဖြစ်စေ၊ မပြေသည်ဖြစ်စေ ကျွန်တော်ကတော့ ဗိုလ်ချုပ်ရဲ့ ရိုးဂုဏ်ကို ဆက်လက်ပုံဖော်နေမိဦးမှာပါပဲ။

ဗိုလ်ချုပ်ရဲ့မွေးနေ့မှာ ဗိုလ်ချုပ်ရေးသားခဲ့တဲ့ ကျောင်းသားဝတ္တရား ဆိုတဲ့ဆောင်းပါးကို ကူးယူဖော်ပြအပ်ပါတယ်။ သည်ဆောင်းပါးကိုရေးစဉ်မှာ ဗိုလ်ချုပ်ရဲ့အသက်ဟာ ၂၃ နှစ်ပဲ ရှိပါသေးတယ်။ ၂၃ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ဦးရဲ့ ပညာရေးအမြင်ကျယ်ပြန့်မှုကို လေးစားအံ့သြဖွယ် ဖတ်ရှုလေ့လာနိုင်ပါတယ်။

*** *** ***

ကျောင်းသားဝတ္တရား

အင်္ဂလိပ်စာရေးစရာကြီး ရှိတ်စပီးယားက ကမ္ဘာအလုံးစုံသည် ဇာတ်ခုံမျှသာတည်းဟု မိန့်မြွက်ဖူး၏။ ထိုကမ္ဘာ့ဇာတ်ခုံတွင် လူအမျိုးမျိုး၊ အရွယ်အမျိုးမျိုး၊ အတန်းအစားအမျိုးမျိုးတို့သည် ကိုယ့်အခန်းကို ကိုယ်ကိုင်၍ ဇာတ်နိုင်အောင်ခင်းသွားရလေသည်။ သို့ဖြစ်ရာ လူတိုင်းလူတိုင်းမှာ သိကြားတတ်သော အချိန်အရွယ်မှစ၍ သေသည်ထိအောင် မိမိ၏ အလုပ်ဝတ္တရားအဖြစ်ရှိ၏။ ထိုဝတ္တရားကို ကြေပြွန်မှသာလျှင် လောက၌ လူဖြစ်ကျိုးနပ်ပေမည်။ ကမ္ဘာ၏ နောင်ခေတ်အမွေခံဖြစ်ကြသော ကျွန်တော်တို့ ကျောင်းသားတို့မှာလည်း အထူးသဖြင့် ၁၆နှစ်၊ ၁၇နှစ်မှ အထက်သို့ရှိသော ကျောင်းသားများမှာလည်း အဆိုပါ ၀တ္တရားဥပဒေမှ မကင်းလွတ်ကြချေ။ ယင်းသို့ဖြစ်လျှင် ကျောင်းသားဝတ္တရားသည် အဘယ်နည်း။

အမြင်ကျယ်ကျယ် ကြည့်လေ့ရှိသောသူတို့သည် ကျောင်းသားဆိုသည်မှာ တန်းစာကျက်၍ စာမေးပွဲအောင်ရုံမျှဟူသော အများအယူအဆ၏ တိမ်ခြင်းအဖြစ်ကို သိရှိကြလေပြီ။ ထိုအယူအဆကား ခေတ်အောက်ကျသည့် အယူမျှသာ ဖြစ်ပေမည်။

ပညာရေးကို ကျွမ်းကျင်သော ကမ္ဘာ့ပညာရှိတို့သည် လောကရေး၊ ဓမ္မရေး ပြဿနာအရပ်ရပ်တို့ကို စီစစ်ဝေဖန်ဖြေရှင်းတတ်သော ပညာရပ်မှ စာအုပ်ပေစာကို အံ၍ရသောအမှတ်သညာ၊ နှစ်ရပ်ကို ခွဲခြား၍ ထားလေသည်။ စာမေးပွဲကို အောင်မြင်သူသည် လောကစစ်ပွဲတွင်လည်း အောင်မြင်နိုင်သည့် အရည်အချင်းရှိသည်ဟု မုချဆတ်ဆတ် မဆိုနိုင်ချေ။ ဤသို့လျှင် စာမေးပွဲ၏ အကြောင်းသနစ်ကို ဖော်ထုတ်လာကြ၏။ An examination of examinations စာမေးပွဲများ၏ အကျိုးအပြစ် စစ်ဆေးချက်ဆိုသော စာအုပ်တွင် ဤအချက်ကို ရှင်းလင်းပြသထားပေ၏။ စာမေးပွဲတစ်ခု၏ အဖြေစာရွက်များကို စာစစ်သူအမျိုးမျိုးအား စစ်ဆေးစေရာ အဖြေတစ်ခုတည်းကိုပင် အမှတ်ပေးပုံခြင်းမတူသည်ကို တွေ့ရပေသည်။ တဖန် စာစစ်သူတစ်ဦးတည်း ၎င်းတစ်နှစ်ခန့်က ဖျက်ခဲ့သောအဖြေကို နောက်ထပ်စစ်ဆေးသည့်အခါ ပထမအမှတ်ပေးပုံနှင့် နောက်တစ်ခါ အမှတ်ပေးပုံခြင်းမှာ ကွာခြားသည်ကို တွေ့ရလေသည်။ ကမ္ဘာကျော်ပြဇာတ်ရေးဆရာ ဘားနတ်ရှောကလည်း တရံသောအခါက အတန်းထဲတွင် ထိပ်ကျသောကျောင်းသားသည် လောကတွင် အောက်ဆုံးထစ်ရောက်တတ်သည်ဟု မိန့်ဆိုဖူး၏။

ဤတွင် ကမ္ဘာကျော်စာရေးဆရာကြီး၏ အရေးအသားကို ၎င်းရေးသားသဖြင့် ယုံကြရမည်ဟု မဆိုလို၊ သို့ရာတွင် ၎င်းကား အကြောင်းမဲ့ မရေးသားရာ၊ ယင်းသို့ဖြစ်ရကား ကျွန်ုပ်တို့သည် ကမ္ဘာ့ရာဇ၀င်တွင် သာဓကအထောက်အထားများကို ကြည့်မည်ဆိုလျှင် ကမ္ဘာ့ထိပ်တန်းကျရောက်သော ပုဂ္ဂိုလ်တို့သည် စာမေးပွဲများတွင် ထိပ်တန်းကျသူချည်း မဟုတ်ပေ။ ဥပမာ အနည်းငယ်ထုတ်ပြရသော် ယခုခေတ် ကမ္ဘာ့ထိပ်တန်းသမားများတွင် ဟစ်တလာနှင့် မူဆိုလိုနီတို့သည် ကျောင်းမျှပင် ကောင်းစွာမနေခဲ့ရပေ။ မဟတ္တမဂန္ဒီသည်လည်း ကောလိပ်ကျောင်းတွင် ရောက်ဖူးရုံမျှရှိ၍ ကျောင်းသားအဖြစ်နေစဉ်အခါက ထူးထူးချွန်ချွန်မရှိချေ။ ပန်ဒစ်ဂျဝါဟလာနေရူးသည်လည်း အင်္ဂလန်ပြည်ရှိ နာမည်ကျော်ကျောင်းနှင့် တက္ကသိုလ်တို့မှ အောင်မြင်ခဲ့လင့်ကစား ကျောင်းသားအဖြစ်ဖြင့် များစွာ မထူးချွန်လှ။ ဘီအေဂုဏ်ထူးတန်းတွင် ဒုတိယတန်းမျှသာ ရလေသည်။ သို့ရာတွင် ထိုအခါက ၎င်းအထက်ပထမရခဲ့သော သူတစ်ဦးမှာ ရန်ကုန်တွင် ပါမောက္ခတစ်ဦးအဖြစ်ဖြင့် ၎င်းကဲ့သို့ ကျော်ကြားခြင်းမရှိပေ။ အင်္ဂလိပ်စာရေးဆရာကြီးများဖြစ်ကြသော ဂိုးလ်စမစ်၊ ဆာဝါလတာစကော့ စသော ပုဂ္ဂိုလ်တို့မှာလည်း ကျောင်းနေစဉ်က ထူုးချွန်ခြင်းမရှိ၊ ဆာဝါလတာစကော့မှာမူ လူ့ငနွားဟုပင် ဆရာ၏အခေါ် ခံရလေသည်။ ဤကား ဥဒါဟရုဏ်ကို အကျဉ်းမျှ သရုပ်ပေါ်အောင် ပြလိုက်ခြင်းပေတည်း။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းကိုစစ်လျှင် လူသားတစ်ဦးတစ်ယောက်၏တန်ဖိုးကို မည်မျှရှိသည်ဟုချိန်ဆရန် တထစ်ချသတ်မှတ်ထားသော နည်းမရှိသောကြောင့် ဖြစ်ပေသည်။

စင်စစ်သော်ကား ကျောင်းတွင်တစ်ခါမျှမနေဖူး၍ စာတစ်လုံးမျှမသင်ဖူးသူပင် ပညာရှိဖြစ်နိုင်၏။ ဤကား ဖြစ်နိုင်သည့်အကြောင်းကို အလွန်ဆိုခြင်း ဖြစ်ပေသည်။ ယခု ကမ္ဘာပေါ်မှာရှိသည့် စာအုပ်အားလုံးသည် အရင်းစစ်လျှင် လောက၏အကြောင်းကို အမျိုးမျိုး မှတ်ချက်များသာ ဖြစ်ပေသည်။ ထိုမှတ်သားချက်များကို ရေးသူများ၏အာဘော် ၎င်းတို့၏ ရေးရာဒေသ၊ ရေးသည့်အချိန်ကာလ စသည်တို့ကိုကြည့်၍ ဝေဖန်ပြီးလျှင်၊ လောက အလုပ်ဝတ္တရားတွင် သုံးစွဲတတ်မှသာ စာတတ်အမှန်ဖြစ်ပေသည်။ အကယ်၍ စာမတတ်သူသည် လောကအမှတ်အသားကောင်းမွန်၍ နေရာချတတ်ပါလျှင် စာတတ်နေရန်မလိုချေ။ ထို့ကြောင့်ပင် မူဆိုလိုနီက
၎င်း၏အတ္ထုပ္ပတ္တိတွင် ကျွန်ုပ်ဖတ်ခဲ့သော အကြီးဆုံးသောစာအုပ်ကား ကျွန်ုပ်နေခဲ့၊ နေဆဲသော လောကကြီးပင်တည်းဟု ရေးထား၏။ ထိုကဲ့သို့ စာအုပ်စာပေမှ ကျော်လွန်သောပညာကို အဘယ်သို့ ရအံ့နည်း။

ထိုပညာစစ်ကိုရရန် လွတ်လပ်စွာ တွေးတောပြောဆို ဆွေးနွေးလုပ်ကိုင်လိုသော စိတ်ဓာတ်ကိုမွေးရန် လို၏။ ဤအချက်ကို ပညာရေးကျွမ်းကျင်သူ ပုဂ္ဂိုလ်များက Academic Freedom ပညာသင်ကြားရေး လွတ်လပ်ခွင့်ဟု ခေါ်ဝေါ်ကြ၏။ ဤအချက်ကား ကမ္ဘာ့ရာဇ၀င်ကို တစ်မျိုးတစ်မည်ပြောင်းလွဲစေသည့် ရီနေဆန့်နှင့် ရီဖော်မေးရှင်းခေါ် ခေတ်သစ်ဝါဒ၊ လောကဓာတ်ပညာပြန့်ပွားရာ အကြောင်းအရပ်တည်း။ ဤအချက်ကား ကျွန်ုပ်တို့၏ ဂေါတမဘုရားသခင် ဟောကြားသော ကာလာမသုတ္တန် သဘောအရပင်တည်း။

ထိုလွတ်လပ်စွာတွေးတောပြောဆို ဆွေးနွေးလုပ်ကိုင်လိုသော စိတ်ရှိရမည်ဆိုသည်တွင် ကျွန်ုပ်တို့သည် မိမိထင်ရာ တွေးတောပြောဆို လုပ်ကိုင်ခြင်း မဟုတ်ပေ။ လောကရှိလူအပေါင်းတို့သည် ရေတွင်းထဲရှိ ဖားသူငယ်ကဲ့သို့ နေ၍မဖြစ်ပေ။ တစ်ဦးနှင့်တစ်ဦး ကူးလူးဆက်ဆံရလေသည်။ ယခုခေတ်အခါတွင် ဤသို့ကူးလူးဆက်ဆံခြင်းမှာ ပိုမို၍ နယ်ကျယ်လာလေသည်။ ယခု အတိုင်းတိုင်းအပြည်ပြည် ကြုံတွေ့နေရသော ရှားပါးရေးခေတ်သည် ထိုဥပဒေကို လွန်ဆန်၍ ကိုယ့်ဘက်ကိုယ့်သဘောကိုမြင်သော၊ ၀ါဒကြောင့်ဖြစ်သော ကမ္ဘာစစ်ကြီး၏ ပဲ့တင်သံဖြစ်လေသည်။ ထိုသို့ဖြစ်ရာ လူတိုင်းလူတိုင်း တစ်ဦးနှင့်တစ်ဦး အပေါင်းအသင်းသမဂ္ဂရှိမှသာ အမျိုးမျိုးသော အယူအဆအမှတ်အသားတို့ကို တွေ့မြင်သိရှိရ၍ ပိုမိုအမြင်ကျယ်လာနိုင်လေသည်။ သို့အမြင်ကျယ်မှ တစ်ဦးကိုတစ်ဦး အနာခံတတ်ခြင်း၊ စောင်မကူညီတတ်ခြင်း၊ အပြောအဆိုအနေအထိုင် ပြုပြင်လာခြင်း စသည်ဖြင့် လောက လူလုပ်တတ်သည့် အရည်အချင်းများ ရရှိနိုင်လေသည်။

ထို့ကြောင့် ထိုသို့ကူးလူးဆက်ဆံအမြင်သန်အောင် ကျောင်းများ၊ တက္ကသိုလ်များတွင် ကျောင်းအိပ်ကျောင်းစားထားခြင်း၊ အသင်းအပင်းများထောင်ခြင်း စသည်တို့ ပြုကြရလေသည်။ သို့ရာတွင် အပေါင်းအသင်း သမဂ္ဂအတွက် ပြုလုပ်ရာတွင် လွတ်လပ်စွာ မပြောရမဆိုရ မလုပ်ရမဆွေးနွေးရလျှင် မျက်စိပိတ်ထားသည်နှင့် တူပြန်သည်။ သို့ဖြစ်ရာ နှစ်ဘက်၊ နှစ်ချက်စုံမှ ပညာရေးအစစ်မည်လေသည်။

တဖန် ယနေ့ဖြစ်နေသော ကျောင်းသားများသည် နက်ဖြန် ပြည်ကြီးသားများ ဖြစ်ကြ၏ဟု ဆိုရိုးစကားရှိ၏။ သို့ဖြစ်ရာ ပြည်ကြီးသားတို့၏ အင်္ဂါလက္ခဏာနှင့်ညီအောင် အုပ်ချုပ်နည်း၊ မိမိအခွင့်အရေးအတွက် တိုက်ခိုက်နည်း၊ စကားပြောနည်း၊ စည်းကမ်းသေ၀ပ်နည်း၊ ကိုယ်လက်ကျန်းမာရေးစသည်ဖြင့် နည်းမျိုးစုံအောင် အသင်းအပင်းများ၊ ရဲတပ်များ၊ ကစားနည်းများကို ထွင်ကြရ၏။ ထိုမျှမက ယခုအခါ တစ်နိုင်ငံနှင့် တစ်နိုင်ငံမှာ ခွဲစပ်၍ မဖြစ်နိုင်။

တရုတ်ပြည်၊ စပိန်ပြည်၊ ပါလက်စတိုင်းပြည်တွင် အဖြစ်အပျက်များသည် ဤတိုင်းပြည်ကို၎င်း၊ ကမ္ဘာ့ယဉ်ကျေးခြင်းကို၎င်း၊ လူသတ္တ၀ါတို့အား၎င်း မည်သို့မည်ပုံ ထိခိုက်မည်ဟု သိနိုင်အောင် ကမ္ဘာ့အခြေကိုလည်း မိမိရရသိနိုင်ရန်လို၏။ ဤသည်တို့ကား အကြမ်းမျှ ကျောင်းသားတို့လုပ်ရမည့် ၀တ္တရားများဖြစ်ကြ၏။ ထို့ကြောင့် ကမ္ဘာရှိ ကျောင်းသားအပေါင်းတို့သည် လှုပ်လှုပ်ရွရွဖြစ်၍ စစ်မက်တားဆီးရေး၊ အလုပ်လက်မဲ့ ပပျောက်ရေး အကြောင်းစနစ်ကို ရှာဖွေနေကြ၏။ အခြေအထူးမလှသော စပိန်ပြည်နှင့် တရုတ်ပြည်တို့တွင် ကျောင်းသားတို့မှာ ကိုယ်ထိလက်ရောက် တိုက်ခိုက်နေကြရ၏။ ထို့ကြောင့် အချိန်အခါအလျောက်လည်း ကျောင်းသား၏၀တ္တရားလည်း ကွဲလာ၏။

ဤပြဆိုပြီးခဲ့သော ကျောင်းသားဝတ္တရားအားလုံးကို သိမြင်သည်နှင့်အညီ နောင်ခေတ်ဗမာပြည်ကို ဖန်တီးမည့်ကျောင်းသားများသည် ယခုလူများကဲ့သို့ မညီမညွှတ် မလုပ်တတ်၊ မကိုင်တတ်၊ မဖြစ်ရအောင် ကျွန်ုပ်တို့သည် ယခုအခါ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်းကြီးကို အထင်အရှား တည်ထောင်ထား၏။ ထိုအသင်းကို ၀င်ရောက်အားပေးရန်မှာ ကျောင်းသားတိုင်း တိုင်းပြည်ချစ်စိတ်ရှိသူတိုင်းတို့၏ တာဝန်ဝတ္တရားပင်တည်း။

မောင်အောင်ဆန်း
မန္တလေးသူရိယ (အမျိုးသားနေ့ အထူးစာစောင်)
၁၂၉၉ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ စာ ၁၇-၁၈

10 February 2008

ယောင်

ဖန်တီးမှုမဲ့ခြင်းသည် အဆိုးရွားဆုံး အန္တရာယ်ဖြစ်၏။ ဖန်တီးမှုမဲ့သူသည် စကားအများကြီး ပြောတတ်၏။ ပေါက်ပေါက်ဖောက်သလိုပင်။ သို့သော် မိမိပြောဆိုသောစကား၏ အလေးအပေါ့၊ အတိမ်အနက်ကိုမူ ချင့်ချိန်နိုင်ခြင်းငှာ မစွမ်းပေ။ ဖန်တီးမှုလက်ဝယ်ရှိသူ သို့တည်းမဟုတ် ဖန်တီးရန်ကြိုးပမ်းအားထုတ်နေသူသည် စကားအများကြီး မပြောတတ်ချေ။ ဖန်တီးရန်စိုက်ထုတ်ရသော စွမ်းရည်နှင့် လုံ့လ၀ါယမကို အသိအမှတ်ပြု နားလည်လက်ခံသောကြောင့်ပင်။ ထိုသူတို့သည် ဗဟိုနာရီစင်ကြီးနှင့် တူ၏။ မိမိအသံကို လိုအပ်မှ မချိန်ကျရောက်မှသာ အချက်ကျကျ လေးလေးမှန်မှန် ပီပီသသကြီး ပြုတတ်၏။

ပညာရပ်နယ်ပယ်အသီးသီးတွင် ရေပေါ်ရှပ်ပြေးလုပ်ရံမူ မခက်လှ။ တတ်ယောင်၊ သိယောင်၊ ဟုတ်ယောင် ထင်မြင်ရန်အတွက် ထောက်ပံ့ကျားကန်ပေးထားသည်ဟု ယူဆနိုင်သော အချက်အလက်များကို အလိုက်သင့် ထုတ်ယူသုံးစွဲနိုင်သောကြောင့်ပင်။ မိမိတရားသေဆုပ်ကိုင်ထားသော ယုံကြည်မှု၊ မိမိသက်ဝင်နေသော လမ်းကြောင်းနှင့် သွေဖည်စေသော အပိုင်းတို့ကို ပယ်နှုတ်ထိန်ချန်၊ ဒွိဟဖြစ်စေသော ကြောင်းကျိုးဆက်စပ်မှုတို့ကို ဖုံးဖိကွယ်ဝှက်..၊ ထိုသို့ဖြင့် လူတို့သည် ကိုယ်တိုင်ထူထောင်သောဝါဒ၌ သက်ဝင်ယုံကြည်မှုအရှိဆုံး ဖြစ်လာကြ၏။ ကာကွယ်ရာ၌လည်း ဇောအပြင်းထန်ဆုံးဖြစ်လာကြ၏။ ထိုသူတို့သည် စိတ်ကိုဖွင့်ထားရမည်ဟု အမြဲတစေ ဆိုတတ်ကြကုန်၏။ အမှန်အားဖြင့် ထိုသူတို့သည် စိတ်ကိုဖွင့်ထားကြခြင်းမဟုတ်။ မျက်စိကို ဖွင့်ထားကြရုံမျှသာ။ မျက်စိကိုဖွင့်ထားသဖြင့် အမြင်ကျယ်ကောင်းကျယ်မည်။ အသိဥာဏ်ကျယ်ပြန့်ရန်မူ မလုံလောက်သေး။ အမြင်ကျယ်ခြင်းနှင့် အသိဥာဏ်ကျယ်ခြင်းသည် ကွာခြားလှချေ၏။

ပမာဆိုရသော်... ၊ အတန်အသင့် မှတ်ဥာဏ်ကောင်းသောလူတစ်ယောက်သည် ဘူမိဗေဒဘာသာရပ်ဆိုင်ရာ ပြဌာန်းစာအုပ် သုံးအုပ်ခန့်နှင့် ဘူမိဗေဒပညာရှင်ကြီးများ ပြုစုသော ကျော်ကြားသည့် စာအုပ်သုံးအုပ်ခန့်ကို လအနည်းငယ်အတွင်း နှုတ်တိုက်အာဂုံဆောင်နိုင်သည်ဆိုအံ့။ ထိုသူသည် နေ့ချင်းညချင်း ဘူမိဗေဒပညာရှင်ကြီးဖြစ်လာမည်လော။ ပညာ၏သဘောမှာ ပြင်ပဗဟိန္ဓအကြောင်းနှင့် မလုံလောက်ပေ။ မိမိ၏ အတွင်းအဇ္ဇျတ္တမှလာသော စိတ်၏သဘောနှင့်လည်း များစွာသက်ဆိုင်ပေ၏။ ထိုပညာရပ်အပေါ် မြတ်နိုးခုံမင်နှစ်ခြိုက်လှသော အတွယ်စိတ်ကလေးနှင့် မြင့်သည်ထက်မြင့်အောင် မြှင့်တင် ကြံဆောင်ပေးလိုသော ဘာမထီစိတ်တို့သည်လည်း ရှင်သန်ခိုင်မြဲနေအပ်ပေသည်။

လူတို့သည် ယောင်ခြင်းအမှု၌ နေသားကျနေပြီဖြစ်သဖြင့် နေရာကဏ္ဍအသီးသီး၌ ယောင်တတ်ကြကုန်၏။ ဆိုင်းသံဗုံသံ တထီထီနှင့် တက်ကြွစွာဟန်ရေးပြနေသော လက်ဝှေ့သမားကိုမြင်သော် ခဏချင်း၌ပင် မိမိသည်လည်း လက်ဝှေ့ကျော်ကြီးတစ်ဦး ဖြစ်လိုက်ချင်၏။ လက်ဝှေ့ပညာဟူသည် ဤရွေ့ဤမျှလောက်ကြီးတော့ ခက်ဟန်မတူ၊ ငါလိုက်စားလျှင် အလွယ်နှင့်ရပေမှာပဲ ဟုလည်း တွေးထင်တတ်ကြကုန်၏။ လူအများကြည်ညိုလေးစားသော စာရေးဆရာကြီးကို မြင်သည်ရှိသော် ခဏချင်း၌ပင် မိမိသည်လည်း စာရေးဆရာတစ်ဦး ဖြစ်လိုက်ချင်ပြန်၏။ ထိုစာရေးဆရာကြီး၏ လတ်တလောအနေအထားကိုသာ ကွက်၍အားကျခြင်းလည်း ဖြစ်ဟန်တူ၏။ နောက်ကွယ်မှ ရုန်းကန်လာခဲ့ရသော ကာလတာကိုမူ အလေးထားထည့်သွင်းစဉ်းစားရန် အလိုမရှိကြပေ။ စင်မြင့်ပေါ်မှ အပြောအဟောကောင်းသူကို တွေ့ရပြန်သော် ထိုဆန္ဒသည် ခဏချင်း၌ပင် ရုန်းကန်တိုးထွက် လာတတ်ပြန်သည်။ "ဒီလို နာရီဝက်၊ တစ်နာရီလောက်ဖြင့် ငါလည်း ပြောနိုင်ပေမှာပဲ" ဟု အထင်ရောက်တတ်ကြ၏။ ထိုနာရီဝက်တစ်နာရီကို အဆင်ပြေချောမွေ့စွာ ပြောဆိုဟောပြောနိုင်ရန်အတွက် နေ့ပေါင်းရက်ပေါင်း နာရီပေါင်းများစွာ ပြင်ဆင်လေ့ကျင့်ခဲ့ရသော ထိုသူ၏ အားထုတ်မှုကိုမူ မေ့ထားတတ်ကြ၏။ ဤသို့ဖြင့် နယ်ပယ်အသီးသီးတွင် လူယောင်တို့သည် များစွာ ထွန်းကားပေါက်ဖွား၍ လာကြပေသည်။

အကြောင်းကိုသိခြင်းနှင့် အကျိုးကိုဆောင်ကြဉ်းပေးခြင်းသည် တူမယောင်နှင့် ကွဲပြား၏။ လူယောင်များသည် အကြောင်းကို သိကောင်းသိမည်၊ အကျိုးကိုမူ ဘယ်သောအခါမျှ ဆောင်ကြဉ်းပေးလိမ့်မည် မဟုတ်ပေ။ ပမာအားဖြင့် ထမင်းဆာနေသောလူတစ်ယောက်ကို ထမင်းကျွေးလိုက်မှသာ အလုပ်ပြီးမြောက်ခြင်း မည်ပေသည်။ သို့မှသာ ကာယကံရှင်လည်းဗိုက်ဝ၍ အာသာပြေပေလိမ့်မည်။ ထိုသို့မဟုတ်မူဘဲ "စပါးဆိုတာ ဘယ်လိုစပြီးဖြစ်ပေါ်လာတာကွ၊ အဲဒီဆန်စပါးလေးကို ဘယ်ရာသီမှာဖြင့် ဘယ်သို့ဘယ်ပုံ စိုက်ပျိုးပြီးသကာလ၊ ကြိတ်စက်ကြီးတွေနဲ့ ဘယ်နည်းဘယ်ဟန်ကြိတ်ခွဲလိုက်တဲ့အခါ ဆန်ဖြူဖြူလေးတွေ ရလာတာပေါ့ကွာ၊ ဒါကိုမှ ဤသို့ဤနှယ်ချက်ပြုတ်လိုက်တဲ့အခါ ထမင်းဆိုပြီးရပေသတဲ့ကွ" ဆိုပြီး ထမင်းဖြစ်ပေါ်လာပုံဋီကာကို အကျယ်ဖွင့်ရှင်းပြနေရုံဖြင့် ထမင်းငတ်နေသောလူသည် ဆန္ဒပြည့်ဝမည် မဟုတ်ပေ။ ဤကား အကြောင်းကို သိခြင်းသာ ဖြစ်ပေလိမ့်မည်။ အမှန်မူ ထမင်းရအောင်ကြံစည်အားထုတ်၍ အကျိုးကို ဆောင်ကြဉ်းပေးသင့်ပေသည်။ လူတို့သည် ယောင်တတ်သောပင်ကိုယ်သဘာဝရှိရကား နှုတ်တိုက်ရွရွ အာဂုံဆောင်ကျက်မှတ်ခြင်းဖြင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စသည်ဖြင့် ကိစ္စတိုင်း၏အကြောင်းကိုမူ ရှုထောင့်အသီးသီးမှနေ၍ လူတိုင်းလောက်နီးပါး ချပြခင်းကျင်းနိုင်ကြလေသည်။ အမှန်တကယ် အကျိုးကို ဆောင်ကြဉ်းပေးရန်၌မူ ရှေ့မတိုးသာ နောက်မဆုတ်သာဖြင့် ဝေ့လည်ကြောင်ပတ်လုပ်ကာ အီလည်လည်ကြီးတွေ ဖြစ်နေတတ်ကြကုန်၏တကား။

အချုပ်ဆိုရသော် ယောင်ခြင်းမှာ လွယ်၏။ လူတိုင်းလုပ်နိုင်သည်။ ယောင်ခြင်းအဆင့်မှတက်ရန်မူကား လူတိုင်းမလုပ်နိုင်၊ ခက်လှချေ၏တကား။ (လောလောဆယ်ဆယ် ကျွန်တော်ကိုယ်တိုင်လည်း ယောင်ခြောက်ဆယ်တစ်ဦးမျှသာ... :P )

အစအဆုံး ဖတ်ပြီးသွားပြီဆိုရင် မေ့ပစ်လိုက်လို့ ရပါပြီ။ ဘာမှ မဟုတ်ပါဘူးဗျာ။ ကျွန်တော်လည်း အတွေးအခေါ်လိုလို အတွေးအချော်လိုလို စာမျိုးရေးကြည့်ဖို့ စိတ်ကယောင်လာလို့ လိုက်ယောင်ကြည့်လိုက်တာ... :D

ညိမ်းညို

ကဗျာဆရာနဲ့ ပင်လယ်ဓားပြ

ကမ္ဘာမြေပေါ်က တစ်နေရာရာမှာ တစ်စုံတစ်ခုဟာ အမြဲမှားယွင်းနေခဲ့ပါလိမ့်မယ်။ သင်္ဘောပျက်တစ်စင်းပေါ်က အိပ်မက်တွေကို ကျွန်တော်က စာနာဖို့ သိခဲ့တယ်။ အဲဒီအတွက် ကျွန်တော့်ရဲ့ ပျော်ရွှင်ခြင်းတွေဟာ သောင်တင်သင်္ဘောတစ်စင်း ဖြစ်ခဲ့ရတယ်။ မြောက်မြားလှစွာသော မှားယွင်းခွင့်များ ရှိခဲ့တဲ့အတွက်၊ ကျွန်တော်က၊ မောင်ချောနွယ်က၊ အသက်ရှင်ခြင်းတရားကို အထူးကဲ ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြလိုက်ပါရစေ။

ဘာတစ်ခုမှ အဆင်မပြေတာကိုရော၊ ကံဆိုးမှုအကြိမ်ကြိမ် ကျရောက်ရတာကိုရော၊ ရောဂါပိုးမွှားတွေ ထူထပ်သိပ်သည်းနေခဲ့တာကိုရော၊ တစိမ့်စိမ့် တမြေ့မြေ့ နာကျင်ပြီး ဆာလောင်နေရတာကိုရော၊ ကိုယ်ကချစ်လိုက်ပြီး ပြန်အချစ်ခံခွင့်ရတာကိုရော အမုန်းခံလိုက်ရတာကိုရော၊ အစစ စုပါင်းဖြစ်တည်ပျက်ယွင်းနေတဲ့ ဒီဘ၀တိုတိုဆိုတာလေးကို အထူးလှိုက်လှဲစွာ ကျေနပ်လှပါတယ်။ (လူသားတစ်ယောက်နဲ့တစ်ယောက် နူးညံ့ခြင်းပြိုင်ပွဲ မရှိခဲ့တာကိုတော့ ကျွန်တော်က ရယ်သွမ်းသွေးလိုပါတယ်။) ပျော်ချင်တဲ့အချိန်မှာ လူတစ်ယောက်ရသင့်တဲ့ ကိုယ်တာလောက်ပဲ အခွင့်ရလိုလှပါတယ်။ အဲဒီလိုဆိုဖြင့် ခုလက်ရှိ ခန္ဓာကိုယ်နဲ့ ဘ၀ကိုရော၊ အသက်ရှင်ခြင်းတရားကိုရော၊ လူတွေရဲ့ ကပ်ပါးပိုးဆိုတာကိုရော၊ ကျွန်တော်က ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ပါကြောင်း။

အရက်၊ တရားဓမ္မ၊ အမှားအယွင်း၊ ကာမဂုဏ်၊ ရန်သူ၊ မိတ်ဆွေ၊ အမှန်တရား၊ ရိုးသားမှု၊ ချစ်ခြင်းမေတ္တာ၊ ကျွန်းသစ်၊ မြို့ရွာ၊ နိုင်ငံ၊ နေမင်းကြီး၊ လမင်းဖြူဖြူ၊ ခိုပြာရောင်ကြယ်ကလေးများနဲ့ ငွေစံပယ် ဆေးပေါ့လိပ်ကလေးများကိုလည်း အထူးပဲ ကျေးဇူးတင်ရှိလှပါတယ်။

ဆယ့်ခြောက်အောင်စ အလေးချိန်ရှိတဲ့ လူသားရဲ့ အသည်းနှလုံးဟာ တစ်နေ့ကို အကြိမ်ပေါင်းတစ်သိန်းတိတိ ခုန်ချက်ရှိတယ်လို့ ဆေးဘက်ဆိုင်ရာ ကျမ်းတွေက ဆိုတယ်။ လူတစ်ယောက်ရဲ့ တစ်နေ့တာ နှလုံးခုန်ချက်ဟာ အကြိမ်တစ်သိန်း ခုန်ချက်ရှိတယ်ဆိုတဲ့ အထက်ပါဆိုလိုချက်ကို ကျွန်တော်လက်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော့်အလိုအရတော့ အကြိမ်တစ်သိန်းတိတိ ခုန်ချက်ဟာ ထိချက်တစ်ချက် မဖြစ်နိုင်ဘူး။ အခိုက်ဓာတ်တစ်ခု မဖြစ်နိုင်ဘူး။ ခိုက်ထိချက်တစ်ချက် မရနိုင်ဘူး။ ပြီးတော့ ထိချက်တစ်ချက်ဟာလည်း မှော်သားဓာတ်မစေးကပ်နိုင်၊ မပါဝင်နိုင်ပြန်ဘူး။ အဖိတ်အစဉ်ရှိသလို မှော်သားအထူအပါးလဲ ကွဲသွားနိုင်ပါသေးတယ်။ ထားပါတော့၊ ထိချက်တစ်ချက်လဲ ဖြစ်ခဲ့ပြီ။ အခိုက်ဓာတ်လဲ ဖြစ်ခဲ့ပြီ၊ မှော်သားဓာတ်လဲ ပါဝင်ခဲ့ပြီဆိုရင်တော့ အဲဒါဟာ အနုပညာပဲ၊ ကဗျာပဲ၊ အစစ်ရတနာပဲပေါ့။ နီဝါပြာစိမ်းတွေ ကွဲနိုင်ပါရဲ့၊ အရောင်ကွဲပြားမှုကတော့ သူ့တန်ဖိုး အမျိုးအစားလိုက်ပေါ့။ ရှိပါစေ..။

လူဆိုတာ ဘုရားသခင်က ကိုယ့်ကို ဘာပေးလိုက်တယ်ဆိုတာ သိဖို့လိုတယ်လို့ ကျွန်တော်ခံယူထားတယ်။ ဘုရားသခင်က ကျွန်တော့်ကို အဲဒါပေးခဲ့တယ်။ ကဗျာ။ ကျွန်တော်က သေးသေးမွှားမွှား ဘ၀တိုတိုလေးမှာပင် ကိုလံဘတ်စ် ဖြစ်ချင်တယ်။ နယ်သစ်ပယ်သစ်တွေ ရှာဖွေချင်တယ်။ ကျွန်းသစ်မြေသစ်တွေကို စိတ်ဝင်စားတယ်။ လူသားတစ်ယောက်ဟာ ဘယ်လောက်ဝပ်အား ပျော်ရွှင်လင်းထိန်နိုင်သလဲ။ ကျွန်တော်က မဒမ်ကျူရီလည်း ဖြစ်လိုက်ချင်သေးတယ်။ ပြီးတော့ အက်ဒီဆင်၊ ပြီးတော့ မိုက်ကယ်အင်ဂျလိုဖြူရိုနာတီ၊ ပြီးတော့ ကဗျာဆရာ အိုမာခယမ်လည်း ပါတယ်ပေါ့။ သူတို့လိုပဲ ၀ိုင်မူးမူး၊ နက္ခတ်ဗေဒမှာ ကျွမ်းကျင်သူ၊ ပြီးတော့ ပြက္ခဒိန်သစ်တွေဘာတွေ တီထွင်ချင်တယ်။

ကမ္ဘာကျော်အဆိုတော်တစ်ယောက်က သူ့သီချင်းအယ်လ်ဘမ်ကို ဟောဒီလို နာမည်ပေးခဲ့တယ်။ ပင်လယ်ဓားပြနဲ့ ကဗျာဆရာ...တဲ့။ ညီမျှခြင်းတစ်ခုကို သူ့ရှုထောင့်ကနေ ဆွဲပြထားတဲ့ ဒီသီချင်းမှာ သူ့ဆိုလိုချက်က ပင်လယ်ဓားပြတွေကလည်း ရတနာကျွန်းကို ရှာဖွေခဲ့ကြတယ်။ ကဗျာဆရာတွေကလည်း ရတနာကျွန်းကို ရှာဖွေခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်....တဲ့။

ကမ္ဘာမြေကြီးရဲ့ ရင်ခေါင်းထဲကို အနက်ရှိုင်းဆုံး တူးဆွလာတဲ့ မြေတူးသမားဟာ သူ့လက်ထဲက သံတူးရွင်းတစ်ချက်အတူးမှားရင်၊ တွေ့ထားတဲ့ ကျောက်မျက်ရတနာ ပဲ့ရွဲ့ပြီး တန်ဖိုးဆုံးရှုံးနိုင်သလို၊ တစ်ချက်မှားယွင်း ပြန်ရင်လည်း မြေကြီးတွေ ကိုယ်ပေါ်ပြိုကျပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။

တကယ်တောပ ကဗျာဆရာဆိုတာ ကိုလံဘတ်စ်လည်းဖြစ်၊ မဒမ်ကျူရီလည်းဖြစ်၊ မာကိုနီလိုလည်း ဆောင်းတွင်းအိပ်မက်တွေနဲ့ ကမ္ဘာကို ဆက်သွယ်နိုင်သူ၊ မဒမ်ကျူရီလို မြေကိုလင်းထိန်စေသူနဲ့ အိုမာခယမ်လို ၀ိုင်မူးမူးနဲ့ နှလုံးခုန်ချက်တစ်သိန်းထဲကထွက်လာတဲ့ ခုန်ထိချက်တစ်ချက်ကို မှော်သက်သွင်းပြီး ထိခိုက်ချက်နဲ့ ကမ္ဘာနဲ့ လူသားဆီကို ပေးပို့လိုက်တာက ခု... သင့်လက်သူကြွယ်မှာ ၀တ်ဆင်ထားတဲ့ မြလက်စွပ်ကလေးပါပဲ။

မောင်ချောနွယ်
၁၉၈၅

- မောင်ချောနွယ်အတု ကဗျာစာအုပ် အမှာစာမှ

9 February 2008

တင့်ထူးကြီးရဲ့မွေးနေ့

မနက်ဖြန်ဆိုရင် ကျွန်တော့်သူငယ်ချင်းကြီး တင့်ထူးရွှေ တစ်ယောက် ၂၃ နှစ်ပြည့်မြောက်လို့ လူပျိုကြီးဖားဖား ဖြစ်ပေတော့မယ်။ ငါကွ အသက်တစ်နှစ်ပိုကြီးလို့ ပိုရင့်ကျက်လာပီ ဆိုပြီး တော်တော်လေး ပျော်နေရော့မယ်။ အဟဲ ပျော်လား မပျော်လားတော့မသိ၊ ရမ်းကြိတ်လိုက်တယ်။ အသက်ပိုကြီးလာလို့ စိတ်ညစ်တယ်ဆိုမှ ဒွတ်ခ..:P

ဒီကောင်ကြီးနဲ့ ကျွန်တော်က ငယ်ပေါင်းကြီးဖော်တော့ မဟုတ်ဘူးဗျ။ အသက် ၂၀ ကျော်မှ စပြီးပေါင်းဖြစ်ကြတာဆိုတော့ ကြီးပေါင်းကြီးဖော်ဆိုရင် ပိုပြီး မှန်မယ်ထင်တယ်။ ကြီးပေါင်းကြီးဖော်အဖြစ်နဲ့ ခင်မင်လာလိုက်ကြတာ၊ အချိန်အတိုင်းအတာအားဖြင့် သိပ်မကြာသေးဘူးဆိုပေမဲ့ ဒီကောင်ကြီးနဲ့ ကျွန်တော့်ကြားမှာ အမှတ်တရဖြစ်စရာတွေက အများသား။ ပြင်ဦးလွင်က သင်တန်းတစ်ခုမှာ စပြီးတွေ့ခဲ့ကြတယ်။ မှတ်မှတ်ရရ သင်တန်းက နံရံကပ်စာစောင်မှာ။ တစ်ဖက်သင်တန်းမှာရှိတဲ့ ဘွဲ့လွန်သင်တန်းသားတွေနဲ့ အပြိုင်ကြဲရမှာဆိုတော့ ကျွန်တော်တို့သူငယ်ချင်းတွေလည်း တတ်သလောက်မှတ်သလောက် တော်တော်လေးကို အားထည့်ပြီးနွှဲလိုက်ကြတယ်။ အဲဒီမှာ ဆရာမောင်ချောနွယ်ပြောခဲ့သလိုပါပဲ။ "လမ်းတူရင် လူမရွေးဘူး" ဆိုတဲ့ကောင်တွေချည်းပဲ သွားဆုံမိကြတာဆိုတော့ ဘာပြောကောင်းမလဲ၊ တစ်ယောက်နဲ့တစ်ယောက် ညီအကိုရင်းတွေလို ခင်မင်ရင်းနှီးသွားလိုက်ကြတာ ဒီနေ့ထိတိုင်အောင်ပါပဲ။ နောက် ဖြိုးငယ် ရယ် ကျွန်တော်ရယ် ဒီကောင်ကြီးရယ် သုံးယောက်ပေါင်းပြီးတော့ ပွင့်သစ် ကဗျာစာအုပ်လေးထုတ်ဖြစ်ကြတယ်။ ဘလော့တွေ လုပ်ဖြစ်ကြပြန်တော့လည်း ကြိုပြီးတိုင်ပင်ထားတာမျိုးမဟုတ်ဘဲနဲ့ သူရော ကျွန်တော်ရော လတစ်လထဲမှာ အတူတူ စပြီးလုပ်ဖြစ်ကြတယ်။ တစ်ယောက်ကိုတစ်ယောက်လိပ်စာပေးကြတော့မှပဲ အတွဲလေးတွေကိုယ်စီနဲ့ (အဲလေ...) ဘလော့လေးတွေ ကိုယ်စီနဲ့ အဆင်ပြေနေကြပြီဆိုတာ သိရတာ။ အခုချိန်ထိ ဒီကောင်ကြီးက သူ့ဘလော့လေးမှာ ဘာအရောအယှက်မှ မခံပဲနဲ့ ကဗျာတစ်မျိုးတည်းကိုသာ သီးသန့်ထုတ်လုပ်ပေးနေတာကိုဖြင့် ကဗျာချစ်တဲ့ သူ့ရဲ့စိတ်ကို မလေးစားပဲမနေနိုင်ဘူး။ ( တင့်ထူးရေ ငါတော့ အလကားရပါတယ်ဆိုပြီး စွတ်မြောက်နေတယ်ဟေ့..။ ဘုန်းကြီးရူးနဲ့လှေအလူး၊ လှိုင်းကလည်းမူးမူးနဲ့တော့ တွေ့နေကြပြန်ပါပီကွာ ဆိုမှဖြင့် ဒွတ်ခ :P )

ဒီရောက်လာပြန်တော့လည်း ကျောင်းချင်းမတူကြပေမဲ့ အဆက်အသွယ်တော့ အမြဲရှိကြတယ်။ ကျောင်းပိတ်ရက်ရှည်တွေဆို သူငယ်ချင်းတွေ တစ်ကျောင်းကျောင်းမှာ စုဖြစ်ကြတယ်။ အံ့သြဖို့ကောင်းတာတစ်ခုက ကျွန်တော်တို့ သူငယ်ချင်းတွေ အကြိမ်ကြိမ် အတွေးအမြင်ကွဲပြားတာတွေ ရှိခဲ့ကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝမ်းကွဲတယ်ဆိုတာမျိုးကတော့ တစ်ခါမှကို မတစ်ခါဘူးတာဗျ။ အွန်လိုင်းဗားရှင်း တစ်ပုဒ်လောက်ချရအောင်ကွာဆိုပြီး ဒီကောင်ကြီးနဲ့ ကျွန်တော် ငါတို့အတောင်ပံခတ်သံဟာ ကဗျာနံရံကိုရိုက်ခတ် ဆိုတဲ့ ကဗျာတစ်ပုဒ် အွန်လိုင်းမှာဆုံပြီးရေးခဲ့ဖူးတယ်။ နောက် ဒီကောင်ကြီးအပါအ၀င် ကျန်တဲ့သူငယ်ချင်းတွေနဲ့လည်း ဆုံဖြစ်တိုင်းလိုလို ကဗျာတော်တော်များများကို စုပြီးရေးဖြစ်ကြတယ်။ တစ်ခါသားမှာ သူ့ကို ကျွန်တော်က ထွက်မလာပါနဲ့သူငယ်ချင်းရယ် ကြောင်ကြီးကိုက်လိမ့်မယ် ဆိုတဲ့ကဗျာနဲ့ လှမ်းပြီးနောက်လိုက်တော့ သူကလည်း မင်းငါ့ကိုလာနှိုးတော့ ညိမ်းညို ဆိုပြီး ချက်ချင်း လက်တုန့်ပြန်တယ်ဗျ။ အဟား.. တော်တော်ချစ်ဖို့ကောင်းတဲ့ကောင်။ အော် ပြောရဦးမယ်။ ကျွန်တော်တို့ကသာ ကိုယ့်သူငယ်ချင်းမို့ ခင်မင်ရင်းနှီးလွန်းလို့ သူ့နာမ်စားကို အာလုတ်သံကြီးနဲ့ ဒီကောင်ကြီး...ဒီကောင်ကြီး ဆိုပြီး သုံးနှုန်းနေတာ၊ တကယ်တော့ လူက ဖလန်လေးရယ်...၊ ကျွန်တော့်သုံးပုံနှစ်ပုံလောက် :) မျှားပြာ နဲ့ဆို တစ်ဝက်လောက်ပဲ ရှိမယ်ထင်တယ် :P (တင့်ထူးရေ စိတ်မဆိုးကြေး၊ စိတ်ဆိုးလဲ ဂရုစိုက်မှာ မဟုတ်လို့ ဟဲဟဲ :D )

သူငယ်ချင်းရေ... ကိတ်မုန့်ဖုတ်ဖို့ အချိန်မရလိုက်ပေမဲ့ မင်းမွေးနေ့အတွက် ငါ ကဗျာတစ်ပုဒ်ရေးဖြစ်ပါတယ်ကွာ။ နှစ်သက်ဝမ်းမြောက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကြီးပေါင်းကြီးဖော် သူငယ်ချင်းတင့်ထူးတစ်ယောက် ၂၃ နှစ်မြောက်မွေးနေ့မှသည် နှစ်တစ်ရာတိုင်အောင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။ ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ :) :) :)

*** *** ***

သူ့ကဗျာတွေဟာ သူ့နံဘေးမှာ ဆောင်ဓားတစ်လက်လို မြဲမြံနေခဲ့ ၂၃ ရာသီ.. ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
ခေတ်ရဲ့ဟန်ပန်ကို
တကိုယ်တော် ထုဆစ်ပုံဖော်ခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
နှစ်ကာလရဲ့ ယိမ်းယိုင်ယိုယွင်းမှုကို
တကိုယ်တော် တည့်မတ်ထိန်းသိမ်းခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
ပေါ်ပင်လိုက်မှုရဲ့ ငြင်းခုန်သံတွေကို
တကိုယ်တော် ကင်းလွတ်ရိုးရှင်းစွာနေထိုင်ခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
အလံထောင်ဆရာတစ်ချို့ရဲ့ ပိုင်စိုးပိုင်နင်းကြုံးသွင်းမှုတွေကို
တကိုယ်တော် လှလှပပကြီးရုန်းထွက်ခဲ့
၂၃ ရာသီ ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
အမဲလိုက်သမားတို့ရဲ့ အနုပညာယုန်ဖြူလေးကို
တကိုယ်တော် သန်သန်စွမ်းစွမ်းမွေးမြူခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
ငွေစကြေးစတို့ရဲ့ ချစ်ခြင်းမေတ္တာတစ်ပတ်နွမ်းလေးကို
တကိုယ်တော် ပိုက်ထွေးယုယဖြူစင်စေခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
နာမည်အတုအစစ်တို့ရဲ့ သရဲလက်တံအရှည်ကြီးတွေကို
တကိုယ်တော် ရိုက်ချိုးဖြတ်တောက်ပစ်ခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
သံယောဇဉ်ရွှေသားတို့ရဲ့ နူးညံ့ကျယ်ပြန့်မှုကို
တကိုယ်တော် ကဗျာဒြပ်စင်ကသိုဏ်းရှုခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
နယ်နိမိတ်ကင်းမဲ့ခြင်းရဲ့ စာနာနားလည်မှုကို
တကိုယ်တော် မားမားမတ်မတ်ရပ်တည်ကျင့်သုံးခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
ဟန်နေဟန်ထားအသီးသီးတို့ရဲ့ မာယာသုတ်လိမ်းညွှတ်ကွင်းထောင်ချောက်တွေကို
တကိုယ်တော် လှီးဖြတ်သတ်ပုတ်ခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
အပေါစားတံဆိပ်ကပ်မှုတို့ရဲ့ ပူးတုံခွာတုံရှိဟန်ကို
တကိုယ်တော် ပေါ့ပါးကြည်သာစွာတုန့်ပြန်နိုင်ခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
ရိုးဂုဏ်ရိုးဒြပ်တို့ရဲ့ သိပ်သည်းဆအနက်အဓိပ္ပါယ်ကို
တကိုယ်တော် ပွားများဆည်းပူးခဲ့
၂၃ ရာသီ... ...

ဒီလိုနဲ့..
သူ့ကဗျာတွေဟာ သူ့နံဘေးမှာ ဆောင်ဓားတစ်လက်လို မြဲမြံနေခဲ့
၂၃ ရာသီ.. ...။

ညိမ်းညို

8 February 2008

ပင်မှည့်တေး

လူတစ်ယောက်ရဲ့ အဓိပ္ပါယ်ကို
လာ လာ မစွက်ဖက်နဲ့
ကိုယ့်အဓိပ္ပါယ်နဲ့ ကိုယ်နေ
ဆုံးရှုံးခဲ့တယ်ဆိုတာပဲ
သေချာပလေ့စေ။

လူတစ်ယောက်ယောက်ကို
လက်သီးနဲ့ ထိုးဖို့ဆိုတာက
ကိုယ့်မှာ မေးရိုးရှိရတယ် တဲ့
ငါ့လက်သီးတွေက
မင်းဆီသက်ရောက်ဖို့
ငါ့မှာ မေးရိုးရှိတယ်။

ခုတော့ မင်းမှာ မေးရိုးမရှိဘဲ
မင့်လက်သီးတွေ
ငါ့အပေါ် လာ လာ သက်ရောက်နေတာ
အမှန်တရားရေ
မင်းတရားလွန်နေပြီ။

ဘ၀မှာ
လေး ငါး ခြောက်ခု မလိုပါဘူး
နှစ်ခုပဲ
ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ်
ဒီနှစ်ခုပဲ။

လူစိမ်းနံ့တွေနဲ့ အသက်ရှင်နေရတဲ့
သူငယ်ချင်း မောင်စမ်းအေးရေ
မြို့တွေကို မာကြူရီမဆင်ရပါဘူး
ဘာကြောင့်လဲဆိုတော့
မြို့တွေကိုယ်တိုင်ကိုက
မာကြူရီနဲ့ လုပ်ထားလို့ပဲ။

ဟောဟို စားပွဲနံပါတ်တစ်မှာ
ကိုယ့်ဘ၀ကိုယ် ကျကျနန စီရင်ချက်ချ
အခိုင်အမာထိုင်နေတဲ့
ငါ့ သူငယ်ချင်းအောင်ချိမ့်ဟာ
ထွန်းကားတဲ့ မြို့ကြီးတစ်မြို့ပေါ့။

ပွန်ပီးလို
ချော်ရည်တွေအောက်ရောက်ခဲ့ရပေမဲ့လဲ
ဖော်ဝေး ဆိုတဲ့ ကဗျာဆရာဟာ
ထွန်းကားတဲ့ မြို့ကြီးတစ်မြို့ပေါ့။

ဘယ်သူဟာ
ကမ္ဘာမြေတစ်ခုလုံးလုံး
ဆုံးရှုံးခဲ့ဖူးသလဲ
ကမ္ဘာမြေတစ်ခုလုံး ဆုံးရှုံးသူသာ
ကမ္ဘာကို ပြန်ရပေလိမ့်။

ဘောလုံးသမား မာရာဒိုနာဟာ
ဂိုးတွေကို မှော်နဲ့သွင်းခဲ့တာပေါ့ကွာ။

မောင်ချောနွယ်

6 February 2008

ဘယ်သူပြောလဲ … ကဗျာဆိုတာ မိုးကျရွှေကိုယ်




အသည်းနှလုံးမှာ ကျွဲပုခုံးထအောင်

တစက်စက်ပေါင်းခံပြီးမှ ကျလာတဲ့အရည်
ဘယ်သူပြောလဲ … ကဗျာဆိုတာ မိုးကျရွှေကိုယ် … …

အိပ်ငိုက်နေတဲ့ ကဗျာကျမ်းကြီးကပြောတယ်
ငါနမ်းခဲ့တဲ့ ပန်းခက်တွေထဲ
ရနံ့သင်းဆဲ ဆောင်းတွေသာပြင်းနွဲ့
ညှင်းသွဲ့သွဲ့ ဗျပ်စောင်းသံဟာ
မရဏလက်တို့ရဲ့ အနုပညာပြကွက်ဖြစ်တယ် … …

ကဗျာဆိုတာ မိုးကျရွှေကိုယ်တဲ့
သူတို့ပြောကြတာပေါ့
အနုပညာဆိုတာကရော အပွင့်မဲ့ပန်းလား
ငါတို့နမ်းခဲ့တဲ့ ကဗျာတွေကတော့
မာယာမဲ့ပန်းတိုင်ဆိုတာ သေချာတယ်
… လာ … … လှမ်းစို့ … …

ပုဂ္ဂိုလ်စွဲနေသမျှ
တို့တွေမျက်စိမွဲနေမယ်ပ
ကဗျာရဲ့ ရင်ခတ်သံဟာ ခံစားချက်ရဲ့ မျဉ်းပြိုင်
အလင်းပြိုင်ကျရင် တို့ပိုင်တဲ့ ဆုံချက်တိုင်း
ကမ္ဘာတစ်သက် ၀င်းလက်တောက်ပနေရမယ်ဆိုတာ … ယုံ … …

ဘယ်သူပြောလဲ
ကဗျာဆိုတာ မိုးကျရွှေကိုယ်
ကဗျာဟာ သက်မဲ့ ဒြပ်မဲ့ ဗီတာမင်အပြည့်နဲ့ ခြံထွက်သီးနှံများဖြစ်ရဲ့ …
ကဗျာဆရာရဲ့ ရေလောင်းပေါင်းသင်ပျိုးနုတ်ခြင်းမှာ
စိမ်းစိုသန်မာလာခြင်းလည်း ဖြစ်ရဲ့ … …

အာရုဏ်တက်လင်းကြက်တွန်သံရဲ့ ကနဦးမှာ
တစ်မနက်စာအတွက်
နိုးတ၀က်အိပ်ပျက်ညတွေထုဆစ်
ရင်ဘတ်အငှားချခံရသူ
တစ်ကျွန်းစံ ရာဇ၀တ်ကောင်လည်း ဖြစ်ရဲ့ … …

အလွမ်းတွေဝေလို့ အနမ်းတွေ သွေရတဲ့အထဲ
ငါတို့ရင်ဘတ်တွေ နွမ်းကြွေရမတဲ့လား
မသေချာပါဘူးကွယ် …
ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ခဲ့ရင်တောင်
ကိုယ့်ရင်ငွေ့ကိုယ် ပါးပါးလေးလှုံချင်နေတဲ့ကောင်တွေပါ …

ဟောဒီမှာကွယ် …
ကဗျာဆရာတွေရဲ့ ၀ိဥာဉ်တွေကို ချခင်းထားတယ် …
အသွေးအရောင်မဲ့တဲ့လေထုထဲမှာ
မင်းတို့ရဲ့ သစ္စာတွေနဲ့အတူ
လိုက်ဖမ်းလိုက်ကြပေါ့ … …

မပြုံးဘူးလို့နေလိုက်တာ
ဒြပ်စင်ချင်းတွေ့လို့
ဒီကနေ့ …
ငါတို့ဓါတ်ပြုလိုက်ကြတယ် … …

မတွေ့ ကြတော့ဘူးလို့ပါပဲ
ဒီလိုနဲ့ တစ်ဘ၀လုံးတွေ့ခဲ့ကြ
ဘယ်တော့မှ မပြောကြလေနဲ့
ကဗျာဆိုတာ
… “ မိုးကျရွှေကိုယ် ” … …

( တည်ညိမ်းကို + ChIroN + တင့်ထူးရွှေ + ဖြိုးငယ် + မျှားပြာ + ညိမ်းညို )


5 February 2008

လူဆိုး



ဒီညမှာ
ချစ်သူမျက်စောင်းထိုးတာမခံနိုင်လို့
သူငယ်ချင်းငါးယောက်ရဲ့ မေးရိုးကို လက်သီးနဲ့ထိုးချလိုက်တယ်
ငါကတော့ လူဆိုးကြီးပေါ့ကွယ်..။


ညိမ်းညို

အိမ်ငေးသူ

ငါ အိမ်ကိုငေးခဲ့
ကွာဝေးလွန်းလှချည့်။

ညာဖက်မှာ မန္တလေးတောင်ရယ်
ငိုက်လို့သူငေး
ဘယ်ဖက်မှာ ရန်ကင်းတောင်ရယ်
ငိုက်လို့သူငေး
အလယ်မှာ
အိမ်ငေးသူငါ
မွန်းတည့်နေ တည့်တည့်ကြီးအောက်မှာ
ဘယ်လိုမှ အရိပ်ခိုဖို့တိမ်းစောင်းစရာရယ်မရှိ
နေထဲမှာ
ငါဟာ ငါ့အိမ်ကိုငေးခဲ့
မွန်းတည့်နေကလည်း
မိဘက သားသမီးကိုလိုက်စောင့်ရှောက်သလို
ငါ့ကို လိုက်စောင့်ရှောက်ခဲ့
ငါဟာ အိမ်ငေးသူပါ။

ဟိုး..အဝေး
မြေလတ်မြို့ကလေးဆီက
ယိုင်နဲ့နဲ့အိမ်ကလေးထဲ
အိမ်ငေးသူ ငါ ၀င်ရောက်သွား
ငါ့ဇနီး ငါ့အပေါ်အပြစ်ဖို့သံ ငါကြားမြင်ရ
လျှပ်စီးတဖျတ်ဖျတ်လက်သလိုမျိုးအသံ
ငါ မျက်စိစူးပေမဲ့ ငါချစ်ခဲ့မိပေါ့
မလောက်မင မ၀ရေစာထမင်းလုတ်တွေ
ငါ့မိသားစု တိုင်းပြည်လေးပေါ်
မ၀ရေစာထမင်းလုတ်တွေထဲ
ငါ့သမီးလေးတွေ အစီအရီပေါ်လာ
ဆန်ရွေးနေဆဲ သမီးကြီးရယ်
စာကျက်နေဆဲ ငါ့သမီးလတ်ကလေးရယ်
တစ်အိမ်လုံးမှာ
ဘာများစားစရာ လက်ကျန်ရှိမလဲလို့
မျက်လုံးဝင်းဝင်းတောက်တောက်ကလေးနဲ့
ကြောင်ကလေးလို
တစ်အိမ်လုံး လိုက်အနံ့ခံရှာဖွေနေတဲ့
ငါ့ သမီးငယ်ကလေးရယ်
ငါတွေ့မြင်လိုက်ရ
(တကယ်တော့
ဘာစားစရာမှ မရှိရှာပါဘူးကွယ်)
နောက်ထပ်
လျှပ်စီးရောင်တလက်လက်
ငါ ချစ်မိတဲ့အသံ
အဲဒီအသံကို ငါကြည့်မိ
ငါ ရုတ်တရက်အိုမင်း
ငါ့ အိုမင်းရုပ်မျက်နှာကို ငါပွတ်သပ်မိ
အိမ်ငေးသူ သူတို့အဖေငါ့ကို
သူတို့တတွေမမြင်ပေမဲ့
တောင့်တကြပေလိမ့်မယ်။

ငါ အိမ်ကိုငေးမိ
ကွာဝေးလွန်းလှချည့်။

ငါ အိမ်ကိုငေးစဉ်
လယ်သမားတစ်ဦးအသံ ရုတ်တရက်ကြားရ
"ဟောဟို ကောက်ပင်တွေ
စိမ်းစိုပိန်းပိတ်နေတာပဲ
အဲဒီလို ဖြစ်ရမယ်
ဒီဘက်လယ်ကွက်ကတော့ကွာ
ပုလဲလိုနေလို့
မြင်လား ၀ါရော်ရော်ကောက်ပင်တွေချည်းပဲ"
ဟုတ်လား
အိမ်ငေးသူငါဟာ
ပုလဲလိုနေတဲ့ လယ်ကွက်လား
ဒါမှမဟုတ်
ငါ့ခေါင်းပေါ်ကဖြူစဆံပင်တွေဟာ
ပုလဲလိုနေတဲ့ ကောက်ပင်တွေလား
ဒါမှမဟုတ်
ဒီမွန်းတည့်နေ တည့်တည့်ကြီးအောက်က
ငါ့ဘ၀တည့်တည့်ကြီးကကော
ပုလဲလို လယ်ကွက်လား။

ငါ့အိမ်ကို ငါငေးမလို့လုပ်တုန်းမှာ
ရေပြင်က ထွေးထုတ်လိုက်လေသလား
ဘဲအုပ်ကြီး
တသီတတန်း ကမ်းပေါ်တက်လာ
တောင်ဆီကို ကြည့်လိုက်တော့
အပြိုင်အဆိုင်ဆောက်နေတဲ့ တိုက်တွေလို
တိမ်တိုက်ဖြူဖြူတွေ
တောင်ပေါ်မှာမြို့
ရုတ်တရက် လေကလေးတိုးဝှေ့လာ
ငါ့ကိုယ်ခန္ဓာ
သီတဓာတ်ရသလိုလိုမို့
ငါ့ကိုယ်ငါ ပြန်ငေးဖို့အားရှိလာ
"ဟေ့ ဘယ်သူက အိမ်ငေးနေတာတဲ့တုန်း"
"ဟေ့ ဘယ်သူ အိမ်ငေးနေတာတဲ့တုန်း"
လောလောဆယ် လူအိုရုပ်ပေါက် ငါ့မျက်နှာလား
လူအိုလူမင်းလို ငါ့သားရေဖိနပ်လား
ငါ့ပူဆွေးမှုကို ငါကြည့်နေရတာလား
ငါ့ပူဆွေးမှုက ငါ့ကို ပြန်ကြည့်နေတာလား
ငါ့ခေါင်းပေါ်က
ပုလဲလို ငါ့ဆံပင်လယ်ကွက်လား
ငါ အိမ်ငေးရင်း ဝေး ဝေး လာ
ငါ အိမ်ငေးရင်း ဆွေးမြေ့ကွဲအက်လာ။

ငါဟာ အိမ်ငေးသူပါ
ငါဟာ တူရာသီဖွားတစ်ယောက်ပါ
ဘာကြောင့်များ
သမာသမတ်ရှိသူ တူရာသီဖွားဟာ
အိမ်ငေးပြီး
အထီးကျန်ပြိုကွဲဆွေးမြေ့နေရပါလိမ့်
လိုအပ်တာထက် ပိုမိုရိုးသားခဲ့လို့များလား
ငါဟာ
တွားသွားသူ သစ်သားဘတ်စ်ကားပေါ် တက်လိုက်တယ်
ဘတ်စ်ကားပေါ်ကသူတွေ
ငါ့ကို အိမ်ငေးသူလို့ မသိကြပေမဲ့
သစ်သားဘတ်စ်ကားကြီးက သိထင်ရဲ့
ပင်စင်စား ဖိုးကြီးအိုလို
တရွေ့ရွေ့ တွားလို့တွားလို့သာ။

ကြည်ကုန်း
မိုင်ကုန်း
ဝူးကုန်း
ဒုတိယမြို့တော် နန်းတော်ရှေ့
အိမ်ငေးသူ ငါ့ရှေ့မှာ
ငါ့အိမ်ကလေးမြေလတ်မြို့
အိမ်ငေးသူ ငါ့နောက်မှာ
နာမည်သုံးလုံးမြို့ကလေး
အဲဒီ နာမည်သုံးလုံးမြို့ကလေးထဲမှာတော့
မြွေမျက်လုံးနဲ့ သွားတက်ကလေးရှိသူ
ထက်မြက်သူ လူငယ်ဟာ
သူ့ထက်မြက်မှုကို အရက်ပြုသောက်ပေလိမ့်
ပြီး..ဖျာတစ်ချပ်ပေါ်မှာ လဲလျောင်းနေပေလိမ့်
အိမ်ငေးသူ ငါဟာ
ဒုတိယမြို့တော်ကြီးကနေ
ပထမမြို့တော်ဖြတ်
ငါ့အိမ်ဆီ မဝေးဖို့
အိမ်ငေးသူဟာ
ငါ့မျက်နှာပေါ်က
လောလောဆယ် အမာရွတ်လား
ငါ ပွတ်သပ်လိုက်မိသေး
မဟုတ်ဘူး
ငါ့အိမ်ဆီ မဝေးဖို့
အိမ်ငေးသူ ငါဟာ
ဖိနပ်သစ်တစ်ရံ ၀ယ်လိုက်တယ်။

မောင်ချောနွယ်

သုံးချောင်းထောက်ကဗျာ

သူငယ်ချင်းသုံးယောက်ရှိတယ်
လေကြီးမိုးကြီးရယ်
လျှာပေါ်မြက်ပေါက်ရယ်
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ရယ်..
လေကြီးမိုးကြီးက
ဒီနေ့ ဒိုင်ယာလော့တွေ လွှတ်ကောင်းနေတယ်
ဘီယာကိုရေခဲသေတ္တာထဲတည့်တယ်
ပြီးတော့ heater ပေါ်တင်တယ်
ပူတစ်ဝက်အေးတစ်ဝက်ဘီယာကို
ချစ်သူတစ်ယောက်လိုယုယနေပုံ
သူ့မျက်လုံးတွေကရီဝေ
သူ့နှုတ်ခမ်းတွေကတုန်ယင်
အိပ်ရေးမ၀လို့ထင်ပ
ဟေ့.. နှင်းဆီခိုင်ကြီးရေ
လာဟေ့ မင်းအလှည့်
တို့မှာလည်း
ရင်ငွေ့လှုံစရာဆိုလို့ဒါလေးပဲရှိတယ်ကွာ
ဟုတ်တယ်ဟုတ်..။

မဟုတ်ဘူးကွတဲ့
ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်က
ဝမ်းခေါင်းသံကြီးနဲ့ ထအော်တယ်
မင်းချက်တဲ့ကဗျာက မနူးဘူး
ဆရာ့ဆရာကြီးတွေ ၀မ်းပျက်နေဦးမယ်ဆိုပဲ
ကြိုက်သပ
လာစမ်းကွာ..
မင်းဘာကောင်လဲ ငါဘာကောင်လဲ
အသည်းကွဲတဲ့အကြောင်းတော့ လာမပြောနဲ့
မင်းလှိမ့်တာတွေရိုးနေပီလေ
ဟေး..ဟေး မျက်နှာကြီးရှုံ့ မဲ့သွားပုံက
လေလျော့နေတဲ့ ပူစီပေါင်းလို
အတွင်းသားမှာ ဗလာကျင်းနေသယောင်
ဟာ..ဟ မင်းကိုငါမယုံတော့ဘူး နှင်းဆီခိုင်
လာလာ မင်းထိုင်လှည့် ငါညောင်းနေပြီ။

ကဲ ... လေကြီးမိုးကြီးရေ
မင်းမခေါ်ခင်တည်းက ငါတက်ချင်နေတာဟ
နေဦး ဒါလေးတော့ ကုန်အောင်မော့မယ်ကွာ
အဆင်ပြေတယ် မဟုတ်လား
ဟ .. ခုံပေါ်မှ မရောက်သေးဘူး
ဟိုဘက်မှာငါသောက်ညင်ကတ်တဲ့
ရမ်ဘိုကားက ဖွင့်ထားပြန်ပီ
ထားတော့ ဘလော့ဂါတစ်ယောက်ကပြောတယ်
နှာစေးနေတာ ကောင်းတယ်တဲ့
မနေ့က မန်ယူရှုံးသွားတယ်
ဒီနေ့တော့ မင်းဆီရောက်လာတယ်
မင်းကို ကြိုသတိပေးမယ် ..
ငါ ခေါက်ဆွဲခြောက်နဲ့ ရန်ဖြစ်ထားတယ်
ဟေ့ကောင် လျှာပေါ်မြက်ပေါက်
ဟိုလူကောင်းတယ် ဒီလူကောင်းတယ်မလုပ်နဲ့
အရက်မရှိတဲ့ ပုလင်း ဂျိုကာမပါတဲ့ ဖဲထုပ်
အင်တာနက်ချိတ်မထားတဲ့ ကွန်ပျူတာ
ကပ်ကပ်လန်အောင်ရန်မတွေ့ တတ်တဲ့ ကောင်မလေး
ယောင်လို့တောင် ရန်မခုန်တတ်ဘူး
အဲဒီစကားလုံးတွေက ကြားရတာများလို့ နားခါးနေပြီ
ပြောရဖန်များလို့ ရွှေချရမယ်ဆိုရင်လည်း
ရွှေတောင်ကြီး ဟည်းထနေပေါ့
လျှာဖျားမှာ အသားမာတွေက သက်သေ။

ငါဖြတ်ပြောဦးမယ် လေကြီးမိုးကြီးရေ
မင်းကို ခုန..ကဗျာရေးပါဆို
ကွန်ပြူတာရှေ့ထိုင်ပြီး
ဘီယာလေးစုပ်လိုက် ကဗျာလေးရေးလိုက်
ဘူဇွာတပတ်ရစ်ကြီးနဲ့တူနေသလေး ဘာလေး
လက်ဝဲယိမ်းသလေး လက်ယာယိမ်းသလေးနဲ့
မင်းကိုယ်မင်းနိုင်အောင် အရင်ထိန်းပါဦး
ဘာလဲ ပေတီးပေစုတ်နေမှ
မင်းက ကဗျာဆရာလို့ထင်တာလား
အငဲရဲ့သီချင်းတစ်ပုဒ် ငါဆိုပြမယ်
"မင်းတို့အကြိုက် တံဆိပ်မကပ်နဲ့" တဲ့
ဘာလဲ မင်းသိပ်တုန်လှုပ်သွားသလား
မလန့်ပါနဲ့ကွာ
မင်းရင်ထဲရှိတာ ရေးချလိုက်စမ်းပါ ...
ဘယ်သူမှ ဦးမညွှတ်ရင်နေ ငါဦးညွှတ်မယ်။

မင်းရယ်နေမလား လျှာပေါ် မြက်ပေါက်
ဒါမှမဟုတ် ခပ်တည်တည်နဲ့ မင်းစတိုင်လ်အတိုင်းလုပ်နေမလား
သေချာတာတော့ သိပ်ချစ်တတ်တဲ့ယောင်္ကျားတိုင်းဟာ
နည်းနည်းလေးဝင်လာရင် ချစ်သူကိုတမ်းတတတ်တယ်ဆိုတာပဲ
ငါမြင်နေရတယ်လေ
ငါ့ရင်ဘတ်ထဲရှိတဲ့သူတိုင်းကို ငါမြင်နေရတယ်
ဖြစ်နိုင်ရင်တော့ မင်းရဲ့သိပ်ချစ်တတ်တဲ့နှလုံးသားကို
တစ်ရာသီတော့ အငှားချကွာ
ငါလည်း လူငယ်ခြေတက်တစ်ယောက်ပါ
နေဦး "တူတူတူ တူတူတူ" တဲ့
ဖုန်းလာနေပြီ
ကဲ လျှာပေါ်မြက်ပေါက်ရေ
မင်း စင်ပေါ်ကို တက်လိုက်ဦး ...။

ငါ့အလှည့်များရောက်ပါ့မလားလို့ ကွာ
မင်းတို့တွေလဲ ဂေါ်ဖီစားပြီး တော်ကီ ပွားလွန်းအားကြီးတယ်
ဖြေးဖြေးလဲ ဖေါက်ပါ ဆြာတို့ရယ်
အဖျားအနားလေးပဲဖြစ်ဖြစ် ငါလဲလန်းပါရစေကွာ
မင်းလက်ထဲကစီးကရက် ငါ့ကိုပေးဟေ့..
ကဗျာရေးရင် အတွေးတွေက အခိုးအငွေ့လို
လည်မျိုထိတွယ်တွယ်တက်လာရဲ့
အချစ်အကြောင်းကို ကဗျာဖွဲ့မယ်ဆိုပဲ
မလုပ်နဲ့..မလုပ်နဲ့
ဒီကိစ္စတအားနူးညံ့တယ်။

ငါ့မှာလဲ ငိုခြင်းတစ်ပုဒ်ရဲ့ ညွှတ်ကွင်းထဲ
အမုန်းတွေပဲ ခွဲတမ်းကျကျလာတယ်
ကံကြမ္မာကလဲ ငါ့ကျမှ မျက်နှာဖျက်ရိုက်
စားစရာမရှိ လျှော်စရာရှိပေါ့ကွာ
လျှာပေါ်မြက်ပေါက်တောင် ငါဆိုတဲ့ကောင်က ခပ်ပြုံးပြုံးပဲ
မရယ်နဲ့ ငါ့ကောင်တွေရေ..
ကင်မရာ မီးတွေဖျတ်ဖျတ် ဘယ်သူများ အကယ်ဒမီရမလဲ
အားလုံးရင်တလှပ်လှပ်
ငါ့အနားဘယ်သူမှ လာမကပ်နဲ့ လာမကပ်နဲ့
တစ်ကောင်ထဲပဲ
ဒါပေမယ့်ကြွက်စုတ်
ငါ့လက်ကို ၀ိုင်းဆွဲကြပါဦး
ငါ့လက်တွေ ဗဟိုချက်မဲ့နေလို့ကွာ
ခေါင်းထဲက မိုက်ကနဲ ဆို လက်က ရိုက်ပြီးသားပဲ
ဘေးက ဘီယာပုလင်းကလဲ ဖင်ကပ်နေပြီ
အိမ်ရှင်ဘယ်သူလဲဟေ့... ဘယ်ကောင်လဲ
လက်ညှိုးလေးကွေးရုံနဲ့ လူမိုက်ဆိုကွ
ဒီအချိန်မှာ ငါလက်တက်နေတယ်
ငိုင်မနေနဲ့ ငူမနေနဲ့
နိုင်သောသူတစ်ဝိုင်းလုံးသိမ်းတယ်ဆိုတာ
ကြားဖူးရဲ့ မဟုတ်လား ။

ဟောဒီမှာ
ငါတို့ကဗျာကို သုံးချောင်းထောက်ထားတယ်
ညာရမှာပျင်းတဲ့ လူသုံးယောက်
ကိုယ့်အရိုးနဲ့ကိုယ်ထောက်ကူ
ဘ၀ကိုကဗျာနဲ့ ဆ,တူရောစပ်ထားခြင်း ဖြစ်တယ်
ကဗျာစီးဝင်လာရာလမ်းကြောင်းအတိုင်း
သံဂဟေ ကြေးဂဟေ အထပ်ထပ်နဲ့
ကိုယ့်ရင်ဘတ်ကိုယ် ပလပ်ခေါင်းထိုးလိုက်ကြတာလည်း ဖြစ်တယ်
မိတ်ဆွေ အလိုက်အထိုက်တော့ မလုပ်ပါနဲ့
ကြိုက်ရင်လဲကြိုက်သလို မကြိုက်ရင်လည်းမကြိုက်သလို
ဆဲပါ.. ဆိုပါ.. ယဉ်ကျေးသိမ်မွေ့ပါ
ဟောဒီကဗျာကပေးလာမဲ့အမွေ ရွှေဖြစ်ပါစေတော့..။ ။

တင့်ထူးရွှေ+ မျှားပြာ+ ညိမ်းညို

4 February 2008

ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက်

ဟိုး.. ခပ်ဝေးဝေး
ကြီးကောင်ဝင်စ အသံလေးမှာ
ပြန်စရာ အိမ်မရှိရှာဘူး အမေရယ်
ကမ္ဘာမြေကြီးပေါ်မှာ
အကုသိုလ်ပန်းတွေ ဝေပုံကလဲ
အဖူးပေါ် အညွန့်တက်လို့
တပ်မက်စရာပါလား အမေ
သံသရာတေးချင်းတွေက စီစီ
ပုရစ်ကလေးလို သားကမြည်လို့ပေါ့
တစ်ခါတစ်ရံတော့ အမေရယ်
သားဘ၀ဟာ
မြေငွေ့ပျံညလေးတစ်ည ဖြစ်ခဲ့ရတယ်။

သားလေ
သူ့ကိုယ်ပိုင်အသီးတွေ
ညွှတ်အိလေးလံနေအောင် ထမ်းပိုးထားရပေမဲ့
ပျော်ရှာတဲ့
ကုန်ထမ်းသမား သလဲပင်ကလေးကို
အားကျမိတယ်။

အမေရယ်
လေတွေ ထန်နေလေလေ
သားမှာ ကြေကွဲရလေလေပါပဲ
မိုးဦးအကျ စောမယ်ဆိုတာလဲ
တကယ်တော့
လောကဓံတရားပါလား
အိပ်စရာမရှိတဲ့ ညတွေမှာ
မိုးတွေ သိပ်ပြီးရွာတာပဲ အမေရယ်။

အမှောင်နဲ့ စိုစွတ်
မိုးရေတွေ ရွှဲရွှဲနစ်လို့၊
အသံတွေတောင် ငုတ်နေခဲ့ပါပြီ အမေ။

ဆုံးရှုံးမှုသစ်ရွက်တွေ မရှုမလှနဲ့
ကံဆိုးမိုးမှောင် တောင်ကုန်းပေါ်မှာ
သားဘ၀ရဲ့ အပိုင်းအစတွေတဲ့လား
သားငြင်းဆန်တယ် အမေ
အမေ မသိဘူးလား
အမေ့သားက ကဗျာဆရာလေ
အမေရဲ့..။

တကယ်တော့လဲ အမေရယ်
ကဗျာဆရာဆိုတာ
ဒဏ်ခံကြိုးလေးတစ်ချောင်းပါဗျာ။

အမေရယ်
ဟောဒီကမ္ဘာလောကကြီးမှာ
အမေ့သားကဗျာဆရာဖြစ်လာတာ
အပြစ်ရှိပါသလားအမေ
သားရဲ့အချစ်မှာလေ
ဟောဒီ ကမ္ဘာကြီးနစ်ခဲ့ရင်တောင်
စစ်ဖြစ်ဖို့ မသေချာတော့ပါဘူးအမေရယ်။

ခုတော့
တခြားသူတွေ မမြင်မိတဲ့ အသံကလေးကို
ခေါင်းအုံးအိပ်မိလို့
အကြင်နာအမဲ့ဆုံး ဆုလာဘ်ကို သားရခဲ့ပါတယ်။

အမေမသိဘူးလား
လူတွေရဲ့အပြုံးမှာ
ကုန်ဈေးနှုန်းတွေပါတယ် အမေရဲ့
ဧည့်ခန်းနဲ့ အင်္ကျီကောင်းမှ
ဆက်ဆံတတ်တဲ့ လူတွေရဲ့သဘောထားကို
သားတူးတူးခါးခါး မုန်းတယ်အမေ။

အမေရယ်
တခြားသူတွေအတွက်တော့
အရာရာဟာ
လက်တစ်ပစ်စာရယ်ပါ။

သားမှာတော့
ယူဇနာသန်းပေါင်းများစွာ ဝေးကွာလို့
သားလေ
ရေရောထားတဲ့ညရယ်လို့ မရခဲ့ဖူးဘူး။

သားရဲ့ “ဘီး” ကလေးဟာလေ
ဘယ်လောက်တောင် ပါးလှပ်နေသလဲဆိုတော့
ဆံခြည်မျှင်လေးတစ်မျှင် နင်းမိရင်တောင်
ဘီးက ထပေါက်သွားနိုင်ပါတယ်အမေ။

အလျှံညီးညီး မီးတောက်မီးလျှံကြီးထဲ
နေ့စဉ်ခုန်ခုန်ချနေရတဲ့ဘ၀ခရီး
အခမဲ့ညတွေ သိပ်ပြီး သိပ်သည်းလွန်းလှ
အမေရယ်
လွတ်လွတ်ကျွတ်ကျွတ်ကြီး ကန်သွင်းခံရ
ကျွန်တော် ဘယ်လောက်မှားယွင်းမိလို့လဲ အမေ
အဆုတ်က ကြပ်ခိုးစွဲမီးဖိုချောင်
ချောင်းဆိုးလိုက်တိုင်း ချောင်းဆိုးလိုက်တိုင်း
ရင်ခေါင်းကြီးထဲ မီးထ ထတောက်တာမြင်ရ
အမေရယ်
အတွင်းလူမမာတစ်ယောက်ပါ။

ဒါပေမယ့်
သစ်သားဘတ်စ်ကားအိုအိုကြီး ခိုစီးလို့
ကဗျာဆရာ မာယာကော့စကီးဆိုတဲ့ လူလဲပါတယ်လေ
လူနဲ့သူနဲ့ မတူတဲ့လူလို့
လူတွေသူတွေ ပြောခံရတဲ့ သားမိတ်ဆွေပေါ့
ဘယ်လောက်တောင် ကြောက်မက်ဖွယ်ရာပြိုလဲခဲ့ပါသလဲ
ဘယ်တော့များမှ သမ္မဒေ၀တွေလက်ထဲ ရောက်မှာတဲ့လဲ
တစ်ယောက်ကို တစ်ယောက်မေးရင်းပေါ့
မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာ
သောမဂြိုလ်တွေ ချောင်းကောဖြစ်သွား
ဘ၀ကို ဖျစ်ညှစ်ကြည့်လိုက်တော့
လိမ္မော်သီးကလေးမှာ
အချိုရည် ကျန်သေးတယ်
အို.....
အသည်းနှလုံးထဲမှာ
ပန်းတွေ အရမ်းပွင့်တာပဲ အမေရယ်။

ကုတ်အင်္ကျီဝတ်ချင်တဲ့ ဆောင်းရာသီရယ်
မီးလျှံကင်းမဲ့တဲ့ မီးလင်းဖိုကြီးရယ်
နှင်းစက်တွေကို
အသေခံသောက်ချင်တဲ့ မြက်ပင်ကလေးရယ်
လမင်းကို
ပြည့်ပြည့်၀၀ တိုက်ရိုက်မြင်ချင်တဲ့ အပြုံးရယ်
အနေအထိုင်မတတ်တဲ့ ရေပန်းတိုင်ကလေးရယ်
မိုက်တွင်းနက်နက် ကဗျာပေါ် အချစ်ရယ်
မကြာခဏ
လူလိမ်ခံရတဲ့
ရင်ထဲက ကြယ်ပြာလေးရယ်
နက္ခတ်မိမိ ပျော်ချင်ရှာတဲ့
အပျော်လေးရယ်
သားလက်ဖ၀ါးထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားလို့
တစ်ဆတ်ဆတ်တုန်နေတဲ့ သားဘ၀လေးရယ်
အမေ့သားမှာ ပိုင်ဆိုင်ပါတယ်။

ထမင်းစစ်စစ် စားချင်တယ် အမေရယ်
အိမ်နံ့မွှေးတဲ့ အိပ်ယာစစ်စစ်မှာ အိပ်ချင်တယ်
ခြေထောက်တွေကို မီးဖိုအငွေ့ ပေးချင်တယ်
ဗမာ ပရဆေးသန့်သန့်သောက်ချင်တယ်
ပြီးတော့ ဟောဒီလို
အမေ့မျက်လုံးအရောင်ကို မွတ်သိပ်မိပါတယ်
တေပေလေလွင့်ပြီး ပြန်လာတဲ့သားကို
ဂရုဏာသက်မြဲသက်တဲ့ အမေ့အကြည့်လေ

အမေရယ်
အမေ့ဆိပ်ကမ်း မကပ်တာ ကြာပြီဖြစ်တဲ့
သားသင်္ဘောလေအမေရဲ့
ကျွန်တော် ရိုးသားခဲ့ပါတယ်အမေ
ဤသို့ပင် ပဲ့တင်ပါလိမ့်မယ်။

မောင်ချောနွယ်

မိုင်တိုင်၂၃

ဒီနေ့လေးဟာ သူငယ်ချင်းတွေရဲ့ နွေးတွေးဖြူစင်တဲ့ ခင်မင်မှုသံယောဇဉ်တစ်ခုတည်းနဲ့တင် အရာရာပြီးပြည့်စုံခဲ့ပါပြီ။ မွေးနေ့ပွဲလေးကို သိုက်သိုက်မြိုက်မြိုက်ဖြစ်သွားအောင် ဖွယ်ဖွယ်ရာရာကျင်းပပေးတဲ့ ညီလေးမောင်မျိုးလန်ဒန်လုပ် ကိတ်မုန့်အစစ်ကြီးနဲ့ဧည့်ခံပေးတဲ့ သူငယ်ချင်းမွန် တို့ကို ကျေးဇူးတင်ပါတယ်။ သူငယ်ချင်းများ၊ ညီအကိုမောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။ ပျော်ရွှင်ချမ်းမြေ့ ကြပါစေဗျာ :) :) :)

*** *** ***

ညိမ်းညိုမွေးနေ့

ဒီနေ့အတွက်
ငါ့စကားလုံးတွေ ထုပ်ပိုးပြီး
လက်ဆောင်ပို့လိုက်တယ်
တန်ဖိုးတွေ ဈေးနှုန်းတွေ
သတ်မှတ်ချက်တွေ ကန့်သတ်ချက်တွေ
ဘာတစ်ခုမှ ကပ်မထားဘူး
မွေးနေ့အတွက် သက်သက်ပဲ။

ဒီနေ့
(၂၃) ခုမြောက် ဘူတာရုံထဲကို
ရထားတစ်စီး ခုတ်မောင်းနေတဲ့အသံပေါ့
မင်းတိုက်လို့သောက်ခဲ့တဲ့
ကော်ဖီတစ်ခွက်ထက်
မင်းအခန်းရဲ့ အပြင်အဆင်တွေ
မင်းလွင်ပြင် မင်းလယ်တော မင်းပင်လယ် မင်းလှေငယ်
ကော်ဖီ အေးတဲ့အထိ ငါစိတ်ဝင်စားတယ် ။

လူနဲ့ လူချင်း စကားလုံးပေါင်းပြတတ်တယ်
ဆိုးတူကောင်းဘတ်
ငါမင်းကို ဆရာသူငယ်ချင်းလို့ ခေါ်ချင်တယ်
ကြီးငယ်အလတ် ငါမှတ်သားမိတာရှိတယ်
ရွယ်တူကိုလေးစားတဲ့
သူငယ်ချင်းအသိမှာ
မင်းငါ့ကို နားလည်ပေးလိုက်ပါ
ကျန်တာကတော့ ရဲဘော်ရဲဘက်ပေါ့။

ဒီနေ့အတွက်
သူတစ်ပါးမျက်ရည်
ကိုယ့်မျက်လုံးက ကျနိုင်တဲ့လူတစ်ယောက်
ဖြစ်နိုင်ပါစေ သူငယ်ချင်းရေ..။

လေပြေတွေ နူးနူးညံ့ညံ့တိုက်ခတ်တဲ့တစ်နေ့
တိမ်ညိုတွေ ကောင်းကင်မှာ ချိတ်ဆွဲတဲ့အချိန်
မင်းနဲ့ငါ ပေါင်မုန့်တစ်လုံးစီနဲ့
ချောင်းရိုးအတိုင်း လမ်းလျှောက်ရင်း
ဟိုအကြောင်းဒီအကြောင်း
ရောက်တတ်ရာရာ စာလုံးပေါင်းကြရအောင်ပါ သူငယ်ချင်း ။ ။

တင့်ထူးရွှေ

*** *** ***

ကဗျာဆရာရဲ့မွေးနေ့

ရိုးရိုးလေးပဲ စလိုက်မယ် ကဗျာဆရာ
ဒီနေ့ဟာ မင်းရဲ့မွေးနေ့ပေါ့
အမေ့ဗိုက်ထဲက ထွက်လာတဲ့မင်းကို
ဘယ်သူများ ကဗျာဝိညာဉ်တွေ
ထည့်ပေးလိုက်သလဲဆိုတာ ငါမသိဘူး
သေချာတာတော့ မင်းဟာ
ငါ့အတွက်တော့ ကဗျာဆရာပဲ
မင်းရဲ့ဖြတ်သန်းခဲ့တဲ့ မိုင်တိုင်တွေ
ခရောင်းတော လရောင်တွေနဲ့
မင်းထမ်းလာတဲ့ ပင်လယ်ဟာ
ပေါ့ပေါ့လေးနဲ့လေးနေတာ မဆန်းပါဘူး
အခြေမခိုင်သေးတဲ့ နားလည်မှုတွေကို
တောက်လျှောက်ချပြနေတဲ့ သံပတ်ရုပ်တွေကြားမှာ
မူလီတစ်လုံးလောက်ဖြစ်ချင်နေတဲ့ မင်းစိတ်ဓါတ်ကို
မလေးစားပဲမနေနိုင်ဘူး ကဗျာဆရာ
မုသာဝါဒတွေကို လှလှပပသုံးစွဲနေတဲ့ဟောဒီခေတ်ထဲမှာ
မြင့်မြတ်တဲ့ ကိုယ်ကျင့်တရားတွေကို ချပြပါ
ကောင်းကင်နဲ့မြေကြီးကြားမှာ
မင်းရင်ဘတ်ထဲက သစ္စာတရားဟာ ခန့်ထည်ပါတယ်
သံသရာမှာ ကဗျာဆရာတွေ ဘယ်လိုကျင့်ကြံတယ်ဆိုတာ
ဘုရားသခင်နဲ့ ကဗျာဆရာတွေကိုယ်တိုင်သိပါတယ်
သေတနေ့ မွေးတနေ့
လူသားတွေရဲ့ ရူးသွပ်မှုမှာ
ကဗျာဆရာတွေရဲ့ ရူးသွပ်မှုဟာ အနူးညံ့ဆုံး
မိသားစုကို ချစ်တတ်တဲ့
ဇောက်ထိုးကောင်တစ်ယောက်အတွက်
ဟောဒီနေ့မှာ မင်းအတွက်
နူးညံ့မှုတွေကို လက်ဆောင်အဖြစ်ပေးချင်တယ်
အဲဒီနူးညံ့မှုတွေကို ကမ္ဘာမြေအတွက်
ခင်းကျင်းပြသပါ ...
မင်းရဲ့နှလုံးသွေးနဲ့ လူသားတွေအတွက်
ပျိုးနုတ်ပါ ရေလောင်းပါ ပေါင်းသင်ပါ
မင်းအတွက်လေးနေတဲ့မြေကြီး
မင်းရဲ့ကဗျာတွေနဲ့ ပေါ့ပါးနိုင်ပါစေလို့
ဒီနေ့မှာ ငါဆုတောင်းပေးတယ် သူငယ်ချင်းရေ..။

မျှားပြာ

အချိန်မှီရောက်အောင်လာပြီး မွေးနေ့လက်ဆောင် ကဗျာတစ်ပုဒ်စီရေးပေးကြတဲ့ သူငယ်ချင်းကြီးနှစ်ယောက် ကျန်းခန့်သာလို့ မာပါစေဗျာ :)

2 February 2008

ရွှေအိုးထမ်းပြန်ခဲ့တော့ ညိမ်းညို

"ယောက်ျားချင်းအချစ်နဲ့ 
ယောက်ျားချင်းအချစ် ရှိခဲ့တယ်ဆိုရင်
အဲဒီ ဗိုင်းရပ်(စ်) ပိုးကို
ငါအရင်တွေ့ရှိ တာပါကွယ်"…….မောင်ချောနွယ်
ညိမ်းညိုရေ…..မင်းဘယ်လိုလဲ
မင်းဘယ်သူဆိုတာထက်
မင်းကဗျာသာ ငါစိတ်ဝင်စားတယ်
မင်းကဗျာထဲမှာသာ
မင်းကို ငါ ရှာဖွေလိုက်ချင်တယ်
ငါ့ ဒိုင်ယာရီ ရဲ့စာတစ်မျက်နှာ
မင်းကဗျာကြောင့် ထွန်းလင်းတောက်ပတယ်
အိပ်မက် တွေနဲ့ ကဗျာဆရာ
ငါ့ကိုငါ ခေါ်ဖို့ မရဲပေမယ့်
မင်းကိုငါ ခေါ်ရဲဖူးချင်တယ်
ငါတို့ တရားမဟောဘူး
ငါတို့ လမ်းမပြဘူး
ခံစားမှု တွေကိုသာငါတို့ လှုပ်နှိုးတယ်
မေတ္တာတရားကို မြတ်နိုးတယ်
ဒဏ်ရာအနာတရ တွေကိုသာ
ချင်ခြင်းတပ်စွာ လိုက်ရှာတယ်
လောကကြီးနဲ့ စိတ်ဆိုးစိတ်ကောက်တယ်
ဖန်တစ်ရာတေအောင် ရန်ဖြစ်လည်း
ငါတို့ ပြန်ပြန်ချစ်တယ်
ကဗျာဆရာ ရဲ့မဟာတာဝန်ဟာဒါပဲ
ဒီလောက်ပဲပေါ့ကွာ
“ကဗျာဆရာသေရင်
ကဗျာနဲ့ သရဏဂုံ တင်ရတယ်“…..မောင်ချောနွယ်
ညိမ်းညိုရေ
မင်းမသေဘဲ
မင်းကဗျာတွေမသေလိုက်ပါနဲ့
ကဗျာကို ယုံတာစုံလုံးမကန်းပါဘူး
ငါ သေရင် သရဏဂုံတင်ဖို့
ကဗျာတွေ ထမ်းပြီး ပြန်ခဲ့တော့..ညိမ်းညို ။ ။

ညီသူငယ်ချင်း မျှားပြာ နှင့် ညိမ်းညို သို့ 

ညိုထက်ညို ( ၂၃၊၀၁၊၀၈ )