ဖန်တီးမှုမဲ့ခြင်းသည် အဆိုးရွားဆုံး အန္တရာယ်ဖြစ်၏။ ဖန်တီးမှုမဲ့သူသည် စကားအများကြီး ပြောတတ်၏။ ပေါက်ပေါက်ဖောက်သလိုပင်။ သို့သော် မိမိပြောဆိုသောစကား၏ အလေးအပေါ့၊ အတိမ်အနက်ကိုမူ ချင့်ချိန်နိုင်ခြင်းငှာ မစွမ်းပေ။ ဖန်တီးမှုလက်ဝယ်ရှိသူ သို့တည်းမဟုတ် ဖန်တီးရန်ကြိုးပမ်းအားထုတ်နေသူသည် စကားအများကြီး မပြောတတ်ချေ။ ဖန်တီးရန်စိုက်ထုတ်ရသော စွမ်းရည်နှင့် လုံ့လ၀ါယမကို အသိအမှတ်ပြု နားလည်လက်ခံသောကြောင့်ပင်။ ထိုသူတို့သည် ဗဟိုနာရီစင်ကြီးနှင့် တူ၏။ မိမိအသံကို လိုအပ်မှ မချိန်ကျရောက်မှသာ အချက်ကျကျ လေးလေးမှန်မှန် ပီပီသသကြီး ပြုတတ်၏။
ပညာရပ်နယ်ပယ်အသီးသီးတွင် ရေပေါ်ရှပ်ပြေးလုပ်ရံမူ မခက်လှ။ တတ်ယောင်၊ သိယောင်၊ ဟုတ်ယောင် ထင်မြင်ရန်အတွက် ထောက်ပံ့ကျားကန်ပေးထားသည်ဟု ယူဆနိုင်သော အချက်အလက်များကို အလိုက်သင့် ထုတ်ယူသုံးစွဲနိုင်သောကြောင့်ပင်။ မိမိတရားသေဆုပ်ကိုင်ထားသော ယုံကြည်မှု၊ မိမိသက်ဝင်နေသော လမ်းကြောင်းနှင့် သွေဖည်စေသော အပိုင်းတို့ကို ပယ်နှုတ်ထိန်ချန်၊ ဒွိဟဖြစ်စေသော ကြောင်းကျိုးဆက်စပ်မှုတို့ကို ဖုံးဖိကွယ်ဝှက်..၊ ထိုသို့ဖြင့် လူတို့သည် ကိုယ်တိုင်ထူထောင်သောဝါဒ၌ သက်ဝင်ယုံကြည်မှုအရှိဆုံး ဖြစ်လာကြ၏။ ကာကွယ်ရာ၌လည်း ဇောအပြင်းထန်ဆုံးဖြစ်လာကြ၏။ ထိုသူတို့သည် စိတ်ကိုဖွင့်ထားရမည်ဟု အမြဲတစေ ဆိုတတ်ကြကုန်၏။ အမှန်အားဖြင့် ထိုသူတို့သည် စိတ်ကိုဖွင့်ထားကြခြင်းမဟုတ်။ မျက်စိကို ဖွင့်ထားကြရုံမျှသာ။ မျက်စိကိုဖွင့်ထားသဖြင့် အမြင်ကျယ်ကောင်းကျယ်မည်။ အသိဥာဏ်ကျယ်ပြန့်ရန်မူ မလုံလောက်သေး။ အမြင်ကျယ်ခြင်းနှင့် အသိဥာဏ်ကျယ်ခြင်းသည် ကွာခြားလှချေ၏။
ပမာဆိုရသော်... ၊ အတန်အသင့် မှတ်ဥာဏ်ကောင်းသောလူတစ်ယောက်သည် ဘူမိဗေဒဘာသာရပ်ဆိုင်ရာ ပြဌာန်းစာအုပ် သုံးအုပ်ခန့်နှင့် ဘူမိဗေဒပညာရှင်ကြီးများ ပြုစုသော ကျော်ကြားသည့် စာအုပ်သုံးအုပ်ခန့်ကို လအနည်းငယ်အတွင်း နှုတ်တိုက်အာဂုံဆောင်နိုင်သည်ဆိုအံ့။ ထိုသူသည် နေ့ချင်းညချင်း ဘူမိဗေဒပညာရှင်ကြီးဖြစ်လာမည်လော။ ပညာ၏သဘောမှာ ပြင်ပဗဟိန္ဓအကြောင်းနှင့် မလုံလောက်ပေ။ မိမိ၏ အတွင်းအဇ္ဇျတ္တမှလာသော စိတ်၏သဘောနှင့်လည်း များစွာသက်ဆိုင်ပေ၏။ ထိုပညာရပ်အပေါ် မြတ်နိုးခုံမင်နှစ်ခြိုက်လှသော အတွယ်စိတ်ကလေးနှင့် မြင့်သည်ထက်မြင့်အောင် မြှင့်တင် ကြံဆောင်ပေးလိုသော ဘာမထီစိတ်တို့သည်လည်း ရှင်သန်ခိုင်မြဲနေအပ်ပေသည်။
လူတို့သည် ယောင်ခြင်းအမှု၌ နေသားကျနေပြီဖြစ်သဖြင့် နေရာကဏ္ဍအသီးသီး၌ ယောင်တတ်ကြကုန်၏။ ဆိုင်းသံဗုံသံ တထီထီနှင့် တက်ကြွစွာဟန်ရေးပြနေသော လက်ဝှေ့သမားကိုမြင်သော် ခဏချင်း၌ပင် မိမိသည်လည်း လက်ဝှေ့ကျော်ကြီးတစ်ဦး ဖြစ်လိုက်ချင်၏။ လက်ဝှေ့ပညာဟူသည် ဤရွေ့ဤမျှလောက်ကြီးတော့ ခက်ဟန်မတူ၊ ငါလိုက်စားလျှင် အလွယ်နှင့်ရပေမှာပဲ ဟုလည်း တွေးထင်တတ်ကြကုန်၏။ လူအများကြည်ညိုလေးစားသော စာရေးဆရာကြီးကို မြင်သည်ရှိသော် ခဏချင်း၌ပင် မိမိသည်လည်း စာရေးဆရာတစ်ဦး ဖြစ်လိုက်ချင်ပြန်၏။ ထိုစာရေးဆရာကြီး၏ လတ်တလောအနေအထားကိုသာ ကွက်၍အားကျခြင်းလည်း ဖြစ်ဟန်တူ၏။ နောက်ကွယ်မှ ရုန်းကန်လာခဲ့ရသော ကာလတာကိုမူ အလေးထားထည့်သွင်းစဉ်းစားရန် အလိုမရှိကြပေ။ စင်မြင့်ပေါ်မှ အပြောအဟောကောင်းသူကို တွေ့ရပြန်သော် ထိုဆန္ဒသည် ခဏချင်း၌ပင် ရုန်းကန်တိုးထွက် လာတတ်ပြန်သည်။ "ဒီလို နာရီဝက်၊ တစ်နာရီလောက်ဖြင့် ငါလည်း ပြောနိုင်ပေမှာပဲ" ဟု အထင်ရောက်တတ်ကြ၏။ ထိုနာရီဝက်တစ်နာရီကို အဆင်ပြေချောမွေ့စွာ ပြောဆိုဟောပြောနိုင်ရန်အတွက် နေ့ပေါင်းရက်ပေါင်း နာရီပေါင်းများစွာ ပြင်ဆင်လေ့ကျင့်ခဲ့ရသော ထိုသူ၏ အားထုတ်မှုကိုမူ မေ့ထားတတ်ကြ၏။ ဤသို့ဖြင့် နယ်ပယ်အသီးသီးတွင် လူယောင်တို့သည် များစွာ ထွန်းကားပေါက်ဖွား၍ လာကြပေသည်။
အကြောင်းကိုသိခြင်းနှင့် အကျိုးကိုဆောင်ကြဉ်းပေးခြင်းသည် တူမယောင်နှင့် ကွဲပြား၏။ လူယောင်များသည် အကြောင်းကို သိကောင်းသိမည်၊ အကျိုးကိုမူ ဘယ်သောအခါမျှ ဆောင်ကြဉ်းပေးလိမ့်မည် မဟုတ်ပေ။ ပမာအားဖြင့် ထမင်းဆာနေသောလူတစ်ယောက်ကို ထမင်းကျွေးလိုက်မှသာ အလုပ်ပြီးမြောက်ခြင်း မည်ပေသည်။ သို့မှသာ ကာယကံရှင်လည်းဗိုက်ဝ၍ အာသာပြေပေလိမ့်မည်။ ထိုသို့မဟုတ်မူဘဲ "စပါးဆိုတာ ဘယ်လိုစပြီးဖြစ်ပေါ်လာတာကွ၊ အဲဒီဆန်စပါးလေးကို ဘယ်ရာသီမှာဖြင့် ဘယ်သို့ဘယ်ပုံ စိုက်ပျိုးပြီးသကာလ၊ ကြိတ်စက်ကြီးတွေနဲ့ ဘယ်နည်းဘယ်ဟန်ကြိတ်ခွဲလိုက်တဲ့အခါ ဆန်ဖြူဖြူလေးတွေ ရလာတာပေါ့ကွာ၊ ဒါကိုမှ ဤသို့ဤနှယ်ချက်ပြုတ်လိုက်တဲ့အခါ ထမင်းဆိုပြီးရပေသတဲ့ကွ" ဆိုပြီး ထမင်းဖြစ်ပေါ်လာပုံဋီကာကို အကျယ်ဖွင့်ရှင်းပြနေရုံဖြင့် ထမင်းငတ်နေသောလူသည် ဆန္ဒပြည့်ဝမည် မဟုတ်ပေ။ ဤကား အကြောင်းကို သိခြင်းသာ ဖြစ်ပေလိမ့်မည်။ အမှန်မူ ထမင်းရအောင်ကြံစည်အားထုတ်၍ အကျိုးကို ဆောင်ကြဉ်းပေးသင့်ပေသည်။ လူတို့သည် ယောင်တတ်သောပင်ကိုယ်သဘာဝရှိရကား နှုတ်တိုက်ရွရွ အာဂုံဆောင်ကျက်မှတ်ခြင်းဖြင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စသည်ဖြင့် ကိစ္စတိုင်း၏အကြောင်းကိုမူ ရှုထောင့်အသီးသီးမှနေ၍ လူတိုင်းလောက်နီးပါး ချပြခင်းကျင်းနိုင်ကြလေသည်။ အမှန်တကယ် အကျိုးကို ဆောင်ကြဉ်းပေးရန်၌မူ ရှေ့မတိုးသာ နောက်မဆုတ်သာဖြင့် ဝေ့လည်ကြောင်ပတ်လုပ်ကာ အီလည်လည်ကြီးတွေ ဖြစ်နေတတ်ကြကုန်၏တကား။
အချုပ်ဆိုရသော် ယောင်ခြင်းမှာ လွယ်၏။ လူတိုင်းလုပ်နိုင်သည်။ ယောင်ခြင်းအဆင့်မှတက်ရန်မူကား လူတိုင်းမလုပ်နိုင်၊ ခက်လှချေ၏တကား။ (လောလောဆယ်ဆယ် ကျွန်တော်ကိုယ်တိုင်လည်း ယောင်ခြောက်ဆယ်တစ်ဦးမျှသာ... :P )
အစအဆုံး ဖတ်ပြီးသွားပြီဆိုရင် မေ့ပစ်လိုက်လို့ ရပါပြီ။ ဘာမှ မဟုတ်ပါဘူးဗျာ။ ကျွန်တော်လည်း အတွေးအခေါ်လိုလို အတွေးအချော်လိုလို စာမျိုးရေးကြည့်ဖို့ စိတ်ကယောင်လာလို့ လိုက်ယောင်ကြည့်လိုက်တာ... :D
ညိမ်းညို

4 comments:
ကိုညိမ်းညို ..ခုလိုယောင်ပြီးရေးတာလဲ ဖတ်လို့ကောင်းပါတယ်။ ကိုညိမ်းညိုလို လူကတော့ ယောင်တဲ့ အဆင့်ကနေ နောက်တစ်ဆင့်ကို တတ်သွားမယ့်လူဖြစ်မှာပါ။ အားပေးနေတယ်။
ဟုတ်သယောင်၂..မှန်သယောင်၂ ဆိုတော့ ယောင်တောင် ပေါင်တောင်နဲ့ ဖတ်လာလိုက်ပြီး... ငါယောင်နေပါလား.လို့. သံသယ၀င်...နည်းနည်းပါးပါးယောင်တာပါလို့ သက်သက်ညှာညှာတွေး... အဆုံးရောက်တော့ ရေးသူလည်း ယောင် ၆၀ ဆိုတော့ သိပ်အားမငယ်တော့ဘူး...။
အော်..ယောင်ပြီးမှတ်ချက်ရေးတာ လား... သူများယောင်သလို ယောင်ချင်လို့ မှတ်ချက်ရေးတာလားဆိုတာ ကွဲ၂ပြား၂ မသိခင်...ယောင်ချာချာနဲ့ ယောင်သွား...အဲလေ..ရေးသွားတယ်..။
ညိမ်းညိုရေ
ကောင်းလှပါတယ်ရှင်...
ရှင် ယောင်တာက အများကို အသိတရားတွေပေးတဲ့ အယောင်ကောင်း မို့လို့ ကျေးဇူးတင်ပါတယ်ရှင်...
ကျွန်မလည်း ယောင်နေလား ဆိုတာ ပြန်သုံးသပ်ကြည့်ရဦးမယ်...
ခုမှယောင်ပြီး လာဖတ်မိတယ်..
တခါတလေယောင်တာ ကောင်းပါတယ်.. အမြဲယောင်မိနေရင်တော့ မလွယ်ဘူးထင်တယ်..
Post a Comment