14 February 2008

အီကုတ်

သူတို့က...
ဧည့်သည်လဲ မလုပ်လိုဘူး
အိမ်ရှင်လဲ မလုပ်လိုဘူးတဲ့။

သူတို့က...
ကိုယ့်ဆီလဲ မလာနဲ့
သူ့ဆီလဲ မသွားပါဘူးတဲ့။

သူတို့က...
မျှော်လဲမမျှော်နဲ့
လာလဲမခေါ်နဲ့တဲ့။

ကိုယ့်အိမ်ကိုယ့်ယာလေးတွေနဲ့
တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း
ပန်းသေးသေးလေးတွေ ကိုယ်စီပွင့်ကြတယ်
ကိုယ့်အမြင် ကိုယ့်အတွေးနဲ့
ဝလုံးဝိုင်းဝိုင်းလေးတွေ ရေးကြတယ်
ကိုယ့်မြေပုံ ကိုယ့်လမ်းကြောင်းနဲ့
ကိုယ့်ခရီးကိုယ် နှင်ကြတယ်။

ဒီလို ရှင်သန်လာခဲ့ကြရာ...
အကြောင်းမဲ့ ချိုးဖဲ့ဖျက်ဆီးခံလိုက်ရချိန်
တူညီတဲ့နှလုံးသားပိုင်ရှင်တို့
ပေါင်းစည်းစုံညီ တွေ့ချင်လာကြရဲ့...။

သူတို့ ... ...
အချိန်နှောင်းခဲ့လေပြီလား
မီးပြင်းပြင်းထိုးထားတဲ့ ဒယ်အိုးထဲ
ပွက်ပွက်ဆူ ဆီပူတို့အလယ်
အရောင်ကင်းမဲ့မျှော်လင့်ချက်အသေများ
မျက်နှာချင်းညှိုးမှိုင်တေ့ဆိုင်
"ငါတို့ မနိုင်လို့ရှုံးခဲ့ရပြီ" တဲ့။

ညိမ်းညို

- အီကုတ်ဆိုတာ ရှမ်းပြည်နယ်မှာ အများဆုံး တွေ့ရတတ်တဲ့ ပိုးကောင်လေးတွေပါ။ ဒေသအလိုက် အခေါ်အဝေါ် အမျိုးမျိုးရှိနိုင်ပါတယ်။ အဲဒီပိုးကောင်လေးတွေဟာ မြေသားလုံးအတွင်းမှာ ရစ်ခွေနေတတ်ပြီး ဒေသခံတွေက ဆီနဲ့ကြော်စားလေ့ရှိပါတယ်။ သူတို့ဟာ အသက်ရှင်နေစဉ်ကာလမှာ ကိုယ့်နေရာလေးတွေနဲ့ကိုယ် သီးသီးသန့်သန့်နေတတ်ကြပြီး တစ်ကောင်နဲ့တစ်ကောင် ထိတွေ့ဆက်ဆံမှု မရှိသလောက် နည်းပါးကြပါတယ်။ ဆီပူဒယ်အိုးထဲကိုထည့်ပြီး အကြော်ခံလိုက်ရတဲ့အချိန်မှသာ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်မိကြတာ လို့တောင်ဆိုနိုင်ပါတယ်။


4 comments:

Layma said...

ပန်းပဲဆရာကြီးရေ...အီကုတ်တွေလိုတော့ တို့မောင်နှမတွေ မဆုံချင်ဘူးနော်...။

မျှားပြာ said...

ဘာမှပြောတော့ဘူး အပေါ်က အစ်မကြီး ပြောသလိုပဲ ..။

Unknown said...

အီကုတ်ပိုးကောင်လေးတွေအကြောင်းအခုမှသိရတယ်သူတို့ လိုတော့မဆုံချင်ဘူးနော်.

Kaung Kin Ko said...

အီကုတ် အကောင်လေးတွေအကြောင်းဖတ်သွားတယ်။ အီကုတ်တွေက တော်တော်မာန ကြီးတာပဲနော်။