10 February 2008

ကဗျာဆရာနဲ့ ပင်လယ်ဓားပြ

ကမ္ဘာမြေပေါ်က တစ်နေရာရာမှာ တစ်စုံတစ်ခုဟာ အမြဲမှားယွင်းနေခဲ့ပါလိမ့်မယ်။ သင်္ဘောပျက်တစ်စင်းပေါ်က အိပ်မက်တွေကို ကျွန်တော်က စာနာဖို့ သိခဲ့တယ်။ အဲဒီအတွက် ကျွန်တော့်ရဲ့ ပျော်ရွှင်ခြင်းတွေဟာ သောင်တင်သင်္ဘောတစ်စင်း ဖြစ်ခဲ့ရတယ်။ မြောက်မြားလှစွာသော မှားယွင်းခွင့်များ ရှိခဲ့တဲ့အတွက်၊ ကျွန်တော်က၊ မောင်ချောနွယ်က၊ အသက်ရှင်ခြင်းတရားကို အထူးကဲ ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြလိုက်ပါရစေ။

ဘာတစ်ခုမှ အဆင်မပြေတာကိုရော၊ ကံဆိုးမှုအကြိမ်ကြိမ် ကျရောက်ရတာကိုရော၊ ရောဂါပိုးမွှားတွေ ထူထပ်သိပ်သည်းနေခဲ့တာကိုရော၊ တစိမ့်စိမ့် တမြေ့မြေ့ နာကျင်ပြီး ဆာလောင်နေရတာကိုရော၊ ကိုယ်ကချစ်လိုက်ပြီး ပြန်အချစ်ခံခွင့်ရတာကိုရော အမုန်းခံလိုက်ရတာကိုရော၊ အစစ စုပါင်းဖြစ်တည်ပျက်ယွင်းနေတဲ့ ဒီဘ၀တိုတိုဆိုတာလေးကို အထူးလှိုက်လှဲစွာ ကျေနပ်လှပါတယ်။ (လူသားတစ်ယောက်နဲ့တစ်ယောက် နူးညံ့ခြင်းပြိုင်ပွဲ မရှိခဲ့တာကိုတော့ ကျွန်တော်က ရယ်သွမ်းသွေးလိုပါတယ်။) ပျော်ချင်တဲ့အချိန်မှာ လူတစ်ယောက်ရသင့်တဲ့ ကိုယ်တာလောက်ပဲ အခွင့်ရလိုလှပါတယ်။ အဲဒီလိုဆိုဖြင့် ခုလက်ရှိ ခန္ဓာကိုယ်နဲ့ ဘ၀ကိုရော၊ အသက်ရှင်ခြင်းတရားကိုရော၊ လူတွေရဲ့ ကပ်ပါးပိုးဆိုတာကိုရော၊ ကျွန်တော်က ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ပါကြောင်း။

အရက်၊ တရားဓမ္မ၊ အမှားအယွင်း၊ ကာမဂုဏ်၊ ရန်သူ၊ မိတ်ဆွေ၊ အမှန်တရား၊ ရိုးသားမှု၊ ချစ်ခြင်းမေတ္တာ၊ ကျွန်းသစ်၊ မြို့ရွာ၊ နိုင်ငံ၊ နေမင်းကြီး၊ လမင်းဖြူဖြူ၊ ခိုပြာရောင်ကြယ်ကလေးများနဲ့ ငွေစံပယ် ဆေးပေါ့လိပ်ကလေးများကိုလည်း အထူးပဲ ကျေးဇူးတင်ရှိလှပါတယ်။

ဆယ့်ခြောက်အောင်စ အလေးချိန်ရှိတဲ့ လူသားရဲ့ အသည်းနှလုံးဟာ တစ်နေ့ကို အကြိမ်ပေါင်းတစ်သိန်းတိတိ ခုန်ချက်ရှိတယ်လို့ ဆေးဘက်ဆိုင်ရာ ကျမ်းတွေက ဆိုတယ်။ လူတစ်ယောက်ရဲ့ တစ်နေ့တာ နှလုံးခုန်ချက်ဟာ အကြိမ်တစ်သိန်း ခုန်ချက်ရှိတယ်ဆိုတဲ့ အထက်ပါဆိုလိုချက်ကို ကျွန်တော်လက်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော့်အလိုအရတော့ အကြိမ်တစ်သိန်းတိတိ ခုန်ချက်ဟာ ထိချက်တစ်ချက် မဖြစ်နိုင်ဘူး။ အခိုက်ဓာတ်တစ်ခု မဖြစ်နိုင်ဘူး။ ခိုက်ထိချက်တစ်ချက် မရနိုင်ဘူး။ ပြီးတော့ ထိချက်တစ်ချက်ဟာလည်း မှော်သားဓာတ်မစေးကပ်နိုင်၊ မပါဝင်နိုင်ပြန်ဘူး။ အဖိတ်အစဉ်ရှိသလို မှော်သားအထူအပါးလဲ ကွဲသွားနိုင်ပါသေးတယ်။ ထားပါတော့၊ ထိချက်တစ်ချက်လဲ ဖြစ်ခဲ့ပြီ။ အခိုက်ဓာတ်လဲ ဖြစ်ခဲ့ပြီ၊ မှော်သားဓာတ်လဲ ပါဝင်ခဲ့ပြီဆိုရင်တော့ အဲဒါဟာ အနုပညာပဲ၊ ကဗျာပဲ၊ အစစ်ရတနာပဲပေါ့။ နီဝါပြာစိမ်းတွေ ကွဲနိုင်ပါရဲ့၊ အရောင်ကွဲပြားမှုကတော့ သူ့တန်ဖိုး အမျိုးအစားလိုက်ပေါ့။ ရှိပါစေ..။

လူဆိုတာ ဘုရားသခင်က ကိုယ့်ကို ဘာပေးလိုက်တယ်ဆိုတာ သိဖို့လိုတယ်လို့ ကျွန်တော်ခံယူထားတယ်။ ဘုရားသခင်က ကျွန်တော့်ကို အဲဒါပေးခဲ့တယ်။ ကဗျာ။ ကျွန်တော်က သေးသေးမွှားမွှား ဘ၀တိုတိုလေးမှာပင် ကိုလံဘတ်စ် ဖြစ်ချင်တယ်။ နယ်သစ်ပယ်သစ်တွေ ရှာဖွေချင်တယ်။ ကျွန်းသစ်မြေသစ်တွေကို စိတ်ဝင်စားတယ်။ လူသားတစ်ယောက်ဟာ ဘယ်လောက်ဝပ်အား ပျော်ရွှင်လင်းထိန်နိုင်သလဲ။ ကျွန်တော်က မဒမ်ကျူရီလည်း ဖြစ်လိုက်ချင်သေးတယ်။ ပြီးတော့ အက်ဒီဆင်၊ ပြီးတော့ မိုက်ကယ်အင်ဂျလိုဖြူရိုနာတီ၊ ပြီးတော့ ကဗျာဆရာ အိုမာခယမ်လည်း ပါတယ်ပေါ့။ သူတို့လိုပဲ ၀ိုင်မူးမူး၊ နက္ခတ်ဗေဒမှာ ကျွမ်းကျင်သူ၊ ပြီးတော့ ပြက္ခဒိန်သစ်တွေဘာတွေ တီထွင်ချင်တယ်။

ကမ္ဘာကျော်အဆိုတော်တစ်ယောက်က သူ့သီချင်းအယ်လ်ဘမ်ကို ဟောဒီလို နာမည်ပေးခဲ့တယ်။ ပင်လယ်ဓားပြနဲ့ ကဗျာဆရာ...တဲ့။ ညီမျှခြင်းတစ်ခုကို သူ့ရှုထောင့်ကနေ ဆွဲပြထားတဲ့ ဒီသီချင်းမှာ သူ့ဆိုလိုချက်က ပင်လယ်ဓားပြတွေကလည်း ရတနာကျွန်းကို ရှာဖွေခဲ့ကြတယ်။ ကဗျာဆရာတွေကလည်း ရတနာကျွန်းကို ရှာဖွေခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်....တဲ့။

ကမ္ဘာမြေကြီးရဲ့ ရင်ခေါင်းထဲကို အနက်ရှိုင်းဆုံး တူးဆွလာတဲ့ မြေတူးသမားဟာ သူ့လက်ထဲက သံတူးရွင်းတစ်ချက်အတူးမှားရင်၊ တွေ့ထားတဲ့ ကျောက်မျက်ရတနာ ပဲ့ရွဲ့ပြီး တန်ဖိုးဆုံးရှုံးနိုင်သလို၊ တစ်ချက်မှားယွင်း ပြန်ရင်လည်း မြေကြီးတွေ ကိုယ်ပေါ်ပြိုကျပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။

တကယ်တောပ ကဗျာဆရာဆိုတာ ကိုလံဘတ်စ်လည်းဖြစ်၊ မဒမ်ကျူရီလည်းဖြစ်၊ မာကိုနီလိုလည်း ဆောင်းတွင်းအိပ်မက်တွေနဲ့ ကမ္ဘာကို ဆက်သွယ်နိုင်သူ၊ မဒမ်ကျူရီလို မြေကိုလင်းထိန်စေသူနဲ့ အိုမာခယမ်လို ၀ိုင်မူးမူးနဲ့ နှလုံးခုန်ချက်တစ်သိန်းထဲကထွက်လာတဲ့ ခုန်ထိချက်တစ်ချက်ကို မှော်သက်သွင်းပြီး ထိခိုက်ချက်နဲ့ ကမ္ဘာနဲ့ လူသားဆီကို ပေးပို့လိုက်တာက ခု... သင့်လက်သူကြွယ်မှာ ၀တ်ဆင်ထားတဲ့ မြလက်စွပ်ကလေးပါပဲ။

မောင်ချောနွယ်
၁၉၈၅

- မောင်ချောနွယ်အတု ကဗျာစာအုပ် အမှာစာမှ

0 comments: