17 February 2008

လူမွဲ

ငှက်ကလေးရေ
မင်းအလိုရှိသလိုသာ ပျံပါ... နားပါ
ဟောသည်...ဥယျာဉ်မှူးအိုကြီးကတော့
အလွန်ဆုံးခံစားရလှ
အဆွေးစောင်ကြီးခြုံခြုံပြီး အိပ်နေရုံပေါ့ကွယ်
ငါကိုက ကံဆိုးလွန်းခဲ့တာပါ
လမင်းအစင်းတစ်ရာလောက်သာနေတဲ့ တိုင်းပြည်မှာမှ
ကြယ်မှုန်ကြယ်မွှားလေးအဖြစ်နဲ့ ရောက်လာမိတယ်
နက်နက်ရှိုင်းရှိုင်းထွန်ယက်ခဲ့ရသလောက်
နှလုံးသားယာမြေက မညက်ခဲ့ပြန်ဘူး
လူမွဲတစ်ယောက်ကပစ်တဲ့ ခေါစာမှာ
ရွှေမင်ငွေမင်တွေ မကပ်ငြိခဲ့လေတော့
တိတ်တခိုးမျှော်လင့်ရတဲ့ အဖူးအငုံလေးတောင်
နေ၀င်မီးမှိတ် တံခါးပိတ်ပြီပေါ့
လူလုံးလဲမလှနိုင် ဟန်ရေးလဲမပြနိုင်နဲ့
လူကုန်ထံတွေတိုက်ခတ်နေတဲ့ မုန်တိုင်းကို
ငါဘယ်လို ညင်းသွဲ့အောင်ပြုစားရမှာလဲကွယ်
ငှက်ကလေးရေ...
ကြည့်စမ်းပါဦးကွယ်
ဟိုး...အရှေ့ဆီက တောတန်းတစ်လျှောက်မှာ
အစီအရီ စီတန်းပေါက်ရောက်နေကြ
လေးလုံးခြောက်ဖက် သစ်ကိုင်းကြီးတွေဆိုတာလေ
နားနားနေနေ ချွေးသိပ်ခိုဝင်ဖို့
လွန်လွန်ကဲကဲကြီးကို သင့်မြတ်လို့နေတာပေါ့ကွယ်
ကိုင်းဖျားကိုင်းနားလေးတွေဆိုတာလေ
နေရစ်ခဲ့ကွဲ့ အဝေးဆီမှာ... ....တဲ့
ဒီတော့...ငှက်ကလေးရေ
မင်းအလိုရှိသလိုသာ ပျံပါ... နားပါ
ဟောသည်...ဥယျာဉ်မှူးအိုကြီးကတော့
အလွန်ဆုံးခံစားရလှ
အဆွေးစောင်ကြီးခြုံခြုံပြီး အိပ်နေရုံပေါ့ကွယ်။

ညိမ်းညို

2 comments:

Unknown said...

အဆွေးစောင်ကြီးခြုံပြီးအိပ်နေပြီလားးးးး..... :D

SoeMoe said...

တိတ်တခိုးမျှော်လင့်ရတဲ့အဖူးအငုံလေးတောင်...နေဝင်မီးမှိတ်တံခါးပိတ်ပြီပေါ့..လူမွဲ..ကဗျာလေးအရမ်းကောင်းတယ်..အကိုရေပျော်ရွင်ပါစေနော်......