16 February 2008

လူလွဲ

နေရောင်ခြည်က ခင်ဗျားဆီမလာရင်
နေရောင်ခြည်ရှိရာကို ခင်ဗျားကသွားရလိမ့်မယ်
ဒါပဲ...မိတ္တဗလဋီကာဆိုတာ
ဆပ်ကပ်ထဲမှာ
လူတစ်ကိုယ်လုံးပိုင်းပြသွားတဲ့ ပြကွက်လောက်တောင်
ထူးဆန်းမနေတာအမှန်
ငါးစာလည်းသွားမချနဲ့
ရေပွက်ကိုလည်း မငေးလေနဲ့
တကယ်ဆိုတော့...
ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် လွဲနေရခြင်းဟာ
အလွဲတကာ့အလွဲထဲမှာ အလွဲဆုံးပဲ
နိုင်တဲ့အခါ ရင်ဘတ်ပုတ်ပြတတ်ကြသလို
ရှုံးတဲ့အခါမှာ ရင်ဘတ်ပုတ်ပြဖို့ထိမလိုပေမဲ့
ကျေးဇူးပြု၍ တဆိတ်လောက်ဗျာ..
နာမည်ကလေးတော့ ပြောရဲရမယ်
အနိမ့်ပျံဖြစ်ဖြစ် အမြင့်ပျံဖြစ်ဖြစ်
တည်တည်ငြိမ်ငြိမ် ပျံသန်းနေဖို့လိုတယ်
တစ်ပါးသတ္တ၀ါရဲ့ ဇီဝိန်ကို
စွန်ရဲတစ်ကောင်လို ထိုးသုတ်နိုင်ရမယ်လို့လည်း မဆိုလိုပါဘူး
ရုပ်ပျက်ဆင်းပျက်လုယက်မနေရအောင်လို့ကို
သဘာဝတရားက စားခွက်တစ်ခုစီ ဖန်ဆင်းပေးထားပြီးသား

စိတ်ဆင်းရဲခြင်းက လက်ရှိငရဲ
စိတ်ချမ်းသာခြင်းက လက်ရှိနတ်ပြည်
အမှန်တရားဆိုတာ အနာပေါ်ကျတဲ့ဒုတ်
နုတ်စရာရှိတာ ရဲရဲနုတ်
ပေါင်းစရာရှိတာ ရဲရဲပေါင်း
ဒါမှ..ကိုယ့်ကိုယ်ကိုချိန်တွယ်တဲ့အခါ
အလေးချိန်အတိအကျရပေမှာပေါ့
လူသုံးများတဲ့စကားတစ်ခွန်းလို
ကိုယ်ဟာ အသက်ကြီးလာသလောက် အချိန်စီး,မစီး
ခင်ဗျားတို့ ကျွန်တော်တို့သိလိုကြတယ်မဟုတ်လား
ဟား...ဟား...ဟား...ဟား...ဟား...
ဒါ..မိတ္တဗလဋီကာကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်တာ
ပြောချင်ရာပြောပြီး ဟားတိုက်ရီချလိုက်တော့
မင်းကို လူတွေအမြင်ကတ်ပြီပေါ့ ငနာရဲ့။

ညိမ်းညို


4 comments:

Layma said...

အချိန်မစီးချင်ပေါင်...မြေကြီးလေးမှာ စိုးလို့..။

Unknown said...

မင်းဘာကို ဆိုလိုတယ်ဆိုတာ ငါသိတယ် သူငယ်ချင်း.. ဆက်လုပ်..ငါတို့စိတ်တူ ကိုယ်တူတွေပဲဟာ..။

Anonymous said...

နိုင်တဲ့အခါ ရင်ဘတ်ပုတ်ပြတတ်ကြသလို
ရှုံးတဲ့အခါမှာ ရင်ဘတ်ပုတ်ပြဖို့ထိမလိုပေမဲ့
ကျေးဇူးပြု၍ တဆိတ်လောက်ဗျာ..
နာမည်ကလေးတော့ ပြောရဲရမယ်
...ကောင်းတယ်ဗျာ
လေးစားပါတယ် ကဗျာဆရာရေ့....
အားပေးနေတယ်ဗျ..ကျနော်လဲ အချိန်စီးလား
မစီးလားတော့ မသိတော့ပါဘူးးး

မျှားပြာ said...

မိတ္တဗလဋီကာတွေ ဘာတွေတိဝူး ငါ့စားခွက်လာလုရင်တော့
တေဖို့သာ ပြင်ထား ငနာ ဟတ်ဟတ် ဒါလေးယူသွားပီ
တယ်ရင်းရေ ကစ်ထားဟ ..။:D