4 February 2008

မိုင်တိုင်၂၃

ဒီနေ့လေးဟာ သူငယ်ချင်းတွေရဲ့ နွေးတွေးဖြူစင်တဲ့ ခင်မင်မှုသံယောဇဉ်တစ်ခုတည်းနဲ့တင် အရာရာပြီးပြည့်စုံခဲ့ပါပြီ။ မွေးနေ့ပွဲလေးကို သိုက်သိုက်မြိုက်မြိုက်ဖြစ်သွားအောင် ဖွယ်ဖွယ်ရာရာကျင်းပပေးတဲ့ ညီလေးမောင်မျိုးလန်ဒန်လုပ် ကိတ်မုန့်အစစ်ကြီးနဲ့ဧည့်ခံပေးတဲ့ သူငယ်ချင်းမွန် တို့ကို ကျေးဇူးတင်ပါတယ်။ သူငယ်ချင်းများ၊ ညီအကိုမောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။ ပျော်ရွှင်ချမ်းမြေ့ ကြပါစေဗျာ :) :) :)

*** *** ***

ညိမ်းညိုမွေးနေ့

ဒီနေ့အတွက်
ငါ့စကားလုံးတွေ ထုပ်ပိုးပြီး
လက်ဆောင်ပို့လိုက်တယ်
တန်ဖိုးတွေ ဈေးနှုန်းတွေ
သတ်မှတ်ချက်တွေ ကန့်သတ်ချက်တွေ
ဘာတစ်ခုမှ ကပ်မထားဘူး
မွေးနေ့အတွက် သက်သက်ပဲ။

ဒီနေ့
(၂၃) ခုမြောက် ဘူတာရုံထဲကို
ရထားတစ်စီး ခုတ်မောင်းနေတဲ့အသံပေါ့
မင်းတိုက်လို့သောက်ခဲ့တဲ့
ကော်ဖီတစ်ခွက်ထက်
မင်းအခန်းရဲ့ အပြင်အဆင်တွေ
မင်းလွင်ပြင် မင်းလယ်တော မင်းပင်လယ် မင်းလှေငယ်
ကော်ဖီ အေးတဲ့အထိ ငါစိတ်ဝင်စားတယ် ။

လူနဲ့ လူချင်း စကားလုံးပေါင်းပြတတ်တယ်
ဆိုးတူကောင်းဘတ်
ငါမင်းကို ဆရာသူငယ်ချင်းလို့ ခေါ်ချင်တယ်
ကြီးငယ်အလတ် ငါမှတ်သားမိတာရှိတယ်
ရွယ်တူကိုလေးစားတဲ့
သူငယ်ချင်းအသိမှာ
မင်းငါ့ကို နားလည်ပေးလိုက်ပါ
ကျန်တာကတော့ ရဲဘော်ရဲဘက်ပေါ့။

ဒီနေ့အတွက်
သူတစ်ပါးမျက်ရည်
ကိုယ့်မျက်လုံးက ကျနိုင်တဲ့လူတစ်ယောက်
ဖြစ်နိုင်ပါစေ သူငယ်ချင်းရေ..။

လေပြေတွေ နူးနူးညံ့ညံ့တိုက်ခတ်တဲ့တစ်နေ့
တိမ်ညိုတွေ ကောင်းကင်မှာ ချိတ်ဆွဲတဲ့အချိန်
မင်းနဲ့ငါ ပေါင်မုန့်တစ်လုံးစီနဲ့
ချောင်းရိုးအတိုင်း လမ်းလျှောက်ရင်း
ဟိုအကြောင်းဒီအကြောင်း
ရောက်တတ်ရာရာ စာလုံးပေါင်းကြရအောင်ပါ သူငယ်ချင်း ။ ။

တင့်ထူးရွှေ

*** *** ***

ကဗျာဆရာရဲ့မွေးနေ့

ရိုးရိုးလေးပဲ စလိုက်မယ် ကဗျာဆရာ
ဒီနေ့ဟာ မင်းရဲ့မွေးနေ့ပေါ့
အမေ့ဗိုက်ထဲက ထွက်လာတဲ့မင်းကို
ဘယ်သူများ ကဗျာဝိညာဉ်တွေ
ထည့်ပေးလိုက်သလဲဆိုတာ ငါမသိဘူး
သေချာတာတော့ မင်းဟာ
ငါ့အတွက်တော့ ကဗျာဆရာပဲ
မင်းရဲ့ဖြတ်သန်းခဲ့တဲ့ မိုင်တိုင်တွေ
ခရောင်းတော လရောင်တွေနဲ့
မင်းထမ်းလာတဲ့ ပင်လယ်ဟာ
ပေါ့ပေါ့လေးနဲ့လေးနေတာ မဆန်းပါဘူး
အခြေမခိုင်သေးတဲ့ နားလည်မှုတွေကို
တောက်လျှောက်ချပြနေတဲ့ သံပတ်ရုပ်တွေကြားမှာ
မူလီတစ်လုံးလောက်ဖြစ်ချင်နေတဲ့ မင်းစိတ်ဓါတ်ကို
မလေးစားပဲမနေနိုင်ဘူး ကဗျာဆရာ
မုသာဝါဒတွေကို လှလှပပသုံးစွဲနေတဲ့ဟောဒီခေတ်ထဲမှာ
မြင့်မြတ်တဲ့ ကိုယ်ကျင့်တရားတွေကို ချပြပါ
ကောင်းကင်နဲ့မြေကြီးကြားမှာ
မင်းရင်ဘတ်ထဲက သစ္စာတရားဟာ ခန့်ထည်ပါတယ်
သံသရာမှာ ကဗျာဆရာတွေ ဘယ်လိုကျင့်ကြံတယ်ဆိုတာ
ဘုရားသခင်နဲ့ ကဗျာဆရာတွေကိုယ်တိုင်သိပါတယ်
သေတနေ့ မွေးတနေ့
လူသားတွေရဲ့ ရူးသွပ်မှုမှာ
ကဗျာဆရာတွေရဲ့ ရူးသွပ်မှုဟာ အနူးညံ့ဆုံး
မိသားစုကို ချစ်တတ်တဲ့
ဇောက်ထိုးကောင်တစ်ယောက်အတွက်
ဟောဒီနေ့မှာ မင်းအတွက်
နူးညံ့မှုတွေကို လက်ဆောင်အဖြစ်ပေးချင်တယ်
အဲဒီနူးညံ့မှုတွေကို ကမ္ဘာမြေအတွက်
ခင်းကျင်းပြသပါ ...
မင်းရဲ့နှလုံးသွေးနဲ့ လူသားတွေအတွက်
ပျိုးနုတ်ပါ ရေလောင်းပါ ပေါင်းသင်ပါ
မင်းအတွက်လေးနေတဲ့မြေကြီး
မင်းရဲ့ကဗျာတွေနဲ့ ပေါ့ပါးနိုင်ပါစေလို့
ဒီနေ့မှာ ငါဆုတောင်းပေးတယ် သူငယ်ချင်းရေ..။

မျှားပြာ

အချိန်မှီရောက်အောင်လာပြီး မွေးနေ့လက်ဆောင် ကဗျာတစ်ပုဒ်စီရေးပေးကြတဲ့ သူငယ်ချင်းကြီးနှစ်ယောက် ကျန်းခန့်သာလို့ မာပါစေဗျာ :)

6 comments:

မွန် said...

ဒီနေ့အတွက်
သူတစ်ပါးမျက်ရည်
ကိုယ့်မျက်လုံးက ကျနိုင်တဲ့လူတစ်ယောက်
ဖြစ်နိုင်ပါစေ သူငယ်ချင်းရေ..။

အခြေမခိုင်သေးတဲ့ နားလည်မှုတွေကို
တောက်လျှောက်ချပြနေတဲ့ သံပတ်ရုပ်တွေကြားမှာ
မူလီတစ်လုံးလောက်ဖြစ်ချင်နေတဲ့ မင်းစိတ်ဓါတ်ကို
မလေးစားပဲမနေနိုင်ဘူး ကဗျာဆရာ

Kaung Kin Ko said...

မွေးနေ့ ကဗျာတွေ ဖတ်သွားတယ်။ Happy Birthday!!!

Layma said...

ညိမ်းညို နဲ့ တင့်ထူး ပေါင်မုန့်တစ်လုံးစီနဲ့
ချောင်းရိုးအတိုင်း လမ်းလျှောက်ရင်း
ဟိုအကြောင်းဒီအကြောင်း
ရောက်တတ်ရာရာ စာလုံးပေါင်းကြတဲ့ နေ့ကို မြန်မြန်ရောက်ပါစေ...။

မင်းရဲ့နှလုံးသွေးနဲ့ လူသားတွေအတွက်
ပျိုးနုတ်ပါ ရေလောင်းပါ ပေါင်းသင်ပါ
ဆိုတဲ့ မျှားပြာရဲ့ စကားကို လည်း နားထောင်နိုင်ပါစေ..။

Anonymous said...

ဟက်ပီးဘက်ဒေပါ......
သူငယ်ချင်းတွေကဗျာ နဲ့ မွေးနေ့ လက်ဆောင်ပေးထားတာ အရမ်းကို လှပပြည့်စုံတဲ့မွေးနေ့ လေးပါပဲ.....
ကဗျာဆရာကြီးကို နာမည်ကြားဖူးကတည်းက လေးစား အားပေးနေပါတယ်....
ရှေ့ဆက်ပြီးလည်ကဗျာများ ဆက်လက် ခံစား အားပေးနေပါတယ်...........
ပျော်ရွှင်ပါစေ အစ်ကိုကြီးရေ့......

tuzzaung said...

သူတစ်ပါးမျက်ရည်
ကိုယ့်မျက်လုံးက ကျနိုင်တဲ့လူတစ်ယောက်
ဖြစ်နိုင်ပါစေ...။

မင်းအတွက်လေးနေတဲ့မြေကြီး
မင်းရဲ့ကဗျာတွေနဲ့ ပေါ့ပါးနိုင်ပါစေ...။

မိုင်တိုင်(၂၃)မှသည်..မိုင်တိုင်ရာချီတိုင် ဆက်လက်ခုတ်မောင်းနိုင်ပါစေ...။

pandora said...

၂၃ ဆိုတာ သိပ်မဝေးသေးတဲ့ မိုင်တိုင်လေးပေမယ့်
ကဗျာများနဲ့ လေးလံကိုင်းညွတ်နေသော
မောင်ညိမ်းညိုလေး
ကဗျာဝိညာဉ်တွေ ဆက်လက်ရှင်သန်လို့
တောင်ယာထဲက မြုခိုးတွေကိုလည်း ဆက်လက်ဖမ်းဆုပ်လို့
ကိုယ့်ယုံကြည်ချက်ပေါ် ကိုယ်ရဲရဲတက်ရပ်လို့
လရောင်အောက်က
အဆိပ်ပြီးတဲ့ မိုင်တိုင်
တစ်တိုင်ပြီးတစ်တိုင် စိုက်ရင်း
ခရောင်းတောကို ရယ်ပွဲဖွဲ့နိုင်ပါစေ

ပန်ဒိုရာ
(အချိန်မီရောက်အောင်မလာနိုင်ခဲ့တာ ဆောရီးပဲကွာ။)