အမေသည် အတန်းပညာ လေးတန်းသာရှိရှာ၏။ အဖေကမူ တက္ကသိုလ်ပညာရေး အဆင့်ထိ သင်ကြားခွင့်ရခဲ့သဖြင့် သူ့ခေတ် သူ့အခါတွင်မူ ခေတ်ပညာတတ်တစ်ယောက်ဟု ဆိုနိုင်ပါသည်။ ကျွန်တော် ပထမတန်းစာမေးပွဲ ဖြေဆိုကာနီးတွင် အဖေတိမ်းပါး ကွယ်လွန်ခဲ့ရာ ပညာမတတ်သောအမေ၏ အုပ်ထိန်းမှုဖြင့် ကြီးပြင်းလာရသည်ဟု တစ်စုံတစ်ဦးက ပြောသည်ရှိသော် ကျွန်တော် အလျင်အမြန် ခေါင်းညိမ့်လိုက်မည်သာဖြစ်သည်။ နွမ်းပါးချို့ တဲ့သော အမေ၏ ပြုစုစောင့်ရှောက်မှုသည် အစဉ်သဖြင့်နွေးထွေးပြည့် စုံ၍ အမေ၏ ဆုံးမသွန်သင်မှုတိုင်းသည် ကျွန်တော်၏ အသိဥာဏ်ကို အမြဲတစေ လင်းပွင့်စေခဲ့သည်သာ။
အတန်းပညာလေးတန်းသာရှိသောအမေသည် အကြာက်တရားကို မုန်းတီး၏။ မျက်စိစုံမှိတ်၍ ယုံကြည်လက်ခံခြင်းကို အား မပေးပါ။ အမေနှင့် စကားပြောနေရတာ တအားပျော်ဖို့ကောင်းပါသည်။ အမေနှင့်ပြောနေရသည်ပဲဟူ၍ မွန်းကျပ်ပိတ်လှောင်ခြင်း အလျင်းမရှိပါ။ တစ်ခါတစ်ရံ သူငယ်ချင်း အချင်းချင်းပြောနေရသလိုပင်။ အမေ့စကားတို့တွင် ဒေါသနှင့် ချုပ်နှောင်မှုတို့မပါ။ စိတ်ထားကောင်းဖို့၊ ရိုးသားမှုရှိဖို့ အခြေခံ၍ ပြောတတ်ပါသည်။ အမေ့စကားသံတို့တွင် လွတ်လပ်မှုနှင့် ငြိမ်းချမ်းမှုတို့ အပြည့် အ၀ပါသည်။ "စိတ်ထားကောင်းဖို့ ပထမ" ဟူသော မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ အဆုံးအမကို ခြောက်တန်းကျောင်းသားဘ၀မှာပင် အမေ၏ကျေးဇူးဖြင့် သိနားလည်ခွင့် ရခဲ့ပါသည်။
အမေသည် ကျေးရွာလေးတစ်ရွာတွင်မွေးဖွားကြီးပြင်းလာပြီး မွေးချင်းများတွင်အကြီးဆုံးဖြစ်ပါသည်။ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်ပညာသင်ကြားခွင့်မရခဲ့ပါ။ ကိုယ်ထူကိုယ်ထ ပညာသင်ကြားခြင်းသည် ဂုဏ်ယူဖွယ်ရာဖြစ်သော်လည်း စနစ်တကျ သင်ကြားခြင်းလောက် လိုရာခရီးမရောက်နိုင်ဟူ၍ အမေ မကြာခဏ ပြောလေ့ရှိပါသည်။
ကျွန်တော် စစ်တက္ကသိုလ်တက်ဖို့ လျှောက်လွှာတွေတင်တော့ သားသမီးတွေရဲ့ ပညာရေးလွတ်လပ်ခွင့်ကို အားပေးလွန်းတဲ့အမေဟာ ကျွန်တော့်ကို သဘောတူ၏ ၊ မတူ၏ မည်သို့မျှ မပြောခဲ့ပါ။ သားအမိနှစ်ယောက် လမ်းလျှောက်ထွက်ကြသည့် ညနေခင်းများတွင်မူ ခါတိုင်းထက်ပို၍ စကားတွေ ပြောဖြစ်ကြပါသည်။ မယ်နန်းကြည်တောင်ပေါ်သို့သွားရာ မြေနီလမ်းကလေး၏ ဘေးဘယ်ညာတစ်လျှောက်တွင် လက်ဖက်ပင်ပျိုတို့သည် ညီညွှတ်စွာ စီတန်းပေါက်ရောက်နေကြသည်။ တစ်ခါတစ်ရံ မြူငွေ့တို့သည် လေနှင့်အတူ လွင့်ပါးလာတတ်ပြန်၏။ ထိုထိုသော ညနေခင်းတို့တွင်မူ အမေသည် ကျွန်တော့်အား စကားများစွာပြောခဲ့ပါသည်။
"ငါ့သားရေ ပေဖြစ်ရင်ကြံ၊ တူဖြစ်ရင်မှန်ရမယ်ကွဲ့ ။ ပေဖြစ်တဲ့အခါ အဲဒီပေဘ၀က လွတ်ရာလွတ်ကြောင်း ကြံစည်ကြိုးစားရမယ်။ တူဘ၀ကို ကိုယ်ကရောက်တဲ့အခါမှာတော့ တရားသဖြင့် မှန်မှန်ကန်ကန် ပြုကျင့်ရမယ် ။ ပေဖြစ်ရင်ခံ၊ တူဖြစ်ရင်နှံဆိုတာကြီးကတော့ ဥာဏ်မပါ,ပါဘူး ငါ့သားရယ်.."
"မင်းကြိုက်သလောက် မိုက်နိုင်ပါတယ်။ ဒါပေမဲ့ အမေမျက်ရည်မကျစေနဲ့ပေါ့ကွယ်။ မိခင်တိုင်းဟာ ကိုယ့်သားသမီးရဲ့ တရားမမျှတတဲ့ လုပ်ရပ်တိုင်းအတွက် မျက်ရည်ကျလိမ့်မယ်ဆိုတာကိုတော့ ငါ့သားကြိုပြီး သိထားပေါ့"
"ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တိုင်းဟာ မအောင်မြင်ခဲ့ရင်တောင် ပြန်တွေးမိတိုင်း လိပ်ပြာသန့်နေရင် ကျေနပ်ဖို့ကောင်းပါတယ်ကွယ်"
"စိတ်နှလုံးတုန်လှုပ်ချောက်ချားမှုဆိုတာ အင်အားကြီးခြင်း၊ နည်းခြင်းမှာ မတည်ပါဘူးကွယ်။ မိမိရဲ့ လုပ်ရပ် လိပ်ပြာသန့်၊ မသန့်အပေါ်မှာပဲ တည်ပါတယ်"
"ကိုယ့်ခြေထောက်ကို မြန်မြန်သွားနေဖို့ထက် လမ်းမှန်ကိုသွားနေဖို့ ဂရုစိုက်နော် ငါ့သား။ လမ်းအမှားကြီးကို လျှောက်နေရင် ငါ့သားမြန်မြန်သွားလေလေ အမှန်တရားနဲ့ပိုဝေးလေလေ ဖြစ်တော့မှာပေါ့"
မွန်မြတ်သော အသက်မွေးဝမ်းကျောင်းမှု၊ ဂုဏ်ယူသင့်သော အလုပ်တစ်ခု ဟုသာ ရိုးရိုးရှင်းရှင်း သိထားခဲ့ပါသည်။ ထိုအသိကလေးကို အားပြု၍ ကျွန်တော်ရွေးချယ်လျှောက်လှမ်းခဲ့သောလမ်းသည် ယခုမူ မှော်ရုံတောပမာ ဖြစ်၍နေချေပြီကော။ မှောင်သောလမ်းတို့သည် ဘယ်သောအခါ၌ လင်းပါမည်နည်း။ ရှုပ်ထွေးသော ပြဿနာအလုံးစုံတို့သည် ဘယ်သောအခါ၌ ရှင်းပါမည်နည်း။ မှောင်သောလမ်းတို့ လင်းသောအခါ၊ ရှုပ်ထွေးသောပြဿနာတို့ ရှင်းသောအခါ အမှန်တရားနှင့် တူညီသောဘက်တစ်ခုတည်းတွင် ကိုယ့်ကိုယ်ကျင့်ကိုယ်ယုံ၍ စိတ်လုံလုံနှင့် အိပ်စက်လိုပါသည်။
ကျွန်တော်၏ လုပ်ကိုင်ဆောင်ရွက်မှုတို့တွင် အမေ၏စကားသံတို့သည် အစဉ်အမြဲ ထိန်းကျောင်းပဲ့ပြင်၍ နေပါစေသား။ မြေနီလမ်းကလေးတစ်လျှောက်မှ အမေ့စကားသံတို့သည် လက်ဖက်ရနံ့တို့ သင်းပျံ့ ကြိုင်လှိုင်နေသော တောင်ပေါ်လေနှင့်အတူ ယနေ့တိုင် ကျွန်တော့်ထံပါး ဝေ့၀ဲတိုက်ခတ်နေဆဲပင်..။
ညိမ်းညို
8 comments:
ကောင်းလိုက်တာကိုညိမ်းညိုရာ၊ ဒီလိုမိခင်တစ်ယောက်ရှိနေမှ လမ်းမှားစရာအကြောင်းသိပ်မရှိပါဘူး။ စနစ်ကျတဲ့ခေတ်ပညာ သင်ခဲ့ရမှမဟုတ်ပါဘူး။ မှန်ကန်တဲ့ အတွေးအခေါ်နဲ့ လွတ်လပ်မှုကို တန်ဖိုးထားတဲ့စိတ်နဲဆိုရင် သားသမီးကို လမ်းမှန်ရောက်အောင် သွင်သင်ဆုံးမနိုင်ကြပါတယ်။ အခုပြောသွားတဲ့ ကိုညိမ်းညိုရဲ့ အမေ့ ဆုံးမစကားတွေက မှတ်သားစရာ ကောင်းလိုက်တာ။ မျှဝေပေးတာ ကျေးဇူးပါ။
နည်းလမ်းကျပြီး တန်ဖိုးရှိတဲ့ အတွေးအခေါ်တွေနဲ့ ကိုယ်ကြီးပြင်းလာရသလို ကိုယ့်ရဲ့ မျိုးဆက်တွေကိုလည်း ဆက်လက်ပေးနိုင်အောင်ကြိုးစားရမှာပေါ့။ အမေ့စကားတွေကို မှတ်သားသွားပါတယ်
ကောင်းလွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ဘူး။ တစ်ချိန်ချိန်တော့ မှော်ရုံတောကြီး ရှင်းလာ လင်းလာမယ်ထင်ပါရဲ့။
ကိုယ့်ခြေထောက်ကို မြန်မြန်သွားနေဖို့ထက် လမ်းမှန်ကိုသွားနေဖို့ ဂရုစိုက်နော် ငါ့သား။ လမ်းအမှားကြီးကို လျှောက်နေရင် ငါ့သားမြန်မြန်သွားလေလေ အမှန်တရားနဲ့ပိုဝေးလေလေ ဖြစ်တော့မှာပေါ့..
အဲဒါလေး မျတ်သားသါားပါတယ်
သိုင်းကြူး for this postါ်)
ညိမ်းညို.. ခုလိုအမေပြာတဲ့စကားတွေ ပြန်ဝေမျှတာ ကျေးဇူးတင်ပါရစေ ။ သိပ်ကြိုက်သွားတယ် ။
ကျွန်တော်၏ လုပ်ကိုင်ဆောင်ရွက်မှုတို့တွင် အမေ၏စကားသံတို့သည် အစဉ်အမြဲ ထိန်းကျောင်းပဲ့ပြင်၍ နေပါစေသား ..။
အဲဒါလေး ဖတ်ရတဲ့အခါ ကိုယ်တိုင် အမေတယောက်အနေနဲ့ မျက်ရည်လည်ရပါတယ်။
မိဘ ပညာတတ်ဖြစ်ရမယ်ဆိုတာဟာ အမြဲမမှန်ဘူးလို့ အန်တီလည်း တွေးမိတာ ကြာပီ..။
သေချာတာတော့ ဒီလိုအတွေးမျိုးတွေ တွေးတဲ့ လူငယ်လေး..ဒီလိုအမေမျိုးရဲ့သားဟာ အမှားမကြီးနိုင်ဘူးလို့ ယုံပါတယ်..။
very nice..so touch...try to write some more..i got alot from ur story..we'r also grew under mom's love..very very nice.
လာလည်ပါတယ်ငြိမ်းငြို..ဒီပို့စ်လေးကတော့အတော်စိတ်ဝင်စားစရာကောင်းသား..ငါတို့အားလုံး..တူလဲဖြစ်စရာမလိုပါဘူး..ပေလဲဖြစ်စရာမလိုပါဘူး..
အဲဒီတူနဲ့ပေကိုသာ..သူ့နေရာနဲ့သူ..စနစ်တကျအသုံးချပီး..ထုတ်ကုန်ပစ္စည်းတွေထုတ်လုပ်ရမဲ့..ပန်းပဲသမားကောင်းတွေဖြစ်ဖို့လိုတာပါ..
ငြိမ်းငြိုအမေကိုလည်း..လေးစားပါတယ်။ ဘယ်နေရာပဲရောက်ရောက်..ကိုယ်ရောက်တဲ့နေရာမှာ..အမှန်တရားရဲ့သက်သေဖြစ်ပါစေလို့..ဆန္ဒပြုပါတယ်နော်
Post a Comment