31 August 2007
ချယ်ရီရိပ်မြုံ တို့ခိုလှုံစဉ်
Posted by ညိမ်းညို at 14:14 2 comments
Labels: အမှတ်တရ
လူအိုတစ်ယောက်ရဲ့ ညနေ
လူအိုတစ်ယောက်ရဲ့ ညနေ
ပန်းခြံခုံတန်းရှည်ပေါ် မှေးတင်နေရဲ့
ငွေနားကွပ်နဲ့မောက်မာခဲ့သူတိမ်တို့ မှိန်ပေါ့ ။
သံချေးတက်မျက်လုံးထဲ အရောင်တွေဖြူဖျော့လာ
ပြောင်းပြန်၊ အရှိန်တွေ ပိုမြန်လာကြ
" တယ်.. သေဖို့ကို ဘာလောနေကြသလဲ၊ ဒင်းတို့ "
တစ်ကြိမ်တည်းသာ လက်ခနဲမြင်လိုက်ရ
အံ့ဖွယ်ငှက်မြန်
ပျံပေါ့လေ၊ လေထဲပျောက်ပေါ့
နောင်တတို့သာ မော့ကျန်ရစ်ခဲ့
အလိုကြီးလွန်းသူပါ
ရသမျှနည်းနည်းကလေးကိုသာ
ယူသွားရတော့မှာပေါ့ ။
မောင်ပြည့်မင်း
Posted by ညိမ်းညို at 01:40 0 comments
Labels: ကြိုက်သောကဗျာများ
30 August 2007
ပန်း ၅ ပွင့်ရဲ့ ကောက်ကြောင်း
tag ထားတာအတော်ကြာပြီထင်တယ်။ ကျွန်တော်က တခြားးကျောင်းရောက်နေလို့ဗျ။ သွားတုန်းကတော့ စိတ်ကူးထားတာ အသွားအပြန် နှစ်ရက်ပေါ့..။ တကယ်တမ်းကျတော့ လေးရက်တောင် ကြာသွားရောဗျို့ ။ ကျွန်တော်ရောက်နေတဲ့ကျောင်းမှာ connection ကလည်းသိပ်မကောင်းတော့ ဘလော့ဂ် ကို မဖွင့်ကြည့်ဖြစ်ဘူး။ ကိုယ့်ကျောင်းကိုယ်ပြန်ရောက်မှ ဖွင့်ကြည့်လိုက်တော့ လား..လား အကြွေးတွေ အများကြီးပါလား။ အကြိုက်ဆုံးပို့စ် ငါးခုရွေးပေးပါဆိုတော့ ကိုယ့်သားသမီးလေးတွေထဲကနေ အချစ်ဆုံးကလေးကို ထုတ်ပြခိုင်းသလိုကြီး ဆရာမရယ်..(ဥပမာနော်..ချစ်စွာသော စာရှုသူများ အမှတ်မမှားကြကုန်လင့်။ ကျွန်တော်က ကလေးမရှိလူပျိုကြီးဗျ ဟာ..ဟ။ ကိုမိုးလှိုင်ညတို့၊ ကိုနေသစ်မှူးတို့ကတော့ ကောင်းကောင်းသိလောက်တယ်ဗျ။ စိတ်ချိုးရဘူးနော်..)ကိုရွက်ဝါကလည်း ဆော်သြပေးပါတယ်။ ကျွန်တော်တစ်ခုခု အမှားအယွင်းလုပ်မိတော့မယ်ဆိုရင် ကိုရွက်ဝါက အမြဲလိုလို ထိန်းထိန်းသိမ်းသိမ်း ဖေးဖေးမမ ပြောလေ့ရှိတယ်။ အစ်ကိုကြီးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ကဲ...ဆရာမရေ ပို့စ် ၅ ခုကိုရွေးထုတ်လို့ ကဗျာလေးတစ်ပုဒ်နဲ့ တင်ဆက်လိုက်ပါပြီ။ အခုအချိန်မီ တင်ပေးလိုက်ရပါတယ်။ ဆရာမ tag ထားတာကို တလေးတစား ထပ်မံရေးဖွဲ့ ပါဦးမယ်ခင်ဗျာ။
*** *** ***
မာယာကြွယ်တဲ့ တောနက်ထဲ
အနေအထိုင်မတတ်တဲ့ မုဆိုးတစ်ယောက်
သားရဲတစ်အုပ်နဲ့ အသတ်အပုတ်လုပ်တဲ့အခါ
မြို့ကလေးသို့ ရင်ဖွင့်ဖြစ်တယ်။
ဖောင်စီးရင်းရေငတ်
ပင်လယ်ထဲ မိုးတွေရွာတိုင်း
မီးမြိုက်ခံထားရတဲ့ တောင်ယာနဲ့
ဘ၀ကို သံပတ်တစ်ထစ်လျှော့မိပြန်တယ်။
အနံ့အသက်မကောင်းတဲ့အခါ
ကိုယ်ရင်ဘတ်ထဲကိုယ် ငုံ့ကိုင်းကြည့်မိ
တသွင်သွင်စီးဆင်းလာတဲ့ အဖြူရောင်အလွမ်းတွေမှာ
ငါတို့ရဲ့ နားခိုရာဟာ
မုဒိတာတရားနဲ့ လက်လက်ထတယ်။
ညီမလေးရဲ့ လွယ်အိတ် မှာ
အစ်ကိုတစ်ယောက်ရဲ့ ဂုဏ်ဒြပ်ကို
ရိုးဖြောင့်ခြင်း အမှတ်တံဆိပ်နဲ့
လိပ်ပြာသန့်စွာ ခပ်နှိပ်ခဲ့တယ်။
လောကဓံရိုက်ချက်တိုင်းမှာ
စိတ်ဓာတ်တွေ စုတ်ပြတ်မသွားအောင်
မြေနီလမ်းမှစကားသံက ကယ်ယူဆယ်မ
ဘ၀ကို ရှင်းသန့်စွာ ပွင့်လန်းခဲ့တယ်။
ပန်း ၅ ပွင့်ရဲ့ ကောက်ကြောင်းမှာ
ရင်ခုန်သံတွေ တဗောင်းဗောင်းနဲ့
ကဗျာရေးသူဟာ ဒီလို ပစ်ပေါက်မိခဲ့
စိတ်ရော.. ကိုယ်ပါ
ညိမ်းညို
- ဒီပို့စ်လေးအတွက် စေ့ဆော်တွန်းအားပေးခဲ့တဲ့ ဆရာမမွန်းသက်ပန် ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Posted by ညိမ်းညို at 19:42 1 comments
Labels: အမှတ်တရ
ကိုင်းဖျားလရိပ်
ဆောင်းအိုရဲ့ နိဂုံးမှာ
နွေဦးက ပြုံးပြုံးလေးဝင်လာပြီ
ညညဆို
လေပူတွေ ဝှေ့လွန်းလို့
ကျောတစ်နေရာစာ
အိပ်မက်ကလေးကိုပဲ
ရေပြန်ပြန် နူးနေရတယ်
ခြံထောင့်က စံပယ်ရုံလေးမှာ
ရနံ့တွေ အိုင်ထွန်းနေပြီ
ညမွှေးပန်းက လေပြေကိုနမ်းတော့
ပိတောက်တစ်ခက် စိမ်းသွားတယ်
အဲဒါ..
သစ္စာရှိတဲ့ ညပေါ့
ငုဝါတွေရယ်
တမာတွေရယ်
မကြာမကြာ နှာမှုတ်တတ်တဲ့
နွားတင်းကုတ် ကလေးရယ်
လရောင်အကြိုအကြားမှာ
စကားတင်းဆိုနေကြပြီ
ဆိုပါစေလေ
သူတို့နဲ့ မကင်းရာမကင်းကြောင်းမှာမှ
ကိုင်းဖျားကလရိပ်လေးကို မျှော်ငေး
ကိုယ်က ဆွေးခဲ့မိပြီကိုး ..
ခရောင်းလမ်းမှာ
ခြေထောက်ကို ဆီးကြိုတာပဲ
ပတ်ကြားအက်တွေနဲ့လည်း
လိုက်ဖက်ပါတယ်
ဟောသည်မှာ
တရုတ်စကားပင်တွေက
ပင့်သက်ကို သာသာညင်ညင်ချ
ချိတ်ဆွဲထားတဲ့ လရိပ်ကို
ဖြေးဖြေးဖွဖွ တွန်းပို့လို့
ဒဏ်ရာညများစွာကို
မီးစိမ်းပြလိုက်ကြပေါ့ ..
ညိမ်းညို
Posted by ညိမ်းညို at 02:20 3 comments
Labels: ကဗျာ
29 August 2007
နစ်မြုပ်ခြင်း
ကိုယ့်ရနံ့ကိုယ် ခေါက်သိမ်းလို့
လက်မဲ့ခြေဗလာနဲ့
ပွဲခင်းထဲက ထွက်လိုက်ကြတယ်
ညိမ်းညို
Posted by ညိမ်းညို at 19:26 0 comments
Labels: ကဗျာ
27 August 2007
သက်ငြိမ်
ပရမကား ချောင်းရေအလှုပ်
ကသုတ်ကရက် ခုန်ပေါက်ပြေးထွက်
ရေသောက်ဆင်းတဲ့ ကြယ်ကလေးတွေ
ဖွေးဖွေးလှုပ်တယ် ။
အဖေ့ခြေထောက်တွေက
ချောင်းရေကိုဆန်တက်နေတယ်
သားက အဖေ့လက်မောင်းကို
ယီးလေးခိုစီးလို့..
အပျော်ကြီးပျော်တယ် ။
အဲဒီညပေါ့ ..
သားအဖနှစ်ဦးရဲ့ ရွာအ၀င်လမ်းမှာ
ပန်းတွေ..တလှေကြီးပွင့်ခဲ့တယ် ။
ညိမ်းညို
Posted by ညိမ်းညို at 12:03 1 comments
Labels: ကဗျာ
22 August 2007
ခေါင်
ထုပ်၊ လျောက်၊ ဒိုင်း၊ မြားတို့အပေါ်
တလေးတစား ထမ်းတင်ထားတာ
ခန့်ခန့်ကြီးထိုင်နေဖို့တော့ မဟုတ်ဘူး
ရှိစုမဲ့စု အိမ်ရဲ့ အစိတ်အပိုင်းအားလုံးနဲ့
လူလူသူသူ ထိပ်မှာရွက်ထားတာ
ဝင့်ကြွားဖို့ သက်သက်တော့ မဟုတ်ဘူး
စကားဆိုတာ များများပြောဖို့ မလိုဘူး
ပြောလိုက်တဲ့ စကားတိုင်း
မှန်နေဖို့ပဲ လိုတယ်
အမြင့်ပိုင်းမှာ နေသာပြီး
အနိမ့်ပိုင်းမှာ ထစ်ချုန်းနေတဲ့ ရာသီဥတု
ဘယ်သူက ပြုစားလိုက်တာလဲ
ရေဒဏ်မိုးဒဏ်တွေနဲ့
အိမ်ရဲ့ အသံကလည်း တိမ်နေပြီ
နေစားလေစားနဲ့
အိမ်ရဲ့ အရောင်အသွေးကလည်း မှိန်နေပြီ
ခေါင်ကသာ
နည်းမှန်လမ်းမှန်နဲ့ ကာကွယ်စောင့်ရှောက်ပါစေ
အိမ်ဟာ ပန်းတွေဝေအောင်ပန်လို့
ခေါင်းကို မော့နေအောင်ထောင်ပြလိမ့်မယ်
တစ်ခုတော့ရှိရဲ့
ခေါင်က ခေါင်မမည်သရွေ့တော့
အိမ်ကလည်း အိမ်စဉ်မှီဦးမှာ မဟုတ်ဘူး ။
ညိမ်းညို
Posted by ညိမ်းညို at 19:06 2 comments
Labels: ကဗျာ
21 August 2007
ဆိပ်ကမ်းလှေ
ခေါင်းစဉ်ပေးစရာတောင် မည်ကာမတ္တမရှိ
လှိုင်းပုတ်လိုက်တဲ့ ဘယ်ညာအရွေ့လေးကိုပဲ
လူကြားမရှောင် သူကြားမရှောင်
အလန့်တကြားထထအော်
ပင်လယ်ရဲ့မာယာကိုလည်း မသိ
လှိုင်းရဲ့ အထာကိုလည်း မမိ
လုံခြုံစိတ်ချရမှုလေးတစ်ခုတည်းနဲ့
ဆိပ်ကမ်းမှာ ကြိတ်ပြီးပျော်နေလိုက်တာ
နွေနွေ.. မိုးမိုး.. ဆောင်းဆောင်း..
ကမ္ဘာကြီးဘယ်လိုပြောင်းပြောင်း
သူ့လမ်းကြောင်းကတော့
တွယ်မိတွယ်ရာ ဆိပ်ကမ်းလေးမှာပဲ
ဝမ်းဗိုက်တွေ ရိနွမ်းစုတ်ပျတ်သွားတဲ့အထိ..
ခွေအိပ်နေလိမ့် ..
ညိမ်းညို
Posted by ညိမ်းညို at 15:10 1 comments
Labels: ကဗျာ
20 August 2007
အရုဏ်မျှော် သားတစ်ယောက်
အိပ်ရာခင်းတစ်စလို တွန့်ကြေခဲ့ပြီးသည့်နောက်
မျှော်လင့်ချက်အင်းဆက်ပိုးမွှားတစ်ကောင်
လူးလွန့်ရှင်သန်နေချင်သေးတာ
ဘာကြောင့်ပါလဲ မေမေ..
ကိုယ်ကျင့်တရားရဲ့ နောက်ကွယ်
အဆုံးစွန် ကျပ်တည်းမှုတွေအောက်
သိမ်းထုပ်စုစည်းထားသမျှ
ကျိုးပေါက်ဆုံးရှုံးခဲ့ပြီးသည့်နောက်
ယုံကြည်ဆဲ ရိုးသားမှုကို
ရင်ဝယ်သားကဲ့သို့ တယုတယထွေးပွေ့နေချင်သေးတာ
ဘာကြောင့်ပါလဲ မေမေ..
အမှန်တရားကို ရှုမြင်ဖို့
စက္ခုနှစ်ကွင်းအလင်းမရရှာတဲ့ လောကကြီးအလည်
ဘ၀ကို..
လိုအပ်သလို ပြုပြင်ပုံစံသွင်းခဲ့ပြီးသည့်နောက်
သတိတရ ရှက်စိတ်ကလေးနဲ့
နောင်တမဲ့ ငိုကြွေးနေချင်သေးတာ
ဘာကြောင့်ပါလဲ မေမေ..
အရေထူဖို့ ကြိုးစားခဲ့ပေမဲ့
နေပူဒဏ် မခံနိုင်သေးတဲ့
သားတစ်ယောက်ပါမေမေ..
ယုံကြည်မှုကို
ဘုရားတစ်ဆူ ဂူတစ်လုံးပမာ စူးနစ်ကိုးစားဆဲ
ဘ၀တစ်ခုလုံး ပြိုလဲတော့မှ
မရဲတရဲ ခုန်,ခုန်တက်နေရတဲ့
အသည်းနာစရာ သားတစ်ယောက်ပါ မေမေ..
လောကကိုဟစ်ကြွေးဖို့
ကျွန်တော်ဆိုမဲ့ တေးတစ်ပုဒ်
နစ်မြုပ်..ကွယ်ပျောက်နေဆဲပါ မေမေ..
အတောင်အလက်တွေ စုံလင်ပြီမို့
ဘုရင့်နောင်ဖောင်ဖျက်ခဲ့တာကို ပုံထင်ပြ
စွန့်စားရဲရင့်ကြဖို့ဆိုတာ
ကျွမ်းနင့်တဲ့ဘ၀ထဲမှာ
ကျွန်တော့်အတွက်..အိမ်မက်တွေက
တုံယင်မှုန်ဝါးနေဆဲပါ မေမေ..
တစ်ကျော့ပြန် အရုဏ်ဦးဟာ
အမှောင်ဆုံး ညဥ့်နက်သန်းခေါင်နဲ့
ဘယ်လောက်အကွာအဝေးမှာ တည်ရှိတယ်ဆိုတာ
မေမေသိရင် ဖြေပေးပါ
မေမေသိရင် ဖြေပေးပါနော်..
အရုဏ်ကို ကျွန်တော်မျှော်ပါရစေ..မေမေရယ် ။
ညိမ်းညို
Posted by ညိမ်းညို at 10:34 2 comments
Labels: ကဗျာ
ဂုဏ်အလှ
ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း
မင်း၏သားငယ် သက်နှစ်ဆယ်သည်
ဘယ်ဂုဏ်မျိုးကို ကြိုက်သနည်း ။
ရွှေဂုဏ်ငွေဂုဏ် ရာထူးဂုဏ်သည်
လူ့ဘုံလောက အကာမျှတည့်
သူကငြူစူ မကြည်ဖြူ၍
ခွာယူလိုက ခွာ၍ရ ။
ရိုးဂုဏ်ဖြောင့်ဂုဏ် ယဉ်ကျေးဂုဏ်သည်
လူ့ဘုံလောက နှစ်သာရတည့်
သူကငြူစူ မကြည်ဖြူလည်း
ခွာယူမရ ကွာမကျ ။
ဇော်ဂျီ
Posted by ညိမ်းညို at 02:01 0 comments
Labels: ကြိုက်သောကဗျာများ
ပစ္စည်းအလှ
ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း
မင်း၏သားငယ် သက်နှစ်ဆယ်သည်
ဘယ်ပစ္စည်းကို ကြိုက်သနည်း ။
မလိမ့်တပတ် ခေါင်းပုံဖြတ်၍
အနှပ်အပါး မြတ်ကြီးစား၍
သနားကင်းမဲ့ ကိုယ်ကျိုးငဲ့၍
ရခဲ့မသမာ ထိုဥစ္စာ၌
မခွာမခွဲ အရိပ်မည်း ။
ကိုယ့်ဒူးကိုယ်ချွန် ကိုယ့်အားသွန်၍
ဖြောင့်မှန်တရား လက်ကိုင်ထား၍
သနားမေတ္တာ အလေးသာ၍
ရှာရသမျှ ထိုငွေစ၌
ဖိုးလမုလေး စမ်းရေအေး ။
ဇော်ဂျီ
Posted by ညိမ်းညို at 01:59 0 comments
Labels: ကြိုက်သောကဗျာများ
စကားအလှ
ငါ့ညီပြောင်းဝင်း မောင်သစ်ဆင်း
မင်း၏သားငယ် သက်နှစ်ဆယ်သည်
ဘယ်စကားကို ကြိုက်သနည်း ။
အယဉ်တစ်ကန့် နုတစ်ကန့်တည့်
အခန့်တစ်ထပ် သန့်တစ်ထပ်တည့်
သမာသ်ပုဒ်သစ် သိပ်သည်းကျစ်၏
မာန်ယစ်ကြွားဝါ အတ္တပါမူ
တမာလိုခါး ထိုစကား ။
အဆန်းမဖက် ရိုးသက်သက်တည့်
အခက်မပါ အလွယ်သာတည့်
ရက်ရွာလူမျိုး ပြောဆိုရိုးတည့်
အကျိုးရှိရာ အမှန်ပါမူ
သကာချိုပျား ထိုစကား ။
ဇော်ဂျီ
Posted by ညိမ်းညို at 00:27 0 comments
Labels: ကြိုက်သောကဗျာများ
17 August 2007
ပန်းချောင်းရေဆန်
Posted by ညိမ်းညို at 18:44 2 comments
Labels: အက်ဆေး/၀တ္ထုတို
16 August 2007
တောင်ယာ
နွေမှာ ကွပ်မျက်ခြင်းခံထားရတော့
မိုးဦးကျတာတောင်
စိမ်းလန်းစိုပြည်ခွင့် မရှိရှာဘူး
နေ့နေ့ ညည
တောင်ယာဟာ ကိုယ့်အဆင်တန်ဆာနဲ့ကိုယ်
လောင်မီးကျလို့
စီမံစိုက်ပျိုးသမျှ သီးပွင့်ဝေဆာမှုတွေနဲ့
ရိုးရိုးသားသား တုံ့ ပြန်လို့
ဒီလိုနဲ့ ..
ရိတ်သိမ်းသွားကြပြန်ပေါ့
အောင်ပွဲတွေ ဘာတွေခံလို့
တောင်ယာမှာသာ
သုံးနှစ်သုံးမိုး မျိုးတုံးလို့ ကျန်ရစ်ခဲ့တယ် ။
ညိမ်းညို
Posted by ညိမ်းညို at 21:28 3 comments
Labels: ကဗျာ
မြေနီလမ်းမှ စကားသံ
Posted by ညိမ်းညို at 02:43 8 comments
Labels: အက်ဆေး/၀တ္ထုတို
14 August 2007
မိုးရေမျက်ရည် တဖွေးဖွေး
"ရွာငယ်ဇနပုဒ်
မီးလေးမှိတ်တုတ်"
ရင်ခလုပ်နှိပ် တေးသံတိတ်ပြီ
ဒိတ်...ဒိတ်
ဒိတ်...ဒိတ်
စိတ်နှင့်ရင်ခုန် မှုန်ရီေ၀၀ါး
ငါးရှာသလား ဖားပါသလား
လယ်ကွင်းရိုးများ ကန်သင်းကြား
မြွေပါးကင်းပါးမကြောက်
လမ်းပျောက်နေတဲ့ ကလေးငယ် ။
ဒီဇယ်မီးခွက်
တဲအိုထက်
စာရွက်ပေါ်က
ထမင်းကျနိုး ဟင်းကျနိုး
"ပညာရွှေအိုး
လူမခိုး"
တိုးတိုးဖတ်ပါသားရယ်..တဲ့
အမေနိုးနေတယ် ။
မနက်ကည
ဝမ်းခါးမလှ
နေ့တဓူဝ ရုန်းကန်ရ
မုဆိုးမအမေ
လယ်ထွန်မြေဆွ ပင်ပန်းလှ
လမဲ့တစ်ည အိပ်မရတော့
ဘ၀လယ်သူကူပါ့မယ်
အိပ်မက်ငယ်တို့ ပျက်ပြယ်သွား
ပင်လယ်ဝေပေါ့ ဒုက္ခများ ။
မနက်လင်းတော့
ဆင်းရဲတဲ့သား ငါးရောင်းပြီးမှ
ကျောင်းကိုသွား
နွမ်းပါးချို့ ငဲ့
ဆင်းရဲတဲ့အမေ
သေသူကိုလွမ်း သားကိုလွမ်း
အလွမ်းများနဲ့
စပါးခင်းဝင် ကောက်ငန်းပြင်
ထိုစဉ်...
ပါးပြင်စိုသွား မြေစိုသွား
မျက်ရည်ပေလား မိုးရေလား
မိုးရေပေလား မျက်ရည်လား ..။
အောင်ဝေး
Posted by ညိမ်းညို at 20:09 0 comments
Labels: ကြိုက်သောကဗျာများ
သင်သေသွားသော်
ဪ..လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့်
သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏
သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ကျန်ကောင်းသင့်၏
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း ။
ဇော်ဂျီ
Posted by ညိမ်းညို at 16:13 1 comments
Labels: ကြိုက်သောကဗျာများ
အနိုင်မခံ
" INVICTUS "
Out of the night that covers me,
Black as the pit from pole to pole,
I thank whatever Gods may be
For my unconquerable soul.
I the fellcultch of circumstance
I have not winced not cried aloud.
Under the bludgeonings of change
My head is bloody but unbowed.
Beyond this place of wrath and tears
Looms but the horror of the shade,
And yet the menace of the years Finds,
and shall find, me unafraid.
It matters not how strait the gate,
How charged with punishment the scroll,
I am the master of my fate
I am captain of my soul.
Wiliam Emest Henley (1849-1903)
" အနိုင်မခံ "
ငါ့အား ဖုံးလွှမ်းအပ်သည့်
ညဥ့်နက်သန်းခေါင် အမှောင်တွင်းမှ
အသူတရာမျှ နက်လှသော
ချောက်ကမ်းပါး အတွင်းမှ
ငါ၏ မကြောက်တရားကို ဖန်တီးထားသည့်
နတ်သကြားများကို ငါကျေးဇူးဆိုပါ၏ ။
လောကဓံ၏ ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ငါသက်ဆင်းကျရောက်ငြားလည်း
ငါကား မတုန်လှုပ်၊ မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်းကြောင့်
ငါ၏ ဦးခေါင်းတို့သည် သွေးဖြင့်ချင်းချင်းနီ၏
သို့သော် ညွှတ်ကားမညွှတ်။
လောဘ ဒေါသတို့ ကြီးစိုးရာ
ဤကမ္ဘာ၏ အခြားမဲ့၌
သေခြင်းတရားသည် အံ့ဖွယ်ငံ့လင့်၏
သို့သော် ငါ့အား မတုန်လှုပ်သည်ကိုသာ တွေ့ ရအံ့
နောင်တွင်လည်း မကြောက်ရွံ့ သည်ကိုသာလျှင်
အစဉ် တွေ့ ရလတ္တံ့ ။
သုဂတိသို့ သွားရာတံခါးဝသည်
မည်မျှပင် ကျဉ်းမြောင်းသည် ဖြစ်စေ
ယမမင်း၏ ခွေးပုရပိုဒ်တွင်
ငါ၏အပြစ်များ မည်မျှပင် ရေးခြစ်ထားစေ
ငါသာ.. ငါလျှင် ငါ့ ကြမ္မာ၏အရှင်
ငါသာ ငါလျှင် ငါ့ ဘ၀၏သခင် ဖြစ်တော့သည်။
မြန်မာပြန်- အိုးဝေညိုမြ
Posted by ညိမ်းညို at 15:49 1 comments
Labels: ကြိုက်သောကဗျာများ
အမေ့ ..အနား
မီးတို့အားလုံးငြိမ်းပြီ
လောကတစ်ခုလုံး တိတ်ဆိတ်လို့
ငါ့မှာသာ ရှိုက်သံခပ်မျှင်းမျှင်းနဲ့
ပင့်သက်ကို အကြိမ်ကြိမ်ရှူသွင်းနေရတယ်
လွမ်းတယ်အမေရယ်..
ဟောဒီ..တောင်စဉ်အထပ်ထပ်
ကမ်းပါးယံအထပ်ထပ်ကို
ကျော်ဖြတ်ပြီးလာခဲ့ချင်ပါတယ်
" အမေ့အနား " ဆိုတဲ့ အရသာအခွင့်ထူးနဲ့
ပျော်မြူးချင်လိုက်တာအမေရယ်..
" ဦးဆွေးဆံမြည့် " တဲ့
ကျွန်တော့်တစ်ကိုယ်လုံး မြည့်မြည့်ဆွေးနေပါပြီ အမေ
ကျွန်တော့်ရင်ဘတ်ကို ဆွဲဖွင့်ကြည့်ပါ
အမေ့အနားနေချင်တဲ့ စိတ်တွေ
အမေ့ကိုလွမ်းတဲ့ စိတ်တွေ
လတ်လတ်ဆတ်ဆတ် ဖြစ်ထွန်းနေကြပါလိမ့်မယ်
တောင်တွေကိုကျော် တောတွေကိုကျော်
သံယောဇဉ်တွေကို ကျော်ဖြတ်ရင်းနဲ့
သာ၍..သာ၍ ဝေးရာဆီကိုပါအမေ
အမေနေကောင်းလား
အမေလမ်းလျှောက်နိုင်ရဲ့ လား
အမေ့အမြင်အာရုံတွေ ကြည်လင်သေးရဲ့ လား
အမေစိတ်ချမ်းသာ ကိုယ်ကျန်းမာရှိရဲ့ လား
ကျွန်တော် မသိနိုင်မမြင်နိုင် မကြားနိုင်တော့ ပြီ
အမေနဲ့ကျွန်တော့်အကြား
ဘာတွေ ကန့်လန့်ကာခြားထားပြီလည်းအမေရယ်..
" တာဝန်ဝတ္တရား " တဲ့
နုနုနယ်နယ် ကျွန်တော်တို့နှလုံးသားကို တစ်စစီဖဲ့ခြွေ
သေလုအောင် နှိပ်စက်နေကြပြီ
သတိရလိုက်တာ အမေရယ်..
အမေ့ရင်ခွင်ကို ခေါင်းခွေ့ လို့
နှောင်းတမြေ့မြေ့ မမေ့ရက်နိုင်စရာ
အမေ့ရဲ့ ဆောင်းပုံပြင်တွေ
ကျွန်တော့်ကိုယ်ကျင့်တရားကို သွန်သင်
ကျွန်တော့်အိပ်မက်ကို လမ်းညွှန်ပြလို့
ကျွန်တော့်အသိဥာဏ်တွေကို
ကြည်လင်အေးမြစေခဲ့ပါတယ် အမေ..
အမေရယ်..
ချောင်းနားကမ်းနား
ငါးရှာဖားရှာ ဗျိုင်းတစ်ကောင်
အစာနဲ့အတူ အကုသိုလ်တွေ မျိုချနေရရှာတယ်
လည်တံတိုတိုနဲ့ အမေ့သားဗျိုင်းတစ်ကောင်
ဘယ်အချိန်မှာ အတောင်ညောင်းမှာလည်း
အမေ့ရဲ့ မေတ္တာကမ်းစပ်မှာ
တဖျတ်ဖျတ် လွန့်လူးရင်း
မြူးတူးပျော်ပါးချင်လှပါပြီ အမေ..
ရင်ထဲမီးတောင်
ဗလောင်ဆူဝေ ပေါက်ကွဲထွက်တော့မယ်
အကြိမ်ကြိမ်အခါအခါ ပျို့ တက်လာခဲ့ အလွမ်းတွေ
ဘယ်လိုလျှောက်လဲချက်မျိုးနဲ့ ပွင့်အံချရမလဲ
နောက်ဆုံး ..
တောတွေတောင်တွေ တစ်ကြောလုံးမြည်ဟည်း
မိုးခြိမ်းသံတမျှ ထစ်ချုန်းအော်မြည်ခဲ့တယ်
" ငါ့ကို အတောင်ပံ တပ်ပေးကြပါ
ငါ့ကို အတောင်ပံ တပ်ပေးကြပါ
ငါ..အတောင်တို့ တဖျတ်ဖျတ်ရိုက်ခတ်
လွင့် ၀ဲ ပျံ တက် သွား လိုက် ချင် ရဲ့
အမေ့အနား..ကို "
ညိမ်းညို
Posted by ညိမ်းညို at 02:00 4 comments
Labels: ကဗျာ
13 August 2007
ချယ်ရီမြေက ကြိုနေမယ်
ပြင်ဦးလွင် တောင်ပေါ်မြို့ ကလေးဆီမှ
မြင်ဖူးချင် မျှော်ရည်တမ်းတယ်ကွဲ့
လှမ်းလို့ ဖြင့် လာခဲ့စေချင် ။
တွယ်တာမိလေသမျှ
ကွယ်ရာကပဲ လွမ်းရတယ်
ခိုင့်မေတ္တာ နွှယ်ကာလွှမ်းဝေတဲ့
သံယောဇဉ် ၀င်္ကပါလမ်းမှာဖြင့်
သစ္စာတွေ အဆင်ဆန်းပုံက
လန်းဆန်း၍ ကြည်ကြည်ရွှင်
စွဲစိတ်ခုံမင် ။
ပျိုမေခင် ခိုင်ဆိုတဲ့ကလေးမငဲ့
ကြိုနေလျှင် ငြိုးမယ်ဖွဲ့ လေမလား
မတားသာ မေတ္တာတရားရယ်က
ချစ်အားသွယ် သစ္စာမြဲတာကြောင့်
အပြစ်ထားမယ် ခင်ခင်ကြိမ်းသော်လည်း
စိမ်းတယ်လို့ စိတ်ကမထင်
မြင်ချင်ပါရဲ့ နေ့စဉ်အမြဲ
မငြိုငြင်ပါနဲ့ ခင့်စိတ်ထဲ..။
နွေးထွေးအပြစ်မမြင် ဟိုဆီ.. အတိတ်ရယ်က
ဪ.. ဆွေးနွေးချစ်ခင် (ကိုယ်စီ..) နှောင်ဖွဲ့ ဖူးတာကြောင့်
ရည်စူး၍ ချစ်ရပါကြောင်း
အသွင်ထူးဝေ
ပြင်ဦးလွင်မြေထုကို သက်သေပြုပါရဲ့
ယုံကြည်ပါကွဲ့ မောင့်ချစ်သဲ
ခိုဝင်သိုဝှက် ချစ်စိတ်ဇွှဲ
ကြိုနေပါမကွဲ့ ထာဝစဉ်အမြဲ...။
ညိမ်းညို
Posted by ညိမ်းညို at 01:53 0 comments
Labels: ကဗျာ
အနေဝေးလို့ ဆွေးရတယ်
မကြင်ပြီကွယ် ဆွေးစေတော့ရယ်လို့
တမင်ရည်ရွယ် ဝေးနေရော့သလား..ခိုင် ။
ပြုံးမျက်နှာ မှိုင်တွေငေးပါလို့
မုန်းလျက်မညှာ ခုမှတမင်စိမ်းတာမို့
ရုန်းမထွက်သာ ကိုယ့်ရင်ထဲမှာတော့
ကြေကွဲနေရပြီ..ခိုင် ။
အမျက်တော် ခိုဝင်မြှိုက်ရင်လည်း
တစ်သက်နော် ငြိုငြင်လိုက်ပါတော့
ရင်ကော့လို့ခံမယ် ..ခိုင် ။
ဓနအခြေမခိုင်သေးသူမို့
ဘ၀အနေမပိုင်တဲ့ ကိုယ်လိုလူတစ်ယောက်ကို
မဆိုင်ဝံ့ပါ မျက်နှာလွှဲလေသလား
(ရင်နဲ့ဆတ်ဆတ်) ကြားပါရစေ..ခိုင် ။
စိမ်းပြတ်ခွာ တကယ်မုန်းတယ်ဆိုရင်ဖြင့်
တိမ်းဖြတ်ကာ အနေဝေးစေဖို့
ယိမ်းဇာတ်နာ အဆွေးနယ်တကြောမှာ
ကိုယ်သာမျောပါရစေတော့..ခိုင် ။
ညိမ်းညို
Posted by ညိမ်းညို at 01:50 0 comments
Labels: ကဗျာ
နှောင်ကြိုးလည်ပြန်
သံယောဇဉ် အမျှင်တန်း
လွမ်းရပါတယ် ခိုင်..။
အကြင်နာ တနယ်တမြေဝေးပေမဲ့
သခင်သာ တကယ်အနေမအေးပါနဲ့
ဖြေတွေးလို့ တောင်းပန်ရင်
ငြိုငြင်မှာလား ခိုင်..။
ခိုင့်စာလွှာ ခိုင့်စကား
ခိုင့်သစ္စာတရား ခိုင့်မေတ္တာ
ကိုယ့်ရင်မှာ ဖြစ်တည်ပွား
အေးမြခဲ့ရတာလည်း အမှန်ပါခိုင် ။
ဝေးတစ်မြေခြားလို့
ဆွေးစရာများနေလည်း
ခိုင့်မျက်နှာလေး ပျော်ပျော်ရွှင်
စာထဲမှာ မြင်ရရင်
ကိုယ်လည်းမော်ဖူး ကြည်နူးရပါတယ် ခိုင်..။
ဒါပေမဲ့ ခိုင်ရယ်..
နှောင်ကြိုးလည်ပြန်
လွမ်းတဲ့ဒဏ်က ခက်လှတယ်နော်
လွယ်လွယ်မပျောက် ကြိုးစားဖျောက်လည်း
တောက်လျှောက်ပဲခိုင် ခိုင့်ကိုပဲလွမ်း
ပင်ပန်းလိုက်တာ သနားပါရင်
ခိုင့်ရုပ်လွှာလေး ပါးစေချင်..။
ညိမ်းညို
Posted by ညိမ်းညို at 01:45 0 comments
Labels: ကဗျာ
ဝေးကြပြီခိုင်..
ဘ၀ကံကြမ္မာအကျိုးပေးကြောင့်
တို့နှစ်ယောက် ဝေးကြပြီ..ခိုင်
သစ္စာတရားကို မဏ္ဍိုင်ပြု
အချစ်တစ်ခုကို ဖက်တွယ်ရင်း
ဘ၀ကို ၀ံ့ဝံ့စားစားရင်ဆိုင်ကြပါစို့လို့
ကိုယ်မပြောရက်ဘူး..ခိုင်
ခိုင့်ဘ၀ ခိုင့်အခြေအနေနဲ့
အသရေတင့် အနေမြင့်နေတဲ့ဘ၀မှာ
ဘာမှစာဖွဲ့ စရာမရှိတဲ့ ကိုယ့်ကြောင့်
အနှောက်အယှက် အတားအဆီးတွေကြားထဲ
ခိုင်တစ်ယောက်..
ဗျာများပူဆွေးနေရမှာလည်း
ကိုယ်မမြင်ရဲဘူး ခိုင်..
ငဲ့စရာတွေကြားမှာ
ဘ၀ဟာ တစ်ခါတစ်ခါ ခါးသီးသွားတတ်တယ်
ကျေးဇူးတရားတွေကြားမှာ
ဘ၀ဟာ တစ်ခါတစ်ခါ လုံးပါး,ပါးသွားရတယ်
ချစ်သူကိုမပိုင်ဆိုင်ရဲတဲ့ဘဝ
အသဲနှလုံးဆိုတာ..
ရှိနေလို့လည်း အပိုပဲလေ
အလံဖြူပြပေမဲ့
နလံထူမရတော့တဲ့ ဘ၀ပါခိုင်
ခပ်ဟဟ ရယ်မောမိပေမဲ့
သောကမြူမှုန်တောမှာ
ဘ၀ပူအမောတွေကတော့
လွင့်မျောနေဆဲပါ..ခိုင်
" သိပ်ချစ်တယ်ခိုင် "
ဒီစကားတစ်ခွန်းကိုသာ
ဘ၀တစ်ခုလုံးနဲ့ ညွှန်းဆိုသီဖွဲ့
တသွဲ့ သွဲ့ လွမ်းရင်းနဲ့ပဲ
အိပ်မက်တွေ ခန်းခြောက်သွားပါရစေတော့ ..။
ညိမ်းညို
Posted by ညိမ်းညို at 01:40 0 comments
Labels: ကဗျာ
တစ်ပွင့်ပန်းမို့ ကမ်းခဲ့တယ်
ရင်ထဲက ပန်းတစ်ပွင့်
တစ်သက်မှတစ်ကြိမ်
တစ်ကြိမ်မှတစ်ခါတည်း
တစ်ခါမှတစ်ညှာဆင့်လို့
တစ်ပွင့်တည်းပွင့်ခဲ့တာပါ ။
ခိုင်ရယ်..
ယုံပါလို့ ကျိန်တွယ်မပြောချင်ဘူး
ချိန်ရွယ်ရည်စူး အချစ်ဦးမို့
တိတ်တိတ်ကလေး..ဖူးပွင့်
ဆိတ်ဆိတ်ကလေး ..အရူးရင့်
ရင်နင့်..ကြွေလွင့်
မျှော်လင့်ခြင်း မီးအိမ်လေး
မီးရောင်ဝေး လွင့်ပြယ်ပြေးရင်တောင်
အသာလေး ဘေးဖယ်ထိုင်
ခိုင့်ဘ၀လေး သာယာလှပ
ဒဏ်ရာအနာတရ ကင်းမဲ့နောယ်ဆိုရင်ပဲ
ကြည်နူးကျေနပ်နေမှာပါ ..။
" တစ်ပွင့်ပန်းမို့ ကမ်းခဲ့တယ်
အသွင်နွမ်းလည်း နမ်းလှဲ့ကွယ် .."
ညိမ်းညို
Posted by ညိမ်းညို at 01:37 0 comments
Labels: ကဗျာ
မီးအိမ်ကလေးရဲ့ အရှင် .. ကိုယ့်ရဲ့ သခင်
ခိုင်..
ခင်မင်ရိုးသား
အဖြူစင်ဆုံး တံတိုင်းကြားက
ဖွင့်ဟပေါက်ထွက်
ရင်တွင်းစကား
ချစ်သူအပါးကို
အရောင်ဆိုးတဲ့ နှလုံးသားရယ်လို့
အပြစ်တင်လို့ မရ
အပြစ်မြင်လို့ မရ
အချစ်ဆိုတာ မြိုသိပ်ရပါများရင်
ပေါက်ကွဲတတ်တယ်ခိုင်..။
ငယ်စဉ်ကကြိုး
တိုးလို့နှောင်ရစ်
သံယောဇဉ်မြစ် ရင်နှင့်အမျှစီးဆင်း
မျှော်လင့်ရင်း တမ်းတ
အိပ်မရညရှည် လွမ်းရက်တွေအကြောင်း
ခိုင့်ကိုပြောပြ သတိရပါရစေ ။
ရှေ့ ဆက်တိုးဖို့
ပန်းလို့နေမလား နွမ်းလို့နေမလား
တစ်ဝက်လမ်းမှာ ညှိုးငယ်စွာနဲ့
မရေရာတဲ့ ကိုယ့်အဖြစ်
" အချစ်စစ် " ဆိုတာကိုတော့
ခိုင် ယုံကြည်ပေးပါ ။
ခိုင်ရေ..
ရှေ့ ဆက်တိုးရင် ရင်ကြိုးမှာလား
အမှောင်ကြီးစိုး ညခါမျိုးဆို
လမ်းပျောက်မှာလည်း စိုးမိတယ်
ဒါပေမဲ့လေ..
ဖြူစင်တဲ့ နှလုံးသားရဲ့ စေရာ
မေတ္တာအကြင်နာလက်နဲ့ ကမ်းလင့်
ဂရုဏာတရားရဲ့ အရှင်
အို..သခင်ရဲ့ လက်ကလေးတွေနဲ့
ဖန်မီးအိမ်ကလေးကို ထွန်းညှိ
မျှော်လင့်ခြင်းရောင်ခြည်လေးများ ပေးခဲ့ရင်
ယုံပါခိုင်..
ဘယ်လောက်ဝေးဝေး ပြေးလာပါ့မယ်
ဘယ်လောက်ကြမ်းကြမ်း လှမ်းလာပါ့မယ်
ဘယ်လောက်ခက်ခက် ဆက်ဆက်လာပါ့မယ် ။
ခိုင်ရယ်..
မျှော်လင့်ရင်မော သောကတောမှာ
ပျော်ပါရစေ တောင်းဆုချွေရင်
ကိုယ့်ကို နားလည်ခွင့်လွှတ်နော်..။
ညိမ်းညို
Posted by ညိမ်းညို at 01:31 0 comments
Labels: ကဗျာ
စိုးစိတ်ပိုမြဲ
သံယောဇဉ်
သည်နွယ်လေး တစ်မျှင်ဟာဖြင့်
ညင်သာစွာ ၀င်လာငြိပြန်ပေါ့
ဖြေလျော့ရန် ခက်ခဲ ။
ဝေးလွင့်ကြာ
တေးသစ္စာ ဆိုမပျက်စေဖို့
နေ့ရက်အစဉ် တွေးကာထိတ်ရတယ်
(ညီမရယ်..)
စိုးစိတ်ပိုမြဲ ။
ညိမ်းညို
Posted by ညိမ်းညို at 01:29 0 comments
Labels: ကဗျာ
ချစ်သောနန်း..သို့
နန်းတို့မြေ
ပန်းတို့ဝေ အသွင်ဆန်းတာမို့
လှမ်းလို့ဖြင့် လာခဲ့ချင် ။
သို့သော်လေ
နွမ်းကြေကာ ဖူးငုံမသင်းသလိုပ
နန်းရင်မှာ မေတ္တာကင်းလေမလား
ဗျာများလို့ စိုးထိတ်ပါတယ်
(ဪ..ကိုယ့်မှာတော့)
လန်းစိတ်မရွှင် ။
ညိမ်းညို
Posted by ညိမ်းညို at 01:27 0 comments
Labels: ကဗျာ
အယူခံ
ဝေးလျက်နေ
ဆွေးရက်တွေ မပြေသေးတာမို့
ကဗျာကလေးတွေရေးကာပ
ဆက်သရတယ် ။
ဆက်သစဉ်
တမင်ရည်ရွယ်မထားသော်လည်း
အမှားနော် ကိုယ်ကကျူးလေတော့
သက်မှူးပိုင် ရွှေညှာနန်းမှာဖြင့်
စိတ်ပန်းလို့ နွမ်းရပါတယ်
ဪ..ပျော်ရွှင်ဖွယ် ဆိတ်သုန်း ။
အချစ်ဆုံးရယ်
မကြင်မုန်းပယ် သွေခွာစိမ်းမယ်လား
ရင်နုန်းဖွယ် မဖြေသာစကားတွေနဲ့
အစဉ်မုန်းတယ် ဝေဒနာမထားပါနဲ့
ငဲ့ညှာဖို့ တွေးရည်ရွယ်
ကွယ်..ကြည်ဖြူပါဦး ။
ညိမ်းညို
Posted by ညိမ်းညို at 01:25 0 comments
Labels: ကဗျာ
ကိုယ့်ရင်ထဲမှာ သာတဲ့လ
သံယောဇဉ် အငွေ့အသက်တွေနဲ့
နူးညံ့သိမ်မွေ့ စွာခြယ်မှုန်း
ပြုံးရွှင်နေတဲ့ မင်းမျက်နှာလေးက
ကိုယ့်ရင်ထဲမှာ သာတဲ့လပါ ။
ကြယ်တာရာတွေပုန်းရှောင်
ကမ္ဘာကြီးတစ်ခုလုံး မှောင်ချင်မှောင်
ကိုယ့်ရင်ထဲမှာတော့
" ခိုင် " ဆိုတဲ့ အလင်းရောင်လေးရှိတယ် ။
နွေနေပူ ခရောင်းတော
မြစ်ကြောပြတ် သောင်တွေထွန်း
ကမ်းစွန်းပြို ရေဆန်လမ်း
ကိုယ့်ဘ၀ခရီးကြမ်း
ပန်းချင်သလောက်ပန်း
နွမ်းချင်သလောက်နွမ်း
ရှေ့ ကို ဆက်ကာ,ဆက်ကာ လှမ်းနေမယ်
လမ်းပြနေတဲ့ အလင်းရောင်လေးရှိတယ် ။
အညတြဘ၀မှာ
မလှမပဒဏ်ရာတွေနဲ့
တခုတ်တရ လွမ်းခဲ့ရတဲ့
ကိုယ့်ရင်ထဲက " လ " ကလေးရေ
(အရာအားလုံးကို လက်လွှတ်ဆုံးရှုံးရမယ်ဆိုရင်တောင်
ငြိမ်းချမ်းအေးမြ မင်းရဲ့ အလင်းရောင်လေးကိုဖြင့်
ခုံမင်မြတ်နိုးစွာ မွတ်သိပ်တောင့်တလို့
တစ်ဘ၀စာလုံး မျှော်လင့်နေပါရစေ ..)
ညိမ်းညို
Posted by ညိမ်းညို at 01:18 0 comments
Labels: ကဗျာ
12 August 2007
လွမ်းဆွတ်ကြယ်
"ဆောင်းတစ်ခုမှာ
ပါဝင်ခဲ့ဖူးတဲ့ နှင်းတစ်စက်လို
စာရင်းလည်းမရှိ၊ နံပါတ်လည်းမသိ
ဘယ်အထိမှလည်း မကြီးကျယ်ပါဘူးကွယ်" တဲ့ ။
သူ့ကိုယ်သူ နှိမ့်ချ
မြေကြီးရဲ့ သင်္ကေတနဲ့
အနုပညာကို ပန်းလိုမွှေးမြစေခဲ့တယ်
လူငယ်တစ်ယောက်ကရေးတဲ့ ကျောက်ထွင်းရာဇ၀င်တွေ
ကျွန်တော်တို့ရင်အုံကို တည့်တည့်ပစ်ပေါက်လို့
ချစ်သူကို နှလုံးသားအသစ်နဲ့ ချစ်ကြည့်ဖို့
ဘ၀ကို ရှုထောင့်အသစ်နဲ့ ချဉ်းကပ်ဖို့
လောကကို မြတ်နိုးခြင်းသက်သက်နဲ့ စောင့်ရှောက်ဖို့
သူ့ ရဲ့ အနုပညာ ပေါင်းချောင်လေးထဲမှာ
လောကပါလတရားကို စီကုံးရေးဖွဲ့
လေညင်းလေးလို တသွဲ့ သွဲ့ တိုက်ခတ်ခဲ့တယ်
အဲဒီ ..ကြယ်ကလေးတစ်လုံးပေါ့
အုံ့ပျမှောင်ရီ လောကဓံထစ်ချုန်းမှာ
ကျွန်တော်တို့နှလုံးသားတွေ လင်းပွင့်ပျိုမြစ်ဖို့
သူရဲ့ အနုပညာပုခုန်းအားနဲ့ ထမ်းတင်ပေးနေဆဲ
ခရီးတစ်ခုကို ထွက်ခွာသွားခဲ့ရပြီ
နှလုံးသားရှိလို့ ကျွန်တော်တို့ လွမ်းဆွတ်ရ
နှလုံးသားရှိလို့ ကျွန်တော်တို့ ကြေကွဲရ
နှလုံးသားရှိလို့ ကျွန်တော်တို့ နှမျောတမ်းတရ
အစ်ကိုရေ..
လွမ်းဆွတ်ကြယ်ကလေးက ပေးတဲ့အလင်းရာင်မှာ
အောက်မေ့သတိရခြင်းတွေ ထပ်ပေါင်းလို့
အစ်ကို ကောင်းရာသုဂတိရောက်ပါစေဗျာ.. ။
ညိမ်းညို
၇၊၈၊၂၀၀၇
- ဆရာတာရာမင်းဝေ သို့ အမှတ်တရ..
Posted by ညိမ်းညို at 16:01 0 comments
Labels: ကဗျာ
လေးလံတဲ့ နေ့တစ်နေ့အကြောင်း
မှောက်ထားတဲ့ ဖဲတစ်ချပ်အတွက်
မျှော်လင့်ချက်ကို မျှင်းပြီး ရှူသွင်းနေရသလိုမျိုး
မိုးတိမ်တွေ ငါ့အပေါ် ဖုံးအုပ်လာပုံက မြန်တယ်
မသိသား ဆိုးရွား
ခြေထိပ်လက်ထိပ်တို့ မျက်ခုံးလှုပ်ချိန်
ဆန္ဒတွေ ဇောကပ်ပြီး ပြေးထွက်သွားကြပုံက မြန်တယ်
လှစ်ခနဲ..
အဲဒီတခဏ
ငါ့မှာသာ ခန္ဓာအိမ်အခွံသက်သက်ကြီးနဲ့
ကျပ်တည်းလေးလံနေလိုက်ပုံများ ဆိုဖွယ်ရာမရှိ
ကောင်းကင်နဲ့ မြေကြီး ညှပ်ထားခြင်း ခံရသလို ..။
ညိမ်းညို
Posted by ညိမ်းညို at 15:54 1 comments
Labels: ကဗျာ
ဘောဂဗလ
အိပ်မက်လှလှမက်ဖို့
အိပ်ယာကောင်းကောင်း လိုတယ်
စားမြိန်သောက်မြိန် ခံတွင်းလိုက်စေဖို့
ဟင်းကောင်းကျွေးကောင်းကလေး လိုတယ်
စီးပွားရေးသောင်သာတဲ့အခါ
စူထားတဲ့ ချစ်သူနှုတ်ခမ်းကို
လေးကိုင်းသဏ္ဍာန် ကွေးညွှတ်လာအောင်
ဖန်တီးလို့ ရတယ်
မိတ်ဆွေ..
ခင်ဗျားရော ကျွန်တော်ရော
လောကရဲ့ အခြေအနေ အခြင်းအရာအမျိုးမျိုးထဲမှာ
သာတောင့်သာယာ လိုက်ပါစီးမျောနိုင်ဖို့
" ဗလငါးတန် " ထဲက
" ဘောဂဗလ " ကလေးဟာဖြင့်
အမှန်တကယ် လိုအပ်လှပေတယ်ဲ့
ကိုယ့်အခုအခံနဲ့ကိုယ် နားဝင်လိုက်ကြ
အချို့ တစ်ခဏ အချို့ တစ်ဘ၀ ။
ညိမ်းညို
Posted by ညိမ်းညို at 15:50 1 comments
Labels: ကဗျာ
နှုတ်ဆိတ်သွားတဲ့ ဇောက်ထိုးကောင်
သူငယ်ချင်းရယ်
စကားလဲ ကုန်ပါပြီကွာ
မင်းမှာထမ်းထားရတဲ့ "၀န်" ကြီးကလည်း
ကျပ်တည်းလေးလံလိုက်တာ..
အရှိဟာ အရှိလေးပေါ့
အသိဟာ အသိလေးပေါ့
ဘာဖြစ်လို့ ကဗ္ဗည်းတွေလိုက်ထိုးနေမှာလည်းကွာ
လေညင်းက လေညင်းလိုတိုက်ခတ်သွားလိမ့်
မြစ်တစ်စင်းက မြစ်တစ်စင်းလို စီးဆင်းသွားလိမ့်
တောင်တွေက တောင်တွေလို ရပ်တည်နေလိမ့်
ငါတို့ မပါဝင်ခဲ့သည့်တိုင်အောင်..
" ကျွန်တော်မပါဘဲနဲ့လည်း ဧရာဝတီဟာ စီးမြဲစီးနေလိမ့် " တဲ့
တာရာမင်းဝေရဲ့ ကဗျာတစ်ပုဒ်ထဲမှာ
ပျော်ဝင်ညွှတ်နူးမိဖူးရဲ့ ကွယ်
သံသရာကိုဆွဲဆန့်စေတဲ့ တဏှာတွေထဲမှာ
ကဗျာတွေ စာတွေလည်းပါတာမို့
သူငယ်ချင်းက မဖတ်ဖူးနော်
အေးကွယ်..
ငါကလည်း ကဗျာရဲ့ ရင်ချင်းဆက်ဘာသာဗေဒထဲမှာမှ
အသံတွေကို အသက်သွင်းတတ်တဲ့ကောင်ဆိုတော့
တို့တောအုပ်ကို ဒီမှာပဲ ငြိမ်းမှုတ်လိုက်ကြစို့ရဲ့ ..။
ညိမ်းညို
Posted by ညိမ်းညို at 15:45 0 comments
Labels: ကဗျာ
ဇောက်ထိုးကောင်၏ မှတ်စုများ(၅)
ကျမ်းစာအုပ်ကြီးကို ရှိခိုး
စာလုံးတွေကို ဒိုးဒိုးဒေါက်ဒေါက် ရွတ်မပြပါရစေနဲ့
ကျမ်းစာအုပ်ကြီးကို ခေါင်းအုံးအိပ်
တိုးတိုးတိတ်တိတ်ကလေးလည်း ဆွံ့ အမနေပါရစေနဲ့
စာအုပ်ကြီးရဲ့ ကိုယ်ထည်အတွင်းသားကို ဖြတ်သန်းခံစား
ငါလမ်းပွင့်သလိုသာ ဖတ်ပါရစေ
ငါမှတ်ချင်တာတွေကို မှတ်ထားလိုက်မှာပေါ့
ကျန်ချင်တာတွေလည်း ကျန်ခဲ့မှာပေါ့
ချန်ချင်လို့ ချန်ခဲ့တာတွေလည်း ရှိဦးမှာလေ
စာအုပ်ကြီးကဖြင့် စိတ်မဆိုးတန်ရာ
စီးဆင်းမှုတိုင်းမှာတော့ သူ့သီချင်းနဲ့သူပေါ့ကွယ်..။
ညိမ်းညို
Posted by ညိမ်းညို at 15:41 0 comments
Labels: ကဗျာ
ဇောက်ထိုးကောင်၏ မှတ်စုများ(၄)
အခုတလော တော်တော်ခေတ်စားနေတယ်
ရောဂါက
လာ တရားသွားနာရအောင်တဲ့..
နိဗ္ဗာန်ဆော် ဇာတ်ကြောင်းတစ်ပုဒ်နဲ့
ဆုလာဘ်ကို အသေအလဲမျှော်ကိုးနေကြတဲ့အခါ
ငါ့မှာ စားကောင်းခြင်းမစားရ
အိပ်ကောင်းခြင်း မအိပ်ရ
လူကြားကောင်းမဲ့ စကားတွေကို
ရွေး,ရွေးပြီး ကျက်နေရတယ်
နေလည်းအတော်မြင့်လှပါပြီ
ကိုယ့်လမ်းကိုသာ
ကိုယ့်ခြေထောက်နဲ့ကိုယ် လျှောက်လိုက်ပါတော့
ကိုယ့်ခရီးကိုသာ
ကိုယ့်ထီးလေးနဲ့ကိုယ် မိုးထားလိုက်ပါတော့
မင်းကသာငါ့ကို
အတင်းကာရောကြီး လာမဆုံးမဘူးဆိုရင်
နားမထောင်ဘူး ဆိုတဲ့အပြစ်လည်း
ငါ့မှာမရှိတော့ဘူးပေါ့ကွယ်..။
ညိမ်းညို
Posted by ညိမ်းညို at 15:38 0 comments
Labels: ကဗျာ
ဇောက်ထိုးကောင်၏ မှတ်စုများ (၃)
တစ်ခါတစ်ခါ
ဝေ့လွန်းဝိုက်လွန်းရင်
လမ်းစပျောက်,ပျောက်သွားတတ်လို့
ရိုင်းချင် ရိုင်းပါစေကွာ
ငါ့ကို ..ဒဲ့ဒိုးသာ ပြောကြ
ဟား..ဟား
အဲဒီလို ပြောကြတဲ့အခါ
ငါ့အဖို့ နားဝင်သိပ်ချိုတယ်ပ ။
ရင်ထဲကမဟုတ်တဲ့ စကားတွေ
လာ,လာ မပြောစမ်းပါနဲ့ကွာ
ဓါးမိုးပြီး ယုံခိုင်းရင်တောင်
ယုံရမှာ ပျင်းလို့ ..။
ညိမ်းညို
Posted by ညိမ်းညို at 15:35 1 comments
Labels: ကဗျာ
ဇောက်ထိုးကောင်၏ မှတ်စုများ (၂ )
စနစ်တကျ
ကျွမ်းကျင်လိမ္မာ ပိရိသေသပ်လှသော ပါးစပ်များနဲ့
စကားလုံးတွေကို ရှုံ့ ချည်နှပ်ချည်
ကြက်ပေါင်ကွင်းလို ကျုံ့ လိုက်ဆန့်လိုက်
ပရိယာယ်၊ အတတ်ပညာ၊ နည်းဗျူဟာ ခေါင်းစဉ်တွေအောက်
လိမ်ခဲ့ရင်တော့ လိမ်တာပဲပေါ့
ညာတာကတော့ ညာတာပဲပေါ့
ဝိနည်းလွတ်အောင်ပဲ ရှောင်ရှောင်
အာပါတ်လွတ်အောင်ပဲ ပြောပြော
စကားလုံးတွေ ဖောင်းပွတဲ့ဒဏ် မခံနိုင်တော့ဘူး
နလဗိန်းတုံးတဲ့ ဒဏ်ကိုပဲ ခံလိုက်တော့မယ် ။
ညိမ်းညို
Posted by ညိမ်းညို at 15:32 0 comments
Labels: ကဗျာ
ဇောက်ထိုးကောင်၏ မှတ်စုများ
လမ်းကတော့ ချော်နေပြီ
ကိုယ်တိုင်ထွန်းညှိပြီးလင်းချင်တဲ့ ငါနဲ့
ငါ့ကို ထွန်းညှိပေးချင်တဲ့သူတွေ
ကြာလာတော့ သဟဇာတမကျ ။
ခင်းထားတဲ့ လမ်းအတိုင်းမလျှောက်တဲ့ အခါ
ငါ့ကို အမည်နာမအမျိုးမျိုး ပေးလိုက်ကြ
ကိုယ့်ကိုယ်ကို တံဆိပ်ကပ်ထားပြီးသား
" အလကားကောင် "
အလကားကောင်ကြီး
အလကားဖြစ်နေတာကို
အလကားသက်သက် စိတ်ပူမနေကြပါနဲ့
ခင်ဗျားတို့ သိဒ္ဓိတင်မပေးလေ
ကျွန်တော်က ပိုပြီးနှစ်ခြိုက်လေ..။
ညိမ်းညို
Posted by ညိမ်းညို at 15:29 0 comments
Labels: ကဗျာ
သတိရခြင်း အပိုင်းအစများ
ချစ်တတ်တဲ့ ရင်အုံထဲမှာ
အလွမ်းတွေ ငုံနေလိုက်တာ
(လုံလောက်တဲ့ အချိန်လေး တစ်ခုရတာနဲ့..)
ဖူးပွင့်သွားကြပုံများ
ပန်းခင်းကြီး တစ်ခင်းပမာ
ရှုမဆုံး မျှော်မဆုံး... ။
အလွမ်းပန်းခင်းထဲမှာ
သတိရခြင်းတွေ ဆွတ်ပျံ့ စီးမျော
ရင်မောတယ် ချစ်သူ..။
ဘာကြောင့်မုန်းတာလဲ
မမေးပါရစေနဲ့ကွယ်
စိတ်ကသိနှင့်ပြီး အဖြတစ်ခုကို
နားနဲ့ဆတ်ဆတ် မကြားရဲလို့ပါ ။
သိမ်မွေ့ စွာ ရင်ခုန်တတ်စေဖို့
မြတ်နိုးရိုးသားမှုကို
တယုတယ ပိုက်ထွေးထားရမယ်ဆိုတာ
ကိုယ့်နှလုံးသားက အလိုလို သိနေပါရဲ့ ..။
ဘ၀ကို တစ်ဖဲ့ ,ဖဲ့ ပေးလိုက်တယ်
အချစ်တွေ အကုန်အစင်ပါသွားလေရဲ့
အချစ်ကို တစ်ဖဲ့ ,ဖဲ့ ပေးလိုက်တယ်
ဘ၀တစ်ခုလုံး ပါသွားပြန်ရော။
ပြည်ဖုံးကား ချလိုက်ရုံနဲ့
ဇာတ်သိမ်းသွားပြီတဲ့လား
ဘ၀ဟာ ညတစ်ညမှ မဟုတ်ပဲကွယ်
အရုဏ်သစ်အတွက်
ကားလိပ်ကို ထပ်မံ ဖွင့်လှစ်ရဦးမှာပေါ့ ။
အသဲကွဲတယ်ဆိုတာ လွယ်တာမှ မဟုတ်ဘဲ
သိပ်ကိုရက်စက်တတ်တဲ့ မိန်းကလေးတဦးနဲ့
ချစ်မိသွားမှ ရနိုင်တဲ့ အခွင့်အရေးတစ်ခုလေ ။
အသဲကွဲခြင်းဆိုတဲ့
ဝဋ်နာကံနာတစ်ခုရဲ့ နောက်ခံဇာတ်ကြောင်းကို
ပြန်ပြောင်းကြည့်ရင်
ဖြူစင်တဲ့ ချစ်ခြင်းနဲ့ ခိုင်မာတဲ့ မေတ္တာထုထည်ကြားမှာ
" သည်းခြေကြိုက် " ပစ္စည်းလေးတွေ လေခိုနေတာ တွေ့ ရလိမ့်မယ် ။
နောက်ဆက်တွေ တွဲနေသရွေ့
စက်သံက မှန်လာမှာ မဟုတ်ဘူး
ကိုယ့်လမ်းကိုယ် ဖြောင့်ဖြောင့်သွားပါတော့
အမှန်နဲ့အမှား လှံတစ်စင်း ဓါးတစ်လက်
အကြောင်းပြချက်တွေ ကိုယ်စီထုပ်ပိုးရင်း
အမျိုးမျိုး လမ်းသလားနေခဲ့ကြလိမ့်မယ် ။
ရင်ထဲထည့်ထားသရွေ့
ရင်နင့်အောင် ခံစားရလွန်းလို့
ဘ၀ထဲကို အလွတ်ပြောင်းရွေ့ ကြည့်လိုက်တယ်
အဲဒီတော့မှ...
ကြေကွဲခြင်းတွေက ကန်ချက်ပိုပြင်းလာကြပုံများ
မထင်ရက်စရာ .. ။
ညိမ်းညို
Posted by ညိမ်းညို at 15:23 0 comments
Labels: ကဗျာ
ပဉ္စလက်အမှတ် (၂၁)
တစ်နေ့သားမှာပေါ့
ဝေေ၀ရီရီ ရှုမျှော်ခင်းတွေထဲ
ရီရီဝေေ၀ ကျွန်တော် ငေးကြည့်နေတုန်း
ဗြုန်းခနဲဆို..
သတ္တ၀ါကြီးတစ်ကောင် ခုန်ဆင်းလာတယ်
လေးဖက်ကြီးထောက်လို့
အရှိန်အဟုန်ပြင်းစွာ ခုန်နိုင်ဖို့ အားယူနေရဲ့
စကားတစ်ခွန်း ပြောသွားတယ်
သဲသဲကွဲကွဲ မကြားလိုက်မိဘူး
ကျွန်တော် အမှတ်ထားမိသရွေ့
" သမိုင်းကို ခုန်ကူးဖို့ " ဆိုလားပဲ ။
ညိမ်းညို
Posted by ညိမ်းညို at 15:16 0 comments
Labels: ကဗျာ
ငါ့..ဘက်မှာ
မှောင်ရီဝိုးတ၀ါး
ကြယ်တွေတရေးနိုးချိန်
ပင့်သက်တို့ ချိုမြိန်လို့
ဂုဏ်ဓနတွေ မပါသေးသရွေ့
ဇာတ်လမ်းက နူးညံ့ သိမ်မွေ့ တယ် ။
သစ္စာကို ထွန်ယက်နေဆဲ
ရင်နင့်ခြင်းတွေသာ မှိုလို ပွင့်အာလာကြ
ဝင့်ကြွားတဲ့ ဂုဏ်သရေအောက်
ငါတို့ ချစ်ခြင်းတွေ
ဒူးထောက် အညံ့ ခံရမယ်တဲ့လား ။
အကြိမ်ကြိမ် အခါခါ မီးမောင်းထိုးလိုက်ကြစမ်း
လှော်တက်တွေ ကျိုးသွားလို့ ဘာအရေးလဲ
လက်ထိုးလှော်မယ်
သစ္စာတရားကို မှတ်ကျောက်ပြု
" အရှိန်အ၀ါ " ဆိုတာကြီးကို မျက်နှာချင်းတေ့ဆိုင်
ခိုင်မာတဲ့ မေတ္တာထုထည်နဲ့
တို့နှစ်ယောက် ..
ကြင်နာခြင်းတွေ ဝေအောင် ဖူးပွင့်ကြမယ်
ဒါပေမဲ့ ...
ငါ့ဘက်မှာ နင်ရှိနေဖို့တော့လိုတယ် ကောင်မလေးရယ်... ။
ညိမ်းညို
Posted by ညိမ်းညို at 15:12 0 comments
Labels: ကဗျာ
ညီမလေးရဲ့ လွယ်အိတ်
ကျောင်းသွားတော့မဲ့
ညီမလေးရဲ့ လွယ်အိတ်ထဲက
နာကျင်မှုတွေ ထွက်ကျလာတယ် ။
ခြေချောင်းရာ ချိုင့်ခွက်
ပုပျတ်ပျတ် ကြက်ပေါင်ဖိနပ်လေးရဲ့
သေးငယ်တဲ့ မျက်နှာလေးပါတယ် ။
အရောင်လွင့် နွမ်းကြေ
ဖျော့တော့နေပြီဖြစ်တဲ့ ကျောင်းစိမ်းလုံချည်ကလေးရဲ့
နွမ်းလျတဲ့ အသံလေးပါတယ် ။
နေစား ..လေစား
ကံကြမ္မာစားထားတဲ့
ပါးပါးလျလျ ရင်စေ့အင်္ကျီဖြူလေးရဲ့
ကြေကွဲတဲ့ ရှိုက်သံလေးပါတယ် ။
အဖုန်းမခိုင့်တခိုင်
စာမျက်နှာ (၈၀) မပြည့်ရှာဘဲ
မျဉ်းဖြောင့်တစ်ကြောင်းကိုတောင်
ပီပြင်အောင် အနိုင်နိုင် ဆက်ထားရရှာတဲ့
စုပေါင်းစပ်ပေါင်း ဗလာစာအုပ်အနွမ်းလေးရဲ့
ပူဆွေးတဲ့ သောကမီးတောက်တွေ ပါတယ် ။
အို.. စုံလို့ပါပဲလားကွယ်
နောက်ဆုံး..
အဲဒီ အရာတွေအားလုံးကို သိမ်းထုပ်လို့
တာကျိုးသလို ငိုချလိုက်တဲ့
စွတ်စိုပူနွေး မျက်ရည်စတွေဟာ
အစ်ကိုကြီးရဲ့ ရင်ကို ထိမှန်စေခဲ့တယ် ။
ညီမလေးရေ..
အရွယ်ရောက် ယောက်ျားလေးတစ်ယောက်ရဲ့
၂၁ နှစ်ဆိုတဲ့ မှတ်တိုင်ကို
လွယ်အိတ်ကလေးက လာနှဲ့နေပြီလေ
မှတ်တိုင်ကလည်း မခိုင့်တခိုင်မို့ တလှုပ်လှုပ်ပေါ့ ။
ညီမလေးရေ..
" ငါအကြီးပါလား " ဆိုတဲ့ အသိ
" အစ်ကိုကြီး " ဆိုတဲ့ ဂုဏ်ပုဒ်
တလှုပ်လှုပ် တနဲ့နဲ့ ဖြစ်လို့မှ မရဘဲလေ
မားမားမတ်မတ် ရပ်တည်
ခိုင်ခိုင်မာမာ ကာကွယ်စောင့်ရှောက်
ညီမလေးရဲ့ ဘ၀တစ်လျှောက်လုံး
အခြေလှ ဝေပြနိုင်ဖို့
အစ်ကိုကြီးရဲ့ လုပ်အားတွေကို ခြွေချ
ကြွေပြရဲရမှာပေါ့ကွယ်.. ။
ညီမလေးရေ..
ဘာကိုအားငယ်ရမှာလဲ
ဘာကိုကြောက်လန့်ရမှာလဲ
ကျောင်းကိုသာ ရဲရဲကြီးသွားပါလေ
ပညာသင်ပါ ပျော်ရွှင်ပါ
ကြိုးစားပါ လွတ်လပ်ပေါ့ပါးစွာနေပါ
ရိုးဖြောင့်ပါ အစဉ်သဖြင့် ရိုးဖြောင့်လိုက်စမ်းပါ
ဒီမယ်.. ကြည့်ကွဲ့
ညီမလေးရဲ့ လွယ်အိတ်ထဲ
ပျော်ရွှင်ကြည်နူးစရာတွေ အပြည့်အသိပ်
မဖိတ်မစင် အစ်ကိုကြီး ထည့်ပေးလိုက်ပါရဲ့
၀၀လင်လင် စားသုံးပြီး
ညီမလေး ကျန်းခန့်သာ၍ မာပါစေသား ။
ညိမ်းညို
Posted by ညိမ်းညို at 15:02 2 comments
Labels: ကဗျာ
သိအောင် ပြောချင်တယ်
ချစ်သူ..
အချိန်မတိုင်ခင်
အိပ်မက်တွေ လက်ကျိုးသွားလို့
မင်းအတွက်ပျိုးထားတဲ့ ပန်းတစ်ခင်း
ရှင်သန်ခြင်း ကင်းမဲ့ခဲ့ရတယ်။
ဘ၀မှာ..
ရာသီတွေ ဆိုးနေသမျှ
ဒုက္ခတွေအထပ်ထပ်နဲ့
ထွေးလုံးသတ်ပုတ် တိုက်ပွဲဝင်နေတဲ့ငါ
အောင်နိုင်တဲ့အခါ့
" နင် ငါ့ကို ပြန်ချစ်ပါ "
ဒီလိုမဟုတ်ပဲ
တင်းထားတဲ့ စိတ်ဓာတ်တို့ပြိုကွဲ
လွှင့်ထူထားတဲ့ အလံကို လှဲအချ
ငါ့မာနတွေ ပြာကျ
စွမ်းအားတွေ ခ၀ါချပြီး
အညတြ လူအဖြစ်နဲ့
ရှုံးနိမ့်ခဲ့ရပြီဆိုရင်တော့
စစ်ရှုံးသူတစ်ဦးပဲရယ်လို့
ထူးပြီးကြင်နာသနားမပြပါနဲ့
ရှုံးနိမ့်သူ့ရဲ့ ချစ်သူအဖြစ် နွံနစ်မခံပဲ
" နင် ငါ့ကို မုန်းဖြစ်အောင်သာ မုန်းလိုက်ပါ "
ညိမ်းညို
- မောင်လှမျိုး(ချင်းချောင်းခြံ) ၏ `ရင်တွင်းနှင်းဆီ´ ကဗျာကို ထပ်ဆင့်ခံစား ရေးဖွဲ့ ပါသည်။
Posted by ညိမ်းညို at 14:55 0 comments
Labels: ကဗျာ
မြစ်တစ်စင်းရဲ့ မာယာ
နေရီရီ
ဆည်းဆာမှိန်မှိန်လေး
ဝေကသီ လွင့်ပါးလှပနေလိုက်ပုံများ
ရေအလယ် လှေန၀ါမျောလွင့်
ဆွတ်ပျံ့ ကြည်နူးဖွယ်
တေးသံသာလည်းပါရဲ့
ဗျိုင်းတစ်အုပ် မြှားဦးပုံ ဖွဲ့ ချီ
အံ့မခန်း ပျံသန်းနေကြ
ဒိုက်ပုံတွေ ဗေဒါနဲ့ အတူရော
ရေကြောမှာ အသာအယာမျောကြ
လောကအလှဆင်
ကြည့်လေမြင်လေရာ လွန်ကြည်နူး
တိမ်တွေတောင်ပျော်မြူး ပလူးနေကြတယ်။
ဖြေမဆည်
နွံနှစ်ရောင် ရွာငယ်လေး
ဖရိုဖရဲ ပြိုလဲနေခဲ့
အပျက်အစီးတွေဆို တောင်လိုပုံ
ရင်တုန်ပန်းတုန် လူတွေဆို ယောက်ယက်ခတ်
နှလုံးသွေးရပ်သူရပ်
တရစပ် အားမာန်ပြင်း
ရေလှိုင်းတွေ မြစ်မင်းမာယာပြပြီပေါ့
လေရှိုင်းတွေ စစ်ခင်းအာဏာပြလေတော့
လည်စင်းခံ ရွာငယ်လေးခမျာ
ကမ်းပျက်ကမ်းပြို ရေတိုက်စား
ဝေဒနာ အငိုက်မိသွားပုံများ
အဖတ်ဆည်၍မရ ရပ်တည်၍မရ
ရွာသူရွာသားတွေမှာလည်း
ဒဏ်ရာဒဏ်ချက်တွေ ဘ၀ထိဆူး
မပဋ္ဋာမြေလူး အရူးမီးဝိုင်း ဖြစ်ကြရတယ်။
ညိမ်းညို
Posted by ညိမ်းညို at 14:51 0 comments
Labels: ကဗျာ
တိမ်ပြိုည
အာရုံကို ဖြူစင်ဖို့ ကြိုးစားရင်း
တိမ်တွေ ပြိုသွားတဲ့ညမို့
ငါ့ကို ခွင့်လွှတ်ပါကွယ်။
ကိုယ့်ကိုယ်ကို လုံအောင်ပုန်းခဲ့ပေမဲ့
စိတ်ကို ရိုးတိုးရိပ်တိတ် မြင်လိုက်ရလို့
လိပ်ပြာမလုံလှပါဘူးညယ်။
ညိမ်းညို
Posted by ညိမ်းညို at 14:49 0 comments
Labels: ကဗျာ
အမှတ်တရ
မာန်
လောကဓံအရိုင်း
မီးလိုဝိုင်းပြီး
မုန်တိုင်းသို့မွှေ
လာချေပြီတည့်။
ငါကားလူသား
မာန်ဟုန်များနဲ့
ကျားစိတ်ရဲမာန်
အားပြည့်လျှံပြီး
တုံ့ပြန်တိုက်ခိုက်
အောင်လံစိုက်၍
ဦးခိုက်ဒူးထောက် စေရမည်။
ညိမ်းညို
၁၃၊၂၊၁၉၉၉
အရုဏ်ဦး တေးသံ
လူငယ်တို့ရဲ့ ရင်ဘတ်
ဘယ်ကျောက်ခဲနဲ့ ခတ်ခတ်
မီးပွင့်ဖို့ အဆင်သင့်ပါ။
အမှန်တရားစစ်စစ်
အသက်ထက်ချစ်တယ်
ဒါ.. ပွင့်သစ်စ လူငယ်တို့ရဲ့
အရုဏ်ဦးတေးသံပဲ။
ညိမ်းညို
၁၉၊၉၊၁၉၉၉
မျိုးဆက်သစ် အားမာန်
တပေါင်းနေကြမ်း
ချောင်းရေခမ်းလည်း
ခယောင်းမြေလမ်းထဲ တို့လျှောက်မယ် ။
တစ်သက်ခရီး
အဖျက်အဆီး ဘယ်သို့ကြီးလည်း
တစ်ချက်မငြီးပဲ တို့လျှောက်မယ် ။
ဇွဲမာန်ကိုတင်း အားသန်ပြင်းဟေ့
ဇွဲမာန်ကိုမြှင့် ရဲရန်အသင့်ဟေ့
ကမ်းလင့်ကြိုဆို အောင်ပွဲကိုလေ
တို့တတွေ အတူသွားကြစို့ ။
ညိမ်းညို
၂၈၊၉၊၁၉၉၉
- ကျွန်တော် ၉တန်းကျောင်းသားတုန်းက ရေးထားတဲ့ ကဗျာလေး သုံးပုဒ်ပါ ။ အမှတ်တရအနေနဲ့ တင်လိုက်ပါတယ်ခင်ဗျာ ။
Posted by ညိမ်းညို at 12:29 0 comments
Labels: အမှတ်တရ
ကျွန်တော်နှင့် နိစ္စဓူဝ ကိစ္စများ
ခေါင်းတခါခါ လည်တခါခါ
လောကဓံက ငြင်းချက်ထုတ်ရှာတယ်
ကျွန်တော် ခင်ဗျားကို
လာပတ်သက်တာ မဟုတ်ရပါဘူးဗျာ..တဲ့ ။
ကျွန်တော်လည်း ပြန်ပြုံးပြချင်ပါတယ်
ဒါပေမဲ့ နှုတ်ခမ်းမှာ သွေးတွေယိုစီးနေတာ ခက်တယ်။
တကယ်ဆို..
ကျွန်တော်က လက်မမြှောက်တဲ့ အရှုံးသမားပါ
မြှောက်စရာ လက်ကို မရှိတော့လို့ပါ
(အားလုံးဖြတ်တောက်ပစ်လိုက်ကြ)
နာစရာ ရင်ဘတ်လည်းမရှိတော့
ဦးခေါင်းတစ်ခုထဲ ထိုး..ထိုး ခံနေရတာ
ကြာတော့လည်း ထုသားပေသားကျပေါ့
ပြဿနာကို မီးထွန်းမရှာခဲ့ရကြောင်းပါ
မီးခွက်ကိုင်ပြီး အိမ်ပေါ်တက်လာတဲ့ ပြဿနာ
ဘယ်ကြိမ်လုံးနဲ့ ရိုက်ချရမလဲ (စဉ်းစား ပေးကြပါဦး)
သေချာတာကတော့
ဇာတ်သိမ်းရင် ကျွန်တော်ပဲ အရှိုးရာတွေနဲ့ ကျန်ခဲ့ရမှာ
ငိုချင်တယ် မျက်ရည်မရှိတော့ဘူး
ပန်းတွေကတော့ အပြိုင်းအရိုင်း ပွင့်နေကြတာပါပဲ
မီးလောင်မြေမို့ အဖတ်မတင်တာတော့ အပြစ်မရှာကြနဲ့ဗျာ
ဇာတ်ရုံတစ်ခုလုံး ခြုံကြည့်ရရင်တော့လည်း
အင်း..
" အားလုံးကောင်းပါသည်ခင်ဗျား " ပဲပေါ့
လက်မထောင်နိုင်ဖို့အရေး လက်ညှိုးတွေစုပြုံထိုးကြ
ရှက်ကြောက်ခြင်းကို မေ့လျော့လို့ ..။
ဘ၀ဟာ ပုပ်သိုးသွားရမဲ့ ထမင်းအိုးတစ်လုံး
အဲဒီလို မဟုတ်တာတော့ သေချာလွန်းလှတယ်။
ညိမ်းညို
Posted by ညိမ်းညို at 12:12 0 comments
Labels: ကဗျာ
လူနွား
လူကရှင်သန်ပြီး ဘ၀က သေနေတယ်
အချိန်ကာလက ရွေ့ လျားပြီး အောင်မြင်မှုက ရပ်တန့်နေတယ်
ပင်စည်ကို ရေလောင်းပြီးပြီ
အသီးအပွင့်တွေ ဖြစ်ထွန်းမလာသေး
မျက်လုံးပြူးကြောင်ကြောင် မျက်ဆံနီကြောင်ကြောင်
နှာယောင်ကောက်ကောက် လူတစ်ယောက်
ဘာဖြစ်လို့ " ငါးမူးကြီး " လို့ သူ့ကို ခေါ် ကြပါသလဲ
တွေးခေါ်လို့မဆုံးခင် ကမ္ဘာမြေရဲ့ တစ်နေရာ
မှတ်တိုင်တွေ များများလာတာပဲ အဖတ်တင်
သူ့အတွေးအမြင်တွေ ရပ်တန့်လိုက်မှပဲ
အေးငြိမ်းသွားတော့တယ် (တဒင်္ဂ)။
ထွက်ချင်တယ် ထွက်လို့မရဘူး
သူ့ရဲ့ အတ္တဥခွံ ကျဉ်းမြောင်းမြေင်းလေးထဲမှာ
ဘ၀ဆိုတာကို ကုတ်ခြစ်တွယ်ကပ်
နေတတ် သေတတ်ဖို့ တရားတွေ
သူနဲ့ အလှမ်းဝေးလွန်းလှတယ်
ကောက်ရိုးတွေ ပွေ့ ပွေ့ လာပြီး
နွားနို့ပုံးကို ထမ်းထမ်းပြန်သွားတဲ့ လူတစ်ယောက်
နေ့တဓူဝ သူမြင်တွေ့ နေရ နွားတစ်ကောင်ရဲ့ ကုန်ထုတ်လုပ်မှု
ရူးမိုက်စွာ အတုယူမိတော့တယ်
ဒါပေမဲ့ သူစဉ်းစားလို့မရဘူး ဖြစ်နေတယ်
အထက်က ဆိုခဲ့သလိုပဲ
ပင်စည်ကို ရေလောင်းပြီးပြီ
အသီးအပွင့်တွေ ဘာကြောင့် ဖြစ်ထွန်းမလာပါသလဲ
" ငါးမူးကြီး " လို့ ဘာကြောင့် သူ့ကို ခေါ် ကြပါသလဲ
ဆိုကြပါစို့ ..နောက်ဆုံးတော့
သူ့အတွေးအမြင်တွေ ရပ်တန့်လိုက်မှပဲအေးငြိမ်းသွားတော့တယ် (တစ်ဘ၀)။
ထာဝရက ဘယ်တော့လဲ...
ညိမ်းညို
- ဆရာနေ၀င်းမြင့်ရဲ့ ပင်လယ်သေ ၀တ္တုတိုကို ဖတ်ပြီးတဲ့နောက် ဒီကဗျာလေးကို ကျွန်တော် ရေးဖြစ်တာပါ။
Posted by ညိမ်းညို at 12:00 0 comments
Labels: ကဗျာ
ဒဏ်သင့်သူ
အရုဏ်ဦးကို အကြိမ်ကြိမ် မြင်ဖူးပြီ
လင်းရောင်ခြည်ကို မတွေ့ သေး။
ရေလောင်းပေါင်းသင် အခါခါပြုဖူးပြီ
အိပ်မက်တွေ မဖူးပွင့်သေး။
မရေမတွက်နိုင်အောင် ရွက်လွှင့်ခဲ့ဖူးပြီ
နယ်သစ်ပယ်သစ်ကို မရောက်သေး။
တံခါးရွက်များကို
အကြိမ်ကြိမ်ခေါက်ခဲ့ ငါ့လက်တို့
နာကျင်နေခဲ့ ပြီ
တံခါးပေါက် တစ်ခုစာမျှ ပွင့်မလာခဲ့
" ငါအဝေးကြီး ရောက်နေပြီလား.."
ညိမ်းညို
Posted by ညိမ်းညို at 11:55 0 comments
Labels: ကဗျာ
ကိုက်လမ်း
ငါဟာ
ကမ္ဘာကြီးကို နားစွန့်ထားသူ ယုန်ကလေးပါ
နေ့စဉ်နေ့စဉ်
ငါ့ဝပ်ကျင်းကလေးကနေ ငါအစာရှာထွက်တိုင်း
သစ်ပင်မြက်ပင်လေးတွေကို ကိုက်,ကိုက်ပြီး
ငါထွက်လာခဲ့မြဲ
ခု..
လူနဲ့ခွေးများတောခြောက်ကြ
အပြေးအမြန် ငါ့ကိုက်လမ်းလေးအတိုင်း ပြန်လာခဲ့ရာ
ပိုက်ထဲ
ငါ့သစ္စာတရားဟာ ငါ့အသက်ကို ယူသွားကြပေါ့ ..။
မောင်ချောနွယ်
Posted by ညိမ်းညို at 01:24 0 comments
Labels: မောင်ချောနွယ်ကဗျာများ
ပဲ့တင်
မိုးအညို့မှာ
အိပ်တန်းပြန်တဲ့ ငှက်အုပ်ကို
စိတ်နဲ့ ပစ်ချကြည့်မိတယ်
ကိုယ့်အပေါ် အကုသိုလ်တွေ
ဘယ်လောက်ပြုတ်ကျလာမလဲလို့
တိုးတိုးဖော်ရယ်..
စိတ်ဆိုတာ ကျယ်ပြောပြန့်ကားပေမဲ့
ရုပ်ဆိုရင် ပေါက်ကွဲထိရှလွယ်မယ်
နံရံရှိရင်တော့ ပဲ့တင်ထပ်စမြဲ မဟုတ်လား
မိုးတိမ်တွေရေ
ငါ့အော်သံတွေ ပြန်မလာတော့ဘူးလား
ငါ့နားတွေ လိုက်လာခဲ့ပြီ ။
ဝင်းမြင့်
Posted by ညိမ်းညို at 01:21 0 comments
Labels: ကြိုက်သောကဗျာများ
မုဆိုးမရင်ထဲက..မြစ်
ညနေခင်းထဲ
ကလေးငိုသံ ထမင်းရည်သွန်ချ
ဖွာရရာ ဆံနွယ်ပေါ်
ပန်းပွင့်မဲ့ တွန့်ကြေကြေစိတ်ကူး
အထီးကျန် အိပ်ရာဝင်ခြင်းညများနဲ့
တစ်ရေးနိုး အမှောင်ထဲမျက်ရည်ရွှဲ
သဲ့သဲ့ရှိုက်သံနဲ့ ညကိုထိုင်ကြည့်နေတော့တယ်
တဖြည်းဖြည်း
အလှဆုတ်ယုတ်လာတဲ့ သနပ်ခါးမဲ့ပါးပြင်ပေါ်
ရင်ထဲက ငယ်ချစ်လေ
အလွမ်းမြစ်ကလေးပေါ့ ။
အောင်နှင်းသစ်
Posted by ညိမ်းညို at 01:17 0 comments
Labels: ကြိုက်သောကဗျာများ
ကဗျာဆရာ့ သမီး
ကျွန်တော့်သမီးလေးဟာ
စီကာရီကာနဲ့
တီတာတီတာဖွဲ့
ကလေးရှားတဲ့ ကျွန်တော်တို့အိမ်ထဲ
သူပဲဘုရင်
ကပါဆိုလည်း သိပ်မရှက်တတ်
စ,တာဆိုလည်း စိတ်မကွက်တတ်
လှတာကိုလည်း သိပ်မက်တတ်ပြီး
ထပ်တလဲသာ ပါးစပ်ရဲစွာ
ကပ်ချွဲတာတွေကြောင့်
အရပ်ထဲမှာလည်း သူ့ပဲချစ်ခင်
မျက်နှာပေးလည်းမရိုင်း
လက်ရေးလည်းဝိုင်းပြီး
ဘာလေးပဲခိုင်းခိုင်း အသင့်တက်ကြွ
စာမေးပွဲတိုင်းလည်း အဆင့်အထက်ကနဲ့
ဆရာမကိုလည်း အရမ်းချွဲ
အတန်းထဲမှာလည်း အားလုံးရဲ့ သံယောဇဉ်
ပြန်ပြောရင် လွန်တယ်ထင်လိမ့်
ဒါပေမဲ့ သမီးရယ်..
လူပုံအလယ် လူဂုဏ်ထည်တွေထဲ
အဖေချင်း ပြိုင်တဲ့ပွဲကျ
ဘယ်သူလည်း သမီးရဲ့ အဖေ
အဲဒီအဖြေအတွက်
မတွေဝေရင်ကော့
" ကဗျာဆရာ့ သမီးပေါ့ " လို့
မပျော့တဲ့ အသံ
မလျှော့တဲ့ မာန်နဲ့
စကားပြန်သွက်ဖို့ ဝေးပါလို့
မကြားဟန်ရှက်လို့ ငေးလေသလား..
(သမီးရယ်) တွေးတိုင်းရင်သိမ့် ။
- (သမီး...သို့ )
စာရေးဆရာမ စုသဲမွန်၏အဖေ ရေးတာပါ။ ၂၀၀၆၊ ဧပြီလထုတ် မဟေသီမဂ္ဂဇင်းပါ စုသဲမွန်၏ ဆောင်းပါးမှ ကူးယူဖော်ပြပါသည်။
Posted by ညိမ်းညို at 01:12 0 comments
Labels: ကြိုက်သောကဗျာများ
ဆောင်း
စိမ့်အေးမှုဟာ သူ့သွားနဲ့
တို့ရဲ့အရိုးကို ကိုက်ထားတယ်
ရတုဦးဟာ
ပြာနှမ်းနှမ်း ယိုစီးလို့
ကောင်းကင်မှာ
နေမင်းဟာအခဲပြုလို့
မြောက်လေရဲ့ တောင်ပံစိုစိုမှာလည်း
နှင်းဆီရနံ့ အစက်များပြောက်စွန်းလို့
နှင်းကြောင့် ငွေရောင်ပျော်ဝင်နေတဲ့ မနက်ခင်းဟာ
(အသံအေးခဲ) တေးမြုံငှက်များနေရာ
မိုးမခပင် အရွက်များအကြား
လဲကျလို့သွားပေါ့
အရာဝတ္တုတိုင်းဟာ
အေးစက်မှုမှာ လောင်ကျွမ်း
ငြီးငွေ့ ဖွယ်ရာ တွန့်လိမ်
မြူထဲမှာ ဆိတ်ငြိမ်နေရဲ့ ..။
သစ္စာနီ
Posted by ညိမ်းညို at 01:06 0 comments
Labels: ကြိုက်သောကဗျာများ
ဇာတ်ပျက်
ဘယ်အတိမ်း
ညာယိမ်းဖို့ခက် ။
ညာအတိမ်း
ဘယ်ယိမ်းဖို့ခက် ။
မတိမ်းတတ်
မထိန်းတတ်တဲ့ကျွန်တော်
ယိမ်းဇာတ်နဲ့လွဲချော်ပြီး
ပွဲတော်ထဲက ထွက်ခဲ့တယ် ။
မောင်လှမျိုး(ချင်းချောင်းခြံ)
Posted by ညိမ်းညို at 00:44 0 comments
Labels: ကြိုက်သောကဗျာများ
နွားကျောင်းသား
တစ်မျှော်တစ်ခေါ်
ကွင်းပြင်ကြီးထဲ
ရွှင်မြူးဖွယ်နေ့တစ်နေ့ကို
အော်ခေါ်ကြည့်မိတာ
ခလောက်သံ ပြန်မကြားရဘူး
သီချင်းမသီဖြစ်ပါ
အရွက်မဲ့ သစ်ပင်အောက်မှာ
အိပ်မက်တွေ လွှတ်ကျောင်းထားပေမဲ့
မိုးမကျသေးတာမို့ ။
အိုအောင်
Posted by ညိမ်းညို at 00:32 0 comments
Labels: ကြိုက်သောကဗျာများ
မြစ်ကျိုးအင်း
ပင်လယ်ဆီမသွားတော့ဘူး
ဟောဒီမှာ
ကိုယ်ရပ်နားခဲ့တဲ့ချိုင့်ဝှမ်းလေးကိုခင်တွယ်လို့
ရင်ဘတ်ထဲကရင်ခုန်သံရယ်
ရေကြည်မြက်နုရာရှင်သန်မှု
ကိုယ်ပြုစုရမယ့်ပတ်ဝန်းကျင်မှာ
တန်ဖိုးတစ်ခုတင်ကျန်ခဲ့ရင်ပဲကျေနပ်လှပြီ…။
မေးခွန်းများစွာကိုဖြေကြားဖို့မလိုတော့ဘူး
ထုံအချင်ယောင်ဆောင်လိုက်တော့မယ်
ကိုယ်ကိုယ်တိုင်မမျော်လင့်တော့တဲ့
လှိုင်းတံပိုးတွေအတွက်
မာနတက်နေဖို့မလိုတော့….။
မိုးလှိုင်ည
Posted by ညိမ်းညို at 00:24 0 comments
Labels: ကြိုက်သောကဗျာများ
အလွမ်းများရဲ့ အိတ်ဖွင့်ပေးစာ
မြူခိုးတွေဝေနေတဲ့မနက်မှာ ကံ့ကော်တွေကသူရဲ့ ရနံ့တွေနဲ့
နွေဦးကိုပစ်ပေါက်လိုက်တယ်…..။
ဖြည်းညင်းစွာတိုက်ခတ်လာတဲ့လေပြည်တွေရဲ့နောက်မှာတော့
ရွက်ဝါတွေလှုပ်လီလှုပ်လဲ့ပေါ့…..။
အဲဒီလိုနဲ့မကံ့ကော်ကိုသတိရခြင်းတွေသီးပွင့်လာခဲ့ပြန်ပြီ…..။
ဘယ်လိုမှသီးပွင့်ခွင့်မရခဲ့တဲ့ မကံ့ကော်နဲ့ကျွန်တော်တို့ချစ်ခြင်းကို
လွန်ခဲ့တဲ့အတိတ်တစ်ခုမှာ ကျွန်တော်တို့အတူစိုက်ပျိုးခဲ့ကြဖူးတယ်..။
ရှင်သန်လှုပ်ရှားခဲ့ဖူးတဲ့ရင်ခုန်သံကိုယ်စီနဲ့ ကျွန်တော်တို့မျက်ဝန်းတွေက
အဓိပ္ပါယ်ပြည့်စုံခဲ့တာပဲ...မကံ့ကော်။
ဘ၀ကိုဘ၀နဲ့ရင်းဝယ်ဖို့ကျွန်တော်တို့တွေလက်တွန့်ခဲ့ကြလို့
ခံစားချက်ဘေးဖယ်ပြီးလူသားပြီတဲ့ဝါဒလိုက်လျောညီထွေနေတတ်ကြတာပဲ
ဘယ်တော့မှပြန်မရနိုင်တော့မှသာ သတိရခြင်းသေတ္ပ္တာကိုမကြာခဏထုတ်
ဖွင့်ကြည့်တတ်ကြပေါ့…..။မသင်ပဲတတ်ခဲ့ရတဲ့ အသက်မကချစ်ခြင်းဆိုရင်မမြင်ပဲ
သိခဲ့ရတဲ့အသိကအလွမ်းတွေပဲရှိမှာပါ မကံ့ကော်……..။နွေဦးကတော့ဖိတ်စာမပါပဲ
ရောက်ရှိလာပြန်ပြီ…..ကျွန်တော်ကဘယ်လိုများနှင်ထုတ်ငြင်းဆန်ရက်မှာလဲ
ကျွန်တော့်ရင်ထဲမှာလည်း နှလုံးသားကိုထမ်းပိုးထားခဲ့ရတယ်လေ…..။
ရှင်သန်ခဲ့တဲ့ရာစုနှစ်တွေကဆင်ခြင်မှုတွေနဲ့အဆိပ်သင့်ခဲ့ရတယ်…..မကံ့ကော်
ဘယ်သူ့မှာတာဝန်ရှိမှန်းမသိပေမဲ့
ကျွန်တော်တို့ဆီမှာတော့အိပ်မက်တွေမရှိတော့ဘူး။
တကယ်တော့မကံ့ကော်ရယ် ချစ်ခြင်းဆိုတာကြယ်တံခွန်လိုပါပဲ……..ခဏလေးမြင်တွေ့ရဖို့နှစ်ပေါင်းများစွာစောင့်စားခဲ့ရပြီး…….
ကိုယ်ဆီကကျော်ဖြတ်သွားတဲ့အခါ ဘယ်တော့မှပြန်မရနိုင်ဘူးဆိုတာ
သေချာနေခဲ့ပြန်ပြီ…..ကျွန်တော့်ရင်ထဲမှာတော့အလွမ်းနဲ့ရင့်မှည့်ခဲ့တဲ့
နှလုံးသားဆိုတဲ့သစ်သီးတစ်လုံး မကံ့ကော်စာသုံးဖို့အတွက်တဲ့
ချိုမချိုဆိုတာကြိုတင်မပြောပြနိုင်ပေမယ့် မကံ့ကော်အတွက်
သီးသန့်ဖြစ်ကြောင်းကိုတော့ ကျွန်တော့်ဘ၀တစ်ခုလုံးကို
လောင်းကြေးထားဖို့အသင့်ပါ…….။ဇုံခွဲခြမ်းပြီးကတည်းက
ကျွန်တော့်ကိုယ်တစ်ခြမ်းဟာမကံ့ကော်ဖြစ်လာတာပါ
မကံ့ကော်ရင်ထဲကိုပြန်မေးကြည့်ပါ...
နှလုံးသားထဲမှာကျွန်တော်အမည်ရှိနေလိမ့်မယ်…။
ဒါဆိုရင်သေချာသွားပြီ
အချစ်ဆိုတာထောင်ချောက်တစ်ခုသာမဟုတ်ပါစေနဲ့
ကျွန်တော်ဆီမှာနွေဦးနဲ့အတူလွမ်းနေခွင့်တွေရှိသေးတယ်………….
မိုးလှိုင်ည
Posted by ညိမ်းညို at 00:07 0 comments
Labels: ကြိုက်သောကဗျာများ
ယေဘုယျဝိညာဉ်
င့ါကိုတော့ ခွင့်တောင်းသင့်ပါတယ်
ငါ့နှာခေါင်းပေါ်တက်ပြီး
ဘယ်သူလာ အသက်ရှုနေတာလဲ ..
မင်းကသာ
ဟိုဘက်က အပ်နဲ့ မမှုတ်ဘူးဆိုရင်
မင်းလက်ထဲကပြောင်းကို
ဒီဘက်က ငါချောင်းကြည့်ရဲမှာပါ .. ။
ငါက ..တွေ့နေကျ၊ မြင်နေကျ၊
ရိုးရိုးလူမျိုးပေါ့
ပန်းနဲ့ပဲဖြစ်ဖြစ်၊ ကောက်ရိုးနဲ့ပဲဖြစ်ဖြစ်
အရမ်းလာပစ်ပေါက်ရင်တော့
ကြောက်တတ်တဲ့ ကောင်မျိုးလေ ..။
ဆောင်းတစ်ခုမှာ
ပါဝင်ခဲ့ဖူးတဲ့ နှင်းတစ်စက်လို
စာရင်းလည်းမရှိ၊ နံပါတ်လည်းမသိ
ဘယ်အထိမှလည်း မကြီးကျယ်ပါဘူးကွယ် .. ။
ငါက ... သာမညလူ .. ။
ငါက ... ယေဘုယျလူ ..။
ဆပ်ပြာပူဖောင်းလို
အရေခွံတစ်ထပ် ခွာလိုက်ရင်ပဲ
အထဲမှာ ဘာမှကျန်မှာ မဟုတ်တဲ့လူ ... ။
ဘယ်သူကမှ မသိဘူး ဆိုရင်တောင်
ငါ့ကိုယ်ငါတော့ သိတာပေါ့
သိပ်ကို သိတာပေါ့ကွယ် .. ။
(ဒီဇင်ဘာ + ဇန္န၀ါရီ ၁၉၉၇+၉၈)
တာရာမင်းဝေ
Posted by ညိမ်းညို at 00:03 0 comments
Labels: ကြိုက်သောကဗျာများ
11 August 2007
ကာလနဂါး
အရေးတကြီး နိုးထစရာမလိုဘူးဆိုရင်
ငါ ဆက်ပြီး အိပ်နေချင်လို့ပါ ..။
“ဘ၀..” ဆိုတာနဲ့ ဘာလို့ “ရှင်သန်ခြင်း..”လို့
အဓိပ္ပါယ်ဖွင့်ဆိုရတာလဲ
ငါကတော့ အိပ်နေရတာကိုပဲ .. ကြိုက်တယ်၊
ရုပ်ရှင်ထဲက ဇာတ်လိုက်လောက်တော့
ငါလည်း တောက်လျှောက်ကြီး မကောင်းနိုင်ဘူးပေါ့..
သံပတ် ခပ်လျော့လျော့နဲ့ပဲ နေတတ်တယ်။
လေ့ကျင့်ခန်း မှန်မှန်လုပ်မှ
ပထမ ရမယ်ဆိုရင်
ငါ ရှင်ဘုရင်တောင် မဖြစ်ချင်ဘူး ၊
ကျေးဇူးပြုပြီး .. ငါ့ကို
“စောက်ရူး..” လို့ ခေါ်ပါ ။
မမြင်ချင်တာတွေ အားလုံးအတွက်
မျက်စိသေးသေးလေးနှစ်လုံးကို ပိတ်ထားလိုက်ရုံပါပဲ
ဟော .. ငါ ဘယ်လောက်လိမ္မာတဲ့ ကောင်လဲကွယ် .. ၊
ဟောဒီ .. စောက်ရူးမှာ
ယဉ်ကျေးမှု ထွန်းကားပါတယ် ။
ငါ့ဆီ ဂုဏ်ပြုဖိတ်စာ ပို့ဖို့မလို
ငါ့လိပ်စာကို ငါမသိ
ငါ့ အုတ်ဂူကိုလည်း မင်းတို့
အလေးပြုဖို့ အကြောင်းမရှိပေဘူး ။
အို ... မိတ်ဆွေတို့
နိုင်ငံကြီးသားအပေါင်းတို့ ..
သွေးနဲ့ကိုယ် သားနဲ့ကိုယ်
မှားယွင်းကြ၊
ပက်လက်မျောဖို့အတွက်
တံတွေးခွက်ကြီးကြီးလိုက်ရှာကြ၊
ငါကတော့ စောင်ထူထူကို ခေါင်းမြီးခြုံ
ကိုယ့် ကိုယ်ကျင့် .. ကိုယ်
စိတ်လုံလုံနဲ့ အိပ်တယ်။
နိုင်ငံကျော်တွေအားလုံးကို .. သနားတယ်၊
မင်းတို့ ငါ့လောက်
ဘယ်သူမှ အိပ်ရေးမ၀ခဲ့ကြပါဘူး ။
မင်းခိုက်စိုးစန်
Posted by ညိမ်းညို at 21:19 0 comments
Labels: ကြိုက်သောကဗျာများ
အလွမ်းပေ ၃၈၀၀
ဆောင်းနှင်းစိုစို
တောင်ယာလမ်းကလေးဟာ လက်ဖက်နံ့သင်းသင်း
သတိရခြင်းကို
မီးအိမ်လို လင်းမိတယ်။
ပင်လယ်ရေမြက်နှာပြင်ထက် ၃၈၀၀
အလွမ်းဟာ တသုန်သုန်တဖြူးဖြူး
ဝေ့ခနဲကျလာတဲ့ သစ်ရွက်လေးမှာ
ကောင်းကင်၊ တိမ်တောင်နဲ့ နှင်းငွေ့
မိုးကုတ်မြို့ ဟာ
သူ့ကိုမမေ့နိုင်အောင် အားကူလို့ ။
နွယ်ကလေးတစ်ပင်
သံယောဇဉ်ဟာ ပတ္တမြားလို လင်းတမြမြ
မြေနီလမ်းကလေး အဆုံးဆီငေးမိတော့
ရယ်သံလွင်လွင်လေး ထွက်ကျလာ
ကော်ဖီပင်တွေမျက်ဝန်းမှာ နှင်းစက်ဝေ့ခဲ့ ။
တောင်နဲ့တောငွေ့
တမြန်နေ့က အတူဖူးခဲ့တဲ့ဘုရား
ကျွန်တော့်စိတ်ရထားဟာ
မန္တလေးကို ခုတ်မောင်းနေပေါ့ ။
မောင်နိုင်လင်း(ကောလင်း)
Posted by ညိမ်းညို at 21:09 0 comments
Labels: ကြိုက်သောကဗျာများ
လယ်သူမ
ကျွန်တော့် တောင်ကုန်း ကလေးပါ
အလင်းတွေနဲ့
ခပ်မို့မို့ တည်ဆောက်ထားတယ်။
နေ့ရက်တွေကြာ
နွေအပြာတွေ ပွင့်ပွင့်သွား။
ဖြတ်သန်းပြီးသား တိမ်တွေ
တစ်အုပ်ပြီး တစ်အုပ် ပြန်ကွေ့လာကြ။
... ... ...
ကျွန်တော် ပွေ့ပိုက်ခဲ့ရတယ်။
နောက်ဆုံးတော့လည်း
ဘာမှ မဟုတ်ခဲ့ပါဘူး။
ကိုယ့်ရင်ဘတ်ကိုယ် အကြမ်းကြုတ်ဆုံး ဆွဲဖွင့်ပြီး
နေပူကြဲကြဲတွေ သွန်ချ ပစ်ရတာက လွဲရင်ပေါ့။
သံယောဇဉ်ကိုမှ
ခုတ်ထွင်ရှင်းလင်းတတ်တဲ့ လယ်သူမရယ်
အခုတောင် လွမ်းတယ်။
တာရာမင်းဝေ
Posted by ညိမ်းညို at 20:02 0 comments
Labels: ကြိုက်သောကဗျာများ
ကြယ်တံခွန်
ဂုဏ်သရေရှိ နေ့လယ်ခင်းရဲ့
လေ့ကျင့်ခန်းစာအုပ်ဟာ
ကျွန်တော်တို့ ရပ်ကွက်ကလေးဖြစ်ပါတယ်။
ကြာတွေပွင့်လိုက်ကြတာ
ကျွန်တော်တို့က မဖူးငုံသေး။
ဥတုသုံးပါးကို ဖြတ်သန်းလာတဲ့အခါ
ကာရာအိုကေ၊ လက်ဖက်ရည်ဆိုင်နဲ့
ညဈေးတန်းလေးစည်ကားခဲ့။
စွန့်စားရှာဖွေသူတို့ရဲ့လမ်း
တခါတရံ ညဥ့်နက်တတ်ကြောင်းများ
ကိုယ်တိုင်မသိခင်အထိ
အိမ်ပြန်နောက်ကျခဲ့မိပေါ့။
ဝိုင်ချို
Posted by ညိမ်းညို at 19:27 0 comments
Labels: ကြိုက်သောကဗျာများ
မိဝေးဖဝေး
လှောင်အိမ်ထဲက ငှက်ကလေး
အပြင်ထွက်ပျံပြေးဖို့ ခက်သလို
အိမ်ပြန်လာဖို့ခက်တယ် မေမေ
ဖုန်ခိုးနဲ့မြူငွေ့ တွေ ပိကျနေတဲ့ တောတန်းလေး
မီးခိုးနံ့သင်းပျံ့နေတဲ့ လေပြေလေး
ဟိုး ..အဝေးက တောင်တန်းပြာပြာလေး
ပြီးတော့ ဟောဒီမျက်ရည်မြစ်ထဲမှာ
ဖေဖေနဲ့ ညီလေးညီမလေးများ..
သားငယ်ကလေးကရော ဖေဖေ ခဏပြန်လာနော် ဆိုပြီး
ရှုံ့ မဲ့ငိုကြွေး ရှိုက်ငင်နေလေသလား
ချစ်ဇနီးခမျာ မျက်ရည်ရစ်ဝဲ သီလေသလား
ငါ့မှာသာ အတောင်ရှိရက် ဆန့်ထုတ်ခက်ခဲ့လေတယ်
အစာရှာရင်း ထောင်ချောက်ထဲ ဆင်းခဲ့ရတဲ့ ငှက်ကလေးမှာတော့
မိသားစုနဲ့ တကွဲတပြား
အဝေးကိုငေးရင်း မျက်ရည်များလိမ့်ကျလာ
သူ့ရင်ကွဲနာဟာ လှောင်ချိုင့်ထဲမှာ ထိန်ထိန်သာတော့တယ် ။
တီကျူး
Posted by ညိမ်းညို at 19:24 0 comments
Labels: ကြိုက်သောကဗျာများ
စစ်
ကောင်လေးက
အုန်းလက်နွားလေး စီးလို့
အမေပျောက်ကို ရှာတယ်
ကောင်မလေးက
ကျောက်တုံး ပြက္ခဒိန်လေးဆောက်ပြီး
အဖေ့ ..
လာလမ်းကို မျှော်လို့ ။
သူရနီ
Posted by ညိမ်းညို at 19:18 0 comments
Labels: ကြိုက်သောကဗျာများ
မီးတောက်ရစ်သမ်
(၁)
အခုလို …
လှပအေးစက်နေတဲ့ညမှာပဲ
ငါ … ပျိုးထားတဲ့ မြနှင်းဆီဟာ …
ကြယ်တစ်ရာ ခြံရံပြီး ကြွေကျသွားခဲ့တယ်။
တိမ်လွှာမျဉ်းကောက်တွေကလည်း
ချစ်သူတစ်ယောက်ရဲ့ မီးအိပ်မက်မှာ
ရွှေမျက်ရည်တွေ စိုလက်လာပြီလို့
မှိုင်းညို့နေတဲ့ ကောင်းကင်ကြီးကို
တီးတိုးပြောကြားလိုက်တယ်။
“ချစ်ခြင်းမေတ္တာဟာ”… ဟာ
မှော်ဆရာတစ်ယောက်ရဲ့နိဂုံးလို
နောက်ဆုံးမှာ …မီးခိုးလုံးများ ဖြစ်သွားရော့မလား…လို့
နှုတ်ခမ်းကိုက်ပြီး…ငါစဉ်းစားဖူးတယ်။
လူငယ်တစ်ယောက်ကို ပြုစားဖို့
ိ့ဘယ်နတ်ဘုရားထံ
နင့်လက်တွေ ဖြန့်ကာ တောင်းခံခဲ့သလဲ …
ငါ့ရာဇ၀င် ခပ်ကျဲကျဲကို
ငရဲမီးထဲ တွန်းချလိုက်ချင်တယ်။
သံယောဇဉ်…ဆိုတာ
အရောဝင်လို့မကောင်းတဲ့ ခွေးကလေးပါပဲ …။
လောကဓံဦးတုန်းက …
အလွန်းအကြူး သောက်ခဲ့တဲ့ အရက်တစ်ခွက်
ခုမှ…စံပယ်ရွက်ပေါ်မူးလဲ…
အသည်းကွဲတယ်…ဆိုတာ
သီချင်းလေးတွေ တိုးတိုးညည်းရင်းက …
ထိရှခဲ့တဲ့…သွေးမဲ့ဒဏ်ရာ တစ်ချက်ပါ…
သိုးကျောင်းသားရဲ့ ခံနိုင်ရည်နဲ့
နတ်ဘီလူးတွေရဲ့ သတိရခြင်းမျိုးက
ငါ့ကို…ဆီးမိုးထားတယ်…။
စက်ရုပ်ကို ဒူးထောက်ကျစေတဲ့
နင့်ရဲ့…မျက်ဝန်းစိမ်းလဲ့မှာ…
ငါ…ဘယ်လိုမှ မေ့မရတဲ့
မဟာလကာင်္ တစ်ပိုင်းတစ်စ…ရှိနေလေရဲ့။
အဲဒီလိုနဲ့ပဲ
ငါ ပြန်လည် ချည်နှောင်ခဲ့ပါမယ်…
ချစ်သော..ဖဲကြိုးဝါကလေးရယ်…
(လက်နက်မပါဘဲ…
စစ်ဝင်္ကပါမှာ ငါ…မတိုက်ရဲဘူး…)
ညံ့တယ်လို့ပဲ…
လက်ညှိုးထိုးပြီး ပြောလိုက်ပါတော့…။
လျှပ်စစ်မျှင်တန်းလို…
ပူလင်းပြင်းထန်လွန်းတဲ့
သူရူးတစ်ယောက်ရဲ့ ပွေ့ဖက်မှုတွေထဲ…
ခု…ရထားတို့ ဥသြဆွဲလိုက်ကြပြီ…
“…ပြီးဆုံးသွားပါပြီ……
အားလုံး ပြီးဆုံးသွားပါပြီ…”တဲ့။
(၂)
အရှေ့လေတွေတိုက်တုန်းက
ခါးကုန်းနေတဲ့ ငါတို့ရဲ့ မြရာပင်အိုကြီးဟာ
တုန်ယင်ချည့်နဲ့စွာ ယိမ်းထိုးနေတော့တယ် …။
ကျောင်းတော်ရဲ့ စည်းအပြင်
နှောင်းရိပ်တွေ တစ်လွင်လွင်နဲ့
ထင်ယောင်ထင်မှား
လမ်းပေါ်မှာ ငါစဉ်းစားတာ…
နင့်အကြောင်း ခေါင်းစဉ်များစွာပါပဲ။
ထိပ်ထားရယ်...
အီဂျစ် ပြက္ခဒိန်ထဲက
မိုးတိမ်တွေ ရွာမယ့်နေ့
နင်နဲ့ငါ ပြန်လည်ဆုံတွေ့ ကြရင်
ဒီအကြောင်းတွေ ပြောပြချင်ပါသေးတယ်..။
ငါက ဆပ်ပြာပူဖောင်းကို ခိုစီးပြီး
မြင့်မိုရ်တောင်ကြီးနဲ့တိုက်မိမှာ
စိုးရိမ်ရှာသူ မဟုတ်ခဲ့…၊
ဒါပေမဲ့…
လေပွေလမ်းကြောင်းများမှ
တုန်ဝါးဖျော့အေး
“သစ္စာ”ကို ပဲ့တင်သံနဲ့ပဲ ပြန်ပေးနိုင်ခဲ့သူ…။
ငါ့ကိုသတ်…ငါ့ရင်ဘတ်ကို ထိုးခွဲဖောက်လှန်ကြည့်
ငါ့လက်သီးထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့
သုညတစ်လုံးပဲ ရှိလိမ့်မယ်…။
ဝိုင်ယာကြိုးတွေ
“ထောင်း”ခနဲ မီးပွင့်ပြတ်တောက်ပြီး
ရုတ်ချည်း မှောင်အတိကျသွားတဲ့
“အန္ဓ”တို့ရဲ့ အိမ်အိုမှာ…
တေလေပီသစွာ…ငါနေတယ်။
တိတ်ဆိတ်…ပြာလဲ့နေတဲ့ည…
ရေတွင်းထဲ ခေါင်းငုံပြီး…
“….”ကို ချစ်တယ်…လို့
ဘယ်ဆီဘယ်ဝယ်…ဟစ်အော် တမ်းတရတာ..
ဘာကြောင့်ပါလဲ…။
“အုံ့ပုံးချစ်” သီချင်းကို
မဆိုချင်ဘဲ ဆိုရတာ
ရွှေရည်စိမ်ထားတဲ့ လက်ပစ်ဗုံးကို
ကိုက်မျိုရသလိုပါပဲ…လို့
အက်ကွဲနေတဲ့ မယ်ဒလင်ကြီးက…
ငါ့ကိုပြောပြတယ်။
အဲဒီလိုနဲ့…
မိုးကို ဆန့်မြှောက်ထားတဲ့
မမီနိုင်သော ကမ်းလက်တွေဟာ
ဟိုး…တုန်းကလိုပဲ
ငါ့ဆီမှာ…မြေမှုန်တွေ စွန်းထင်လျှက်ပါပဲလေ…။
(၃)
“လူဆိုတာ…
လင်းဝေစိမ်းမြတဲ့ ပန်းညများစွာထက်
သရဲခြောက်ရာ ညတစ်ညကို..ပိုသတိရတတ်တယ်”
ငါသေသွားခဲ့လို့ရှိရင်
ငါ့ရဲ့သင်္ချိုင်းဂူမှာ…
ကြက်ခြေခတ်တစ်ခုကိုသာ
မှတ်တိုင်အဖြစ် စိုက်ပေးထားပါ။
တကယ်တော့…အဲဒါဟာ
ငါသိသမျှ လောကဓမ္မကို
အကြွင်းမဲ့ ဖော်ပြသွားခြင်းပဲ ဖြစ်လိမ့်မယ်။
ဟိုးငယ်ငယ်…ကျောင်းမပြေးတတ်ခင်တုန်းက
ခရေပွင့်ပြထားတဲ့ သင်္ချာတစ်ပုဒ်
ငါ့အပေါ် ခုန်အုပ်ပြီး
မင်နီတွေ ရဲခနဲ သုတ်သွားဖူးတယ်။
ငါ…သတ္တိကောင်းကင်မှာ..နီလွင်ထစ်ချုန်း
တစ်…နှစ်…သုံး
အနက်ရှိုင်းဆုံး ထိုးကျပစ်လိုက်တယ်။
ထူးလှတယ်တော့လည်း မဟုတ်ပါဘူးလေ…
ကြောက်မက်ဖွယ်ရာ လူတွေရဲ့
မဟာဘုတ် ဗေဒင်ထဲမှာမှ
ငါကလည်း “အဓိပတိဘွား” ဖြစ်ချင်ခဲ့တာကိုး။
အိမ်အပြန် ညများစွာမှာ…
ဘယ်သူမှ မပြောချင်တဲ့စကားတွေ ပွေ့ ပိုက်
ကိုယ့်ကိုယ်ကိုယ် “လူမိုက်”လို့ ပြန်ခေါ်ခဲ့ရတယ်။
၁၉၉၃…၁၉၉၄…
ငါ့ကဗျာလေးတွေ ဆွေးမြေ့ကြေကွဲ
လမ်းဘေးအုတ်ခုံပေါ် လဲကျနေတယ်…။
နှင်းမြားတစ်လက်ရဲ့ အဆိပ်နဲ့
နိမိတ်မကောင်းတဲ့ပုံပြင်
မမြင်ဘူးသော နေ့များ…ညများ
ပိတောက်ပိုင်းဖျားမှာ…၀ပ်တွားစုရုံး
ငါ့ကို…ချည်ထုံးခဲ့တာ…
(ခု…အချိန်တိုင်အောင်…)
အလင်းစိမ်းတန်းတွေ ရစ်ဖွာလို့ကွယ်။
(၄)
မြို့ ပြင်လမ်းကွေ့ က
တွေ့ ခဲ့ဖူးတဲ့ ဂျစ်ပဆီတွေလို
ဖြစ်ခဲ့သမျှကို
ရယ်ကာမောကာ ပြန်ပြောနိုင်တဲ့ အကျင့်လေး
သွေးအေးအေးနဲ့ ကြိုးစားမွေးနိုင်ခဲ့ပြီ။
ဘာပဲဖြစ်ဖြစ်
ကျောက်ခေတ်၊ကြေးခေတ်
နျူကလီးယား ကင်ဆာ၊ အနာဂတ်ခေတ်
အားလုံးအတွက်
သေချာတဲ့ ငါ့…ကြေညာချက်ကတော့
နင့်ကို ထာဝရ ချစ်နေမယ်ဆိုတာပါပဲ…။
ထိပ်ထားရယ်…
ဖြစ်နိုင်မယ်ဆိုရင်…
ဂန္ထ၀င် ပန်းပုရပုဒ်မှာ…
နန်းသုံးအက္ခရာနဲ့ ခြယ်မှုန်း
နင့်နာမည်လေး စာသုံးလုံးကို
စီရီသီကုံးပေးချင်တယ်…။
နင့်အပေါ်ထားတဲ့ ငါ့ရဲ့ချစ်ခြင်းမေတ္တာဟာ
မိုးပေါ်ကိုဦးမော့ပြီး
ဝင်းပစွာ လင်းမြတုန်ခါနေတဲ့
ရွှေဝါရောင် မီးတောက်မီးလျှံလိုပါပဲ…။
ကျောင်းရှေ့က စံပယ်ရုံမှာ
ဗီးနပ်စ်ရဲ့ နက္ခတ်တို့ တလက်လက် ပြာဝေမှုန်သင်း
ကျောင်းခန်းတွင်းမှာ…
လမင်းကလေး သာခဲ့ဖူးတယ်… …။
ချစ်သော ကျောင်းသွားဖော်ရဲ့
ပန်းရုပ်လွှာကို မျှော်တွေးရင်း
ဆွေးလျညှိုးခွေ ဖြေမပြေသူလေး အတ္ထုပ္ပတ္တိ
မြရာပင်ကြီး သိပါတယ်။
ကမ္ဘာဦးလူတို့လည်း (ဂူနံရံမှာ)
ငယ်ကျွမ်းမျက်နှာေ၀၀ါး
ပညာရှင်ကြီးများရယ်…
ပါဠိစာလုံးတွေနဲ့
ငါ့အပေါ် မဆုံးဖြတ်ပါနဲ့ဦး…။
“ချစ်သူကိုတောင်
ချစ်တယ်လို့ မပြောရဲတဲ့ကောင်…
ရာစုတစ်ထောင်နေရစ်ခဲ့…
ထိုသို့ဖြင့် စကားမဲ့စေသတည်း”
မြရာပင်ကြီးရဲ့
ညည်းတွားသဲ့သဲ့ သန်းခေါင်ယံ
ငှက်ဆိုးအုပ်နဲ့အတူ
ရုတ်တရက်လန့်ပျံသွားတယ်…။
ချို့တဲ့သော ကျောင်းသားဘဝ
ဆန္ဒရဲ့ မပြေလည်မှု
အနီရောင်မှတ်တမ်းတစ်ခုနဲ့ ချစ်သူအတွက် ပန်သစ္စာ
သြော်…ငါ့ကိုလေ…
နားလည်ပါ…နားလည်ပါ…
နားလည်စမ်းပါ…။
(၅)
အဲ့ဒီနေ့ရက်တွေမှာ
မာရ်နတ်ရဲ့ ဘယ်ဘက်လက်က
အနက်ရောင် ကျမ်းချပ်တစ်ပိုဒ်ဟာ
ငါ့ကို စီးနင်းတိုက်ခိုက်ဖို့
မြင်းကကြိုးတို့ကို ပြင်လို့“သ”လို့နေခဲ့ပေါ့။
ဘာပဲပြောပြော
ရွှေနဲ့စက်ဝယ်လို့ မရတဲ့
နောက်ဆုံးကလူရဲ့ အတွေ့အကြုံမှာ…
သံမှုန်တွေ ကပ်ပါနေရဲ့
ငါ…ဘာကိုမှ မကြောက်ခဲ့ဘူး။
ဟောဒီလောက တောက်လျှောက်
“ကျောက်သင်ပုန်းပေါ်က သုညနဲ့စာရင်
ဗလာစာအုပ်ပေါ်က သုညကမြတ်တယ်”တဲ့
အဲဒီအော်သံကို ငါရယ်နေခဲ့တယ်။
“မင်းကကော…ဘာလဲ” လို့
အနန္တတွေက ၀ိုင်းမေးတော့
၁…၂…၃…၄…၅…
ငါ…အကုန်စဉ်းစားတယ်
၆…၇…၈…၉…၀…
တစ်ခုမှမဟုတ်ဘူး
ငါ့အတွက် ဂဏန်းမရှိဘူး …။
သွေးနဲ့ယက်တဲ့ ကတ္တီပါစလို
နီလွရှင်းတောက်
ကြောက်ခမန်းလိလိ လှပတဲ့
နှလုံးသားက ဂီတသံစဉ်
နှင်းဆီဝိညာဉ်မှာ တင်တဲ့ကမ္ဗည်း
လကွယ်ညရောက်တိုင်း…ငါ
ဂစ်တာတီးနေမယ်…။
ကျဆုံးတော့မဲ့ စစ်သူရဲအိုက
ငယ်ဘ၀က ဓားနဲ့ချစ်သူကို
ပြင်းရှစွာ သတိရလိုက်သလိုမျိုး
နင့်ကို ငါသတိရနေတယ်။
ထိပ်ထားရေ…
ထိပ်ထားရေ…
ထိပ်ထားရေ…
သစ်ခုတ်သမားတွေ မရှိတဲ့တိုင်းပြည်မှာ
ငါ…လယ်သမား ဖြစ်ချင်တယ် …
နင်…ဘုရင်မ…လာမလုပ်ရဘူးနော်။
တော်တော်ကြာ…
တံစဉ်တစ်လက်ရဲ့ ကျင့်ဝတ်မှာ
သန်လျက်အတွက် ပန်းခူးပေးခွင့် မပါလို့…
ရွာဇနပုဒ်နဲ့ မိုးရေထဲ
ငါ…တစ်ယောက်တည်း
မျက်ရည်ဝဲနေရပါဦးမယ်…။
ငါကလည်း ခက်တယ်…
ကဗျာတစ်ပုဒ်နဲ့
နေမ၀င် အင်ပါယာ
ဘယ်ဟာယူမလဲလို့ မေးလာရင်
ဒုတိယအရာကို ငါ…ငြင်းတယ်…။
အဲဒီလိုနဲ့ပဲ
မှောက်ထားတဲ့
ငါ့ရဲ့ ကံကော်ရွက် ဖဲချပ်ကလေးတွေ
လောကကြီးကို အမျှဝေရင်း
ကာလများစွာ…ကြာပြီကောလေ…။
(၆)
တောင်ညိုမှာ ပျိုးတဲ့မိုးတွေ
နင့်မျက်နှာလုံးကို တိုးသက်တဲ့အခါ
တောင်ပင်လယ်က ဗေဒါတွေဟာ
ဆောက်တည်ရာမရ ဖြစ်ကုန်ကြတယ်။
ဟေး … ငါပြောမယ် ……
… အက်ဆစ်တိမ်ခိုး…တို့
မုတ်သုန်ကို နှိုးပါ
ဒီလူဆိုးအတွက်လည်း
မိုးကြမ်းတို့ တစ်စက်စက်ရွာပါ…။
“မထိုက်တန်သူဆိုတာ
လွင့်မျောရမှာပါပဲ…”
ခွဲခွာခြင်းဟာ …
ခရမ်းပြာကျည်ဖူးကို
အဆိပ်ချိုတွေ လိမ်းသုတ်
နှလုံးသား တည့်တည့်ဆီ
ချိန်ရွယ် မောင်းဖြုတ်လိုက်တယ် …။
သက်ပြင်းဝေေ၀
ခရေတို့ နှင်းစက်ဖားလျား
မျက်ရည်ကိုစားတဲ့
ချောက်ချားဖွယ် စကားမဲ့ည
ငါဟာ … ထက်ပိုင်းချိုးခံရတဲ့
တစ်ခြမ်းပဲ့ “လ”ပဲ ဖြစ်တယ်။
အိပ်မက်ထဲက ကမ္ဘာစစ်လို
အရိုးပြိုင်းပြိုင်းညနေအိုက…
မြေကိုရှိခိုး …
မြူခိုးတို့ ပျောင်းအိညွတ်တွဲ
လူငယ်ဘ၀ရဲ့
ညရိပ်တို့ မှုန်ေ၀၀မ်းနည်းခဲ့ရတယ်။
အခင်ဆုံး မဖြစ်ခဲ့ပေမဲ့
အခင်ဆုံးတွေအကြောင်း ပြောတိုင်း
သတိရမိနေကျ သူငယ်ချင်းတစ်ယောက်ဆီ
ငါ…မရောက်ရောက်အောင် သွားမယ်…။
ပြီးတော့…
ခရိုးခရိုင်…လက်ဖက်ရည်ဆိုင်လေးမှာ
ကဗျာအကြောင်း စာအကြောင်းတွေပြောရင်း
ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဖန်ဆင်းပစ်မယ်..ကွယ်။
အရက်သမားက
သူတစ်ပါးကို လွမ်းဆွတ်တာ
ရယ်စရာ မဟုတ်ပါဘူး
တစ်ရံတစ်ခါရဲ့
ပြန်မလာတဲ့သူတို့
သိကြဖို့ကောင်းတယ်…။
လေညင်းကလေးရေ…
ငါ ချစ်မြတ်ရတဲ့ ကမ္ဘာရဲ့ထိပ်ထားကို
သူ့ဆံနွယ်ခက်လေးတွေ
ဖွားခနဲ လွင့်ဝဲသွားရုံ
တစ်ချက်လောက် အုံ့သည်း တိုက်ခတ်ပေးပါ…။
လေစီးထဲမှာ
ဖွာကြဲလှပနေရှာမဲ့
သူ့ရဲ့ကေသာဆံမြကို
အဝေးကနေ…ရှိုက်မွှေး လွမ်းဆွတ်ပါရစေဦး နော်…။
(၇)
အထီးကျန်တောင်ကို အုပ်စိုးဖို့
နတ်ပြည်က ရွာချတဲ့
ငါ့အတွက်…အညတရမိုး…ရေ
နေပါစေတော့ …။
အဲဒီညဟာ
တစ်ခြမ်းပဲ့ “လ”က
အသက်ပေးပြီး ကာကွယ်ခဲ့ရတဲ့
အလံမမီ “ည”…ဖြစ်တယ်။
မြက်ရိုင်းက…
မိုးကုပ်စက်ဝိုင်းကို နမ်းမရသလိုမျိုး
နေနဲ့လက…
တစ်ယောက်ကိုတစ်ယောက် မပိုင်ဆိုင်နိုင်ကြသလိုမျိုး
ရိုးသားစွာ…တို့ဝေးလိုက်ကြပါစို့ ။
ချစ်သူကို မြတ်နိုးရုံနဲ့
အရာရာကို လက်ဖြန့် မိုးစောင့်ရှောက်ချင်တဲ့လူငယ်
ခု …ချွင်းချက်နဲ့ လက်နက်ချလိုက်ပါတယ် …။
တေလေဘ၀ရဲ့
ပထမဆုရ အမှားတွေကို
လွယ်အိတ်ညိုထဲ ထည့်ပြီး
မီးအိမ်လက်ဆွဲ…
ရာဇ၀င်ထဲမှာ ခရီးဆက်ရဦးမယ်။
ထိပ်ထားရေ …
ကချေသည်တို့ရဲ့ တေးတွေနဲ့
ငြိမ်အေးပျော်ရွင် ထာဝစဉ် ချမ်းမြေ့စေသား …
ကောင်းသော မိုးသောက်ချိန်၌လည်း
ငြိမ်သက်တည်ကြည်စေ…
ငါ … ဆုတောင်းပေးနေမယ်…။
ပန်းခူးရင်း
သူငယ်ချင်းတွေနဲ့နေရင်း …
စကားပြောရင်း …
သီချင်းလေးတွေဆိုရင်း …
မင်း …ငါ့ကို မေ့သွားမှာပါ …။
ခုတော့…သွားတော့နော်
ငါ ချစ်မြတ်ရတဲ့ နေရောင်ခြည်တွေနဲ့ မိန်းမပျိုကို
“ဘ၀” ဆိုတဲ့ မာယာနိုင်ငံအိုက …
စောင့်ကြိုလို့ နေရော့မယ် …
သာမည လမ်းခွဲမှာ …
ဝမ်းမနည်းသလို ငါတို့နှုတ်ဆက်
မနက်ဖြန်ခါမှာ … အောင်မြင်ပါစေ
မနက်ဖြန်ခါမှာ … အောင်မြင်ပါစေ
မနက်ဖြန်ခါတိုင်းမှာ … အောင်မြင်ပါစေ …
ထိပ်ထားရေ။
တာရာမင်းဝေ
Posted by ညိမ်းညို at 18:13 2 comments
Labels: ကြိုက်သောကဗျာရှည်များ
သစ္စာတရားအတွက် မီးအိမ်တစ်လုံးနှင့်
၁။
အရှင်...
သင်၏ခေါ်ရာ
ထပ်ချပ်...ငါ...လိုက်ပါမည်။
ကြယ်တစ်ပွင့်ကိုဆွဲယူ
ငါ့ကို...ထူပါ။
ဟိုးမှာ...
သေအံ့မူးမူးလူက
မြေပြင်ပေါ်ကသူ့အရိပ်ကို
ကပျာကယာ အိတ်ထဲယူကောက်
လက်သည်းတွေတောင် ခွေခေါက်နေပြီ။
ဒီမှာ...
ဦးခေါင်းခွံထက်
ဆံဖြူတွေဝပ်တွားတက်နေတဲ့အဘိုးအို
တောင်ဝှေးကျိုးကိုရီဝေကြည့်ငေး
သူ...ဘာတွေ တွေးပြီနည်း။
စမ်းရေကိုငုံ့သောက်မှ
ကိုယ်မျက်နှာကိုယ်ပြန်မြင်ရသောလူများ
အခြားဘာကိုတွေ့ စွမ်းမလဲကွယ်။
အတ္တဆိုင်းဘုတ်ကို
လည်မျိုမှာသံငုတ်နဲ့ရိုက်
လမ်းမှာလိုက်သောခရီးသည်များ
သံသရာရထားကိုစောင့်နေသည်။
ဝါးတစ်ပင်ရိပ်မှာ
ခြင်္သေ့တို့ပင်အိပ်ဝံ့ပါသလား။
ဝါးတစ်ပင်ရိပ်၌
သူတော်စင်တို့ ပျှော်ပိုက်ခဲ့ကြပြီ။
အမှောင်ကနက်၏
ကြယ်ကလက်မည်
ဤခရီးဝေးသလား
ငါ...ရောက်အောင်သွားပါမည်လေ...။
၂။
နွေ...နွေ မိုး မိုး
တွင်းထဲမှာ နှင်းခဲတွေပုပ်သိုးနေရော့သလား။
ဆောင်းကိုပန်ပြီး
မြောက်ပြန်လေရောက်လာမှ
ပြာဝေမှိုင်းအုပ်
ဟော ... နှင်းတွေတစ်ဆုပ်ပြီးတစ်ဆုပ်။
သဲကန္တာရက
သဲတွေနဲ့ဖွဲ့စည်းပြသလို
မာယာလောက
မာယာတွေနဲ့ မှုံရီအုံချနေတယ်။
ကျောက်ဆစ်ရုပ်က
ခေါင်းညိတ်ပြရုံမဟုတ်
လက်ခုပ်တီးပြီး လက်အုပ်ချီပြတာ
ငါ တွေ့ခဲ့ဖူးပြီ။
သွေးစက်တွေနောက်မှာ
လက်သည်းနီစက်ရဲရဲတောက်ပြတာ
ငါ တွေ့ဖူးပြီ။
ကျွဲချိုမှုတ်ပြီး
ကျွဲအုပ်ကိုဖျော်ဖြေတာ
ပျော်စရာမှမဟုတ်ပဲကွယ်။
၁၂ကြိုးကသော
လောက၏ကဝေလက်ချောင်းများ
ငါ့အား...ဆွဲခေါ်
ငါ... မမွေ့ပျှော်တော့ပါပြီ အရှင်။
၃။
ငါသည်...တစ်ခါက ဖယောင်းတိုင်ကဲ့သို့ဖြစ်၏
ထို့ကြောင့်
မီးတောက်ကိုချစ်လေသည်။
မိုး၏အမြင့်ကိုမသိ...ဟု
ကိုယ့်ကိုယ်ကို အထင်ရှိ၏။
အမှန်ကား...
မြေ၏အနက်မှာပင်ေ၀၀ါးဆဲ။
စီးမျောရာတွင်
ဗေဒါကို ကုပ်ဖက်
အနက်ရောင် လှိုင်းခေါင်းများကြားမှာ
ဒေါသအမျက်ချောင်းချောင်းပွားလျက်။
ထိုသော... မနေ့ကငါသည်
ဝါကျင်ဟောင်းနွမ်း နေလုံးကိုထမ်း၍
တောင်စွယ်တန်းမှာ ၀င်ရောက်ပျောက်ကွယ်ခဲ့ပြီ။
ဤယနေ့ ... ငါ ... သည်
မီးခိုးကဲ့သို့ မိုးပေါ်ထိုးတက်
နှုတ်ဆက်ထွက်ခွါ
အားလုံးကို လွှတ်ချခဲ့ချင်ပါပြီ။
ငါသည် ငါ၏ဘုရင်ဖြစ်၍
ငါသည် ငါ၏ပြည်သူဖြစ်၏
ငါ့ကိုငါက အုပ်ချုပ်၍
ငါ့အလုပ်ကိုငါလုပ်ရပေတော့မည်။
၎။
ဥပုသ်သည် သီလကျိုးတော့
ဘုရားရှိခိုးရင်း ရှက်လေသည်။
ငါတို့သည်...လူသားများဖြစ်၏
လက်ဖ၀ါးမှာ
အမှားလက္ခဏာပါလေသည်။
ဟိုချိုး ... သည်ကွေ့
ချွတ်ယွင်းသော မောင်းတံဖြင့်ရွှေ့လျား
လမ်းလျှောက်နေသော သင်္ချိုင်းမှတ်တိုင်များဖြစ်၏။
အပ်ချည်နှင့်ပြန်ချုပ်ထားသော
စက်ရုပ်၏အစိတ်အပိုင်းများပမာ
တစ်ခါတစ်ခါ
မှီတွယ်ရာလည်း မဲ့တတ်သည်။
အို ... ``လူသားအားလုံးချမ်းမြေ့ပါစေသား´´
အားလုံးထဲမှာ
ငါသည်လည်း ပါဝင်ချမ်းမြေ့ပါစေသား။
သူတစ်ပါးကိုလည်းခွင့်လွှတ်
ကိုယ့်ကိုယ်ကိုလည်းခွင့်လွှတ်
အနာရွတ်မှန်သမျှ
ဆွဲချွတ်ဖယ်ရှားကြပါ။
နင်းလာသောခြေထောက်ကို
မြေမှုန့်သဲကျောက်တို့က
ခွင့်လွှတ်ကြသလိုမျိုး
ရိုးသားပြည့်ဝ
တစ်ယောက်ကိုတစ်ယောက် ခွင့်လွှတ်ကြပါ။
၅။
ထမင်းဝိုင်းမှာ
လျှာနှင့်ခပ်၍စားကြသူများ
သွားကြားထိုးတံစူးကြလေသည်။
စပါးစေ့(၁၀၀)နှင့်
သင်လုံလောက်ပါက
စပါးစေ့(၁၀၁)
နောက်လူအတွက် ဖြစ်ပါစေကွယ်။
ဆင်ဖြူတော်မှီပြီးတော့လည်း
ကြံမစုပ်ကြပါနှင့်၊
ကြံကျွေးပြီးတော့လည်း
ဆင်ကိုနှာမောင်းမဖြုတ်ကြပါနှင့်။
ညောင်ရွက်တွေနဲ့မိုးတဲ့
ရေအိုးစင်လေးပမာ
သာယာမြေ့ချမ်း
နေပူလမ်းမှာ တွဲခေါ်ကြပါ။
အမှန်စင်စစ်
ခေါင်းငုံ့ပေးလိုက်ခြင်းဟာ
ခေါင်းမော့ထားရခြင်းလောက်
ညောင်းညာလိမ့်မည်မဟုတ်ပါ။
ဝင်သက်နှင့်ယူခဲ့သမျှ
ထွက်သက်နှင့် ပြန်ပေးရမည်။
ဒါ ... ကမ္ဘာအစရဲ့
ပထမသီအိုရီပဲဖြစ်သည်။
ငါကတော့(ရမည်ဆိုပါလျှင်)
သေလွန်ပြီးခါမှ
အင်အားတစ်စပြန်ယူသုံး
ငါ့အခေါင်းကို ငါပဲဖုံးသွားချင်တော့၏။
၆။
ငြိမ်းချမ်းရေးအတွက်တော့
လင်းပွင့်မြင့်မြတ်ရဦးမည်။
ထို့အတွက်
ကိုယ့်ကိုယ်ကို တံမြက်စည်းလှဲပြီး
တဖွားဖွား ခြွေချပစ်ရမည်။
လက်သီးဆုပ်ခြင်း ... ဆိုတာ
တုန်ခါဖြူဖျော့ ထော့လန်ကွေးလုပ်
လက်ချောင်းတွေအချင်းချင်း ပြန်ဖမ်းချုပ်ကြခြင်းဖြစ်၏။
ကိုယ့်ကိုယ်ကို ဒိုင်းနဲ့ကာထားပြီးမှ
သူတစ်ပါးကို ဓါးဖြင့်ရွယ်ရဲလျှင်
သူရဲကောင်းဟု မခေါ်ချင်။
တစ်ခါက
ဤလက်တို့အလံလုခဲ့ကြ၏။
ထို ... ဆုတံဆိပ်
ယခု ဘယ်ဆီချိတ်မည်နည်း။
ငါ့ရိပ်မြုံကို
ရုပ်ပုံစာတမ်း
ဘာမှမကပ်တမ်း
လမ်းဘေးမှာ မြက်ဖြင့်ဆောက်မည်။
မာနကိုဖြေလျော့
ရေစင်အေးဖြင့် ငါ ကန်တော့ပါအံ့။
ခြေဖ၀ါးမှ ဦးကင်း
မေတ္တာဖြူဖြင့် လင်းလိုလှပါတော့သည် ငါ့အရှင် ...။
၇။
(လောကကြီးသည် အံ့ဖွယ်အတိပြီး၏။
နဂိုမူလ တိမ်သည်ဟုထင်ရသော တွင်းများပင်လျှင်
ဆင်းကြည့်ခါမှ နက်ရှလှိုက်စား
ပို၍ ... နိမ့်ဝင်သွားတတ်၏။)
ကြက်ခြေခတ် ... ၏
ဆုံရပ်မှာနေ ရီဝေထွေပြားသောညများ
မိုးခါးရနံ့ သင်းပျံ့နေတတ်၏။
ငါ့ရှေ့မှလူများ
ငါ့ကိုပိတ်၍ကာထား၏
ငါ့နောက်မှလူများ
ငါ့ကိုတွန်း၍ကျော်သွား၏။
ထို့နောက် ...
ချောက်ကမ္ဘားရောက်မှ
ကြောက်အားဖြင့်လှည့်ပြန်
ငါနှင့်တဖန် ...
လူချင်းလဲကြပြန်၏။
အောင်မြင်ကြပါစေကွယ်
နေရောင်လရောင်ဖြန့်ခင်း
အလင်းတဝေေ၀နဲ့
နေ့တွေညတွေ
ငြိမ်းချမ်းသည်ထက်ငြိမ်းချမ်းပါစေ။
သူဖုန်းစားလည်း
မြေသားပန်းကန်မှာ
ကောက်နှံပင်တို့ဝေဖြိုး
အသရေတိုးသည်ထက်တိုးပါစေ။
သူကြွယ်ကြီးလည်း
ငရဲပြည်ကဓါးကို
ရှောင်ရှားပိုင်းချင့်
နှိမ့်ချအပ်သောဦးခေါင်းဖြင့်
မြင့်သည်ထက်မြင့်ပါစေ။
၈။
ငိုကြွေးဖို့အတွက်
အသက်ဝင်လာသောလူများ
သစ္စာတရားကို
ဟားတိုက်ရယ်မောနေကြသည်။
ရှင်သေမင်းက
အစွယ်တ၀င်းဝင်းနှင့်စောင့်စား
သက်တမ်းကျွံသည်နှင့်
တမလွန်မှာ
အခွံခွါ၍စားလိမ့်မည်။
ဟိုစဉ်ခါက
ငါသည်လည်းစိုးကြောက်
ကျောက်တောင်ကို ပန်းနှင့်ပြန်ပေါက်ရင်း
ခြေမြှောက်လက်မြှောက်
ခြောက်ခြားဖူးသည်။
တုန်ကောက်မရှိသူ ... နှင့်
ချိုင်းထောက်မရှိသူ ...
လမ်းလျှောက်ရန်မှာပင်
ဒုက္ခချင်းမတူကြ။
တဂျောက်ဂျောက်နှင့်
ရွှံ့ရုပ်သားကောင်
မုဆိုးကို ပြန်လှောင်သည့်
မှော်ရုံထောင်ချောက်
မျက်လှည့်ဆရာတွေ ကြွေအံခေါက်နေသည်။
မျက်စိကိုမှိတ်ပြီး
ကိုယ်ထဲကို တိတ်တိတ်ကလေးပြန်ကြည့်သောအခါ
ညှို့ပြာယှက်သန်း
တစ်လောကလုံး အနက်ရောင်လွှမ်းတော့၏။
ထိုသို့ ဖြင့်
နှင်းရည်စိုသော
မှိုပွင့်ကလေး၏ပင်ခြေရင်းမှာ
မာနကိုအိပ်မွေ့ချ
ထာဝရ ငါ ... ထားခဲ့ချင်ပါပြီလေ။
၉။
လောကဓံတရားက
နဂါးရှစ်ကောင်ပမာ
မြေကိုထိုးခွဲ လေကိုဆွဲဖြဲ
လူတွေထဲမှာ
ပျံသန်းသွားလာနေသည်။
ယဉ်ကျေးမှုအရ
တစ်နေရာတွင်ဖိနပ်စီးရသော ငါတို့သည်
ယဉ်ကျေးမှုအရပင်
တစ်နေရာတွင်ဖိနပ်ချွတ်ရဦးတော့မည်။
ဘုရားပြောတာကိုမှ
ငါ... မယုံရဘူးဆိုလျှင်
မာရ်နတ်ပြောတာကို
ငါ... ယုံရတော့မည်လော။
အစိုးမရသော
လောက၏နာရီစက်သံကို
လက်တံတို့က မောင်းနှင်ဖန်တီး
နီး ...နီး ...နီး၍လာခဲ့ပြီ။
မီးကိုကျော်ဖြတ်
ရေကိုကျော်ဖြတ်
သံချပ်ကာဝတ်ရုံ
ခြုံလို့မလုံပါဘူးကွယ်။
တရားရိပ်မှာ
စိတ်ကိုထုတ်ပြီးဖုန်ခါ
ပြီးတော့ ...
ကိုယ်ထဲမှာ ပြန်လည်သော့ပိတ်
သုညကလေးလို
ငြိမ်သက်တိတ်ဆိတ်နေရမည်။
စေတီအိုဟောင်းမှ
ခေါင်းလောင်းသံ တိုးဖွတိုးညှင်း
အို ... အရှင် ...
မြေမှထသော ငါ့ကိုမြင်ပါ။
၁၀။
အချို့သောလူများ
လယ်ထွန်သွားရင်း
နွားပေါ်အိပ်နေကြပါသလား။
အချို့သောလူများ
လယ်ထွန်သွားရင်း
စပါးဖြစ်အောင် စိုက်ကြပါသလား။
လူသားတစ်ယောက်အနေနှင့်
မိုးကောင်းကင်အောက်မှာ
ခိုင်မာကျစ်လျစ်
တာဝန်ကျေသော ပေတစ်ဆစ်မျှတော့
ဖစ်သင့်သည်။
အရပ်ရပ်မှလာသော လေတို့၌
မြေစိုက်ကျောက်တိုင်တို့
မတုန်လှုပ်ကြသကဲ့သို့
ငါတို့ နေသွားရမည်။
အရှင်ယူဆောင်သည့်
ကြယ်တစ်ထောင်မြင့်ခေါင် ၀င်းပသည့်ညကား
လွှလွှဖွေးဆွတ်
လှံသွားတို့ကိုပင် ခွေညွတ်စေတော့၏။
ဓမ္မတေးကို
သွေးအစက်စက်တိုင်အောင်ဖြန်းဆွတ်
နှုတ်ဆက်တော်ရွတ်ဆိုသံများ
တိုးကာ ကျယ်ကာ ငါ ... ကြားနေရ၏။
လေပြေညင်းတွင်
ရွှေအဆင်းဖြင့် သွားနှင့်ကြသူများ
ဥပေက္ခာကို
ဘာမှမပြောဘဲ ထားသွား၏။
ထိုသူတို့နောက်
ငါ တကောက်ကောက်လိုက်ပါတော့အံ့။
ထိုသူတို့နောက်
တောက်လျှောက်လိုက်ပါတော့အံ့။
ကြယ်ရောင်ကွေ့ကောက်
ထိုသော ကောင်းကင်မျဉ်းကြောင်းများအောက်မှပင်
ငါ့အား
လမ်းပြစေစားတော်မူပါလော့ ... မြတ်သော ငါ့ ...အရှင်။ ။
(ဗုဒ္ဓ ... သို့ )
တာရာမင်းဝေ
Posted by ညိမ်းညို at 17:36 1 comments
Labels: ကြိုက်သောကဗျာရှည်များ
Diseño por headsetoptions | A Blogger por Blog and Web