ငါတို့ပေါ့
မူးမူးနဲ့ ပွေးစုံ့တွေကို အနံ့ခံခဲ့ကြတာ
ငါတို့ပေါ့
မူးမူးနဲ့ ဂျုံခင်းတွေထဲတိုးဝင်ခဲ့ကြတာ
ငါတို့ပေါ့
မူးမူးနဲ့ မျက်နှာစိမ်းတွေကို ရန်ပြုခဲ့ကြတာ
ငါတို့ပေါ့
မူးမူးနဲ့ ဖွတ်တွေပုတတ်တွေ လိုက်ခဲ့ကြတာ
ငါတို့ပေါ့
မူးမူးနဲ့ တရွာသားတွေနဲ့ ရန်ဖြစ်တိုက်ခိုက်ခဲ့ကြတာ
ငါတို့ပေါ့
မူးမူးနဲ့ ၀ါပင်လေးတွေကို ပွတ်တိုက်နင်းချေခဲ့ကြတာ
ငါတို့ပေါ့
မူးမူးနဲ့ ပဲကြီးပွင့်ဖြူဖြူလေးတွေကို နမ်းရှိုက်ခဲ့ကြတာ
ငါတို့ပေါ့
မူးမူးနဲ့ ကင်းတားလက်ဝဲမြောင်းကို တမြုံ့မြုံ့ကူးခဲ့ကြတာ
ငါတို့ပေါ့
မူးမူးနဲ့ မြေနီသဲဝင်းနှမ်းတလင်းမှာ ပုလင်းတူဘူးစို့ခဲ့ကြတာ
ငါတို့ပေါ့
မူးမူးနဲ့ ဖရဲခင်းပယ်သီးတွေကြား ခုန်ပေါက်ပြေးလွှားခဲ့ကြတာ
ငါတို့ပေါ့
မူးမူးနဲ့ မန်ကျည်းပင်ရိပ်နွေအတိတ်မှာ အော်ဟစ်ငိုယိုခဲ့ကြတာ
ငါတို့ပေါ့
မူးမူးနဲ့ နာနတ်ရိုင်းကွင်း လိပ်ကျင်းတွေထဲ ချော်လဲရောထိုင်ခဲ့ကြတာ
ငါတို့ပေါ့
မူးမူးနဲ့ ပြောင်းရိုးတွေကြား လွန်းထိုးလွန်းတင် ကြင်နာသတ်ပုတ်ခဲ့ကြတာ
ငါတို့ပေါ့
မူးမူးနဲ့ နှင်းရည်မွှေးမြ မြေပဲခင်းစိမ်းရင့်ညိုမှောင်တွေပေါ် လူးလှိမ့်ခဲ့ကြတာ
ငါတို့ပေါ့
မူးမူးနဲ့ ညွှတ်သီးဖြာကျ ပဲတီပင်တွေအောက် တမေ့တဆွေး အိပ်မောကျခဲ့ကြတာ
ငါတို့ပေါ့
မူးမူးနဲ့ ထနောင်း၊ သနပ် တံလှပ်အရိပ်တွေထဲ ဘ၀ကို ပွဲတော်လိုတွေးခေါ်ခဲ့ကြတာ
ငါတို့ပေါ့
မူးမူးနဲ့ မည်းမှောင်ခဲသိပ်တိမ်တလိပ်ကို ဖြိုင်ဖြိုင်သဲသဲရွာလေမလားလို့ မျှော်တော်ဇောနဲ့မောခဲ့ကြတာ
ငါတို့ပေါ့
မူးမူးနဲ့ နေရောင်သွေ့သွေ့ လေပြေစွေ့စွေ့မှာ တရွာသူပျိုဖြူချောတို့ကို ပိုးပန်းခဲ့ကြတာ
(ဟဲ့ ဟိုဟာမလေး ဘုန်းကြီးကျောင်းမှာ နေတယ်မို့လား)
ငါတို့ပေါ့
မူးမူးနဲ့ ရွာရဲ့ကွမ်းတောင်ကိုင်အလှပဂေး ကောင်မလေးကို ခပ်မြူးမြူး ကြည့်ခဲ့ကြတာ
(သလုံးသားအိအိလေးတွေက ခဲထားချင်စရာ)
ဟေးး အောင်နက်
တို့သခင်တိုက်တဲ့ ထမင်းရည်ထဲမှာ
အရက်တွေများ ပါရော့သလားကွာ
မူးလိုက်တာ တအားပဲ
ဒီနှစ်နွေလဲ ပူတာပါပဲကွာ။
ညိမ်းညို
22 August 2008
ငါတို့ပေါ့
Posted by ညိမ်းညို at 03:38 15 comments
Labels: ကဗျာ
19 August 2008
မီးခတ်ကျောက်
"ရာဇ၀င်ကား
နှလုံးသားမရွှေ့လျှင်
ရွေ့ရိုးထုံးစံမရှိချေ".....ဖော်ဝေး
သမိုင်းတစ်ခေတ်
တိုးတက်ဖြစ်တည်
ရှေ့သို့ချီလော့
ညီနောင်ဆွေရင်း
သူငယ်ချင်းတို့။
ခုချိန်ခါမှာ
ဘယ်သူကဘာ
အပေါ်ယံအလွှာ
မာယာများလွန်း၏
မနက်ဖြန်ခါ
သဘက်ခါ
အရေပြားတွေကွာကျ
အခွံတွေကွာကျ
အဲဒီတစ်နေ့မှာ
ဘယ်သူကဘာ
ပကတိမျက်နှာ
ကွင်းကွင်းကွက်ကွက်
ပြက်ပြက်ထင်ထင်
မင်းတို့ငါတို့
မြင်ရမယ်။
ငရုတ်မှန်ရင် ရဲရဲစပ်
မြွေမှန်ရင်တော့ တွင်းဝင်ဖြောင့်စမြဲ။
အမှန်တရား၏မျက်နှာမှတစ်ပါး
အခြားသောမျက်နှာတို့အား
ထောက်ရှုငဲ့ညှာခြင်းငှာ
မပြုစကောင်း။
အို...
သန္ဓေမှန်သော အလင်းငှက်တို့
သမိုင်းအမှန်ကို မြွက်ကြားဖို့
ငါတို့ ပန်ကြား၏။
အပေးအယူ အလျဉ်းကင်း၍
ဖေးကူခြင်းတို့ လင်းစေပွင့်စေသား။
ညိမ်းညို
Posted by ညိမ်းညို at 02:57 15 comments
Labels: ကဗျာ
17 August 2008
မိုးထဲလေထဲမှာ ငါတို့ဟာ တစ်ယောက်လည်းပင်းတစ်ယောက်ဖက်လို့
အသွေးအသားထဲမှာ
အသွေးအသားထဲမှာ
..................
..................
..................
ကဗျာ
ကဗျာ
ကဗျာ
.......
.......
.......
ဒီလို..ရူးသွပ်ခုံမင်စွာ
တမ်းမက်တွယ်ဖက်ထားလိုက်မိတော့ရဲ့
ကဗျာရေ ..
မိုးထဲလေထဲမှာ ငါတို့ဟာ တစ်ယောက်လည်ပင်းတစ်ယောက်ဖက်လို့
ခရီးတွေအများကြီးဆက်ရဦးမယ်
ရှေ့မှာ
ရန်သူတစ်ထောင်
ငါတို့ချစ်ခြင်းကို ပိုမိုခိုင်မြဲစေဖို့..။
ညိမ်းညို
Posted by ညိမ်းညို at 06:44 12 comments
Labels: ကဗျာ
12 August 2008
ရာသီဦးမှာ ခူးဆွတ်လိုက်တဲ့ဖလား
ဘ၀က
အချိုရည်ကုန်သွားတဲ့ကြံဖတ်လေးလိုပါပဲလားကွာ
တစ်ချို့တွေစားသုံးဖို့ကိုပဲ
ကိုယ့်အသက်လေးကိုယ် ထိုးထိုးထည့်နေရ
ကြိတ်ဖြတ်ဝါးမြို စက်ကြီးထဲ
မမြင်ရတဲ့နှောင်ကြိုးတွေတောင်
စုတ်ဖွာကွဲအက်လို့နေပေါ့
ဆရာကြီး၊ သမ္ဘာကြီးတွေကလဲ
အထာကြီးတွေတစ်ခွဲသားနဲ့
ကြေကွဲလို့ မဆုံးနိုင်ပါဘူးတဲ့လေ
ဂါဂါရေ..သူငယ်ချင်းရေ
ရေကများသလောက်
ငါတို့ ငါးမရခဲ့ကြပါဘူးကွာ
သူငယ်ချင်းရေ..ဂါဂါရေ
ဒဏ်ရာမကင်းသေးသမျှတော့
သံသရာအသင်းမှာ
ဖန်တရာတေအောင် ရုန်းကြကန်ကြဦးစို့
ဖြစ်ရဲ့မဟုတ်လား
ရာသီတစ်လျှောက်ပွဲကြပ်တွေထဲ
ငါတို့ ရဲရဲတိုးဝင်ကြစို့
မြင်ရဲ့မဟုတ်လား
ငါတို့ခြေထောက်တွေကို ရိုက်ချိုးပစ်မဲ့
ခပ်ဆိုးဆိုးနောက်တန်းကောင်တွေ
တွေ့ရဲ့မဟုတ်လား
ငါတို့ဘ၀နဲ့သွင်းထားတဲ့ဂိုးတွေကို
စုတ်ဝင်လာဘ်ဝင်ဂါထာတစ်ပုဒ်လို မန်းမှုတ်ပစ်မဲ့
လူကြီးလူကောင်း လောင်းကစားသမားတွေ
ကြားရဲ့မဟုတ်လား
ငါတို့ထွက်သက်ဝင်သက်တွေကို
သွက်သွက်လည်အောင် ဆွဲခါလှုပ်ရမ်းပစ်လိုက်မဲ့
မာယာတညံညံ ၀ီစီသံတွေ
အလို...
ကိုယ့်အရိုးနဲ့ ကိုယ်စိုက်ထူ
ကိုယ့်အဖီကိုယ် ပြန်မတ်ကူဖို့
ဒိုင်တစ်ယောက်ရဲ့
ဆုံးဖြတ်ခွင့် မှော်ပန်းတစ်ပွင့်
ကိုယ့်ရင်မှာ ကိုယ်ပြန်ပျိုးကြရင်း
ငါတို့ရဲ့ခရီးကြမ်းကို ၀က်သိုးချုပ်ချုပ်လိုက်ပါပေါ့လား
ဒီနေ့၊ မနက်ဖြန်နဲ့တကွဖြစ်သော
နှစ်လရာသီပေါင်းများစွာ...။
ညိမ်းညို
- ဂါဂါနဲ့ သူငယ်ချင်းမျှားပြာတို့အတွက် ကျနော့်ရဲ့ ရာသီဦးမှာ ခူးဆွတ်လိုက်တဲ့ဖလားကို အပ်နှင်းလိုက်ပါတယ်။
Posted by ညိမ်းညို at 01:10 16 comments
Labels: ကဗျာ
10 August 2008
သံတူကြောင်းကွဲ ဖျားနာမှု
အမှောင်ထဲ
မျက်လုံးများ
မီးစုန်းစုန်းတောက်
လူငယ်
အသွေးအားကောင်းကောင်း
အသက်ဓာတ်ပြင်းပြင်း
အမှန်တရားစစ်စစ်
အသက်ထက်ပိုချစ်ခဲ့ကြ
လက်မောင်းချင်းတိုက်ခဲ့ကြ
လက်ဖျံချင်းရိုက်ခဲ့ကြ
အရိုးအရိုးချင်း ခိုက်မိ
နှလုံးသည်းပွတ်ချင်း ဓာတ်လိုက်မိ
အဲဒါ လူငယ်
ရာဇ၀င်ထဲမှာ ထားခဲ့မိကြပေါ့
ဒီလိုနဲ့
နံရံ
မျက်နှာကြက်
ကြမ်းပြင်
အခန်းထဲ
နွယ်ရှင်တွေ
တမဟုတ်ချင်း အသက်ဝင်လာနေခဲ့
ခင်ဗျားတို့ ကျွန်တော်တို့
အလေအလွင့်လမ်းမတစ်လျှောက်
အဖိတ်အစင်များသော နေ့ရက်များ။
ညိမ်းညို
Posted by ညိမ်းညို at 02:53 10 comments
Labels: ကဗျာ
4 August 2008
ငါတို့နဲ့ ခေတ်ကြီးနဲ့
"လမ်းတွေက
ငါတို့ထင်သလောက်
ဖြောင့်တန်းမနေပါဘူး ဘိုညိမ်းရာ"
ဟေး ဘိုတင့်
အမြိုက်တရားမှာ
အမိုက်အမှားတွေမလာရဘူးလို့ ဘယ်သူပြောလဲကွ
လာ...
ငါတို့
ကဗျာပြိုင်စပ်ကြစို့
ငါတို့
တရားထိုင်မှတ်ကြစို့
လမ်းကကောက်တယ်
ဖြောင့်အောင်လျှောက်မယ်
ဒါဆို
ငါတို့ သိဒ္ဓိပေါက်ပြီပေါ့ကွာ
ဆင်သွားတိုင်း လမ်းမဖြစ်ဘူး
ဆင်နင်းလို့ ပျက်သွားတဲ့လမ်းတွေအတွက်
ငါတို့ စာနာတတ်ရဦးမယ်
လမ်းကြောင်းကျန်ဖို့
လမ်းကြောင်းမမှန်ကောင်းလားဘိုတင့်
လမ်းမှန်မှ လမ်းကျန်မယ်
ဟောဒီ ဆုပ်ချည်ဖြန့်ချီငါတို့လက်များ
ပန်းခူးဖို့ တင့်တယ်ကောင်းတင့်တယ်ပေလိမ့်
ပန်းခြွေဖို့ မသင့်ပေဘူး
ခေတ်ကြီးထဲ ဒိုင်ဗင်ထိုးချဖို့
ခေတ်ကြီးကို ငါတို့ချစ်ကြစို့ရဲ့။
ညိမ်းညို
Posted by ညိမ်းညို at 16:56 20 comments
Labels: ကဗျာ
2 August 2008
လူတောမတိုးတဲ့ကောင်
ပါးစပ်ကြီးနဲ့ စေတနာထားနေတဲ့
ပါးစပ်ကြီးနဲ့ မခံမရပ်နိုင်ဖြစ်နေတဲ့
ပါးစပ်ကြီးနဲ့ ကြေကွဲနေတဲ့
ပါးစပ်ကြီးနဲ့ ခံစားနေတဲ့
ပါးစပ်ကြီးနဲ့ စာနာနေတဲ့
ပါးစပ်ကြီးနဲ့ ကူညီနေတဲ့
ပါးစပ်ကြီးနဲ့ တက်ကြွနေတဲ့
ပါးစပ်ကြီးနဲ့ ပညာရှိနေတဲ့
ပါးစပ်ကြီးနဲ့ ဆော်သြနေတဲ့
ပါးစပ်ကြီးနဲ့ ဦးဆောင်နေတဲ့
ပါးစပ်ကြီးနဲ့ အနစ်နာခံနေတဲ့
ပါးစပ်ကြီးနဲ့ ပါးစပ်ကြီးနဲ့
ပါးစပ်ကြီးနဲ့ ပါးစပ်ကြီးနဲ့
ပါးစပ်ကြီးနဲ့ ပါးစပ်ကြီးနဲ့
ပါးစပ်ကြီးနဲ့ ပါးစပ်ကြီးနဲ့
ပါးစပ်ကြီးနဲ့ ပါးစပ်ကြီးနဲ့
အဲဒီလို……
ပါးစပ်ကြီးသမားတွေကို တူးတူးခါးခါးမုန်းတတ်တဲ့
သူ့စိတ်ကလေးကိုသာ ပြုပြင်လိုက်မယ်ဆိုရင်
အင်း…မဆိုးပါဘူး
ဒီကောင်လေး လူတောတိုးနိုင်တယ်။
ညိမ်းညို
Posted by ညိမ်းညို at 00:30 23 comments
Labels: ကဗျာ
Diseño por headsetoptions | A Blogger por Blog and Web