12 August 2008

ရာသီဦးမှာ ခူးဆွတ်လိုက်တဲ့ဖလား

ဘ၀က
အချိုရည်ကုန်သွားတဲ့ကြံဖတ်လေးလိုပါပဲလားကွာ
တစ်ချို့တွေစားသုံးဖို့ကိုပဲ
ကိုယ့်အသက်လေးကိုယ် ထိုးထိုးထည့်နေရ
ကြိတ်ဖြတ်ဝါးမြို စက်ကြီးထဲ
မမြင်ရတဲ့နှောင်ကြိုးတွေတောင်
စုတ်ဖွာကွဲအက်လို့နေပေါ့
ဆရာကြီး၊ သမ္ဘာကြီးတွေကလဲ
အထာကြီးတွေတစ်ခွဲသားနဲ့
ကြေကွဲလို့ မဆုံးနိုင်ပါဘူးတဲ့လေ
ဂါဂါရေ..သူငယ်ချင်းရေ
ရေကများသလောက်
ငါတို့ ငါးမရခဲ့ကြပါဘူးကွာ
သူငယ်ချင်းရေ..ဂါဂါရေ
ဒဏ်ရာမကင်းသေးသမျှတော့
သံသရာအသင်းမှာ
ဖန်တရာတေအောင် ရုန်းကြကန်ကြဦးစို့
ဖြစ်ရဲ့မဟုတ်လား
ရာသီတစ်လျှောက်ပွဲကြပ်တွေထဲ
ငါတို့ ရဲရဲတိုးဝင်ကြစို့
မြင်ရဲ့မဟုတ်လား
ငါတို့ခြေထောက်တွေကို ရိုက်ချိုးပစ်မဲ့
ခပ်ဆိုးဆိုးနောက်တန်းကောင်တွေ
တွေ့ရဲ့မဟုတ်လား
ငါတို့ဘ၀နဲ့သွင်းထားတဲ့ဂိုးတွေကို
စုတ်ဝင်လာဘ်ဝင်ဂါထာတစ်ပုဒ်လို မန်းမှုတ်ပစ်မဲ့
လူကြီးလူကောင်း လောင်းကစားသမားတွေ
ကြားရဲ့မဟုတ်လား
ငါတို့ထွက်သက်ဝင်သက်တွေကို
သွက်သွက်လည်အောင် ဆွဲခါလှုပ်ရမ်းပစ်လိုက်မဲ့
မာယာတညံညံ ၀ီစီသံတွေ
အလို...
ကိုယ့်အရိုးနဲ့ ကိုယ်စိုက်ထူ
ကိုယ့်အဖီကိုယ် ပြန်မတ်ကူဖို့
ဒိုင်တစ်ယောက်ရဲ့
ဆုံးဖြတ်ခွင့် မှော်ပန်းတစ်ပွင့်
ကိုယ့်ရင်မှာ ကိုယ်ပြန်ပျိုးကြရင်း
ငါတို့ရဲ့ခရီးကြမ်းကို ၀က်သိုးချုပ်ချုပ်လိုက်ပါပေါ့လား
ဒီနေ့၊ မနက်ဖြန်နဲ့တကွဖြစ်သော
နှစ်လရာသီပေါင်းများစွာ...။

ညိမ်းညို

- ဂါဂါနဲ့ သူငယ်ချင်းမျှားပြာတို့အတွက် ကျနော့်ရဲ့ ရာသီဦးမှာ ခူးဆွတ်လိုက်တဲ့ဖလားကို အပ်နှင်းလိုက်ပါတယ်။

16 comments:

Unknown said...

ချစ်သူငယ်ချင်းတွေဒီထက်ပိုချစ်ခင်နိုင်ကြပါစေနော်..
မမြင်ရတဲ့နှောင်ကြိုးလေးတွေနဲ့ ပေါ့..။

ငြိမ်းဝေ said...

ဆရာလေး ညိမ်းညိုရဲ့ ကဗျာကိုဖတ်ရတာ ကျနော်တို့ အတွက်သင်္ခါန်စာ ယူရမှာပေါ့ ။ စကားလုံးတွေကလည်း
အင်အားကောင်းမှကောင်း...ကျနော့်ဆီကိုလည်း လာ
လည်ပါအုံး...

ငြိမ်းဝေ said...

ဆရာလေး ညိမ်းညိုရဲ့ ကဗျာကိုဖတ်ရတာ ကျနော်တို့ အတွက်သင်္ခါန်စာ ယူရမှာပေါ့ ။ စကားလုံးတွေကလည်း
အင်အားကောင်းမှကောင်း...ကျနော့်ဆီကိုလည်း လာ
လည်ပါအုံး...

Anonymous said...
This comment has been removed by the author.
Anonymous said...

မာန်ပါတယ် ကဗျာမှာ သူငယ်ချင်းတွေအတွက် နုညံ့တဲ့ သံယောဇဉ်တွေ တွေ့ လိုက်ရတယ် အစ်ကို ကဗျာဖတ်ရင်း ခဏတော့ ဆွံအသွားတယ် အရှိန်တက်သွားလို့  ဒီနေ့၊ မနက်ဖြန်နဲ့တကွဖြစ်သော
နှစ်လရာသီပေါင်းများစွာ မှာ အစ်ကို့ သူငယ်ချင်းတွေ အဆင်ပြေပါစေလို့  ဆုတောင်းပေးသွားတယ်ဗျာ။

ဝေလေး said...

ဘ၀က
အချိုရည်ကုန်သွားတဲ့ကြံဖတ်လေးလိုပါပဲလားကွာ
တစ်ချို့တွေစားသုံးဖို့ကိုပဲ
ကိုယ့်အသက်လေးကိုယ် ထိုးထိုးထည့်နေရ..

စကားလုံးလေးကြိုက်တယ်အစ်ကိုရေ...
အားလုံးအဆင်ပြေကြပါစေနော် :)

ကိုစွမ်း said...

ကောင်းလိုက်တဲ့ အရေးအသားတွေ သူငယ်ချင်းရာ..
မျှားပြာကြီးကိုယ်စား ကျေးဇူးတင်ပါတယ်။

တင့်ထူးရွှေ said...

အချိုကုန်ပြီးသား ကြံဖတ်နဲ့ သွေးသားတော်စပ်ပါတယ်ဗျာ ၊ ချစ်နယ်င်္ကြးအတွက် လဲ ကဗျာတစ်ပုဒ်ရေးပေးလို့ဘိုညိမ်း ကို ကျေးဇူးပဲဗ်ျု့ အဆင်ပြေပါစေဗျာ ။ ။

joemin said...

သူငယ်ချင်ရေ လာလည်သွားတယ်။ ကဗျာဖတ်ပြီးတော့ ဘာပြောရမှန်းကိုမသိတော့ဘူးကွာ။

Anonymous said...

ဘောလုံးပွဲအကြောင်းလားပာင်... အဲ့ဒါမှ ဒုက္ခ ကောင်မလေးက ဘောလုံးပွဲဆို တော်တော်မုန်းတာ.. :P စာသားလေးတွေ ကြိုက်တယ်..

ein said...

အားမာန်အပြည့်နဲ့ ကဗျာလေးကို ခံစားသွားတယ် ညိမ်းညို...

mo3s3t said...

သိပ်ကောင်းတယ် ညီလေးရေ ...

ရိုးမြင့်အောင် said...

ဒဏ်ရာတွေကင်းတဲ့နေ့တော့ ချယ်ဆီးဖန်ကနေ ဝယ်ပါ့မယ်ခင်ဗျ... အဟိ

Unknown said...

ကိုညိမ်းညိုရေ..... ကောင်းလိုက်တဲ့ကဗျာလေး.....
ရိုးသားမှု၊ အကင်းပါးမှု၊ လူရည်လည်မှုကို လှမ်းမြင်မိတယ်ဗျာ။ အရမ်းကြိုက်တယ်.....

Layma said...

ဆရာကြီး၊ သမ္ဘာကြီးတွေကလဲ
အထာကြီးတွေတစ်ခွဲသားနဲ့
ကြေကွဲလို့ မဆုံးနိုင်ပါဘူးတဲ့လေ...

ဟိတ်.. ဘိုညိမ်း.. လေးမ ကို စောင်းရေးတာတော့ မဟုတ်လောက်ပါဘူးနော်...။ ဘိုညိမ်း ကဗျာနဲ့  ပတ်သက်ပြီး ဘာမှ မရေးတော့ဘူးနော်...။ အစ်မက ကောင်းတယ် .. လန်းတယ် ဆိုတဲ့ စကားကို ရိုးလွန်းလို့  သိပ်မသုံးချင်တော့ဘူး...။

Unknown said...

ခူးဆွတ်လိုက်တဲ့ဖလားလေးကလှမှလှ
ရည်ရွှယ်သူတွေအတွက်အားတက်စရာကဗျာတပုဒ်ပါ။