22 August 2008

ငါတို့ပေါ့

ငါတို့ပေါ့
မူးမူးနဲ့ ပွေးစုံ့တွေကို အနံ့ခံခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ ဂျုံခင်းတွေထဲတိုးဝင်ခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ မျက်နှာစိမ်းတွေကို ရန်ပြုခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ ဖွတ်တွေပုတတ်တွေ လိုက်ခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ တရွာသားတွေနဲ့ ရန်ဖြစ်တိုက်ခိုက်ခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ ၀ါပင်လေးတွေကို ပွတ်တိုက်နင်းချေခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ ပဲကြီးပွင့်ဖြူဖြူလေးတွေကို နမ်းရှိုက်ခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ ကင်းတားလက်ဝဲမြောင်းကို တမြုံ့မြုံ့ကူးခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ မြေနီသဲဝင်းနှမ်းတလင်းမှာ ပုလင်းတူဘူးစို့ခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ ဖရဲခင်းပယ်သီးတွေကြား ခုန်ပေါက်ပြေးလွှားခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ မန်ကျည်းပင်ရိပ်နွေအတိတ်မှာ အော်ဟစ်ငိုယိုခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ နာနတ်ရိုင်းကွင်း လိပ်ကျင်းတွေထဲ ချော်လဲရောထိုင်ခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ ပြောင်းရိုးတွေကြား လွန်းထိုးလွန်းတင် ကြင်နာသတ်ပုတ်ခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ နှင်းရည်မွှေးမြ မြေပဲခင်းစိမ်းရင့်ညိုမှောင်တွေပေါ် လူးလှိမ့်ခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ ညွှတ်သီးဖြာကျ ပဲတီပင်တွေအောက် တမေ့တဆွေး အိပ်မောကျခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ ထနောင်း၊ သနပ် တံလှပ်အရိပ်တွေထဲ ဘ၀ကို ပွဲတော်လိုတွေးခေါ်ခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ မည်းမှောင်ခဲသိပ်တိမ်တလိပ်ကို ဖြိုင်ဖြိုင်သဲသဲရွာလေမလားလို့ မျှော်တော်ဇောနဲ့မောခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ နေရောင်သွေ့သွေ့ လေပြေစွေ့စွေ့မှာ တရွာသူပျိုဖြူချောတို့ကို ပိုးပန်းခဲ့ကြတာ
(ဟဲ့ ဟိုဟာမလေး ဘုန်းကြီးကျောင်းမှာ နေတယ်မို့လား)

ငါတို့ပေါ့
မူးမူးနဲ့ ရွာရဲ့ကွမ်းတောင်ကိုင်အလှပဂေး ကောင်မလေးကို ခပ်မြူးမြူး ကြည့်ခဲ့ကြတာ
(သလုံးသားအိအိလေးတွေက ခဲထားချင်စရာ)

ဟေးး အောင်နက်
တို့သခင်တိုက်တဲ့ ထမင်းရည်ထဲမှာ
အရက်တွေများ ပါရော့သလားကွာ
မူးလိုက်တာ တအားပဲ
ဒီနှစ်နွေလဲ ပူတာပါပဲကွာ။

ညိမ်းညို

15 comments:

Unknown said...
This comment has been removed by the author.
Unknown said...

ကဗျာလေးကကောင်းတယ်..
ဒီလိုဘဲပြောတတ်တယ်ကဗျာဆရာရေ...
ဘာရေးရေးအားပေးနေမယ်နော်...။ :)

Anonymous said...

ငါတို့ပေါ့ဗျာ... လိုက်လို့ကို မမှီတော့ဘူး... ဂွတ်ထပဲ...

Anonymous said...

ငါတို့ ပေါ့ နောက်ဆုံး အောင်နက်ဆိုမှ သဘောပေါက်တော့တယ် :)

Nyo Htet Nyo said...

“စကားလုံးတွေမွေးဖွားသေဆုံးနေတဲ့ကမ္ဘာ“ ဆိုတဲ့ကဗျာကိုသတိရမိတယ်ဗျာ...စာသားတွေမမှတ်မိတော့ပေမယ့် နောက်ဆုံးစာသားကတော့ “မစပ်ရသေးတဲ့ကဗျာ အကောင်းဆုံးဖြစ်လိမ့်မယ်“ တဲ့...လော၂ဆယ်တော့ ဒီကဗျာအကြိုက်ဆုံးပါပဲဗျာ...နောက်တစ်ပုဒ်မတွေ့ခင်အထိလား...ဘယ်တော့အထိလဲ....ဒါတော့မသိတော့ဘူးညိမ်းညိုရေ

Unknown said...

စာဥကိုတောင်လွမ်းသွားပြီနယ်နယ်ရေ... ဂွတ်တယ်

ပန်းခရမ်းပြာ said...

ဘုန်းကြီးကျောင်းမှာ နေတဲ့ ဟိုဟာမလေး ဆိုလို့ ဇဝေဇဝါ ဖြစ်သွားတယ်။ နောက်မှ အောင်နက်ဆိုလို့ ဇာတ်ရည်လည်သွားတာ။

Layma said...

ပထမတော့ ဟီး..ဟီး.. ဘိုညိမ်း အမူအယာတွေ ဘယ်လို ဖြစ်နေတာတုန်းပေါ့.. အဆုံးနားကပ်လာမှ ပေါက်တော့တယ်... အောင်နက်ကိုး...။ ဆောရီး.. ဟီး.. .ဟီး..။

နေချိုအေး said...

ကောင်းလိုက်တဲ့ကဗျာဗျာ..ဘ၀အမောတွေပြေလျော့ပါစေ....
သူငယ်ချင်း

Mhaw Sayar said...

ဂရိတ်ပဲ ညီရေ. တစ်ခါတစ်လေ အောင်နက်တို့လည်း မူးချင်ကြရှာမှာပေါ့ကွာ... :)

အိုင်လွယ်ပန် said...

ကောင်းပါ့အစ်ကိုရာ...........

တင့်ထူးရွှေ said...

ဒီနှစ်နွေလဲ ပူတာပါပဲကွာ။

နှင်းပွင့်ဖြူ said...

ငါတို့ပေါ့
မူးမူးနဲ့ ရွာရဲ့ကွမ်းတောင်ကိုင်အလှပဂေး ကောင်မလေးကို ခပ်မြူးမြူး ကြည့်ခဲ့ကြတာ
(သလုံးသားအိအိလေးတွေက ခဲထားချင်စရာ)

အဲ့တာလေးက မိုက်တယ်နော်... ခုခေတ်က လုံချည်အဲ့လောက် တိုတိုဝတ်ပါဦးမလား

SoeMoe said...

ငါတို့ ပေါ့ ..ငါတို့ ပေါ့..လျှောက်လည်နေကြတာခုထိအိမ်ပြန်
မရောက်သေးဘူးးးးးးးးးး :P :P
စာအချိုးတွေကလန်းနေတာဘဲ..။
ပျော်ရွှင်ပါစေအစ်ကိုရေ..

Unknown said...

ငါတို့ ပေါ့မင်းကဗျာတွေလာဖတ်သွားတယ်...။ :P