25 November 2008

မသန့်စင်တဲ့ကဗျာ

သဘာဝကျကျ မသန့်မစင်ဖြစ်တည်နေတဲ့ ဂြိုဟ်ကြီးတစ်လုံးရှိပါတယ်
မသန့်စင်တဲ့လူတွေကို သူ့ဝမ်းဗိုက်ကြီးထဲ ထည့်ထည့်မျိုလို့
မသန့်စင်တဲ့အရာတွေကို သူ့ကျောကုန်းကြီးပေါ် ဆွဲဆွဲတင်လို့
ဒါဟာ မသန့်စင်တဲ့ ကဗျာပါအကြောင်းတရားတွေပါပဲ။

ဣဌာရုံအညွှန့်အဖူးလေးတွေနဲ့ ကဗျာတွေလူလူသူသူဖြစ်ခဲ့သေးတာပဲ
အနိဌာရုံအကြမ်းအခက်ကြ
ီးတွေနဲ့ ဘာဖြစ်လို့ ကဗျာတွေထက်ထက်မြက်မြက်မဖြစ်ရမှာလဲ။

မသန့်စင်ခြင်းဟာ မသန့်စင်ခြင်းပဲဖြစ်ပါတယ်၊ အရုပ်ဆိုးအကျည်းတန်ခြင်း မဟုတ်ပါဘူး
မသန့်စင်ခြင်းဟာ မသန့်စင်ခြင်းပဲ ဖြစ်ပါတယ်၊ တရားလက်မဲ့ဖြစ်ပျက်နေတာ မဟုတ်ပါဘူး
(သူကသာ တရားလက်မဲ့ပြုမူခံနေရတတ်တာပါ)

ကဗျာအများစုက မှန်နန်းဆောင်ဇာခန်းဆီးအတွင်း ၀ပ်ဆင်းကျရောက်နေချိန်
ဝန်ကြီးတစ်ဦးက ထန်းသမားမိသားစုနဲ့အတူ ထမင်းလက်ဆုံစားခဲ့တယ်
ကုန်တင်လှေကြီးနဲ့အတူ ရွက်လွှင့်ခဲ့တယ်
မသန့်စင်တဲ့နယ်ပယ်တွေထဲ သူ့ကဗျာဝိညာဉ်ကိုစေလွှတ်ကျက်စားခဲ့တယ်
သူဟာ မသန့်စင်တဲ့အကြောင်းတရားတွေအပေါ် စာနာတိမ်းညွှတ်ခဲ့တယ်
သူဟာ မသန့်စင်တဲ့ကဗျာတွေကို ရေးဖွဲ့ခဲ့တယ်
ဒါဟာ ဒီမြေပေါ်မှာ အမှန်တကယ်ရှိနေတဲ့ မသန့်စင်ခြင်းတွေ ဖြစ်တယ်
မသိယောင်ဆောင်ရုံ၊ မျက်ကွယ်ပြုရုံနဲ့ ပပျောက်မသွားမဲ့ မသန့်စင်ခြင်းတွေ ဖြစ်တယ်။

လူများစုဟာ မသန့်စင်ခြင်းရဲ့အရသာကို တင်းကြမ်းခံစားနေရတယ်
မသန့်စင်ခြင်းဟာ ဒီကမ္ဘာကြီးရဲ့ အနှံ့အပြားမှာရှိနေတယ်
မသန့်စင်ခြင်းဟာ ဖုန်တွေသဲတွေအထွေးထွေးနဲ့
မသန့်စင်ခြင်းဟာ ချွေးတွေသံတွေအလိမ်းလိမ်းနဲ့
မသန့်စင်ခြင်းဟာ ထမင်းတစ်လုပ်အတွက် ပင်ပန်းကြီးစွာ၊ အညှာအတာကင်းစွာ၊ လူ့ဂုဏ်သိက္ခာချို့တဲ့စွာ
မသန့်စင်ခြင်းဟာ တစ်ဝမ်းတစ်ခါးအတွက် မှောင်ခိုလဲကူးရ
တစ်ပြားတစ်ချပ်အတွက် စက်ရုံကြီးတွေထဲမှာလဲ ပိတ်လှောင်ခံရ
ကျောက်မီးသွေးတွင်းကြီးတွေမှာ၊ ဒြပ်သတ္တုလုပ်ငန်းခွင်ကြီးတွေမှာ၊ စစ်ပွဲတွေမှာ
ပတ်ကြားအက် ရိုးပြတ်ငုတ်တိုလယ်ကွင်းပြင်တွေမှာ၊ နောက်ကျန်ဘီးများနဲ့ ကြက်ယက်သလိုယက်နေရတဲ့နေရာတွေမှာ
ရောဂါဘယကပ်ဆိုးတွေနဲ့ လူလူသူသူ နေလို့၊ စားလို့၊ တွေးလို့၊ တောလို့ မရတဲ့ ဒေသတွေမှာ
မသန့်စင်ခြင်းတွေဟာ နေလောင်ချွေးစားပြီး ထွားကျိုင်းသန်မာနေကြ၊ လှိုင်လှိုင်ကြီးသီးပွင့်လာနေကြ
အပ်ဖျားတစ်ထောက်စာ အရေပြားပေါ်က ဖြူတယ်မဲတယ်ဆိုတဲ့ အရောင်အတွက်နဲ့လဲ သင်းကွဲနှိပ်ကွပ်ခံရ
ငြိမ်းချမ်းမွန်မြတ်တဲ့ဘာသာရေးဝတ်ရုံအောက်မှာ လက်နက်ပုန်းတွေ ကိုင်ဆောင်လာကြ
ကျောင်းတော်သာရဲ့ ဆွတ်ပျံ့ဆွေးဖွယ်လမ်းမကြီးတွေပေါ်မှာတောင် မသန့်စင်ခြင်းတွေဟာ စိမ့်ဝင်နေကြ
စိန်စီရွှေချခန်းမကြီးတွေအတွင်းမလဲ ဒီမသန့်စင်ခြင်းတွေပဲ ပွဲတက်ကခုန်နေကြ
မသန့်စင်ခြင်းတွေဟာ ချစ်ခြင်းမေတ္တာကိုတောင် ဓားထက်ထက်နဲ့ လှီးဖြတ်နေကြ
မသန့်စင်ခြင်းတွေဟာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ နေရာဒေသအသီးသီးကို လွှမ်းမိုးလာကြ
လူနည်းစုဟာ မိမိရဲ့သန့်စင်မှုအတွက် လူများစုကို မသန့်မစင်တဲ့အခြေအနေတွေထဲ တွန်းပို့နေကြ
အရှိန်နဲ့၊ ပါဝါနဲ့၊ စွမ်းအားတွေနဲ့ မသန့်စင်ခြင်းအပေါ် လက်လွှတ်စပယ်ပြောဆိုကြ၊ ဖိနှိပ်ကြ
ကျနော်တို့ဟာ ဒီမသန့်စင်ခြင်းတွေကို ကဗျာပြုကြတာဖြစ်တယ်၊ ဒီမသန့်စင်ခြင်းတွေကိုပဲ ဆွဲကူထူမကြတာဖြစ်တယ်
မသန့်စင်ရခြင်းရဲ့ ရင်းမြစ်တွေကို စီစစ်ရှာဖွေကြတာဖြစ်တယ်
ဒါဟာ မသန့်စင်တဲ့ ကဗျာပါအကြောင်းတရားတွေပဲဖြစ်တယ်။

မသန့်စင်ခြင်းတွေဟာ ကင်းဘတ်စတွေဖြစ်တယ်
မသန့်စင်ခြင်းတွေဟာ ဆေးစက်တွေဖြစ်တယ်
မသန့်စင်ခြင်းတွေဟာ ကဗျာနဲ့ထုံကူးခံရတော့
လှပတဲ့ပန်းချီကားတွေ ဖြစ်လာကြတယ်။

ဒီလိုပါပဲ
တစ်ခါတစ်ခါတော့လည်း ကိုယ့်ရင်ဝကိုယ် ဓားနဲ့ထောက်ကြည့်ရတာ ရင်ခုန်စရာကောင်းလှပါတယ်
မသန့်စင်တဲ့ကဗျာတွေကို ကျေကျေနပ်နပ်ကြီးရေးရင်း ကျွတ်ဆတ်ဆတ်ရင်ဘတ်တစ်နေရာကို စာနာမှုပလပ်ခေါင်း ထိုးချလိုက်ပြီ
ကဗျာတွေ ဒီအတိုင်းစီးဝင်စေတော့။

ညိမ်းညို

15 comments:

Unknown said...

သန့်စင်တာတွေ မသန့်စင်တာတွေ မသိဘူး
ဘာကဗျာရေးရေး အားပေးနေမယ်... :P
ကဗျာဆရာကို...:ilu

wai lin tun said...

မသန့်စင်ခြင်းတွေကို လှပတဲ့ကဗျာဖြစ်စေရမယ်တဲ့လား။ အားလည်းကျတယ်။ အားလည်းပေးတယ်ဗျာ။ အခုတလော စာပေအနုပညာနဲ့ပတ်သက်ပြီး အတွေးလွန်နေမိတာတွေကို ကိုညိမ်းညိုက လှုပ်နှိုးပေးလိုက်လို့ ကျေးဇူးတင်ပါတယ်။ ရွှင်လန်းပါစေ။

တင့်ထူးရွှေ said...

ဘိုညိမ်းရေ ဘာပြောရမှန်းတောင် မသိတော့ပါဘူးဗျာ ၊ ကဗျာကောင်းတွေ အမြဲဖတ်နေရတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ :)

Nyo Htet Nyo said...

မရေးရသေးတဲ့ အကြောင်းအရာတွေ များများရေးနိုင် ပါစေဗျာ။

pandora said...

အံ့သြစရာကောင်းတဲ့ ကဗျာပဲ ညိမ်းညို။
မသန့်စင်တဲ့ကဗျာကို မျိုချသွားတယ်။
မသန့်စင်တဲ့ ပိုးတွေက ကူးတတ်တယ်နော်။

Apprenticeship said...

Great poem.. very meaningful.. keep it up.

mgngal said...

ကိုညိမ်း ကဗျာကိုဖတ်ပြီး အတွေးတွေ အများကြီး ရလိုက်တယ်ဗျာ ။ ကဗျာတွေကတော့ အံ့မခန်းပါပဲ ။

thihanyein said...

ဘိုတင့်ပြောသလိုပါပဲဗျာ**
ဘယ်လိုပြောရမယ်မှန်းတောင်မသိတော့ဘူး**
ဘယ်လိုမှလိုက်မမှီတော့ဘူး ဘိုညိမ်းရာ**
ဖတ်ရတာကောင်းလိုက်တာ**

Layma said...
This comment has been removed by the author.
Layma said...

မသန့်စင်ခြင်းတွေ တင်းကြမ်းပြည့်နေတဲ့ ကဗျာဖတ်ပြီး ဆပ်ပြာတုံးတွေတောင် ပစ်ချင်လာပြီနော်...
ဘ၀ဖတ်စာအုပ်မှာ သန့် စင်ခြင်းရဲ့ definition လိုက်ရှာလိုက်ဦးမယ်.. ဒါနဲ့  ထန်းသမားမိသားစုထဲသွားတာ ၀န်ကြီးပဒေသရာဇာထင်ရဲ့...။

ခေါင်ခေါင် said...

မသန့်စင်သော ကဗျာကို...
သန့်စင်သော နှလုံးသားနဲ့..
နှစ်သက်စွာ ခံစားသွားပါတယ်

Mhaw Sayar said...

ဂရိတ်ပဲ ညီရေ. မသန့်စင်တဲ့ အကြောင်းတွေ ဖတ်ရင်း စိတ်ထဲမှာ ရှင်းရှင်းကြီးကို သန့်စင်သွားတယ်။

အရင့်အရင် ကဗျာတွေက စမ်းချောင်းလေးတွေဆိုရင်တော့ ဒီကဗျာနဲ့ ကဗျာဆရာ ကိုယ်တိုင် တစ်ကယ့်ကို ရေတံခွန်ကြီး တစ်ခု အဖြစ် ပြောင်းလဲသွားတာ ဖြစ်လိမ့်မယ်။

အားကောင်းမောင်းသန် တဲ့၊ ခပ်ရိုင်းရိုင်း ကဗျာတွေ ကျောက်စိုင်၊ ကျောက်သားတွေကြားက ဆက်ပြီး စီးလာလိမ့်ဦးမယ်လို့ ယုံကြည်ပါတယ် ညီရေ။

အောင်မြင်ပါစေ. :)

လင်းဒီပ said...

အဲဒီ မသန့်စင်ခြင်းတွေကို ရွံရှာစက်ဆုပ်ပေမယ့်
ဒီမသန့်စင်ခြင်းတွေမှာပဲပျော်ဝင်ရင်း ပျော်ရွှင်နေကြပေါ့...

အိုင်လွယ်ပန် said...

အားပါး......
လတ်တလောခံစားချက်ခြင်းတိုက်ဆိုင်ပါ့အစ်ကိုရာ.....
ကောင်းလိုက်တဲ့စာသားတွေ........

SoeMoe said...

အစ်ကိုရေ..မသန့်စင်ခြင်းသန့် စင်ခြင်းနဲ့ လည်းကဗျာတပုဒ်လှပစွာဖန်ဆင်းသွားတယ်နော်
အစ်ကိုကတော့စံပါဘဲ.. :D အရာအားလုံးအဆင်ပြေပါစေ..။