15 November 2008

ပိုးဟပ်တွေ ၁

ပိုးဟပ်တွေက
လူမိသွားလည်း ခပ်တည်တည်ပဲ
မျက်နှာပိုးသိပ်သေတယ်
လူကိုတွေ့တာနဲ့
ဘယ်ဖက်အိတ်ကပ်ကို စမ်းမယ်
ညာဘက်အိတ်ကပ်ကို စမ်းမယ်
မရှိမဲ့ရှိမဲ့ရင်ခုန်သံငွေ့ငွေ့လေးကို
ငွေစကြေးစလေးနဲ့ ကလော်ထုတ်ပီး ခတ်ကြည့်မယ်
ငွေသံကြေးသံလေးများကြားလိုက်ရ နားဆင်လိုက်ရရင်
ကမ္ဘာကြီးကတယ်လှသကိုးဆိုတဲ့မျက်နှာပေးနဲ့
ဆောင့်ကြွားကြွားလုပ်မယ်
ဒီကမ္ဘာပေါ်မယ်
ပိုးဟပ်တွေထက် လူလည်ကျတဲ့သတ္တ၀ါတွေတောင်
ပိုးဟပ်တွေလောက်တော့ လူလည်ကျနိုင်မယ်မထင်။

ဒီမယ် ကဗျာဆရာ
ခင်ဗျားက ပိုးဟပ်တွေနဲ့အမျိုးတော်သလား
ဒါကို ကျုပ်သိချင်တယ်။

ဒီမယ် ကဗျာဆရာ
ခင်ဗျားက ပိုးဟပ်တွေရဲ့အချစ်တော်လား
ဒါကို ကျုပ်သိချင်တယ်။

ဒီမယ်ကဗျာဆရာ
ခင်ဗျားက ပိုးဟပ်တွေနဲ့တစ်စားပွဲထဲထိုင်ပြီး
အသားကင်တွေကြိုက်တတ်နေပြီလား
အဲဒါ နေ့မစေ့လမစေ့အသားတွေဗျ။

ဒီမယ်ကဗျာဆရာ
ခင်ဗျားဆွဲနေတာ မီးရထားစက်ခေါင်းမဟုတ်ဘူး
ခပ်ညံ့ညံ့ခဲချွန်စက်တစ်လုံးပဲ။

ဒီမယ်ကဗျာဆရာ
ခင်ဗျားထုဆစ်နေတာ ခြင်္သေ့မင်းမဟုတ်ဘူး
အကောင်ထွားထွားခွေးတစ်ကောင်ပဲ။

ဒီမယ်ကဗျာဆရာ
သုံးစားမရတဲ့စကားလုံးတွေကို
သုံးစားမရတဲ့ခေါင်းကြီးထဲကနေ
အလကားရတိုင်း နှိုက်နှိုက်ထုတ်မနေစမ်းနဲ့ဗျာ။

ခင်ဗျားက တစ်နေ့တစ်နေ့ ၀မ်းနည်းကြေကွဲမယ်
တစ်နေ့တစ်နေ့ နာကျည်းပေါက်ကွဲမယ် ကြုံးဝါးအော်ဟစ်မယ်
ကမ္ဘာကြီးပေါ်မယ် လူပေါင်းသန်းခြောက်ထောင်
ဇာတ်လမ်းပေါင်းသန်းခြောက်ထောင် ဘ၀ပေါင်းသန်းခြောက်ထောင်
အပူပေါင်းသန်းခြောက်ထောင် သောကပေါင်းသန်းခြောက်ထောင်
ပရိဒေ၀ပေါင်းသန်းခြောက်ထောင်ဗျ
သူ့အရှုပ်နဲ့သူချာလပတ်ရမ်းနေတာကြီး
ခင်ဗျားက အားအားရှိ ငိုကြီးချက်မနဲ့
ပိုးဟပ်တွေအသဲကွဲတာကိုပဲ အဆန်းလုပ်ပီး ရေးရေးနေ
တလောကလုံးလဲ ပိုးဟပ်တရားတွေနဲ့ပဲ
မွှန်ထူနံစော်နေ။

ဒီမယ် ကဗျာဆရာ
ကျုပ်တို့ဖတ်မဲ့ကဗျာတွေထဲ
ပိုးဟပ်တွေအကြောင်းထည့်ထည့်မရေးစမ်းပါနဲ့ဗျာ။

ညိမ်းညို

14 comments:

Unknown said...

ဒီမယ်ကဗျာဆရာ..ပိုးဟပ်ဆိုဒီကအသဲယားတယ်တတ်တယ်
နော်..ပိုးဟပ်တွေ (၂)ကိုလည်းဆက်ရေးအုံး..
အားပေးလျှက်ပါကဗျာဆရာ.. ။ :)

လင်းဒီပ said...

ဒီမယ်ဗျို့ ကျုပ်ကတော့ ပိုးဟတ်တွေကို ခင်နေပြီ...
ပိုးဟတ်တွေနဲ့ နေနေရတာပဲ ဘဝလို ဖြစ်နေပြီ..

သီဟစိုင်း said...

ပြောပါတယ် ...ဒီကဗျာကိုကြိုက်ပါတယ်လို့...
ပိုးဟပ်ကဗျာဆရာရေ ....ဟဟ

mgngal said...

ပိုးဟပ်ဆိုလို့  ပိုးလိုက်တိုင်း သူများက ဟပ်ဟပ်သွားတာ
လား ကိုညိမ်း ။ နောက်တာပါ ။ ကဗျာတွေတော့ အတွေး
တွေအများကြီးပေးသဗျာ။ အားပေးနေပါတယ် ။ :)

Mhu Darye said...

I dun get it... it's beyond my understanding.. >.<

အိုင်လွယ်ပန် said...

အဟီး....
နောက်ထည့်မရေးနဲ့ကိုညိမ်းရ.....
ယားကျိကျိဖြစ်လို့ :P
ဘာရေးရေးကောင်းနေတာပဲဗျ.....
ကိုညိမ်းကိုမနာလိုတော့ဘူး :P

GreenGirl said...

အစ်မက ညံ့တယ်။ ဘာပြောချင်တာလဲဆိုတာကို နားမလည်ဘူးမောင်လေး။း(

ပျံသန်းခြင်းရပ်ဝန်း said...

ပိုးဟပ်တွေကိုကြည့်ပြီး ကဗျာတစ်ပုဒ်ဖန်ဆင်းလိုက်ပြန်ပြီလားဗျာ...
နောက်ထပ် ၂ တွေ ၃ တွေကိုစောင့်နေပါတယ်..

SoeMoe said...

ပိုးဟပ်တွေမြင်ရင်မကေ လိုဘဲအသဲယားတယ်.. :P

စိုင်းလောဝ်ပိန်း said...

ကောင်းတယ်ဗျာ...ဟိုးဟပ်တွေထဲ ကျွန်တော်များ ပါနေလားလို့ :( ... ပိုးဟပ်တွေ ၂ ကိုဆက်မျှော်နေမယ် ....

Layma said...

ဖတ်မဲ့ကဗျာတွေထဲ
ပိုးဟပ်တွေအကြောင်းထည့်ထည့်မရေးစမ်းပါနဲ့ဗျာ။ ဆိုပေမယ့်
ဒီကဗျာဆရာက ပိုးဟပ် ( ၂ ) ဆက်မဲ့ အစီအစဉ်ပါရှိတဲ့ပုံပဲ..။
ဒါနဲ့  ဘိုညိမ်းရေ.. ရွာရောက်ရင် အကင်ကျွေးမယ်.. စားမလား..။

Unknown said...

ကောင်းတယ်..ပိုးဟပ်တွေကိုကြောက်ကြောက်နဲ့ ဒီလိုဘဲနေ နေကြရတယ်လေ..။

ရွှန်းမီ said...

စိတ်ထဲ ယားကျိကျိနဲ့ ပိုးသတ်ဆေးဗူး လိုက်ရှာမိတယ်။

Anonymous said...

ဒီမယ် ကဗျာဆရာကိုပိုးဟပ် ပိုးသတ်ဆေးနဲ့ ဖျန်းလိုက်ရမလား =)