19 November 2008

ပိုးဟပ်တွေ ၂

ပိုးဟပ်တွေ ပိုးဟပ်တွေ
ကမ္ဘာကြီးရဲ့ဘယ်နေရာကများ ပေါက်ဖွားနေပါလိမ့်
ငါတို့မြင်ကွင်းတွေထဲ တရွေ့ရွေ့တွားတက်ပြီး လာနေ
အစောပိုင်းကာလတွေမှာတော့ တစ်ကောင်ချင်းပေါ့
နောက်ပိုင်းမှာ အုပ်စုတွေဖွဲ့ပြီး ချီတက်လာကြ
ရေထု လေထု မြေထု
တစ်လောကလုံး အောက်သိုးသိုးအနံ့တွေ မွှန်စော်ထူပိန်းလို့
ပိုးဟပ်တွေ ကိုယ်ရောင်ကိုယ်ဝါ တောက်ပလာကြပုံ
ပိုးဟပ်တွေ အချင်းချင်းကူညီရိုင်းပင်းကြပုံ
ပိုးဟပ်တွေ တစ်ကောင်နဲ့တစ်ကောင် ထောက်ခံအားပေးကြပုံ
ဟော...ဟော သိပ်မကြာလိုက်ဘူး
ပိုးဟပ်တွေ တစ်ကောင်နဲ့တစ်ကောင် ရိုက်ကုန်ကြပြီ
သေချင်တယ်ကွာ
အာ ယောင်လို့ ယောင်လို့
ဒီစကားကိုသာ ပိုးဟပ်တွေကြားသွားရင်
ငါလဲ ချက်ချင်းသေပြီပဲ
ပိုးဟပ်တွေက ပိုးဟပ်တရားပဲဟောမယ်
ကမ္ဘာကြီးကို ခါးပတ်လိုပတ်မယ်
လူအရိုးနဲ့ သွားကြားထိုးမယ်
ကြာလာတော့ အကျည်းတန်နေတာကြီးကိုက လှသလိုဖြစ်
အသိဉာဏ်တွေ ထစ်အ,ကုန်မယ်
ပိုးဟပ်တွေ ပိုးဟပ်တွေ
အဆမတန် ၀ဖီးကြီးထွားလာကြ
ချပ်ဝတ်တန်ဆာတွေ ပိုမိုပြည့်စုံလာကြ
မကြာခင် ကမ္ဘာကြီးကို ၀ါးမြိုပစ်တော့မယ်တဲ့
ဟေ့လူ ခင်ဗျားမကြောက်ဘူးလား
ခင်ဗျားနေပုံထိုင်ပုံကြီးက သွေးအေးလွန်းတယ်ဗျာ
ဒီလို ဒီလို အစရှိနောက်နောင်
စကားနောက်တရားတွေပါလာရင် ခက်မယ်ဆရာ
ဟုတ်တယ် ခင်ဗျားပဲ
ပြဿနာကိုမီးထွန်းရှာတာ ခင်ဗျား
ခင်ဗျားလုပ်ပုံမဟုတ်လို့ လူတွေထိတ်လန့်ကုန်တာ
ဘာကိစ္စပိုးဟပ်တွေအကြောင်း အရေးတယူစာဖွဲ့နေရတာလဲ
အချိန်တန်ရင်ပြီးသွားမဲ့အရာတွေထဲ ပိုးဟပ်တွေထိပ်ဆုံးကပါတယ်ဗျ
အာ ဘာတွေလာပြောနေတာလဲ
ခင်ဗျားဟာ လူကြီးလူကောင်းအယောင်ဆောင်ထားတဲ့ ခပ်လည်လည်ပိုးဟပ်တစ်ကောင်ပဲ
ပိုးဟပ်တွေ ပိုးဟပ်တွေ
သိပ်လည်တဲ့ပိုးဟပ်တွေ လူနပ်ချမ်းသာပိုးဟပ်တွေ
ဆိုက်ဝါးတွေ အသွယ်သွယ်သုံးပြီး
တိုက်ကားတွေ အလှယ်လှယ်သိမ်းကြုံးနေကြပြီ
ကမ္ဘာကြီးတစ်ခုလုံးကို ပိုးဟပ်မြို့တော်ကြီး လုပ်ပစ်မယ်တဲ့
ကမ္ဘာကြီးတစ်ခုလုံးက ပိုးဟပ်တွေအတွက် ပျော်တော်ဆက်ဖြစ်စေရမယ်တဲ့။

ဟေး
ခုခံကြ ကာကွယ်ကြ
သတိရှိကြ
ကခုန်ချည်းမနေကြနဲ့
ပိုးဟပ်တွေ ခြေတော်တင်တာခံလိုက်ရတဲ့
ခပ်ညံ့ညံ့ကမ္ဘာကြီးတော့ မဖြစ်စေနဲ့။

ညိမ်းညို

14 comments:

Unknown said...

အင်း...ပိုးဟပ်တွေ ပိုးဟပ်တွေ
ကဗျာဆရာတော့ ပိုးဟပ်တွေရဲ့ ပျော်တော်ဆက်ဖြစ်တော့မယ်ထင်တယ်
ကြည့်လဲလုပ်ဦး ကဗျာဆရာ
ဟင်းးးး
မောပါတယ်
ဒီကဗျာဆရာကတော့
ကဗျာလေးကောင်းတယ်လို့ ပြောတာပါ :P :P

pandora said...

ပိုးဟပ်တွေကို မျက်မှောင်ကျုံ့ပြီး ကြည့်သွားတယ် ကဗျာဆရာ။
အတောင်ပံပါတဲ့ ပိုးဟပ်ကို ပြောတာလား။ အတောင်ပံမပါတဲ့ ပိုးဟပ်ကို ပြောတာလားပေါ့။
ဒါနဲ့စကားမစပ်..
ပိုးဟပ်ကို ကြွက်ထောင်ချောက်လို ထောင်ဖမ်းလို့ရလားဟင်။

အိုင်လွယ်ပန် said...

ကခုန်ချည်းပဲမနေကြနဲ့တဲ့....................
အင်း...
ပိုးဟပ်တွေ.....
ကောင်းတယ်အစ်ကိုရေ......

Unknown said...

ဟေး
ခုခံကြ ကာကွယ်ကြ
သတိရှိကြ
ကခုန်ချည်းမနေကြနဲ့
ပိုးဟပ်တွေ ခြေတော်တင်တာခံလိုက်ရတဲ့
ခပ်ညံ့ညံ့ကမ္ဘာကြီးတော့ မဖြစ်စေနဲ့...
ကာကွယ်ရင်းခုခံရင်းနဲ့ ဒီကမ္ဘာကြီးကလည်ပတ်နေတယ်။

thihanyein said...

ပိုးဟပ်ကြီး ဟားဟား
ဘိုညိမ်း တယ်လည်းရေးတတ်တွေးတတ်တဲ့သူပဲဗျာ
လိုက်မမှီတော့ဘူး ပြေးနှင့်ဗျာ ကျနော်ကတော့ မြက်
ပင်တစ်ပင်ချင်း ဆွဲတက်တုန်းပဲ...
ဒီစကားကိုသာ ပိုးဟပ်တွေကြားသွားရင်
ငါလဲ ချက်ချင်းသေပြီပဲ...

Apprenticeship said...

ဒီတစ်ပုဒ်တော့ အတော်ထိတယ်.. အတွးတွေအရမ်းကောင်းတယ်...
ဘယ်ပိုးဟပ်ဖြူလား မဲလားသိခင်းပါတယ်..
ဒါပေမဲ့ ဘယ်ပိုးဟပ်ဖြစ်ဖြစ် ရောဂါပိုးတွေသယ်ဆောင်တတ်တော့ နှစ်မျိုးလုံးမကောင်းတာတော့ သေချာတယ် :P

Layma said...

ကဗျာဆရာ လုပ်ပုံမဟုတ်လို့  ဖတ်ရတဲ့ လေးမ ထိတ်လန့်သွားပြီ... ပိုးဟပ်တွေက အသည်းယားစရာကောင်းလိုက်တာ... ဖတ်ရင်း ကြောက်သလို မကြောက်သလို ..။ ကိုယ်တိုင်တောင် ပိုးဟပ်တစ်ကောင်လားမှ မသေချာဘဲ... ။
ဒါဆိုရင်တော့ ကြောက်ရမယ်။။ အချင်းချင်းက ပိုကြောက်ရတယ်..။

တင့်ထူးရွှေ said...

အပေါ်က အစ်မကြီးပြောတဲ့အတိုင်းပဲ :P :D :)

လင်းဒီပ said...

ဟုတ်တယ် ပိုးဟပ်တွေအများကြီး ဒီကိစ္စ ပေါ့လို့မဖြစ်..
စိတ်ဂယောက်ဂယက်နဲ့လျှောက်ပြေး..မှန်တစ်ခုရှေ့ရပ်မိ..မှန်ထဲမှာ..ကိုယ်ကိုယ်တိုင်လည်း
ပိုးဟပ်တစ်ကောင်ဖြစ်သွား...

ရွှန်းမီ said...

:-) ရော့ ပိုးသတ်ဆေး..
သတိ.. လူကို မထိစေနဲ့။

ရိုးမြင့်အောင် said...

ပိုးဟပ်တွေက အလည်သားဗျ... ကျုပ်တို့ မှီအောင် လိုက်ဖမ်းရလိမ့်မယ်... အဟတ်ဟတ်

SoeMoe said...

ကြောက်ကြောက်နဲ့ ပိုးဟပ်ကဗျာလာဖတ်ပါတယ်အစ်ကို

Unknown said...

အကုန် မြည်းပြစ်မယ်ကွာ...။ ကြာတယ်..။

Anonymous said...

ဦးကြွက်ကြီးက လည်း ကြွက်ကလေးတို့ က ပိုးဟပ်မှမဟုတ်တာ နော့်လေး) ကြွက်ဂိုဏ်းထောင်ထားတာ ကြာလှပြီးး မေ့နေတာလားး