27 September 2008

တစ္ဆေ

ဆံချည်မျှင်လေးနဲ့ ထိခတ်မိရုံနဲ့တင်
အလန့်တကြား ပေါက်ကွဲသွားနိုင်ပါတယ်
ဘ၀အရေခွံက ပါးလျနုနယ်လွန်းရဲ့လေ
ကံကြမ္မာက ကမ်းပေးလိုက်တိုင်း
ဓားရိုးက သားဘက်မှာရှိမနေခဲ့ပါဘူး
ရှိနေခဲ့မယ်ဆိုရင်လဲ
အဲဒီဓားရိုးကို မဖမ်းဆုပ်ချင်ပါဘူး
အခြားတစ်ဖက်ကိုလဲ မထိုးခုတ်ချင်ပါဘူး
သားကိုသာ ထိုးခုတ်သွားပါစေတော့
မကျွတ်မလွတ်ရင်လဲ နေပါစေတော့
ဒီဘ၀ဒီမျှသာ ရှိပါစေတော့
ယူနီဖောင်းဝတ်ပြီး ကဗျာမရေးခဲ့ပါဘူး အမေရယ်
ရိုးသားခြင်းဝတ်ရုံကိုခြုံပြီး ကဗျာရေးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်
သားကဗျာတွေထဲမှာ မောက်မာခက်ထန်ခဲ့တယ်ဆိုရင်
အနုပညာအလွဲသုံးစားမှုနဲ့ သားကိုဒဏ်ခတ်လိုက်ပါတော့
သားကဗျာတွေကို စုတ်ဖြဲပစ်လိုက်ပါတော့
ကဗျာလေးတွေစုတ်ပြဲသွားပြီဆိုရင်ပဲ
အရှင်လတ်လတ်သေသွားမဲ့ကောင်ရယ်ပါ
ဒီအိမ်အိုကြီးကိုမှ
သားက စွဲစွဲလမ်းလမ်းချစ်နေရတာပါ အမေရယ်..။

ညိမ်းညို

17 comments:

Unknown said...

ဆံချည်မျှင်လေးနဲ့ ထိခတ်မိရုံနဲ့တင်
အလန့်တကြား ပေါက်ကွဲသွားနိုင်ပါတယ်
နုလိုက်တဲ့ကဗျာလေး
ကဗျာတစ္ဆေကြီးဆက်လက်ပြီးကဗျာတွေရေးဖွဲ့ နိုင်ပါစေ
အမြဲတမ်းအားပေးနေမယ်

pandora said...

အဲဒီဓားရိုးကို မဖမ်းဆုပ်ချင်ပါဘူး
အခြားတစ်ဖက်ကိုလဲ မထိုးခုတ်ချင်ပါဘူး
....

ယူနီဖောင်းဝတ်ပြီး ကဗျာမရေးခဲ့ပါဘူး အမေရယ်
ရိုးသားခြင်းဝတ်ရုံကိုခြုံပြီး ကဗျာရေးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်
....

ယုံကြည်ပါတယ် ညိမ်းညိုရယ်။ သိပ်ပေါက်ကွဲမနေပါနဲ့။ တစ္ဆေလည်း အချိန်တန်ရင် ကျွတ်လွတ်သွားမှာပါ။ ကဗျာတွေ ဘုံထုတ် ချခင်းမယ့် ငြိမ်းချမ်းခြင်းလမ်းကို စိတ်ကူးယဉ်လို့တော့ ရမယ် ထင်တာပဲ။

မွန် said...

ဟိုအရင်ကဗျာကြောင့် ဒီကဗျာရေးတယ်ထင်တယ် ကဗျာကောင်းတွေ ရေးနေတဲ့ ကဗျာဆရာ ဘာပဲဝတ်ရေးရေး ကဗျာရေးတဲ့သူဟာ ကဗျာဆရာပါပဲ ကဗျာတွေထဲမှာ ဝိဥာဉ်တွေကိန်းအောင်းနေသရွေ့ မကျွတ်မလွတ်လဲ ကဗျာတစ္ဆေပဲ ဖြစ်နေပါစေတော့လေ

အိုင်လွယ်ပန် said...

ဘာတွေဖြစ်နေတာတုန်းအစ်ကိုရ.....
ဘာဝတ်ဝတ်ပါ.....နှလုံးသားနဲ့ရေးနေတာပဲလေ...
အမြဲအားပေးလျှက်ပါအစ်ကို......

Unknown said...

နယ်ရေ အဆင်ပြေရဲ့လား ဘာတွေဖြစ်နေလည်း ကဗျာဖတ်ရတာစိတ်မကောင်းဘူး ကိုတင့်ကတော့ဒီဇင်ဘာမှာဆုံမယ်တဲ့ အားခဲထားတယ်နယ် နယ်ကောလာမယ်ဟုတ် အဆင်ပြေပါစေနယ် :)

Anonymous said...

ညိမ်းညိုရေ .. ခုတလော ပေါက်ကွဲသံတွေ များနေပါလား ။ မပန်ပြောခဲ့တဲ့ နှစ်ကြောင်းကိုလည်း ယုံကြည်ပြီးသားပါ ။

Anonymous said...

ကဗျာဆရာ ဘယ်သူလဲစိတ်မ၀င်စားဘူး ကဗျာကိုဖန်တီးတဲ့ သူ့ ရဲ့စိတ်ဝိညဉ်တွေကိုပဲစိတ်ဝင်စားတာ ဒဏ်မခတ်ပါဘူးဗျာ ဘယ်သူတွေဘာပြောပြော ရိုးသားခြင်းဝတ်ရုံနဲ့  ကဗျာဆရာလေးကို ကျနော်တို့ က ထာဝရလေးစားလျှက်ပါ ပေါက်ကွဲမှုတွေ အခုရက်ပိုင်းတော်တော်များနေကြတယ်း)

Kaung Kin Ko said...

ရိုးသားခြင်းဝတ်ရုံကို ခြုံထားတဲ့ ညီလေး ကဗျာတွေ အများကြီးရေးနိုင်ပါစေ။

thihanyein said...

ဘိုညိမ်းရေ ကြိုက်တယ်ဗျာ
ခင်ဗျားကဗျာတွေဖတ်ရတာ အားရှိတယ်ဗျ
အားပေးတယ်ဗျို့ အားပေးတယ်

စိုင်းလောဝ်ပိန်း said...

ကိုညိမ်းညိုရေ ... ဘာပဲဖြစ်ဖြစ် အားပေးနေတယ်ဗျာ ... ရိုးသားခြင်းဝတ်ရုံကို ခြုံလျှက်ဆိုတာ ယုံတယ်ဗျာ

မင်းကျန်စစ်။ said...

ဆြာညိမ်းရေ မျက်ဖြေလင်္ကာလေးလားဟ။

ရိုးမြင့်အောင် said...

ယူနီဖောင်းဝတ်ပြီး ကဗျာမရေးခဲ့ပါဘူး အမေရယ်
ရိုးသားခြင်းဝတ်ရုံကိုခြုံပြီး ကဗျာရေးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်..

နားလည်ပါတယ် ဆြာညိမ်းရာ... တကယ်ကို နားလည်ပါတယ်...

Unknown said...

ဘယ်ဝတ်ရုံပဲ ခြုံခြုံ ကဗျာဆရာဟာ ကဗျာဆရာပဲ...။ နောက်ထပ်သေချာတာ တစ်ခုကတော့ ကဗျာချစ်သူတွေကလည်း ကဗျာဆရာရဲ့ ရင်ဘတ်တစ်ခုထဲကို ကြည့်တယ် ဆိုတာပဲ...။ ဆက်လျှောက်သူငယ်ချင်း...။

SoeMoe said...

ကဗျာတွေရေးနိုင်တဲ့ကဗျာဝိဥာဉ်တွေကိန်းအောင်းနေတဲ့
အစ်ကို..ကိုလေးစားမိတယ်.။

Mhu Darye said...

I have read this artry...
over and over and over again...
One of my fav...
:)

Unknown said...

ဒီကဗျာကိုတကယ်ကြိုက်တယ်..

လုလင်ငယ်သွေး said...

တစ်ခါတစ်လေမှာ ဓားရိုးကမ်းမယ့်လက်တွေကို ခါထုတ်ချင်တာ။ တစ်ဖက်ကိုလည်း ဒုတ်နဲ့ တော့ ရိုက်ချင်သေးတာ။ ယူနီဖောင်းဝတ်က မဆိုင်ပါဘူး။ ကိုယ့်ကိုယ်ကို သိနေဖို့ ၊ အခြေအနေမှန်ကို သဘောပေါက်ဖို့ ပဲ လိုတာပါ။ ကျွန်တော်နဲ့ ဘ၀တူပါပဲ။ သဘောပေါက်မှာပါ။