21 September 2008

ပုံဆောင်ခဲများ

ပုဂ္ဂိုလ်ခင်၍ တရားမမင်ခဲ့ပါ
တရားကိုမင်၍ ပုဂ္ဂိုလ်ခင်ခဲ့ပါသည်
တဖန် တရားမမင်သော်ငြား ပုဂ္ဂိုလ်ခင်ချင်ခင်ပါမည်
ပုဂ္ဂိုလ်မခင်သော်ငြား တရားကိုလဲ မင်ချင်မင်ပါမည်။

အနုပညာသည် ပြည်သူအတွက်
အနုပညာသည် အနုပညာအတွက်
အနုပညာသည် ဘာအတွက်မှမဟုတ်
အနုပညာသည် အရာအားလုံးအတွက်
ထိုသဘောတရားလေးမျိုးနှင့်
ထို့ထက်ပိုသော ကျန်သဘောတရားများအားလုံးအတွက်
လွတ်လပ်မျှတစွာ အသင့်အတင့်နှလုံးသွင်းတတ်လိုပါသည်။

မြစ်ကျဉ်းတစ်နေရာမှကြည့်၍
ဧရာဝတီကို ရေစီးသန်လှသည်၊ ကြမ်းတမ်းလှသည်ဟု မဆိုချင်ပါ။
ဒိုက်သရောတို့ကိုကြည့်၍
ဧရာဝတီညစ်ပတ်နေပြီဟု မစွပ်စွဲလိုပါ။
ကျယ်ပြန့်သောသဲသောင်၊ တည်ငြိမ်သောရေစီးနှင့်
လတ်ဆတ်ဝဖီးနေသော နုန်းမြေနုစိုက်ကွင်းစိုက်ကွက်များကို တ၀ကြီးငေးမော၍
ဧရာဝတီ၏ အသုံးဝင်မှုတန်ဖိုးနှင့် အိနြေ္ဒကြီးမားသော အလှတရားကို
တဆုံးတဖျား ရူးသွပ်ချင်ပါသည်။

ရပ်၍လည်း မနေချင်ပါ
ပြေး၍လည်းမနေချင်ပါ
အဆိုးဆုံးမှာ ပြိုင်ဆိုင်၍ မနေချင်ပါ
ဆရာမောင်ချောနွယ်ကို အားကျပါသည်
မာယာကော့စကီးကို အားကျပါသည်
ကိုခင်ဝမ်းကို အားကျပါသည်
ဗန်ဂိုးကို အားကျပါသည်
နယ်ပယ်ကဏ္ဍအသီးသီးမှာ
အားကျလေးစားရသော ပုဂ္ဂိုလ်ပေါင်းများစွာရှိပါသည်
သို့သော်
ညိမ်းညိုသည် ညိမ်းညိုစစ်စစ်ဖြစ်ခဲ့လျှင်ပဲ ကျေနပ်ပါသည်။

ကိုယ်နှင့်မတူ ရန်သူဟုယူဆလျှင်
နောက်ဆုံး ကမ္ဘာကြီးပေါ်တွင် ကိုယ်တယောက်တည်း ကျန်ခဲ့လျှင်ပင်
ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် ရန်သူဖြစ်နေဦးမည်ထင်ပါသည်။

ဖြစ်ပြီးတိုင်း ပျက်ရမယ်ဆိုမှဖြင့်
ဒီကဗျာကို ကျနော်ရေးမနေတော့ပါ
တည်တံ့နေဦးမည့် ကြားကာလကလေးလဲ
ရှိမည်ဟု ထင်ပါသည်။
(တရားသဘောကို စစ်ကြောရန်မရည်ရွယ်ပါ)

အခြားသူတစ်ဦးတစ်ယောက်နှင့် နှိုင်းယှဉ်ပြောဆိုခြင်းခံရအောင်
လူသည် ကုန်ပစ္စည်းမဟုတ်ဟု ထင်ပါသည်
ဟုတ်သည်ဟု ယူဆလျှင်
လူတကိုယ်စာဆန့်သည့် ချိန်ခွင်အကြီးကြီးများ ထုတ်လုပ်ပေးစေချင်ပါသည်။
(နှိုင်းယှဉ်သမှုပြုကြသော ပုဂ္ဂိုလ်များကို မလိုအပ်ဘဲ အပန်းမကြီးစေချင်ပါ)

ဖန်တီးမှုက ရှေ့ကသွားသည်
ခွဲခြမ်းစိတ်ဖြာမှု၊ သုံးသပ်မှု(သီဝရီ)က နောက်ကလိုက်သည်
ထိုသို့ပင် အစဉ်တစိုက်ရှိခဲ့ပါသည်
ခွဲခြမ်းစိတ်ဖြာမှု၊ သုံးသပ်မှု(သီဝရီ)က ရှေ့ကသွားသည်
ဖန်တီးမှုက နောက်ကလိုက်သည် ဟု
တစ်စုံတစ်ယောက်က သို့မဟုတ် အချိန်ကာလတခုခုက ထုတ်ဖော်ပြောဆိုလာခဲ့သော်
အသာတကြည် ခေါင်းညိမ့်နိုင်ပါသည်
ညိမ်းညိုသည် မင်းတုပ်အားလုံးဖြုတ်ထားသော ခပ်ညံ့ညံ့ဦးခေါင်းတလုံးကို ပိုင်ဆိုင်သူဖြစ်ပါသည်။

ချီးကျူးခံရခြင်းသည် ကောင်းပါသည်၊ ထို့ကြောင့် နှစ်လိုစွာ လက်ခံပါသည်
အဆဲခံရခြင်းသည် မကောင်းပါ၊ သို့သော် နှစ်လိုစွာ လက်ခံပါသည်
တစ်ပါးသူရဲ့ ပါးစပ်ပေါက်ကျဉ်းကျဉ်းလေးထဲမှာ
ကိုယ့်ဘ၀တစ်ခုလုံးကို ပစ်ထည့်မထားပေးနိုင်ပါ။

ပညာတတ်ခြင်းသည် ကောက်ကျစ်ဖို့မဟုတ်ပါ
အတွေးအမြင်ကျယ်ပြန့်ခြင်းသည် ဆင်ခြေလှလှပေးတတ်ဖို့မဟုတ်ပါ
ကလောင်သွားသည် ဓားသွားထက် ထက်ပါသည်
တစ်ဖက်လူကို ထိုးခုတ်မျိုးဖြုတ်ဖို့တော့ ဟုတ်မယ်မထင်ပါ။

အပြောကောင်းဖို့မလို၊ အကောင်းပြောဖို့ လိုသည်
လူငယ်စိတ်ဖြင့် တချိန်က နားယောင်ခဲ့ဖူးသည်
အကောင်းလဲပြော၊ အပြောလဲကောင်း
ထိုသို့ဆိုလျှင် ပို၍ကောင်းမည်ထင်ပါသည်

မုန့်ကျွေး၍ မနှစ်သိမ့်လိုပါ
ကိုယ်တိုင်လည်း ဘုမသိဘမသိနှင့် မုန့်ကျွေး၍ နှစ်သိမ့်မခံလိုပါ
အခြေအနေကို ဂဃနဏ သိလိုပါသည်
ထိုသို့ နှစ်သက်ကျေနပ်စွာ သိရလျှင်
ကျောတစ်ရာရင်တစ်ရာခတ်၍ မြိုင်ရပ်သို့နှင်လိုကနှင်
ပျော်ပျော်ရွှင်ရွှင် သွားပါမည်။

လေယာဉ်ပျံကြီးစီးရတာ ကောင်းလှပါသည်
ခရီးလမ်းပန်း ချောမွေ့မြန်ဆန်ခဲ့ပါသည်
ထိုသို့ဖြစ်ရုံမျှနှင့်
လှည်း၊ လှေအပေါင်းကို ထုထောင်းပုတ်ခတ်မပြုလိုပါ။

မရှိသောစည်းများ၊ မရှိသောဘောင်များကို ပင်ပန်းတကြီးခဲကတ်ရှာဖွေ၍
ဝင်းတွေခြံတွေ ပြုလုပ်နေကြပါသည်
ဂလိုဘယ်လိုက်ဇေးရှင်း ဆိုသောစကားလုံးကြီးကို
တခါတခါ ဟက်ဟက်ပက်ပက် ရယ်မောပစ်လိုက်ချင်ပါသည်။

သမ္မတကြီးခေါင်းကိုက်ခြင်းသည်
ဆိုက်ကားသမားကိုတင်ကြည် ခေါင်းကိုက်ခြင်းနှင့်
ရောဂါအမျိုးအစား တူညီပါသည်
ကုထုံးမှာကား မတူညီပါ။

ဘယ်သူမရှိလို့မှ ဘာမှမဖြစ်ပါ
မတော်မဆဖြစ်ရပ်များသည်
မတော်မတရားဖြစ်မသွားဖို့ အရေးကြီးပါသည်။

သူတစ်ပါးလက်မောင်းပေါ်
ခေါင်းအုန်းနေရသော အချိန်အခါမို့ အားငယ်ဖို့မလိုပါ
ကိုယ့်လက်မောင်းပေါ်
သူတစ်ပါးခေါင်းအုန်းနေသော အခြေအနေမို့လဲ မာန်တက်ဖို့မလိုပါ
လောကပါလတရားသည်
စာရွက်ပေါ်မှာရေးထားသော မစားရ၀ခမန်းသြ၀ါဒကြီးများထက်
ပို၍ ချိုမြိန်ပါသည်။

မျက်မှန်စိမ်းတပ်ထားမှ မဟုတ်ပါ
အချို့သော ကာလာဘလိုင်းတို့သည်
ညိုမွဲခြောက်သွေ့နေသောအရောင်ကို အစိမ်းရောင်ဟုမြင်တတ်ကြပြီး
စိမ်းစိုသစ်လွင်သောအရောင်ကို ညိုမွဲခြောက်သွေ့နေသည်ဟု မြင်တတ်လေ့ရှိပါသည်။

မြန်မာဖြစ်ရသောကြောင့် (အချို့ပုဂ္ဂိုလ်များခံစားနေရသလို) ထူးပြီးမရှက်မိပါ
ထူးပြီးလဲ ဂုဏ်မယူမိပါ
လူမျိုးအားလုံး၊ လူသားမျိုးနွယ်စုအားလုံး
တူညီသောအရည်အသွေး၊
တူညီသော လူ့ဂုဏ်သိက္ခာရှိသည်ဟု စွဲမှတ်ယုံကြည်ပါသည်
ကျောက်ဖြစ်ရုပ်ကြွင်းတွေ၊ အမှတ်အသားတွေ
ဘယ်တိုင်းပြည်က ပိုရှေးကျပြီး တွေ့ရသည်ဖြစ်စေ၊ မတွေ့ရသည်ဖြစ်စေ
ဘယ်နေရာက လူအဖြစ်ကို စတင်တွေ့ရှိသည်ပဲဖြစ်စေ
လူမျိုးတစ်မျိုးဖြစ်ရခြင်းအပေါ် ရှက်ခြင်းမရှက်ခြင်း သက်ရောက်မည်မထင်ပါ
မြန်မာလူမျိုးတစ်မျိုးလုံးယဉ်ကျေးနေစေ
ညိမ်းညိုမိုက်ရိုင်းလျှင် ညိမ်းညိုမိုက်ရိုင်းသည်သာ ဖြစ်ပါမည်
မြန်မာလူမျိုးဟုဆိုလိုက်ရုံနှင့်
ညိမ်းညို၏မိုက်ရိုင်းမှုသည် ရောယောင်၍ ယဉ်ကျေးသွားမည်မဟုတ်ပါ
ဘ၀တစ်ခုအတွက် လူမျိုးတစ်မျိုး၏ အရေခွံကို
နှစ်၁၀၀ထက် ပိုခြုံထားချင်၍ ရမည်မထင်ပါ။

ဂိုဏ်းဂဏများဖွဲ့၍လည်း အနုပညာကို မတူးဆွလိုပါ
အယူမှားရှာပြီဆိုလျှင်လည်း
ဒီတစ်သက် အနုပညာမရဘဲ နေရပါတော့မည်။

ပြေးလမ်းကြောင်းများ ကိုယ်စီရှိပြီးဖြစ်ပါသည်
ခြေထိုးခံဖို့တွေးမိလျှင်ပဲ တွေးမိသည့်ဦးခေါင်းကို
ခြောက်ပေါင်တူနှင့် ပြားနေအောင်ထုပစ်လိုက်ဖို့ ကောင်းပါသည်။

အရိုးထုတ်ပါ၊ အရေစုတ်ပါ၊ အသားနွှာပါ
ဝိညာဉ်ကိုရပြီဟု မဆိုပါနှင့်။

ညိမ်းညို

24 comments:

Unknown said...

ညိမ်းညိုသည် မင်းတုပ်အားလုံးဖြုတ်ထားသော ခပ်ညံ့ညံ့ဦးခေါင်းတလုံးကို ပိုင်ဆိုင်သူဖြစ်ပါသည်။
မယုံဘူး..။
ကေအိုအရမ်းကောင်းတယ်ကဗျာလေးအားပေးနေမယ်.။

Anonymous said...

ညိမ်းညိုသည် ၀၀တုတ်တုတ် အသားဖြူဖြူ ပါးဖောင်ဖောင်း ကဗျာရေးတော်သူ ဗိုက်ပူပူ မျက်လုံးကျဉ်းကျဉ်း နှင့် မမကေ ဘဲဘဲကြီး ဖြစ်ပါသည် ဟီးဟီး မှန်ရင်မုန့် ကျွေး မမှန်ရင် ပိုက်ပိုက်ပေး :P

mgngal said...

ကောင်းတယ်ဗျာ။ ဒီထက်ဘာမှပိုမပြောတတ်အောင်ပါပဲ။
အကြောင်းအရာ အာလုံးစုံလင်ပါပေတယ်။

နေချိုအေး said...

ကဗျာကြီးကခံစားစရာတွေ၊မှတ်သားစရာတွေ၊
ချည်းပါပဲဗျာ...တကယ်ကိုကောင်းတယ်ဗျာ....
သူငယ်ချင်းဘ၀အမောတွေပြေလျော့ပါစေ...

အိုင်လွယ်ပန် said...

အကြိုက်ဆုံးတစ်ပုဒ်ထပ်တိုးတာပေါ့အစ်ကိုရာ.....
ဟုတ်တယ်အစ်ကို....ဘယ်သူခေါင်းကိုက်ကိုက်
အတူတူပဲ......ကုထုံးတွေကသာမျက်နှာကြီးရာ
ဟင်းဖတ်ပါတာ.....မျက်နှာမကြီးချင်လဲနေပါအစ်ကိုရာ...
တစ်ခါတစ်ရံမှာ ဆားနဲ့လွေးတာလဲဟင်းဖတ်ထပ်
အများကြီးအရသာရှိပါတယ်......ပျော်ရွှင်ချမ်းမြေ့ပါစေ
အစ်ကိုရေ....

Thargyi(Gyobingauk) said...

သမ္မတကြီးခေါင်းကိုက်ခြင်းသည်
ဆိုက်ကားသမားကိုတင်ကြည် ခေါင်းကိုက်ခြင်းနှင့်
ရောဂါအမျိုးအစား တူညီပါသည်
ကုထုံးမှာကား မတူညီပါ။

အရမ်းကောင်းတဲ့နိုင်းယှဉ်မှုပါ ကိုငြိမ်းညို..

သမ္မတကြီးရဲ့ တွေးခေါ်မှုပုံစံသည်လည်း
သာမာန်လူ တစ်ယောက်ရဲ့တွေးခေါ်ပုံလုံးဝမဖြစ်သင့်
ဆိုတာကိုထင်ထင်ရှားရှားမြင်စေပါတယ် ကိုငြိမ်းညို

ထိပေ့သျှင် said...

ငါ့ အကြိုက်ဆုံး ကဗျာ တစ်ပုဒ်ပါပဲ၊ အတွေးတွေ စိတ်ဓါတ်တွေ တစ်ထပ်ထဲပဲ နယ်သားရေ။ စကားလုံး တိုင်းက အတွေးတစ်ခု ရစေတယ်။

Unknown said...

ကောင်းတယ်ဆိုတဲ့စကားထက်ကို အဆပေါင်းများစွာ မြင့်မြတ်တဲ့ ကဗျာတစ်ပုဒ်ပဲ သူငယ်ချင်း။ အနှစ်သာရလဲရှိ အဓိပ္ပါယ်တွေက လည်းခန့်ညားလွန်းတယ်ကွာ...။ လေးစားပါတယ် သူငယ်ချင်းရာ....။

လင်းဦး(စိတ်ပညာ) said...

ညီရေ... ဒီကဗျာကို မှတ်တမ်းတင်ထားလိုက်ပါပြီ ။ ကိုယ့် အခြားသော စာရေးဆ၇ာများကို ပြပြီးပါပြီ.

Kaung Kin Ko said...

ကောင်းလိုက်တဲ့ ကဗျာလေး ညီရာ။ ဖတ်ဖူးသမျှထဲက အကြိုက်ဆုံး ကဗျာထဲမှာ ပါတယ်။ အပိုဒ်တိုင်းက ထိ လွန်းလို့ အကြိုက်ဆုံး အပိုဒ်တောင် ရွေးရခက်တယ်။ အတွေးအခေါ်တွေ အမှန်တရားတွေနဲ့ ပြည့်နှက်နေတဲ့ ကဗျာတစ်ပုဒ်ပေါ့။ အနှစ်နှစ် အလလထဲ က ရင်ထဲမှာ ပေါင်းထားတဲ့ ကဗျာတစ်ပုဒ်ပဲ ဖြစ်ရမယ်။

ဖြိုးငယ် said...

ဘာပြောရမှန်း မသိတော့အောင်ပဲ ညိမ်းညိုရေ ..
အံ့မခန်းပါပဲဗျာ .. အရာအားလုံးအဆင်ပြေပါစေဗျာ

အညာသား said...

ချီးကျူးပါတယ် ဆြာငြိမ်း။
ကဗျာတစ်ပုဒ်လုံးကောင်းတယ်။

thihanyein said...

ဘိုညိမ်းရေ ကဗျာတွေကတော့
တက်ပြီးရင်းတက်နေတာပဲဗျ

Thet Htoo@Myat Lone said...

လာရောက် အားပေး ခံစားသွားပါတယ်ခင်ဗျာ။ အတွေးရော အရေးရော ကောင်းတော့ ကဗျာရေးဖို့တောင် မရေးရဲတော့ဘူး။ :)

may said...

ကဗျာရှည်ကြီးရေးနိုင်အောင်တွေးမိတဲ့
ကဗျာဆရာရဲ့ ဦးခေါင်းကိုဘဲလေးစားပါတယ်
အစ်ကိုရေးတဲ့ကဗျာတွေကိုထာဝရအားပေးချင်ပါတယ်

Mhaw Sayar said...

သိပ်ကောင်းတဲ့ ကဗျာ တစ်ပုဒ်ပဲ ညီ... (ဘာပြောရမလဲ မသိတော့ ဒီစကားချည်းပဲ လှိမ့်ပြောနေရတော့တာပဲ.. :) စကားလုံးတွေ ရှားပါ့ ညီရာ)

pandora said...

ပေါက်ကွဲနေတာများလား
အသစ်တွေ ထပ်ရေးဦး

SoeMoe said...

ကဗျာရှည်ကြီးကိုအားကျစွာဖတ်သွားပါတယ်..
ဘာလိုပုံစံရေးရေးကဗျာတွေကကောင်းနေတာဘဲ
အားကျတယ်..ကဗျာအသစ်တွေကိုစောင့်မျှော်နေကြောင်း
ပျော်ရွှင်ပါစေအစ်ကို

SoeMoe said...

ပုံဆောင်ခဲဆိုတော့အဆက်တွေရေးနိုင်သေးတာပေါ့နော်။

Anonymous said...

ကြိုက်တယ်ဗျာ ... ကဗျာဝါသနာမပါတဲ့ကျနော်တောင် အစဆုံးကောင်းကောင်းဖတ်ဖြစ်တယ်... ဆက်ရေးပါဦး

Unknown said...

ကောင်းတယ်ရှင်ဒီလိုအတွေးကောင်းတဲ့ကဗျာဝိညဉ်ပိုင်ရှင်
ကိုညိမ်းညိုကဗျာတွေဆက်လက်ရေးဖွဲ့ နိုင်ပါစေ..။

ရိုးမြင့်အောင် said...

ဆြာညိမ်း... ကောင်း၏လို့ ရောက်တိုင်းပြောနေရတယ်ဗျာ... ကောင်းတယ်ဆိုတာထက်ကောင်းတဲ့ စကားလုံးလေးရှိရင် ခင်ဗျားကဗျာထဲမှာ မသုံးပဲ ကျွန်တော့်ကိုပေးစမ်းပါ.... ခင်ဗျားကို ချီးကျူးတဲ့နေရာမှာ သုံးချင်လို့... တကယ်ကို ဂွတ်ထပဲဗျာ...

Layma said...

အထက်တန်း မြန်မာစာ သင်ရိုးမှာ ဒီကဗျာထည့်သင့်တယ်..။

Mhu Darye said...

I don't know what to say. I simply loved this poem.... think I found another poet in my fav list... keep on.... ^_^