6 September 2008

အမာရွတ်နဲ့လူ



အမာရွတ်နဲ့လူ

ကျလောက်အောင်ပြောတိုင်း
အလွယ်မယုံတတ်တာ ဖက်ရှင်တစ်မျိုးဆိုရင်
အဲဒါ ဒီလူရဲ့မွေးရာပါအမှတ်တံဆိပ်။

ဒီလူကပြောတယ်
မျက်ခုံးမွှေးတကာပေါ်စင်္ကြန်လျှောက်
ခြေဖျားလေးထောက်ထောက်ပြီးရပ်နေတတ်သော ငနဲသားများကို
မင်းတို့ဖြဲခြောက်သမျှဟန် ကျွဲခလောက်ကအသံသာသာရယ်တဲ့လေ
ဒီလူက ကဗျာရေးနေတဲ့ကောင်
ငကြောက်မဟုတ်ဘူး။

ကဗျာဆရာဆိုတာ
အစီးအပိုးများတဲ့ကံကြမ္မာမေးရိုးကို ကိုယ့်လက်သီးနဲ့ကိုယ်ထိုး
ရိုးသားဖို့အကြောင်းတစ်ခုကိုပဲ အထပ်ထပ်ထုံးဖွဲ့လို့
ရို့ရို့ကျိုးကျိုး ရဲရင့်ကြသူတွေဖြစ်တယ်
လူတန်းစားမြေပြန့်လွင်ပြင်မှာ
လောကပါလသီးပင်စားပင်တို့ လှိုင်လှိုင်ကြီးသီးပွင့်ဝေဆာစေ..
ကဗျာထွန်သွားဖွေးဖွေးနဲ့ ထယ်ရေးညက်စေသူတွေလဲဖြစ်ရဲ့...။

ကွဲလွဲရင်းပေါင်းစည်း၊ ပေါင်းစည်းရင်းကွဲလွဲဖို့
အရောင်တွေဖျော့ထားပေးခဲ့တယ်
တစ်နေ့တစ်နေ့ ထိပ်ပုတ်ခေါင်းပုတ်အလုပ်ခံရတာပဲအဖတ်တင်
သိပ်တော့ မနိပ်ဘူး
ဘိုတင့်ရေ…သူငယ်ချင်းရေ
မင်းအိမ်လေး အဆင်တန်ဆာတွေမစုံလင်တော့တာကို ငါဝမ်းနည်းတယ်
မင်းကဗျာတိုင်းမှာ အရိပ်အယောင်တွေပက်ဖျန်းခွင့်မရှိတော့တာကို နှမျောတယ်
သူငယ်ချင်းရေ ဘိုတင့်ရေ…
ဒီကနေ့ပေါ့ အခုပေါ့
မင်းသူငယ်ချင်းညိမ်းညိုကလေ
ရင့်ရာကနေ မာကျောလာရတာကို ကြိုက်တယ်တဲ့
ဒီလူ အခုတလော သိပ်ရင့်နေတယ်
လူအဖြစ်ရှင်သန်နေတယ်ဆိုတဲ့ သက်သေပြချက်ထဲမှာ
အဲဒီ မာန်ကလေးကလဲ တစ်ချို့တစ်စိတ်ပါနေသေးထင်ပါရဲ့ဘိုတင့်ရာ…။

ကဲ…ပြော
ကိုယ့်ဘ၀ကိုယ်မီးမြှိုက်ပြီး ကဗျာနဲ့ဘယ်သူပျော်ပါးရဲသလဲ
လန်ထွက်ပျံတက်နေတယ်ဆိုရင်
အနုပညာဝမ်းတွင်းစုန်းနဲ့
ငါ့တစ်ကိုယ်လုံး ပြာကျသွားအောင် ပြုစားခဲ့
ပလိန်းကြီးတော့ မလုပ်နဲ့
"ငါ့ဘ၀ငါ့ကမ္ဘာမှာ ငါ့အဘိဓမ္မာနဲ့ ငါနေတယ်"

ညိမ်းညို

18 comments:

Unknown said...

ကဗျာဆရာပေါက်ကွဲနေပါလား..
ကြောက်တောင်ကြောက်လာပြီ..
လန်ထွက်ပျံတက်နေပါလား..
ကဗျာနဲ့ ပျော်ပါးနေတဲ့ကေ့ ကဗျာဆရာပျော်ရွှင်ချမ်းမြေ့ ပါစေနော်..။
:)

သက်ထွန်းညိမ်း said...

ဘိုညိမ်းရေ ...ခင်ဗျားကဗျာတွေဖတ်ရတာ အရသာရှိတယ်ဗျာ မိုက်တယ် ..ငါ့ဘ၀ငါ့ကမ္ဘာမှာ ငါ့အဘိဓမ္မာနဲ့ ငါနေတယ်"အဲဒီစာကြောင်းကို အကြိုက်ဆုံးပဲ တစ်ကယ်ကောင်းတယ်ဗျာ..
ကျောင်းတော်ကြီးနဲ့လည်းအဆင်ပြေပါစေဘိုညိမ်းရေ....

Anonymous said...

မနက်ကပဲ ကိုတင့်အိမ်ရောက်သေးတယ် ဆီပုံးလည်းမတွေ ပို့ စ်မှာလည်း ကော့မန့် ရေးမရတော့ စိတ်ထဲမကောင်းဘူးး အဆင်တန်ဆာတွေမစုံလင်တော့ပေမယ့် ထာဝရ အားပေးနေမယ်။ ကိုတင့်ရေ့ ကိုညိမ်းညိုလို ရင့်လိုက်စမ်းပါဗျ ဘေးကနေ အပင်ရင့်ရင့်ဖြစ်ဖို့ အတွက် ကျနော်တို့  ရေ၀ိုင်းလောင်းပေးမယ် ...................။သူငယ်ချင်း နှစ်ယောက်လုံးအဆင်ပြေပါစေဗျာ။

Mhaw Sayar said...

ကောင်းလွန်းတယ် ဆိုတာထက် ကို ပိုကောင်းနေတဲ့ ကဗျာ တစ်ပုဒ်ပဲ ဘိုညိမ်းရေ..

အဲဒီကဗျာ ကို အဲဒီ အမာရွတ်နဲ့ လူတွေပဲ ကောင်းကောင်းနားလည်ကြလိမ့်မယ်.။
အမာရွတ်ရှိခဲ့ပြီ ဆိုမှတော့ အမှတ်အသားတွေလည်း ကျန်ခဲ့ပြီပေါ့ ဘိုညိမ်းရာ။

ထိပေ့သျှင် said...

"ငါ့ဘ၀ငါ့ကမ္ဘာမှာ ငါ့အဘိဓမ္မာနဲ့ ငါနေတယ်"


ကောင်းလိုက်တဲ့ စာသား၊ တစ်သက်လုံး မှတ်ထားမယ်။

နေချိုအေး said...

ကောင်းလွန်းလှပါတယ်..ကဗျာက..
သူငယ်ချင်း..ဘ၀အမောတွေပြေလျော့ပါစေ

Unknown said...

ကြိုက်တယ်...အဲဒီလိုအရေးအသားလေးတွေ...အားပေးနေတယ်အစ်ကိုရေ...ပျော်ရွှင်ပါစေ...

mgngal said...

မင်းအိမ်လေး အဆင်တန်ဆာတွေမစုံလင်တော့တာကို ငါဝမ်းနည်းတယ်
မင်းကဗျာတိုင်းမှာ အရိပ်အယောင်တွေပက်ဖျန်းခွင့်မရှိတော့တာကို နှမျောတယ်။

ဟုတ်တယ် ညီလည်း မနေ့ ကမှ သတိထားမိတာ ။မမိုက်ဘူး
ဗျာ ။ဂါဂါ က။:(

SoeMoe said...

အနုပညာဝမ်းတွင်းစုန်းနဲ့
ငါ့တစ်ကိုယ်လုံး ပြာကျသွားအောင် ပြုစားခဲ့
ပလိန်းကြီးတော့ မလုပ်နဲ့
"ငါ့ဘ၀ငါ့ကမ္ဘာမှာ ငါ့အဘိဓမ္မာနဲ့ ငါနေတယ်"
အဲလိုအရေးသားတွေကိုအားကျနေတာ..
ဂွတ်ရှယ်ဘဲ..
:P

Anonymous said...

ဆြာညိမ်း... ဒီလိုကဗျာ အသွားအလာလေးကို ကြိုက်တယ်ဗျာ... ဘိုတင်ရေ ဘိုညိမ်းရေ ငါ့တို့ဘဝ ငါတို့ ကမ္ဘာမှာ ငါတို့ အဘိဓမ္မာနဲ့ နေကြတာပေါ့... သို့သော် အမာရွတ်လေးတွေ ကိုယ်ဆီနဲ့ပေါ့... အဟတ်ဟတ်...

Unknown said...

ကောင်းမှကောင်းပဲ...
ငါ့ဘ၀ငါ့ကမ္ဘာမှာ ငါ့အဘိဓမ္မာနဲ့ ငါနေတယ်
မှတ်သွားပီဗျာ...:)

Layma said...

ဘိုတင့် အိမ်ဓါးမြ တိုက်ခံလိုက်ရတာလား...
ဘိုညိမ်း.. ဘိုတင့်... ခင်မင်စရာကောင်းတဲ့ ကဗျာဆရာတွေ ထိပ်ပုတ် ခေါင်းပုတ်.. ခံရရင်လည်း စိတ်မညစ်ပါနဲ့ .. လေးမကို လာတိုင်နော်..။
အရပ် ၆ ပေလောက်ရှည်အောင် လုပ်ထား.. ။

Apprenticeship said...

သြော်... ဒီလိုတွေကိုး တစ်ခါတစလေတော့လဲ အားလုံးနဲ့ သဟစာသဖြစ်အောင် ကိုယ်ပိုင်အခန်းတွေ ကိုထားခဲ့ပီး ဧည့်ခန်းမှာ အတူနေကြပေါ့ :D

လင်းဦး(စိတ်ပညာ) said...

ကဲ…ပြော
ကိုယ့်ဘ၀ကိုယ်မီးမြှိုက်ပြီး ကဗျာနဲ့ဘယ်သူပျော်ပါးရဲသလဲ
လန်ထွက်ပျံတက်နေတယ်ဆိုရင်
အနုပညာဝမ်းတွင်းစုန်းနဲ့
ငါ့တစ်ကိုယ်လုံး ပြာကျသွားအောင် ပြုစားခဲ့
ပလိန်းကြီးတော့ မလုပ်နဲ့
"ငါ့ဘ၀ငါ့ကမ္ဘာမှာ ငါ့အဘိဓမ္မာနဲ့ ငါနေတယ်"

ကောင်းလိုက်တဲ့ စာသားနဲ့ အတွေးပဲ ညီရေ.... ကြိုက်တယ်

Unknown said...

ညိမ်းညိုရေ...... ရေးထားတာ ကောင်းမှကောင်းဟ....
စလယ်ဆုံး အကုန်မိုက်.....
အကြိုက်တူတာတွေ သူများတွေ comment ရေးပြီးသားမို့
ရေးတော့ဘူး.......
ငါလဲ "ငါ့ဘ၀ငါ့ကမ္ဘာမှာ ငါ့အဘိဓမ္မာနဲ့ ငါနေတယ်"

Anonymous said...

ဒီကဗျာက စကားလုံးတွေ ခံစားချက်တွေကို ဖတ်သွားတယ် ညိမ်းညိုရေ ။ စကားလုံးတွေ စူးရှတာ ၊ ခံစားချက်ကို ရဲဝင့်စွာ ချပြထားတာတွက် ကြိုက်တယ် ။

မင်းကျန်စစ်။ said...

မာန်ပါလိုက်တာ ဆြာညိမ်းရာ။
အားတက်လာတယ်။ ဦးတင့်ဘာတွေဖြစ်နေမှန်း မသိပါဘူးဗျာ။

Unknown said...

"ငါ့ဘ၀ငါ့ကမ္ဘာမှာ ငါ့အဘိဓမ္မာနဲ့ ငါနေတယ်"
မိုက်တယ်ကဗျာဆရာရေ..။