20 December 2008

တရိပ်ရိပ် ပြေးတက်လာကြ၊ ယဉ်ကျေးသော စာမျက်နှာများပေါ်...

စိမ်းရွှေပုပ်အဲ့ လူသွားလမ်းကလေး...။ လေစကြာပင်တွေ တ၀ှီးဝှီး တိုးဝှေ့နေ၊ အထီးကျန်ငြင်းပယ်ခံရခြင်း သစ်သီးများ ယောင်ကိုင်းပြည်တည် ပုပ်ပွ။ မခွဲမစိတ် သွားနဲ့ဖိကိုက်ထားရသလို စိတ်မှာ အရာထင်ခဲ့၊ ကျနော် ကျမတို့ ရိုရိုကျိုးကျိုး တမိုးချုပ်ခဲ့ပြန်ရာ။ တနေ၀င်ခြင်းအမှုန်အမွှားများ ရွေ့ ပြီးရင်း...ရွေ့။ သက်ဆိုင်သူများ၊ မသက်ဆိုင်သူများ သံတုံးသံခဲတွေလို မာခဲအေးဆတ်။ ဆောင်းရဲ့ ပတ်ကြားအက်ကြီးတွေကြား စိမ့်အေးမှုက တစ်စက်စက်ယိုကျပြန်သေး။ လူသူလေးပါး ကင်းဝေးရာ၊ လူလိုသူလို မနေဖြစ်ကြရာ၊ လူတစ်လုံးသူတစ်လုံး အိပ်မက်များလဲ ထွင်းထုရာ။ စကားတွေ၊ တရားတွေ မကြာမကြာလွတ်ကျ/လွှတ်ချ၊ စကားတွေ၊ တရားတွေ မကြာမကြာ ပြန်ကောက်/ပြန်ဆယ်။ တစ်ယောက်တည်းနေတတ်ဖို့ တစ်ယောက်ယောက်ကို အော်ခေါ်။ မနိုင်ဝန်တွေကိုထမ်းထမ်းပြီးတော့ မနိုင်နိုင်ရာမဲ။ ကျန်ခဲ့ရ...၊ ကျပျောက်ခဲ့ရ... ကြေကွဲထိရှစွာ...။ အရိပ်တွေကတော့ ဟိတ်ဟန်ကောင်းစွာ။ အတောင်တစ်ဖက်ကျိုးနေတဲ့ ပျံလွှားငှက်ကလေးကို အားကျချစ်ခင်မိပါရဲ့။ စိတ်ကို ဆူးစူးမခံခဲ့ပုံ။ ဘိုးဘွားပိုင် ယာမြေကလေးကို တူးဆွကြည့်တော့ အိမ်အပြန်ညနေခင်းတွေက တွန့်ခေါက်မှုန်ဝါးဆဲလေ။ ခပ်ဆွေးဆွေး ချုပ်ရိုးတွေထဲ နလန်မထူနိုင်နေ့စွဲများ ရင့်သီးကွဲအက်၊ အာသီသပ၀ါနွမ်းလေး... ညိုမွဲဆွေးရီ။ နေသည် အရှေ့အရပ်မှ ထွက်မြဲ...။ သူတို့ တရိပ်ရိပ် ပြေးတက်လာကြပြီ။ ယဉ်ကျေးသော စာမျက်နှာများပေါ်...။

ညိမ်းညို

17 December 2008

၁၇၊ ဒီဇင်ဘာသို့ အလင်းစကား

- ရောင်နီဝင်းပြက် အရုဏ်တက်မှာ
ထွက်လာနေမင်း တင့်စေ့မယ်။

- ရာဇ၀င်တောင်တန်း တစ်ခေတ်ဆန်းမှာ
အောင်ပန်းလှိုင်လှိုင် ပွင့်စေ့မယ်။

- စိတ်ဝမ်းလက်ညီ ပြည်သစ်တည်ရာ
ချီကာကြွကြွ ညီညာဖြဖြ
လှသောဘ၀တွေ ပီစေ့မယ်။

- ၁၇၊ ဒီဇင်ဘာ
ချိန်ခါကျရောက် လေးနှစ်မြောက်မှာ
တောက်ကြွားရွှန်းဆို ညီအစ်ကိုတို့
ယို့ယို့ရိုကျိုး ပြည့်အကျိုးကို
ပျိုရွယ်နုဘိ စွမ်းသတ္တိနဲ့
မိုးထိခေါင်ဖျား တို့ကြိုးစားစို့
မားမားမတ်ခိုင် တည်စေ့မယ်။

- အိုဒီဇင်ဘာငဲ့ သင်သိရဲ့လား
ရိုးဂုဏ်ဖွေးလတ် စိတ်ထားမြတ်သော်
ဘယ်သူသတ်လို့ မသေတည်း။

ညိမ်းညို

16 December 2008

ရွာပုန်း

ယမ်းခိုးဝေေ၀
မီးတောက်တွေနဲ့
စစ်မိုးမစွေလိုက်ပါနဲ့နော်။

ချစ်ကြင်နှောင်ထွေး
ငြိမ်းချမ်းရေးနဲ့
ငါတို့ရွာလေး မတ်တပ်ရပ်ပါရစေဦးကွယ်။

ညိမ်းညို

12 December 2008

အဝေးလူ

ကွဲအက်ဆို့သီး ခရီးတစ်ထောက်
နာနာကျင်ကျင် ရောက်ခဲ့ပြီကွယ်။

စီရီပြွတ်သိပ် မြို့ ပြရိပ်ထဲ
ညလဲလင်းလင်း နေ့ခင်းပမာ
ဆန်ရင်းစုန်ကြ
ငါတော့ မပျော်လှပါဘူးကွယ်။

ခုနေမှာတော့...
လရောင်ခိုးဝှက် အိပ်ပျက်ညတို့
လမ်းစတစ်ဆုံး အမှောင်ဖုံးလဲ
မိုးရဲလို့ဆောင်းရဲ
ပြုံးနေရဦးမှာပဲကွယ်။

သူငယ်ချင်းတို့ရယ်
(ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော)
ချစ်ခင်သူနှင့် ကွေကွင်းရခြင်းဆင်းရဲ
ရင်ထဲမကောင်းလှပါဘူးကွယ်။

ညိမ်းညို

7 December 2008

သက်ငြိမ် ၂

ရိုးရိုးလေးပွင့်နေတဲ့ အလင်းရောင်အောက်
စိတ်တွေမှောင်ရမှာ ကြောက်တယ်အမေ
အစားထိုးအဖြေလွှာနဲ့ရမဲ့ အမှတ်၁၀၀
သားမလိုချင်တော့ပါဘူး။

ကျေနပ်ပါတယ် အမေရယ်
ကိုယ့်အဖြေလွှာကိုယ်ရေး
သုညမှတ်လေးကို ခပ်အေးအေးယူခဲ့ပြီ။

မိတ်ဆွေတစ်ချို့က ပြောတယ်
မင်းကောင်းကင်က နက္ခတ်လဲမစုံဘူးတဲ့
ရှိစေတော့လေ....
ကြယ်ကလေးတစ်လုံးနဲ့ပဲဖြစ်စေ
သားကြည်နူးနေနိုင်တယ်ဆိုတာ
သူတို့မှ မသိကြတာပဲ အမေရယ်။

အမေ့ကို သားဦးညွှတ်ပါတယ်
အလွယ်တကူကြွေကျမပေးဖို့
စိတ်သစ်သီးတွေ အညှာခိုင်ခဲ့ကြပုံ။

ညိမ်းညို

သက်ငြိမ် ၁

3 December 2008

ရင်ချင်းဆက်ဘာသာဗေဒ (၀ါ) ကဗျာ

ကျနော်စုထားဖြစ်တဲ့ ကဗျာစာအုပ်(အီးဘုတ်) တွေကို မျှဝေပါရစေ။ တချို့စာအုပ်တွေ ရှိနေပြီးဖြစ်တယ်ဆိုရင် ခွင့်လွှတ်စေလိုပါတယ်။ စာအုပ်တော်တော်များများကိုတော့ ၀က်ဆိုဒ်တွေကနေ ဒေါင်းလော့ယူပါတယ်။ တချို့ စာအုပ်တွေကိုတော့ ကဗျာရေးသူကိုယ်တိုင်က မြတ်မြတ်နိုးနိုး စာအုပ်လေးလုပ်ပြီး မှတ်မှတ်ရရ ပို့ပေးတာမို့ တလေးတစား သိမ်းထားဖြစ်ပါတယ်။ ခဏခဏလည်း ကြည်ကြည်နူးနူး ထုတ်ဖတ်ဖြစ်ပါတယ်။ ကိုချီရွန်ရဲ့ ကဗျာစုစည်းမှု၊ ဘိုတင့်ကြီးရဲ့ ကဗျာစုစည်းမှု၊ ကိုလင်းဦးရဲ့ ၀မ်းနည်းမှတ်တမ်း ကဗျာတွေပေါ့။

နောက် ဂူဂဲကနေ ကဗျာဆရာနာမည် ရိုက်ထည့်ပြီး အဲဒီကနေ ရလာတဲ့ကဗျာတွေကို အီးဘုတ်လုပ်ထားတာလဲ ပါပါတယ်။ ဆရာဇေယျာလင်း ကဗျာစာအုပ်နဲ့ ဆရာဝင်းမြင့်၊ ခရမ်းပြာထက်လူ ကဗျာတွေကို အဲဒီလိုရှာပြီး စာအုပ်လုပ်ထားတာပါ။ ကိုယ်လေးစားအားကျရတဲ့ ဆရာတို့ရဲ့ကဗျာလက်ရာတွေ တစ်စစီ ပြန့်ကျဲနေတာကို တစ်စုတစ်စည်းထဲအနေနဲ့ ဖတ်လို့၊ လေ့လာလို့ အဆင်ပြေအောင် စုထားတဲ့သဘောပါ။ အခြားဘယ်နေရာမှာမှ အကျိုးစီးပွားအတွက် အသုံးပြုထားခြင်း မရှိပါခင်ဗျာ။ ဆရာတို့ရဲ့ ကလောင်အမည်ကိုလည်း ကဗျာတိုင်းမှာ ထင်ထင်ရှားရှား ဖော်ပြထားပါတယ်။ ၀ါသနာတူ ကဗျာရောင်းရင်းများ သူငယ်ချင်းများကိုတော့ ကဗျာဆိုတဲ့ အနုပညာတစ်ရပ်အပေါ် ရူးသွပ်ဖော်ရူးသွပ်ဖက်တွေမို့ မေးလ်ကနေ ကြုံတဲ့အခါတိုင်း ပို့ပေးဖူးပါတယ်။ လူချင်းနီးစပ်တဲ့ သူငယ်ချင်းတွေကိုတော့ ခွေရိုက်ပြီး ပေးဖြစ်ပါတယ်။ ဟင်းကောင်းကျွေးကောင်းလေး စားရရင် ခင်မင်သူ မိတ်ဆွေတွေကို သတိတရ ရှိတတ်ကြသလိုမျိုးပါပဲ။ ကဗျာကောင်းတစ်ပုဒ် ဒါမှမဟုတ် ကဗျာစာအုပ် အသစ်တစ်အုပ်ကိုများ ဖတ်လိုက်ရပလားဆိုရင် ကျနော်နဲ့ဝါသနာတူ သူငယ်ချင်းတွေကိုလည်း ဖတ်ခွင့်ရစေချင်တဲ့စိတ်တွေ တဖွားဖွား ပေါ်လာတော့တာပါပဲ။ ဒါကြောင့်မို့ အခွင့်ကြုံတာနဲ့ ကျနော့်မှာရှိတဲ့ ကဗျာတွေကို တစ်ဖက်က သူငယ်ချင်း အားလား၊ မအားလားမှမသိ ဇွတ်အတင်းပေးတတ်တဲ့ အကျင့်ဆိုးကြီး တွယ်ကပ်လာတယ် ဆိုပါတော့ဗျာ :) အခု ဒီအကျင့်ဆိုးကြီးက ဘလော့ပေါ်ထိ ရောက်လာပြီ :D

တချို့စာအုပ်တွေကျတော့ မှတ်စုစာအုပ်ထဲမှာ ကြိုက်လို့ မှတ်ထား၊ တေးထားတဲ့ကဗျာတွေကို စာပြန်ရိုက်ပြီး အီးဘုတ်လုပ်ထားတာပါ။ ဒါကလည်း အပေါ်မှာ ပြောခဲ့သလိုပါပဲ၊ တစ်စုတစ်စည်းထဲနဲ့ အလွယ်တကူ ဖတ်နိုင်အောင်လို့ပါပဲ။ နောက် မဂ္ဂဇင်းတွေကနေ ကဗျာနဲ့သက်ဆိုင်တဲ့ ဆောင်းပါးတွေကို သတ်သတ်ရွေးထုတ်ပြီး စုထားတာလေးတွေလည်း ပါသေးသဗျ။ မှတ်မှတ်ရရ ဆရာမောင်ဒီရဲ့ ဆောင်းပါးကတော့ ကိုညိုထက်ညိုကြီး စကန်ဖတ်ပြီး ပို့ပေးထားတာ။ ကျေးဇူးတင်ပါတယ် အကိုကြီးရေ :)

ဆရာပိုင်စိုးဝေရဲ့ သိန်းစွန်ငှက်ရဲ့ အပြန်လမ်း ကဗျာရှည်ကို ဆရာနေ၀င်းမြင့်ရဲ့ အက်ဆေးတွေကနေတစ်ဆင့် ရင်းနှီးနေတာ ကြာပါပြီ။ တစ်စွန်းတစ်စ ဖတ်ရတာနဲ့ကို စွဲလမ်းနေခဲ့ရတာလည်း ကြာပါပြီ။ ဒါပေမဲ့ ကဗျာကို တစ်ခါမှ ဖတ်ခွင့်မရခဲ့ဘူး။ တွေ့လည်းမတွေ့ခဲ့ရဘူး။ အခုတော့ အဆင်သင့်လေခြင်းဗျာ။ မြန်မာကျူးပစ်မှာ သိန်းစွန်ငှက်ရဲ့အပြန်လမ်း ကဗျာရှည်ကြီးကို အစအဆုံးဖတ်ခွင့်ရလိုက်တယ်။ တင်ပေးတဲ့ ကဗျာချစ်သူကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ။ ဒါနဲ့ အခြားစွဲလမ်းနှစ်ခြိုက်ခဲ့ရတဲ့ ကဗျာရှည်တစ်ပုဒ် (ဆရာအောင်ချိမ့်ရဲ့ ဂန္တ၀င်မမ ) ကိုလည်း ကျူးပစ်မှာ ဖတ်ခွင့်ကြုံခဲ့ပါတယ်။ တအား ၀မ်းသာမိပါတယ်။ ဒါနဲ့ အဲဒီကဗျာနှစ်ပုဒ်ကိုလည်း ကျနော် စုထားလိုက်ဖြစ်ပါတယ်။

နောက် မုတ်ဆိတ်ပျားဆွဲလို့ ဆိုရမဲ့ အမျှော်ကြီးမျှော်နေတုန်း ပေါ်လို့လာတာကတော့ ဆရာသုခမိန်လှိုင်ရဲ့ ဂျွန်လ၏မိုးရေများနဲ့ ဆရာဖော်ဝေး၊ ဆရာမောင်ချောနွယ်၊ ဆရာအောင်ချိမ့်တို့ရဲ့ သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတ ကဗျာစာအုပ်နှစ်အုပ်ပါပဲ။ ဆရာမ မနော်ဟရီပြန်တင်ပေးထားတဲ့ ကဗျာတွေကို ၀မ်းသာအားရ စုထားလိုက်ဖြစ်ပါတယ်။ ဆရာမကို ကျေးဇူးတင်ပါတယ်။ နောက် ဆရာနှင်းခါးမိုးနဲ့ ကိုနေမွန်းသင်တို့ ဘလော့ပေါ်က ကဗျာတွေကိုလည်း ခဏခဏ ပြန်ဖတ်ဖြစ်နေတာမို့ တစ်စုထဲ သိမ်းထားဖြစ်ပါတယ်။ ဆရာစိုင်းဝင်းမြင့်ရဲ့ များများမြန်မြန်ကျတော့ ကိုတောကျောင်းရဲ့ စာအုပ်အညွှန်း ဖော်ပြထားတာကတစ်ဆင့် လမ်းအိုလေးက အီးဘုတ်လုပ်ထားပေးတာကို ဒေါင်းလော့ယူပါတယ်။ ကိုတောကျောင်းကိုရော၊ လမ်းအိုလေးကိုရော ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။

အောက်မှာ စာရင်းပြထားတဲ့ ကဗျာစာအုပ်တွေကတော့ ဆိုခဲ့ပြီးသလို နည်းလမ်းအသွယ်သွယ်နဲ့ စုဆောင်းထားတာတွေပါပဲ။ ကဗျာတွေကို ကနဦး မွေးဖွားပေးခဲ့ကြတဲ့ ကဗျာဆရာတွေနဲ့ တဆင့်ပြန်လည် ဖော်ပြပေးကြတဲ့၊ မျှဝေပေးကြတဲ့ ကဗျာချစ်သူတွေကို ကျနော်က လှိုက်လှိုက်လှဲလှဲကြီး ကျေးဇူးတင်မိပါတယ်။ ကျနော့်မှာရှိနေသလောက်လေးကိုလည်း မိတ်ဆွေတို့ဖတ်ဖို့ ပြန်ပြီးတော့ မျှဝေချင်ပါတယ်။

ကျနော်တို့ဆီမှာ အင်တာနက်က လစ်မစ်နဲ့(တစ်ရက် ၃၅၀မက်) သုံးရတာမို့ စာအုပ်တွေအားလုံးကိုတော့ အပ်လုပ်တင်ပြီး လင့်မချိတ်တော့ပါဘူး။ မိတ်ဆွေတို့ နှစ်သက်တဲ့ ကဗျာစာအုပ်များကို စီးပုံးမှာဖြစ်ဖြစ်၊ ကွန့်မန့်မှာဖြစ်ဖြစ် စာရင်းတို့ခဲ့နိုင်ပါတယ်ခင်ဗျာ။ အဲဒီမိတ်ဆွေတို့ စာရင်းတို့ခဲ့တဲ့ ကဗျာစာအုပ်ကို အတ်လုပ်တင်ပြီးတော့ လင့်ထားပေးပါ့မယ်ခင်ဗျာ။ မိတ်ဆွေတို့ဆီမှာရှိတဲ့ ကဗျာစာအုပ်များကိုလည်း လက်တို့ခဲ့ပါဦးလို့ ခင်မင်ရင်းနှီးစွာ အမှာစကားဆိုပါရစေလားခင်ဗျာ :)

၁။ ကဗျာ ၅၀၀ မှ
၂။ ဆရာမောင်ဒီဆောင်းပါး
၃။ ဒဂုန်တာရာ-ကဗျာဆရာ၏ ရိုးဖြောင့်မှု
၎။ ဒဂုန်တာရာ-မုန်းသူမရှိ ချစ်သူသာရှိ
၅။ မဂ္ဂဇင်းကဗျာများ
၆။ မင်းကိုခါး(ကွမ်းခြံကုန်း)-ဒဂုန်တာရာ၏အချစ်ဦး
၇။ မင်းကိုခါး(ကွမ်းခြံကုန်း)-ဖျားနာခဲ့သည်
၈။ မင်းကိုခါး(ကွမ်းခြံကုန်း)-မြစ်ကိုကျောပိုးသွားတဲ့
၉။ မောင်ပြည့်မင်း၊ခင်အောင်အေး-လူနှစ်ယောက်ရဲ့ကဗျာ
၁၀။ လွတ်လပ်အိမ်-ပို့စ်မော်ဒန်ဝါဒ၊ ပို့စ်မော်ဒန်ခေတ်၊ ပို့စ်မော်ဒန်ယဉ်ကျေးမှု

၁၁။ ၀င်းမြင့်+ဝေမှူးသွင်-လူပြိန်းရဲ့ အချစ်ဖြစ်ပွားရာ
၁၂။ ၀င်းမောင်-အပြုံးရောင်သီချင်း
၁၃။ road-to-mandalay
၁၄။ ဧကစာမီးခိုးများ- ခေတ်ပေါ်ကဗျာ
၁၅။ ကဗျာဆရာများ- ပထမဆုံးလိပ်စာ
၁၆။ ကဗျာအလုပ်ရုံကလေး(၂)
၁၇။ ကိုချီရွန် ကဗျာများ download
၁၈။ ကြိုက်သောကဗျာများ
၁၉။ ကျွန်တော်ကြိုက်သောကဗျာများ(ကဗျာရှည်)
၂၀။ ခင်မြဇင်-မိုးရွာပြီးစညနေခင်း

၂၁။ ခရမ်းပြာထက်လူ+၀င်းမြင့်-စုထားသောကဗျာများ
၂၂။ ချစ်သူဖတ်ဖို့ အချစ်ကဗျာများ
၂၃။ စိုင်းဝင်းမြင့်-တစ်ယောက်တည်းစကား
၂၄။ စိုင်းဝင်းမြင့်-နားနားပြီးပြော
၂၅။ စိုင်းဝင်းမြင့်-များများမြန်မြန်
၂၆။ ဆရာနှင်းခါးမိုး၏ကဗျာများ
၂၇။ ဆရာချောကဗျာများ
၂၈။ ညီလင်းဆက်-စုန်းတစ်ကောင်နဲ့မျက်ကန်းတေးသွား၂၀၀၅
၂၉။ ညိုထက်(လမ်းသစ်ဦး)-မချစ်မနှစ်သက်သူတို့နှင့်ကွေကွင်းပြီးနောက်
၃၀။ တက္ကသိုလ်ဘုန်းနိုင်- ရှားလော့ဒေ၀ီနှင့် ဘာသာပြန်ကဗျာများ

၃၁။ တင့်ထူးရွှေ-ရင်ခုန်သံနဲ့ တူးဆွမိတဲ့ရတနာသိုက်
၃၂။ တာရာမင်းဝေ-ပြိုင်မြင်းတို့ရဲ့ခွာသံ download
၃၃။ တာရာမင်းဝေ-မိုးခေါင်လို့တီးတဲ့ဗုံသံ download
၃၄။ ထွန်းဝေမြင့်-ချစ်ခြင်းမေတ္တာတရား
၃၅။ ဗိုလ်ချုပ်အောင်ဆန်းကဗျာများ
၃၆။ မြင့်စိုးလှိုင်- ငှက်တေလေ
၃၇။ မြင့်စိုးလှိုင်- တဂိုး(ချစ်သူ့လက်ဆောင်)
၃၈။ မြင့်စိုးလှိုင်-ရာဘင်ဒြာနသ်တဂိုး၏ အချစ်ကဗျာ ၁၀၁ပုဒ်
၃၉။ မြနှင့်အခြားကဗျာများ
၄၀။ မင်းထက်မောင်-အကြောင်းရှာသူရဲ့ ပျိုးခင်း

၄၁။ မြင်းမူမောင်နိုင်မိုး-နွေမိုးဖျန်းပက်...ကဗျာများ
၄၂။ မင်းသုဝဏ်-မောင်ခွေးဖို့ကဗျာများ
၄၃။ မြန်မာ့ရိုးရာကဗျာများ
၄၄။ မြန်မာခေတ်ပြိုင်ကဗျာ လျှပ်တပြက်ရုပ်ပုံလွှာ
၄၅။ မြသန်းတင့်(ဘာသာပြန်ကဗျာ)
၄၆။ မြသန်းတင့်-တိမ်းရှောင်သူ
၄၇။ မြသန်းတင့်-လမင်းကိုထရံပေါက်မှချောင်းကြည့်ခြင်း download
၄၈။ မြသန်းတင့်-မော်ဒန်ကဗျာနှင့်ပတ်သက်၍ download
၄၉။ မဟာဗောဓိမြိုင်ဆရာတော်-ကဗျာ့နန်းတော်
၅၀။ မိုယ်းဇော်+၀င်းမြင့်- လူစီရဲ့ အမှုန်အမွှားကင်းစင်သော...

၅၁။ ယပ်ဖ်တူရှင်ကိုနှင့်တွေ့ဆုံခြင်း
၅၂။ ယဉ်မင်းဦး-အဖြူရောင်ပိတောက်ပျို
၅၃။ လူငယ်ကဗျာဆရာလေးဦး၏ ခေတ်ပေါ်ကဗျာများ
၅၄။ လင်းတည်ဦး-အဖြူရောင်သစ်တောလမ်းကလေး
၅၅။ လင်းဦး-၀မ်းနည်းမှတ်တမ်း
၅၅။ လှသန်း-လက်မရွံ့ကဗျာ
၅၆။ လှကျော်ဇော-အလွမ်းစာပန်းခြင်းကလေး
၅၇။ လူဇော်သစ်ရေးတဲ့ကဗျာတွေ
၅၈။ လွတ်လပ်အိမ်-သင်းဖွဲ့ကဗျာ
၅၉။ သစ္စာနီ(ဘာသာပြန်)- ဂျပန်ကဗျာများ
၆၀။ သစ္စာနီ-သက္ကရာဇ်မျဉ်းများ ခေတ်ပြိုင်အနုပညာဂရပ်

၆၁။ သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတ
၆၂။ သန်းထိုက်-ဘာသာပြန်ကဗျာများ
၆၃။ သိန်းသန်းထွန်း-ပန်းပွင့်ငှက်၏တေးသံများ
၆၄။ ပိုင်စိုးဝေ၊အောင်ချိမ့်-သိမ်းစွန်ငှက် အပြန်လမ်း၊ ဂန္ထ၀င်မမ
၆၅။ သုခမိန်လှိုင်-ဂျွန်လ၏မိုးရေများ
၆၆။ အချစ်ကဗျာ(၉၈)-(၉၈) အချစ်ကဗျာ
၆၇။ နိုင်ငံရပ်ခြား ခေတ်သစ်ကဗျာများ
၆၈။ ဝေမှူးသွင်-သစ်ရွက်တို့၏ ပေါ့ဆခြင်းများ download
၆၉။ ဝေမှူးသွင်-အချစ်အကြောင်း download
၇၀။ ကောင်းကင်ကို-ကဗျာစုစည်းမှု

၇၁။ ကောင်းကင်ကိုကဗျာများ(၂)
၇၂။ ကောင်းကင်ကို-အချစ်ကဗျာစုစည်းမှု
၇၃။ ကျော်လှိုင်ဦး-မျက်ရည်စများနှင့်ရယ်သံ
၇၄။ စောဝေ-ရွက်ပုန်းသီးမြို့ပြတိုက်
၇၅။ ဇေယျာလင်း ကဗျာများ download
၇၆။ ဇော်ဂျီ- ညီသစ်ဆင်းကဗျာများ
၇၇။ ဇော်ဂျီ-ဗေဒါလမ်းကဗျာများ
၇၈။ ဇော်ဇော်အောင်- ပို့စ်မော်ဒန်သီဝရီများ
၇၉။ ဇော်ဇော်အောင်-နွားကျောင်းသားကဗျာ ၁၀ ပုဒ်
၈၀။ နေမျိုး-ကဗျာဆရာဝံပုလွေ

၈၁။ နေမွန်းသင်၏ကဗျာများ
၈၂။ မြေချစ်သူ- မြေချစ်သူကဗျာများ
၈၃။ မောင်ခိုင်မာ- ရှင်မရေ (၁)
၈၄။ မောင်ခိုင်မာ- ရှင်မရေ (၂)
၈၅။ မောင်ရန်ပိုင်-ချစ်သူစာအုပ်
၈၆။ မောင်သက်ကြူ-မိုးတိမ်မျက်နှာကဗျာများ
၈၇။ မောင်သစ်တည်-ခေတ်ပေါ်နိုင်ငံတကာကဗျာရှည် ၃ပုဒ်
၈၈။ မောင်သိန်းဇော်- နှင်းရည်စက်လက်+ ရှုမျှော်ခင်း ၂၁
၈၉။ မောင်သာနိုး- ဂန္ထ၀င်မြန်မာကဗျာ
၉၀။ မောင်သာနိုး- နိုင်ငံခြားမြန်မာကဗျာခံစားချက်များ

၉၁။ မောင်ချောနွယ်- ရထား(ကဗျာရှည်စုစည်းမှု)
၉၂။ မောင်ချောနွယ်+အောင်ချိမ့် -သမိုင်းဖတ်စာ
၉၃။ မောင်ချောနွယ်ကဗျာပြပွဲ download
၉၄။ မောင်သွေးသစ်-တတိယမျက်လုံး
၉၅။ အောင်တင်ဝင်း(ငါ့သရောက်)-နားလည်ခြင်းနှင့်အမေ့မေတ္တာကဗျာများ
၉၆။ အောင်ဝေး- လူငယ်တွေရဲ့ကဗျာ(၂၀၀၃)
၉၇။ အောင်ဝေး-ကဗျာလက်ရွေးစင်
၉၈။ အောင်ဝေး-ကဗျာအလုပ်ရုံကလေး
၉၉။ အောင်ဝေး-မဲဆောက်ကွန်မြွမ်းမှ တိုက်ပွဲဝင်ကဗျာများ
၁၀၀။ အောင်ဝေး-လူငယ်တို့ရဲ့ကဗျာ

၁၀၁။ အောင်ဝေး-လရောင်တစ်ခြမ်း
၁၀၂။ အောင်ဝေး-အေးမြမြမီးလျှံ
၁၀၃။ အောင်ကောင်း-ချစ်သူမှာတမ်း
၁၀၄။ ဦးသန်းထွတ်-ကျွန်တော်နှစ်သက်မိသောကဗျာများ
၁၀၅။ မင်းယုဝေ-အိုမာခယမ်

1. William Shakespeare(1564-1616)- Sonnets
2. Александр Пушкин-Сказка о царе салтане (ပွတ်ရှကင်- ဧကရာဇ်အကြောင်း ပုံအလင်္ကာ)
3. Сказки Пушкина (ပွတ်ရှကင်ရဲ့ ပုံအလင်္ကာများ)
4. Bret Harte- East And West Poems
5. Robert Louis Stevenson- New Poems
6. Geoffrey Chaucer- The Canterbury Tales And Other Poems
7. Emily Dickinson- Poems Three Series Complete
8. Omarkhayyam Of Naishapur - Translated By EDWARD FITZGERALD
9. Gilbert Chesterton- The Wild Knight And Other Poems
10. Lewis Carroll- Phantasmagoria And Other Poems
11. 100 poems

အင်္ဂလိပ်ကဗျာစာအုပ်တွေကို ကျနော် သေသေချာချာ မဖတ်တတ်သေးပါဘူး။ အင်္ဂလိပ်စာကျွမ်းကျင်တဲ့ သူငယ်ချင်းတွေ ဖတ်လိုတဲ့အခါ ပေးလို့ရအောင် ဒေါင်းလော့ယူထားပါတယ်။

အထက်အောက် စဉ်တာကိုတော့ ၀ါစဉ်ကြီးငယ်သဘောရယ်လို့ မဟုတ်ပါဘူးခင်ဗျာ။ စာအုပ်ထွက်ရှိရာ နှစ်အလိုက်ရယ်လို့ စဉ်ထားတာလဲ မဟုတ်ပြန်ပါဘူး။ အဲဒီလို အထက်အောက်စဉ်ဖို့ကျပြန်တော့ အခက်အခဲရှိနေတာမို့ စာအုပ်စာရင်း ရှိနေတဲ့အတိုင်း random သဘောမျိုးပဲ စဉ်ထားလိုက်ရပါတယ်။ ဒီအတွက် အမြင်မတော်တာမျိုး ဖြစ်စေခဲ့မယ်ဆိုရင် တောင်းပန်ပါတယ်ခင်ဗျာ။

ညိမ်းညို

1 December 2008

ဆောင်းည

လရောင်အေးအေး နှင်းဖွေးဖွေးမှာ
နွေးနွေးရင်ငွေ့ တမ်းတသည်၊
လရောင်မြမြ နှင်းလွလွမှာ
လွမ်းညရေးရေး မှန်းဆရည်...။

ညိမ်းညို